အစိုးရအရာရှိတွေရှေ့ သတင်းကောင်းကို ခုခံကာကွယ်ခြင်း
‘ထိုသူသည် လူမျိုးခြားတို့နှင့် ရှင်ဘုရင်များထံသို့ ငါ၏နာမကို ပို့ဆောင်စေရန် ငါရွေးကောက်သော တန်ဆာဖြစ်၏။’ (တ. ၉:၁၅) ခရစ်ယာန်ဘာသာထဲ ပြောင်းဝင်လာတဲ့ လူသစ်ဂျူးတစ်ယောက်အကြောင်း သခင်ယေရှု ပြောနေတာ။ အဲဒီလူဟာ တမန်တော်ပေါလုလို့ လူသိများလာတယ်။
ယေရှုပြောတဲ့ “ဘုရင်” ကတော့ ရောမဧကရာဇ် နီရိုပဲ။ သူ့လိုလူရှေ့ ကိုယ့်ယုံကြည်ချက်ကို ခုခံကာကွယ်ရတော့မယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ။ ကြောက်မိမှာပဲ။ ဒါပေမဲ့ ပေါလုကို တုပဖို့ ခရစ်ယာန်တွေကို အားပေးထားတယ်။ (၁ ကော. ၁၁:၁) တုပနိုင်တဲ့ နည်းတစ်နည်းကတော့ ပေါလုရင်ဆိုင်ခဲ့ရတဲ့ တရားရေး အမှုအခင်းတွေနဲ့ ပတ်သက်တယ်။
ပညတ်တရားဟာ အစ္စရေးနိုင်ငံရဲ့ ဥပဒေဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ ဂျူးတွေအတွက် ကိုယ်ကျင့်တရားစံနှုန်း ဖြစ်တယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ နောက်ပိုင်းမှာ ခရစ်ယာန်စစ်တွေဟာ ပညတ်တရားကို လိုက်လျှောက်ဖို့ မလိုအပ်တော့ဘူး။ (တ. ၁၅:၂၈၊ ၂၉။ ဂလ. ၄:၉-၁၁) ဒါပေမဲ့ ပေါလုနဲ့ တခြားခရစ်ယာန်တွေဟာ ပညတ်တရားကို မလေးမစား မလုပ်ခဲ့ကြဘူး။ ဂျူးရပ်ကွက်များစွာမှာ အတားအဆီးမရှိ ဟောပြောနိုင်ခဲ့ကြတယ်။ (၁ ကော. ၉:၂၀) တကယ်တော့ အာဗြဟံရဲ့ ဘုရားကို သိထားသူတွေ၊ ဟီဘရူးကျမ်းစောင်တွေကို အခြေခံပြီး ကျိုးကြောင်းဆင်ခြင်နိုင်မယ့်သူတွေရှိတဲ့ တရားဇရပ်တွေကို ပေါလု ခဏခဏ သွားခဲ့တယ်။—တ. ၉:၁၉၊ ၂၀။ ၁၃:၅၊ ၁၄-၁၆။ ၁၄:၁။ ၁၇:၁၊ ၂။
တမန်တော်တွေဟာ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားဖို့ ဗဟိုအဖြစ် ဂျေရုဆလင်ကို ရွေးချယ်ခဲ့တယ်။ ဗိမာန်တော်တွေမှာ မှန်မှန်သွန်သင်ကြတယ်။ (တ. ၁:၄။ ၂:၄၆။ ၅:၂၀) တစ်ခါမှာ ဂျေရုဆလင်ကို ပေါလု သွားတယ်။ အဲဒီမှာ အကျဉ်းချခံလိုက်ရတယ်။ အဲဒီအမှုကြောင့် နောက်ဆုံး ရောမကို ရောက်သွားတယ်။
ပေါလုနဲ့ ရောမဥပဒေ
ပေါလု ဟောပြောတဲ့ ယုံကြည်ချက်တွေကို ရောမအာဏာပိုင်တွေ ဘယ်လို သဘောထားကြသလဲ။ အဖြေသိဖို့ ဘာသာတရားအပေါ် ရောမတွေရဲ့ သဘောထားကို ဆန်းစစ်ကြည့်တာ ကောင်းပါတယ်။ အစိုးရ ဒါမှမဟုတ် ကိုယ်ကျင့်တရားအတွက် အန္တရာယ်မရှိသရွေ့ အင်ပါယာအတွင်းမှာရှိတဲ့ ဘယ်သူ့ကိုမှ ကိုယ့်ဘာသာတရားကို စွန့်ဖို့ ရောမတွေ ဖိအားမပေးဘူး။
* ရောမအာဏာပိုင်တွေရှေ့ ခရစ်ယာန်ဘာသာကို ခုခံကာကွယ်ချိန်မှာ ဂျူးဘာသာနဲ့ပတ်သက်တဲ့ ရောမဥပဒေကို ပေါလု အသုံးပြုခဲ့တယ်။
ဂျူးတွေကို ရောမတွေ တော်တော်အခွင့်အရေး ပေးတယ်။ “ဂျူးဘာသာဟာ ရောမအင်ပါယာမှာ မျက်နှာသာရတယ်။ . . . လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ရှိပြီး ရောမနိုင်ငံရဲ့ နတ်ဘုရား ကိုးကွယ်မှုကနေ ကင်းလွတ်ခွင့် ရတယ်။ ဂျူးအသိုင်းအဝိုင်းအတွင်း ပညတ်တရားကို ကျင့်သုံးနိုင်တယ်” လို့ စာအုပ်တစ်အုပ် (Backgrounds of Early Christianity) မှာ ဖော်ပြထားတယ်။ စစ်ထဲလည်း ဝင်စရာ မလိုဘူး။တမန်တော် ပေါလုကို ဆန့်ကျင်သူတွေက သူ့အပေါ် ပြည်သူလူထုနဲ့ အာဏာပိုင်တွေ အထင်မှားအောင် နည်းအမျိုးမျိုး ကြိုးစားကြတယ်။ (တ. ၁၃:၅၀။ ၁၄:၂၊ ၁၉။ ၁၈:၁၂၊ ၁၃) ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။ “မောရှေ၏ တရားနှင့်ဆန့်ကျင်သော ဖောက်ပြန်သည့်အယူကို” ပေါလု သွန်သင်ပေးနေတယ်ဆိုတဲ့ ကောလာဟလကို ဂျေရုဆလင်အသင်းတော်မှာရှိတဲ့ ခရစ်ယာန်အကြီးအကဲတွေ ကြားတယ်။ ဒါကြောင့် ဘုရားသခင့် အစီအစဉ်ကို ပေါလု မလေးစားဘူးလို့ ဘာသာပြောင်းဝင်လာတဲ့ ဂျူးခရစ်ယာန်တချို့ ထင်သွားနိုင်တယ်။ ဂျူးတရားရုံးချုပ်ကလည်း ခရစ်ယာန်ဘာသာကို အယူဖောက်ပြန်တဲ့ဂိုဏ်းလို့ စွပ်စွဲနိုင်တယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် ခရစ်ယာန်တွေနဲ့ ပေါင်းနေတဲ့ ဂျူးတွေ အပြစ်ပေးခံရနိုင်တယ်။ အပယ်ခံတွေ ဖြစ်သွားနိုင်ပြီး ဗိမာန်တော်တွေ၊ တရားဇရပ်တွေမှာ သက်သေခံခွင့် ပိတ်သွားနိုင်တယ်။ ဒါကြောင့် ဗိမာန်တော်ကို သွားပြီး ဂျူးထုံးစံတစ်ခု လုပ်ဖို့ ပေါလုကို ခရစ်ယာန်အကြီးအကဲတွေ အကြံပေးတယ်။ ဒါမှ အဲဒီကောလာဟလတွေ မှားမှန်း သက်သေပြနိုင်မယ်။ အဲဒီထုံးစံကို လိုက်ဖို့ ဘုရားသခင် မတောင်းဆိုထားပေမဲ့ လုပ်ရင်လည်း မမှားပါဘူး။—တ. ၂၁:၁၈-၂၇။
အဲဒီအတိုင်း ပေါလု လုပ်တဲ့အတွက် ‘သတင်းကောင်းကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်စေ’ ဖို့ အခွင့်အရေးတွေ ရခဲ့တယ်။ (ဖိ. ၁:၇) ဗိမာန်တော်မှာ ဂျူးတွေ ဆူပူအုံကြွပြီး ပေါလုကို သတ်ဖို့ ကြိုးစားကြတယ်။ ရောမစစ်သူကြီးက ပေါလုကို ဖမ်းခေါ်သွားပြီး ကြိမ်ဒဏ်ပေးဖို့ အမိန့်ပေးတယ်။ အဲဒီအခါ ရောမနိုင်ငံသားဖြစ်မှန်း ပေါလု ထုတ်ပြောလိုက်တဲ့အတွက် ကဲသရိမြို့ကို ခေါ်သွားကြတယ်။ အဲဒီမြို့ကနေ ယုဒပြည်ကို ရောမတွေ အုပ်ချုပ်တယ်။ အာဏာပိုင်တွေကို သက်သေခံဖို့ ပုံမှန်မဟုတ်တဲ့ အခွင့်အရေးတွေကို အဲဒီမှာ ပေါလု ရရှိခဲ့တယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာအကြောင်း သိပ်မသိသူတွေ သိခွင့်ရလာခဲ့ကြတယ်။
ယုဒပြည်ကို အုပ်ချုပ်တဲ့ ရောမဘုရင်ခံ ဖေလဇ်မင်းရှေ့ ပေါလုရဲ့ လျှောက်လဲချက်ကို တမန်တော်အခန်းကြီး ၂၄ မှာ ဖော်ပြထားတယ်။ ခရစ်ယာန်ယုံကြည်ချက်တချို့ကို ဖေလဇ်မင်း ကြားဖူးနားဝ ရှိတယ်။ ရောမဥပဒေကို အနည်းဆုံး နည်းသုံးနည်းနဲ့ ပေါလု ချိုးဖောက်တယ်လို့ ဂျူးတွေ စွပ်စွဲကြတယ်။ အင်ပါယာတစ်ခွင်မှာရှိတဲ့ ဂျူးတွေကြား နိုင်ငံတော်ကို အကြည်ညိုပျက်စေတယ်။ အန္တရာယ်ရှိတဲ့ ဂိုဏ်းချုပ် ဖြစ်တယ်။ ရောမအကာအကွယ်အောက်ရှိတဲ့ ဗိမာန်တော်ကို ညစ်ညူးအောင်လုပ်ဖို့ ကြိုးစားတယ်။ (တ. ၂၄:၅၊ ၆) အဲဒီစွဲချက်တွေကြောင့် ပေါလု သေဒဏ်ကျနိုင်တယ်။
ပေါလု ဘယ်လို ဖြေရှင်းတယ်ဆိုတာ သုံးသပ်ခြင်းက ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက် အကျိုးရှိတယ်။ ပေါလုက တည်တည်ငြိမ်ငြိမ်၊ လေးလေးစားစား စကားပြောတယ်။ ပညတ်တရားနဲ့ ပရောဖက်တွေအကြောင်း၊ “ဘိုးဘေးများ၏ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်” ခွင့်အကြောင်း ပြောတယ်။ ဒါဟာ ရောမဥပဒေအရ ဂျူးတွေ ရရှိထားတဲ့ အခွင့်အရေးပါပဲ။ (တ. ၂၄:၁၄) နောက်ပိုင်း၊ ဖေလဇ်မင်းကို ဆက်ခံတဲ့ ဘုရင်ခံ ပေါကိဖေတ္တုရှေ့မှာရော၊ ဟေရုဒ် အဂရိပ္ပမင်းရှေ့မှာပါ ကိုယ့်ယုံကြည်ချက်ကို ပေါလု ခုခံကာကွယ်နိုင်ခဲ့တယ်။
နောက်ဆုံး၊ အဲဒီခေတ်မှာ ဩဇာအရှိဆုံး “ကဲသာ” ဆီမှာတောင် “အယူခံဝင်” နိုင်ခဲ့တယ်။—တ. ၂၅:၁၁။
ကဲသာရဲ့ ရုံးတော်မှာ ပေါလု လျှောက်လဲ
နောက်ပိုင်းမှာ “သင်သည် ကဲသာ၏ ရှေ့မှောက်သို့ ရောက်ရမည်” လို့ ပေါလုကို ကောင်းကင်တမန် ပြောတယ်။ (တ. ၂၇:၂၄) ရောမဧကရာဇ်နီရိုက အမှုအားလုံးကိုတော့ ကိုယ်တိုင်တရားစီရင်မှာ မဟုတ်ဘူးဆိုပြီး နန်းတက်စမှာ ပြောထားတယ်။ အစပိုင်းရှစ်နှစ်အတွင်း အဲဒီတာဝန်ကို တခြားသူတွေဆီ လွှဲထားတယ်။ ‘အမှုလက်ခံပြီဆိုရင်လည်း နန်းတော်မှာပဲ ကြားနာတယ်။ အတွေ့အကြုံနဲ့ ဩဇာအာဏာ အတော်အတန်ရှိတဲ့ အကြံပေးပုဂ္ဂိုလ် တွေ သူ့ကို ကူညီပေးတယ်’ လို့ စာအုပ်တစ်အုပ် (The Life and Epistles of Saint Paul) က ပြောတယ်။
ပေါလုရဲ့ အမှုကို နီရိုကိုယ်တိုင် ကြားနာစီရင်သလား၊ တခြားတစ်ယောက်ကို တာဝန်ပေးသလားဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဘာပဲဖြစ်ဖြစ် ဂျူးတွေရဲ့ ဘုရားကို ကိုးကွယ်မှန်း ပေါလု ရှင်းပြခဲ့မှာပဲ။ မင်းအာဏာစက်ကို ထိုက်သင့်သလို ရိုသေဖို့လည်း လူအားလုံးကို အားပေးခဲ့တယ်။ (ရော. ၁၃:၁-၇။ တိ. ၃:၁၊ ၂) အစိုးရအရာရှိတွေရှေ့ သတင်းကောင်းကို ပေါလု ခုခံကာကွယ်တာ အောင်မြင်ခဲ့တယ်။ ကဲသာရဲ့ ရုံးတော်က ပေါလုကို လွှတ်ပေးလိုက်တယ်။—ဖိ. ၂:၂၄။ ဖိလေ. ၂၂။
သတင်းကောင်းကို ခုခံကာကွယ်ရမယ့် ကျွန်တော်တို့ရဲ့ တာဝန်
“ငါ့ကြောင့် သင်တို့ကို ဘုရင်ခံများ၊ ရှင်ဘုရင်များရှေ့ ပို့ဆောင်ကြလိမ့်မည်။ သို့ဖြင့် သင်တို့သည် သူတို့နှင့် လူမျိုးခြားတို့တွင် ငါ့အကြောင်း သက်သေခံခွင့် ရကြလိမ့်မည်” လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ (မ. ၁၀:၁၈) တကယ့်အခွင့်ထူးပါပဲ။ သတင်းကောင်းကို ခုခံကာကွယ်ဖို့ ကြိုးစားမှုရဲ့ ရလဒ်အနေနဲ့ တရားရေးအောင်ပွဲတွေ ရရှိနိုင်တယ်။ မစုံလင်တဲ့လူသားတွေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ သတင်းကောင်း ဟောပြောခွင့်ကို ယေဟောဝါဆီကနေ ကျွန်တော်တို့ ရရှိထားတယ်။ ဘုရားသခင့်နိုင်ငံတော်ကသာ ဖိနှိပ်မှုနဲ့ မတရားမှုအားလုံးကို ထာဝစဉ် ဖယ်ရှားပေးပါလိမ့်မယ်။—ဒေ. ၈:၉။ ယေ. ၁၀:၂၃။
ဒီနေ့ခေတ်မှာလည်း ခရစ်ယာန်တွေ ယုံကြည်ချက်ကို ခုခံကာကွယ်တဲ့အခါ ယေဟောဝါရဲ့ နာမည် ဘုန်းထင်ရှားနိုင်တယ်။ ပေါလုလိုပဲ ကျွန်တော်တို့လည်း တည်တည်ငြိမ်ငြိမ်၊ ရိုးရိုးသားသား၊ အခိုင်အမာ ပြောဆိုသင့်တယ်။ “မည်သို့ခုခံပြောဆိုရမည်ကို ကြို၍မစဉ်းစားကြနှင့်။ အကြောင်းမူကား ဆန့်ကျင်သူအားလုံး စုပေါင်း၍ပင် မငြင်းခုံ၊ မဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို သင်တို့အား ငါပေးမည်” လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။—လု. ၂၁:၁၄၊ ၁၅။ ၂ တိ. ၃:၁၂။ ၁ ပေ. ၃:၁၅။
ဘုရင်တွေ၊ အစိုးရအရာရှိတွေဆီ သတင်းကောင်း ရောက်ဖို့ တော်တော်ခက်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ ယုံကြည်ခြင်းကို သူတို့ရှေ့ ခုခံကာကွယ်တဲ့အခါ သူတို့ကို သက်သေခံခွင့် ရရှိနိုင်တယ်။ အနိုင်ပေးတဲ့ တရားရုံးဆုံးဖြတ်ချက် တချို့ကြောင့် ဥပဒေကို ပြုပြင်ခဲ့ရတာတွေ ရှိတယ်။ ဒီလိုနဲ့ လွတ်လပ်စွာ ဟောပြောခွင့်၊ ဝတ်ပြုခွင့် ဆက်ရရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီအမှုတွေ နိုင်နိုင်၊ ၡုံးၡုံး ဘုရားသခင့် ကျေးကျွန်တွေရဲ့ ရဲစွမ်းသတ္တိက ဘုရားသခင်ကို ပျော်ရွှင်စေတယ်။
^ စာပိုဒ်၊ 8 စာရေးဆရာ ဂျိမ်းပါ့ခ် အခုလိုပြောတယ်– “ဂျူးတွေဟာ ကိုယ့်ဘာသာရေး ထုံးတမ်းတွေကို လိုက်နာခွင့် ရှိတယ်။ သူတို့ကိုမှ ရောမတွေ ထူးထူးခြားခြား အခွင့်အရေးပေးတာ မဟုတ်ပါဘူး။ အင်ပါယာအတွင်း ဒေသအသီးသီးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးလေ့ရှိတဲ့ ထုံးစံအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်။”