မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၈

“ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”

“ကျွန်တော့်ဆီ လာကြပါ။ ခင်ဗျားတို့ကို လန်းဆန်းစေမယ်”

“ဝန်ပိ​လို့ ပင်ပန်း​နေသူတို့၊ ကျွန်တော့်​ဆီ လာ​ကြပါ။ ခင်ဗျားတို့ကို လန်းဆန်း​စေမယ်။”—မ. ၁၁:၂၈

သီချင်း ၁၇ “ငါ​ဆန္ဒရှိ”

အကြို​သုံးသပ်ချက် *

၁။ မဿဲ ၁၁:၂၈-၃၀ အရ ယေရှု ဘာ​ကတိ ပေးခဲ့သလဲ။

ယေရှု​က မိမိ​စကား နားထောင်​နေတဲ့ လူအုပ်​ကို “ကျွန်တော့်​ဆီ လာ​ကြပါ။ ခင်ဗျားတို့ကို လန်းဆန်း​စေမယ်” လို့ ကတိ​ပေးတယ်။ (မဿဲ ၁၁:၂၈-၃၀ ကိုဖတ်ပါ။) ဒါဟာ ကတိပေး​ရုံ​သက်​သက် မဟုတ်ဘူး။ ဥပမာ၊ ရောဂါဆိုး ခံစား​နေရတဲ့ အမျိုးသမီးကို ယေရှု ဘာလုပ်​ပေးခဲ့​ကြောင်း သုံးသပ်​ကြည့်ပါ။

၂။ ရောဂါ​ခံစား​နေရတဲ့ အမျိုးသမီးကို ယေရှု ဘာလုပ်​ပေး​သလဲ။

အဲဒီ​အမျိုးသမီးဟာ အကူအညီ အလွန်​လိုအပ်​နေတယ်။ ရောဂါ​သက်သာဖို့ သမားတော်​ပေါင်း​စုံ​နဲ့ ကု​ပြီးပြီ။ ၁၂ နှစ် ကြာ​သွားတာတောင် ရောဂါ မ​ပျောက်​သေး​ဘူး။ ပညတ်တရား​အရ သူဟာ မသန့်ရှင်း​သူ​ဖြစ်တယ်။ (ဝတ်. ၁၅:၂၅) ရောဂါသည်​တွေကို ယေရှု ကုပေး​နိုင်ကြောင်း ကြားတဲ့​အခါ ယေရှုကို ရှာ​ဖို့ ထွက်လာတယ်။ တွေ့​တာ​နဲ့ ဝတ်လုံ​အမြိတ်​ကို တို့​လိုက်တဲ့အခါ ချက်ချင်း ရောဂါ​ပျောက်​သွားတယ်။ ယေရှုဟာ ရောဂါ​ကုပေး​ရုံ​လောက်​သာ မဟုတ်ဘဲ သူ့ကို ဂုဏ်တင်​လေးစားခဲ့တယ်။ ဥပမာ၊ သူနဲ့​စကား​ပြောတဲ့အခါ “သမီး” ဆိုပြီး ကြင်ကြင်နာနာ သုံးနှုန်း​ခဲ့တယ်။ အဲဒီ​အမျိုးသမီး အလွန် လန်းဆန်း​အားတက်သွား​မှာ​ပဲ။—လု. ၈:၄၃-၄၈

၃။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

အမျိုးသမီးဟာ ယေရှု​ဆီ သွားခဲ့တယ်။ ဒါက အစပြု​လုပ်ဆောင်တာ ဖြစ်တယ်။ ဒီနေ့လည်း ကျွန်တော်တို့​က ယေရှု​ဆီ သွားဖို့ ကြိုးစား​အားထုတ်​ရမယ်။ အခု​အချိန်မှာ ယေရှု​က မိမိ​ဆီ လာတဲ့​သူတွေကို အံ့ဖွယ်​နည်းနဲ့ ရောဂါ​ကုပေး​မှာ မဟုတ်ဘူး။ ဒါပေမဲ့ “ကျွန်တော့်​ဆီ လာ​ကြပါ။ ခင်ဗျားတို့ကို လန်းဆန်း​စေမယ်” လို့ ဖိတ်ခေါ်​နေဆဲပဲ။ ဒီ​ဆောင်းပါး​မှာ မေးခွန်း ငါးခု​ကို ဆွေးနွေးပါမယ်– ယေရှု​ဆီ ဘယ်လို သွား​နိုင်မလဲ။ ယေရှုရဲ့ ထမ်းပိုး​ကို ထမ်းတယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေရှု​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ယေရှု​ပေးထားတဲ့ အလုပ်​က ဘာကြောင့် လန်းဆန်း​စေ​သလဲ။ ယေရှုရဲ့ ထမ်းပိုး​ကို ထမ်း​ရင်း ဘယ်လို ဆက်​လန်းဆန်း​နိုင်မလဲ။

“ကျွန်တော့်​ဆီ လာ​ကြပါ”

၄-၅။ ယေရှု​ဆီ သွား​နိုင်တဲ့ နည်း​တချို့က ဘာတွေလဲ။

ယေရှု​ဆီ သွား​နိုင်တဲ့ နည်း​တစ်နည်း​က ယေရှု သွန်သင်​လုပ်ဆောင်ခဲ့​တာတွေကို အတတ်နိုင်ဆုံး လေ့လာခြင်း​ပဲ။ (လု. ၁:၁-၄) ဘယ်သူမှ ကျွန်တော်တို့​ကိုယ်စား လုပ်ပေးလို့ မရဘူး။ အဲဒီ​အကြောင်းအရာတွေကို ကိုယ်တိုင် လေ့လာ​ရမယ်။ နှစ်ခြင်း​ခံဖို့၊ ယေရှု​တပည့်​လုပ်ဖို့ ဆုံးဖြတ်ခြင်း​အားဖြင့်လည်း ယေရှု​ဆီ သွား​နိုင်ပါတယ်။

ယေရှု​ဆီ သွား​နိုင်တဲ့ နောက်​တစ်နည်း​ကတော့ အကူအညီ လိုအပ်​ချိန်မှာ အသင်းတော် အကြီးအကဲ​တွေ​ဆီ သွားခြင်း​ပဲ။ ယေရှု​က သိုးတော်စု​ကို ထိန်းကျောင်း​ဖို့ “လက်ဆောင်” ဖြစ်တဲ့ အကြီးအကဲ​တွေ ပေးထားတယ်။ (ဧ. ၄:၇၊ ၈၊ ၁၁။ ယော. ၂၁:၁၆။ ၁ ပေ. ၅:၁-၃) ကျွန်တော်တို့​က ကိုယ်တိုင် အစ​ပြုပြီး သူတို့ဆီမှာ အကူအညီ တောင်း​ရမယ်။ ကိုယ့်ရဲ့ စိတ်နဲ့ လိုအပ်ရာတွေကို အကြီးအကဲ​တွေ အလိုလို​သိမယ်​လို့ မမျှော်လင့်ပါနဲ့။ ညီအစ်ကို ဂျူလီယန် ဒီလို​ပြောတယ်– “ကျန်းမာရေး​ပြဿနာ​ကြောင့် ကျွန်တော် ဗေသလ​ကနေ ထွက်​ရမယ်ဆိုတော့ သိုးထိန်း​လည်ပတ်မှု လုပ်ပေးဖို့ တောင်းဆိုပါ​ဆိုပြီး သူငယ်ချင်း​တစ်ယောက် အကြံ​ပေးတယ်။ အစမှာ မလိုပါဘူးလို့ ထင်​မိတယ်။ နောက်ပိုင်း အကူအညီ​တောင်း​လိုက်​တော့ အဲဒီ​သိုးထိန်း​လည်ပတ်မှု​က အကောင်းဆုံး လက်ဆောင်​ဖြစ်နေတယ်။” ဂျူလီယန်ဆီ လည်ပတ်​ခဲ့​တဲ့ အကြီးအကဲ​နှစ်ယောက်​လို သစ္စာရှိ အကြီးအကဲ​တွေဟာ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိဖို့၊ ခရစ်တော်ရဲ့ အတွေးအခေါ်နဲ့ သဘောထားကို နားလည်ပြီး တုပ​ဖို့ ကျွန်တော်တို့ကို ကူညီ​ပေး​နိုင်တယ်။ (၁ ကော. ၂:၁၆။ ၁ ပေ. ၂:၂၁) ဒါဟာ သူတို့​ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါပဲ။

‘ကျွန်တော့်​ထမ်းပိုး​ကို ထမ်း​ပါ’

၆။ ‘ကျွန်တော့်​ထမ်းပိုး​ကို ထမ်း​ပါ’ ဆိုတာ ဘာကို ဆိုလိုသလဲ။

‘ကျွန်တော့်​ထမ်းပိုး​ကို ထမ်း​ပါ’ ဆိုတာ “ကျွန်တော့် အခွင့်အာဏာကို လက်ခံပါ” လို့ ယေရှု ပြော​နေတာပဲ။ “ကျွန်တော်​နဲ့​အတူ ထမ်းပိုး​ထမ်း​ပြီး ယေဟောဝါ​အတွက် အတူ​အမှုဆောင်​ကြမယ်” လို့​လည်း ဆိုလို​နိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် ထမ်းပိုး​ထမ်း​တယ် ဆို​ကတည်းက လုပ်ဆောင်မှု ပါဝင်တယ်။

၇။ မဿဲ ၂၈:၁၈-၂၀ အရ ကျွန်တော်တို့ကို ဘယ်​လုပ်ငန်း ပေးအပ်​ထားသလဲ။ ဘာကို စိတ်ချ​နိုင်သလဲ။

ကျွန်တော်တို့ ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်းခံ​တုန်း​က ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့​ကြတယ်။ အဲဒီ​ဖိတ်ခေါ်ချက်​က လူအားလုံး​အတွက်ပဲ။ ဘုရားကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်​လို​သူ ဘယ်သူ့ကိုမဆို ယေရှု ငြင်းပယ်​မှာ မဟုတ်ဘူး။ (ယော. ၆:၃၇၊ ၃၈) ခရစ်ယာန်စစ် အားလုံးဟာ ယေရှုကို ယေဟောဝါ ပေးထားတဲ့ လုပ်ငန်းမှာ ပါဝင်ခွင့် ရထား​ကြတယ်။ အဲဒီ​လုပ်ငန်းကို လုပ်ဆောင်ဖို့ ယေရှု အမြဲ ကူညီ​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။မဿဲ ၂၈:၁၈-၂၀ ကိုဖတ်ပါ။

“ကျွန်တော့်​ဆီကနေ သင်ယူ​ကြပါ”

ယေရှုလို တခြားသူတွေကို လန်းဆန်းစေပါ (အပိုဒ် ၈-၁၁ ကိုကြည့်ပါ) *

၈-၉။ နှိမ့်ချ​သူတွေ ယေရှု​ဆီ ဘာကြောင့် သွား​ချင်​ကြတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။

နှိမ့်ချ​သူတွေဟာ ယေရှု​ဆီ သွား​ချင်ကြတယ်။ (မ. ၁၉:၁၃၊ ၁၄။ လု. ၇:၃၇၊ ၃၈) ဘာကြောင့်လဲ။ ယေရှုနဲ့ ဖာရိရှဲတွေရဲ့ ကွာခြားချက်ကို သုံးသပ်​ကြည့်ပါ။ ဖာရိရှဲတွေဟာ မေတ္တာ​မဲ့ပြီး မောက်မာ​တယ်။ (မ. ၁၂:၉-၁၄) ယေရှု​ကတော့ မေတ္တာ​ရှိပြီး နှိမ့်ချတယ်။ ဖာရိရှဲတွေက ရည်မှန်းချက်​ကြီး​ပြီး ဂုဏ်မောက်တယ်။ ယေရှု​ကတော့ ရည်မှန်းချက် မကြီးဖို့၊ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျတဲ့​အစေခံ​လို ရှုမြင်ဖို့ တပည့်​တွေကို သင်ပေးတယ်။ (မ. ၂၃:၂၊ ၆-၁၁) ဖာရိရှဲတွေက လူတွေကို ကြောက်​အောင် လုပ်ပြီး ထိန်းချုပ်​ဖို့ ကြိုးစားတယ်။ (ယော. ၉:၁၃၊ ၂၂) ယေရှု​ကတော့ မေတ္တာ​ပါတဲ့ လုပ်ရပ်၊ ကြင်နာတဲ့ စကားတွေ​အားဖြင့် တခြား​သူတွေကို လန်းဆန်း​စေတယ်။

သင်​ကော ယေရှု​ဆီကနေ အဲဒီ​သင်ခန်းစာတွေကို သင်ယူ​ခဲ့​သလား။ ‘ငါဟာ နူးညံ့​သိမ်မွေ့​သူ၊ နှိမ့်ချ​သူ​လို့ နာမည်​ရထား​သလား။ တခြား​သူတွေကို ကူညီ​ပေးဖို့ နိမ့်ကျတဲ့ အလုပ်တွေကို လိုလိုလားလား လုပ်ချင်စိတ် ရှိသလား။ တခြား​သူတွေကို ကြင်ကြင်နာနာ ဆက်ဆံ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

၁၀။ ယေရှုဟာ လုပ်ဖော်ဆောင်ဖက်တွေ​အတွက် ဘယ်လို ဝန်းကျင်​မျိုး ဖန်တီး​ပေး​သလဲ။

၁၀ ယေရှု​က လုပ်ဖော်ဆောင်ဖက်တွေ​အတွက် ငြိမ်သက်​အေးချမ်း​တဲ့ ဝန်းကျင်​ဖြစ်အောင် ဖန်တီး​ပေးတယ်။ တခြား​သူတွေကို လေ့ကျင့်ပေး​ရတာ နှစ်သက်တယ်။ (လု. ၁၀:၁၊ ၁၉-၂၁) မေးခွန်း​မေး​ဖို့ တပည့်​တွေကို အားပေးတယ်။ သူတို့ရဲ့ သဘောထားကို နားထောင်ချင်​တဲ့​အတွက် မေးခွန်းတွေ မေးတယ်။ (မ. ၁၆:၁၃-၁၆) ယေရှုရဲ့ တပည့်တွေဟာ ဂရုတစိုက် ပြုစု​ခံရတဲ့ အပင်​တွေ​လို ရှင်သန်​လန်းဆန်း​နေကြတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာတွေကို သူတို့ သင်ယူပြီး အကျင့်ကောင်း​တွေ ကျင့်​ခြင်းအားဖြင့် အသီးကောင်းတွေ သီးပွင့်​ဖြစ်ထွန်း​ကြတယ်။

ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေပါ

တက်တက်ကြွကြွရှိပြီး ထက်သန်ပါ

နှိမ့်ချပြီး အလုပ်ကြိုးစားပါ *

၁၁။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။

၁၁ သင်ဟာ အခွင့်အာဏာ​ရှိသူ​လား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘အလုပ်မှာ၊ အိမ်မှာ ဘယ်လို ဝန်းကျင်​မျိုး​ဖြစ်အောင် ငါ ဖန်တီး​နေသလဲ။ ငြိမ်သက်​အေးချမ်း​တဲ့ ဝန်းကျင်​မျိုး​ဖြစ်အောင် ဖန်တီး​ပေးနေ​သလား။ မေးခွန်း​မေး​ဖို့ တခြား​သူတွေကို အားပေး​သလား။ သူတို့ရဲ့ သဘောထားကို နားထောင်ပေး​သလား။’ မေးခွန်း​မေး​တာ​ကို မကြိုက်​တဲ့​အပြင် ကိုယ်​နဲ့ အမြင်မတူ​တာ​ကို ထုတ်ပြော​တဲ့အခါ ဒုက္ခ​ပေးတတ်တဲ့ ဖာရိရှဲတွေ​နဲ့ ကျွန်တော်တို့ မတူ​ချင်​ကြဘူး။—မာ. ၃:၁-၆။ ယော. ၉:၂၉-၃၄

“ခင်ဗျားတို့ လန်းဆန်း​ရလိမ့်မယ်”

၁၂-၁၄။ ယေရှု​ပေးအပ်​တဲ့ အလုပ်ဟာ ဘာကြောင့် လန်းဆန်း​စေ​သလဲ။

၁၂ ယေရှု ပေးအပ်​ထားတဲ့ အလုပ်ကို လုပ်ဆောင်ခြင်းက ဘာကြောင့် လန်းဆန်း​စေ​သလဲ။ အကြောင်းရင်း​များစွာ ရှိတဲ့​အနက် တချို့ကို သုံးသပ်​ကြည့်ရအောင်။

၁၃ အကောင်းဆုံး ကြီးကြပ်မှူးတွေကို ကျွန်တော်တို့ ရထားတယ်။ အကြီးမြတ်ဆုံး ကြီးကြပ်မှူး​ဖြစ်တဲ့ ယေဟောဝါဟာ ခက်ထန်​ပြီး ကျေးဇူး​မတင်​တတ်တဲ့ အလုပ်ရှင် မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို တန်ဖိုး​ထားတယ်။ (ဟီ. ၆:၁၀) ကိုယ်​ရထားတဲ့ တာဝန်ကို ထမ်းဆောင်​နိုင်ဖို့ လိုအပ်တဲ့ အစွမ်း​ခွန်အား ပေးတယ်။ (၂ ကော. ၄:၇။ ဂလ. ၆:၅) ဘုရင် ယေရှုဟာ တခြား​သူတွေကို ဘယ်လို​ဆက်ဆံရ​မယ်​ဆိုတာ အကောင်းဆုံး ပုံသက်သေ​ပြခဲ့တယ်။ (ယော. ၁၃:၁၅) ကျွန်တော်တို့ကို ထိန်းကျောင်း​နေတဲ့ အကြီးအကဲ​တွေဟာ “သိုးထိန်းကြီး” ယေရှုကို ကြိုးစား​တုပ​နေကြတယ်။ (ဟီ. ၁၃:၂၀။ ၁ ပေ. ၅:၂) သူတို့ဟာ ကျွန်တော်တို့ကို ကြင်ကြင်နာနာ၊ သတ္တိရှိရှိ သွန်သင်​ပေးတယ်၊ ကာကွယ်​ပေးတယ်၊ အားပေးတယ်။

၁၄ အကောင်းဆုံး မိတ်ဆွေတွေကို ကျွန်တော်တို့ ရထားတယ်။ တခြား​သူတွေမှာ မရှိတဲ့ ဘဝ​ရည်ရွယ်ချက်​နဲ့ မိတ်ဆွေ​ကောင်းတွေကို ကျွန်တော်တို့ ပိုင်ဆိုင်​ထားတယ်။ ကိုယ်ကျင့်တရား​စံနှုန်း မြင့်မား​သူတွေ ဖြစ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ မထင်မှတ်​တဲ့ ညီအစ်ကို/မ​တွေ​နဲ့​အတူ လုပ်ဆောင်ခွင့် ရထားတယ်။ သူတို့မှာ အစွမ်းအစတွေ ရှိပေမဲ့ နှိမ့်ချ​ကျိုးနွံပြီး တခြား​သူတွေကို ကိုယ့်ထက်​သာတယ်လို့ သဘောထား​ကြတယ်။ ကျွန်တော်တို့ကို လုပ်ဖော်ဆောင်ဖက်တွေ​လောက်​သာ မဟုတ်ဘဲ မိတ်ဆွေ​တွေ​အဖြစ် ရှုမြင်​ကြတယ်။ အသက်​ပေးဖို့ အသင့်ရှိ​တဲ့​အထိ ချစ်ခင်​ရင်းနှီး​ကြတယ်။

၁၅။ ကျွန်တော်တို့ လုပ်နေတဲ့ အလုပ်နဲ့​ပတ်သက်ပြီး ဘယ်လို ခံစား​သင့်သလဲ။

၁၅ အကောင်းဆုံး အလုပ်ကို ကျွန်တော်တို့ ရထားတယ်။ ယေဟောဝါနဲ့​ပတ်သက်တဲ့ အမှန်တရား​အကြောင်း လူတွေကို သင်ပေး​ပြီး မာရ်နတ်ရဲ့ အလိမ်အညာတွေကို ဖော်ထုတ်​နေကြတယ်။ (ယော. ၈:၄၄) စာတန်​က လူတွေကို သူ့ရဲ့ အလိမ်အညာ​တွေ​နဲ့ ဝန်ပိ​စေတယ်။ ဥပမာ၊ အပြစ်တွေကို ယေဟောဝါ ခွင့်မလွှတ်​ဘူး၊ ကျွန်တော်တို့ဟာ ဘုရားရဲ့ မေတ္တာနဲ့ မထိုက်တန်ဘူးလို့ စာတန် ယူဆ​စေချင်တယ်။ လေးလံ​လှတဲ့ ဝန်ထုပ်၊ ဆိုးရွား​လှတဲ့ အလိမ်အညာ​တွေ​ပါပဲ။ တကယ်တော့ ခရစ်တော်​ဆီ သွားတဲ့​အခါမှာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်​ခံရတယ်။ ကျွန်တော်တို့​အားလုံးကို ယေဟောဝါ အလွန်​ချစ်တယ်။ (ရော. ၈:၃၂၊ ၃၈၊ ၃၉) ယေဟောဝါကို အားကိုး​တတ်ဖို့၊ ဘဝ​တွေ တိုးတက်​ကောင်းမွန်​လာဖို့ လူတွေကို ကူညီပေး​ရတာ ရွှင်လန်းစရာ​ပါပဲ။

ယေရှုရဲ့ ထမ်းပိုး​ကို ထမ်း​ရင်း ဆက်​လန်းဆန်း​နိုင်ပုံ

၁၆။ ယေရှု ထမ်း​ခိုင်းတဲ့ ဝန်​ဟာ တခြား​ဝန်ထုပ်​တွေ​နဲ့ ဘာကြောင့် မတူတာ​လဲ။

၁၆ ယေရှု ထမ်း​ခိုင်းတဲ့ ဝန်​ဟာ တခြား​ဝန်ထုပ်​တွေ​နဲ့ မတူဘူး။ ဥပမာ၊ လူများစွာဟာ တစ်နေ့​တာ အလုပ်​ပြီးနောက် မောပန်း​နွမ်းလျ​ရုံ​သာမက ကျေနပ်​ပျော်ရွှင်မှု​လည်း မရကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့​ကတော့ ယေဟောဝါနဲ့ ခရစ်တော်​အတွက် အမှုဆောင်​ပြီးနောက် အလွန် ကျေနပ်​ပျော်ရွှင်​ကြတယ်။ တစ်နေ့​တာ အလုပ်​ပြီးတဲ့အခါ မောပန်း​နေလို့ ညဘက်မှာ အစည်းအဝေး​ကို မနည်း​ကြိုးစားပြီး သွားရတယ်။ ဒါပေမဲ့ အစည်းအဝေး​ပြီးနောက်မှာတော့ လန်းဆန်း​ပြီး အားပြည့်​လာလေ့​ရှိတယ်။ ဟောပြောဖို့၊ ကိုယ်ပိုင်လေ့လာမှု​လုပ်ဖို့​လည်း ကြိုးစား​အားထုတ်​ရပေမဲ့ ရတဲ့​အကျိုးကျေးဇူး​က ကိုယ်​သုံး​လိုက်တဲ့ အားအင်​ထက် များစွာ သာလွန်တယ်။

၁၇။ ကျွန်တော်တို့ ဘာကို အသိအမှတ်​ပြုပြီး ဘယ်အချက်ကို ဂရုစိုက်​ရမလဲ။

၁၇ ကျွန်တော်တို့ အားလုံးမှာ ခွန်အား အကန့်အသတ်​ပဲ ရှိတယ်​ဆိုတာကို အသိ​မှတ်​ပြုပြီး ကိုယ့်​ခွန်အားကို ပညာရှိရှိ သုံးဖို့ ဂရုစိုက်​ရမယ်။ ဥပမာ၊ ပစ္စည်းဥစ္စာ​တွေ ရဖို့ ကြိုးစားရင်း ကိုယ့်​ခွန်အားကို ဖြုန်းတီး​မိ​နိုင်တယ်။ “ထာဝရ​အသက်ကို အမွေ​ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ” လို့ ချမ်းသာတဲ့ လူငယ်​တစ်ယောက် ယေရှုကို မေးတယ်။ သူဟာ ပညတ်တရားကို လိုက်နာသူ​ဖြစ်တယ်။ ယေရှု သူ့ကို ‘ချစ်တယ်’ လို့ မာကုရဲ့ မှတ်တမ်းမှာ ဖော်ပြ​ထားတဲ့​အတွက် သူဟာ လူကောင်း​ဖြစ်ရမယ်။ ‘ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်း​ပါ။ ပြီးမှ ကျွန်တော့်​နောက်လိုက် လုပ်ပါ’ လို့ ယေရှု​ပြောတယ်။ ပစ္စည်းဥစ္စာတွေကို မစွန့်​နိုင်တဲ့​အတွက် လူငယ်ဟာ ဝမ်းနည်း​သွားတယ်။ (မာ. ၁၀:၁၇-၂၂) ရလဒ်​က ယေရှု ကမ်းလှမ်းတဲ့ ထမ်းပိုး​ကို ငြင်းပယ်​ပြီး “စည်းစိမ်​အတွက်” ဆက်​အစေခံခဲ့တယ်။ (မ. ၆:၂၄) သင်​ဆိုရင်ကော ဘာကို ရွေးချယ်မလဲ။

၁၈။ ကျွန်တော်တို့ မကြာခဏ ဘာလုပ်သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ ဘဝမှာ ဦးစား​ထားရာတွေကို မကြာခဏ ပြန်​ဆန်းစစ်​သင့်တယ်။ ဘာကြောင့်လဲ။ အဲဒီလို ပြန်​ဆန်းစစ်​မှ ကိုယ့်​ခွန်အားကို ပညာရှိရှိ သုံး​နေ​သလား​ဆိုတာ သိနိုင်မယ်။ မာ့ခ်​လို့​ခေါ်တဲ့ လူငယ် ဒီလို ပြောတယ်– “ကိုယ့်ကိုယ်ကိုယ် ရိုးရိုးရှင်းရှင်း နေတယ်လို့ ထင်နေတာ။ ကျွန်တော် ရှေ့ဆောင်​လုပ်​နေပေမဲ့ ငွေ​အကြောင်း၊ ဘဝကို ပို​သက်သောင့်သက်သာ​ဖြစ်အောင် ဘယ်လို လုပ်ရမလဲ​ဆိုတဲ့​အကြောင်း​ပဲ စဉ်းစား​နေ​မိတယ်။ ဘဝက ဘာကြောင့် ဒီလောက်​ဝန်ပိနေ​တာလဲ​လို့ ဆန်းစစ်​လိုက်တဲ့အခါ ကိုယ့်​အရေး​ကိုပဲ ဦးစား​ထားပြီး ကျန်တဲ့ အချိန်နဲ့ ခွန်အားကိုပဲ ယေဟောဝါကို ပေးနေ​ကြောင်း သိလာတယ်။” မာ​ခ့်​ဟာ ကိုယ့်​အတွေးအခေါ်နဲ့ ဘဝပုံစံကို ပြုပြင်​ပြောင်းလဲ​ပြီး ယေဟောဝါရဲ့ အမှုတော်မှာ ပို​ပါဝင်ခဲ့တယ်။ “တစ်ခါတလေ စိုးရိမ်​ပူပန်​မိ​ပေမဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ ကူညီ​ထောက်မမှု​ကြောင့် အခက်အခဲတွေကို အောင်မြင်​နိုင်ခဲ့တယ်” လို့ မာ့ခ်​ပြောတယ်။

၁၉။ မှန်ကန်တဲ့ အမြင်ရှိဖို့ ဘာကြောင့် အလွန် အရေးကြီးသလဲ။

၁၉ အချက်​သုံးချက်​ကို လုပ်ဆောင်​ရင် ယေရှု ထမ်းပိုး​အောက်မှာ လန်းဆန်းမှု ဆက်​ရပါလိမ့်မယ်။ ပထမ၊ မှန်ကန်တဲ့​အမြင်ကို ဆက်​ထိန်းထားပါ။ ယေဟောဝါရဲ့ လုပ်ငန်း​ဖြစ်လို့ ယေဟောဝါရဲ့ နည်းလမ်း​အတိုင်း လုပ်ဆောင်​ရမယ်။ ကျွန်တော်တို့​က အလုပ်သမား၊ ယေဟောဝါ​က အလုပ်ရှင်​ပါ။ (လု. ၁၇:၁၀) ဘုရား​အလုပ်ကို ကိုယ့်နည်းကိုယ့်ဟန်​နဲ့​လုပ်ရင် ထမ်းပိုး​ကို တွန်း​ထုတ်​နေတာ​နဲ့ တူတယ်။ သန်မာတဲ့ နွားတောင် ကိုယ်​သွားချင်တဲ့​ဘက်​ကို သွားပြီး သခင် တင်ထားတဲ့ ထမ်းပိုး​ကို တွန်း​ထုတ်​နေမယ်​ဆိုရင် မောဟိုက်ရုံ၊ ဒဏ်ရာ​ရ​ရုံ​ပဲ ရှိမယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်နာမယ်​ဆိုရင်တော့ ကိုယ့်​အစွမ်းအစ​နဲ့ မလုပ်နိုင်ဘူး​လို့ ထင်တဲ့​အရာတွေကို လုပ်ဆောင်​နိုင်ပြီး အတားအဆီး​တွေကို ကျော်လွှား​နိုင်​ပါလိမ့်မယ်။ ဘုရားအလိုတော် မအောင်မြင်​ဖို့ ဘယ်သူမှ မတားဆီး​နိုင်ဘူး​ဆိုတာ သတိရပါ။—ရော. ၈:၃၁။ ၁ ယော. ၄:၄

၂၀။ ယေရှုရဲ့ ထမ်းပိုးကို ထမ်းဖို့ ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။

၂၀ ဒုတိယ၊ စိတ်ရင်းမှန်နဲ့ လုပ်ဆောင်ပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်​က မေတ္တာရှင် ဖခင် ယေဟောဝါကို ဂုဏ်တင်​ချီးမွမ်းဖို့​ပါ။ ယေရှု​ခေတ်​က နောက်လိုက်​တချို့ဟာ လောဘ​ကြီး​ပြီး ကိုယ်ကျိုးရှာ​တဲ့​အတွက် မပျော်ရွှင်​တော့ဘဲ ယေရှုရဲ့ ထမ်းပိုး​ကို စွန့်ပယ်​ခဲ့​ကြတယ်။ (ယော. ၆:၂၅-၂၇၊ ၅၁၊ ၆၀၊ ၆၆။ ဖိ. ၃:၁၈၊ ၁၉) ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့​မေတ္တာ ရှိ​သူတွေကတော့ ကောင်းကင်မှာ ခရစ်တော်​နဲ့​အတူ အမှုဆောင်မယ်​ဆိုတဲ့ မျှော်လင့်ချက်​နဲ့ ယေရှုရဲ့ ထမ်းပိုး​ကို ပျော်ရွှင်စွာ ထမ်း​ကြတယ်။ သူတို့​လို​ပဲ ကျွန်တော်တို့လည်း ယေရှုရဲ့ ထမ်းပိုး​ကို စိတ်ရင်းမှန်နဲ့ ထမ်း​ခြင်းအားဖြင့် ဆက်​ပျော်ရွှင်​နိုင်ကြတယ်။

၂၁။ မဿဲ ၆:၃၁-၃၃ အရ ယေဟောဝါ ဘာလုပ်ပေးမယ်လို့ မျှော်လင့်နိုင်သလဲ။

၂၁ တတိယ၊ မှန်ကန်တဲ့ မျှော်လင့်ချက် ထားရှိ​ပါ။ ကိုယ်ကျိုးစွန့်​ရတဲ့၊ ခက်ခဲတဲ့ ဘဝ​လမ်းစဉ်​ကို ကျွန်တော်တို့ ရွေးချယ်​ထားတယ်။ ကျွန်တော်တို့ ညှဉ်းပန်း​နှိပ်စက်​ခံရမယ်လို့ ယေရှု သတိ​ပေးတယ်။ ဒါပေမဲ့ အခက်အခဲတွေကို ခံရပ်​နိုင်ဖို့ ယေဟောဝါ ခွန်အား​ပေးမယ်လို့ မျှော်လင့်​နိုင်တယ်။ ပို​ခံရပ်နိုင်​လေ ယုံကြည်ခြင်း ပို​သန်မာ​လေ ဖြစ်လာမယ်။ (ယာ. ၁:၂-၄) ကျွန်တော်တို့ကို ယေဟောဝါ ထောက်မ​ပေးမယ်၊ ယေရှု ထိန်းကျောင်း​ပေးမယ်၊ ညီအစ်ကို/မ​တွေ အားပေးမယ်လို့လည်း မျှော်လင့်​နိုင်တယ်။ (မဿဲ ၆:၃၁-၃၃ ကိုဖတ်ပါ။ ယော. ၁၀:၁၄။ ၁ သက်. ၅:၁၁) ဘာများ ထပ်​လို​ဦး​မှာ​လဲ။

၂၂။ ကျွန်တော်တို့ ဘာအတွက် ဝမ်းသာကြမလဲ။

၂၂ ယေရှု ကုသ​ပေးလိုက်တဲ့ အမျိုးသမီးဟာ ကုသ​ခံ​လိုက်ရ​တဲ့​နေ့မှာ ပျော်ရွှင်​လန်းဆန်း​သွားတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်လာ​မှ​သာ ဆက်ပြီး ပျော်ရွှင်​လန်းဆန်း​နိုင်မှာ ဖြစ်တယ်။ အဲဒီ​အမျိုးသမီး ဘာလုပ်​မယ်​လို့ သင် ထင်သလဲ။ ယေရှုရဲ့ ထမ်းပိုး​ကို ထမ်း​ဖို့ ရွေးချယ်မယ်​ဆိုရင် ယေရှုနဲ့အတူ ကောင်းကင်မှာ အမှုဆောင်​နိုင်တဲ့ အခွင့်ထူး​ကို ရမှာ​ဖြစ်တယ်။ အဲဒီ​ကောင်းချီး​ဟာ ခရစ်တော်​နောက် လိုက်​ဖို့ သူ​စွန့်လွှတ်ခဲ့​တာ​တွေ အားလုံး​ထက် သာလွန်​ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ ကောင်းကင်​အသက်တာ​ဖြစ်စေ၊ မြေကြီး​အသက်တာ​ဖြစ်စေ “ကျွန်တော့်​ဆီ လာ​ကြပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့လို့ အလွန် ဝမ်းသာ​ကြပါလိမ့်မယ်။

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

^ အပိုဒ်၊ 5 ယေရှု​က မိမိ​ဆီ လာဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်တယ်။ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခြင်း​မှာ ဘာတွေ ပါဝင်​သလဲ။ အဲဒီ​မေးခွန်း​ကို ဒီ​ဆောင်းပါး​မှာ အဖြေပေး​သွားပါမယ်။ ခရစ်တော်​နဲ့​အတူ လုပ်ဆောင်ခြင်းက ဘယ်လို လန်းဆန်း​စေ​ကြောင်းကို​လည်း ဖော်ပြ​သွားပါမယ်။

^ အပိုဒ်၊ 60 ပုံအညွှန်း– ယေရှုဟာ တခြားသူတွေကို နည်းအမျိုးမျိုးနဲ့ လန်းဆန်းစေခဲ့တယ်။

^ အပိုဒ်၊ 66 ပုံအညွှန်း– အဲဒီလိုပဲ ညီအစ်ကိုတစ်ဦးက တခြားသူတွေကို နည်းအမျိုးမျိုးနဲ့ လန်းဆန်းမှု ပေးနေ။