မိဘတို့၊ သားသမီးတွေရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးပါ
‘လူပျိုနှင့် အပျိုများ၊ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြစေ။’ —ဆာ. ၁၄၈:၁၂၊ ၁၃။
၁၊ ၂။ (က) ယေဟောဝါကို ယုံကြည်လာအောင် သားသမီးတွေကို သွန်သင်ပေးရတာ မိဘတွေအတွက် ဘာကြောင့် မလွယ်သလဲ။ ဘာအကူအညီနဲ့ပဲ ဒီတာဝန်ကို ထမ်းဆောင်နိုင်သလဲ။ (ခ) ဘယ်အချက်လေးချက်ကို ဆွေးနွေးကြမလဲ။
ပြင်သစ်နိုင်ငံက မိဘနှစ်ပါး အခုလို ပြောတယ်– “ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်လို့ သားသမီးတွေလည်း ယုံကြည်မယ်လို့ ပြောလို့မရဘူး။ ယုံကြည်ခြင်းဆိုတာ အမွေပေးလို့ရတဲ့အရာ မဟုတ်ဘူး။ သားသမီးတွေကိုယ်တိုင် တဖြည်းဖြည်း ရယူရမယ်။” ဩစတြေးလျ ညီအစ်ကိုတစ်ယောက်လည်း ဒီလိုပြောတယ်– “ကလေးရဲ့ နှလုံးထဲမှာ ယုံကြည်ခြင်း တည်ဆောက်ပေးရတာဟာ အခက်ခဲဆုံးအလုပ် ဖြစ်နိုင်တယ်။ မေးခွန်းတစ်ခုကို သူတို့စိတ်ကျေနပ်အောင် အဖြေပေးလိုက်ပြီလို့ ထင်ပေမဲ့ နောက်ပိုင်းမှာ အဲဒီမေးခွန်းကိုပဲ ထပ်မေးတတ်ကြတယ်။ ဒီနေ့ ပေးလိုက်တဲ့အဖြေကို ဒီနေ့ ကျေနပ်ပေမဲ့ နောက်တစ်နေ့ ကျေနပ်ချင်မှ ကျေနပ်မယ်။ အကြောင်းအရာတချို့ကို ထပ်ခါတလဲ ပြန်ပြောပြဖို့ လိုအပ်နိုင်တယ်။”
၂ သင်ဟာ မိဘတစ်ယောက်ဆိုရင် သားသမီးတွေ ယုံကြည်ခြင်း ရှိလာအောင် သင်ကြားပေးဖို့ အရည်အချင်း မပြည့်မီဘူးလို့ တစ်ခါတလေ ခံစားရသလား။ ဘယ်သူမှ ကိုယ့်အစွမ်းအစနဲ့ကိုယ် မတတ်နိုင်ဘူး။ (ယေ. ၁၀:၂၃) ဒါကြောင့် ယေဟောဝါရဲ့ လမ်းညွှန်မှုကို အားကိုးဖို့ လိုအပ်တယ်။ သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ (၁) သူတို့အကြောင်း ကောင်းကောင်း သိပါ။ (၂) စိတ်နှစ်ပြီး သင်ပေးပါ။ (၃) ထိရောက်တဲ့ ပုံဥပမာတွေ သုံးပါ။ (၄) ဆုတောင်းပါ၊ စိတ်ရှည်ပါ။
သားသမီးတွေအကြောင်း ကောင်းကောင်း သိပါ
၃။ ယေရှုရဲ့ သွန်သင်နည်းကို မိဘတွေ ဘယ်လို တုပနိုင်သလဲ။
၃ ယေရှုက တပည့်တွေ ယုံကြည်တဲ့အရာကို မေးမြန်းလေ့ရှိတယ်။ (မ. ၁၆:၁၃-၁၅) ယေရှုရဲ့ ပုံသက်သေကို တုပပါ။ သားသမီးတွေနဲ့ စကားပြောတဲ့အချိန်၊ တစ်ခုခု လုပ်တဲ့အချိန်မှာ သူတို့ရဲ့ ထင်မြင်ချက်ကို မေးပြီး ခံစားချက်ကို ပြောပြစေပါ။ သံသယတွေ ရှိနေသလား။ ဩစတြေးလျနိုင်ငံက ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “အဖေက ကျွန်တော့်ယုံကြည်ချက်အကြောင်း ဆွေးနွေးပြီး ကျိုးကြောင်းဆင်ခြင်တတ်အောင် ကူညီပေးတယ်။ ‘ကျမ်းစာမှာ ဘာပြောထားသလဲ။ ကျမ်းစာမှာ ပြောထားတာကို ယုံသလား။ ဘာကြောင့် ယုံတာလဲ’ ဆိုပြီး မေးတတ်တယ်။ ကိုယ့်စကားနဲ့ ပြန်ပြောစေချင်တယ်။ အဖေအမေ ပြောတဲ့အတိုင်း လိုက်ပြောတာမျိုး မဖြစ်စေချင်ဘူး။ အသက်ပိုကြီးလာတာနဲ့အမျှ ပိုပြီးတော့ ဖြေတတ်လာတယ်။”
၄။ သားသမီးတွေကို စိတ်ရှည်ဖို့၊ မေးခွန်းတွေကို ဖြေပေးဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဥပမာပေးပါ။
၄ ကျမ်းစာသွန်သင်ချက်တစ်ခုကို သားသမီးတွေ ချက်ချင်း မယုံကြည်တဲ့အခါ စိတ်ရှည်ပါ။ မေးခွန်းတွေအတွက် အဖြေရအောင် ကူညီပေးပါ။ ဖခင်တစ်ယောက် ဒီလိုပြောတယ်– “ကလေးရဲ့ မေးခွန်းကို အလေးအနက် ထားပါ။ အရေးမပါသလို မထားလိုက်နဲ့။ ကိုယ်မဖြေချင်တာနဲ့ပဲ အကြောင်းအရာတစ်ခုကို မရှောင်လွှဲပါနဲ့။” တကယ်တော့ ကလေးတွေ မေးခွန်းမေးတာ ကောင်းတယ်။ အဲဒါကို သူတို့နားလည်ချင်တယ်ဆိုတဲ့ သဘောပဲ။ ယေရှုလည်း ငယ်ငယ်တုန်းက မေးခွန်းတွေ မေးခဲ့တယ်။ (လုကာ ၂:၄၆ ကိုဖတ်ပါ။) ဒိန်းမတ်နိုင်ငံက လူငယ်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော်တို့ရဲ့ ဘာသာက စစ်မှန်တဲ့ဘာသာမှ ဟုတ်ရဲ့လားလို့ ပြောတဲ့အခါ မိဘတွေ စိုးရိမ်သွားမှာပဲ။ ဒါပေမဲ့ တည်တည်ငြိမ်ငြိမ်ပဲ။ ကျွန်တော့်မေးခွန်းအားလုံးကို ကျမ်းစာသုံးပြီး အဖြေပေးကြတယ်။”
၅။ သားသမီးတွေ ယေဟောဝါကို ယုံကြည်နေတယ်လို့ ထင်ရရင်တောင် မိဘတွေ ဘာလုပ်သင့်သလဲ။
၅ သားသမီးတွေအကြောင်း ကောင်းကောင်း သိပါ။ သူတို့ အစည်းအဝေး တက်ရုံ၊ အမှုဆောင် ထွက်ရုံနဲ့ ယေဟောဝါကို ယုံကြည်နေသားပဲလို့ မတွေးလိုက်ပါနဲ့။ ယေဟောဝါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို ခံစားရသလဲ။ ကျမ်းစာကို ဘယ်လို ထင်ကြသလဲ။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ အခက်တွေ့စေတဲ့အရာတွေကို သိအောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ နေ့တိုင်း တွဲလုပ်တဲ့အခါ ဘုရားသခင်အကြောင်း ပြောဆိုပါ။ သူတို့နဲ့အတူ ရှိနေချိန်မှာရော၊ သီးသန့်အချိန်မှာပါ သူတို့အတွက် ဆုတောင်းပေးပါ။
စိတ်နှစ်ပြီး သင်ပေးပါ
၆။ ယေဟောဝါနဲ့ ကျမ်းစာအကြောင်း မိဘတွေ ဆက်လေ့လာတာက သားသမီးတွေကို သွန်သင်ပေးရာမှာ ဘယ်လို အထောက်အကူ ပြုသလဲ။
၆ ယေရှုဟာ ယေဟောဝါနဲ့ လူတွေကို ချစ်ပြီး ကျမ်းစာကို ကောင်းကောင်း သိတဲ့အတွက် သူပြောတာကို လူတွေ နားထောင်ချင်ကြတယ်။ (လု. ၂၄:၃၂။ ယော. ၇:၄၆) အဲဒီလိုပဲ ယေဟောဝါကို သင်ချစ်မှန်း သားသမီးတွေ သိလာတဲ့အခါ သူတို့လည်း ချစ်တတ်လာပါလိမ့်မယ်။ (တရားဟောရာ ၆:၅–၈ နဲ့ လုကာ ၆:၄၅ တို့ကိုဖတ်ပါ။) ဒါကြောင့် ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေတွေကို မှန်မှန် လေ့လာပါ။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေအကြောင်း ပိုသိအောင် လုပ်ပါ။ (မ. ၆:၂၆၊ ၂၈) ယေဟောဝါအကြောင်း ပိုသိလာတာနဲ့အမျှ ကိုယ်တော့်အကြောင်း သားသမီးတွေကို ပိုသင်ပေးနိုင်ပါလိမ့်မယ်။—လု. ၆:၄၀။
၇၊ ၈။ ယေဟောဝါအကြောင်း တစ်ခုခု သိလာတိုင်း သင်ဘာလုပ်နိုင်သလဲ။ ဒီအချက်နဲ့ပတ်သက်ပြီး မိဘတချို့ ဘာလုပ်ခဲ့ကြသလဲ။
၇ သင့်စိတ်နှလုံးထဲမှာ ကျမ်းစာအမှန်တရားတွေ ပြည့်နေမယ်ဆိုရင် မိသားစုနဲ့ ပြောဆိုချင်ပါလိမ့်မယ်။ အစည်းအဝေးအတွက် ပြင်ဆင်ချိန်၊ မိသားစုဝတ်ပြုမှု ပြုလုပ်ချိန်မှာသာ မဟုတ်ဘဲ အချိန်မရွေး ပြောဆိုပါ။ အမေရိကန်နိုင်ငံက မိဘနှစ်ပါး အဲဒီလို လုပ်ခဲ့တယ်။ လှပတဲ့ဖန်ဆင်းခြင်းလက်ရာတစ်ခုခု တွေ့တဲ့အခါဖြစ်စေ၊ အရသာရှိတဲ့ အစားအစာ စားရတဲ့အခါဖြစ်စေ ယေဟောဝါအကြောင်း
သားသမီးတွေနဲ့ ပြောဆိုကြတယ်။ “ဖန်ဆင်းခြင်းလက်ရာအားလုံးမှာပါတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ ကျွန်တော်တို့အတွက် ကြိုတင်စဉ်းစားပေးထားတာတွေအကြောင်း သားသမီးတွေကို သတိပေးပြောပြလေ့ရှိတယ်” လို့ သူတို့ပြောတယ်။ တောင်အာဖရိကမှာ နေထိုင်တဲ့ ဇနီးမောင်နှံလည်း ပန်းခြံထဲမှာ သမီးနှစ်ယောက်နဲ့အတူ အလုပ်လုပ်တဲ့အခါ ဖန်ဆင်းရှင်အကြောင်း ပြောလေ့ရှိတယ်။ မျိုးစေ့ကနေ အပင်ပေါက်လာတာ ဘယ်လောက် ဆန်းကြယ်တဲ့အကြောင်း ပြောလေ့ရှိတယ်။ “အသက်နဲ့ အသက်ရဲ့ ရှုပ်ထွေးဆန်းကြယ်မှုကို သမီးတွေ လေးမြတ်တတ်ဖို့ သင်ပေးတယ်။”၈ သားရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင်၊ ယေဟောဝါ ဖန်ဆင်းရှင်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ သိမြင်လာအောင် ဩစတြေးလျက ဖခင်တစ်ယောက်က ဆယ်နှစ်အရွယ်သားကို ပြတိုက်တစ်ခုဆီ ခေါ်သွားတယ်။ သူ ဒီလိုပြောတယ်– “အဲဒီမှာ ရှေးခေတ် ပင်လယ်သတ္တဝါတွေ ပြထားတယ်။ အခုခေတ် ရှိနေတဲ့ သတ္တဝါတွေလိုပဲ မျိုးသုဉ်းသွားတဲ့ ဒီသတ္တဝါတွေရဲ့ လှပဆန်းကြယ်မှု၊ ပြီးပြည့်စုံမှုကို အံ့သြခဲ့ရတယ်။ အသက်ဟာ ရိုးရှင်းတဲ့အရာကနေ ရှုပ်ထွေးတဲ့အရာအဖြစ် ဆင့်ကဲပြောင်းလဲလာတယ်ဆိုရင် ဒီရှေးဟောင်းသတ္တဝါတွေဟာ ဘာကြောင့် ရှုပ်ထွေးဆန်းကြယ်ရတာလဲ။ ဒီအချက်ကို ကျွန်တော် သိပ်သဘောကျသွားပြီး သားကိုလည်း ရှင်းပြခဲ့တယ်။”
ထိရောက်တဲ့ ပုံဥပမာတွေ သုံးပါ
၉။ ပုံဥပမာတွေဟာ ဘာကြောင့် ထိရောက်သလဲ။ မိခင်တစ်ယောက် ဘာပုံဥပမာ သုံးခဲ့သလဲ။
၉ ပုံဥပမာတွေကို ယေရှု သုံးလေ့ရှိတယ်။ ဇာတ်လမ်းတစ်ပုဒ်၊ ဥပမာတစ်ခု ပြောပြပြီး အရေးကြီးတဲ့ သင်ခန်းစာတွေ သင်ပေးလေ့ရှိတယ်။ (မ. ၁၃:၃၄၊ ၃၅) ဥပမာတွေ သုံးတဲ့အခါ သင့်သားသမီးတွေ မြင်ယောင်လာအောင် ပြောပြပါ။ ဒါက သင်ပေးချင်တဲ့အကြောင်းကို စဉ်းစားတတ်အောင်၊ ရှင်းရှင်းလင်းလင်း နားလည်အောင်၊ မှတ်မိနေအောင် ကူညီပေးပါလိမ့်မယ်။ အဲဒီလို သင်ယူရတာကိုလည်း သူတို့ ကြိုက်နှစ်သက်ပါလိမ့်မယ်။ ဥပမာ၊ ဂျပန်နိုင်ငံက မိခင်တစ်ယောက်က ကမ္ဘာ့လေထုကို ယေဟောဝါ ပြုလုပ်ထားပုံက ကျွန်တော်တို့ကို ဘယ်လောက် ဂရုစိုက်မှန်းပြတယ်ဆိုတာ သားနှစ်ယောက်ကို သင်ပေးချင်တယ်။ သားတစ်ယောက်က ရှစ်နှစ်၊ တစ်ယောက်က ဆယ်နှစ်။ ဒါကြောင့် သူတို့နားလည်နိုင်မယ့် ဥပမာတစ်ခု အသုံးပြုခဲ့တယ်။ သားတွေကို နွားနို့၊ သကြား၊ ကော်ဖီမှုန့် ပေးပြီး ကော်ဖီတစ်ခွက်စီ ဖျော်လာဖို့ ပြောလိုက်တယ်။ “ကျွန်မ ကြိုက်တဲ့အရသာဖြစ်အောင် ဂရုတစိုက် ဖျော်ပေးကြတယ်။ ယေဟောဝါလည်း ကျွန်မတို့အတွက် အနေတော်ဖြစ်အောင် ကမ္ဘာ့လေထုမှာပါဝင်တဲ့ ဓာတ်ငွေ့တွေကို ပေါင်းစပ်ထားတယ်လို့ ရှင်းပြလိုက်တယ်” ဆိုပြီး သူပြောတယ်။ သားတွေ အဲဒီလို သင်ယူရတာကို နှစ်သက်ပြီး သင်ခန်းစာကို ဘယ်တော့မှ မမေ့တော့ဘူး။
၁၀၊ ၁၁။ (က) ဖန်ဆင်းရှင်တစ်ပါး ရှိကြောင်း သားသမီးတွေကို သင်ပေးဖို့ ဘယ်ဥပမာကို အသုံးပြုနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ဘယ်ဥပမာတွေကို သင် အသုံးပြုခဲ့သလဲ။
၁၀ ဖန်ဆင်းရှင်တစ်ပါး ရှိကြောင်း သားသမီးတွေကို သင်ပေးဖို့ ဘယ်ဥပမာ အသုံးပြုနိုင်သလဲ။ ပါဝင်ပစ္စည်းစာရင်းကို ကြည့်ပြီး သားသမီးတွေနဲ့အတူ မုန့်ဖုတ်နိုင်တယ်။ စာရင်းအတိုင်း အတိအကျ ထည့်ဖို့ ဘာကြောင့် အရေးကြီးမှန်း ရှင်းပြပါ။ အဲဒီနောက် သင့်ကလေးကို ပန်းသီးဖြစ်ဖြစ်၊ တခြားအသီးဖြစ်ဖြစ် ပေးပြီး “ဒီအသီးရဲ့ ပါဝင်ပစ္စည်းစာရင်းကို သိသလား” လို့မေးပါ။ အဲဒီနောက် အသီးကို နှစ်ခြမ်းခွဲပြီး အစေ့တစ်စေ့ ပေးလိုက်ပါ။ အဲဒီ
အစေ့ဟာ ပါဝင်ပစ္စည်းစာရင်းနဲ့ တူတယ်လို့ ရှင်းပြပါ။ အဲဒီထဲမှာ အသီးတစ်လုံး ဖြစ်လာဖို့ လိုအပ်တဲ့ ဗီဇအချက်အလက်တွေ ပါတယ်။ အဲဒါက မုန့်ဖုတ်တာထက် ရှုပ်ထွေးဆန်းကြယ်တယ်။ “မုန့်ဖုတ်ဖို့ ပါဝင်ပစ္စည်းစာရင်းကို တစ်ယောက်ယောက် ရေးခဲ့တယ်။ ဒါဆိုရင် အသီးအတွက် ဘယ်သူ ရေးခဲ့သလဲ” လို့မေးနိုင်တယ်။ ပိုကြီးတဲ့ကလေးဆိုရင် အပင်တစ်ပင် ဖြစ်လာဖို့ လိုအပ်တဲ့ အချက်အလက်တွေကို အစေ့ထဲမှာပါတဲ့ ဆဲလ်တွေထဲမှာ တွေ့ရတယ်လို့ ပြောနိုင်တယ်။ သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သော မေးခွန်းငါးခု အင်္ဂလိပ် ဘရိုရှာ၊ စာမျက်နှာ ၁၀ ကနေ ၂၀ မှာပါတဲ့ ရုပ်ပုံတွေနဲ့ ဥပမာတွေကို ရှင်းပြနိုင်တယ်။၁၁ မိဘများစွာက “ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆိုတဲ့ နိုးလော့! ဆောင်းပါးတွဲတွေကို ဖတ်ပြကြတယ်။ ကလေးတွေ အသက်ငယ်သေးရင် ရိုးရိုးလေး ရှင်းပြနိုင်တယ်။ ဥပမာ၊ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ ဇနီးမောင်နှံက လေယာဉ်ပျံကို ငှက်တွေနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ “လေယာဉ်ပျံတွေဟာ ငှက်တွေနဲ့ တူတယ်။ ဒါပေမဲ့ ဥမဥနိုင်ဘူး။ လေယာဉ်ပျံ သေးသေးလေးတွေ ပေါက်လာအောင် မဝပ်နိုင်ဘူး။ ငှက်တွေ မြေပေါ်ဆင်းဖို့ အထူးလမ်းကြောင်း မလိုအပ်ဘူး။ လေယာဉ်ပျံသံနဲ့ ငှက်တွေရဲ့ သီချင်းဆိုသံကို နှိုင်းယှဉ်ကြည့်ပါဦး။ လေယာဉ်ပျံကို ပြုလုပ်သူနဲ့ ငှက်တွေကို ဖန်ဆင်းသူ ဘယ်သူ ပိုပညာရှိသလဲ” လို့ သူတို့ ပြောခဲ့တယ်။ သင်လည်း သားသမီးတွေနဲ့ ကျိုးကြောင်းဆင်ခြင်ပြီး မေးခွန်းတွေ မေးတဲ့အခါ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုဖို့၊ ယေဟောဝါအပေါ် သူတို့ရဲ့ ယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့ ကူညီပေးရာရောက်တယ်။—သု. ၂:၁၀-၁၂၊ ကဘ။
၁၂။ ကျမ်းစာအဆိုအမိန့်တွေ မှန်ကန်ကြောင်း သင်ပေးဖို့ ဘယ်ဥပမာတွေ အသုံးပြုနိုင်သလဲ။
၁၂ ကျမ်းစာအဆိုအမိန့်တွေ မှန်ကန်ကြောင်း သင်ပေးဖို့ ထိရောက်တဲ့ ပုံဥပမာတွေ အသုံးပြုနိုင်တယ်။ ဥပမာ၊ ယောဘ ၂၆:၇ (ဖတ်ပါ) ကို ဖတ်ပြနိုင်တယ်။ အဲဒီကျမ်းချက်ကို ယေဟောဝါ ပြောတာလို့ပဲ မပြောပါနဲ့။ သူတို့ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းကို အသုံးပြုစေပါ။ ယောဘခေတ်တုန်းက ကမ္ဘာဟာ အာကာသထဲမှာ အခုအခံမရှိ လွင့်မျောနေတယ်လို့ လူတွေ ယုံဖို ခက်တယ်။ ဘောလုံး၊ ကျောက်တုံးစတဲ့ အရာဝတ္ထုမှန်သမျှဟာ တစ်ခုခုပေါ် တည်မှီနေကြမှန်း သိကြတယ်။ အဲဒီခေတ်မှာ အဝေးကြည့်မှန်ပြောင်းတွေ၊ အာကာသယာဉ်တွေ မရှိသေးတဲ့အတွက် အဲဒီအချက်ကို သက်သေမပြနိုင်ကြသေးဘူး။ ဒါကြောင့် ကျမ်းစာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေးသားခဲ့ပေမဲ့ ယေဟောဝါဆီက စကားတွေဖြစ်လို့ အမြဲမှန်ကန်တယ်ဆိုပြီး ပြောပြနိုင်တယ်။—နေ. ၉:၆။
ကျမ်းစာမူတွေရဲ့ တန်ဖိုးကို သင်ပေးပါ
၁၃၊ ၁၄။ ကျမ်းစာမူတွေရဲ့ တန်ဖိုးကို နားလည်အောင် သားသမီးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၁၃ ကျမ်းစာမူတွေရဲ့ တန်ဖိုးကို နားလည်အောင် သင်ပေးဖို့လည်း အရေးကြီးတယ်။ (ဆာလံ ၁:၁–၃ ကိုဖတ်ပါ။) ဥပမာ၊ ကျွန်းတစ်ကျွန်းပေါ် သွားနေတယ်လို့ သားသမီးတွေကို မြင်ယောင်ကြည့်ခိုင်းပါ။ ဘယ်သူတွေနဲ့ နေမယ်ဆိုတာကို သူတို့ ရွေးချယ်ရတော့မယ်။ “လူတိုင်းနဲ့ အဆင်ပြေချင်ရင် ဘယ်လို လူတွေကို ခေါ်သွားမလဲ” လို့မေးနိုင်တယ်။ အဲဒီနောက် ဂလာတိ ၅:၁၉-၂၃ ကိုဖတ်ပြီး ကမ္ဘာသစ်မှာ ယေဟောဝါ နေစေချင်တဲ့ လူစားမျိုးတွေကို နားလည်အောင် ရှင်းပြပေးနိုင်တယ်။
၁၄ ဒီနည်းနဲ့ သားသမီးတွေကို အရေးကြီးတဲ့ သင်ခန်းစာနှစ်ခု သင်ပေးနိုင်တယ်။ တစ်ခုက ဘုရားသခင့် စံနှုန်းတွေဟာ ငြိမ်သက်စည်းလုံးမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ သင်ခန်းစာပါပဲ။ နောက်တစ်ခုက ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ယေဟောဝါ သင်ပေးနေတယ်ဆိုတဲ့ သင်ခန်းစာပဲ။ (ဟေရှာ. ၅၄:၁၃။ ယော. ၁၇:၃) ကျမ်းစာက ညီအစ်ကို/မတွေကို ဘယ်လို ကူညီပေးတယ်ဆိုတာကိုလည်း ပြောပြနိုင်တယ်။ ဥပမာ၊ ကျမ်းစာအခြေပြု စာပေတွေထဲက ဘဝအတ္ထုပ္ပတ္တိတစ်ခု ဒါမှမဟုတ် ကင်းမျှော်စင် မှာပါတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ဆောင်းပါးတွဲတွေကို ရှာပါ။ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တဲ့ ညီအစ်ကို/မတစ်ယောက်ယောက်ကို ဖိတ်ခေါ်ပြီး သူတို့အကြောင်း ပြောပြစေနိုင်တယ်။—ဟေဗြဲ ၄:၁၂။
၁၅။ သားသမီးတွေကို သင်ပေးဖို့ ဘာက ကူညီပေးမလဲ။
၁၅ သင်ခန်းစာကို စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာကောင်းအောင် သင်ပေးတဲ့အခါ သင့်ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းကို သုံးပါ။ ယေဟောဝါအကြောင်း လေ့လာပြီး ကိုယ်တော်နဲ့ ရင်းနှီးအောင် လုပ်ရတာကို ပျော်ရွှင်လာစေဖို့ နည်းအမျိုးမျိုး အသုံးပြုပါ။ ကြီးလာတဲ့အထိ ဆက်သင်ပေးပါ။ “သိပြီးသားအကြောင်းအရာတွေကို နည်းသစ်တွေနဲ့ သင်ပေးဖို့ မပျင်းပါနဲ့” လို့ ဖခင်တစ်ယောက် ပြောတယ်။
ယုံကြည်ခြင်း ခိုင်မာပါ၊ ဆုတောင်းပါ၊ စိတ်ရှည်ပါ
၁၆။ သားသမီးတွေကို သင်ပေးတဲ့အခါ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဥပမာပေးပါ။
၁၆ ဘုရားသခင့် စွမ်းအားတော် အကူအညီကြောင့် သားသမီးတွေရဲ့ ယုံကြည်ခြင်း ခိုင်မာလာနိုင်ပါတယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါပေမဲ့ အချိန်လိုတယ်။ ဒါကြောင့် စိတ်ရှည်ပါ။ ဆက်သင်ပေးပါ။ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတဲ့ ဂျပန်နိုင်ငံက ဖခင်က “ကျွန်တော်တို့ဇနီးမောင်နှံက ကလေးတွေကို သိပ်ဂရုစိုက်တယ်။ ငယ်ငယ်လေးကတည်းက အစည်းအဝေး သွားတဲ့နေ့တွေကလွဲလို့ နေ့တိုင်း ၁၅ မိနစ် အတူလေ့လာတယ်။ ၁၅ မိနစ်ဆိုတာ သူတို့အတွက်ရော၊ ကျွန်တော်တို့အတွက်ပါ မများပါဘူး” လို့ပြောတယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်လည်း ဒီလိုရေးခဲ့တယ်– “ကျွန်တော် ဆယ်ကျော်သက်တုန်းက မေးခွန်းတွေ၊ သံသယတွေ အများကြီး ရှိခဲ့တယ်။ နှစ်တွေတစ်လျှောက် အဲဒီအကြောင်းတွေကို အစည်းအဝေးတွေ၊ မိသားစု ဝတ်ပြုမှုတွေ၊ ကိုယ်ပိုင်လေ့လာမှုတွေမှာ ကြားသိလာခဲ့ရတယ်။ ဒါကြောင့် မိဘတွေ ဆက်သင်ပေးနေဖို့ အရေးကြီးတယ်။”
၁၇။ မိဘတွေရဲ့ ပုံသက်သေကောင်းဟာ ဘာကြောင့် အရေးကြီးသလဲ။ ဇနီးမောင်နှံတစ်စုံက သမီးတွေအတွက် ဘယ်လို ပုံသက်သေကောင်း ပြခဲ့ကြသလဲ။
၁၇ သင့်ယုံကြည်ခြင်း ခိုင်မာတာကို သားသမီးတွေ မြင်တဲ့အခါ အများကြီး သင်ယူနိုင်တယ်။ သင်လုပ်နေတာတွေကို သူတို့ကြည့်နေကြတယ်။ ဒါကြောင့် သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပါ။ ယေဟောဝါဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်မှန်း သားသမီးတွေ မြင်တွေ့ပါစေ။ ဥပမာ၊ ဘာမြူဒါကျွန်းက မိဘနှစ်ပါးက ကိစ္စတစ်ခုအတွက် စိုးရိမ်တဲ့အခါ သမီးတွေနဲ့အတူ ယေဟောဝါဆီ ဆုတောင်းတယ်။ ကိုယ်တိုင်ဆုတောင်းကြဖို့လည်း အားပေးတယ်။ “သမီးကြီးကို ‘ယေဟောဝါအပေါ် အကြွင်းမဲ့ ယုံကြည်အားကိုးပါ။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေပါ။ အရမ်းကြီး စိတ်မပူနဲ့’ လို့ပြောတယ်။ အကျိုးရလဒ်ကို မြင်တွေ့တဲ့အခါ ယေဟောဝါ ကူညီနေတယ်လို့ သမီးကြီး ခံစားခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင်ကိုရော၊ ကျမ်းစာကိုပါ သူ ပိုယုံကြည်လာတယ်” လို့ သူတို့ပြောတယ်။
၁၈။ ဘယ်အရေးကြီးအချက်ကို မိဘတွေ မမေ့သင့်သလဲ။
၁၈ ယုံကြည်ခြင်း ရှိလာအောင် သားသမီးတွေကိုယ်တိုင် လုပ်ယူရမယ်။ မိဘတွေဟာ စိုက်ပျိုးသူ၊ ရေလောင်းသူသာ ဖြစ်ပြီး ယေဟောဝါပဲ အပင်ကို ကြီးထွားစေနိုင်တယ်။ (၁ ကော. ၃:၆) ဒါကြောင့် သားသမီးတွေကို ဘုရားအကြောင်း ကြိုးစားသင်ပေးပါ။ သူတို့မှာ ယုံကြည်ခြင်း ရှိလာအောင် ကူညီပေးဖို့ စွမ်းအားတော် တောင်းခံပါ။ ဒါဆိုရင် သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးများစွာ ပေးပါလိမ့်မယ်။—ဧ. ၆:၄။