မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လက်​အား​မလျော့​စေ​နှင့်”

“လက်​အား​မလျော့​စေ​နှင့်”

“လက်​အား​မလျော့​စေ​နှင့်။”—ဇေ. ၃:၁၆

သီချင်း– ၈၁၊ ၃၂

၁၊ ၂။ (က) ဒီ​နေ့ ဘယ်​ပြဿ​နာ​တွေ​ကို လူ​တွေ ကြုံ​တွေ့​နေ​ရ​သလဲ။ အဲ​ဒါ​က ဘာ​ဖြစ်​စေ​သလဲ။ (ခ) ဟေ​ရှာ​ယ ၄၁:၁၀၊​၁၃ မှာ ဘယ်​လို အာ​မခံ​ထား​သလဲ။

အကြီး​အကဲ တစ်​ယောက်​နဲ့ အိမ်​ထောင်​ပြု​ထား​တဲ့ မှန်​မှန်​ရှေ့​ဆောင် ညီ​အစ်​မတစ်​ယောက် ဒီ​လို ပြော​တယ်– “ဘု​ရားရေးရာ အလေ့​အကျင့်​ကောင်း​တွေ ထိန်း​ထား​တဲ့​ကြား​က စိုး​ရိမ်​သော​က​တွေ​နဲ့ နှစ်​ပေါင်း​များ​စွာ လုံး​ပန်း​ခဲ့ရ​တယ်။ အိပ်​ရေး​ပျက်​ခဲ့ရ​တယ်။ ကျန်း​မာ​ရေး ထိ​ခိုက်​လာ​တယ်။ တ​ခြား​သူ​တွေ​နဲ့ ဆက်ဆံ​ရေး ထိ​ခိုက်​လာ​တယ်။ တစ်​ခါ​တ​လေ လက်​မြှောက်​အၡုံး​ပေး​ချင်​စိတ် ဖြစ်​မိ​တယ်။”

အဲဒီ​ညီ​အစ်​မရဲ့ ခံစား​ချက်​ကို နား​လည်​နိုင်​သလား။ စာ​တန့်​စ​နစ်​ဆိုး​မှာ အသက်​ရှင်​နေ​ရ​တဲ့​အတွက် ဖိ​အား​တွေ​အများ​ကြီး ရင်​ဆိုင်​နေ​ရ​တယ်။ လှေ​တစ်​စင်း​ကို မရွေ့​နိုင်​အောင် ထိန်း​ချုပ်​ထား​တဲ့ ကျောက်​ဆူး​လို​ပဲ စိုး​ရိမ်​ပူ​ပန်​မှု​က​လည်း လူ​တစ်​ယောက်​ကို လှုပ်​လို့​မရ​အောင် ချုပ်​ထား​နိုင်​တယ်။ အဲ​ဒါ​က စိတ်​ပျက်​အား​လျော့​သွား​စေ​နိုင်​တယ်။ (သု. ၁၂:၂၅) ဘာ​တွေ​က စိုး​ရိမ်​ပူ​ပန်​စေ​နိုင်​သလဲ။ ချစ်​မြတ်​နိုး​ရ​သူ​တစ်ဦး သေဆုံး​သွား​တာ၊ ကျန်း​မာ​ရေး မကောင်း​တာ၊ မိသား​စု​ကို ခက်​ခက်​ခဲ​ခဲ ရှာ​ဖွေ​ကျွေး​မွေး​ရ​တာ၊ ဆန့်​ကျင်​မှု ကြုံရ​တာ​တွေ ဖြစ်​နိုင်​တယ်။ စိတ်​ဖိ​စီး​လွန်း​လို့ ခွန်​အား​တွေ ကုန်​ခန်း​ဆုတ်​ယုတ်​သွား​နိုင်​တယ်။ ပျော်​ရွှင်​မှု​လည်း ပျောက်​ဆုံး​သွား​နိုင်​တယ်။ ဒါ​ပေမဲ့ ဘု​ရား​သခင် လက်​ကမ်း​ကူညီ​ပေး​မယ်​လို့ အာ​မခံ​ထား​တယ်။ဟေ​ရှာ​ယ ၄၁:၁၀၊ ၁၃ ကို​ဖတ်​ပါ။

၃၊ ၄။ (က) “လက်” ဆို​တဲ့ စကား​လုံး​ကို ကျမ်း​စာ​မှာ ဘယ်​လို သုံး​ထား​သလဲ။ (ခ) ဘာ​တွေ​ကြောင့် လက်​အား​လျော့​သွား​နိုင်​သလဲ။

လူ့​စ​ရိုက်၊ လုပ်​ရပ်​အမျိုး​မျိုး​ကို ဖော်ပြဖို့ လူ့​ခန္ဓာ​အစိတ်​အပိုင်း​တွေ​ကို ကျမ်း​စာ​မှာ အသုံး​ပြု​လေ့​ရှိ​တယ်။ ဥပမာ၊ လက်​ကို အကြိမ်​ပေါင်း​ရာ​နဲ့​ချီ အသုံး​ပြု​ထား​တယ်။ လက်​အား​ရှိ​စေ​တယ်​ဆို​တာ​က ခွန်​အား​ပေး​တာ၊ ခိုင်​ခံ့​စေ​တာ၊ လုပ်​ရဲ​ကိုင်​ရဲ ရှိ​စေ​တာ​ကို ဆိုလို​တယ်။ ဥပမာ၊ ၁ ဓမ္မရာ​ဇ​ဝင် ၂၃:၁၆ မှာ​ပါ​တဲ့ “ထောက်မ​” နဲ့ ဧ​ဇ​ရ ၁:၆ မှာ​ပါ​တဲ့ “မစ” ဆို​တဲ့ စကား​လုံး​တွေ​ကို မူ​ရင်း​စကား​မှာ “လက်​အား​ရှိ​စေ​တယ်” လို့ သုံး​နှုန်း​ထား​တယ်။ အဲ​ဒါ​က အနာ​ဂတ်​နဲ့​ပတ်​သက်​ပြီး အကောင်း​မြင် သဘော​ထား ရှိ​တာ​ကို​လည်း ဆိုလို​တယ်။

တစ်​ခါ​တ​လေ စိတ်​ဓာတ်​ကျ​တာ၊ စိတ်​ပျက်​တာ၊ မျှော်​လင့်​ချက် မဲ့​သွား​တာ​ကို ဖော်ပြဖို့ လက်​အား​လျော့​တယ်​ဆို​ပြီး သုံး​နှုန်း​လေ့​ရှိ​တယ်။ (၆ ရာ. ၁၅:၇။ ဟေဗြဲ ၁၂:၁၂) အဲဒီ​လို အခြေ​အနေ​မျိုး​မှာ အၡုံး​ပေး​လိုက်​တတ်​ကြ​တယ်။ ဖိ​စီး​မှု ဖြစ်​စေ​တဲ့၊ စိတ်​ရော​ကိုယ်​ပါ နွမ်း​နယ်​စေ​တဲ့ အခြေ​အနေ​တွေ ကြုံရ​တဲ့​အခါ လို​အပ်​တဲ့ ခွန်​အား​ကို ဘယ်​နေ​ရာ​မှာ ရ​ရှိ​နိုင်​သလဲ။ ခံ​နိုင်​ရည်​ရှိ​ဖို့၊ ပျော်​ရွှင်​ဖို့ ဘယ်​လို အား​ပေး​တိုက်​တွန်း​ခံ​ရ​နိုင်​သလဲ။

‘ယေဟောဝါ​သည် မကယ်​မတင်​နိုင်​အောင် လက်​တော်​တို​သည် မဟုတ်’

၅။ (က) ပြဿ​နာ​တွေ ကြုံရ​တဲ့​အခါ ဘာ​လုပ်​မိ​နိုင်​သလဲ။ ဘယ်​အချက်​ကို သတိ​ရ​သင့်​သလဲ။ (ခ) ဘယ်​အကြောင်း ဆွေး​နွေး​ကြ​မလဲ။

ဇေ​ဖနိ ၃:၁၆၊ ၁၇ ကို​ဖတ်​ပါ။ ပြဿ​နာ​တွေ ကြုံ​တွေ့​ရ​တဲ့​အခါ ကြောက်​လန့်​ပြီး စိတ်​ဓာတ်​ကျ​သွား​တာ၊ လက်​အား​လျော့​သွား​တာ​မျိုး မဖြစ်​သင့်​ဘူး။ “စိုး​ရိမ်​စ​ရာ ရှိ​သမျှ​ကို ကိုယ်​တော့်​ထံ ပုံ​အပ်​ထား” ဖို့ မေတ္တာ​ရှင်​ဖခင် ယေဟောဝါ ဖိတ်​ခေါ်​ထား​တယ်။ (၁ ပေ. ၅:၇) အစ္စရေး​လူမျိုး​ကို စောင့်​ရှောက်ခဲ့​သလို ကျွန်​တော်​တို့​ကို​လည်း စောင့်​ရှောက်​ပါ​လိမ့်​မယ်။ ‘ယေဟောဝါ​သည် မကယ်​မတင်​နိုင်​အောင် လက်​တော်​တို​သည် မဟုတ်’ လို့ သူတို့​ကို ကိုယ်​တော် ပြော​ခဲ့​တယ်။ သစ္စာ​ရှိ​ကျေး​ကျွန်​တွေ​ကို ကယ်​တင်​ဖို့ ကိုယ်​တော် အမြဲအသင့်​ရှိ​တယ်။ (ဟေ​ရှာ. ၅၉:၁) ခက်​ခဲ​လွန်း​ပုံ​ရ​တဲ့ ပြဿ​နာ​တွေ​ကြား အလို​တော် ထမ်း​ဆောင်​နိုင်​အောင် ခွန်​အား​ပေး​ချင်​တဲ့ ဆန္ဒ​နဲ့ ပေး​နိုင်​စွမ်း​ရှိ​ကြောင်း ဖော်ပြတဲ့ ကျမ်း​စာ ပုံ​န​မူ​နာ​သုံး​ခု​ကို ဒီ​ဆောင်း​ပါး​မှာ ဆွေး​နွေး​သွား​ပါ​မယ်။ ဒီ​ပုံ​န​မူ​နာ​တွေ​က ကျွန်​တော်​တို့​ကို ဘယ်​လို အား​ရှိ​စေ​နိုင်​မှန်း ကြည့်​ကြ​စို့။

၆၊ ၇။ အာ​မလက်​တွေ​ကို အစ္စရေးတွေ အောင်​ပွဲ​ခံ​ခဲ့​ကြ​တဲ့ မှတ်​တမ်း​က​နေ ဘယ်​အရေး​ကြီး သင်​ခန်း​စာ​တွေ သင်​ယူ​နိုင်​သလဲ။

အစ္စရေးတွေ အီဂျစ်​ကျွန်​ဘဝ​က​နေ အံ့​ဖွယ်​နည်း​နဲ့ လွတ်​မြောက်​လာ​ပြီး မကြာ​ခင်​မှာ အာ​မလက်​တွေရဲ့ တိုက်​ခိုက်​မှု​ကို ခံ​ခဲ့ရ​တယ်။ မော​ရှေ​က ရဲ​စွမ်း​သတ္တိ​ရှိ​တဲ့ ယောရှု​ကို စစ်​ပွဲ​မှာ ဦး​ဆောင်​ဖို့ ပြော​တယ်။ အဲဒီ​နောက် အာ​ရုန်​နဲ့ ဟုရ​ကို အနီး​အနား​တောင်​ပေါ် ခေါ်​သွား​တယ်။ အဲဒီ​က​နေ စစ်​မြေပြင်​ကို မြင်​နိုင်​တယ်။ သူတို့​သုံး​ယောက် ကြောက်​ကြောက်​နဲ့ ထွက်​ပြေး​သွား​ကြ​တာ​လား။ လုံး​ဝ မဟုတ်​ပါ​ဘူး။

အောင်​ပွဲ​ခံ​စေ​မယ့် အစီ​အစဉ်​တစ်​ခု​ကို မော​ရှေ လုပ်​ဆောင်​ခဲ့​တယ်။ စစ်​မှန်​တဲ့ ဘု​ရား​သခင်​ရဲ့ တောင်​ဝှေး​ကို ကိုင်​ပြီး လက်​မြှောက်​ထား​တဲ့​အခါ အာ​မလက်​တွေ​ကို တိုက်​နိုင်​ဖို့ အစ္စရေးတွေ​ကို ယေဟောဝါ ခွန်​အား​ပေး​ခဲ့​တယ်။ ဒါ​ပေမဲ့ မော​ရှေ လက်​ညောင်း​ပြီး လက်​ကို ချ​လိုက်​တဲ့​အခါ အာ​မလက်​တွေ အနိုင်​ရ​ကြ​တယ်။ ဒါ​နဲ့ အာ​ရုန်​နဲ့ ဟုရ​က ‘ကျောက်​ကို ယူ​၍ မော​ရှေ​ကို ထိုင်​စေ​ပြီး​လျှင်၊ တစ်​ယောက်​တစ်​ဖက် နေ​၍ သူ​၏​လက်​ကို မကြ​၏။ သို့​ဖြစ်​၍ နေ​ဝင်​သည်​တိုင်​အောင် သူ​၏​လက်​တို့​သည် အမြဲနေ​လေ​၏။’ မှန်​ပါ​တယ်၊ ဘု​ရား​သခင်​ရဲ့ အား​ကြီး​တဲ့ လက်​ရုံး​ကြောင့် အစ္စရေးတွေ အောင်​ပွဲ​ခံ​ခဲ့​ကြ​တယ်။—ထွ. ၁၇:၈-၁၃

၈။ (က) ယုဒ​ပြည်​ကို အီ​သီ​ယိုး​ပီး​ယား​တွေ ခြိမ်း​ခြောက်​တဲ့​အခါ အာ​သ ဘာ​လုပ်​ခဲ့​သလဲ။ (ခ) ဘု​ရား​သခင်​ကို အား​ကိုး​တဲ့ အာ​သကို ဘယ်​လို တု​ပနိုင်​သလဲ။

ဘု​ရင် အာ​သခေတ်​မှာ​လည်း ယေဟောဝါ လက်​တော် မတို​ကြောင်း ပြသခဲ့​တယ်။ ကျမ်း​စာ​မှာ တိုက်​ပွဲ​များ​စွာ​အကြောင်း ဖော်ပြထား​တယ်။ စစ်​အင်အား​အများ​ဆုံး​က​တော့ (ကု​ရှ) အီ​သီ​ယိုး​ပီး​ယား​ဘု​ရင် ဇေ​ရရဲ့ စစ်​တပ်​ပဲ။ စစ်​ရည်​ဝ​နေ​တဲ့ စစ်​သား ၁,၀၀၀,၀၀၀ ရှိ​တယ်။ အာ​သရဲ့ စစ်​တပ်​ထက် နှစ်​ဆ​နီး​ပါး ပို​များ​တယ်။ အာ​သ စိုး​ရိမ်​ကြောက်​လန့်​ပြီး အလွယ်​တ​ကူ လက်​အား​လျှော့​မိ​နိုင်​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ဆီ ချက်​ချင်း အကူ​အညီ တောင်း​ခဲ့​တယ်။ စစ်​ရေး​အမြင်​အရ ကြည့်​ရင် အီ​သီ​ယိုး​ပီး​ယား​စစ်​တပ်​ကို နိုင်​ဖို့ မလွယ်​ဘူး။ ဒါ​ပေမဲ့ ‘ဘု​ရား​သခင်​ဟာ အရာ​ခပ်​သိမ်း​ကို တတ်​နိုင်​တယ်။’ (မ. ၁၉:၂၆) ယေဟောဝါ​ဘု​ရား မဟာ​တန်ခိုး ပြပြီး ‘ရှေ့​တော်​၌ စိတ်​နှလုံး စုံလင်​ခြင်း​ရှိ​တဲ့ အာ​သ’ ရှေ့​မှာ ‘ကု​ရှ​လူ​တို့​ကို ဒဏ်​ခတ်’ ခဲ့​တယ်။—၆ ရာ. ၁၄:၈-၁၃။ ၃ ရာ. ၁၅:၁၄

၉။ (က) ဂျေရု​ဆ​လင်​မြို့​ရိုး ပြန်​လည်​တည်​ဆောက်​ဖို့ ဘယ်​အခြေ​အနေ​တွေ​က နေဟမိ​ကို မတား​ဆီး​ခဲ့​သလဲ။ (ခ) နေဟမိ​ရဲ့ ဆုတောင်း​ချက်​ကို ယေဟောဝါ ဘယ်​လို အဖြေပေး​သလဲ။

နေဟမိ ဂျေရု​ဆ​လင်​ကို သွား​တဲ့​အခါ ဘယ်​လို​ခံစား​ရ​မယ်​ဆို​တာ မြင်​ယောင်​ကြည့်​ပါ။ မြို့​ဟာ အကာ​အကွယ် မဲ့​နေ​တယ်။ ဂျူး​တွေ စိတ်​ဓာတ်​ကျ​နေ​တယ်။ တိုင်း​တစ်ပါး ဆန့်​ကျင်​သူ​တွေရဲ့ ခြိမ်း​ခြောက်​မှု​ကြောင့် ဂျူး​တွေ လက်​အား​လျော့​ပြီး ဂျေရု​ဆ​လင်​မြို့​ရိုး​ကို ဆက်​မဆောက်​ကြ​တော့​ဘူး။ ဒီ​အခြေ​အနေ​ကြောင့် နေဟမိ လက်​အား​လျော့​ပြီး စိတ်​ဓာတ်​ကျ​သွား​သလား။ မကျ​ခဲ့​ပါ​ဘူး။ မော​ရှေ၊ အာ​သနဲ့ တ​ခြား သစ္စာ​ရှိ​ကျေး​ကျွန်​တွေ​လို​ပဲ ယေဟောဝါ​ဆီ အားကိုး​တကြီး ဆုတောင်း​ခဲ့​တယ်။ ယေဟောဝါ​လည်း အဖြေပေး​ခဲ့​တယ်။ “မဟာ​တန်ခိုး​တော်​နှင့် အား​ကြီး​သော လက်​တော်” ကို​သုံး​ပြီး ဂျူး​တွေ​ကို ခွန်​အား​ပေး​ခဲ့​တယ်။ (နေဟမိ ၁:၁၀၊ ၂:၁၇–၂၀ နဲ့ နေဟမိ ၆:၉ တို့​ကို ဖတ်​ပါ။) အခု​ချိန်​မှာ​လည်း “မဟာ​တန်ခိုး​တော်​နှင့် အား​ကြီး​သော လက်​တော်” ကို​သုံး​ပြီး မိမိ​ရဲ့​ကျေး​ကျွန်​တွေ​ကို ယေဟောဝါ အား​ရှိ​စေ​တယ်​ဆို​တာ သင်​ယုံ​ကြည်​ပါ​သလား။

သင့်​ကို ယေဟောဝါ အား​ရှိ​စေ​မယ်

၁၀၊ ၁၁။ (က) ကျွန်​တော်​တို့ လက်​အား​လျော့​စေ​ဖို့ စာ​တန် ဘယ်​လို ကြိုး​စား​နေ​သလဲ။ (ခ) ကျွန်​တော်​တို့​ကို ခွန်​အား​ပေး​ဖို့ ယေဟောဝါ ဘာ​တွေ​ကို အသုံး​ပြု​နေ​သလဲ။ (ဂ) ယေဟောဝါ​ရဲ့ ညွှန်​ကြား​ချက်​က​နေ သင် ဘယ်​လို အကျိုး​ရ​ရှိ​ခဲ့​ပြီလဲ။

၁၀ ကျွန်​တော်​တို့​ရဲ့ ခ​ရစ်​ယာန်​လုပ်ငန်း​ဆောင်​တာ​တွေ​ကို တား​ဆီး​ဖို့ ကြိုး​စား​ရာ​မှာ စာ​တန် ဘယ်​တော့​မှ လက်​မလျှော့​ဘူး​ဆို​တာ သေချာ​တယ်။ အစိုး​ရတွေ၊ ဘာ​သာ​ရေး ခေါင်း​ဆောင်​တွေ၊ အယူ​ဖောက်​ပြန်​သူ​တွေရဲ့ လိမ်​လည်​မှု​တွေ၊ ခြိမ်း​ခြောက်​မှု​တွေ​ကို သုံး​နေ​တယ်။ ရည်​ရွယ်​ချက်​က ဘာ​လဲ။ သတင်း​ကောင်း ဟော​ပြော​ခြင်း​လုပ်ငန်း ရပ်​တန့်​သွား​စေ​ဖို့​ပဲ။ ဒါ​ပေမဲ့ ကျွန်​တော်​တို့​ကို ယေဟောဝါ ကူညီ​နိုင်​တယ်၊ ကူညီ​ပေး​ချင်​တယ်။ သန့်​ရှင်း​သော စွမ်းအား​တော်​အား​ဖြင့် အား​ရှိ​စေ​တယ်။ (၅ ရာ. ၂၉:၁၂) ဒါ​ကြောင့် စာ​တန်​နဲ့ ဒီ​စ​နစ်​ဆိုး​ကို တိုက်​လှန်​နိုင်​အောင် စွမ်းအား​တော် တောင်း​ဖို့ အရေး​ကြီး​တယ်။ (ဆာ. ၁၈:၃၉။ ၁ ကော. ၁၀:၁၃) သမ္မာ​ကျမ်း​စာ​က​နေ ရ​ရှိ​တဲ့ အကူ​အညီ​အတွက်​လည်း ကျွန်​တော်​တို့ ကျေး​ဇူး​တင်​ကြ​တယ်။ လ​တိုင်း ကျမ်း​စာ​အခြေ​ပြု စာပေ​တွေ​က​နေ သိ​ရှိ​လာ​တာ​တွေ​ကို​လည်း စဉ်း​စား​ကြည့်​ပါ။ ဇာ​ခ​ရိ ၈:၉၊ ၁၃ (ဖတ်​ပါ) မှာ​ပါ​တဲ့ စကား​တွေ​ဟာ ဂျေရု​ဆ​လင် ဗိမာန်​တော် ပြန်​လည်​တည်​ဆောက်​ချိန်​မှာ ရေး​သား​ခဲ့​တာ ဖြစ်​ပေမဲ့ ဒီ​နေ့​ခေတ်​အတွက်​လည်း အခန့်​သင့်​ပါ​ပဲ။

၁၁ ပတ်​စဉ် အစည်း​အဝေး​တွေ၊ အစည်း​အဝေး​ကြီး​တွေ၊ ကျမ်း​စာ​သင်​တန်း​တွေ​မှာ ရ​ရှိ​တဲ့ ညွှန်​ကြား​ချက်​တွေ​အား​ဖြင့်​လည်း ယေဟောဝါ ခွန်​အား​ပေး​တယ်။ အဲဒီ​ညွှန်​ကြား​ချက်​တွေ​က တော်​မှန်​တဲ့ သဘော​ထား​နဲ့ အမှု​ဆောင်​နိုင်​အောင်၊ ဘု​ရားရေးရာ ပန်း​တိုင်​တွေ ချ​မှတ်​နိုင်​အောင်၊ ခ​ရစ်​ယာန်​တာဝန်​တွေ ထမ်း​ဆောင်​နိုင်​အောင် ကူညီ​ပေး​တယ်။ (ဆာ. ၁၁၉:၃၂) ယေဟောဝါ​ရဲ့ ညွှန်​ကြား​ချက်​က​နေ ခွန်​အား​ရ​ဖို့ သင် ထက်​ထက်​သန်​သန် ကြိုး​စား​နေ​သလား။

၁၂။ ခွန်​အား​ရှိ​နေ​ဖို့ ဘာ​လုပ်​ဆောင်​ရ​မလဲ။

၁၂ ယေဟောဝါ​က အာ​မလက်​တွေ​နဲ့ အီ​သီ​ယိုး​ပီး​ယား​တွေ​ကို အနိုင်​ရ​အောင် အစ္စရေးတွေ​ကို ကူညီ​ပေး​ခဲ့​တယ်။ ဂျေရု​ဆ​လင်​မြို့​ရိုး အပြီး​သတ်​နိုင်​အောင် နေဟမိ​နဲ့ ဂျူး​တွေ​ကို ခွန်​အား​ပေး​ခဲ့​တယ်။ အဲဒီ​လို​ပဲ စိုး​ရိမ်​ပူ​ပန်​မှု​တွေ၊ ဆန့်​ကျင်​မှု​တွေ၊ လျစ်​လျူ​ရှု​မှု​တွေ​ကြား​မှာ ဆက်​ဟော​ပြော​နိုင်​အောင် ကျွန်​တော်​တို့​ကို ခွန်​အား​ပေး​ပါ​လိမ့်​မယ်။ (၁ ပေ. ၅:၁၀) ပြဿ​နာ​တွေ အံ့​ဖွယ်​နည်း​နဲ့ ပျောက်​သွား​အောင်​တော့ ယေဟောဝါ လုပ်​ပေး​မှာ မဟုတ်​ဘူး။ အဲဒီ​အစား ကိုယ့်​ဘက်​က လုပ်​စ​ရာ​ရှိ​တာ လုပ်​ရ​မယ်။ နေ့​တိုင်း ကျမ်း​စာ​ဖတ်​ရ​မယ်။ ပတ်​စဉ် အစည်း​အဝေး​တွေ​ကို ပြင်​ဆင်​ပြီး တက်​ရောက်ရ​မယ်။ ကိုယ်​ပိုင်​လေ့​လာ​မှု​နဲ့ မိသား​စု ဝတ်​ပြု​မှု မှန်​မှန် လုပ်​ရ​မယ်။ ယေဟောဝါ​ဆီ အား​ကိုး​တ​ကြီး ဆုတောင်း​နေ​ရ​မယ်။ အဲဒီ​ကိစ္စ​တစ်​ခု​ခု​မှာ လက်​အား​လျော့​နေ​တာ သတိ​ပြု​မိ​ရင် ယေဟောဝါ​ဆီ အကူ​အညီ တောင်း​လိုက်​ပါ။ ကျွန်​တော်​တို့​ကို ခွန်​အား​ပေး​ဖို့ ယေဟောဝါ အသုံး​ပြု​နေ​တဲ့ အရာ​မှန်​သမျှ​က​နေ အာ​ရုံ​လွဲ​သွား​တာ​မျိုး အဖြစ်​မခံ​ပါ​နဲ့။ အဲဒီ​နောက် ဘု​ရား​သခင့် စွမ်းအား​တော်​က ကျွန်​တော်​တို့​ကို ‘လုပ်​ဆောင်​ချင်​စိတ်​သာ​မက လုပ်​ဆောင်​နိုင်​စွမ်း​ကို​ပါ’ ဘယ်​လို ပေး​တယ်​ဆို​တာ သတိ​ပြု​ကြည့်​ပါ။ (ဖိ. ၂:၁၃) တ​ခြား​သူ​တွေ​ကို​လည်း သင် ဘယ်​လို အား​ရှိ​စေ​နိုင်​သလဲ။

အား​လျော့​နေ​တဲ့ လက်​တွေ​ကို အား​ရှိ​စေ​ပါ

၁၃၊ ၁၄။ (က) ဇနီး ဆုံး​ပါး​သွား​တဲ့ ညီ​အစ်​ကို​တစ်​ယောက် ဘယ်​လို ခွန်​အား​ရ​ရှိ​ခဲ့​သလဲ။ (ခ) တ​ခြား​သူ​တွေ​ကို ကျွန်​တော်​တို့ ဘယ်​လို အား​ရှိ​စေ​နိုင်​သလဲ။

၁၃ ကျွန်​တော်​တို့​ကို အား​ရှိ​စေ​နိုင်​တဲ့ ကမ္ဘာ​ချီ ညီ​အစ်​ကို​အသင်း​အပင်း​တစ်​ခု ယေဟောဝါ ပေး​ထား​တယ်။ တမန်​တော် ပေါလု ဒီ​လို​ပြော​တယ်– “တွဲ​လဲ​နေ​သော​လက်​နှင့် မခိုင်​သော​ဒူး​များ​ကို ခိုင်​ခံ့​စေ​ကြ​လော့။ . . . သင်​တို့​သွား​ရာ​လမ်း​များ​ကို ဖြောင့်​စေ​ကြ​လော့။” (ဟေဗြဲ ၁၂:၁၂၊ ၁၃) ပထ​မရာ​စု ခ​ရစ်​ယာန်​များ​စွာ​ဟာ ညီ​အစ်​ကို/မတွေ​ဆီ​က​နေ အဲဒီ​လို အကူ​အညီ ရ​ရှိ​ခဲ့​ကြ​တယ်။ ဒီ​နေ့​လည်း အလား​တူ​ပါ​ပဲ။ ဥပမာ​တစ်​ခု သုံးသပ်​ကြည့်​ပါ။ ဇနီး​ဆုံး​ပါး​ပြီး​တဲ့​နောက် တ​ခြား​အခက်​အခဲ​တွေ ကြုံခဲ့ရ​တဲ့ ညီ​အစ်​ကို​တစ်​ယောက် ဒီ​လို​ပြော​တယ်– “ဘယ်​စမ်း​သပ်​မှု​ကို ဘယ်​အချိန်​မှာ ဘယ်​နှစ်​ကြိမ် ခံ​မယ်​ဆို​တာ ရွေး​ချယ်​လို့ မရ​ဘူး။ ဆုတောင်း​ခြင်း​နဲ့ ကိုယ်​ပိုင်​လေ့​လာ​မှု​က ရေ​ပေါ် ပေါ​လော​ပေါ်​စေ​တဲ့ အသက်​ကယ်​အင်္ကျီ​နဲ့ တူ​တယ်။ ညီ​အစ်​ကို/မတွေရဲ့ ကူညီ​ထောက်မ​မှု​တွေ​ကြောင့် နှစ်​သိမ့်​မှု အများ​ကြီး ခံစား​ရ​တယ်။ အခက်​အခဲ​တွေ မကြုံ​ခင်​က​တည်း​က ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​ဖို့ အရေး​ကြီး​မှန်း ကျွန်​တော် သိ​ခဲ့ရ​တယ်။”

အသင်း​တော်​မှာ ရှိ​သူ​တိုင်း တ​ခြား​သူ​တွေ​ကို အား​ပေး​နိုင် (အပိုဒ် ၁၄ ကိုကြည့်​ပါ)

၁၄ အာ​ရုန်​နဲ့ ဟုရ​ဟာ အာ​မလက်​တွေ​နဲ့ တိုက်​ပွဲ​အတွင်း မော​ရှေ​ရဲ့​လက်​ကို ထောက်မ​ပေး​ခြင်း​အား​ဖြင့် အား​ရှိ​စေ​ခဲ့​ကြ​တယ်။ ဒီ​နေ့​လည်း တ​ခြား​သူ​တွေ​ကို ကူညီ​ထောက်မ​နိုင်​တဲ့ နည်း​လမ်း​တွေ ရှာ​သင့်​တယ်။ ညီ​အစ်​ကို/မတ​ချို့​ဟာ အသက်​ကြီး​လို့၊ ကျန်း​မာ​ရေး မကောင်း​လို့၊ မိသား​စု​ရဲ့ ဆန့်​ကျင်​မှု ခံ​ရလို့၊ အထီး​ကျန်​လို့၊ ချစ်​ရ​သူ တစ်​ယောက်​ယောက် ဆုံး​ပါး​သွား​လို့ စိတ်​ဆင်း​ရဲ​နေ​ကြ​တယ်။ အမှား​တွေ ကျူး​လွန်​ဖို့၊ လော​က​မှာ အောင်​မြင်​မှု ရှာ​ဖို့ ဖိ​အား​ပေး​ခံ​နေ​ရ​တဲ့ လူငယ်​တွေ​ကို​လည်း အား​ပေး​နိုင်​ပါ​တယ်။ (၁ သက်. ၃:၁-၃။ ၅:၁၁၊ ၁၄) နိုင်​ငံ​တော်​ခန်း​မမှာ၊ အမှု​ဆောင်​မှာ၊ အတူ​စား​သောက်​ချိန်​မှာ၊ ဖုန်း​ဆက်​ချိန်​မှာ တ​ခြား​သူ​တွေ​ကို အမှန်​တ​ကယ် စိတ်​ဝင်​စား​ကြောင်း ပြသနိုင်​တဲ့ နည်း​လမ်း​တွေ​ကို ရှာ​ဖွေ​ပါ။

၁၅။ သင့်​ရဲ့ တည်​ဆောက်​မှု ဖြစ်​စေ​တဲ့ စကား​တွေ​က ညီ​အစ်​ကို/မတွေ​အပေါ် ဘယ်​လို အကျိုး​သက်​ရောက်​နိုင်​သလဲ။

၁၅ အီ​သီ​ယိုး​ပီး​ယား စစ်​တပ်​ကြီး​ကို အာ​သ အောင်​နိုင်​ပြီး​တဲ့​နောက် သူ​နဲ့ အပေါင်း​ပါ​တွေ​ကို ပရော​ဖက် အာ​ဇ​ရိ အခု​လို အား​ပေး​ခဲ့​တယ်– “သင်​တို့​မူ​ကား အား​ယူ​ကြ​လော့။ လက်​အား​မလျော့​စေ​နှင့်။ သင်​တို့​ကျင့်​သည်​အတိုင်း အကျိုး​ကို ခံ​ရ​ကြ​မည်။” (၆ ရာ. ၁၅:၇) ဒီ​စကား​တွေ​က စစ်​မှန်​တဲ့ ဝတ်​ပြု​ရေး​ကို ပြန်​တည်​ထောင်​ရာ​မှာ အပြောင်း​အလဲ​များ​စွာ ပြု​လုပ်​ဖို့ အာ​သကို အား​ရှိ​စေ​ခဲ့​တယ်။ အဲဒီ​လို​ပဲ သင့်​ရဲ့​တည်​ဆောက်​မှု ဖြစ်​စေ​တဲ့ စကား​တွေ​က ယေဟောဝါ​ရဲ့ အမှု​တော်​မှာ ဆက်​ပါ​ဝင်​ဖို့ တ​ခြား​သူ​တွေ​ကို အား​ရှိ​စေ​နိုင်​တယ်။ (သု. ၁၅:၂၃) အစည်း​အဝေး​တွေ​မှာ သင့်​ရဲ့​အား​ရှိ​စ​ရာ မှတ်​ချက်​တွေ​က ညီ​အစ်​ကို/မတွေ​အတွက် ခွန်​အား​ဖြစ်​စေ​နိုင်​တယ်​ဆို​တာ ဘယ်​တော့​မှ မမေ့​ပါ​နဲ့။

၁၆။ နေဟမိ​ကို အကြီး​အကဲ​တွေ ဘယ်​လို တု​ပနိုင်​သလဲ။ သင့်​ကို ညီ​အစ်​ကို/မတွေ ကူညီ​ပေး​ခဲ့​တဲ့ တွေ့​ကြုံ​မှု​တွေ ပြော​ပြပါ။

၁၆ နေဟမိ​နဲ့ ဂျူး​တွေ​ဟာ ယေဟောဝါ​ရဲ့ အကူ​အညီ​ကြောင့် အား​ရှိ​ခဲ့​ကြ​တယ်။ ဂျေရု​ဆ​လင်​မြို့​ရိုး​ကို ၅၂ ရက်​တည်း​နဲ့ လက်​စ​သတ်​နိုင်​ခဲ့​ကြ​တယ်။ (နေ. ၂:၁၈။ ၆:၁၅၊ ၁၆) နေဟမိ​ဟာ အလုပ်​ကို ကြီး​ကြပ်​ပေး​ရုံ​သာ​မက ဆောက်​လုပ်​ရေး​မှာ ကိုယ်​တိုင်​ကိုယ်​ကျ ပါ​ဝင်​ခဲ့​တယ်။ (နေ. ၅:၁၆) အဲဒီ​လို​ပဲ အကြီး​အကဲ​များ​စွာ​ဟာ ဆောက်​လုပ်​ရေး၊ နိုင်​ငံ​တော်​ခန်း​မ သန့်​ရှင်း​ရေး​နဲ့ ပြု​ပြင်​ထိန်း​သိမ်း​ရေး​မှာ ကူညီ​ပေး​ခြင်း​အား​ဖြင့် နေဟမိ​ကို တုပ​နေ​ကြ​တယ်။ ဒီ​မေတ္တာ​ရှိ အကြီး​အကဲ​တွေ​ဟာ စိုး​ရိမ်​သော​က ရောက်​နေ​တဲ့ ညီ​အစ်​ကို/မတွေ​ဆီ လည်​ပတ်​ခြင်း၊ သူတို့​နဲ့​အတူ အမှု​ဆောင်​လုပ်ငန်း​မှာ ပါ​ဝင်​ခြင်း​အား​ဖြင့် အား​ရှိ​စေ​ကြ​တယ်။ဟေ​ရှာ​ယ ၃၅:၃၊ ၄ ကို​ဖတ်​ပါ။

“လက်​အား​မလျော့​စေ​နှင့်”

၁၇၊ ၁၈။ ပြဿ​နာ​တွေ ကြုံရ​ပြီး စိုး​ရိမ်​ပူ​ပန်​လာ​တဲ့​အခါ ဘာ​ကို ယုံ​ကြည်​စိတ်​ချ​နိုင်​သလဲ။

၁၇ ညီ​အစ်​ကို/မတွေ​နဲ့ အတူ​တ​ကွ လုပ်​ဆောင်​တာ​က စည်း​လုံး​မှု​ကို တိုး​များ​စေ​တယ်။ တည်​မြဲတဲ့ မိတ်ဆွေ​တွေ ဖြစ်​လာ​အောင် ကူညီ​ပေး​တယ်။ မကြာ​ခင် ဘု​ရား​သခင့် နိုင်​ငံ​တော်​မှာ ရ​ရှိ​မယ့် ကောင်း​ချီးတွေ​ကို ပို​ယုံ​ကြည်​စိတ်​ချ​စေ​တယ်။ တ​ခြား​သူ​တွေ​ကို အား​ရှိ​စေ​တာ​က ခက်​ခဲ​တဲ့ အခြေ​အနေ​တွေ​ကို ခံ​ရပ်​နိုင်​အောင်၊ အနာ​ဂတ်​နဲ့​ပတ်​သက်​ပြီး အကောင်း​မြင် သဘော​ထား ရှိ​အောင် ကူညီ​ပေး​ရာ ရောက်​တယ်။ အဲဒီ​အပြင် ကိုယ်​တိုင်​လည်း အား​ရှိ​ပြီး အနာ​ဂတ်​ကို​ပဲ အာ​ရုံ​စိုက်​ဖို့ ကူညီ​ပေး​တယ်။

၁၈ ရှေး​ခေတ် သစ္စာ​ရှိ ကျေး​ကျွန်​တွေ​ကို ယေဟောဝါ ဘယ်​လို ကူညီ​ကာ​ကွယ်​ပေး​ခဲ့​မှန်း စဉ်း​စား​ကြည့်​တဲ့​အခါ ကိုယ်​တော့်​အပေါ် ယုံ​ကြည်​စိတ်​ချ​မှု တိုး​များ​လာ​တယ်။ ဒါ​ကြောင့် ပြဿ​နာ​တွေ ကြုံရ​ပြီး စိုး​ရိမ်​ပူ​ပန်​လာ​တဲ့​အခါ “လက်​အား​မလျော့​စေ” ပါ​နဲ့။ အကူ​အညီ​အတွက် ဆုတောင်း​မယ်​ဆို​ရင် ကိုယ်​တော့် အား​ကြီး​တဲ့ လက်​ရုံး​တော်​က သင့်​ကို အား​ရှိ​စေ​ပြီး အနာ​ဂတ် ဘု​ရား​နိုင်​ငံ​တော် ကောင်း​ချီးတွေ ရ​ရှိ​စေ​မယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။—ဆာ. ၇၃:၂၃၊ ၂၄