မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိန်ထက် ပိုတန်ဖိုးရှိတဲ့ ဘုရားရေးရာ အရည်အသွေး

စိန်ထက် ပိုတန်ဖိုးရှိတဲ့ ဘုရားရေးရာ အရည်အသွေး

စိန်ကို အဖိုးတန်ကျောက်မျက်အဖြစ် လူတွေ တန်ဖိုးထားကြတယ်။ တချို့စိန်တွေဟာ ဒေါ်လာသန်းပေါင်းများစွာ အဖိုးတန်တယ်။ ဒါပေမဲ့ ဘုရားသခင့်အမြင်မှာ စိန်တွေ၊ တခြား ကျောက်မျက်ရတနာတွေထက် ပိုတန်ဖိုးရှိတဲ့အရာ ရှိသလား။

အာမေးနီးယားနိုင်ငံမှာ နေထိုင်တဲ့ ညီအစ်မ ဟိုင်ဂါနူးရှ်ဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်တယ်။ တစ်နေ့၊ အိမ်နားမှာ နိုင်ငံကူးလက်မှတ်စာအုပ် ကောက်ရတယ်။ အထဲမှာ အကြွေးဝယ်ကတ်တွေနဲ့ ငွေအတော်များများ ပါတယ်။ ညီအစ်မက အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြတယ်။ သူလည်း နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူပဲ။

သူတို့မှာ အကြွေးတွေရှိပြီး ငွေကြေး တော်တော်ခက်ခဲနေတယ်။ ဒါပေမဲ့ နိုင်ငံကူးလက်မှတ်မှာပါတဲ့ လိပ်စာအတိုင်း ငွေတွေကို ပြန်သွားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပိုင်ရှင်အမျိုးသားရော သူ့မိသားစုပါ တော်တော်အံ့သြသွားတယ်။ သူတို့ ရိုးသားရတဲ့အကြောင်းရင်းက ကျမ်းစာကြောင့်ဖြစ်တယ်လို့ ဟိုင်ဂါနူးရှ်တို့ဇနီးမောင်နှံ ပြောပြတယ်။ အခြေအနေကို အခွင့်ကောင်းယူပြီး ယေဟောဝါသက်သေတွေအကြောင်း ပြောရင်း စာပေတွေ ဝေငှခဲ့တယ်။

အဲဒီမိသားစုက ဟိုင်ဂါနူးရှ်ကို ငွေနည်းနည်း လက်ဆောင်ပေးပေမဲ့ သူ မယူဘူး။ နောက်နေ့မှာ ပိုင်ရှင်အမျိုးသားရဲ့ ဇနီးက သူတို့အိမ်လိုက်လာပြီး ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ စိန်လက်စွပ်ကိုယူဖို့ အတင်းတိုက်တွန်းတယ်။

ဟိုင်ဂါနူးရှ်တို့ဇနီးမောင်နှံရဲ့ ရိုးသားမှုကို အဲဒီမိသားစုလိုပဲ တခြားသူတွေလည်း အံ့သြမိမှာပဲ။ ယေဟောဝါကော အံ့သြသလား။ သူတို့ရဲ့ ရိုးသားမှုကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။ ရိုးသားရကျိုး နပ်ရဲ့လား။

ပစ္စည်းဥစ္စာတွေထက် ပိုတန်ဖိုးရှိတဲ့ အရည်အသွေးတွေ

အဲဒီမေးခွန်းတွေကို ဖြေဖို့ မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဘုရားရဲ့ အရည်အသွေးတွေကို တုပခြင်းဟာ ဘုရားအတွက် စိန်တွေ၊ ရွှေတွေ၊ ပစ္စည်းဥစ္စာတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတာ ဘုရားသခင့်ကျေးကျွန်တွေ သိထားလို့ပဲ။ မှန်ပါတယ်၊ ယေဟောဝါတန်ဖိုးထားတဲ့အရာနဲ့ လူတွေတန်ဖိုးထားတဲ့အရာဟာ ကွာခြားတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ယေဟောဝါရဲ့ ကျေးကျွန်တွေကတော့ ကိုယ်တော့်အရည်အသွေးတွေကို တုပဖို့ ကြိုးစားတာကို သိပ်တန်ဖိုးရှိတဲ့အရာအဖြစ် ယူမှတ်ကြတယ်။

ဒါကို ပိုင်းခြားသိမြင်နိုင်စွမ်းနဲ့ ဉာဏ်ပညာအကြောင်း ကျမ်းစာပြောပြချက်ကနေ သိရတယ်။ သုတ္တံ ၃:၁၃-၁၅ (ကဘ) မှာ အခုလိုပြောတယ်– ‘ဉာဏ်ပညာကို ရှာတွေ့တဲ့သူနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရယူတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ဉာဏ်ပညာကို ရတာဟာ ငွေကိုရတာထက် ပိုသာတယ်။ ဉာဏ်ပညာကို အမြတ်ရတာဟာ ရွှေကိုရတာထက် ပိုသာတယ်။ ဉာဏ်ပညာဟာ သန္တာကျောက်ထက် အဖိုးတန်တယ်။ လိုချင်သမျှထဲမှာ ဉာဏ်ပညာနဲ့ယှဥ်နိုင်တာ တစ်ခုမှမရှိဘူး။’ အဲဒီအရည်အသွေးတွေကို ဘယ်ရတနာထက်မဆို ယေဟောဝါ ပိုတန်ဖိုးထားတာ သိပ်ထင်ရှားတယ်။

ရိုးသားမှုနဲ့ပတ်သက်ရင်ကော ဘယ်လိုလဲ။

ယေဟောဝါဟာ ရိုးသားပြီး “မုသားနဲ့ကင်းစင်” တယ်။ (တိ. ၁:၂) ပထမရာစု ဟီဘရူးခရစ်ယာန်တွေဆီ အခုလိုရေးဖို့ တမန်တော်ပေါလုကို ယေဟောဝါ တိုက်တွန်းခဲ့တယ်– “ငါတို့အတွက် ဆက်၍ဆုတောင်းပေးနေကြလော့။ အကြောင်းမူကား ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုသဖြင့် သြတ္တပ္ပစိတ် ကြည်လင်ကြောင်း ယုံကြည်စိတ်ချကြ၏။”—ဟေဗြဲ ၁၃:၁၈

ရိုးသားတဲ့နေရာမှာ ယေရှုခရစ်ဟာ စံနမူနာရှင်ပဲ။ ဥပမာ၊ “သင်သည် ဘုရားသခင်၏သားတော်၊ ခရစ်တော်မှန်သည် မမှန်သည်ကို အသက်ရှင်တော်မူသောဘုရားသခင်အား တိုင်တည်၍ ကျိန်ဆိုလော့” ဆိုပြီး ယဇ်ပုရောဟိတ်မင်း ကယာဖ ပြောတဲ့အခါ မိမိမေရှိယဖြစ်တာကို ယေရှု ရိုးရိုးသားသား ထုတ်ပြောတယ်။ အမှန်အတိုင်းဝန်ခံလိုက်ရင် ဘုရားကိုစော်ကားသူအဖြစ် ဂျူးတရားရုံးချုပ်က စွဲချက်တင်ပြီး သေဒဏ်ပေးနိုင်တာ သိပေမဲ့ ယေရှု အမှန်အတိုင်း ပြောခဲ့တယ်။—မ. ၂၆:၆၃-၆၇

ကျွန်တော်တို့ကော ဘယ်လိုလဲ။ မသိမသာ ထိမ်ချန်ပြောလိုက်လို့ ဒါမှမဟုတ် လက်တစ်လုံးခြား ပြောလိုက်လို့ ငွေကြေးအကျိုးအမြတ်ရနိုင်မယ့် အခြေအနေမျိုးမှာ ကျွန်တော်တို့ ဆက်ပြီးရိုးသားကြမလား။

ရိုးသားဖို့ ခက်ခဲရတဲ့ အကြောင်းရင်း

“ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ” သိပ်ပေါများတဲ့ ဒီနောက်ဆုံးကာလမှာ ရိုးသားဖို့ ခက်ခဲတာ မှန်ပါတယ်။ (၂ တိ. ၃:၂) ငွေကြေးကျပ်တည်းချိန်၊ အလုပ်ရှားပါးချိန်မှာ ခိုးတာ၊ လိမ်တာ၊ မရိုးမသားလုပ်တာဟာ ဘာမှ ကိစ္စမရှိပါဘူးလို့ လူများစွာ ယူဆကြတယ်။ အဲဒီလိုအယူအဆ ခေတ်စားလာတဲ့အတွက် ငွေကြေးအကျိုးအမြတ်ရမယ့် ကိစ္စတွေမှာ ရိုးသားဖို့ ခေါင်းထဲမထည့်ကြတော့ဘူး။ ခရစ်ယာန်တချို့တောင် ဆုံးဖြတ်ချက်မှားပြီး ‘မသမာတဲ့နည်းနဲ့ အမြတ်ထုတ်’ တဲ့အတွက် အသင်းတော်မှာ အခွင့်အရေးတွေ ဆုံးၡုံးခဲ့ကြတယ်။—၁ တိ. ၃:၈; တိ. ၁:၇

ဒါပေမဲ့ ခရစ်ယာန်အများစုကတော့ ယေရှုကို တုပကြတယ်။ ဘုရားရေးရာအရည်အသွေးတွေက ဘယ်ငွေကြေး အကျိုးအမြတ်ထက်မဆို ပိုတန်ဖိုးရှိမှန်း သူတို့ နားလည်တယ်။ ဒါကြောင့် ခရစ်ယာန်လူငယ်တွေဟာ ကျောင်းမှာ အဆင့်ကောင်းကောင်းရဖို့ စာမခိုးချဘူး။ (သု. ၂၀:၂၃) ရိုးသားတဲ့အတွက် ညီအစ်မဟိုင်ဂါနူးရှ်လိုတော့ အမြဲ အကျိုးရချင်မှရမယ်။ ဒါပေမဲ့ ရိုးသားခြင်းဟာ ဘုရားရှေ့မှာ မှန်ကန်တဲ့အရာဖြစ်ပြီး သိပ်တန်ဖိုးရှိတဲ့ ကြည်လင်တဲ့သိစိတ်ကိုလည်း ရရှိစေနိုင်တယ်။

ဒါကို ဂါဂျစ်ရဲ့ အဖြစ်အပျက်က ဖော်ပြတယ်။ သူ အခုလိုပြောတယ်– “ကျွန်တော် ခရစ်ယာန်မဖြစ်ခင်တုန်းက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်တယ်။ ပိုင်ရှင်က ကုမ္ပဏီ အကျိုးအမြတ်ရဲ့ ပမာဏအနည်းငယ်ကိုပဲ စာရင်းပြပြီး အခွန်ရှောင်တယ်။ ကျွန်တော်က စီမံခန့်ခွဲရေးမန်နေဂျာဆိုတော့ ကုမ္ပဏီရဲ့ လိမ်လည်မှုကို ဖုံးပေးဖို့ စာရင်းစစ်နဲ့ အပေးအယူလုပ်ရတယ်။ ရလဒ်အနေနဲ့ မရိုးသားသူအဖြစ် နာမည်ဆိုး တွင်လာတယ်။ အမှန်တရား သိလာတဲ့အခါ လခကောင်းတဲ့ အဲဒီအလုပ်ကို ဆက်မလုပ်တော့ဘူး။ ကိုယ်ပိုင်လုပ်ငန်း ထောင်လိုက်တယ်။ ကုမ္ပဏီကို တရားဝင်မှတ်ပုံတင်ပြီး အခွန်အားလုံး ပေးဆောင်တယ်။”—၂ ကော. ၈:၂၁

သူ အခုလိုဆက်ပြောတယ်– “ဝင်ငွေတစ်ဝက်လောက် လျော့သွားတဲ့အတွက် မိသားစုကို ထောက်ပံ့ဖို့ သိပ်ခက်လာတယ်။ ဒါပေမဲ့ အခု ပိုပျော်တယ်။ ယေဟောဝါရှေ့မှာ ကြည်လင်တဲ့သိစိတ် ရှိနေပြီး သားနှစ်ယောက်အတွက်လည်း ပုံသက်သေကောင်း ပြနိုင်တယ်။ အသင်းတော် အခွင့်ထူးတွေအတွက်လည်း အရည်အချင်း ပြည့်မီလာတယ်။ ကျွန်တော်နဲ့အတူ အလုပ်လုပ်တဲ့ စာရင်းစစ်တွေနဲ့ တခြားသူတွေကြားမှာ ရိုးသားသူအဖြစ် နာမည်ကောင်း ရနေပြီ။”

ယေဟောဝါ ကူညီပေး

ရိုးသားမှုအပါအဝင် မိမိအရည်အသွေးတွေကို တုပသူတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်။ (တိ. ၂:၁၀) သူတို့ကို ကူညီပေးမယ်လို့ ကတိပေးထားတယ်။ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး” လို့ ရေးသားဖို့ ဘုရင်ဒါဝိဒ်ကို ဘုရားသခင် လှုံ့ဆော်ခဲ့တယ်။—ဆာ. ၃၇:၂၅

သစ္စာရှိသူ ရုသရဲ့ အဖြစ်အပျက်က အဲဒီအချက်ကို ထောက်ခံတယ်။ ရုသဟာ အသက်ကြီးနေပြီဖြစ်တဲ့ ယောက္ခမနောမိကို ပစ်သွားမယ့်အစား သူနဲ့အတူ ဆက်နေခဲ့တယ်။ စစ်မှန်တဲ့ဘုရားကို ဝတ်ပြုနိုင်မယ့် အစ္စရေးပြည်ကို သူ ပြောင်းရွှေ့ခဲ့တယ်။ (ရု. ၁:၁၆၊ ၁၇) ပညတ်တရားရဲ့ အစီအစဥ်အတိုင်း ဝီရိယရှိရှိ ကောက်သင်းကောက်ရင်း ရိုးသားကြိုးစားခဲ့တယ်။ ရုသနဲ့ နောမိကို ယေဟောဝါ မစွန့်ပစ်ခဲ့ဘူး။ နောက်ပိုင်းမှာ ဒါဝိဒ်လည်း အဲဒီလို ကြုံတွေ့ခံစားခဲ့ရတယ်။ (ရု. ၂:၂-၁၈) ရုသကို ပစ္စည်းဥစ္စာထက်မက ယေဟောဝါပေးခဲ့တာ ထင်ရှားတယ်။ ဘုရင်ဒါဝိဒ်နဲ့ ကတိထားရာမေရှိယ ဆင်းသက်လာမယ့် မျိုးရိုးမှာ ပါဝင်ဖို့တောင် သူ့ကို ယေဟောဝါ ရွေးချယ်ခဲ့တယ်။—ရု. ၄:၁၃-၁၇; မ. ၁:၅၊ ၁၆

စားဝတ်နေရေးအတွက် ငွေရှာရတာ ယေဟောဝါရဲ့ ကျေးကျွန်တချို့အတွက် သိပ်ခက်ခဲနိုင်တယ်။ ဒါပေမဲ့ မရိုးသားတဲ့အလွယ်လမ်းကို လိုက်မယ့်အစား ဝီရိယရှိရှိ အလုပ်ကြိုးစားကြတယ်။ ဒီနည်းအားဖြင့် ရိုးသားမှုအပါအဝင် ဘုရားသခင့်အရည်အသွေးတွေဟာ သူတို့အတွက် ဘယ်ပစ္စည်းဥစ္စာထက်မဆို ပိုတန်ဖိုးရှိမှန်း ဖော်ပြနေကြတယ်။—သု. ၁၂:၂၄; ဧ. ၄:၂၈

ရုသလိုပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်တွေဟာ ယေဟောဝါရဲ့ ကူညီနိုင်စွမ်းကို ယုံကြည်ကြတယ်။ “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” လို့ ကတိပေးခဲ့တဲ့ ဘုရားသခင်ကို သူတို့ အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်။ (ဟေဗြဲ ၁၃:၅) ယေဟောဝါဟာ အချိန်အခါတိုင်းမှာ ရိုးသားမှုတင်ပြတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးနိုင်ပြီး တကယ်လည်း ကူညီပေးမယ်ဆိုတာ အကြိမ်ကြိမ် သက်သေပြခဲ့တယ်။ ဘဝလိုအပ်ရာတွေကို ပေးမယ်ဆိုတဲ့ ကတိအတိုင်း ယေဟောဝါ အမြဲလုပ်ဆောင်ပေးတယ်။—မ. ၆:၃၃

လူသားတွေဟာ စိန်တွေ၊ ကျောက်သံပတ္တမြားတွေကို တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရိုးသားမှုနဲ့ တခြားအရည်အသွေးကောင်းတွေကို ဘယ်အဖိုးတန် ကျောက်မျက်ရတနာထက်မဆို ကောင်းကင်ဖခင် ပိုတန်ဖိုးထားတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

ရိုးသားခြင်းက ကြည်လင်တဲ့သိစိတ် ရှိစေနိုင်ပြီး အမှုဆောင်လုပ်ငန်းမှာ ရဲရဲဝံ့ဝံ့ ပြောဆိုခွင့် ရှိစေနိုင်တယ်