မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ​ရဲ့ ကောင်း​ချီးရ​ဖို့ တိုက်​လှန်​နေ​ပါ

ယေဟောဝါ​ရဲ့ ကောင်း​ချီးရ​ဖို့ တိုက်​လှန်​နေ​ပါ

“သင်​သည် ဘု​ရား​သခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း မင်း​ကဲ့​သို့​ပြိုင်​၍ နိုင်​လေ​ပြီ။”—က. ၃၂:၂၈

သီချင်း– ၆၀၊ ၃၈

၁၊ ၂။ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ ဘာ​တွေ​နဲ့ တိုက်​လှန်​နေ​ရ​သလဲ။

အာ​ဗေ​လ​က​စ​ပြီး ဒီ​နေ့​ခေတ် သစ္စာ​ရှိ​ကျေး​ကျွန်​အားလုံး​ဟာ ယုံ​ကြည်​ခြင်း​အတွက် တိုက်​လှန်​နေ​ကြ​တယ်။ ဟီ​ဘ​ရူး ခ​ရစ်​ယာန်တွေ​ဟာ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​နဲ့ ကောင်း​ချီးရ​ဖို့ “ဆင်း​ရဲ​ဝေ​ဒ​နာ​များ​ကို ခံ​ရ၍ အကြီး​အကျယ် တိုက်​လှန်​ခဲ့ရ​သည့်” အကြောင်း တမန်​တော်​ပေါလု ပြော​ခဲ့​တယ်။ (ဟေဗြဲ ၁၀:၃၂-၃၄) ခ​ရစ်​ယာန်တွေရဲ့ တိုက်​လှန်​မှု​ကို ဂရိ​အား​က​စား​ဖြစ်​တဲ့ အပြေး​ပြိုင်​ပွဲ၊ န​ပန်း​သတ်​ပွဲ၊ လက်​ဝှေ့​ပွဲ​တွေ​နဲ့ ပေါလု နှိုင်း​ယှဉ်ခဲ့​တယ်။ (ဟေဗြဲ ၁၂:၁၊) အခု​ချိန်မှာ​လည်း ကျွန်​တော်​တို့​ဟာ အသက်​ပြေး​ပွဲ​မှာ ပြိုင်​နေ​ကြ​တယ်။ လမ်း​လွဲ​သွား​စေ​နိုင်​တဲ့၊ လက်​ရှိ ခံစား​နေ​ရ​တဲ့ ရွှင်​လန်း​မှု ပျောက်​ဆုံး​ပြီး အနာ​ဂတ်​မှာ ရ​မယ့် ဆု​တွေ​ကို လက်​လွတ်​သွား​စေ​နိုင်​တဲ့ ရန်​သူ​တွေ ရှိ​နေ​တယ်။

စာ​တန်​နဲ့ သူ့​လော​က​ကို ကျွန်​တော်​တို့ အကြီး​အကျယ် ဆိုင်​ပြိုင်​တိုက်​လှန်​နေ​ကြ​ရ​တယ်။ (ဧ. ၆:၁၂) “အခိုင်​အမာ အမြစ်​စွဲ​နေ​သော​အရာ​များ” ကို တိုက်​လှန်​နေ​ဖို့ အရေး​ကြီး​တယ်။ အဲဒီ​မှာ လော​က အယူ​အဆ​နဲ့ အတွေး​အခေါ်​တွေ၊ အကျင့်​ပျက်​တာ၊ ဆေး​လိပ်​သောက်​တာ၊ အရက်​နဲ့ မူး​ယစ်​ဆေး တ​လွဲ​သုံး​စွဲ​တာ စ​တဲ့ အကျင့်​ဆိုး​တွေ ပါ​ဝင်​တယ်။ စိတ်​ဓာတ်​ကျ​မှု​နဲ့ ကိုယ့်​အား​နည်း​ချက်​တွေ​ကို​လည်း ဆက်​တိုက်​လှန်​နေ​ရ​မယ်။—၂ ကော. ၁၀:၃-၆။ ကော. ၃:၅-၉

၃။ ရန်​သူ​တွေ​ကို တိုက်​ခိုက်​ဖို့ ကျွန်​တော်​တို့​ကို ဘု​ရား​သခင် ဘယ်​လို လေ့ကျင့်​ပေး​သလဲ။

အဲဒီ​အင်အား​ကြီး ရန်​သူ​တွေ​ကို တိုက်​ခိုက်​အောင်​မြင်​နိုင်​ပါ့​မလား။ အောင်​မြင်​နိုင်​ပါ​တယ်။ ခက်​တော့​ခက်​တယ်။ ပေါလု​က ကိုယ့်​ကိုယ်​ကိုယ် လက်​ဝှေ့​သမား​နဲ့ နှိုင်း​ယှဉ်​ပြီး ‘ငါ​သည် လက်​ဝှေ့ ထိုး​သော​အခါ လေ​ထဲ​ကို လက်​ဝှေ့​ထိုး​သကဲ့​သို့ မဟုတ်’ လို့​ပြော​ခဲ့​တယ်။ (၁ ကော. ၉:၂၆) လက်​ဝှေ့​သမား​က ပြိုင်​ဘက်​ကို တိုက်​ခိုက်​သလို​ပဲ ကျွန်​တော်​တို့​လည်း ရန်​သူ​တွေ​ကို တိုက်​ခိုက်​နေ​ရ​မယ်။ အဲဒီ​လို တိုက်​ခိုက်​ဖို့ ကျွန်​တော်​တို့​ကို ယေဟောဝါ ကူညီ၊ လေ့ကျင့်​ပေး​တယ်။ ကျမ်း​စာ၊ ကျမ်း​စာ​အခြေ​ပြု စာပေ​တွေ၊ ပတ်​စဉ် အစည်း​အဝေး​တွေ၊ အစည်း​အဝေး​ကြီး​တွေ​အား​ဖြင့် လေ့ကျင့်​ပေး​နေ​တယ်။ အဲဒီ​က​နေ ရ​ရှိ​တဲ့ ညွှန်​ကြား​ချက်​တွေ​ကို သင်​အသုံး​ပြု​နေ​ပါ​သလား။ အသုံး​မပြု​ဘူး​ဆို​ရင် ရန်​သူ​ကို ထိ​ထိ​မိမိ မတိုက်​ခိုက်​နိုင်​ဘဲ လေ​ထဲ​ကို ထိုး​တဲ့ လက်​ဝှေ့​သမား​လို ဖြစ်​သွား​ပါ​လိမ့်​မယ်။

၄။ အဆိုး​က ကျွန်​တော်​တို့​ကို အနိုင်​ယူ​မသွား​ဖို့ ဘာ​လုပ်​ရ​မလဲ။

ကျွန်​တော်​တို့ အချိန်​ပြည့် နိုး​ကြား​နေ​ကြ​ရ​မယ်။ ဘာ​ကြောင့်​လဲ​ဆို​တော့ ရန်​သူ​တွေ​က ကျွန်​တော်​တို့ မမျှော်​လင့်​တဲ့ အချိန်၊ အား​နည်း​နေ​တဲ့ အချိန်​မှာ တိုက်​ခိုက်​နိုင်​လို့​ပဲ။ ကျမ်း​စာ​မှာ ဒီ​လို​သတိ​ပေး​ထား​တယ်– “အဆိုး​အား​ဖြင့် အၡုံး​မခံ​နှင့်။ အကောင်း​အား​ဖြင့် အဆိုး​ကို ဆက်​၍ အနိုင်​ယူ​နေ​လော့။” (ရော. ၁၂:၂၁) အဆိုး​ကို ဆက်​တိုက်​လှန်​နေ​ရင် အောင်​မြင်​နိုင်​ပါ​တယ်။ ဒါ​ပေမဲ့ သတိ​လစ်​ပြီး ဆက်​မတိုက်​တော့​ဘူး​ဆို​ရင် စာ​တန်၊ သူ့​လော​က​နဲ့ ကိုယ့်​အား​နည်း​ချက်​တွေ​က အနိုင်​ယူ​သွား​နိုင်​တယ်။ အၡုံး​မပေး​ပါ​နဲ့။ စိတ်​ဓာတ်​မကျ​ပါ​နဲ့။ လက်​အား​မလျှော့​ပါ​နဲ့။—၁ ပေ. ၅:၉

၅။ (က) ဘု​ရား​ကောင်း​ချီးရ​အောင် ဆက်​တိုက်​လှန်​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။ (ခ) ဘယ်​ကျမ်း​စာ ပုံ​န​မူ​နာ​တွေ​အကြောင်း ဆွေး​နွေး​ကြ​မလဲ။

အနိုင်​ရ​ဖို့​ဆို​ရင် တိုက်​ခိုက်​နေ​တဲ့ အကြောင်း​ရင်း​ကို သတိ​ရ​နေ​ဖို့ လို​တယ်။ ဘု​ရား​သခင့် မျက်​နှာ​သာ​နဲ့ ကောင်း​ချီး ရ​ချင်​လို့ တိုက်​နေ​တာ ဖြစ်​တယ်။ “ဘု​ရား​သခင်​ထံ​တော်​သို့ ချဉ်း​ကပ်​သူ​သည် ကိုယ်​တော် တည်​ရှိ​ကြောင်း​ကို ယုံ​ကြည်​ရ​မည်။ ကိုယ်​တော်​သည် မိမိ​အား စိတ်​ထက်​သန်​စွာ ရှာ​ဖွေ​သူ​ကို ဆု​ချ​သော​အရှင် ဖြစ်​ကြောင်း​ကို​လည်း ယုံ​ကြည်​ရ​မည်” လို့ ဟေဗြဲ ၁၁:၆ မှာ​ပြော​တယ်။ “စိတ်​ထက်​သန်​စွာ ရှာ​ဖွေ” ဆို​တာ​က ကိုယ်​တော့်​မျက်​နှာ​သာ ရ​ချင်​ရင် အပြင်း​အထန် ကြိုး​စား​အာ​ထုတ်​ရ​မှာ​ကို ဆိုလို​တယ်။ (တ. ၁၅:၁၇) ကျမ်း​စာ​မှာ အဲဒီ​လို ကြိုး​စား​ခဲ့​တဲ့ အမျိုး​သား/သမီး​တွေရဲ့ ပုံ​န​မူ​နာ အများ​ကြီး ရှိ​တယ်။ ယာကုပ်၊ ရာခေ​လ၊ ယော​သပ်၊ ပေါလု​တို့​ဟာ စိတ်​ရော​ကိုယ်​ပါ ပင်​ပန်း​ဆင်း​ရဲ​တဲ့ အခြေ​အနေ​တွေ ကြုံခဲ့​ကြ​တယ်။ ဒါ​ပေမဲ့ အောင်​မြင်​နိုင်​ခဲ့​ကြ​တယ်။ ကျွန်​တော်​တို့​လည်း ကြိုး​စား​အား​ထုတ်​မယ်​ဆို​ရင် ယေဟောဝါ​ရဲ့ ကောင်း​ချီးတွေ ရ​ရှိ​နိုင်​တယ်​ဆို​တာ ဒီ​ပုံ​န​မူ​နာ​တွေ​က ဖော်ပြတယ်။ သူတို့​ကို ဘယ်​လို တု​ပနိုင်​သလဲ​ဆို​တာ ကြည့်​ကြ​စို့။

ဇွဲ​ရှိ​ရင် ကောင်း​ချီးရ​မယ်

၆။ ဇွဲ​ရှိ​ဖို့ ယာကုပ်​ကို ဘာ​က ကူညီ​ပေး​ခဲ့​သလဲ။ ဘယ်​လို ဆု​ချ​ခံ​ခဲ့ရ​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို ကြည့်​ပါ။)

ဘိုး​ဘေး​ယာကုပ်​ဟာ ယေဟောဝါ​ကို ချစ်​ပြီး ကိုယ်​တော်​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​တာ​ကို တန်​ဖိုး​ထား​လို့ ခံ​နိုင်​ရည်​ရှိ​ရှိ ဆိုင်​ပြိုင်​တိုက်​လှန်​ခဲ့​တယ်။ သူ့​အမျိုး​အနွယ်​ကို ကောင်း​ချီး​ပေး​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​ခဲ့​တယ်။ (က. ၂၈:၃၊ ၄) ယာကုပ်​ဟာ အသက် ၁၀၀ နီး​ပါး​လောက် အရွယ်​မှာ ဘု​ရား​ကောင်း​ချီးရ​ဖို့ ကောင်း​ကင်​တ​မန်​နဲ့​တောင် န​ပန်း​လုံး​ခဲ့​တယ်။ (ကမ္ဘာဦး ၃၂:၂၄–၂၈ ကို​ဖတ်​ပါ။) သူ့​အစွမ်း​ခွန်​အား​နဲ့ ဒီ​တန်ခိုး​ကြီး​တဲ့ ကောင်း​ကင်​တ​မန်​ကို န​ပန်း​လုံး​ခဲ့​တာ​လား။ မဟုတ်​ပါ​ဘူး။ ကောင်း​ချီးရ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ပြီး ကြိုး​စား​အား​ထုတ်​ခဲ့လို့​ပါ​ပဲ။ သူ့​ရဲ့​ဇွဲ​ကြောင့် ယေဟောဝါ ကောင်း​ချီး​ပေး​ခဲ့​ပြီး တိုက်​လှန်​သူ၊ ဇွဲ​ကြီး​သူ​လို့ အဓိပ္ပာယ်ရ​တဲ့ အစ္စရေး​ဆို​ပြီး နာ​မည်​ပေး​ခဲ့​တယ်။ ကျွန်​တော်​တို့ ရှာ​ဖွေ​နေ​တဲ့ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​နဲ့ ကောင်း​ချီး​ကို ယာကုပ် ရခဲ့​တယ်။

၇။ (က) ဘယ်​လို စိတ်​ပျက်​စ​ရာ အခြေ​အနေ​ကို ရာခေ​လ ကြုံခဲ့ရ​သလဲ။ (ခ) သူ ဘယ်​လို တိုက်​လှန်​ခဲ့​သလဲ။ ဘာ​ကောင်း​ချီး ရခဲ့​သလဲ။

ယာကုပ်​ရဲ့ ချစ်​ဇနီး ရာခေ​လ​လည်း သူ့​ခင်​ပွန်း​ကို ယေဟောဝါ ပေး​ခဲ့​တဲ့ ကတိ ဘယ်​လို ပြည့်​စုံ​လာ​မလဲ​ဆို​တာ မြင်​တွေ့​ချင်​စိတ် ပြင်း​ပြခဲ့​တယ်။ ဒါ​ပေမဲ့ ပြဿ​နာ​က ရာခေ​လ က​လေး မရ​နိုင်​ဘူး။ အဲဒီ​အချိန်​တုန်း​က က​လေး​မမွေး​နိုင်​တာ​ဟာ အမျိုး​သမီး​တွေ​အတွက် အတော်​ဝမ်း​နည်း​စ​ရာ ကောင်း​တယ်။ ရာခေ​လ​ဟာ စိတ်​ပျက်​စ​ရာ အခြေ​အနေ​ကြား​မှာ ဘယ်​လို ဆက်​ပြီး တိုက်​လှန်​ခဲ့​သလဲ။ မျှော်​လင့်​ချက် ဘယ်​တော့​မှ မစွန့်​လွှတ်​ခဲ့​ဘူး။ ပြင်း​ပြင်း​ပြပြ ဆုတောင်း​ခြင်း​အား​ဖြင့် ဆက်​တိုက်​လှန်​ခဲ့​တယ်။ ရာခေ​လ​ရဲ့ ဆုတောင်း​ချက်​ကို ယေဟောဝါ ကြား​ပြီး သား​သမီး ကောင်း​ချီး ပေး​ခဲ့​တယ်။ ဒါ​ကြောင့် ‘ငါ​သည် ကျပ်​ကျပ်​လုံး​ထွေး​၍ နိုင်​ခဲ့​ပြီ’ လို့ သူ​ပြော​ခဲ့​တယ်။—က. ၃၀:၈၊ ၂၀-၂၄

၈။ ယော​သပ် ဘယ်​လို အခက်​အခဲ​တွေ ကြုံခဲ့ရ​သလဲ။ ကျွန်​တော်​တို့​အတွက် ဘယ်​လို​နည်း​နဲ့ ပုံ​န​မူ​နာ​ကောင်း ဖြစ်​သလဲ။

ယာကုပ်​နဲ့ ရာခေ​လ​ရဲ့ သစ္စာ​ရှိ ပုံ​န​မူ​နာ​က သား​ဖြစ်​သူ ယော​သပ်​အပေါ် အကျိုး​သက်​ရောက်ခဲ့​ပြီး ခက်​ခဲ​ချိန်တွေ​မှာ အကူ​အညီ ဖြစ်​စေ​ခဲ့​တယ်။ ယော​သပ် ၁၇ နှစ်​အရွယ်​မှာ သူ့​ဘဝ လုံး​ဝ ပြောင်း​လဲ​သွား​ခဲ့​တယ်။ သူ့​ကို မနာ​လို​တဲ့ အစ်​ကို​တွေ​က ကျွန်​အဖြစ် ရောင်း​စား​လိုက်​ကြ​တယ်။ အပြစ်​မရှိ​ပေမဲ့ အီဂျစ်​အကျဉ်း​ထောင်​မှာ နှစ်​ပေါင်း​များ​စွာ အကျဉ်း​ကျ​ခဲ့ရရှာ​တယ်။ (က. ၃၇:၂၃-၂၈။ ၃၉:၇-၉၊ ၂၀၊ ၂၁) ဒါ​ပေမဲ့ ယော​သပ် စိတ်​ဓာတ်​မကျ​ဘူး။ မနာ​ကြည်း​ဘူး။ လက်​စား​မချေ​ခဲ့​ဘူး။ ဘာ​ကြောင့်​လဲ​ဆို​တော့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​တာ​ကို အကြွင်း​မဲ့ အာ​ရုံ​စိုက်​ခဲ့လို့​ပဲ။ (ဝတ်. ၁၉:၁၈။ ရော. ၁၂:၁၇-၂၁) ယော​သပ်​ရဲ့ ပုံ​န​မူ​နာ​က ကျွန်​တော်​တို့​ကို ကူညီ​ပေး​နိုင်​တယ်။ ငယ်​ဘဝ​အခြေ​အနေ ဆိုး​ခဲ့ရင်​တောင်၊ လက်​ရှိ​အချိန်​မှာ မျှော်​လင့်​ချက် မဲ့​နေ​ရင်​တောင် ဇွဲ​ရှိ​ရှိ ဆက်​တိုက်​လှန်​နေ​ရ​မယ်။ ဒါ​ဆို​ရင် ယေဟောဝါ ကောင်း​ချီး​ပေး​မှာ သေချာ​ပါ​တယ်။ကမ္ဘာဦး ၃၉:၂၁–၂၃ ကို​ဖတ်​ပါ။

၉။ ယာကုပ်၊ ရာခေ​လ၊ ယော​သပ်​တို့​ကို ဘယ်​လို တု​ပနိုင်​သလဲ။

ဒီ​နေ့​လည်း ခက်​ခဲ​တဲ့ အခြေ​အနေ​တွေ ရင်​ဆိုင်​ရ​နိုင်​တယ်။ မတ​ရား​မှု၊ ဘက်​လိုက်​မှု၊ လှောင်​ပြောင်​မှု၊ မနာ​လို​မှု​တွေ​ကို ခံ​နေ​ရ​တာ ဖြစ်​နိုင်​တယ်။ စိတ်​ဓာတ်​ကျ​နေ​မယ့်​အစား ယေဟောဝါ​ကို ပျော်​ပျော်​ရွှင်​ရွှင် ဆက်​အမှု​ဆောင်​နိုင်​အောင် ယာကုပ်၊ ရာခေ​လ၊ ယော​သပ်​တို့​ကို ဘာ​က ကူညီ​ပေး​ခဲ့​မှန်း သတိ​ရ​ပါ။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​တာ​ကို အလွန်​တန်​ဖိုး​ထား​ကြ​တဲ့​အတွက် သူတို့​ကို ဘု​ရား​သခင် ခွန်​အား​ပေး​ခဲ့​တယ်။ ကောင်း​ချီး​ပေး​ခဲ့​တယ်။ ဆုတောင်း​ချက်​တွေ​နဲ့​အညီ သူတို့ ဆက်​တိုက်​လှန်​ခဲ့​ကြ​တယ်။ နောက်​ဆုံး​ကာလ​မှာ ကျွန်​တော်​တို့ အသက်​ရှင်​နေ​ရလို့ အနာ​ဂတ်​မျှော်​လင့်​ချက် ဆက်​ခိုင်​မာ​နေ​ဖို့ အရေး​ကြီး​တယ်။ ယေဟောဝါ​ရဲ့ မျက်​နှာ​သာ​ရ​ဖို့ သင် တိုက်​လှန်​ချင်​သလား။

ကောင်း​ချီးရ​ဖို့ တိုက်​လှန်​ချင်​စိတ် ရှိ​ပါ

၁၀၊ ၁၁။ (က) ဘု​ရား​သခင့် ကောင်း​ချီးရ​ဖို့ ဘာ​ကြောင့် တိုက်​လှန်​နေ​ရ​မလဲ။ (ခ) မှန်​ကန်​တဲ့ ဆုံး​ဖြတ်​ချက်​ချ​ဖို့ ဘာ​က ကူညီ​ပေး​မလဲ။

၁၀ ဘု​ရား​သခင့် ကောင်း​ချီးရ​ဖို့ ဘာ​ကြောင့် တိုက်​လှန်​နေ​ရ​မလဲ။ မစုံလင်​တဲ့​အတွက် မကောင်း​တဲ့ ဆန္ဒ​တချို့​ကို တိုက်​လှန်​နေ​ရ​တာ ဖြစ်​နိုင်​တယ်။ တ​ချို့က အမှု​ဆောင်​လုပ်ငန်း​အပေါ် အပြု​သဘော​ထား ရှိ​ဖို့ တိုက်​လှန်​နေ​ရ​တယ်။ တ​ချို့​က ကျန်း​မာ​ရေး ပြဿ​နာ​တွေ၊ အထီး​ကျန်​စိတ်​တွေ​ကို တိုက်​လှန်​နေ​ရ​တယ်။ တချို့​ကျတော့ ခွင့်​လွှတ်​ဖို့ ခက်​နေ​ကြ​တယ်။ အမှု​ဆောင်​နေ​တာ ဘယ်​လောက်​ပဲ ကြာ​နေ​ပါ​စေ သစ္စာ​ရှိ​သူ​တွေကို ဆု​ချ​တဲ့​အရှင် ယေဟောဝါ​ကို ဆက်​အမှု​ဆောင်​ဖို့ အခက်​တွေ့​စေ​တဲ့ အရာတွေ​ကို ဆက်​တိုက်​လှန်​နေ​ရ​မယ်။

ဘု​ရား​သခင့် ကောင်း​ချီးရ​ဖို့ သင်​တိုက်​လှန်​နေ​သလား (အပိုဒ် ၁၀၊ ၁၁ ကိုကြည့်​ပါ)

၁၁ မှန်​ကန်​တဲ့ ဆုံး​ဖြတ်​ချက်​တွေ ချ​ရ​တာ၊ ခ​ရစ်​ယာန်​လမ်း​စဉ် လိုက်​ရ​တာ ခက်​ခဲ​နိုင်​တယ်။ အထူး​သဖြင့် မကောင်း​တဲ့ ဆန္ဒတွေ​ကို တိုက်​လှန်​နေ​တဲ့​အခါ​မျိုး​မှာ​ပေါ့။ (ယေ. ၁၇:၉) အဲဒီ​လို ခံစား​နေ​ရ​တယ်​ဆို​ရင် သန့်​ရှင်း​သော စွမ်းအား​တော်​ရ​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ဆုတောင်း​ခြင်း​နဲ့ သန့်​ရှင်း​သော စွမ်းအား​တော်​က မှန်​ရာ လုပ်​ဖို့ ခွန်​အား​ပေး​နိုင်တယ်။ ဘုရား​သခင့် ကောင်း​ချီးတွေ ရ​ရှိ​စေ​နိုင်​တယ်။ ဆုတောင်း​ချက်​နဲ့​အညီ အသက်​ရှင်​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ပါ။ နေ့​တိုင်း ကျမ်း​စာ​ဖတ်​ဖို့ ကြိုး​စား​ပါ။ ကိုယ်​ပိုင်​လေ့​လာ​မှု​နဲ့ မိသား​စု ဝတ်​ပြု​မှု​အတွက် အချိန်​ပေးပါ။ဆာလံ ၁၁၉:၃၂ ကို​ဖတ်​ပါ။

၁၂၊ ၁၃။ မကောင်း​တဲ့ ဆန္ဒတွေ ထိန်း​ချုပ်​နိုင်​ဖို့ ခ​ရစ်​ယာန်​နှစ်​ယောက်​ကို ဘာ​က ကူညီ​ပေး​ခဲ့​သလဲ။

၁၂ မကောင်း​တဲ့ ဆန္ဒတွေ​ကို အနိုင်​ရ​ဖို့ ညီ​အစ်​ကို/မ​များ​စွာ​ကို ကျမ်း​စာ၊ စွမ်းအား​တော်​နဲ့ ကျမ်း​စာ​အခြေ​ပြု​စာပေ​တွေ​က ကူညီ​ပေး​တယ်။ ဒီ​ဇင်​ဘာ ၈၊ ၂၀၀၃ [အင်္ဂ​လိပ်] နိုး​လော့! မှာ​ပါ​တဲ့ “မကောင်း​တဲ့ ဆန္ဒတွေ​ကို ဘယ်​လို တွန်း​လှန်​နိုင်​သလဲ” ဆို​တဲ့ ဆောင်း​ပါး​ကို ဆယ်​ကျော်​သက် လူငယ်​တစ်​ယောက် ဖတ်​မိ​တယ်။ ဘယ်​လို တုံ့​ပြန်​ခဲ့​သလဲ။ “မကောင်း​တဲ့ အတွေး​တွေ​ကို ထိန်း​ချုပ်​ဖို့ ကျွန်​တော် ကြိုး​စား​နေ​တာ။ ‘မကောင်း​တဲ့ ဆန္ဒတွေ​ကို အောင်​မြင်​စွာ တိုက်​ခိုက်​နိုင်​ဖို့ လူ​အများ​စု​အတွက် ခက်​ခဲ​တယ်’ ဆို​တဲ့​အချက်​ကို ဆောင်း​ပါး​မှာ ဖတ်​လိုက်​ရ​တဲ့​အခါ ကျွန်​တော်​လည်း အဲဒီ​ညီ​အစ်​ကို/မတွေ​လို​ပါ​ပဲ​လား၊ တစ်​ယောက်​တည်း မဟုတ်​ပါ​လားလို့ ခံစား​ရ​တယ်” ဆို​ပြီး သူ​ပြော​ခဲ့​တယ်။ အောက်​တို​ဘာ ၈၊ ၂၀၀၃ [အင်္ဂ​လိပ်] နိုး​လော့! မှာ​ပါ​တဲ့ ဆောင်း​ပါး​တစ်​ခု (Alternative Life-Styles—Does God Approve?) က​နေ​လည်း ဒီ​လူငယ် အကျိုး​ရ​ရှိ​ခဲ့​တယ်။ ဒီ​ဆောင်း​ပါး​မှာ “ကိုယ်​၌ စူး​သော​ဆူး​ကို” တချို့ မပြတ် တိုက်​လှန်​နေ​ကြ​ရ​မှန်း သူ သတိ​ထား​မိ​တယ်။ (၂ ကော. ၁၂:၇) သန့်​သန့်​ရှင်း​ရှင်း ပြု​မူ​နေ​ထိုင်​ဖို့ ဆက်​တိုက်​လှန်​ရင်း အနာ​ဂတ်​ကို သူတို့ အပြု​သဘော​နဲ့ ရှု​မြင်​နိုင်​ကြ​တယ်။ “အဲ​ဒါ​ကြောင့် ကျွန်​တော်​လည်း တစ်​ရက်​ကုန်​သွား​တိုင်း ဆက်​ပြီး သစ္စာ​ရှိ​နိုင်​မှန်း သိ​ခဲ့ရ​တယ်။ ဒီ​ဆိုး​ညစ်​တဲ့​စနစ်​မှာ နေ့​ရက်​တိုင်း​ကို ကျော်​ဖြတ်​နိုင်​ဖို့ အဖွဲ့​အစည်း ပေး​ထား​တဲ့​အတွက် ယေဟောဝါ​ကို သိပ်​ကျေး​ဇူး​တင်​တယ်” လို့ သူ​ပြော​ခဲ့​တယ်။

၁၃ အမေရိ​ကန်​နိုင်​ငံ​က ညီ​အစ်​မတစ်​ယောက်​ရဲ့ အတွေ့​အကြုံ​ကို​လည်း သုံးသပ်​ကြည့်​ပါ။ သူ ဒီ​လို​ရေးခဲ့​တယ်– “လို​အပ်​ရာ​ကို လို​အပ်​ချိန်​မှာ အမြဲ ပြင်​ဆင်​ပေး​နေ​လို့ ညီ​အစ်​ကို​တို့​ကို ကျေး​ဇူး​တင်​ပါ​တယ်။ ဒီ​ဆောင်း​ပါး​တွေ​ကို ကျွန်​မအတွက် ရေး​ထား​သလားလို့ ခံစား​ရ​တယ်။ ယေဟောဝါ မုန်း​တဲ့ ဆန္ဒ​ဆိုး​တစ်​ခု​ကို နှစ်​ပေါင်း​များ​စွာ တိုက်​လှန်​နေ​ရ​တယ်။ တစ်​ခါ​တ​လေ ဆက်​မတိုက်​တော့​ဘဲ လက်​မြှောက် အၡုံး​ပေး​ချင်​စိတ် ဖြစ်​မိ​တယ်။ ယေဟောဝါ​ဟာ သနား​ကြင်နာ​တတ်​ပြီး ခွင့်​လွှတ်​တတ်​မှန်း သိ​ပါ​တယ်။ ဒါ​ပေမဲ့ ကျွန်​မမှာ အဲဒီ​မကောင်း​တဲ့​ဆန္ဒ ရှိ​နေ​ပြီး မရွံ​မုန်း​နိုင်​တဲ့​အတွက် ကိုယ်​တော့်​အကူ​အညီ မရ​နိုင်​ဘူး​လို့ ခံစား​ခဲ့ရ​တယ်။ ဒီ​မဆုံး​နိုင်​တဲ့​တိုက်​ပွဲ​က ကျွန်​မဘဝ​ကို ခက်​ခဲ​စေ​တယ်။ . . . မတ် ၁၅၊ ၂၀၁၃ ကင်း​မျှော်​စင်၊ သင့်​မှာ ယေဟောဝါ​ကို “သိ​နိုင်​တဲ့ စိတ်​နှလုံး” ရှိ​သလား’ ဆို​တဲ့ ဆောင်း​ပါး​ကို ဖတ်​ပြီး​တဲ့​နောက်​မှာ ကျွန်​မကို ယေဟောဝါ ကူညီ​ပေး​ချင်​မှန်း သိ​လိုက်​ရ​တယ်။”

၁၄။ (က) ပေါလု​ဟာ တိုက်​လှန်​ခဲ့ရ​တဲ့​အရာတွေ​နဲ့​ပတ်​သက်​ပြီး ဘယ်​လို ခံစား​ခဲ့ရ​သလဲ။ (ခ) အား​နည်း​ချက်​တွေ​ကို ဘယ်​လို တိုက်​ခိုက်​အောင်​မြင်​နိုင်​သလဲ။

၁၄ ရော​မ ၇:၂၁–၂၅ ကို​ဖတ်​ပါ။ မကောင်း​တဲ့ ဆန္ဒတွေ​နဲ့ အား​နည်း​ချက်​တွေ​ကို တိုက်​လှန်​ဖို့ ဘယ်​လောက် ခက်​ခဲ​မှန်း ပေါလု ကိုယ်​တိုင်​ကိုယ်​ကျ သိ​ခဲ့ရ​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ဆီ အား​ကိုး​တ​ကြီး ဆုတောင်း​မယ်၊ ယေရှု​ရဲ့ ရွေး​နုတ်​ဖိုး​ကို ယုံ​ကြည်​မယ်​ဆို​ရင် အောင်​မြင်​မယ်​ဆို​တာ သူ​စိတ်​ချ​တယ်။ ကျွန်​တော်​တို့​ကော။ အား​နည်း​ချက်​တွေ​ကို တိုက်​ခိုက်​အောင်​မြင်​နိုင်​မလား။ ပေါလု​ကို တု​ပမယ်၊ ကိုယ့်​အစွမ်း​ခွန်​အား​ကို မဟုတ်​ဘဲ ယေဟောဝါ​ကို အား​ကိုး​မယ်၊ ရွေး​နုတ်​ဖိုး​ကို ယုံ​ကြည်​မယ်​ဆို​ရင် အောင်​မြင်​နိုင်​ပါ​တယ်။

၁၅။ ဆက်​သစ္စာ​ရှိ​ဖို့၊ စမ်း​သပ်​မှု​တွေ​ကို ဆက်​ခံ​ရပ်​နိုင်​ဖို့ ဆုတောင်း​ခြင်း​က ဘာ​ကြောင့် ကူညီ​ပေး​နိုင်​သလဲ။

၁၅ ကိစ္စ​တစ်​ခု​ကို ကျွန်​တော်​တို့ ဘယ်​လောက် စိုး​ရိမ်​မှန်း ပြဖို့ ဘု​ရား​သခင် ခွင့်​ပြု​တဲ့​အခါ​လည်း ရှိ​နိုင်​တယ်။ ဥပမာ၊ မိသား​စု​ဝင်​တစ်​ယောက်​ယောက် အသည်း​အသန် ဖျား​နေ​တဲ့​အခါ၊ မတ​ရား​ခံ​ရ​တဲ့​အခါ ကျွန်​တော်​တို့ ဘယ်​လို တုံ့​ပြန်​ကြ​မလဲ။ ယေဟောဝါ​ကို အကြွင်း​မဲ့ ယုံ​ကြည်​တယ်​ဆို​ရင် ဆက်​သစ္စာ​ရှိ​နိုင်​အောင်၊ ဆက်​ပျော်​ရွှင်​နိုင်​အောင်၊ ကိုယ်​တော်​နဲ့ ဆက်ဆံ​ရေး ဆက်​ခိုင်​မြဲနိုင်​အောင် ခွန်​အား​ပေး​ဖို့ အသနား​ခံ​ပါ​လိမ့်​မယ်။ (ဖိ. ၄:၁၃) ရှေး​ခေတ်​နဲ့ အခု​ခေတ် သစ္စာ​ရှိ​ကျေး​ကျွန်​များ​စွာ​ရဲ့ ပုံ​န​မူ​နာ​တွေ​က ဆုတောင်း​တဲ့​အခါ ခွန်​အား​ရ​နိုင်​တယ်၊ ခံ​နိုင်​ရည်​ဆက်​ရှိ​ဖို့ ရဲ​စွမ်း​သတ္တိ ရ​နိုင်​တယ်​ဆို​တာ ဖော်ပြတယ်။

ယေဟောဝါ​ရဲ့ ကောင်း​ချီးရ​ဖို့ တိုက်​လှန်​နေ​ပါ

၁၆၊ ၁၇။ သင်​ဘာ​လုပ်​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​သလဲ။

၁၆ သင်​စိတ်​ဓာတ်​ကျ​သွား​တာ၊ လက်​မြှောက်​အၡုံး​ပေး​လိုက်​တာ​ကို စာ​တန် သိပ်​မြင်​ချင်​တယ်။ ဒါ​ကြောင့် “ကောင်း​သော​အရာ​ကို စွဲ​ကိုင်​ထား” ဖို့ စိတ်​ပိုင်း​ဖြတ်​ထား​ပါ။ (၁ သက်. ၅:၂၁) စာ​တန်၊ ဆိုး​ညစ်​တဲ့ လော​က၊ မကောင်း​တဲ့​ဆန္ဒတွေ​ကို တိုက်​လှန်​ရာ​မှာ အောင်​မြင်​နိုင်​ပါ​တယ်။ ဘု​ရား​သခင် သင့်​ကို ခွန်​အား​ပေး​ပြီး ကူညီ​ပေး​မယ်​ဆို​တာ အပြည့်​အဝ ယုံ​ကြည်​မယ်​ဆို​ရင် အောင်​မြင်​နိုင်​ပါ​တယ်။—၂ ကော. ၄:၇-၉။ ဂလ. ၆:၉

၁၇ ဒါ​ကြောင့် ကြိုး​ကြိုး​စား​စား ဆက်​တိုက်​လှန်​နေ​ပါ။ ဇွဲ​ရှိ​ပါ။ ယေဟောဝါ​က “ကောင်း​ချီး​မင်္ဂ​လာ​ကို အကုန်​အစင် သွန်း​လောင်း” မယ်​ဆို​တာ အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​နေ​ပါ။—မာ​လ. ၃:၁၀