မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကို ယေဟောဝါ “ဂရုစိုက်”

သင့်ကို ယေဟောဝါ “ဂရုစိုက်”

သင့်ကို ယေဟောဝါ တကယ် ဂရုစိုက်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ အကြောင်းရင်းတစ်ခုကတော့ ကျမ်းစာမှာ အတိအကျပြောထားလို့ပဲ။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” လို့ ၁ ပေတရု ၅:၇ မှာ ဖော်ပြထားတယ်။ သင့်ကို ယေဟောဝါ ဂရုစိုက်မှန်း ဘာအထောက်အထား ရှိသလဲ။

မိမိလူမျိုးကို ဘုရားသခင် ရုပ်ပိုင်းအရ ထောက်ပံ့ပေး

ပုံသက်သေပြတဲ့အနေနဲ့ ယေဟောဝါဟာ ကြင်နာရက်ရောတယ်

အချစ်ဆုံးသူငယ်ချင်းဆီမှာ သင် ရှိစေချင်တဲ့ အရည်အသွေးတွေ ဘုရားသခင်ဆီမှာ ရှိတယ်။ တစ်ယောက်ကိုတစ်ယောက် ကြင်နာရက်ရောသူတွေဟာ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်လာလေ့ရှိတယ်။ လူသားတွေအပေါ် ယေဟောဝါ နေ့တိုင်း ကြင်နာရက်ရောနေတာကို သင် အလွယ်တကူ တွေ့မြင်နိုင်တယ်။ ဥပမာအနေနဲ့ ဘုရားသခင်က “လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေ” တယ်။ (မ. ၅:၄၅) နေနဲ့ မိုးက ဘယ်လို အကျိုးပြုသလဲ။ တစ်ချက်အနေနဲ့ နေနဲ့ မိုးအားဖြင့် ဘုရားသခင်က ‘အစားအစာကို အလျှံပယ်ပေးပြီး လူတွေရဲ့ စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံစေတယ်။’ (တ. ၁၄:၁၇) မြေကြီးကနေ အစားအစာ အလျှံပယ်ထွက်အောင် ယေဟောဝါ စီမံပေးထားတယ်။ အစားကောင်း စားရတာထက် ပိုပျော်တာ ဘာရှိလို့လဲ။

ဒါဆို လူများစွာ ဘာကြောင့် ငတ်မွတ်နေရတာလဲ။ ဘာကြောင့်လဲဆိုတော့ လူသားအုပ်စိုးရှင်တွေက လူတွေရဲ့ ဘဝ တိုးတက်ကောင်းမွန်ဖို့ထက် သူတို့ အာဏာရဖို့၊ ငွေကြေး အကျိုးအမြတ်ရဖို့ပဲ အဓိကထားလေ့ရှိကြလို့ပဲ။ ယေဟောဝါဟာ လက်ရှိနိုင်ငံရေးစနစ်ကို သားတော်အုပ်စိုးတဲ့ ကောင်းကင်နိုင်ငံတော်နဲ့ အစားထိုးခြင်းအားဖြင့် လောဘကြီးတဲ့ပြဿနာကို မကြာခင် ဖြေရှင်းပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဆာလောင်ငတ်မွတ်သူတွေ ရှိတော့မှာ မဟုတ်ဘူး။ လောလောဆယ်မှာတော့ သစ္စာရှိကျေးကျွန်တွေကို ဘုရားသခင် ထောက်မပေးပါလိမ့်မယ်။ (ဆာ. ၃၇:၂၅) ဒါက ဘုရားသခင် ဂရုစိုက်တယ်ဆိုတဲ့ အထောက်အထားပဲ မဟုတ်လား။

အချိန်ကို ယေဟောဝါ ကပ်စေးမနှဲ

ပုံသက်သေပြတဲ့အနေနဲ့ ယေဟောဝါဟာ အချိန်ကို ကပ်စေးမနှဲဘူး

သင့်ရဲ့ သူငယ်ချင်းကောင်းက သင့်ကို အချိန်ပေးတယ်။ စိတ်ဝင်စားရာတွေအကြောင်း နာရီနဲ့ချီပြီး သူနဲ့ ပြောဆိုနိုင်တယ်။ သင့်ပြဿနာတွေနဲ့ စိုးရိမ်မှုတွေကို ဂရုစိုက်နားထောင်ပေးတယ်။ ယေဟောဝါလည်း အဲဒီလိုပဲ မဟုတ်လား။ သင့်ရဲ့ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်။ ဒါကြောင့် “ဆုတောင်းခြင်း၌ စွဲမြဲ” ဖို့၊ “မခြားမလပ် ဆုတောင်း” ဖို့ ကျမ်းစာမှာ အားပေးထားတယ်။—ရော. ၁၂:၁၂; ၁ သက်. ၅:၁၇

သင့်ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ အချိန်ဘယ်လောက်ပေးပြီး နားထောင်ချင်သလဲ။ ကျမ်းစာဖြစ်ရပ်တစ်ခုက အဖြေပေးတယ်။ တမန်တော်တွေကို ယေရှု မရွေးချယ်ခင် “ဘုရားသခင်ထံ တစ်ညလုံး ဆုတောင်း” ခဲ့တယ်။ (လု. ၆:၁၂) တပည့်များစွာအကြောင်း နာမည်နဲ့တကွပြောပြီး သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ရင်း သူတို့ကိုရွေးချယ်ရာမှာ ကူညီပေးဖို့ ဆုတောင်းခဲ့ပုံရတယ်။ တမန်တော်တွေအဖြစ် အရည်အချင်း အပြည့်မီဆုံးသူတွေကို နောက်တစ်နေ့ မိုးလင်းတာနဲ့ ယေရှု ရွေးချယ်နိုင်ခဲ့တယ်။ ‘ဆုတောင်းသံကို နားထောင်တဲ့အရှင်’ ယေဟောဝါဟာ စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းချက်အားလုံးကို နားထောင်ပေးတယ်။ (ဆာ. ၆၅:၂ကဘ) စိုးရိမ်စရာပြဿနာတစ်ခုအကြောင်း နာရီပေါင်းများစွာ ဆုတောင်းရင်တောင် အချိန်ကို ယေဟောဝါ မှတ်မထားဘူး။

ခွင့်လွှတ်ဖို့ ယေဟောဝါ အသင့်ရှိ

ပုံသက်သေပြတဲ့အနေနဲ့ ယေဟောဝါဟာ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်

မိတ်ဆွေကောင်းတွေတောင် ခွင့်လွှတ်ဖို့ တစ်ခါတလေ ခက်ခဲတယ်။ နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ မိတ်ဆွေနှောင်ကြိုး ပြတ်တောက်သွားလေ့ရှိတာဟာ ခွင့်လွှတ်ရ ခက်လို့ပဲ။ ယေဟောဝါကတော့ အဲဒီလို မဟုတ်ဘူး။ စိတ်ရင်းမှန်နဲ့ ခွင့်လွှတ်မှု တောင်းခံသူတိုင်းကို ‘အကြွင်းမဲ့ ခွင့်လွှတ်ပေးလိမ့်မယ်’ လို့ ကျမ်းစာ ပြောတယ်။ (ဟေရှာ. ၅၅:၆၊ ၇ကဘ) အကြွင်းမဲ့ခွင့်လွှတ်ဖို့ ယေဟောဝါကို ဘာက လှုံ့ဆော်ပေးသလဲ။

ဘုရားသခင်ရဲ့ အနှုိင်းမဲ့ မေတ္တာပဲ။ လူသားတွေကို ချစ်လွန်းလို့ အပြစ်နဲ့ အပြစ်ရဲ့ဆိုးကျိုးတွေကနေ ကယ်တင်ဖို့ သားတော်ယေရှုကို ဘုရားသခင် ပေးဆက်ခဲ့တယ်။ (ယော. ၃:၁၆) ရွေးနုတ်ဖိုးကနေ ရရှိတဲ့အကျိုးက အဲဒီလောက်ပဲ မဟုတ်ဘူး။ ခရစ်တော်ရဲ့ ပူဇော်သကာအားဖြင့် ဘုရားသခင်ဟာ မိမိချစ်မြတ်နိုးသူတွေကို အကြွင်းမဲ့ခွင့်လွှတ်တယ်။ ‘ဘုရားသခင်သည် သစ္စာရှိ၍ ဖြောင့်မတ်တော်မူသောကြောင့် ငါတို့သည် အပြစ်များကို ဝန်ခံလျှင် ကိုယ်တော် ခွင့်လွှတ်တော်မူမည်’ လို့ တမန်တော်ယောဟန် ပြောတယ်။ (၁ ယော. ၁:၉) ယေဟောဝါရဲ့ ခွင့်လွှတ်မှုကြောင့် လူတွေဟာ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ဆက်ရရှိနိုင်ကြတယ်။ ဒီအချက်ကိုသိထားခြင်းက ကျွန်တော်တို့ကို စိတ်ထိမိစေတယ်။

အကူအညီလိုအပ်ချိန်မှာ သင့်ကို ဘုရားသခင် ကူညီ

ပုံသက်သေပြတဲ့အနေနဲ့ ယေဟောဝါဟာ ကျွန်တော်တို့ အကူအညီလိုအပ်ချိန်မှာ အဆင်သင့်ရှိတယ်

မိတ်ဆွေစစ်ဟာ သင် အကူအညီလိုအပ်ချိန်မှာ ကူညီပေးတယ်။ ယေဟောဝါလည်း အဲဒီလိုပဲလုပ်သလား။ ‘ထိုသူ [ဘုရားသခင့်ကျေးကျွန်တစ်ယောက်] သည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား ယေဟောဝါသည် သူ၏လက်ကို ကိုင်မတော်မူ၏’ လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၃၇:၂၄) ယေဟောဝါဟာ မိမိကျေးကျွန်တွေကို နည်းအမျိုးမျိုးနဲ့ “ကိုင်မ၊” တစ်နည်းအားဖြင့် ထောက်မပေးတယ်။ ကရစ်ဘီယန်ကျွန်း၊ စိန့် ခရောအီမြို့က အဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ပါ။

ဘာသာရေးခံယူချက်အရ နိုင်ငံရေးအထိမ်းအမှတ်ကို အလေးမပြုလို့ မိန်းကလေးတစ်ယောက်ကို အတန်းဖော်တွေ ဝိုင်းပြောကြတယ်။ ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပြီးနောက် ဒီကိစ္စကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ကြိမ် အတန်းရှေ့ စာတမ်းဖတ်ပြတဲ့အခါ အဲဒီအကြောင်းကို သူ ရှင်းပြတယ်။ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ် ကို သုံးပြီး ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ရဲ့ မှတ်တမ်းက သူ့ဆုံးဖြတ်ချက်အပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့တယ်ဆိုတာ ပြောပြတယ်။ “ရုပ်တု မကိုးကွယ်တဲ့အတွက် အဲဒီဟီဘရူးသုံးယောက်ကို ယေဟောဝါ ကာကွယ်ပေးခဲ့တယ်” လို့ သူပြောတယ်။ အဲဒီနောက် အတန်းသားအားလုံးကို စာအုပ် ဝေငှတဲ့အခါ ၁၁ ယောက်က လက်ခံခဲ့တယ်။ အတိမ်းအစောင်းမခံတဲ့ ဒီအကြောင်းကို သက်သေခံဖို့ သူ့ကို ယေဟောဝါ ခွန်အားနဲ့ ဉာဏ်ပညာပေးခဲ့လို့ သူ သိပ်ပျော်ခဲ့တယ်။

သင့်ကို ယေဟောဝါ ဂရုစိုက်မှန်း မသေမချာဖြစ်နေရင် ဆာလံ ၃၄:၁၇-၁၉; ၅၅:၂၂; ၁၄၅:၁၈၊ ၁၉ စတဲ့ ကျမ်းချက်တွေကို တွေးတောဆင်ခြင်ပါ။ သက်တမ်းကြာသက်သေခံတွေကို ယေဟောဝါ ဘယ်လို ဂရုစိုက်ခဲ့တယ်ဆိုတာ မေးကြည့်ပါ။ ဘုရားသခင့် အကူအညီလိုအပ်တဲ့အခါ သတ်သတ်မှတ်မှတ် ဆုတောင်းပါ။ သင့်ကို ယေဟောဝါ “ဂရုစိုက်” တယ်ဆိုတာ သိလာပါလိမ့်မယ်။