မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြီးမြတ်ဆုံးအိုးထိန်းရှင် ပုံသွင်းပေးတာကို သင် ခွင့်ပြုသလား

အကြီးမြတ်ဆုံးအိုးထိန်းရှင် ပုံသွင်းပေးတာကို သင် ခွင့်ပြုသလား

“အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ ရှိကြ၏။”—ယေ. ၁၈:၆

သီချင်း– ၆၀၊ ၂၂

၁၊ ၂။ ဘုရားသခင်က ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ ဘာကြောင့် သတ်မှတ်သလဲ။ ဒံယေလလို ကျွန်တော်တို့လည်း နာခံမှု ဘယ်လို ပြနိုင်သလဲ။

သုံ့ပန်းအဖြစ် ဂျူးတွေရောက်လာတဲ့ ဗာဗုလုန်မြို့ဟာ ရုပ်တုတွေ၊ နတ်ဆိုးကိုးကွယ်သူတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ ဒံယေလနဲ့ အဖော်သုံးယောက်လို သစ္စာရှိဂျူးတွေကတော့ ဗာဗုလုန်လူတွေရဲ့ ပုံသွင်းမှုကို မခံယူခဲ့ကြဘူး။ (ဒံ. ၁:၆၊ ၈၊ ၁၂; ၃:၁၆-၁၈) ဒံယေလနဲ့ အဖော်သုံးယောက်ဟာ ယေဟောဝါကို သူတို့ရဲ့အိုးထိန်းရှင်အဖြစ် လက်ခံပြီး ကိုယ်တော့်ကိုပဲ ဆက်ဝတ်ပြုခဲ့ကြတယ်။ ဒံယေလဟာ မကောင်းတဲ့ဝန်းကျင်မှာ တစ်သက်လုံးနီးပါး နေထိုင်ခဲ့ရပေမဲ့ သူ့ကို “အလွန်ချစ်အပ်သောသူ” လို့ ကောင်းကင်တမန် ပြောခဲ့တယ်။—ဒံ. ၁၀:၁၁၊ ၁၉

အိုးထိန်းသမားဟာ လိုချင်တဲ့ပုံရအောင် ရွှံ့မြေကို ဖိညှစ်ပြီး ပုံသွင်းလေ့ရှိတယ်။ ဒီနေ့ခေတ် စစ်မှန်တဲ့ဝတ်ပြုသူတွေက ယေဟောဝါကို စကြဝဠာအုပ်စိုးရှင်အဖြစ်၊ လူတွေကိုပုံသွင်းပေးခွင့် ရှိသူအဖြစ် လက်ခံကြတယ်။ (ယေရမိ ၁၈:၆ ကိုဖတ်ပါ။) မှန်ပါတယ်၊ ကျွန်တော်တို့ကို ပုံသွင်းဖို့ ဘုရားသခင်မှာ အခွင့်အာဏာရှိတယ်။ ဒါပေမဲ့ အတင်းအကျပ် ပုံမသွင်းဘူး။ ကျွန်တော်တို့ဘက်က လိုလိုလားလား ပုံသွင်းခွင့်ပြုတာကို ယေဟောဝါ နှစ်သက်တယ်။ ဘုရားသခင် ပုံသွင်းပေးရလွယ်သူ ဆက်ဖြစ်နိုင်ပုံအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အောက်ပါမေးခွန်းသုံးခုကိုလည်း လေ့လာကြမယ်– (၁) ယေဟောဝါရဲ့ အကြံဉာဏ်ကို လက်ခံရခက်စေနိုင်တဲ့ ဉာဥ်ဆိုးတွေကို ဘယ်လိုရှောင်နိုင်သလဲ။ (၂) ပျော့ပျောင်းတဲ့ရွှံ့မြေလို နာခံမှုရှိသူ ဆက်ဖြစ်နေဖို့ ကူညီပေးနိုင်တဲ့ အရည်အသွေးတွေကို ဘယ်လိုမွေးမြူနိုင်သလဲ။ (၃) ခရစ်ယာန်မိဘတွေက သားသမီးတွေကို ပုံသွင်းတဲ့အခါ ဘုရားသခင်ကို ဘယ်လိုနာခံနိုင်သလဲ။

စိတ်နှလုံးကို မာကျောစေနိုင်တဲ့ ဉာဥ်ဆိုးတွေကို ရှောင်ပါ

၃။ ဘယ်ဉာဥ်ဆိုးတွေက စိတ်နှလုံးကို မာကျောစေနိုင်သလဲ။ ရှင်းပြပါ။

“နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့” လို့ သုတ္တံ ၄:၂၃ မှာ ပြောတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံး မမာကျောလာအောင် မာနကြီးတာ၊ အပြစ်လုပ်တဲ့အကျင့်စွဲနေတာ၊ ယုံကြည်ခြင်းကင်းမဲ့တာ စတဲ့ ဉာဥ်ဆိုးတွေကို ရှောင်ရမယ်။ ကျွန်တော်တို့ သတိမထားဘူးဆိုရင် အဲဒီဉာဥ်ဆိုးတွေက နာခံမှုမရှိသူတွေ၊ ပုန်ကန်သူတွေ ဖြစ်သွားစေနိုင်တယ်။ (ဒံ. ၅:၁၊ ၂၀; ဟေဗြဲ ၃:၁၃၊ ၁၈၊ ၁၉) ယုဒဘုရင် သြဇိ အဲဒီလိုဖြစ်ခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၂၆:၃-၅၊ ၁၆-၂၁ ကိုဖတ်ပါ။) သြဇိဟာ အစပိုင်းမှာ ‘ယေဟောဝါရှေ့တော်၌ တရားသောအမှုကိုပြု’ ပြီး “ဘုရားသခင်ကို ဆည်းကပ်” တဲ့အတွက် ခွန်အားကြီးလာတယ်။ ဒါပေမဲ့ ‘တန်ခိုးကြီးသောအခါ ထောင်လွှားသောစိတ်’ ဝင်လာတယ်။ ဗိမာန်တော်မှာ နံ့သာပေါင်းပူဇော်ဖို့တောင် ကြိုးစားခဲ့တယ်။ အဲဒါကို ယဇ်ပုရောဟိတ်တွေပဲ လုပ်ပိုင်ခွင့်ရှိတာ။ ယဇ်ပုရောဟိတ်တွေ တားတဲ့အခါ သူ အကြီးအကျယ် ဒေါသထွက်တယ်။ ဒါကြောင့် ယေဟောဝါက မာနကြီးတဲ့ဘုရင်သြဇိကို နူနာရောဂါနဲ့ ဒဏ်ခတ်ခဲ့တယ်။ သေဆုံးတဲ့အထိ အဲဒီရောဂါ ခံစားခဲ့ရတယ်။—သု. ၁၆:၁၈

၄၊ ၅။ မာနစိတ်ကို မတွန်းလှန်ရင် ဘာဖြစ်သွားနိုင်သလဲ။ ဥပမာပေးပါ။

မာနစိတ်ကို မတွန်းလှန်ဘူးဆိုရင် ကျွန်တော်တို့က ‘ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်’ လာပြီး ကျမ်းစာအကြံဉာဏ်တွေကို ငြင်းပယ်တဲ့အထိ ဖြစ်သွားနိုင်တယ်။ (ရော. ၁၂:၃; သု. ၂၉:၁) အကြီးအကဲဖြစ်တဲ့ ညီအစ်ကိုဂျင်အကြောင်း စဥ်းစားကြည့်ပါ။ အသင်းတော်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး တခြားအကြီးအကဲတွေနဲ့ သူ သဘောထားကွဲလွဲခဲ့တယ်။ “သူတို့ရဲ့လုပ်ရပ် မေတ္တာမပါဘူးလို့ ပြောပြီး အကြီးအကဲ အစည်းအဝေးကနေ ကျွန်တော် ထထွက်သွားတယ်” လို့ သူ ပြောတယ်။ ခြောက်လလောက်ကြာပြီးနောက် တခြားအသင်းတော်ကို ပြောင်းသွားတယ်။ ဒါပေမဲ့ အဲဒီမှာ အကြီးအကဲအဖြစ် ခန့်အပ်မခံရတဲ့အတွက် တော်တော်စိတ်ဓာတ်ကျသွားတယ်။ သူ့လုပ်ရပ် မှန်တယ်လို့ ထင်တဲ့အတွက် အမှန်တရားကနေ ထွက်သွားပြီး ဆယ်နှစ်လောက် မလှုပ်မရှား ဖြစ်ခဲ့တယ်။ “မာန ထိပါးလာတဲ့အခါ ယေဟောဝါကို ကျွန်တော် အပြစ်တင်မိတယ်။ နှစ်တွေတစ်လျှောက် ညီအစ်ကိုတွေ လည်ပတ်ပြီး ဖျောင်းဖျပေမဲ့ အကူအညီကို လက်မခံခဲ့ဘူး” လို့ သူ ဆက်ပြောတယ်။

မာနစိတ်က ကိုယ့်လုပ်ရပ်မှားကို ဆင်ခြေပေးမိစေနိုင်ပြီး မာကျောတဲ့ရွှံ့မြေလို ဖြစ်သွားစေနိုင်တယ်ဆိုတာ ဂျင်ရဲ့ ဖြစ်ရပ်က ဖော်ပြတယ်။ (ယေ. ၁၇:၉) “တခြားသူတွေရဲ့ အမှားကိုပဲ ကြည့်နေမိတယ်” လို့ ဂျင် ပြောတယ်။ သင်ဟာ ညီအစ်ကိုညီအစ်မ တစ်ယောက်ယောက်ကြောင့်ဖြစ်စေ၊ အခွင့်ထူးတွေ ဆုံးၡုံးသွားလို့ဖြစ်စေ စိတ်ထိခိုက်ဖူးသလား။ အဲဒီတုန်းက ဘယ်လို တုံ့ပြန်ခဲ့သလဲ။ မာနထိပါးခံရတာက သင့်အတွက် အရေးကြီးသလား ဒါမှမဟုတ် ညီအစ်ကိုညီအစ်မတွေနဲ့ သင့်မြတ်ဖို့၊ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့က ပိုအရေးကြီးသလား။ဆာလံ ၁၁၉:၁၆၅ နဲ့ ကောလောသဲ ၃:၁၃ တို့ကိုဖတ်ပါ။

၆။ အပြစ်လုပ်တဲ့အကျင့် စွဲနေမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။

လူတစ်ယောက်ဟာ အပြစ်လုပ်တဲ့အကျင့် စွဲနေပြီး ဖုံးကွယ်ထားတဲ့အခါ ကျမ်းစာအကြံဉာဏ်ကို လက်ခံရ ခက်ခဲနိုင်တယ်။ အပြစ်လုပ်ရတာ ပိုလွယ်ကူလာနိုင်တယ်။ အချိန်ကြာလာတဲ့အခါ မကောင်းတဲ့အကျင့်က သူ့အတွက် ဘယ်လိုမှမနေတော့ဘူးလို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ (ဒေ. ၈:၁၁) ညစ်ညမ်းရုပ်ပုံ ကြည့်တဲ့အကျင့်စွဲနေတဲ့ ညီအစ်ကိုတစ်ယောက်က “အကြီးအကဲတွေကို ကျွန်တော် အပြစ်ရှာဝေဖန်လာတယ်” လို့ နောက်ပိုင်းမှာ ပြောတယ်။ သူ့ရဲ့အကျင့်ဆိုးကြောင့် ဘုရားနဲ့ဆက်ဆံရေး ထိခိုက်လာတယ်။ နောက်ဆုံး၊ အပြစ်ပေါ်သွားတဲ့အခါ အကြီးအကဲတွေဆီက အကူအညီ ရရှိခဲ့တယ်။ ကျွန်တော်တို့အားလုံး မစုံလင်တာ မှန်ပါတယ်။ ဒါပေမဲ့ အမှားလုပ်မိတဲ့အခါ ဘုရားသခင်ဆီမှာ ခွင့်လွှတ်မှုနဲ့ အကူအညီ တောင်းခံမယ့်အစား အပြစ်ရှာဝေဖန်မယ်၊ ဆင်ခြေပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့စိတ်နှလုံး မာကျောလာနိုင်တယ်။

၇၊ ၈။ (က) ယုံကြည်ခြင်းကင်းမဲ့တာက စိတ်နှလုံးကို မာကျောစေနိုင်တယ်ဆိုတာ ရှေးခေတ်အစ္စရေးလူမျိုးရဲ့ ဖြစ်ရပ်ကနေ ဘယ်လိုသိရသလဲ။ (ခ) ဘာသင်ခန်းစာ ရသလဲ။

ယုံကြည်ခြင်းကင်းမဲ့တာက စိတ်နှလုံးကို မာကျောစေနိုင်တယ်ဆိုတာ အစ္စရေးလူမျိုးရဲ့ ဖြစ်ရပ်ကနေ သိနိုင်တယ်။ သူတို့ကို အီဂျစ်ပြည်ကနေ ယေဟောဝါ ကယ်တင်တုန်းက အံ့ဖွယ်အမှုများစွာကို သူတို့ မြင်ခဲ့ရတယ်။ ဒါတောင် ကတိထားရာပြည်ထဲ ဝင်ခါနီးမှာ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် စိတ်နှလုံး မာကျောလာတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားမယ့်အစား ကြောက်ရွံ့လာပြီး မောရှေကို ညည်းညူမြည်တမ်းခဲ့ကြတယ်။ ကျွန်ခံခဲ့တဲ့ အီဂျစ်ပြည်ကိုတောင် ပြန်သွားချင်ခဲ့ကြတယ်။ ယေဟောဝါ တော်တော်စိတ်ထိခိုက်သွားပြီး “ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကို မရိုမသေ ပြုကြလိမ့်မည်နည်း” လို့ ပြောခဲ့တယ်။ (တော. ၁၄:၁-၄၊ ၁၁; ဆာ. ၇၈:၄၀၊ ၄၁) စိတ်နှလုံးမာကျောမှုနဲ့ ယုံကြည်ခြင်းကင်းမဲ့မှုကြောင့် အဲဒီအစ္စရေးတွေ တောကန္တာရမှာ သေဆုံးခဲ့ရတယ်။

ဒီနေ့လည်း ကမ္ဘာသစ် နီးလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံနေရတယ်။ ဒါကြောင့် ကိုယ့်ယုံကြည်ခြင်း ဘယ်လောက်ခိုင်မာတယ်ဆိုတာ ဆန်းစစ်ဖို့ လိုအပ်တယ်။ ဥပမာ၊ မဿဲ ၆:၃၃ မှာပါတဲ့ ယေရှုရဲ့စကားတွေကို ကျွန်တော်တို့ ဘယ်လို သဘောထားတယ်ဆိုတာ ဆန်းစစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အခုလို မေးကြည့်ပါ– ‘ငါဦးစားထားတဲ့အရာတွေ၊ ငါ့ဆုံးဖြတ်ချက်တွေက ယေရှုရဲ့စကားကို ငါ တကယ်ယုံကြည်မှန်း ဖော်ပြနေသလား။ အစည်းအဝေးတွေ၊ အမှုဆောင်တွေ အပျက်ခံပြီး ငွေ ပိုရှာနေသလား။ အချိန်နဲ့ ခွန်အား ပိုစိုက်ထုတ်ဖို့ လောကအလုပ်က ဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ။ ယေဟောဝါကို ဝတ်မပြုတော့တဲ့အထိ ဖြစ်သွားအောင် လောက ပုံသွင်းတာကို ငါ လက်ခံမလား။’

၉။ ယုံကြည်ခြင်းမှာ တည်မတည် ဘာကြောင့် “ဆန်းစစ်လျက်နေ” သင့်သလဲ။ ဘယ်လို ဆန်းစစ်နိုင်သလဲ။

မကောင်းတဲ့အပေါင်းအသင်း၊ နှင်ထုတ်ခြင်း၊ ဖျော်ဖြေရေး စတာတွေနဲ့ပတ်သက်တဲ့ ကျမ်းစာစံနှုန်းတွေကို မလိုက်နာဘူးဆိုရင် ကျွန်တော်တို့ရဲ့ စိတ်နှလုံး မာကျောလာနိုင်တယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ဘာလုပ်သင့်သလဲ။ သင့်ယုံကြည်ခြင်းကို ချက်ချင်း ဆန်းစစ်ဖို့ လိုအပ်တယ်။ “သင်တို့သည် ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေကြလော့။ သင်တို့သည် မည်သို့သောသူဖြစ်ကြောင်း ကိုယ်ကိုစစ်ကြောလျက်နေကြလော့” လို့ ကျမ်းစာပြောတယ်။ (၂ ကော. ၁၃:၅) သင့်ကိုယ်သင် ရိုးရိုးသားသား ဆန်းစစ်ပါ။ ကျမ်းစာသုံးပြီး သင့်အတွေးအခေါ်ကို အမြဲတည့်မတ်ပေးပါ။

ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နေပါ

၁၀။ ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နေအောင် ဘာက ကူညီပေးနိုင်သလဲ။

၁၀ ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နေအောင် ကူညီပေးဖို့ ကျမ်းစာ၊ ခရစ်ယာန်အသင်းတော်နဲ့ အမှုဆောင်လုပ်ငန်းကို ဘုရားသခင် ပြင်ဆင်ပေးထားတယ်။ နေ့တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါ ပုံသွင်းပေးရလွယ်သူတွေ ဖြစ်လာနိုင်တယ်။ ပညတ်ကျမ်းကို ကိုယ်တိုင်ကူးရေးပြီး နေ့တိုင်းဖတ်ဖို့ အစ္စရေးဘုရင်တွေကို ယေဟောဝါ တောင်းဆိုထားတယ်။ (တရား. ၁၇:၁၈-၂၀) ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ခြင်းက အမှုဆောင်လုပ်ငန်းအတွက် အရေးပါတယ်ဆိုတာ တမန်တော်တွေ သိတယ်။ သူတို့ရေးတဲ့ကျမ်းတွေမှာ ဟီဘရူးကျမ်းစောင်တွေကို အကြိမ်ပေါင်း ရာနဲ့ချီ ကိုးကားခဲ့တယ်။ တခြားသူတွေကိုလည်း ကျမ်းစာသုံးဖို့ သူတို့ အားပေးခဲ့တယ်။ (တ. ၁၇:၁၁) ဒီနေ့ခေတ်မှာလည်း နေ့တိုင်း ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်ဖို့ အရေးကြီးမှန်း ကျွန်တော်တို့ သိတယ်။ (၁ တိ. ၄:၁၅) အဲဒီလိုလုပ်ဆောင်ခြင်းက နှိမ့်ချသူတွေ၊ ပုံသွင်းရလွယ်သူတွေ ဆက်ဖြစ်နေအောင် ကူညီပေးတယ်။

ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နေအောင် ဘုရားသခင် ပြင်ဆင်ပေးရာတွေကို အသုံးပြုပါ (အပိုဒ် ၁၀-၁၃ ကိုကြည့်ပါ)

၁၁၊ ၁၂။ ကျွန်တော်တို့တစ်ဦးစီရဲ့ လိုအပ်ချက်အလိုက် ပုံသွင်းပေးဖို့ အသင်းတော်ကို ယေဟောဝါ ဘယ်လို သုံးနေသလဲ။ ဥပမာပေးပါ။

၁၁ ယေဟောဝါက ခရစ်ယာန်အသင်းတော်ကို သုံးပြီး ကျွန်တော်တို့တစ်ဦးစီရဲ့ လိုအပ်ချက်အလိုက် ပုံသွင်းပေးတယ်။ အစပိုင်းမှာဖော်ပြခဲ့တဲ့ ဂျင်ကို အကြီးအကဲတစ်ယောက် ကူညီပေးတဲ့အခါ သူ့သဘောထား ပြောင်းလဲလာတယ်။ “ကျွန်တော့်ကို သူ တစ်ချက်မှ အပြစ်မတင်ဘူး၊ မဝေဖန်ဘူး။ အဲဒီအစား အကောင်းမြင်ပေးတယ်။ စိတ်ရင်းမှန်နဲ့ ကူညီပေးချင်တာ ထင်ရှားတယ်” လို့ ဂျင် ပြောတယ်။ သုံးလလောက်ကြာပြီးနောက် အဲဒီအကြီးအကဲက ဂျင်ကို အစည်းအဝေးလာတက်ဖို့ ခေါ်တယ်။ “အသင်းတော်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ သူတို့ရဲ့မေတ္တာက ကျွန်တော့် သဘောထားကို လုံးဝ ပြောင်းလဲသွားစေတယ်။ ကိုယ့်ခံစားချက်တွေက အဓိကမကျဘူးဆိုတာ ကျွန်တော် နားလည်လာတယ်။ အကြီးအကဲတွေနဲ့ ကျွန်တော့်ဇနီးရဲ့ အားပေးထောက်မမှုကြောင့် ယေဟောဝါနဲ့ဆက်ဆံရေး တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ ၁၉၉၂၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ ‘ယေဟောဝါအား အပြစ်မဆိုနိုင်’၊ ‘ယေဟောဝါအား သစ္စာရှိစွာ အမှုဆောင်လော့’ ဆိုတဲ့ ဆောင်းပါးတွေကလည်း ကျွန်တော့်ကို အားရှိစေတယ်” လို့ ဂျင်ပြောတယ်။

၁၂ နောက်ပိုင်းမှာ ဂျင်ဟာ အကြီးအကဲအဖြစ် ပြန်ခန့်အပ်ခံရတယ်။ အခုဆို သူ့လိုပြဿနာကြုံနေရတဲ့ တခြားညီအစ်ကိုတွေကို ယုံကြည်ခြင်း ပြန်ခိုင်မာလာအောင် သူ ကူညီပေးနေပြီ။ သူ အခုလိုပြောတယ်– “ယေဟောဝါနဲ့ဆက်ဆံရေး သိပ်ကောင်းနေတယ်လို့ ကျွန်တော် ထင်ခဲ့ပေမဲ့ တကယ်တမ်းတော့ အဲဒီလိုမဟုတ်ဘူး။ မာနစိတ်ကြောင့် ပိုအရေးကြီးတဲ့အရာတွေကို မမြင်နိုင်တော့ဘဲ တခြားသူတွေရဲ့ အမှားတွေကိုပဲ အာရုံစိုက်ခဲ့တဲ့အတွက် ကျွန်တော် နောင်တရမိတယ်။”—၁ ကော. ၁၀:၁၂

၁၃။ အမှုဆောင်လုပ်ငန်းက ဘယ်အရည်အသွေးတွေ ရှိလာအောင် ကူညီပေးနိုင်သလဲ။ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ။

၁၃ အမှုဆောင်လုပ်ငန်းကလည်း ကျွန်တော်တို့ကို ပိုကောင်းတဲ့လူတွေဖြစ်လာအောင် ပုံသွင်းပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ သတင်းကောင်းဟောပြောခြင်းက နှိမ့်ချမှုနဲ့ စွမ်းအားတော်အရည်အသွေးတွေ ရှိလာအောင် ကူညီပေးနိုင်တယ်။ (ဂလ. ၅:၂၂၊ ၂၃) အမှုဆောင်လုပ်ငန်းကြောင့် သင့်မှာ ဘယ်အရည်အသွေးတွေ ရှိလာတယ်ဆိုတာ စဥ်းစားကြည့်ပါ။ ပိုအရေးကြီးတာက ခရစ်တော်ကို ကျွန်တော်တို့ တုပတဲ့အခါ သတင်းကောင်းကို လူတွေ ပိုစိတ်ဝင်စားလာပြီး ကျွန်တော်တို့အပေါ် သဘောထား ပြောင်းလဲလာနိုင်တယ်။ ဥပမာ၊ သြစတြေးလျနိုင်ငံမှာ သက်သေခံနှစ်ယောက်က သိပ်ရိုင်းတဲ့ အိမ်ရှင်အမျိုးသမီး ပြောဆိုတာကို လေးလေးစားစား နားထောင်ပေးတယ်။ နောက်ပိုင်း အဲဒီအမျိုးသမီးက သူ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်သွားပြီး ဌာနခွဲရုံးကို စာရေးခဲ့တယ်။ “သိပ်စိတ်ရှည်ပြီး နှိမ့်ချတဲ့ အဲဒီသက်သေခံနှစ်ယောက်ကို ကျွန်မရဲ့ ရိုင်းပျမှုအတွက် အနူးအညွှတ် တောင်းပန်ချင်ပါတယ်။ ကျမ်းစာအကြောင်း ဟောပြောတဲ့ သူတို့နှစ်ယောက်ကို မောင်းထုတ်မိတာ တော်တော်မိုက်တာပဲ” လို့ စာထဲမှာ ရေးထားတယ်။ ဟောပြောတဲ့အခါ နူးညံ့သိမ်မွေ့ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ သိနိုင်တယ်။ အမှုဆောင်လုပ်ငန်းက တခြားသူတွေကို ကူညီပေးတာမှန်ပေမဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ ကောင်းမွန်လာအောင်လည်း ကူညီပေးတယ်။

သားသမီးတွေကို ပုံသွင်းပေးတဲ့အခါ ဘုရားသခင်ကို နာခံပါ

၁၄။ သားသမီးတွေကို ပုံသွင်းပေးရာမှာ အောင်မြင်ချင်ရင် မိဘတွေ ဘာလုပ်ရမလဲ။

၁၄ ကလေးအများစုက နှိမ့်ချမှုရှိပြီး သင်ယူချင်စိတ် ရှိကြတယ်။ (မ. ၁၈:၁-၄) ဒါကြောင့် ကလေးတွေ ငယ်ငယ်ကတည်းက အမှန်တရားကိုသိပြီး ချစ်မြတ်နိုးလာအောင် မိဘတွေ ကူညီပေးတာ ပညာရှိရာကျတယ်။ (၂ တိ. ၃:၁၄၊ ၁၅) အဲဒီလိုကူညီပေးရာမှာ အောင်မြင်နိုင်ဖို့ဆိုရင် အရင်ဆုံး မိဘတွေကိုယ်တိုင် အမှန်တရားကို ချစ်မြတ်နိုးပြီး ဘဝမှာ လက်တွေ့ကျင့်သုံးရမယ်။ ဒါဆို သားသမီးတွေလည်း အမှန်တရားကို ချစ်မြတ်နိုးဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ အဲဒီအပြင် မိဘတွေဆုံးမတဲ့အခါ ချစ်လို့ဆုံးမတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။

၁၅၊ ၁၆။ သားသမီးတစ်ယောက် နှင်ထုတ်ခံရတဲ့အခါ ဘုရားသခင်ကို ယုံကြည်ကိုးစားကြောင်း မိဘတွေ ဘယ်လို တင်ပြသင့်သလဲ။

၁၅ အမှန်တရားကို မိဘတွေ သင်ပေးနေတဲ့ကြားမှာတောင် သားသမီးတချို့ ယေဟောဝါကို စွန့်သွားကြတယ် ဒါမှမဟုတ် နှင်ထုတ်ခံကြရတယ်။ အဲဒီအခါ မိသားစုတွေ တော်တော်စိတ်ထိခိုက်ကြတယ်။ တောင်အာဖရိကမှာနေထိုင်တဲ့ ညီအစ်မတစ်ယောက်က “ကျွန်မအစ်ကို နှင်ထုတ်ခံရတဲ့အခါ သူသေဆုံးသွားသလိုပဲ ရင်ကွဲမတတ် ခံစားရတယ်” လို့ ပြောတယ်။ သူနဲ့ မိဘတွေ ဘာလုပ်ခဲ့ကြသလဲ။ ကျမ်းစာလမ်းညွှန်ချက်တွေကို လိုက်နာခဲ့ကြတယ်။ (၁ ကောရိန္သု ၅:၁၁၊ ၁၃ ကိုဖတ်ပါ။) မိဘတွေ အခုလိုပြောတယ်– “ဘုရားသခင့်စကား နားထောင်ရင် အားလုံးအတွက် အကျိုးရှိမယ်ဆိုတာ ကျွန်တော်တို့သိတယ်။ နှင်ထုတ်ခြင်းဟာ ယေဟောဝါရဲ့ မေတ္တာပါဆုံးမမှုဖြစ်မှန်း နားလည်တယ်။ ဒါကြောင့် မိသားစုကိစ္စအတွက် မဖြစ်မနေ လိုအပ်ချိန်ကလွဲလို့ သူနဲ့ လုံးဝ အဆက်အသွယ် မလုပ်ဘူး။”

၁၆ သားဖြစ်သူ ဘယ်လို ခံစားခဲ့ရသလဲ။ နောက်ပိုင်းမှာ သူ အခုလိုပြောတယ်– “မိသားစုဝင်တွေ ကျွန်တော့်ကို မုန်းတာမဟုတ်ဘဲ ယေဟောဝါနဲ့ အဖွဲ့အစည်းကို နာခံနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ယေဟောဝါဆီ အကူအညီနဲ့ ခွင့်လွှတ်မှု မဖြစ်မနေ တောင်းရတဲ့အခါကျမှ ကိုယ်တော့်ကို ဘယ်လောက် လိုအပ်မှန်း ကျွန်တော် သိလာတယ်။” သူအသင်းတော်ထဲ ပြန်ရောက်လာတဲ့အခါ သူ့မိသားစု ဘယ်လောက်ပျော်ရွှင်မယ်ဆိုတာ စဥ်းစားကြည့်ပါ။ မှန်ပါတယ်၊ ယေဟောဝါကို အမြဲနာခံတဲ့အခါ ပျော်ရွှင်၊ အောင်မြင်ပါလိမ့်မယ်။—သု. ၃:၅၊ ၆; ၂၈:၂၆

၁၇။ ယေဟောဝါကို ဘာကြောင့် အမြဲနာခံသင့်သလဲ။ ဘာအကျိုးကျေးဇူး ရရှိမလဲ။

၁၇ ‘အို ယေဟောဝါ၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာ ဖြစ်ပါ၏’ လို့ နောင်တရတဲ့ ဂျူးသုံ့ပန်းတွေ ပြောကြလိမ့်မယ်ဆိုပြီး ပရောဖက် ဟေရှာယ ကြိုဟောခဲ့တယ်။ “ပြစ်မှားမိသောအပြစ်တို့ကို အစဥ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ရှိသမျှသည် ကိုယ်တော်၏လူဖြစ်ကြပါ၏” လို့လည်း သူတို့ တောင်းပန်ကြလိမ့်မယ်။ (ဟေရှာ. ၆၄:၈၊ ၉) ကျွန်တော်တို့လည်း နှိမ့်ချမှုရှိမယ်၊ ယေဟောဝါကို အမြဲနာခံမယ်ဆိုရင် ကိုယ်တော့်အတွက် ဒံယေလလိုပဲ တန်ဖိုးရှိသူတွေ ဖြစ်လာပါလိမ့်မယ်။ အနာဂတ်မှာ ဘုရားသခင်ရဲ့ စုံလင်တဲ့သားသမီးတွေ ဖြစ်လာနိုင်အောင် ကျမ်းစာ၊ စွမ်းအားတော်နဲ့ အဖွဲ့အစည်းကိုသုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပုံသွင်းပေးပါလိမ့်မယ်။—ရော. ၈:၂၁