မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၅

နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား

နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား

“ယေဟောဝါ​က . . . နှိမ့်ချ​သူကို ဂရုတစိုက် ကြည့်ရှု​တယ်။”—ဆာ. ၁၃၈:၆

သီချင်း ၄၈ ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

အကြို​သုံးသပ်ချက် *

၁။ နှိမ့်ချ​သူတွေကို ယေဟောဝါ ဘယ်လို သဘောထား​သလဲ။ ရှင်းပြပါ။

ယေဟောဝါ​က နှိမ့်ချ​သူတွေကို ချစ်တယ်။ အမှန်တကယ် နှိမ့်ချ​သူတွေ​သာ ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိ​နိုင်တယ်။ ဘုရားက “မောက်မာ​သူနဲ့​တော့ ခပ်ခွာခွာ​နေတယ်။” (ဆာ. ၁၃၈:၆) ကျွန်တော်တို့​အားလုံး ယေဟောဝါကို စိတ်ရွှင်လန်း​စေ​ချင်​ပြီး ဘုရား​မေတ္တာ ခံစားချင်​တဲ့​အတွက် နှိမ့်ချမှုကို မွေးမြူဖို့ သင်ယူ​ကြတယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ဒီ​ဆောင်းပါး​မှာ မေးခွန်း​သုံးခုကို အဖြေပေး​သွားပါမယ်– (၁) နှိမ့်ချမှု​ဆိုတာ ဘာလဲ။ (၂) နှိမ့်ချမှုကို ဘာကြောင့် မွေးမြူ​သင့်သလဲ။ (၃) ဘယ်​အခြေအနေ​တွေ​က နှိမ့်ချမှု​ရှိဖို့ ခက်​စေနိုင်သလဲ။ နှိမ့်ချမှုကို မွေးမြူ​ရင် ယေဟောဝါရဲ့​စိတ်​ကို ရွှင်လန်း​စေပြီး ကိုယ်တိုင် အကျိုး​ရ​ကြောင်း တွေ့ရ​ပါလိမ့်မယ်။—ပညာ. ၂၇:၁၁။ ဟေရှာ. ၄၈:၁၇

နှိမ့်ချမှု​ဆိုတာ ဘာလဲ

၃။ နှိမ့်ချမှု​ဆိုတာ ဘာလဲ။

နှိမ့်ချမှု​ဆိုတာ စိတ်​နေ​မ​မြင့်​တာ၊ မာန​နဲ့ မောက်မာ​မှု မရှိတာကို ဆိုလိုတယ်။ နှိမ့်ချ​သူဟာ မိမိ​နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး၊ တခြား​သူတွေနဲ့ ဆက်ဆံရေးကို တော်မှန်​စွာ ရှုမြင်တယ်လို့ ကျမ်းစာ​ပြောတယ်။ နှိမ့်ချ​သူဟာ လူတိုင်း​က တစ်နည်းနည်းနဲ့ ကိုယ့်ထက် သာတယ်​ဆိုတာ အသိအမှတ်​ပြုတယ်။—ဖိ. ၂:၃၊ ၄

၄-၅။ အပေါ်ယံ​ကို ကြည့်ပြီး စစ်မှန်တဲ့ နှိမ့်ချမှု ရှိတယ်လို့ ပြောနိုင်​သလား။ ဘာကြောင့်လဲ။

လူ​တချို့က နှိမ့်ချ​ပုံ​ပေါက်တယ်။ ရိုးရိုးကုပ်ကုပ် နေတတ်တယ်။ ယဉ်ကျေးမှု​နဲ့ ကြီးပြင်းလာ​ပုံ​ကြောင့် ယဉ်ကျေး​သိမ်မွေ့​ကြတယ်။ ဒါပေမဲ့ အတွင်းစိတ်​ကတော့ မာနကြီး​တာ​မျိုး ဖြစ်နိုင်တယ်။ တစ်ချိန်ချိန်​မှာ​တော့ သရုပ်မှန် ပေါ်လာ​တတ်တယ်။—လု. ၆:၄၅

လူတချို့​ကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်​သူတွေ ဖြစ်တယ်။ ဒါပေမဲ့ မာနကြီး​တာ​တော့ မဟုတ်ဘူး။ (ယော. ၁:၄၆၊ ၄၇) ဒီလို​ထက်မြက်​တဲ့​သူတွေဟာ ကိုယ့်ရဲ့ ပင်ကိုစွမ်းရည်​တွေကို အားမကိုး​ဖို့ သတိ​ပြုရမယ်။ ကျွန်တော်တို့ဟာ ထက်မြက်​သူ​ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နှိမ့်ချ​စိတ်​ကို ကြိုးစား​မွေးမြူ​ရမယ်။

တမန်တော် ပေါလုဟာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ရှုမြင် (အပိုဒ် ၆ ကိုကြည့်ပါ) *

၆။ ၁ ကောရိန္သု ၁၅:၁၀ မှာ ပါတဲ့​အတိုင်း တမန်တော် ပေါလု​ဆီကနေ ဘာသင်ယူနိုင်သလဲ။

တမန်တော် ပေါလု​အကြောင်း သုံးသပ်​ကြည့်ပါ။ တစ်မြို့​ပြီး တစ်မြို့​မှာ အသင်းတော်သစ်​တွေ တည်ထောင်ဖို့ ပေါလုကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ပေါလုဟာ ယေရှုခရစ်ရဲ့ တမန်တော်​အားလုံး​ထက်​တောင် အမှုဆောင်​လုပ်ငန်းမှာ ပို​အောင်မြင်​တယ်။ ဒါပေမဲ့ ညီအစ်ကို​တွေ​ထက် ကိုယ့်ကိုယ်ကိုယ် မ​ချီးမြှောက်​ဘူး။ “ကျွန်တော်ဟာ တမန်တော်တွေ​ထဲမှာ အရေးမပါ​ဆုံး​သူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲ​ခဲ့လို့ တမန်တော်​လို့​တောင် အခေါ်​မခံထိုက်​ဘူး” လို့ နှိမ့်ချ​စွာ ဝန်ခံတယ်။ (၁ ကော. ၁၅:၉) ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး​ရှိတာ​ဟာ ကိုယ့်​အစွမ်းအစ၊ ကိုယ့်​ကြိုးစားမှု​ကြောင့် မဟုတ်ဘဲ ဘုရားရဲ့ မဟာ​ကရုဏာ​ကြောင့်​သာ ဖြစ်တယ်လို့ ယူမှတ်တယ်။ (၁ ကောရိန္သု ၁၅:၁၀ ကိုဖတ်ပါ။) ကောရိန္သု​အသင်းတော်မှာ တချို့က ပေါလု​ထက် သာ​ကြောင်း ပြဖို့ အပြစ်ရှာ​ဝေဖန်​နေချိန်မှာ​တောင် ပေါလု နှိမ့်ချမှု ပြတာ​ကို သူ​ရေး​တဲ့​စာမှာ တွေ့နိုင်တယ်။ တကယ်​ကောင်းတဲ့ ပုံသက်သေပါပဲ။—၂ ကော. ၁၀:၁၀

အုပ်ချုပ်ရေးအဖွဲ့မှာ အမှုဆောင်ခဲ့တဲ့ နှိမ့်ချတဲ့ ညီအစ်ကို ကားလ် ကလိုင်း (အပိုဒ် ၇ ကိုကြည့်ပါ)

၇။ ထင်ပေါ်တဲ့ ညီအစ်ကို​တစ်ယောက် နှိမ့်ချမှု ဘယ်လို တင်ပြခဲ့​သလဲ။

ယေဟောဝါ​သက်သေ​များစွာဟာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကားလ် ကလိုင်းရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ကနေ အလွန် ခွန်အား​ရရှိ​ကြတယ်။ ညီအစ်ကို ကလိုင်းဟာ နှစ်တွေ​တစ်လျှောက် အခက်အခဲ​များစွာ ရင်ဆိုင်ခဲ့​ရ​ကြောင်း နှိမ့်ချ​စွာ ဝန်ခံထားတယ်။ ဥပမာ၊ ၁၉၂၂ တုန်း​က တစ်အိမ်တက်ဆင်း သွားခဲ့​ပေမဲ့ ခက်​လွန်း​လို့ ဦးဆုံး​အကြိမ် သွားပြီး​နောက် နှစ်နှစ်လောက် မသွားတော့ဘူး။ နောက်ပိုင်း ဗေသလ​ကို ရောက်လာတယ်။ အဲဒီမှာ ညီအစ်ကို​တစ်ယောက် သူ့ကို ဆုံးမ​တဲ့အခါ အချိန်အတော်ကြာ စိတ်ခု​နေခဲ့တယ်။ ကျန်းမာရေး​ပြဿနာ​လည်း ကြုံခဲ့​ရတယ်။ ဖိစီးမှု​ကြောင့် စိတ်​ကျန်းမာရေး ထိခိုက်​သွား​ပေမဲ့ နောက်ပိုင်း ပြန်ကောင်း​လာတယ်။ အခွင့်ထူး​များစွာ ရရှိ​ပြီး ထင်ပေါ်တဲ့ ညီအစ်ကို​ဖြစ်တာ​တောင် ကိုယ့်​အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ ဒီလို​လုပ်ဖို့ နှိမ့်ချမှု ဘယ်လောက် လို​မယ်​ဆိုတာ စဉ်းစား​ကြည့်ပါ။ ညီအစ်ကို/မများ​စွာ​ဟာ ရိုးသား​ပွင့်လင်း​တဲ့ ညီအစ်ကို ကလိုင်းရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ကို အခုထိ အမှတ်​ရ​နေဆဲပဲ။ *

နှိမ့်ချမှုကို ဘာကြောင့် မွေးမြူ​သင့်သလဲ

၈။ နှိမ့်ချမှုကို ယေဟောဝါ နှစ်သက်​ကြောင်း ၁ ပေတရု ၅:၆ က ဘယ်လို ပေါ်လွင်​စေ​သလဲ။

နှိမ့်ချမှုကို မွေးမြူ​သင့်တဲ့ အရေးကြီးဆုံး အကြောင်းရင်း​ကတော့ ယေဟောဝါ နှစ်သက်လို့​ပဲ။ အဲဒီ​အချက်ကို တမန်တော် ပေတရု ဖော်ပြတယ်။ (၁ ပေတရု ၅:၆ ကိုဖတ်ပါ။) “လာ၍ ငါ့​နောက်​သို့ လိုက်​လော့” စာအုပ်မှာ ပေတရုရဲ့ စကားကို ဒီလို မှတ်ချက်​ပြု​ထားတယ်– “မောက်မာ​ခြင်းသည် အဆိပ်​နှင့်​တူ​ပြီး အလွန်​အန္တရာယ်​ရှိ၏။ ထို​အရည်အသွေး​သည် ပင်ကိုစွမ်းရည် အရှိဆုံး​သူကို ဘုရားသခင်အတွက် အသုံးမဝင်​သူ ဖြစ်စေ​နိုင်သည်။ စိတ်​နှိမ့်ချ​ခြင်း​မူ​ကား အသိမ်ဖျင်းဆုံး​သူကိုပင် ယေဟောဝါ​အတွက် အသုံးဝင်သူ ဖြစ်စေ​နိုင်၏။ . . . ဘုရားသခင်သည် သင်၏​နှိမ့်ချမှု​အတွက် သင့်ကို အားရ​ဝမ်းသာ​စွာ ဆုချ​တော်​မူ​မည်။” * ယေဟောဝါရဲ့​စိတ်​ကို ရွှင်လန်း​စေ​တာ​ထက် ပို​ကောင်းတာ ဘာများ ရှိသေးလို့​လဲ။—ပညာ. ၂၃:၁၅

၉။ နှိမ့်ချ​သူတွေကို လူတွေ ဘာကြောင့် ခင်မင်​ရင်းနှီး​ချင်​ကြသလဲ။

နှိမ့်ချမှုကို မွေးမြူ​တဲ့အခါ ကျွန်တော်တို့လည်း အကျိုး​များစွာ ရရှိတယ်။ နှိမ့်ချ​သူကို လူတွေ ခင်မင်​ရင်းနှီး​ချင်ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလို​ပါပဲ။ (မ. ၇:၁၂) ကိုယ့်​နည်းလမ်း​အတိုင်း လုပ်ဖို့ အတင်းအကျပ် တောင်းဆို​သူ၊ တခြားသူရဲ့ အကြံဉာဏ်​ကို လက်မခံ​သူနဲ့ ဘယ်သူမှ မနေချင်​ကြဘူး။ ဒါပေမဲ့ ‘ကိုယ်ချင်းစာ​တဲ့၊ ညီရင်း​အစ်ကို​မေတ္တာနဲ့ ချစ်ခင်​တဲ့၊ ချစ်ခင်​စာနာတဲ့၊ စိတ်​နှိမ့်ချတဲ့’ ညီအစ်ကို/မ​တွေ​နဲ့ ဆက်ဆံရ​တာ​ကတော့ လန်းဆန်း​ပျော်ရွှင်​စေတယ်။ (၁ ပေ. ၃:၈) အဲဒီလို​လူတွေကို ကျွန်တော်တို့ ချစ်ခင်​သလို ကျွန်တော်တို့ နှိမ့်ချ​ရင် သူတို့လည်း ချစ်ခင်​လာပါလိမ့်မယ်။

၁၀။ နှိမ့်ချမှု​က ဘဝကို ဘယ်လို ပိုလွယ်ကူ​စေ​သလဲ။

၁၀ နှိမ့်ချမှု​က ဘဝကိုလည်း ပို​လွယ်ကူစေတယ်။ ဘဝမှာ မမျှတ​တာ​တွေ ကြုံရလေ့​ရှိတယ်။ “ကျွန်တွေ​က မြင်း​စီး​ပြီး မင်းညီမင်းသား​တွေ​ကတော့ ကျွန်​လို ခြေကျင်​လျှောက်​နေတာ ငါ​တွေ့ဖူးတယ်” လို့ ပညာရှိ​ဘုရင် ရှောလမုန် ပြောဖူးတယ်။ (ဒေ. ၁၀:၇) လူ​တော်​လူ​တတ်​ဖြစ်​တိုင်း အမြဲ အသိအမှတ်ပြု​ခံရ​တာ မဟုတ်ဘူး။ သိပ်​မတော်​မတတ်​သူတွေ ပို​အသိအမှတ်ပြု​ခံရ​တာ​လည်း ရှိ​နိုင်တယ်။ ဒါပေမဲ့ ညည်းညူ​နေမယ့်​အစား အဖြစ်မှန်​ကို လက်ခံ​လိုက်တာ ပို​ပညာရှိ​ကြောင်း ရှောလမုန် အသိအမှတ်​ပြုခဲ့တယ်။ (ဒေ. ၆:၉) နှိမ့်ချမှု ရှိမယ်ဆိုရင် ဖြစ်ချင်​တာ​တွေ မဖြစ်တဲ့​အခါ အရှိအတိုင်း လက်ခံဖို့ ပိုလွယ်ကူ​ပါလိမ့်မယ်။

ဘယ်​အခြေအနေ​တွေ​က နှိမ့်ချမှု​ရှိဖို့ ခက်​စေနိုင်သလဲ

ဒီအခြေအနေမှာ နှိမ့်ချမှုရှိဖို့ ဘာကြောင့် ခက်နိုင်သလဲ (အပိုဒ် ၁၁-၁၂ ကိုကြည့်ပါ) *

၁၁။ ဆုံးမ​ပဲ့ပြင်​ခံရတဲ့​အခါ ဘယ်လို တုံ့ပြန်​သင့်သလဲ။

၁၁ နေ့တိုင်း နှိမ့်ချမှု ပြဖို့ အခွင့်အရေး​များစွာ ရှိတယ်။ အခြေအနေ​တချို့ကို သုံးသပ်​ကြည့်ပါ။ ဆုံးမ​ပဲ့ပြင်​ခံရတဲ့​အခါ။ ကျွန်တော်တို့ကို တစ်ယောက်ယောက်​က တကူးတက လာ​တည့်မတ်​ပေးတယ် ဆို​ကတည်းက ကိုယ်​ထင်တာ​ထက် ပို​လမ်းလွဲ​နေလို့ ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးမှာ ဆုံးမ​ပဲ့ပြင်ပေး​မှု​ကို လက်မခံ​ဖို့ ဦးဆုံး စဉ်းစားမိ​နိုင်တယ်။ ဒါ့အပြင် ဆုံးမ​တဲ့​သူ ဒါမှမဟုတ် ဆုံးမ​တဲ့​နည်းကို ဝေဖန်​မိ​နိုင်တယ်။ ဒါပေမဲ့ နှိမ့်ချမှု ရှိမယ်ဆိုရင် သဘောထား​မှန် ပြန်​ရဖို့ ကြိုးစား​ပါလိမ့်မယ်။

၁၂။ ပညာအလိမ္မာ ၂၇:၅၊ ၆ အရ ကိုယ့်ကို ပဲ့ပြင်​ပေးသူ​ကို ဘာကြောင့် ကျေးဇူးတင်​သင့်သလဲ။ ဥပမာ​ပေးပါ။

၁၂ နှိမ့်ချ​သူဟာ ဆုံးမ​ပဲ့ပြင်မှု​ကို ကျေးဇူးတင်​လေးမြတ်တယ်။ သင်ဟာ အစည်းအဝေး​မှာ ရှိနေတယ် ဆိုပါစို့။ ညီအစ်ကို/မ​တွေ​နဲ့ စကားပြော​နေတုန်း တစ်ယောက်ယောက်​က သင့်ကို ဆွဲခေါ်​သွားပြီး သွားမှာ အစာ​တွေ ကပ်​နေတယ်လို့ ပြောပြတယ်။ သင် ရှက်​သွားမှာ ဖြစ်ပေမဲ့ ကျေးဇူးတင်​မိ​မှာ​ပဲ။ ဘာကြောင့် စောစော မပြော​ကြတာလဲ​လို့​တောင် တွေးမိမယ်။ အလားတူပဲ လိုအပ်တဲ့​အချိန်မှာ ဆုံးမ​ပဲ့ပြင်​ရဲ​တဲ့ ယုံကြည်သူချင်း​ကို နှိမ့်ချ​စွာ ကျေးဇူးတင်​သင့်တယ်။ သူ့ကို ရန်သူ​အဖြစ် မဟုတ်ဘဲ မိတ်ဆွေ​အဖြစ် သဘောထား​သင့်တယ်။ပညာအလိမ္မာ ၂၇:၅၊ ၆ ကိုဖတ်ပါ။ ဂလ. ၄:၁၆

တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူးရတဲ့အခါ နှိမ့်ချမှုရှိဖို့ ဘာကြောင့် လိုအပ်သလဲ (အပိုဒ် ၁၃-၁၄ ကိုကြည့်ပါ) *

၁၃။ တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူး ရတဲ့အခါ နှိမ့်ချမှု ဘယ်လို ပြနိုင်သလဲ။

၁၃ တခြားသူတွေ လုပ်ငန်းတော် အခွင့်ထူး ရတဲ့အခါ။ “တခြားသူတွေ အခွင့်ထူး ရတဲ့အခါ ငါ့ကို​ကျတော့ ဘာလို့ မရွေး​ကြတာလဲ​လို့ တစ်ခါတလေ တွေးမိတယ်” ဆိုပြီး အကြီးအကဲ ဂျေ​စင် ဝန်ခံတယ်။ သင်​ကော အဲဒီလို ခံစားဖူး​သလား။ လုပ်ငန်းတော် အခွင့်ထူး​တွေ ရဖို့ “တက်လှမ်း” တာ မမှားပါဘူး။ (၁ တိ. ၃:၁) ဒါပေမဲ့ ကိုယ့်​အတွေးအခေါ်ကို သတိထား​ရမယ်။ သတိ​မထား​ရင် မာန​စိတ် ဝင်လာ​နိုင်တယ်။ ဥပမာ၊ ညီအစ်ကို​တစ်ယောက်ဟာ တာဝန်​တစ်ခုအတွက် သူပဲ အရည်အချင်း ပြည့်မီ​တယ်လို့ ခံစား​ရနိုင်တယ်။ ခရစ်ယာန် ညီအစ်မ​တစ်ယောက်က​လည်း ‘ငါ့​ယောကျ်ား​က ဟို​ညီအစ်ကို​ထက် ပို​အရည်အချင်း ရှိတယ်’ လို့ တွေးမိ​နိုင်တယ်။ ကျွန်တော်တို့ တကယ် နှိမ့်ချ​မယ်​ဆိုရင် အဲဒီလို မာနစိတ်ကို ရှောင်နိုင်​ပါလိမ့်မယ်။

၁၄။ တခြားသူတွေ အခွင့်ထူး ရတဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၄ တခြားသူတွေ အခွင့်ထူး ရတဲ့အခါ မောရှေရဲ့ တုံ့ပြန်ပုံ​ကနေ ကျွန်တော်တို့ သင်ယူ​နိုင်ပါတယ်။ မောရှေဟာ အစ္စရေး​လူမျိုးကို ဦးဆောင်​ရတဲ့ တာဝန်ကို တန်ဖိုး​ထားတယ်။ ဒါပေမဲ့ မောရှေ​နဲ့​အတူ အမှုဆောင်ဖို့ တခြား​သူတွေကို ယေဟောဝါ ခွင့်ပြု​တဲ့အခါ မောရှေ ဘယ်လို တုံ့ပြန်​သလဲ။ မနာလို မဖြစ်ခဲ့ဘူး။ (တော. ၁၁:၂၄-၂၉) လူတွေရဲ့ အမှုအခင်း​တွေ ဖြေရှင်း​ပေး​ရတဲ့ တာဝန်​တချို့ကို တခြား​သူတွေဆီ နှိမ့်ချ​စွာ လွှဲအပ်​ပေးတယ်။ (ထွ. ၁၈:၁၃-၂၄) ဒီနည်းနဲ့ အစ္စရေး​တွေဟာ ဆုံးဖြတ်ချက်​ရဖို့ အချိန်​အကြာကြီး စောင့်နေစရာ မလို​တော့​ဘူး။ မောရှေဟာ ကိုယ့်​အခွင့်ထူး​ထက် တခြား​သူတွေရဲ့ ကောင်းကျိုး​ကို ရှေ့တန်း​တင်တယ်။ ကျွန်တော်တို့​အတွက် ပုံသက်သေ​ကောင်း​ပါပဲ။ ယေဟောဝါ​အတွက် အသုံးဝင်သူ ဖြစ်ချင်​ရင် အရည်အချင်း ရှိဖို့​ထက် နှိမ့်ချမှု ရှိဖို့ ပို​လိုအပ်တယ်။ “ယေဟောဝါ​က မြင့်မြတ်​ပေမဲ့ နှိမ့်ချ​သူကို ဂရုတစိုက် ကြည့်ရှု​တယ်။”—ဆာ. ၁၃၈:၆

၁၅။ ညီအစ်ကို/မများ​စွာ​ဟာ ဘယ်​အခြေအနေ​သစ်​တွေကို ရင်ဆိုင်​ရသလဲ။

၁၅ အခြေအနေ​သစ်​တွေ ရင်ဆိုင်​ရတဲ့အခါ။ မကြာသေး​ခင်​နှစ်တွေမှာ ဆယ်စုနှစ်ချီ အတွေ့အကြုံ​ရှိသူ​များစွာဟာ တာဝန် အပြောင်းအလဲ​တွေ ရခဲ့တယ်။ ဥပမာ၊ ၂၀၁၄ မှာ ခရိုင်​ကြီးကြပ်မှူး​နဲ့ ဇနီး​တွေဟာ အချိန်ပြည့်​လုပ်ငန်း နောက်​တစ်မျိုးကို ပြောင်း​ခဲ့​ရတယ်။ အဲဒီ​နှစ်​က​စပြီး တိုက်နယ်​ကြီးကြပ်မှူးတွေ​လည်း အသက် ၇၀ ပြည့်တဲ့​အခါ တာဝန်​ကနေ ရပ်နား​ရတယ်။ အသက် ၈၀ နဲ့​အထက် ညီအစ်ကိုတွေလည်း အကြီးအကဲအဖွဲ့ ညှိနှိုင်းရေးမှူး​အဖြစ် အမှု​မ​ဆောင်​ရတော့ဘူး။ လွန်ခဲ့တဲ့ နှစ်တွေ​အတွင်း ဗေသလ​မိသားစုဝင်​အများစုဟာ လယ်ကွင်း​မှာ ပြန်တာ​ဝန်​ရတယ်။ တချို့ကတော့ ကျန်းမာရေး ပြဿနာ၊ မိသားစု​တာဝန်၊ တခြား ကိုယ်ရေးကိုယ်တာ​ကိစ္စတွေကြောင့် အထူး​အချိန်ပြည့်​လုပ်ငန်း​ကနေ ရပ်နား​ခဲ့​ရတယ်။

၁၆။ အခြေအနေ​သစ်​မှာ နေသားကျ​ဖို့ ကြိုးစားတဲ့​အခါ ညီအစ်ကို/မ​တွေ နှိမ့်ချမှု ဘယ်လို တင်ပြ​ကြသလဲ။

၁၆ အဲဒီ​ညီအစ်ကို/မ​တွေ​အတွက် အပြောင်းအလဲ​လုပ်​ရတာ မလွယ်​ပါဘူး။ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့​တဲ့ အရင်​တာဝန်ကို မြတ်နိုး​နေကြ​ဆဲ​ပဲ။ တချို့ကတော့ “ဝမ်းနည်း​ကြေကွဲ” ပေမဲ့ အခြေအနေ​သစ်​မှာ နေသားကျ​ဖို့ ကြိုးစား​ကြတယ်။ အချိန်တန်​တော့​လည်း နေသားကျ​သွားပါ​တယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါကို ချစ်လို့​ပဲ။ အလုပ်၊ ရာထူး၊ တာဝန်​တစ်ခု​ဆီ မဟုတ်ဘဲ ဘုရားဆီ ဆက်ကပ်​အပ်နှံ​ထားတာ​ဖြစ်ကြောင်း သူတို့ သိကြတယ်။ (ကော. ၃:၂၃) ဘယ်​တာဝန်ကို​မဆို နှိမ့်ချ​ပျော်ရွှင်စွာ ထမ်းဆောင်ကြတယ်။ ဘုရား ဂရုစိုက်​တယ်​ဆိုတာ သိလို့ “စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား” ကြတယ်။—၁ ပေ. ၅:၆၊ ၇

၁၇။ နှိမ့်ချမှုကို မွေးမြူဖို့ ကျမ်းစာ အားပေးတဲ့​အတွက် ဘာကြောင့် ကျေးဇူးတင်​သင့်သလဲ။

၁၇ နှိမ့်ချမှုကို မွေးမြူဖို့ ကျမ်းစာ အားပေးတဲ့​အတွက် ကျေးဇူးတင်​ကြတယ် မဟုတ်လား။ နှစ်သက်စရာ​ကောင်းတဲ့ ဒီ​အရည်အသွေးကို မွေးမြူ​တဲ့အခါ ကိုယ်တိုင်နဲ့ တခြား​သူတွေပါ အကျိုး​ခံစား​ရတယ်။ ဘဝ​အခက်အခဲတွေကို ပို​ခံရပ်နိုင်​လာတယ်။ အရေးကြီးဆုံး​ကတော့ ကောင်းကင်ဖခင်​နဲ့ ပို​ရင်းနှီး​လာတာ​ပဲ။ ဘုရားသခင်က “အမြင့်မြတ်ဆုံး​အရှင်” ဖြစ်ပေမဲ့ နှိမ့်ချတဲ့ ကျေးကျွန်တွေကို ချစ်​ပြီး တန်ဖိုး​ထားကြောင်း သိရလို့ ဝမ်းသာစရာ​ပါပဲ။—ဟေရှာ. ၅၇:၁၅

သီချင်း ၄၅ ကျွန်တော့်​နှလုံး​အကြံအစည်

^ အပိုဒ်၊ 5 ကျွန်တော်တို့ မွေးမြူဖို့ လို​တဲ့ အရေးကြီးဆုံး အရည်အသွေး တစ်ခုက နှိမ့်ချမှု ဖြစ်တယ်။ နှိမ့်ချမှု​ဆိုတာ ဘာလဲ။ ဘာကြောင့် မွေးမြူ​သင့်သလဲ။ အခြေအနေ အပြောင်းအလဲ​တွေ​က နှိမ့်ချမှု​ရှိဖို့ ဘယ်လို ခက်​စေနိုင်သလဲ။ ဒီ​ဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို သုံးသပ်​သွားပါမယ်။

^ အပိုဒ်၊ 7 ၁၉၈၄၊ အောက်တိုဘာ ၁ ရက်ထုတ် (အင်္ဂလိပ်) ကင်းမျှော်စင် ယေဟောဝါ ကျွန်တော့်ကို ကြွယ်ဝ​စွာ ဆုချ” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 53 ပုံအညွှန်း– တမန်တော် ပေါလုဟာ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်မှာ ကလေးတွေ အပါအဝင် တခြားသူတွေနဲ့ နှိမ့်ချစွာ ပေါင်းသင်းနေ။

^ အပိုဒ်၊ 57 ပုံအညွှန်း– လူငယ်ညီအစ်ကိုဆီက ကျမ်းစာအခြေပြု ဆုံးမစကားကို ညီအစ်ကိုတစ်ယောက် လက်ခံနေ။

^ အပိုဒ်၊ 59 ပုံအညွှန်း– အသက်ကြီး ညီအစ်ကိုဟာ အသင်းတော် အခွင့်ထူးရထားတဲ့ လူငယ်ညီအစ်ကိုကို မနာလို မဖြစ်။