မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မင်အိုးပါတဲ့သူဟာ ယေရှုခရစ်ကို ပုံဆောင်တယ်။ ကယ်တင်ခံရမယ့်သူတွေကို ထိုးမှတ်တယ်

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဇကျေလရဲ့ စိတ်အာရုံမှာဖော်ပြထားတဲ့ မင်အိုးပါတဲ့သူနဲ့ ကွပ်မျက်စရာလက်နက် ကိုင်ထားတဲ့လူခြောက်ယောက်ဟာ ဘယ်သူတွေကို ပုံဆောင်သလဲ။

သူတို့ဟာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးတုန်းက ပါဝင်ခဲ့တဲ့၊ အာမဂေဒုန်မှာ စာတန့်စနစ်ကို ဖျက်ဆီးတဲ့အခါ ပါဝင်ဦးမယ့် ကောင်းကင်စစ်တပ်ကို ပုံဆောင်တယ်။ အရင်ကနားလည်မှုကို အခုလို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် လိုအပ်သလဲ။

ယေဇကျေလဟာ ဘီစီ ၆၀၇ မတိုင်ခင်မှာ ဂျေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဖြစ်ပျက်မယ့်အရာတွေအကြောင်း ယေဟောဝါဆီက စိတ်အာရုံရရှိခဲ့တယ်။ အဲဒီမြို့မှာဖြစ်နေတဲ့ ဆိုးသွမ်းမှုတွေကို စိတ်အာရုံမှာ သူ မြင်ခဲ့ရတယ်။ ကွပ်မျက်စရာလက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်ကို သူ မြင်တယ်။ သူတို့နဲ့အတူ “ပိတ်အဝတ်ကိုဝတ်လျက် နံပါး၌မင်အိုးပါသောသူ” ကိုလည်း မြင်တယ်။ (ယေဇ. ၈:၆-၁၂; ၉:၂၊ ၃) ဂျေရုဆလင်မြို့ထဲသွားပြီး “မြို့ထဲ၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့၏နဖူးကို ထိုးမှတ်လော့” လို့ အဲဒီမင်အိုးပါတဲ့လူကို ယေဟောဝါပြောတယ်။ အဲဒီနောက် နဖူးမှာ အမှတ်မပါတဲ့သူအားလုံးကို သတ်ပစ်ဖို့ လက်နက်ကိုင်ထားတဲ့ လူခြောက်ယောက်ကို ပြောတယ်။ (ယေဇ. ၉:၄-၇) ဒီစိတ်အာရုံက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။ မင်အိုးပါတဲ့သူက ဘယ်သူ့ကို ပုံဆောင်သလဲ။

ဒီစိတ်အာရုံကို ဘီစီ ၆၁၂ မှာ ယေဇကျေလ ရရှိခဲ့တယ်။ နောက်ငါးနှစ်ကြာပြီးနောက် ဂျေရုဆလင်မြို့ကို ဗာဗုလုန်စစ်တပ် ဖျက်ဆီးချိန်မှာ အဲဒီစိတ်အာရုံ ပထမအကြိမ် ပြည့်စုံခဲ့တယ်။ နာခံမှုမရှိတဲ့ မိမိလူမျိုးကို ဒဏ်ပေးဖို့ အယူမှားဗာဗုလုန်လူမျိုးကို ယေဟောဝါ အသုံးပြုခဲ့တယ်။ (ယေ. ၂၅:၉၊ ၁၅-၁၈) ဒါပေမဲ့ ဖြောင့်မတ်သူတွေကို လူဆိုးတွေနဲ့အတူ ယေဟောဝါ သိမ်းရုံးမဖျက်ဆီးခဲ့ဘူး။ မြို့ထဲကဆိုးသွမ်းမှုတွေမှာ မပါဝင်တဲ့ ဖြောင့်မတ်တဲ့ဂျူးတွေကို ကယ်တင်ခဲ့တယ်။

ယေဇကျေလဟာ ထိုးမှတ်တဲ့လုပ်ငန်းမှာရော ဖျက်ဆီးတဲ့လုပ်ငန်းမှာပါ မပါဝင်ခဲ့ဘူး။ တကယ်တော့ ဂျေရုဆလင်မြို့ဖျက်ဆီးခြင်းကို ကောင်းကင်တမန်တွေ ညွှန်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီပရောဖက်ပြုချက်အားဖြင့် ကောင်းကင်မှာ ဖြစ်ပျက်တဲ့အရာတွေကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရတယ်။ ယေဟောဝါဟာ လူဆိုးတွေကို ဖျက်ဆီးတဲ့လုပ်ငန်းကို စီစဥ်ဖို့၊ ဖြောင့်မတ်သူတွေ လွတ်မြောက်အောင် လုပ်ဆောင်ပေးဖို့ ကောင်းကင်တမန်တွေကို တာဝန်ပေးတယ်။ *

ဒီနေ့ခေတ် ပြည့်စုံမှုမှာ မင်အိုးပါတဲ့သူဟာ ဘိသိက်ခံအကြွင်းအကျန်တွေကို ပုံဆောင်တယ်လို့ အရင်က ရှင်းပြခဲ့တယ်။ သတင်းကောင်းကို လက်ခံတုံ့ပြန်သူတွေဟာ ကယ်တင်ခြင်းရဖို့ မှတ်သားခံရတယ်လို့ အရင်က ထင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီရှင်းပြချက်ကို ပြုပြင်ပြောင်းလဲဖို့လိုအပ်မှန်း မကြာသေးခင်နှစ်တွေမှာ သိရှိလာတယ်။ မဿဲ ၂၅:၃၁-၃၃ အရ လူတွေကို တရားစီရင်မယ့်သူဟာ ယေရှုဖြစ်တယ်။ လာမယ့် ကြီးစွာသောဒုက္ခအတွင်း အဲဒီလို လုပ်ဆောင်မှာဖြစ်တယ်။ အဲဒီအချိန်မှာ သိုးအဖြစ် စီရင်ခံရသူတွေဟာ လွတ်မြောက်မှာဖြစ်ပြီး ဆိတ်အဖြစ် စီရင်ခံရသူတွေဟာ ဖျက်ဆီးခံရပါလိမ့်မယ်။

ဒီနားလည်မှုအသစ်အရ ဘာသင်ခန်းစာတွေ သင်ယူရရှိသလဲ။ အနည်းဆုံး သင်ခန်းစာငါးခု ရရှိတယ်။ အဲဒါတွေကတော့-

  1. ၁။ ဂျေရုဆလင်မြို့ မပျက်စီးခင် ဖြစ်ပျက်မယ့်အရာတွေအကြောင်း လူတွေကို ယေရမိ၊ ဟေရှာယနဲ့အတူ ယေဇကျေလ သတိပေးခဲ့တယ်။ ကင်းစောင့်အဖြစ် သူတို့ အမှုဆောင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ ယေဟောဝါဟာ ကြီးစွာသောဒုက္ခမတိုင်ခင် မိမိလူတွေကို သွန်သင်ဖို့၊ သတိပေးဖို့ ဘိသိက်ခံအုပ်စုငယ်လေးကို အသုံးပြုနေတယ်။ တကယ်တော့ သတိပေးခြင်းလုပ်ငန်းမှာ ခရစ်တော်ရဲ့ အိမ်သူအိမ်သားတွေဖြစ်တဲ့ ဘုရားသခင့်လူမျိုးအားလုံး ပါဝင်နေတယ်။—မ. ၂၄:၄၅-၄၇

  2. ၂။ လွတ်မြောက်မယ့်သူတွေကို ထိုးမှတ်တဲ့လုပ်ငန်းမှာ ယေဇကျေလ မပါဝင်ခဲ့သလို ဒီနေ့ခေတ် ဘုရားသခင့်လူမျိုးလည်း မပါဝင်ကြဘူး။ ကောင်းကင်တမန်တွေရဲ့ ညွှန်ကြားမှုအောက်မှာ ယေဟောဝါရဲ့ သတင်းစကားကို ဟောပြောသက်သေခံရုံပဲ လုပ်ဆောင်နေကြတယ်။—ဗျာ. ၁၄:၆

  3. ၃။ ယေဇကျေလခေတ်မှာလိုပဲ ဒီနေ့ခေတ်မှာလည်း ဘယ်သူမှ နဖူးမှာ ပကတိအမှတ်အသား မရရှိကြဘူး။ ကယ်တင်ခြင်းအတွက် ပုံဆောင်အမှတ်အသားရရှိဖို့ လူတွေ ဘာလုပ်ရမလဲ။ သတင်းကောင်းကို လက်ခံတုံ့ပြန်ဖို့၊ ခရစ်ယာန်အရည်အသွေးတွေ မွေးမြူဖို့၊ ယေဟောဝါဆီ ဆက်ကပ်အပ်နှံဖို့၊ ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ကူညီထောက်မဖို့ လိုအပ်တယ်။ (မ. ၂၅:၃၅-၄၀) အဲဒီလို လုပ်ဆောင်သူတွေဟာ လာမယ့်ကြီးစွာသောဒုက္ခအတွင်း ကယ်တင်ခံရဖို့ အမှတ်အသားရရှိပါလိမ့်မယ်။

  4. ၄။ မင်အိုးပါတဲ့သူဟာ ယေရှုကို ပုံဆောင်တယ်။ ယေရှုဟာ ကြီးစွာသောဒုက္ခအတွင်းမှာ လူအုပ်ကြီးကို သိုးအဖြစ်စီရင်ပြီး မှတ်သားပါလိမ့်မယ်။ အဲဒီအခါ မြေကြီးမှာ သူတို့ ထာဝစဥ်အသက်ရှင်ခွင့် ရရှိကြပါလိမ့်မယ်။—မ. ၂၅:၃၄၊ ၄၆ *

  5. ၅။ ဒီနေ့ခေတ်မှာ ကွပ်မျက်စရာလက်နက်ပါတဲ့ လူခြောက်ယောက်ဟာ ယေရှုဦးဆောင်တဲ့ ကောင်းကင်စစ်တပ်ကို ပုံဆောင်တယ်။ မကြာခင်မှာ လူမျိုးတွေနဲ့ ဆိုးသွမ်းမှုအားလုံးကို သူတို့ ဖျက်ဆီးပစ်ပါလိမ့်မယ်။—ယေဇ. ၁၀:၂၊ ၆၊ ၇; ဗျာ. ၁၉:၁၁-၂၁

ဒီအဖိုးတန် သင်ခန်းစာတွေကို နားလည်ခြင်းက ဖြောင့်မတ်သူတွေကို လူဆိုးတွေနဲ့အတူ ယေဟောဝါ ဖျက်ဆီးမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်စိတ်ချမှုကို ခိုင်မာစေတယ်။ (၂ ပေ. ၂:၉; ၃:၉) ဒီနေ့ခေတ်မှာ လုပ်ဆောင်နေတဲ့ ဟောပြောခြင်းလုပ်ငန်းရဲ့ အရေးကြီးမှုကိုလည်း အမှတ်ရစေတယ်။ အဆုံးမရောက်ခင်မှာ သတိပေးချက်ကို လူတိုင်း ကြားသိဖို့ လိုအပ်တယ်။—မ. ၂၄:၁၄

^ စာပိုဒ်၊ 6 ယေရမိရဲ့ အတွင်းရေးမှူးဗာရုတ်၊ အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်၊ ရေခပ်အမျိုးသားတွေ စတဲ့လူတွေဟာ နဖူးမှာ ပကတိအမှတ်အသား မရရှိပေမဲ့ လွတ်မြောက်ခဲ့ကြတယ်။ (ယေ. ၃၅:၁-၁၉; ၃၉:၁၅-၁၈; ၄၅:၁-၅) ကယ်တင်ခြင်းရဖို့ ပုံဆောင်အမှတ်အသားကို သူတို့ ရရှိခဲ့ကြတယ်။

^ စာပိုဒ်၊ 12 သစ္စာရှိဘိသိက်ခံတွေဟာ ကယ်တင်ခြင်းအတွက် ဒီအမှတ်အသားရရှိဖို့ မလိုအပ်ဘူး။ အဲဒီအစား မသေဆုံးခင်မှာဖြစ်စေ၊ ကြီးစွာသောဒုက္ခ မစခင်မှာဖြစ်စေ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံကြရပါလိမ့်မယ်။—ဗျာ. ၇:၁၊