မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘု​ရား​သခင်​၏ တ​ရား​စကား​တော်​သည် အသက်​ရှင်”

စာရှုသူ​များ​ထံ​မှ မေး​ခွန်း​လွှာ

စာရှုသူ​များ​ထံ​မှ မေး​ခွန်း​လွှာ

ဟေဗြဲ ၄:၁၂ မှာ “အသက်​ရှင်​၍ တန်ခိုး​ရှိ​၏” လို့​ဆို​ထား​တဲ့ “ဘု​ရား​သခင်​၏ တ​ရား​စကား​တော်” က ဘာ​လဲ။

ကျမ်း​စာ​မှာ​ပါ​တဲ့ ဘု​ရား​သခင့် ရည်​ရွယ်​ချက် သတင်း​တ​ရား​ကို တမန်​တော်​ပေါလု ရည်​ညွှန်း​မှန်း ရှေ့​နောက်​စကား​က ဖော်ပြတယ်။

ကျမ်း​စာ​ဟာ ဘဝ​ကို ပြောင်း​လဲ​ပေး​နိုင်​တဲ့ အစွမ်း​တန်ခိုး​ရှိ​ကြောင်း ဖော်ပြတဲ့ ကျမ်း​စာ​အခြေ​ပြု​စာပေ​တွေ​မှာ ဟေဗြဲ ၄:၁၂ ကို ရည်​ညွှန်း​ကိုး​ကား​လေ့​ရှိ​တာ သင့်​တော်​လှ​ပါ​တယ်။ ဟေဗြဲ ၄:၁၂ ကို ကျယ်​ကျယ်​ပြန့်​ပြန့် သုံးသပ်​ရင် အထောက်​အကူ ပြု​ပါ​တယ်။ ဒီ​မှာ ဘု​ရား​သခင့် ရည်​ရွယ်​ချက်​တွေ​နဲ့​အညီ ပူး​ပေါင်း​လုပ်​ဆောင်​ဖို့ ဟီ​ဘ​ရူး​ခ​ရစ်​ယာန်တွေ​ကို ပေါလု အား​ပေး​တိုက်​တွန်း​နေ​တာ ဖြစ်​တယ်။ အဲဒီ​ရည်​ရွယ်​ချက်​တွေ​ကို ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ အီဂျစ်​ပြည်​က​နေ ကယ်​တင်​ခံ​ခဲ့ရ​တဲ့ အစ္စရေးတွေ​ကို န​မူ​နာ​အဖြစ် ပေါလု အသုံး​ပြု​ခဲ့​တယ်။ သူတို့​ဟာ အမှန်​တ​ကယ် အနား​ယူ​ခွင့်​ရ​မယ့် ကတိ​ထား​ရာ​ပြည်၊ ‘နို့​နဲ့ ပျား​ရည်​စီး​ရာ​ပြည်’ ထဲ ဝင်​ခွင့်​ရ​မယ့် အလား​အလာ ရှိ​ထား​ကြ​တယ်။—ထွ. ၃:၈။ တ​ရား. ၁၂:၉၊ ၁၀

အဲ​ဒါ​က ဘု​ရား​သခင့် ရည်​ရွယ်​ချက်​ပါ​ပဲ။ နောက်​ပိုင်း​မှာ အစ္စရေးတွေ​ဟာ စိတ်​နှလုံး ခိုင်​မာ​လာ​ကြ​ပြီး ယုံ​ကြည်​ခြင်း ကင်း​မဲ့​လာ​ကြ​တယ်။ ဒါ​ကြောင့် အများ​စု​ဟာ အနား​ယူ​ရာ​ထဲ မဝင်​ခဲ့​ကြ​ရ​ဘူး။ (တော. ၁၄:၃၀။ ယောရှု ၁၄:၆-၁၀) ဒါ​ပေမဲ့ ပေါလု​က “[ဘု​ရား​သခင်] ၏ အနား​ယူ​ရာ​ထဲ​သို့ ဝင်​ခြင်း​နှင့်​ဆိုင်​သော ကတိ​တော် ရှိ​သေး” တယ်​လို့ ထပ်​ပြော​ခဲ့​တယ်။ (ဟေဗြဲ ၃:၁၆-၁၉။ ၄:၁) “ကတိ​တော်” ဆို​တာ ဘု​ရား​သခင့် ရည်​ရွယ်​ချက် တစ်​စိတ်​တစ်​ပိုင်း ဖြစ်​မှန်း ထင်​ရှား​ပါ​တယ်။ ဟီ​ဘ​ရူး​ခ​ရစ်​ယာန်တွေ​လို​ပဲ ကျွန်​တော်​တို့​လည်း အဲဒီ​ရည်​ရွယ်​ချက်​ကို ဖတ်​ရှု​ပြီး အဲ​ဒါ​နဲ့​အညီ ပူး​ပေါင်း​လုပ်​ဆောင်​နိုင်​တယ်။ ဒီ​ကတိ​တော်​ဟာ ကျမ်း​စာ​အပေါ် အခြေ​ခံ​ထား​မှန်း အလေး​ပေး​ဖို့ ကမ္ဘာဦး ၂:၂ နဲ့ ဆာလံ ၉၅:၁၁ တို့​ကို ပေါလု တစ်​စိတ်​တစ်​ပိုင်း ကိုး​ကား​ပြခဲ့​တယ်။

“[ဘု​ရား​သခင်] ၏ အနား​ယူ​ရာ​ထဲ​သို့ ဝင်​ခြင်း​နှင့်​ဆိုင်​သော ကတိ​တော် ရှိ​သေး” တယ်​ဆို​တဲ့​အချက်​က ကျွန်​တော်​တို့​ရဲ့​စိတ်​နှလုံး​ကို ထိ​မိ​စေ​သင့်​ပါ​တယ်။ ကျမ်း​စာ​အပေါ် အခြေ​ခံ​ထား​တဲ့ ဘု​ရား​သခင့် အနား​ယူ​ရာ​ထဲ ဝင်​ရ​မယ်​ဆို​တဲ့ အလား​အလာ​ဟာ တ​ကယ် ဖြစ်​နိုင်​မှန်း ကျွန်​တော်​တို့ ယုံ​ကြည်​ကြ​တယ်၊ ဝင်​ဖို့​လည်း ခြေ​လှမ်း​စ​နေ​ကြ​ပါ​ပြီ။ မော​ရှေ​ပညတ်​ကို လိုက်​လျှောက်​ဖို့၊ တ​ခြား​လုပ်​ရပ်တွေ​နဲ့ ဘုရား​သခင့် မျက်​နှာ​သာ​ရ​ဖို့ ကြိုး​စား​ခြင်း​အား​ဖြင့် ခြေ​လှမ်း​စ​ခဲ့​ကြ​တာ မဟုတ်​ဘူး။ ဘု​ရား​သခင် ဖော်ပြထား​တဲ့ ရည်​ရွယ်​ချက်​တွေ​နဲ့​အညီ ယုံ​ကြည်​ခြင်း​ကြောင့် ဝမ်း​သာ​အား​ရ ပူး​ပေါင်း​လုပ်​ဆောင်​ခဲ့​ကြ​သလို ဆက်​ပြီး ပူး​ပေါင်း​လုပ်​ဆောင်​နေ​ကြ​တယ်။ ဒီ့​အပြင် အထက်​မှာ ဖော်ပြခဲ့​သလို​ပဲ ကမ္ဘာ​တစ်​ဝန်း​က လူ​ထောင်​ပေါင်း​များ​စွာ​ဟာ ကျမ်း​စာ​ကို စတင်​လေ့​လာ​ပြီး ဘု​ရား​သခင့် ရည်​ရွယ်​ချက်​တွေ​ကို သိ​ရှိ​လာ​ကြ​တယ်။ ဘဝ​ပုံ​စံ​ကို ပြောင်း​လဲ​ခဲ့​ကြ​တယ်၊ ယုံကြည်​ခြင်း တင်​ပြခဲ့​ကြ​တယ်၊ နှစ်ခြင်း​ခံ​ပြီး​တဲ့ ခ​ရစ်​ယာန်တွေ ဖြစ်​လာ​ကြ​တယ်။ သူတို့​တစ်​တွေ ပြု​ပြင်​ပြောင်း​လဲ​လာ​တာ​က “ဘု​ရား​သခင်​၏ တ​ရား​စကား​တော်​သည် အသက်​ရှင်​၍ တန်ခိုး​ရှိ” ကြောင်း ထင်​ရှား​တဲ့ သက်​သေပါ​ပဲ။ ကျမ်း​စာ​မှာ ဖော်ပြထား​သလို​ပဲ ဘု​ရား​သခင့် ရည်​ရွယ်​ချက်​က ကျွန်​တော်​တို့​ရဲ့ ဘဝ​အပေါ် အကျိုး​သက်​ရောက်ခဲ့​ပါ​ပြီ။ ဆက်​ပြီး​တော့​လည်း အစွမ်း​တန်ခိုး ရှိ​နေ​ဦး​မှာ​ပါ​ပဲ။