မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

​လူငယ်​တို့၊ သင်​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို ခိုင်​ခံ့​စေ​ကြ​ပါ

​လူငယ်​တို့၊ သင်​တို့​ရဲ့ ယုံ​ကြည်​ခြင်း​ကို ခိုင်​ခံ့​စေ​ကြ​ပါ

“ယုံ​ကြည်​ခြင်း​သည် . . . မမြင်​ရ​သေး​သော်​လည်း အမှန်​တည်​ရှိ​သော​အရာ​တို့​၏ ထင်​ရှား​သော​သက်​သေ ဖြစ်​၏။” —ဟေဗြဲ ၁၁:၁

သီချင်း– ၄၁၊ ၆၉

၁၊ ၂။ ယေဟောဝါ​ကို ဝတ်​ပြု​နေ​တဲ့ လူငယ်​တွေ ဘယ်​လို တွေး​မိ​နိုင်​သလဲ။ ကျမ်း​စာ​က ဘယ်​လို အကြံ​ပေး​ထား​သလဲ။

ဗြိ​တိန်​နိုင်​ငံ​က ညီ​အစ်​မငယ်​တစ်​ယောက်​ကို အတန်း​ဖော်​က “နင့်​လို​တော်​တဲ့​လူ​က ဘာ​လို့​များ ဘု​ရား​သခင်​ကို ယုံ​ရ​တာ​လဲ” လို့​မေး​တယ်။ ဂျာ​မနီ​က ညီ​အစ်​ကို​တစ်​ယောက်​လည်း ဒီ​လို​ပြော​တယ်– “ကျမ်း​စာ​မှာ​ပါ​တဲ့ ဖန်​ဆင်း​ခြင်း​မှတ်​တမ်း​ကို ဒဏ္ဍာရီ​အဖြစ် ဆ​ရာတွေ သဘော​ထား​ကြ​တယ်။ ကျောင်း​သား​တွေ​က ဆင့်​ကဲ​အယူ ယုံ​တော့ သူတို့​အတွက် အခွင့်​အရေး​ပဲ​ပေါ့။” ပြင်​သစ်​က ညီ​အစ်​မငယ်​တစ်​ယောက်​က “ကျမ်း​စာ​ကို ယုံ​ကြည်​တဲ့ ကျောင်း​သူ/သား​တွေ ရှိ​သေး​လို့ ဆ​ရာ/မတွေ အံ့​သြကြ​တယ်” လို့​ပြော​တယ်။

လူ​သား​တွေ​ကို ဘု​ရား​သခင် ဖန်​ဆင်း​မှန်း အခု​ခေတ် လူ​တွေ မယုံ​ကြည်​ကြ​ဘူး။ သင်​ဟာ ယေဟောဝါ​ကို ဝတ်​ပြု​နေ​တဲ့​လူငယ် ဒါ​မှ​မဟုတ် ကိုယ်​တော့်​အကြောင်း လေ့​လာ​နေ​တဲ့​သူ ဖြစ်​မယ်​ဆို​ရင် ဖန်​ဆင်း​ရှင်​ရှိ​ကြောင်း ဘယ်​လို သက်​သေပြရ​မလဲ​လို့ တွေး​မိ​တဲ့​အခါ​တွေ ရှိ​နိုင်​တယ်။ သင့်​ရဲ့ ယုံ​ကြည်​ခြင်း​ကို ခိုင်​ခံ့​နေ​စေ​ဖို့ လုပ်​နိုင်​တဲ့​အရာတွေ ရှိ​တယ်။ တစ်​ခု​က​တော့ ‘သင့်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​ပေး’ မယ့် ဘု​ရား​ပေး သမ္မာ​သတိ ဒါ​မှ​မဟုတ် စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို အသုံး​ပြု​ခြင်း​ဖြစ်​တယ်။ အဲ​ဒါ​က သင့်​ရဲ့ ယုံ​ကြည်​ခြင်း​ကို ပျက်​စီး​စေ​နိုင်​တဲ့ လော​က​အတွေး​အခေါ်​တွေ​က​နေ ကာ​ကွယ်​ပေး​ပါ​လိမ့်​မယ်။သုတ္တံ ၂:၁၀–၁၂ ကို​ဖတ်​ပါ။

၃။ ဒီ​ဆောင်း​ပါး​မှာ ဘာ​အကြောင်း ဆွေး​နွေး​ကြ​မလဲ။

ယေဟောဝါ​အပေါ် ခိုင်​မာ​တဲ့ ယုံ​ကြည်​ခြင်း ရှိ​ဖို့​ဆို​ရင် ကိုယ်​တော့်​အကြောင်း ကောင်း​ကောင်း သိ​ဖို့ လို​တယ်။ (၁ တိ. ၂:၄) ဒါ​ကြောင့် ကျမ်း​စာ​နဲ့ ကျမ်း​စာ​အခြေ​ပြု​စာပေ​တွေ ဖတ်​တဲ့​အခါ ခ​ဏ​ရပ်​ပြီး “ဆိုလို​ရင်း” ကို အသေအချာ စဉ်း​စား​ပါ။ (မ. ၁၃:၂၃) ဒီ​လို​လေ့​လာ​မယ်​ဆို​ရင် ယေဟောဝါ​ဟာ ဖန်​ဆင်း​ရှင်​ဖြစ်​မှန်း၊ ကျမ်း​စာ​ဟာ ကိုယ်​တော့်​ဆီ​က လာ​တဲ့​စာ​အုပ်​ဖြစ်​မှန်း အထောက်​အထား​များ​စွာ တွေ့​ရှိ​ပါ​လိမ့်​မယ်။—ဟေဗြဲ ၁၁:၁

ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​နိုင်​ပုံ

၄။ ဆင့်​ကဲ​အယူ​ကို ယုံ​ကြည်​ခြင်း​နဲ့ ဖန်​ဆင်း​ခြင်း​အယူ​ကို ယုံ​ကြည်​ခြင်း​မှာ ဘာ​ဆင်​တူ​ချက် ရှိ​သလဲ။ ကျွန်​တော်​တို့​အားလုံး ဘာ​လုပ်​ရ​မလဲ။

“ဆင့်​ကဲ​အယူ မှန်​တယ်​လို့ သိ​ပ္ပံ​ပညာ​ရှင်​တွေ ပြော​ကြ​လို့ ငါ​ယုံ​ကြည်​တယ်။ ဘယ်​သူ​မှ မမြင်​ဖူး​တဲ့​ဘု​ရား​ကို မင်း ဘာ​လို့ ယုံ​တာ​လဲ” လို့​တစ်​ယောက်​ယောက် ပြော​ကောင်း​ပြော​မယ်။ အဲဒီ​လို​ပဲ လူ​များ​စွာ ယူ​ဆ​ကြ​တယ်။ ဘု​ရား​သခင်​ကို ဘယ်​သူ​မှ မမြင်​ဖူး​ဘူး။ တစ်​ခု​ခု ဖန်​ဆင်း​နေ​တာ​ကို​လည်း မမြင်​ဖူး​ကြ​ဘူး။ (ယော. ၁:၁၈) ဆင့်​ကဲ​အယူ​ကို ယုံ​ကြည်​သူ​တွေ​ကော။ သူတို့​လည်း မမြင်​နိုင်​တဲ့​အရာ​ကို ယုံ​ကြည်​နေ​ကြ​တာ​ပဲ။ သက်​ရှိ​တစ်​မျိုး​က​နေ နောက်​တစ်​မျိုး ကူး​ပြောင်း​သွား​တာ​ကို ဘယ်​သိ​ပ္ပံ​ပညာ​ရှင်၊ ဘယ်​လူ​သား​တစ်​ယောက်​မှ မမြင်​ဖူး​ကြ​ဘူး။ ဥပမာ၊ မျောက်​က​နေ လူ​ဖြစ်​လာ​တာ​ကို ဘယ်​သူ​မှ မမြင်​ဖူး​ဘူး။ (ယောဘ ၃၈:၁၊) ဒါ​ကြောင့် အထောက်​အထား​တွေ​ကို ရှာ​ဖွေ​ပြီး သေသေချာ​ချာ ဆန်း​စစ်​ရ​မယ်။ မှန်​မှန်​ကန်​ကန် ဆုံး​ဖြတ်​နိုင်​ဖို့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို အသုံး​ပြု​ရ​မယ်။ “ဖန်​ဆင်း​ထား​ရာ​များ​ကို ထောက်​ရှု​သဖြင့် ထာ​ဝ​ရ​တန်ခိုး​တော်​နှင့် ဘု​ရား​သခင့် အဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မရ​သော ဘု​ရား​သခင်​၏ ဂုဏ်​ရည်​တော်​များ​သည် လော​က​ဖန်​ဆင်း​ချိန်​မှ​စ​၍ ထင်​ရှား​စွာ သိ​မြင်​ရ၏။ ထို့​ကြောင့် သူတို့​သည် ဆင်​ခြေ​မပေး​နိုင်​ရာ” လို့ တမန်​တော်​ပေါလု ပြော​တယ်။—ရော. ၁:၂၀

သင့်​ယုံ​ကြည်​ချက်​အကြောင်း ရှင်း​ပြဖို့ ရှာ​ဖွေ​ရေး ကိ​ရိ​ယာ​တွေ​က ကူညီ​ပေး​နိုင်(အပိုဒ် ၅ ကို​ကြည့်​ပါ)

၅။ ဖန်​ဆင်း​ခြင်း​အကြောင်း ပို​သိ​နိုင်​ဖို့ ဘယ်​ကိ​ရိ​ယာ​တွေ​က ကူညီ​ပေး​နိုင်​သလဲ။

“ဘု​ရား​သခင်​၏ တ​ရား​စကား​တော်​ကြောင့် စ​ကြ​ဝဠာ​ရှိ​အရာ​များ တည်​ရှိ​လာ​သည်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သိ​ကြ​၏” လို့​ကျမ်း​စာ​က ပြော​တယ်။ မသိ​သာ၊ မထင်​ရှား​တဲ့​အရာတွေ​ကို သိ​မှတ်​ရ​မယ်​လို့ ဆိုလို​တယ်။ (ဟေဗြဲ ၁၁:၃) သိ​နား​လည်​မှု ရှိ​သူ​တွေ​ဟာ မြင်​ရ​ကြား​ရ​သလောက်​သာ မဟုတ်​ဘဲ အသိ​ဉာဏ်​ကို သုံး​ကြ​တယ်။ ကျွန်​တော်​တို့​ကို ကူညီ​ပေး​ဖို့ ယေဟောဝါ​ရဲ့ အဖွဲ့​အစည်း​က ရှာ​ဖွေ​ရေး ကိ​ရိ​ယာ​များ​စွာ ပြင်​ဆင်​ပေး​ထား​တယ်။ အဲ​ဒါ​တွေ​က ဖန်​ဆင်း​ရှင်​ကို ယုံ​ကြည်​ခြင်း​မျက်​စိ​နဲ့ “မြင်” ဖို့ ကူညီ​ပေး​နိုင်​တယ်။ (ဟေဗြဲ ၁၁:၂၇) အဲဒီ​ထဲ​မှာ အံ့​ဖွယ်​ဖန်​ဆင်း​ရာ​များ​က ဘု​ရား​သခင့် ဘုန်း​တော် ထင်​ရှား​စေ​ကြ ဗီဒီယို၊ သက်​ရှိ​များ​သည် ဖန်​ဆင်း​ခံ​ရ​ခြင်း​လော နဲ့ သက်​ရှိ​များ​၏​မူ​လ​အစ—မေး​သင့်​မေး​ထိုက်​သော မေး​ခွန်း​ငါး​ခု ဘ​ရို​ရှာ၊ သင့်​အား ဂရု​စိုက်​စောင့်​ရှောက်​သည့် ဖန်​ဆင်း​ရှင်​တစ်ပါး ရှိ​၏​လော စာ​အုပ်​တို့ ပါ​တယ်။ နိုး​လော့! မဂ္ဂ​ဇင်း​မှာ သိ​ပ္ပံ​ပညာ​ရှင်​တွေ​နဲ့ တ​ခြား​သူ​တွေ ဘု​ရား​သခင်​ကို ဘာ​ကြောင့် ယုံ​ကြည်​လာ​ကြ​တယ်​ဆို​တဲ့ လူ​တွေ့ မေး​မြန်း​ခန်း​တွေ ပါ​တယ်။ “ဒါ​က သူ့​အလို​လို ဖြစ်​လာ​နိုင်​ပါ့​မလား” ဆို​တဲ့ ဆောင်း​ပါး​တွဲ​တွေ​မှာ တိ​ရစ္ဆာန်တွေ​နဲ့ တ​ခြား​အရာတွေ​အကြောင်း အသေး​စိတ် ရှင်း​ပြချက်​တွေ ပါ​ဝင်​ပြီး အဲ​ဒါ​တွေ​ကို သိ​ပ္ပံ​ပညာ​ရှင်​တွေ ဘယ်​လို အတု​ခိုး​ထား​သလဲ​ဆို​တဲ့ ဥပမာ​တွေ ပါ​ဝင်​တယ်။

၆။ ရှာ​ဖွေ​ရေး ကိ​ရိ​ယာ​တွေ​က သင့်​ကို ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။

အမေရိ​ကန်​နိုင်​ငံ​မှာ နေ​ထိုင်​တဲ့ ၁၉ နှစ်​အရွယ် လူငယ်​တစ်​ယောက်​က အထက်​မှာ ဖော်ပြတဲ့ ဘ​ရို​ရှာ​နှစ်​စောင်​အကြောင်း အခု​လို ပြော​တယ်– “အဲဒီ​ဘ​ရို​ရှာတွေ​က ကျွန်​တော့်​အတွက် သိပ်​အဖိုး​တန်​တယ်။ အဲ​ဒါ​တွေ​ကို အကြိမ်​ပေါင်း​များ​စွာ လေ့​လာခဲ့​တယ်။” ပြင်​သစ်​နိုင်​ငံ​က ညီ​အစ်​မတစ်​ယောက်​လည်း အခု​လို ပြော​တယ်– “‘ဒါ​က သူ့​အလို​လို ဖြစ်​လာ​နိုင်​ပါ့​မလား’ ဆို​တဲ့ ဆောင်း​ပါး​တွေ​ကြောင့် အံ့​အား​သင့်​မိ​တယ်။ အင်​ဂျင်​နီ​ယာ​ကြီး​တွေ​က သဘာ​ဝ​ရဲ့ ရှုပ်​ထွေး​ဆန်း​ကြယ်​တဲ့ ဒီ​ဇိုင်းတွေ​ကို အတု​ခိုး​နိုင်​ပေမဲ့ တစ်​ထပ်​တည်း​တူ​အောင် ဘယ်​တော့​မှ မလုပ်​နိုင်​ဘူး​ဆို​တာ ဖော်ပြထား​တယ်။” တောင်​အာ​ဖရိ​က​နိုင်​ငံ​က ၁၅ နှစ်​အရွယ် မိန်း​က​လေး​ရဲ့ မိ​ဘ​တွေ​က “ကျွန်​တော်​တို့​ရဲ့ သမီး​လေး​ဟာ နိုး​လော့! မှာ​ပါ​တဲ့ ‘လူ​တွေ့​မေး​မြန်း​ခန်း’ ဆောင်း​ပါး​တွေ​ကို အရင်​ဆုံး ဖတ်​လေ့​ရှိ​တယ်” လို့​ပြော​တယ်။ အဲဒီ​စာပေ​တွေ​က ဖန်​ဆင်း​ရှင်​ရှိ​ကြောင်း အထောက်​အထား​တွေ​ကို သိ​မြင်​လာ​အောင် သင့်​ကို​လည်း ကူညီ​ပေး​နိုင်​တယ်။ ဒီ​နည်း​နဲ့ မှား​ယွင်း​တဲ့ သွန်သင်​ချက်​တွေ​ကို သင် သိ​လာ​ပြီး ငြင်း​ပယ်​လာ​နိုင်​ပါ​လိမ့်​မယ်။ လေ​မုန်​တိုင်း​ကြား ကြံ့​ကြံ့​ခံ​ရပ်​တည်​နိုင်​အောင် အမြစ်​စွဲ​နေ​တဲ့ သစ်​ပင်​လို သင့်​ယုံ​ကြည်​ခြင်း ခိုင်​မာ​လာ​ပါ​လိမ့်​မယ်။—ယေ. ၁၇:၅-၈

ကျမ်း​စာ​အပေါ် သင့်​ယုံ​ကြည်​ခြင်း

၇။ သင့်​ရဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို ဘု​ရား​သခင် ဘာ​ကြောင့် အသုံး​ပြု​စေ​ချင်​သလဲ။

ကျမ်း​စာ​နဲ့​ပတ်​သက်​ပြီး မေး​ခွန်း​တွေ ရိုး​ရိုး​သား​သား မေး​တာ မှား​သလား။ မမှား​ပါ​ဘူး။ အမှန်​တ​ရား​ကို ကိုယ်​တိုင် သက်​သေထူ​ဖို့ “စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း” ကို ယေဟောဝါ အသုံး​ပြု​စေ​ချင်​တယ်။ တ​ခြား​သူ​တွေ ယုံ​လို့ ယုံ​လိုက်​တာ​မျိုး မဖြစ်​စေ​ချင်​ဘူး။ ဒါ​ကြောင့် တိ​ကျ​မှန်​ကန်​တဲ့ အသိ​ပညာ​ရ​ဖို့ သင့်​ရဲ့ စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​ကို အသုံး​ပြု​ပါ။ အဲဒီ​အသိ​ပညာ​က စစ်​မှန်​တဲ့ ယုံ​ကြည်​ခြင်း​ရဲ့ ခိုင်​မာ​တဲ့​အုတ်​မြစ် ဖြစ်​လာ​ပါ​လိမ့်​မယ်။ (ရော​မ ၁၂:၁၊ ၂ နဲ့ ၁ တိမောသေ ၂:၄ တို့​ကို​ဖတ်​ပါ။) ကျမ်း​စာ​ကို သိ​ကျွမ်း​လာ​နိုင်​တဲ့ နည်း​တစ်​နည်း​က​တော့ ကိုယ်​ပို​သိ​ချင်​တဲ့ အကြောင်း​အရာတွေ​ကို သတ်​သတ်​မှတ်​မှတ် ရှာ​ဖွေ​လေ့​လာ​ခြင်း ဖြစ်​တယ်။

၈၊ ၉။ (က) ဘာ​အကြောင်း​တွေ လေ့​လာရ​တာ​ကို တ​ချို့​သူ​တွေ နှစ်​သက်​ကြ​သလဲ။ (ခ) ဖတ်​ရှု​တဲ့​အရာ​ကို တွေး​တော​ဆင်​ခြင်​ခြင်း​က​နေ တချို့ ဘယ်​လို အကျိုး​ရ​ရှိ​ခဲ့​ကြ​သလဲ။

တ​ချို့​က ကျမ်း​စာ ပရော​ဖက်​ပြု​ချက်​တွေ​အကြောင်း လေ့​လာရ​တာ​ကို ကြိုက်​ကြ​တယ်။ ကျမ်း​စာ​မှတ်​တမ်း​တွေ​ကို သမိုင်း​ပညာ​ရှင်​တွေ၊ သိ​ပ္ပံ​ပညာ​ရှင်​တွေ၊ ရှေး​ဟောင်း​သု​တေ​သန ပညာ​ရှင်​တွေရဲ့ ပြော​ဆို​ချက်​နဲ့ နှိုင်း​ယှဉ်​ချင်​ကြ​တယ်။ ဥပမာ​အနေ​နဲ့ ကမ္ဘာဦး ၃:၁၅ ကို လေ့​လာ​ကြည့်​ပါ။ အဲ​ဒါ​ကို ယေဟောဝါ​နဲ့ ကိုယ်​တော့်​အုပ်​ချုပ်​ပုံ​ကို အာ​ဒံ​နဲ့ ဧ​ဝ​တို့ ပုန်​ကန်​ပြီး​ပြီး​ချင်း​မှာ ပရော​ဖက်​ပြု​ခဲ့​တာ​ပါ။ ဘု​ရား​သခင့် အုပ်​ချုပ်​ပုံ​နည်း​လမ်း​ဟာ အကောင်း​ဆုံး​ဖြစ်​မှန်း ဘု​ရား​နိုင်​ငံ​တော်​က ဘယ်​လို သက်​သေထူ​မယ်၊ ဆင်း​ရဲ​ဒုက္ခတွေ​ကို ဘယ်​လို ဖယ်​ရှား​ပေး​မယ်​ဆို​တာ နား​လည်​စေ​တဲ့ ဦး​ဆုံး ကျမ်း​စာ​ပရော​ဖက်​ပြု​ချက် ဖြစ်​တယ်။ ကမ္ဘာဦး ၃:၁၅ ကို သင်​ဘယ်​လို လေ့​လာ​နိုင်​သလဲ။ အဲဒီ​ပရော​ဖက်​ပြု​ချက် ဘယ်​လို ပြည့်​စုံ​မယ်​ဆို​တာ အသေး​စိတ် ဖော်ပြတဲ့ ကျမ်း​ချက်​တွေ​ကို စာ​ရင်း လုပ်​ထား​နိုင်​တယ်။ ကျမ်း​ချက်​တွေ ရေး​သား​တဲ့​အချိန်​ကို လေ့​လာ​ပြီး အစဉ်​လိုက် စီ​ပါ။ ကျမ်း​ရေး​သူ​တွေ​ဟာ ခေတ်​ကာလ​အသီး​သီး​မှာ အသက်​ရှင်​ခဲ့​ကြ​ပေမဲ့ အဲဒီ​ပရော​ဖက်​ပြု​ချက် ပို​ရှင်း​လင်း​လာ​အောင် ရေး​သား​ခဲ့​ကြ​တယ်​ဆို​တာ သင်​သိ​လာ​ပါ​လိမ့်​မယ်။ ဒီ​နည်း​နဲ့ သူတို့​ကို ဘု​ရား​သခင့် စွမ်းအား​တော်​က လမ်း​ညွှန်​ပေး​မှန်း သဘော​ပေါက်​လာ​ပါ​လိမ့်​မယ်။—၂ ပေ. ၁:၂၁

ဂျာ​မနီ​နိုင်​ငံ​က ညီ​အစ်​ကို​တစ်​ယောက် ဒီ​လို​ပြော​တယ်– “ကျမ်း​စာ​တစ်​အုပ်​လုံး​ကို လူ ၄၀ လောက် ရေး​သား​ထား​တာ​တောင်​မှ ဘု​ရား​နိုင်​ငံ​တော်​အကြောင်း အဓိ​က ပါ​ဝင်​တယ်။ အများ​စု​က ခေတ်​ကာလ​အသီး​သီး​မှာ အသက်​ရှင်​သူ​တွေ ဖြစ်​ပြီး တစ်​ယောက်​ကို တစ်​ယောက် မသိ​ကြ​ဘူး။” ဩစ​တြေး​လျ ညီ​အစ်​မတစ်​ယောက်​က ဒီ​ဇင်​ဘာ ၁၅၊ ၂၀၁၃ ကင်း​မျှော်​စင် ဆောင်း​ပါး​တစ်​ခု​ကို လေ့​လာ​ပြီး ပသခါ​ပွဲ​ဟာ ကမ္ဘာဦး ၃:၁၅ နဲ့​ရော မေရှိ​ယ​နဲ့​ပါ ဘယ်​လို သက်​ဆိုင်​မှန်း သိ​လာ​တယ်။ သူ အခု​လို ရေးခဲ့​တယ်– “ယေဟောဝါ ဘယ်​လောက် ပညာ​ရှိ​မှန်း ကျွန်မ သိ​လာ​တယ်။ အစ္စရေးတွေ​အတွက် သတ်​မှတ်​ထား​တဲ့ ဒီ​အစီ​အစဉ်​ဟာ ယေရှု​မှာ လာ​ပြည့်​စုံ​ဖို့ စဉ်း​စား​မိ​တာ​ကို သိပ်​အံ့​သြမိ​တယ်။ ပရော​ဖက်​ပြု​ချက်​သဘော​ဆောင်​တဲ့ ပသခါ​ပွဲ​ဟာ ဘယ်​လောက် ထူး​ခြား​အံ့​သြဖွယ်​ကောင်း​မှန်း တ​ကယ် စဉ်း​စား​မိ​တယ်။” ဒီ​ညီ​အစ်​မ ဘာ​ကြောင့် အဲဒီ​လို ခံစား​ရ​တာ​လဲ။ ဖတ်​ရှု​တဲ့​အရာ​ကို အသေအချာ တွေး​တော​ဆင်​ခြင်​ပြီး နား​လည်​သဘော​ပေါက်​သွား​လို့​ပဲ။ ဒါ​က သူ့​ယုံ​ကြည်​ခြင်း​ကို ခိုင်​မာ​စေ​ပြီး ယေဟောဝါ​နဲ့ ပို​ရင်း​နှီး​လာ​စေ​တယ်။—မ. ၁၃:၂၃

၁၀။ ကျမ်း​ရေး​သူ​တွေရဲ့ ရိုး​သား​မှု​က ကျမ်း​စာ​အပေါ် ယုံ​ကြည်​စိတ်​ချ​မှု​ကို ဘယ်​လို ခိုင်​မာ​စေ​သလဲ။

၁၀ ကျမ်း​ရေး​သူ​တွေရဲ့ ရိုး​သား​မှု​ကို​လည်း စဉ်း​စား​ကြည့်​ပါ။ အမှန်​အတိုင်း မကြောက်​မရွံ့ ရေး​သား​ကြ​တယ်။ အဲဒီ​ခေတ် စာ​ရေး​ဆ​ရာတွေ​ဟာ ကိုယ့်​နိုင်​ငံ၊ ကိုယ့်​ခေါင်း​ဆောင်​တွေ​အကြောင်း ကောင်း​တာ​တွေ​ပဲ ရေး​သား​လေ့​ရှိ​ကြ​တယ်။ ယေဟောဝါ​ရဲ့ ပရော​ဖက်​တွေ​က​တော့ အစ္စရေးတွေ​နဲ့ ဘု​ရင်တွေ​အကြောင်း အကောင်း​ရော၊ အဆိုး​ပါ ရေး​သား​ခဲ့​ကြ​တယ်။ (၆ ရာ. ၁၆:၉၊ ၁၀။ ၂၄:၁၈-၂၂) ကိုယ်​တိုင်​နဲ့ ဘု​ရား​သခင့် တ​ခြား​ကျေး​ကျွန်​တွေရဲ့ အမှား​တွေ​ကို ရေး​သား​ကြ​တယ်။ (၂ ရာ. ၁၂:၁-၁၄။ မာ. ၁၄:၅၀) “အဲဒီ​လို ရိုး​သား​မှု​မျိုး သိပ်​ရှား​တယ်။ အဲ​ဒါ​က ကျမ်း​စာ​ဟာ ယေဟောဝါ​ဆီ​က စာ​အုပ်​ဖြစ်​မှန်း ပို​ယုံ​ကြည်​စိတ်​ချ​စေ​တယ်” လို့ဗြိ​တိန်​နိုင်​ငံ​က လူငယ်​တစ်​ယောက် ပြော​တယ်။

၁၁။ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​က ကျမ်း​စာ​ဟာ ဘု​ရား​သခင်​ဆီ​က ဖြစ်​မှန်း ဘယ်​လို ယုံ​ကြည်​စိတ်​ချ​စေ​သလဲ။

၁၁ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​က​နေ ရ​ရှိ​တဲ့ ကောင်း​ကျိုး​တွေ​ကြောင့် ကျမ်း​စာ​ဟာ ဘု​ရား​သခင်​ဆီ​က ဖြစ်​မှန်း လူ​များ​စွာ ယုံ​ကြည်​စိတ်​ချ​လာ​ကြ​တယ်။ (ဆာလံ ၁၉:၇–၁၁ ကို​ဖတ်​ပါ။) ဂျ​ပန်​နိုင်​ငံ​က ညီ​အစ်​မငယ်​တစ်​ယောက် ဒီ​လို​ရေးခဲ့​တယ်– “ကျမ်း​စာ​သွန်သင်​ချက်​တွေ​အတိုင်း လိုက်​လျှောက်​တဲ့​အခါ ကျွန်​မတို့​မိသား​စု သိပ်​ပျော်​ခဲ့ရ​တယ်။ ငြိမ်သက်​မှု၊ စည်း​လုံး​မှု​နဲ့ မေတ္တာ ခံစား​ရ​တယ်။” ကိုယ့်​ယုံ​ကြည်​ချက်​တ​ချို့ မှား​မှန်း​သိ​လာ​အောင် ကျမ်း​စာ​က လူ​များ​စွာ​ကို ကူညီ​ပေး​တယ်။ (ဆာ. ၁၁၅:၃-၈) တန်ခိုး​အကြီး​ဆုံး ယေဟောဝါ​ဘု​ရား​ကို ယုံ​ကြည်​အား​ကိုး​ဖို့ လမ်း​ညွှန်​ပေး​တယ်။ ကောင်း​မွန်​တဲ့ အနာ​ဂတ်​ကတိ ပေး​ထား​တယ်။ တ​ချို့​ကျ​တော့ ဘု​ရား မရှိ​ဘူး​လို့ ပြော​ပြီး သဘာ​ဝ​ကို ဘု​ရား​အဖြစ် ကိုးကွယ်​ကြ​တယ်။ တချို့​ကျတော့ ကောင်း​မွန်​တဲ့ အနာ​ဂတ်​ကို လူ​တွေ ဖန်​တီး​နိုင်​တယ်​လို့ ပြော​ကြ​တယ်။ ဒါ​ပေမဲ့ သူတို့​ရဲ့ လုပ်​ဆောင်​မှု​တွေ​ကို ကြည့်​လိုက်​ရင် ကမ္ဘာ့​ပြဿ​နာ​တွေ မဖြေရှင်း​နိုင်​မှန်း သိ​ရ​တယ်။—ဆာ. ၁၄၆:၃၊ ၄

တ​ခြား​သူ​တွေ​နဲ့ ကျိုး​ကြောင်း​ဆင်​ခြင်​ခြင်း

၁၂၊ ၁၃။ ဖန်​ဆင်း​ခြင်း​အကြောင်း၊ ကျမ်း​စာ​အကြောင်း တ​ခြား​သူ​တွေ​နဲ့ ဘယ်​လို ထိ​ထိ​ရောက်ရောက် ဆွေး​နွေး​နိုင်​သလဲ။

၁၂ ဖန်​ဆင်း​ခြင်း​နဲ့ ကျမ်း​စာ​အကြောင်း တ​ခြား​သူ​တွေ​နဲ့ ဘယ်​လို ထိ​ထိ​ရောက်ရောက် ကျိုး​ကြောင်း​ဆင်​ခြင်​နိုင်​သလဲ။ ဆင့်​ကဲ​အယူ​ကို ယုံ​ကြည်​သူ​တ​ချို့​ဟာ ဘု​ရား​သခင် တည်​ရှိ​မှန်း​ကို​လည်း ယုံ​ကြည်​ကြ​တယ်​ဆို​တာ သတိ​ရ​ပါ။ သက်​ရှိ​အားလုံး​ကို ဆင့်​ကဲ​နည်း​နဲ့ ဖန်​ဆင်း​ခဲ့​တယ်​လို့ ဆို​ကြ​တယ်။ တ​ချို့​ကျ​တော့​လည်း ဆင့်​ကဲ​အယူ​ကို ကျောင်း​မှာ သင်​ပေး​တာ မှန်​လို့​ပဲ ဖြစ်​ရ​မယ်​လို့ ယူ​ဆ​ကြ​တယ်။ တချို့​ကျ​တော့ ဘာ​သာ​တ​ရား​ကို စိတ်​ကုန်​တဲ့​အတွက် ဘု​ရား​သခင်​ကို မယုံ​ကြ​တော့​ဘူး။ ဒါ​ကြောင့် လူ​တစ်​ယောက်​ကို တွေ့​တဲ့​အခါ ဘာ​ကို ယုံ​ကြည်​တယ်၊ ဘာ​ကြောင့် ယုံ​ကြည်​တယ်​ဆို​တာ အရင်​မေး​ပါ။ သူ​ပြော​တာ​ကို အသေအချာ နား​ထောင်​ပေး​ပါ။ ဒါ​ဆို​ရင် သင်​ပြော​တာ​ကို​လည်း နား​ထောင်​ပေး​ချင်​ပါ​လိမ့်​မယ်။—တိ. ၃:၂

၁၃ ဖန်​ဆင်း​ရှင် ရှိ​တယ်​လို့ ယုံ​ကြည်​တာ​က မိုက်​မဲ​ရာ​ကျ​တယ်​လို့ တစ်​ယောက်​ယောက် ပြော​လာရင် ဘယ်​လို တုံ့​ပြန်​မလဲ။ အသက် ဘယ်​လို အစ​ပြု​တယ်​ဆို​တာ ရှင်း​ပြပေး​ဖို့ လေး​လေး​စား​စား တောင်း​ဆို​နိုင်​တယ်။ ဆင့်​ကဲ​နည်း​နဲ့ အသက်​ဖြစ်​ပေါ်​လာ​ဖို့​ဆို​ရင် ဦး​ဆုံး​သက်​ရှိ​မှာ ပုံ​တူ​ပွား​နိုင်​စွမ်း ရှိ​ရ​မယ်။ “(၁) ကာ​ကွယ်​နိုင်​စွမ်း​ရှိ​တဲ့ အမြှေး​ပါး၊ (၂) စွမ်း​အင် ရ​ရှိ​နိုင်​စွမ်း၊ အသုံး​ပြု​နိုင်​စွမ်း၊ (၃) မျိုး​ရိုး​ဗီဇ အချက်​အလက်၊ (၄) ဗီ​ဇ​အချက်​အလက်​ကို ပုံ​တူ​ပွား​နိုင်​စွမ်း​တို့ လို​အပ်​တယ်။ အရိုး​ရှင်း​ဆုံး သက်​ရှိ​ပုံ​စံ​ရဲ့ ရှုပ်​ထွေး​ဆန်း​ကြယ်​မှု​တောင်​မှ အံ့​သြစ​ရာ​ပဲ” လို့ ဓာ​တု​ဗေ​ဒ ပညာ​ရှင်​တစ်​ယောက် ပြော​တယ်။

၁၄။ ဖန်​ဆင်း​ခြင်း​အကြောင်း ဆွေး​နွေး​တဲ့​အခါ ဘယ်​ရိုး​ရှင်း​တဲ့ ဆင်​ခြင်​နည်း​ကို အသုံး​ပြု​နိုင်​သလဲ။

၁၄ ဖန်​ဆင်း​ခြင်း​အကြောင်း ဆွေး​နွေး​တဲ့​အခါ တမန်​တော်​ပေါလု​ရဲ့ ရိုး​ရှင်း​တဲ့ ဆင်​ခြင်​နည်း​ကို သုံး​နိုင်​တယ်။ “အိမ်​မည်​သည်​ကား တစ်​စုံ​တစ်ဦး တည်​ဆောက်​သော​ကြောင့် ဖြစ်​၏။ အရာ​ခပ်​သိမ်း​ကို တည်​ဆောက်​သော​သူ​မူ​ကား ဘု​ရား​သခင် ဖြစ်​တော်​မူ​၏” လို့ သူ​ရေးခဲ့​တယ်။ (ဟေဗြဲ ၃:၄) မှန်​ပါ​တယ်၊ အိမ်​တစ်​လုံး​ကို တစ်​ယောက်​ယောက်​က ပုံ​စံ​ဆွဲ​ပြီး ဆောက်​လုပ်​ရ​တယ်။ အိမ်​ထက် ပို​ရှုပ်​ထွေး​တဲ့ သက်​ရှိ​တွေ​ကို ပုံ​စံ​ဆွဲ​ပြီး ပြု​လုပ်​သူ ရှိ​ရ​မယ်​ဆို​တာ သေချာ​တယ်။ ကျမ်း​စာ​အခြေ​ပြု စာပေ​တွေ​ကို​လည်း အသုံး​ပြု​နိုင်​တယ်။ ဘု​ရား​သခင် တည်​ရှိ​မှန်း မယုံ​တဲ့ လူငယ်​တစ်​ယောက်​ကို ညီ​အစ်​မတစ်​ယောက်​က အစ​ပိုင်း​မှာ ဖော်ပြခဲ့​တဲ့ ဘ​ရို​ရှာ​နှစ်​စောင် ပေး​လိုက်​တယ်။ တစ်​ပတ်​ကြာ​ပြီး​တဲ့​နောက် “ဘု​ရား​သခင်​ကို ယုံ​သွား​ပြီ” လို့​ပြော​တယ်။ အဲဒီ​လူငယ်​ဟာ ကျမ်း​စာ စတင်​လေ့​လာ​ပြီး ညီ​အစ်​ကို​တစ်​ယောက် ဖြစ်​လာ​တယ်။

၁၅၊ ၁၆။ ကျမ်း​စာ​က ဘု​ရား​သခင်​ဆီ​က စာ​အုပ်​ဖြစ်​မှန်း မရှင်း​ပြခင် ဘာ​လုပ်​သင့်​သလဲ။ ဘယ်​အချက်​ကို အမြဲ သတိ​ရ​သင့်​သလဲ။

၁၅ ကျမ်း​စာ​ကို သံ​သယ​ဝင်​သူ တစ်​ယောက်​ယောက်​နဲ့ ဘယ်​လို ကျိုး​ကြောင်း​ဆင်​ခြင်​နိုင်​သလဲ။ အထက်​မှာ ဖော်ပြခဲ့​တဲ့​အတိုင်း သူ​ဘာ​ကို ယုံ​ကြည်​သလဲ​ဆို​တာ အရင်​မေး​ပါ။ သူ​စိတ်​ဝင်​စား​တာ​ကို သိ​အောင် လုပ်​ပါ။ (သု. ၁၈:၁၃) သိ​ပ္ပံ​ပညာ​ကို စိတ်​ဝင်​စား​ရင် ကျမ်း​စာ​ဟာ သိ​ပ္ပံ​ပညာ​နဲ့ ကိုက်​ညီ​တဲ့​အကြောင်း ပြော​ပါ။ သမိုင်း​ကို စိတ်​ဝင်​စား​ရင် သမိုင်း​စာ​အုပ်​တွေ​မှာ​ပါ​တဲ့ ဖြစ်​ရပ်​တစ်​ခု​ကို ထောက်​ပြပြီး ကျမ်း​စာ​မှာ နှစ်​ပေါင်း​များ​စွာ ကြို​ဟော​ထား​တယ်​ဆို​ပြီး ပြော​ပါ။ တောင်​ပေါ်​တ​ရား​မှာ​ပါ​တဲ့ အချက်​တွေ​လို ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​ကို​လည်း ပြနိုင်​တယ်။

၁၆ သင့်​ပန်း​တိုင်​ဟာ လူ​တွေ​နဲ့ ငြင်း​ခုံ​ဖို့ မဟုတ်​ဘဲ သူတို့​ရဲ့ စိတ်​ဝင်​စား​မှု ရ​ရှိ​ဖို့​ဆို​တာ သတိ​ရ​ပါ။ ဒါ​ကြောင့် မေး​ခွန်း​တွေ လေး​လေး​စား​စား မေး​ပြီး ကောင်း​ကောင်း နား​ထောင်​ပေး​ပါ။ ကိုယ့်​ယုံ​ကြည်​ချက်​အကြောင်း အထူး​သဖြင့် အသက်​ကြီး​သူ​တွေ​နဲ့ ပြော​တဲ့​အခါ ယဉ်​ယဉ်​ကျေး​ကျေး ပြော​ဆို​ပါ။ တ​ခြား​သူ​တွေ​ကို လေး​စား​ရင် ကိုယ့်​ကို​လည်း လေး​စား​လာ​ပါ​လိမ့်​မယ်။ ငယ်​ရွယ်​ပေမဲ့ ကိုယ့်​ယုံ​ကြည်​ချက်​နဲ့​ပတ်​သက်​ပြီး အလေး​အနက် ထား​တာ​ကို သူတို့ အထင်​ကြီး​လာ​လိမ့်​မယ်။ တစ်​ယောက်​ယောက်​က အငြင်း​အခုံ လုပ်​ချင်​တယ်၊ လှောင်​ပြောင်​ချင်​တယ်​ဆို​ရင် သူ့​မေး​ခွန်း​တွေ​ကို ဖြေဖို့ မလို​ဘူး။—သု. ၂၆:၄

ကျမ်း​စာ အမှန်​တ​ရားတွေ​ကို ရှာ​ဖွေ​ပြီး ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​ပါ

၁၇၊ ၁၈။ (က) ကျမ်း​စာ​ကို ပို​ယုံ​ကြည်​လာ​အောင် ဘာ​က ကူညီ​ပေး​နိုင်​သလဲ။ (ခ) နောက်​ဆောင်း​ပါး​မှာ ဘာ​အကြောင်း သုံးသပ်​ကြ​မလဲ။

၁၇ ကျမ်း​စာ​ရဲ့ အဓိ​က သွန်သင်​ချက်​တွေ​ကို သိ​ထား​ပေမဲ့ ခိုင်​မာ​တဲ့ ယုံ​ကြည်​ခြင်း​ရှိ​ဖို့ အဲဒီ​ထက်​မက လို​အပ်​တယ်။ ဝှက်​ထား​တဲ့ ရ​တ​နာ​ကို ရှာ​သလို နက်​နဲ​တဲ့ အမှန်​တ​ရားတွေ​ကို ရှာရ​မယ်။ (သု. ၂:၃-၆) ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​နိုင်​တဲ့ အကောင်း​ဆုံး​နည်း​က​တော့ ကျမ်း​စာ​တစ်​အုပ်​လုံး​ကို ဖတ်​ရှု​ခြင်း​ပါ​ပဲ။ တစ်​နှစ်​အတွင်း အပြီး​ဖတ်​ဖို့ ကြိုး​စား​နိုင်​တယ်။ အဲ​ဒါ​က တိုက်​နယ်​ကြီး​ကြပ်​မှူး​တစ်​ယောက်​ကို လူငယ်​ဘဝ​မှာ ယေဟောဝါ​နဲ့ ပို​ရင်း​နှီး​စေ​ခဲ့​တယ်။ သူ ဒီ​လို​ပြော​တယ်– “ကျမ်း​စာ​တစ်​အုပ်​လုံး​ကို ဖတ်​ရှု​ခြင်း​က ကျမ်း​စာ​ကို ဘု​ရား​သခင့် စကား​တော်​အဖြစ် လေး​မြတ်​စေ​တယ်။ ငယ်​ငယ်​က​တည်း​က သိ​ခဲ့ရ​တဲ့ ကျမ်း​စာ​ပုံ​ပြင်​တွေ ပို​အသက်​ဝင်​လာ​တယ်။” ဖတ်​ရှု​တဲ့​အရာ​ကို နား​လည်​ဖို့ ကိုယ့်​ဘာ​သာ​စကား​နဲ့ ရ​ရှိ​နိုင်​တဲ့ ရှာ​ဖွေ​ရေး ကိ​ရိ​ယာ​တွေ​ကို သုံး​ပါ။ သင့်​မှာ ကင်း​မျှော်​စင် စာ​ကြည့်​တိုက် ဒီ​ဗီ​ဒီ၊ အွန်​လိုင်း ကင်း​မျှော်​စင် စာ​ကြည့်​တိုက်၊ ကင်း​မျှော်​စင် စာပေ​အညွှန်း၊ ယေဟောဝါ​သက်​သေတွေ​အတွက် ကျမ်း​စာ​လေ့​လာ​မှု လမ်း​ညွှန်​တို့ ရှိ​နိုင်​တယ်။

၁၈ မိ​ဘ​တို့၊ သား​သမီး​တွေ ဘု​ရားရေးရာ​ဘက် တိုး​တက်​လာ​အောင် သင်​တို့​ပဲ အဓိ​က ကူညီ​ပေး​နိုင်​တယ်။ သူတို့​ရဲ့ ယုံ​ကြည်​ခြင်း ခိုင်​ခံ့​လာ​အောင် ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။ နည်း​လမ်း​တ​ချို့​ကို နောက်​ဆောင်း​ပါး​မှာ ဆွေး​နွေး​ပါ​မယ်။