မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ

အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ

‘အိုယေဟောဝါ၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။’—ဟေရှာ. ၆၄:၈

သီချင်း– ၈၉၊ ၂၆

၁။ ယေဟောဝါဟာ ဘာကြောင့် အကြီးမြတ်ဆုံး အိုးထိန်းရှင်ဖြစ်သလဲ။

၂၀၁၀၊ နိုဝင်ဘာလမှာ ၁၈ ရာစု ကြွေပန်းအိုးတစ်လုံးကို ဒေါ်လာ သန်း ၇၀ လောက်နဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ လေလံပစ်ခဲ့တယ်။ ပေါပေါလောလောရရှိနိုင်တဲ့ ရွှံ့ကို သိပ်လှပြီး ဈေးကြီးတဲ့ ကြွေပန်းအိုးအဖြစ် အိုးထိန်းသမား ပုံသွင်းနိုင်ခဲ့တာ အံ့သြစရာပဲ။ ဒါပေမဲ့ ဘယ်လူသား အိုးထိန်းသမားမှ ယေဟောဝါကို မယှဥ်နိုင်ဘူး။ ယေဟောဝါဟာ စုံလင်တဲ့လူကို “မြေမှုန့် [ရွှံ့မြေ]” နဲ့ ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၂:၇) မြေမှုန့်ကနေဖြစ်ပေါ်လာတဲ့ အဲဒီစုံလင်သူ အာဒံဟာ “ဘုရားသခင်၏သား” ဖြစ်ပြီး ဘုရားသခင့် အရည်အသွေးတွေကို တုပနိုင်စွမ်းရှိတယ်။—လု. ၃:၃၈

၂၊ ၃။ နောင်တရတဲ့ အစ္စရေးတွေရဲ့ သဘောထားကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။

အာဒံဟာ ဖန်ဆင်းရှင်ယေဟောဝါကို ပုန်ကန်ချိန်မှာ ဘုရားသခင့်သားဖြစ်ခွင့် ဆုံးၡုံးခဲ့တယ်။ ဒါပေမဲ့ အာဒံရဲ့ သားစဥ်မြေးဆက်များစွာကတော့ ရာစုနှစ်တွေတစ်လျှောက် ယေဟောဝါရဲ့ အချုပ်အခြာအာဏာကို ထောက်ခံခဲ့ကြတယ်။ (ဟေဗြဲ ၁၂:၁) ဖန်ဆင်းရှင်ကို နှိမ့်ချစွာ နာခံခြင်းအားဖြင့် စာတန်ကိုမဟုတ်ဘဲ ဘုရားသခင်ကို သူတို့ရဲ့ ဖခင်နဲ့ အိုးထိန်းရှင်ဖြစ်စေချင်မှန်း ဖော်ပြနေကြတယ်။ (ယော. ၈:၄၄) သူတို့ရဲ့ သစ္စာစောင့်သိမှုက နောင်တရတဲ့ အစ္စရေးတွေပြောခဲ့တဲ့ ဒီစကားတွေကို အမှတ်ရစေတယ်– ‘အိုယေဟောဝါ၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။’—ဟေရှာ. ၆၄:၈

ယေဟောဝါကို ဝတ်ပြုနေတဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း နှိမ့်ချဖို့၊ နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။ ယေဟောဝါကို အဖေလို့ ခေါ်ခွင့်ရတာကို အခွင့်ထူးအဖြစ် ယူမှတ်ပြီး သူတို့ရဲ့ အိုးထိန်းရှင် ဖြစ်စေချင်ကြတယ်။ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင့်လက်ထဲက ပျော့ပျောင်းတဲ့ရွှံ့မြေအဖြစ် သဘောထားသလား။ ဘုရားနှစ်သက်တဲ့ အိုးအဖြစ် ပုံသွင်းခံဖို့ လိုလိုလားလားရှိသလား။ ညီအစ်ကိုညီအစ်မယောက်တိုင်းကိုလည်း ဘုရားသခင် ပုံသွင်းပေးနေဆဲအိုးတွေအဖြစ် သဘောထားသလား။ ပုံသွင်းမယ့်သူတွေကို ယေဟောဝါ ဘယ်လို ရွေးချယ်သလဲ၊ ဘာကြောင့် ပုံသွင်းသလဲ၊ ဘယ်လို ပုံသွင်းသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အဲဒီမေးခွန်းတွေက သဘောထားမှန်ရှိအောင် ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။

ပုံသွင်းမယ့်သူတွေကို ယေဟောဝါ ရွေးချယ်

၄။ မိမိဆီ ဆွဲဆောင်မယ့်သူတွေကို ယေဟောဝါ ဘယ်လို ရွေးချယ်သလဲ။ ဥပမာပေးပါ။

ယေဟောဝါက လူတွေကို အပြင်ပန်းလောက်ပဲ မကြည့်ဘူး။ အဲဒီအစား လူတွေရဲ့စိတ်နှလုံးကို စစ်ဆေးတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇ ကိုဖတ်ပါ။) ခရစ်ယာန်အသင်းတော်ကို ယေဟောဝါ ဖွဲ့စည်းချိန်မှာ အဲဒီအချက် ပေါ်လွင်တယ်။ လူ့အမြင်မှာ နှစ်သက်စရာမကောင်းသူလို့ ထင်ရသူများစွာကို မိမိကိုယ်တိုင်နဲ့ သားတော်ဆီ ဘုရားသခင် ဆွဲဆောင်ခဲ့တယ်။ (ယော. ၆:၄၄) အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ ဖာရိရှဲ ရှောလုပဲ။ သူဟာ “ဘုရားကိုစော်ကားသူ၊ ညှဥ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသောသူ” ဖြစ်တယ်။ (၁ တိ. ၁:၁၃) ဒါပေမဲ့ ‘စိတ်နှလုံးကို စစ်’ တဲ့အရှင်ကတော့ ရှောလုကို အသုံးမဝင်တဲ့ ရွှံ့မြေအဖြစ် မယူဆဘူး။ (သု. ၁၇:၃) အဲဒီအစား နှစ်သက်စရာကောင်းသူ ဖြစ်လာအောင် ပုံသွင်းနိုင်တဲ့ရွှံ့မြေအဖြစ် ရှုမြင်တယ်။ ‘လူမျိုးခြားတွေ၊ ရှင်ဘုရင်တွေနဲ့ အစ္စရေးလူမျိုးကို’ သတင်းကောင်းဟောပြောဖို့ သူ့ကို ဘုရားရွေးကောက်ခဲ့တယ်။ (တ. ၉:၁၅) “အိုးမြတ်” အဖြစ် ပုံသွင်းဖို့ ဘုရားရွေးချယ်တဲ့ တခြားသူတွေထဲမှာ အရက်သမားတွေ၊ အကျင့်ပျက်သူတွေ၊ သူခိုးတွေ ပါဝင်တယ်။ (ရော. ၉:၂၁; ၁ ကော. ၆:၉-၁၁) ကျမ်းစာလေ့လာပြီး ယေဟောဝါအပေါ် ယုံကြည်ခြင်း ခိုင်မာလာတာနဲ့အမျှ ယေဟောဝါ ပုံသွင်းပေးတာကို သူတို့ လက်ခံကြတယ်။

၅၊ ၆။ (က) အိုးထိန်းရှင်အဖြစ် ယေဟောဝါကို ယုံကြည်စိတ်ချတယ်ဆိုရင် ရပ်ကွက်မှာရှိတဲ့ လူတွေကို ဘယ်လို သဘောထားသင့်သလဲ။ (ခ) အိုးထိန်းရှင်အဖြစ် ယေဟောဝါကို ယုံကြည်စိတ်ချတယ်ဆိုရင် ညီအစ်ကိုညီအစ်မတွေကို ဘယ်လို သဘောထားသင့်သလဲ။

သင့်တော်သူတွေကို ယေဟောဝါ ရွေးချယ်ပြီး ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ရပ်ကွက်မှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ တခြားသူတွေကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။ မိုက်ကယ်ရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ကျွန်တော့်အိမ်ကို ယေဟောဝါသက်သေတွေ ရောက်လာတော့ ဝုန်းခနဲ တံခါးပိတ်လိုက်တယ်။ ကျွန်တော် တော်တော်ရိုင်းခဲ့တယ်။ နောက်ပိုင်း မိသားစုတစ်စုနဲ့ ခင်မင်လာတယ်။ သူတို့ရဲ့ အမူအကျင့်ကောင်းကြောင့် သူတို့ကို လေးစားမိတယ်။ ဒါပေမဲ့ သူတို့ ယေဟောဝါသက်သေဖြစ်နေမှန်း သိလိုက်ရတဲ့နေ့မှာ တော်တော်အံ့သြမိတယ်။ သူတို့ရဲ့ အမူအကျင့်က ကျွန်တော့်ရဲ့တစ်ဖက်သတ်အစွဲကို ပြန်ဆန်းစစ်ဖို့ လှုံ့ဆော်ပေးတယ်။ အဲဒီအခါ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် သူတို့ကို အမြင်မကြည်ဖြစ်နေမှန်း သဘောပေါက်လာတယ်” လို့ သူပြောတယ်။ အဖြစ်မှန်ကိုသိနိုင်ဖို့ ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။ နောက်ပိုင်း၊ သူ နှစ်ခြင်းခံပြီး အချိန်ပြည့်အမှုဆောင် ဖြစ်လာတယ်။

ယေဟောဝါကို အိုးထိန်းရှင်အဖြစ် လက်ခံတဲ့အခါ ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားလည်း ပြောင်းလဲလာပါလိမ့်မယ်။ သူတို့ကို ယေဟောဝါ အချောမသတ်သေးဘဲ ပုံသွင်းနေဆဲဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်လာပါလိမ့်မယ်။ ယေဟောဝါလည်း အဲဒီလိုပဲ ရှုမြင်တယ်။ ဘုရားသခင်က သူတို့ရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်ပြီး ခဏတာရှိနေတဲ့ မစုံလင်မှုတွေကို အာရုံမစိုက်ဘူး။ ပုံသွင်းပေးတဲ့အခါ ဘယ်လိုလူစားမျိုး ဖြစ်လာနိုင်တယ်ဆိုတာလည်း သိတယ်။ (ဆာ. ၁၃၀:၃) ကျွန်တော်တို့လည်း ညီအစ်ကိုညီအစ်မတွေအပေါ် အပြုသဘောထားရှိခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။ သူတို့ တိုးတက်လာအောင် ကူညီပေးခြင်းအားဖြင့် အိုးထိန်းရှင် ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်နိုင်တယ်။ (၁ သက်. ၅:၁၄၊ ၁၅) ‘လူ့အသွင်ဆုတွေ’ ဖြစ်တဲ့ အကြီးအကဲတွေဟာ ဒီကိစ္စမှာ စံနမူနာကောင်း ပြသင့်တယ်။—ဧ. ၄:၈၊ ၁၁-၁၃

ယေဟောဝါ ဘာကြောင့် ပုံသွင်းသလဲ

၇။ ယေဟောဝါရဲ့ ဆုံးမမှုကို သင် ဘာကြောင့် လေးမြတ်သလဲ။

‘ကိုယ်တိုင် သားသမီးရလာတော့မှ မိဘတွေရဲ့ ဆုံးမမှုကို အပြည့်အဝ နားလည်လာတယ်’ လို့ လူတချို့ ပြောတတ်ကြတယ်။ ချစ်လို့ဆုံးမတယ်ဆိုတာ အသက်ကြီးတဲ့အခါ ပိုနားလည်လာတယ်။ (ဟေဗြဲ ၁၂:၅၊ ၆၊ ၁၁ ကိုဖတ်ပါ။) မှန်ပါတယ်၊ ယေဟောဝါဟာ မိမိသားသမီးတွေကို ချစ်တဲ့အတွက် စိတ်ရှည်ရှည် ဆုံးမ၊ ပုံသွင်းပေးတယ်။ ကျွန်တော်တို့ကို ပညာရှိစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ သူ့ကို ပြန်ချစ်စေချင်တယ်။ (သု. ၂၃:၁၅) ကျွန်တော်တို့ ဒုက္ခရောက်တာ၊ “အမျက်တော်ခံရမည့် သားသမီး” တွေအဖြစ် သေဆုံးတာကို ဘုရားသခင် မမြင်ချင်ဘူး။—ဧ. ၂:၂၊ ၃

၈၊ ၉။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သွန်သင်ပေးနေသလဲ။ အနာဂတ်မှာ ဘယ်လို ဆက်သွန်သင်ပေးမလဲ။

ယေဟောဝါကို မသိခင်တုန်းက ကျွန်တော်တို့မှာ အကျင့်ဆိုးတွေ ရှိနေနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို သွန်သင်ပေးခြင်းအားဖြင့် ယေဟောဝါ ပုံသွင်းပေးပြီး ပြောင်းလဲနိုင်အောင် ကူညီပေးလို့ အခုဆို အကျင့်ကောင်းတွေရှိလာပြီ။ (ဟေရှာ. ၁၁:၆-၈; ကော. ၃:၉၊ ၁၀) ပုံဆောင်ပရဒိသုမှာလည်း အသက်ရှင်နေရတယ်။ အဲဒါက ကျွန်တော်တို့ကို ပုံသွင်းပေးဖို့ ဒီနေ့ခေတ်မှာ ယေဟောဝါ ဖန်တီးထားတဲ့ အထူးဝန်းကျင်အနေအထား ဖြစ်တယ်။ ဒါကြောင့် ဆိုးသွမ်းတဲ့လောကမှာ နေထိုင်ရပေမဲ့ ကျွန်တော်တို့ ဘေးကင်းလုံခြုံနေတယ်။ မိသားစုမေတ္တာ မခံစားရဘဲ ကြီးပြင်းလာသူတချို့တောင် အခုဆို ညီအစ်ကိုညီအစ်မတွေရဲ့ မေတ္တာစစ်ကို ခံစားနေရတယ်။ (ယော. ၁၃:၃၅) တခြားသူတွေကိုလည်း ကျွန်တော်တို့ မေတ္တာပြတတ်လာတယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါဘုရားသခင်ကို သိရှိလာပြီး ဘုရားဆီက ဖခင်မေတ္တာကို ခံစားနေရတယ်။—ယာ. ၄:၈

ကမ္ဘာသစ်မှာ ပုံဆောင်ပရဒိသုရဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ အပြည့်အဝ ခံစားရပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်တဲ့ ပကတိပရဒိသုမှာလည်း အသက်ရှင်ကြရမယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ဆက်ပုံသွင်းပေးပြီး သွန်သင်ပေးပါလိမ့်မယ်။ ဘယ်လောက်အတိုင်းအတာနဲ့ သွန်သင်ပေးမယ်ဆိုတာ အခုအချိန်မှာ စဥ်းစားဖို့ ဉာဏ်မမီနိုင်ဘူး။ (ဟေရှာ. ၁၁:၉) ကိုယ်ရောစိတ်ပါ ပြည့်ဝစုံလင်လာအောင် ယေဟောဝါ ပြုလုပ်ပေးလိမ့်မယ်။ အဲဒီအခါ ဘုရားသခင့် ညွှန်ကြားချက်တွေကို နားလည်ဖို့၊ အပြည့်အဝနာခံဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါရဲ့ ပုံသွင်းမှုကို ဆက်ပြီးလက်ခံကြပါစို့။ ကျွန်တော်တို့ကို ပုံသွင်းခြင်းအားဖြင့် ယေဟောဝါ မေတ္တာပြနေတာကို တန်ဖိုးထားကြောင်း ဖော်ပြကြပါစို့။—သု. ၃:၁၁၊ ၁၂

ယေဟောဝါ ဘယ်လို ပုံသွင်းသလဲ

၁၀။ အကြီးမြတ်ဆုံးအိုးထိန်းရှင်ရဲ့ စိတ်ရှည်မှုနဲ့ ကျွမ်းကျင်မှုကို ယေရှု ဘယ်လိုတုပသလဲ။

၁၀ ကျွမ်းကျင်တဲ့ အိုးထိန်းသမားလိုပဲ ယေဟောဝါက ကျွန်တော်တို့အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ၊ မတတ်စွမ်းနိုင်တာတွေ၊ တိုးတက်မှုတွေကို သိတယ်။ အဲဒီအခြေအနေတွေနဲ့အညီ တစ်ယောက်စီကို ပုံသွင်းပေးတယ်။ (ဆာလံ ၁၀၃:၁၀-၁၄ ကိုဖတ်ပါ။) တမန်တော်တွေရဲ့ မစုံလင်မှုကို ယေရှုတုံ့ပြန်ပုံကနေ ယေဟောဝါရဲ့ ရှုမြင်ပုံကို သိရှိနိုင်တယ်။ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး တမန်တော်တွေ မကြာခဏငြင်းခုံကြတယ်။ သင်သာ အဲဒီမှာရှိနေရင် သူတို့ကို ဘယ်လိုရှုမြင်မလဲ။ နူးညံ့ပျော့ပျောင်းသူတွေအဖြစ် ရှုမြင်မလား။ ယေရှုကတော့ သူတို့ကို အပျက်သဘောနဲ့ မမြင်ခဲ့ဘူး။ သူတို့သာ သူ့ရဲ့ စိတ်ရှည်ကြင်နာတဲ့ ဆုံးမမှုကိုလက်ခံပြီး နှိမ့်ချမှုကို တုပမယ်ဆိုရင် ပုံသွင်းပေးလို့ရနိုင်တယ်ဆိုတာ ယေရှုသိတယ်။ (မာ. ၉:၃၃-၃၇; ၁၀:၃၇၊ ၄၁-၄၅; လု. ၂၂:၂၄-၂၇) ယေရှုထမြောက်ပြီးနောက် တမန်တော်တွေ သန့်ရှင်းသောစွမ်းအားတော်ရတဲ့အခါ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုတာ အာရုံမစိုက်တော့ဘူး။ ယေရှုပေးထားတဲ့အလုပ်ကိုပဲ အာရုံစိုက်ခဲ့တယ်။—တ. ၅:၄၂

၁၁။ ပျော့ပျောင်းတဲ့ ရွှံ့မြေလိုဖြစ်မှန်း ဒါဝိဒ် ဘယ်လို သက်သေပြခဲ့သလဲ။ သူ့ကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။

၁၁ ဒီနေ့ခေတ်မှာ ယေဟောဝါက ကျမ်းစာ၊ သန့်ရှင်းသောစွမ်းအားတော်နဲ့ အသင်းတော်ကိုသုံးပြီး ကျွန်တော်တို့ကို ပုံသွင်းပေးတယ်။ ကျမ်းစာဖတ်ပြီး တွေးတောဆင်ခြင်မယ်၊ သိရှိလာတာကို လက်တွေ့ကျင့်သုံးနိုင်အောင် ယေဟောဝါဆီ အကူအညီတောင်းမယ်ဆိုရင် ကျမ်းစာက ကျွန်တော်တို့ကို ပုံသွင်းပေးနိုင်ပါလိမ့်မယ်။ “အိပ်ရာပေါ်မှာ ကိုယ်တော်ကိုအောက်မေ့၍ ညယံတို့၌ ကိုယ်တော်ကိုဆင်ခြင်လျက်နေ” တယ်လို့ ဘုရင်ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၆၃:၅) ‘အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေးတယ်’ လို့လည်း ရေးခဲ့တယ်။ (ဆာ. ၁၆:၇ကဘ) ပြင်းထန်တဲ့ဆုံးမမှုဖြစ်ရင်တောင် အဲဒါကို ဒါဝိဒ် တွေးတောဆင်ခြင်ပြီး သူ့ရဲ့အနက်ရှိုင်းဆုံး အတွေးနဲ့ ခံစားချက်တွေကို ပုံသွင်းပေးဖို့ ခွင့်ပြုခဲ့တယ်။ (၂ ရာ. ၁၂:၁-၁၃) နှိမ့်ချမှုနဲ့ နာခံမှုတင်ပြရာမှာ ဒါဝိဒ်ဟာ စံနမူနာကောင်းပဲ။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် အခုလို မေးသင့်တယ်– ‘ကျမ်းစာဖတ်တဲ့အခါ ငါ တွေးတောဆင်ခြင်သလား။ ငါ့ရဲ့ အနက်ရှိုင်းဆုံး အတွေးနဲ့ ခံစားချက်တွေကို ပုံသွင်းပေးဖို့ ဘုရားသခင်ရဲ့ ဆုံးမမှုကို ခွင့်ပြုသလား။ ဒီကိစ္စမှာ ငါ ပိုတိုးတက်နိုင်ဦးမလား။’—ဆာ. ၁:၂၊ ၃

၁၂၊ ၁၃။ သန့်ရှင်းသောစွမ်းအားတော်နဲ့ အသင်းတော်ကိုသုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ပုံသွင်းသလဲ။

၁၂ သန့်ရှင်းသောစွမ်းအားတော်က ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ပုံသွင်းပေးနိုင်တယ်။ ဥပမာ၊ ယေရှုရဲ့ အရည်အသွေးတွေ မွေးမြူနိုင်အောင် ကူညီပေးတယ်။ အဲဒီထဲမှာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ပါဝင်တယ်။ (ဂလ. ၅:၂၂၊ ၂၃) အဲဒီအရည်အသွေးတွေထဲက တစ်ခုကတော့ ချစ်ခြင်းမေတ္တာပဲ။ ဘုရားသခင်ကို ကျွန်တော်တို့ချစ်တဲ့အတွက် ပညတ်တွေကို ဝန်ထုပ်ဝန်ပိုးအဖြစ် မယူမှတ်ဘဲ နာခံချင်ကြတယ်၊ ကိုယ်တော့်ပုံသွင်းမှုကိုလည်း ခံယူချင်ကြတယ်။ သန့်ရှင်းသောစွမ်းအားတော်က ဆိုးညစ်တဲ့ဒီလောကရဲ့ ပုံသွင်းမှုကို တွန်းလှန်နိုင်အောင်လည်း ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ (ဧ. ၂:၂) မာနထောင်လွှားတဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေက တမန်တော်ပေါလုကို ငယ်ငယ်ကတည်းက တော်တော်သြဇာလွှမ်းမိုးခဲ့တယ်။ ဒါပေမဲ့ စွမ်းအားတော်အကူအညီနဲ့ ပြောင်းလဲနိုင်ခဲ့လို့ “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” လို့ နောက်ပိုင်းမှာ သူ ရေးနိုင်ခဲ့တယ်။ (ဖိ. ၄:၁၃) ကျွန်တော်တို့လည်း ပေါလုလိုပဲ သန့်ရှင်းသောစွမ်းအားတော်ရဖို့ ဆက်တောင်းခံကြပါစို့။ စိတ်ရင်းမှန်နဲ့တောင်းတဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးပါလိမ့်မယ်။—ဆာ. ၁၀:၁၇

ကျွန်တော်တို့ကို ပုံသွင်းပေးဖို့ ခရစ်ယာန်အကြီးအကဲတွေကို ယေဟောဝါ အသုံးပြုပေမဲ့ ကျွန်တော်တို့ဘက်က ကိုယ့်အပိုင်းကို လုပ်ဆောင်ရမယ် (အပိုဒ် ၁၂၊ ၁၃ ကိုကြည့်ပါ)

၁၃ ယေဟောဝါက ကျွန်တော်တို့တစ်ဦးစီကို ပုံသွင်းပေးဖို့ အသင်းတော်နဲ့ အကြီးအကဲတွေကိုလည်း အသုံးပြုတယ်။ ဥပမာ၊ ကျွန်တော်တို့မှာ အားနည်းချက်တစ်ခုရှိနေတာကို အကြီးအကဲတွေ သတိထားမိတဲ့အခါ ကူညီပေးကြတယ်။ ဒါပေမဲ့ အကြံဉာဏ်ပေးတဲ့အခါ ကိုယ်ပိုင်အတွေးအခေါ်ကို အားမကိုးကြဘူး။ (ဂလ. ၆:၁) အဲဒီအစား ထိုးထွင်းသိမြင်မှုနဲ့ ဉာဏ်ပညာပေးဖို့ ယေဟောဝါဆီ နှိမ့်ချစွာ ဆုတောင်းကြတယ်။ ပြီးနောက် ကျွန်တော်တို့ကို ကူညီပေးနိုင်မယ့် အချက်အလက်တွေ ရရှိနိုင်ဖို့ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ်စာပေတွေမှာ ရှာဖွေလေ့လာကြတယ်။ ဒါကြောင့် အကြီးအကဲတွေက သင့်ရဲ့ အဝတ်အစားပုံစံ စတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေတ္တာပါပါ၊ ကြင်ကြင်နာနာ အကြံဉာဏ်ပေးတဲ့အခါ သင့်ကို ဘုရားသခင် မေတ္တာပြနေတယ်လို့ ရှုမြင်မလား။ အဲဒီလိုရှုမြင်မယ်ဆိုရင် သင်ဟာ ယေဟောဝါ ပုံသွင်းပေးနိုင်တဲ့ ပျော့ပျောင်းတဲ့ရွှံ့မြေဖြစ်ကြောင်း သက်သေပြရာရောက်ပြီး အကျိုးခံစားရပါလိမ့်မယ်။

၁၄။ ရွှံ့မြေဖြစ်တဲ့ ကျွန်တော်တို့ကို ယေဟောဝါ စိတ်ကြိုက်လုပ်နိုင်ပေမဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို လေးစားမှန်း ဘယ်လို ဖော်ပြသလဲ။

၁၄ ယေဟောဝါ ဘယ်လို ပုံသွင်းပေးတယ်ဆိုတာ နားလည်ခြင်းက ညီအစ်ကိုညီအစ်မတွေနဲ့ ဆက်ဆံရေးကောင်းရှိအောင် ကူညီပေးနိုင်တယ်။ အဲဒီအပြင် ကျမ်းစာသင်သားတွေအပါအဝင် ရပ်ကွက်မှာရှိတဲ့ လူတွေအပေါ် အပြုသဘောထားရှိနေအောင်လည်း ကူညီပေးပါလိမ့်မယ်။ အိုးထိန်းသမားတစ်ယောက်ဟာ မြေကိုတူးဆွပြီး ချက်ချင်း ပုံသွင်းတာ မဟုတ်ဘူး။ ပုံမသွင်းခင် ကျောက်ခဲနဲ့ အမှိုက်တွေကို ဖယ်ရှားခြင်းအားဖြင့် မြေကို သန့်စင်တယ်။ အကြီးမြတ်ဆုံးအိုးထိန်းရှင် ယေဟောဝါလည်း ပုံသွင်းမှုခံယူချင်သူတွေကို ကူညီပေးတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာကို လေးစားတဲ့အတွက် ပြောင်းလဲဖို့ အတင်းမတိုက်တွန်းဘူး။ အဲဒီအစား မိမိရဲ့ ဖြောင့်မတ်တဲ့စံနှုန်းတွေကို ဖော်ပြပေးတယ်။ အဲဒီနောက် လိုအပ်သလို ပြောင်းလဲမလားဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ်။

၁၅၊ ၁၆။ ယေဟောဝါရဲ့ ပုံသွင်းမှု ခံယူချင်မှန်း ကျမ်းစာသင်သားတွေ ဘယ်လို တင်ပြကြသလဲ။ ဥပမာပေးပါ။

၁၅ သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ ညီအစ်မတယ်စီအကြောင်း သုံးသပ်ကြည့်ပါ။ သူ့ကို ကျမ်းစာသင်ပေးတဲ့ ညီအစ်မ အခုလို ပြောတယ်– “ကျမ်းစာအမှန်တရားအကြောင်း သင်ယူဖို့ သူ့အတွက် သိပ်လွယ်တယ်။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်လာတာမျိုး မရှိဘူး။ အစည်းအဝေးတွေတောင် လာမတက်ဘူး။ ဒါကြောင့် သေချာဆုတောင်းစဥ်းစားပြီးနောက် သင်အံမှုရပ်လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက နောက်ဆုံးအခေါက်ပဲဆိုပြီး သွားတဲ့အကြိမ်မှာ ကျွန်မကို သူ ရင်ဖွင့်လာတယ်။ သူ့မှာ လောင်းကစားအကျင့် စွဲနေလို့ အယောင်ဆောင်အဖြစ် ခံစားနေရတဲ့အကြောင်း ပြောပြတယ်။ အဲဒီအကျင့်ကို ဖြတ်ပစ်ဖို့ အခု သူ ဆုံးဖြတ်ထားတယ်။”

၁၆ မကြာခင်မှာပဲ တယ်စီဟာ အစည်းအဝေးတွေ စတက်လာပြီး အပေါင်းအသင်းတွေ လှောင်ပြောင်တဲ့ကြားက ခရစ်ယာန်အရည်အသွေးတွေ တင်ပြလာတယ်။ အချိန်တန်တဲ့အခါ နှစ်ခြင်းခံလိုက်တယ်။ သားသမီးငယ်တွေရှိတာတောင် မှန်မှန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကျမ်းစာသင်သားတွေဟာ ဘုရားသခင့်နှစ်သက်မှုရဖို့ ပြုပြင်ပြောင်းလဲမယ်ဆိုရင် သူတို့ဆီ ဘုရားသခင် ချဥ်းကပ်ပြီး အသုံးဝင်တဲ့အိုးတွေဖြစ်လာအောင် ပုံသွင်းပေးမယ်ဆိုတာ သေချာပါတယ်။

၁၇။ (က) အိုးထိန်းရှင်အဖြစ် ယေဟောဝါကို ရရှိထားတာနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင် သဘောကျသလဲ။ (ခ) ပုံသွင်းခြင်းနဲ့ပတ်သက်တဲ့ ဘယ်ကဏ္ဍတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးမလဲ။

၁၇ ဒီနေ့ခေတ် အိုးထိန်းသမားတွေဟာ လက်အားကို သုံးပြီး ရွှံ့မြေကို လှပတဲ့အိုးတွေအဖြစ် ပုံသွင်းနေဆဲပဲ။ အဲဒီလိုပဲ ယေဟောဝါလည်း သူ့ရဲ့ အကြံဉာဏ်တွေအားဖြင့် ကျွန်တော်တို့ကို စိတ်ရှည်ရှည်၊ အနီးကပ် ပုံသွင်းပေးပြီး တုံ့ပြန်ပုံကို ကြည့်တယ်။ (ဆာလံ ၃၂:၈ ကိုဖတ်ပါ။) သင့်ကို ယေဟောဝါ ဂရုစိုက်နေတာ သိသလား။ သင့်ကို ယေဟောဝါ ဂရုတစိုက် ပုံသွင်းပေးနေတာကို တွေ့သလား။ ဒါဆို ယေဟောဝါ ပုံသွင်းပေးနိုင်တဲ့ ပျော့ပျောင်းတဲ့ရွှံ့မြေလို ဆက်ဖြစ်နိုင်အောင် ဘယ်အရည်အသွေးတွေက ကူညီပေးမလဲ။ ပုံသွင်းလို့မရတဲ့ မာကျောတဲ့ရွှံ့မြေ မဖြစ်အောင် ဘယ်အကျင့်တွေကို ရှောင်ရမလဲ။ သားသမီးတွေကို ပုံသွင်းရာမှာ ယေဟောဝါနဲ့အတူ မိဘတွေ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်သလဲ။ နောက်ဆောင်းပါးမှာ အဲဒီမေးခွန်းတွေကို ဆွေးနွေးပါမယ်။