မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၇

ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ

ယေဟောဝါကို လိုလိုလားလား လက်အောက်ခံကြပါ

‘[အဖဘုရား]ကို ပိုလို့တောင် လိုလိုလားလား လက်အောက်ခံ​သင့်တယ် မဟုတ်လား။’—ဟီ. ၁၂:၉

သီချင်း ၉ တို့​ဘုရင် ယေဟောဝါ

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါကို ဘာကြောင့် လက်အောက်ခံ​သင့်သလဲ။

ယေဟောဝါဟာ ဖန်ဆင်းရှင်​ဖြစ်တယ်။ ဖန်ဆင်းရာတွေ​အတွက် စံနှုန်းတွေ ချမှတ်​ပိုင်ခွင့် ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်အောက်ခံ​သင့်တယ်။ * (ဗျာ. ၄:၁၁) ဘုရားကို နာခံ​ရတဲ့ နောက်​အကြောင်းရင်း တစ်ခုကတော့ ဘုရားရဲ့ အုပ်ချုပ်ပုံ​ဟာ အကောင်းဆုံး ဖြစ်လို့ပဲ။ သမိုင်း​တစ်လျှောက် လူ့​အုပ်စိုးရှင်​များစွာ ရှိခဲ့တယ်။ သူတို့နဲ့​ယှဉ်​ရင် ယေဟောဝါဟာ ဉာဏ်ပညာ၊ မေတ္တာ၊ ကြင်နာမှု၊ ထောက်ထား​စာနာမှု အရှိဆုံး အုပ်စိုးရှင် ဖြစ်တယ်။—ထွ. ၃၄:၆။ ရော. ၁၆:၂၇။ ၁ ယော. ၄:၈

၂။ ဟီဘရူး ၁၂:၉-၁၁ မှာ ယေဟောဝါကို လက်အောက်ခံ​သင့်တဲ့ ဘယ်​အကြောင်းရင်း​တွေ ဖော်ပြ​ထားသလဲ။

ယေဟောဝါ​က မိမိကို ကြောက်လို့ မဟုတ်ဘဲ ချစ်လို့၊ မေတ္တာရှင် ဖခင်​အဖြစ် ရှုမြင်​လို့ နာခံ​တာ​ကို လိုချင်တယ်။ ဟီဘရူး​ခရစ်ယာန်တွေဆီ ရေး​တဲ့​စာမှာ “ကျွန်တော်တို့ အကျိုးအတွက်” လေ့ကျင့်​ပေးတဲ့ ‘ဖခင်​ကို လိုလိုလားလား လက်အောက်ခံ’ သင့်တယ်လို့ ပေါလု ရေးတယ်။ဟီဘရူး ၁၂:၉-၁၁ ကိုဖတ်ပါ။

၃။ (က) ယေဟောဝါကို လက်အောက်ခံ​ကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ကိစ္စ​တိုင်းမှာ ယေဟောဝါကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်း၊ ကိုယ့်သိနားလည်​နိုင်စွမ်း​ကို အားမကိုး​ခြင်းအားဖြင့် ဘုရားကို ကျွန်တော်တို့ လက်အောက်ခံ​နေကြတယ်။ (ပညာ. ၃:၅) ယေဟောဝါရဲ့ အရည်အသွေး​ကောင်းတွေကို ပို​သိ​လေ လက်အောက်​ခံဖို့ ပိုလွယ်ကူ​လေ​ပဲ။ ဘာကြောင့်လဲ​ဆိုတော့ ဘုရားရဲ့ လုပ်ဆောင်မှု​တိုင်းမှာ အဲဒီ​အရည်အသွေးတွေ ပေါ်လွင်​နေလို့ပဲ။ (ဆာ. ၁၄၅:၉) ယေဟောဝါ​အကြောင်း ပို​သိ​လေ ယေဟောဝါကို ပို​ချစ်​လေ​ပဲ။ ယေဟောဝါကို ချစ်မယ်​ဆိုရင် ဆောင်ရန်၊ ရှောင်ရန် စည်းမျဉ်း​အရှည်ကြီး လိုအပ်​မှာ မဟုတ်ဘူး။ ဘုရား​နှစ်သက်တဲ့​နည်း​အတိုင်း တွေးခေါ်​လုပ်ဆောင်ဖို့၊ မကောင်းတာကို ရှောင်​ဖို့ ကြိုးစား​ပါလိမ့်မယ်။ (ဆာ. ၉၇:၁၀) ဒါပေမဲ့ တစ်ခါတလေ ယေဟောဝါကို နာခံဖို့ ဘာကြောင့် ခက်​နိုင်သလဲ။ အကြီးအကဲ၊ ဖခင်၊ မိခင်​တွေဟာ ဘုရင်ခံ နေဟမိ၊ ဘုရင် ဒါဝိဒ်၊ ယေရှုရဲ့ မိခင် မာရိ​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ဒီ​ဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို ဖြေဆို​ပေးပါလိမ့်မယ်။

ယေဟောဝါကို လက်အောက်​ခံဖို့ ဘာကြောင့် ခက်​နိုင်သလဲ

၄-၅။ ရောမ ၇:၂၁-၂၃ အရ ယေဟောဝါကို လက်အောက်​ခံဖို့ ဘာကြောင့် ခက်​နိုင်သလဲ။

ယေဟောဝါကို လက်အောက်​ခံဖို့ ခက်​နိုင်တဲ့ အကြောင်းရင်း​တစ်ခုကတော့ ကျွန်တော်တို့​အားလုံး အပြစ်ကို အမွေ​ရထား​ပြီး မစုံလင်ကြလို့ပဲ။ ဒါကြောင့် ပုန်ကန်​ချင်စိတ်​တွေ ရှိနေတယ်။ အာဒံနဲ့ ဧဝဟာ တားမြစ်​ထားတဲ့ အသီးကို စားခြင်း​အားဖြင့် ဘုရားကို ပုန်ကန်​ပြီးနောက် ကိုယ်ပိုင်​စံနှုန်းတွေ ချမှတ်​ခဲ့တယ်။ (က. ၃:၂၂) ဒီနေ့လည်း လူ​အများစုဟာ ယေဟောဝါကို လျစ်လျူရှု​ပြီး အမှားအမှန်​ကို ကိုယ်တိုင် ဆုံးဖြတ်​နေကြတယ်။

ယေဟောဝါကို သိ​ပြီး ချစ်တဲ့​သူတွေတောင် အပြည့်အဝ လက်အောက်​ခံဖို့ ခက်​နိုင်တယ်။ တမန်တော် ပေါလု အဲဒီလို ဖြစ်ခဲ့တယ်။ (ရောမ ၇:၂၁-၂၃ ကိုဖတ်ပါ။) ပေါလု​လို​ပဲ ကျွန်တော်တို့လည်း ယေဟောဝါ​ရှေ့မှာ မှန်ရာကို လုပ်ချင်ကြတယ်။ ဒါပေမဲ့ အမှား​လုပ်ချင်စိတ်​ကို မပြတ် တိုက်လှန်​နေရမယ်။

၆-၇။ ယေဟောဝါကို လက်အောက်​ခံဖို့ ခက်​စေနိုင်တဲ့ ဒုတိယ​အကြောင်းရင်း​က ဘာလဲ။ ဥပမာ​ပေးပါ။

ယေဟောဝါကို လက်အောက်​ခံဖို့ ခက်​နိုင်တဲ့ နောက်​အကြောင်းရင်း​ကတော့ ကြီးပြင်းလာတဲ့ ယဉ်ကျေးမှု လွှမ်းမိုး​ခံရလို့​ပဲ။ လူ့​အတွေးအခေါ် အများစုဟာ ယေဟောဝါရဲ့ အလိုတော်​နဲ့ ဆန့်ကျင်တယ်။ ဒါကြောင့် သာမန်​ပဲ​လို့ လူအများ ယူဆတဲ့ အတွေးအခေါ်​တွေရဲ့ လွှမ်းမိုးမှု မခံရအောင် တိုက်လှန်​နေရမယ်။ ဥပမာတစ်ခု သုံးသပ်​ကြည့်ရအောင်။

ဒေသ​တချို့မှာ လူငယ်တွေကို ငွေ​များများ ရှာ​ဖို့ ဖိအားပေးလေ့​ရှိတယ်။ ညီအစ်မ မေရီ * အဲဒီလို ကြုံခဲ့​ရတယ်။ ယေဟောဝါ​အကြောင်း မသိ​ခင်​က နိုင်ငံရဲ့ အကောင်းဆုံး​ကျောင်း​တစ်ခုမှာ ပညာ​သင်​ခဲ့တယ်။ လခ​ကောင်းပြီး ဂုဏ်​ရှိတဲ့ အလုပ်လုပ်ဖို့ မိသားစုက ဖိအား​ပေးတယ်။ သူလည်း အဲဒီလို​အလုပ်​မျိုး ရချင်တယ်။ ဒါပေမဲ့ ယေဟောဝါ​အကြောင်း သိ​ပြီး ယေဟောဝါကို ချစ်​လာတဲ့အခါ ပန်းတိုင်တွေ ပြောင်း​သွားတယ်။ “တစ်ခါတလေ ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ထိခိုက်​စေမယ့် စီးပွားရေး အခွင့်အလမ်းတွေ ရတယ်။ ကြီးပြင်းလာတဲ့ ပုံစံ​ကြောင့် ငြင်း​လိုက်​ဖို့ သိပ်​ခက်တယ်။ အမှုဆောင်​လုပ်ငန်းကို အတားအဆီး ဖြစ်စေတဲ့ အလုပ်တွေကို ငြင်းပယ်​နိုင်ဖို့ ကူညီ​ပေးပါလို့ ယေဟောဝါ​ဆီ အသနား​ခံခဲ့တယ်” လို့ မေရီ ပြောတယ်။—မ. ၆:၂၄

၈။ အခု ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါကို လက်အောက်ခံ​ရင် အကျိုး​ရမယ်။ အခွင့်အာဏာ အတော်အတန် ရထားတဲ့ အကြီးအကဲ၊ ဖခင်၊ မိခင်​တွေဟာ ဘုရားကို လက်အောက်​ခံဖို့ ထပ်ဆင့် အကြောင်းရင်း ရှိသေးတယ်။ တခြား​သူတွေကို အကျိုးပြု​ဖို့ သူတို့ အခွင့်အာဏာ ရထားလို့​ပဲ။ အခွင့်အာဏာကို ယေဟောဝါ နှစ်သက်တဲ့​နည်းနဲ့ ဘယ်လို အသုံးပြု​နိုင်ကြောင်း သင်ပေးတဲ့ ကျမ်းစာ​ပုံနမူနာ​တချို့ကို ဆွေးနွေး​ကြည့်ကြစို့။

နေဟမိ​ဆီကနေ အကြီးအကဲ​တွေ ဘာသင်ယူနိုင်သလဲ

ဂျေရုဆလင် ပြန်လည်တည်ဆောက်ရေးမှာ နေဟမိ ပါဝင်ကူညီခဲ့သလို နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ အကြီးအကဲတွေ ပါဝင်လုပ်ဆောင်နေ (အပိုဒ် ၉-၁၁ ကိုကြည့်ပါ) *

၉။ ဘယ်​အခက်အခဲတွေကို နေဟမိ ရင်ဆိုင်ခဲ့ရ​သလဲ။

ယေဟောဝါဟာ သိုးတော်စု​ကို ထိန်းကျောင်း​ရတဲ့ အရေးကြီး​တာဝန်ကို အကြီးအကဲ​တွေ​ဆီ အပ်​ထားတယ်။ (၁ ပေ. ၅:၂) ယေဟောဝါရဲ့ လူမျိုးကို နေဟမိ ဆက်ဆံပုံ​ကနေ အကြီးအကဲ​တွေ များစွာ သင်ယူနိုင်တယ်။ ယုဒပြည်ရဲ့ ဘုရင်ခံ​အနေနဲ့ နေဟမိ အခွင့်အာဏာ အတော်အတန် ရထားတယ်။ (နေ. ၁:၁၁။ ၂:၇၊ ၈။ ၅:၁၄) နေဟမိ ရင်ဆိုင်​ရတဲ့ အခက်အခဲ​တချို့ကို စဉ်းစား​ကြည့်ပါ။ လူတွေ ဗိမာန်တော်ကို ညစ်ညူး​စေ​ကြောင်း၊ ပညတ်တရားမှာ ပါတဲ့​အတိုင်း လေဝိသားတွေကို ငွေကြေး မထောက်ပံ့​ကြ​ကြောင်း သိလိုက်​ရတယ်။ လူတွေက ဥပုသ်​ပညတ်ကို ချိုးဖောက်​ကြတယ်။ တချို့​ဆို တိုင်းတစ်ပါး​သူတွေနဲ့ လက်ထပ်​ကြတယ်။ ဒီ​ခက်ခဲတဲ့ အခြေအနေကို ဘုရင်ခံ နေဟမိ ဖြေရှင်း​ရတော့မယ်။—နေ. ၁၃:၄-၃၀

၁၀။ ရင်ဆိုင်​ရတဲ့ အခက်အခဲတွေကို နေဟမိ ဘယ်လို တုံ့ပြန်​ခဲ့သလဲ။

၁၀ နေဟမိ​ဟာ အခွင့်အာဏာကို အလွဲသုံးစား မ​လုပ်​ဘူး။ ကိုယ့်​စံနှုန်းတွေ​အတိုင်း လိုက်​ဖို့ ဘုရားလူမျိုးကို ဖိအား​မပေးဘူး။ အဲဒီအစား လမ်းညွှန်မှု​ရဖို့ ယေဟောဝါ​ဆီ ထက်သန်​စွာ ဆုတောင်းပြီး လူတွေကို ယေဟောဝါရဲ့ ပညတ်​တွေ သင်ကြား​ပေးတယ်။ (နေ. ၁:၄-၁၀။ ၁၃:၁-၃) ဂျေရုဆလင်​မြို့ရိုး ဆောက်လုပ်ရေး​မှာ ညီအစ်ကိုတွေနဲ့​အတူ နှိမ့်ချ​စွာ ပါဝင်​လုပ်ဆောင်တယ်။—နေ. ၄:၁၅

၁၁။ ၁ သက်သာလောနိတ် ၂:၇၊ ၈ အရ ညီအစ်ကို/မ​တွေကို အကြီးအကဲ​တွေ ဘယ်လို ဆက်ဆံ​သင့်သလဲ။

၁၁ အကြီးအကဲ​တွေဟာ နေဟမိ ကြုံခဲ့​ရတဲ့ ထပ်တူ​ပြဿနာတွေကို ကြုံရမှာ မဟုတ်ပေမဲ့ နေဟမိ​ကို နည်းလမ်း​များစွာနဲ့ တုပ​နိုင်တယ်။ ဥပမာ၊ အကြီးအကဲ​တွေဟာ ညီအစ်ကို/မ​တွေရဲ့ အကျိုးအတွက် ကြိုးစားလုပ်​ဆောင်​ကြတယ်။ အခွင့်အာဏာ​ကြောင့် မာနကြီး​တာ​မျိုး မရှိကြဘူး။ အဲဒီအစား ညီအစ်ကို/မ​တွေကို နူးညံ့စွာ ဆက်ဆံတယ်။ (၁ သက်သာလောနိတ် ၂:၇၊ ၈ ကိုဖတ်ပါ။) သူတို့ရဲ့ စကားပြော​ပုံ​မှာ မေတ္တာနဲ့ နှိမ့်ချမှု ဘယ်လောက်​ရှိကြောင်း ပေါ်လွင်တယ်။ ဝါရင့်​အကြီးအကဲ အန်ဒရူး ဒီလို​ပြောတယ်– “အကြီးအကဲ​တွေ ကြင်ကြင်နာနာ၊ နွေး​နွေးထွေး​ထွေး ဆက်ဆံ​တဲ့အခါ ညီအစ်ကို/မ​တွေ ကောင်းကောင်း တုံ့ပြန်တာ​ကို ကျွန်တော် သတိထား​မိတယ်။ အဲဒီ​အရည်အသွေးတွေ​က အကြီးအကဲ​တွေ​နဲ့ ပူးပေါင်း​လုပ်ဆောင်ဖို့ လှုံ့ဆော်​ပေးတယ်။” သက်တမ်းကြာ အကြီးအကဲ တို​နီ​က​လည်း “ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အကြံဉာဏ်​ကို ကျင့်သုံးပြီး တခြား​သူတွေကို ကိုယ့်ထက်​သာတယ်လို့ သဘော​ထားဖို့ အမြဲ ကြိုးစားတယ်။ ဒါက အာဏာရှင်​ဆန်​ဆန် မဆက်ဆံ​မိဖို့ ကျွန်တော့်ကို ကူညီ​ပေးတယ်” လို့ ပြောတယ်။

၁၂။ အကြီးအကဲ​တွေ နှိမ့်ချဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၂ အကြီးအကဲ​တွေဟာ ယေဟောဝါ​လို​ပဲ နှိမ့်ချ​ရမယ်။ ယေဟောဝါဟာ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင်​ဖြစ်ပေမဲ့ “ကိုယ်ကို ကိုင်းညွတ်​ပြီး” “နိမ့်ကျ​သူကို မြေမှုန့်​ထဲ​ကနေ” ထူ​မ​တယ်။ (ဆာ. ၁၈:၃၅။ ၁၁၃:၆၊ ၇) မာန​ကြီးသူ၊ မောက်မာ​သူတွေကို​တော့ ယေဟောဝါ ရွံရှာတယ်။—ပညာ. ၁၆:၅

၁၃။ အကြီးအကဲ​တွေဟာ ဘာကြောင့် ‘နှုတ်​ကို စောင့်စည်း’ ဖို့ လိုသလဲ။

၁၃ ယေဟောဝါကို လက်အောက်ခံ​တဲ့ အကြီးအကဲ​တွေဟာ ‘နှုတ်​ကို စောင့်စည်း’ ကြတယ်။ နှုတ်​ကို မ​စောင့်စည်း​ရင် တစ်ယောက်ယောက်​က မလေးမစား ဆက်ဆံ​တဲ့အခါ မကြင်မနာ ပြန်​ပြော​မိ​နိုင်တယ်။ (ယာ. ၁:၂၆။ ဂလ. ၅:၁၄၊ ၁၅) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်ဒရူး​က “မလေးမစား လုပ်တဲ့ ညီအစ်ကို/မ​တွေကို တစ်ခါတလေ မညှာမတာ ပြော​ပစ်လိုက်​ချင်တယ်။ ဒါပေမဲ့ ကျမ်းစာထဲက သစ္စာ​ရှိသူတွေ​အကြောင်း ပြန်​စဉ်းစား​တဲ့အခါ နှိမ့်ချဖို့၊ နူးညံ့​သိမ်မွေ့​ဖို့ ဘယ်လောက် အရေးကြီး​မှန်း သိလာတယ်” လို့ ပြောတယ်။ အကြီးအကဲ​တွေဟာ အချင်းချင်း​ကို​ရော ညီအစ်ကို/မ​တွေကို​ပါ မေတ္တာပါပါ၊ ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်း​အားဖြင့် ယေဟောဝါကို လက်အောက်ခံ​ကြောင်း တင်ပြ​ကြတယ်။—ကော. ၄:၆

ဘုရင် ဒါဝိဒ်​ဆီကနေ ဖခင်​တွေ ဘာသင်ယူနိုင်သလဲ

၁၄။ ဖခင်​တွေကို ယေဟောဝါ ဘာ​တာဝန်ပေး​ထားသလဲ။ သူတို့ဆီကနေ ဘာ​မျှော်လင့်​သလဲ။

၁၄ ယေဟောဝါ​က ဖခင်​တွေကို အိမ်ထောင်ဦးစီး​အဖြစ် တာဝန်​ပေးထားတယ်။ သားသမီးတွေကို လေ့ကျင့်​ပေးဖို့၊ ဆုံးမ​ပေးဖို့ မျှော်လင့်တယ်။ (၁ ကော. ၁၁:၃။ ဧ. ၆:၄) ဒါပေမဲ့ ဖခင်ရဲ့ အခွင့်အာဏာ​ဟာ အကန့်အသတ် ရှိတယ်။ သူဟာ ယေဟောဝါနဲ့ စာရင်းရှင်း​ရမယ်။ မိသားစု​တိုင်း​ဟာ ဘုရား​ကြောင့် တည်ရှိ​နေတာ ဖြစ်လို့ပဲ။ (ဧ. ၃:၁၄၊ ၁၅) ဖခင်​တွေဟာ အခွင့်အာဏာကို ဘုရား နှစ်သက်တဲ့​နည်း​အတိုင်း သုံး​ခြင်းအားဖြင့် ယေဟောဝါကို လက်အောက်ခံ​ကြောင်း ပြ​ကြတယ်။ ဘုရင် ဒါဝိဒ်​ဆီကနေ သူတို့ များစွာ သင်ယူနိုင်တယ်။

ခရစ်ယာန်ဖခင်တစ်ဦးရဲ့ ဆုတောင်းချက်မှာ နှိမ့်ချမှု ပေါ်လွင်သင့် (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅။ ဘုရင် ဒါဝိဒ်ဟာ ဖခင်​တွေ​အတွက် ဘာကြောင့် ပုံသက်သေ​ကောင်း ဖြစ်သလဲ။

၁၅ ယေဟောဝါဟာ ဒါဝိဒ်​ကို မိသားစုရဲ့ ဦးစီး​အဖြစ်​သာမက အစ္စရေး​တစ်နိုင်ငံလုံး​ရဲ့ ဘုရင်အဖြစ်​ပါ ခန့်အပ်​ခဲ့တယ်။ ဘုရင်​အနေနဲ့ ဒါဝိဒ်​မှာ အခွင့်အာဏာ အများကြီး ရှိတယ်။ အာဏာ အလွဲသုံးစား​လုပ်ပြီး ကြီးလေး​တဲ့​အမှား ကျူးလွန်ခဲ့တဲ့​အခါတွေလည်း ရှိတယ်။ (၂ ရှ. ၁၁:၁၄၊ ၁၅) ဒါပေမဲ့ ဒါဝိဒ်ဟာ ဆုံးမမှုကို လက်ခံခြင်း​အားဖြင့် ယေဟောဝါကို လက်အောက်ခံတယ်။ ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်းတယ်။ ယေဟောဝါရဲ့ ဆုံးမ​စကားကို နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ (ဆာ. ၅၁:၁-၄) အမျိုးသားတွေရဲ့ အကြံဉာဏ်​ကို​သာမက အမျိုးသမီးတွေရဲ့ အကြံဉာဏ်​ကိုလည်း လက်ခံ​တဲ့​အထိ နှိမ့်ချတယ်။ (၁ ရှ. ၁၉:၁၁၊ ၁၂။ ၂၅:၃၂၊ ၃၃) အမှားတွေ​ကနေ သင်ခန်းစာ​ယူပြီး ဘဝမှာ ဝတ်ပြုရေးကို အဓိက​ထားခဲ့တယ်။

၁၆။ ဒါဝိဒ်​ဆီကနေ ဖခင်​တွေ ဘာသင်ယူနိုင်သလဲ။

၁၆ ဘုရင် ဒါဝိဒ်​ဆီကနေ ဖခင်​တွေ သင်ယူနိုင်တဲ့ သင်ခန်းစာ​တချို့ကို သုံးသပ်​ကြည့်ပါ။ ယေဟောဝါ ပေးထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား မလုပ်ပါနဲ့။ အမှား​ကို ဝန်ခံ​ပါ။ တခြား​သူတွေရဲ့ ကျမ်းစာ​အခြေပြု ဆုံးမမှုကို လက်ခံပါ။ ဒါဆိုရင် သင့်ရဲ့ နှိမ့်ချမှု​ကြောင့် မိသားစုရဲ့ လေးစားမှုကို ရပါလိမ့်မယ်။ မိသားစုနဲ့​အတူ ဆုတောင်းတဲ့အခါ ယေဟောဝါ​ဆီ ရင်ဖွင့်​ပြောပြပါ။ ဘုရားကို ဘယ်လောက် အားကိုး​ကြောင်း သူတို့ ကြားသိစေပါ။ အရေးကြီးဆုံး​ကတော့ ဘဝမှာ ဝတ်ပြုရေးကို အဓိက​ထားပါ။ (တရား. ၆:၆-၉) သင့်ရဲ့ ပုံသက်သေ​ကောင်း​က မိသားစုကို ပေးနိုင်တဲ့ အဖိုးတန်​ဆုံး လက်ဆောင်ပါပဲ။

မာရိ​ဆီကနေ မိခင်​တွေ ဘာသင်ယူနိုင်သလဲ

၁၇။ မိခင်​တွေကို ယေဟောဝါ ဘာ​တာဝန်ပေး​ထားသလဲ။

၁၇ ယေဟောဝါ​က မိခင်တွေကိုလည်း မိသားစုမှာ အရေးကြီး​တဲ့​တာဝန် ပေးအပ်​ထားတယ်။ သားသမီးတွေ​အပေါ် အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀) မိခင်​က သားသမီးတွေရဲ့ အသက်တာအပေါ် အတော်​ဩဇာ​ညောင်း​နိုင်တယ်။ (ပညာ. ၂၂:၆) ယေရှုရဲ့ မိခင် မာရိ​ဆီကနေ မိခင်​တွေ ဘာသင်ယူနိုင်သလဲ။

၁၈-၁၉။ မာရိရဲ့ ပုံနမူနာ​ကနေ မိခင်​တွေ ဘာသင်ယူနိုင်သလဲ။

၁၈ မာရိဟာ ကျမ်းစာနဲ့ အကျွမ်းတဝင်​ရှိပြီး ယေဟောဝါကို အလွန် ရိုသေ​လေးစား​တယ်။ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး​ရှိတယ်။ တစ်ဘဝလုံး အပြောင်းအလဲ ဖြစ်သွား​နိုင်တာ​တောင် ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လိုလိုလားလား လက်အောက်ခံတယ်။—လု. ၁:၃၅-၃၈၊ ၄၆-၅၅

မိခင်တစ်ယောက်ဟာ မောပန်း၊ စိတ်ရှုပ်နေချိန်မှာ မိသားစုဝင်တွေကို မေတ္တာပြဖို့ ပိုကြိုးစားရမယ် (အပိုဒ် ၁၉ ကိုကြည့်ပါ) *

၁၉ မိခင်​တွေဟာ မာရိ​ကို နည်းလမ်း​များစွာနဲ့ တုပ​နိုင်တယ်။ ပထမ၊ ကိုယ်ပိုင် ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း​အားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပါ။ ဒုတိယ၊ ယေဟောဝါကို စိတ်ရွှင်လန်း​စေဖို့ လိုအပ်တဲ့ ပြုပြင်​ပြောင်းလဲမှု​တွေကို လိုလိုလားလား လုပ်ဆောင်ပါ။ ဥပမာ၊ ဒေါသကြီး​ပြီး သားသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံ​တဲ့ မိဘတွေ လက်အောက်မှာ သင် ကြီးပြင်းလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် သားသမီးတွေကို အဲဒီလို​ဆက်ဆံ​တာ ပုံမှန်​ပဲ​လို့ တွေးမိ​နိုင်တယ်။ ယေဟောဝါရဲ့ စံနှုန်းတွေကို သိလာပြီး​နောက်မှာ​တောင် စိတ်တည်ငြိမ်​ဖို့၊ သားသမီး​အပေါ် စိတ်ရှည်ဖို့ ခက်​နိုင်တယ်။ အထူးသဖြင့် ကိုယ်​ပင်ပန်း​နေချိန် ကလေးတွေ စကား​နားမထောင်တဲ့​အခါမှာ ဖြစ်နိုင်တယ်။ (ဧ. ၄:၃၁) အဲဒီလို​အခါမျိုးမှာ ယေဟောဝါ​ဆီ အရင်ကထက် ပို​ဆုတောင်းဖို့ လိုတယ်။ မိခင်​တစ်ဦး​ဖြစ်တဲ့ လစ်ဒီယာက “တစ်ခါတလေ သားလေး စကား​နားမထောင်တဲ့​အခါ မ​အော်​မိဖို့ ဆုတောင်း​ရတယ်။ သူ့ကို ပြော​နေရင်း​နဲ့​တောင် ခဏ​ရပ်​ပြီး ယေဟောဝါ​ဆီ အသံတိတ် ဆုတောင်း​ရတယ်။ ဆုတောင်းတာ​က စိတ်တည်ငြိမ်​စေတယ်” လို့​ပြောတယ်။—ဆာ. ၃၇:၅

၂၀။ မိခင်​တချို့ ဘယ်​အခက်အခဲ​ကို ရင်ဆိုင်​ရသလဲ။ ဘယ်လို အောင်မြင်​ကျော်လွှား​နိုင်သလဲ။

၂၀ မိခင်​တချို့ ရင်ဆိုင်​ရတဲ့ အခက်အခဲ​တစ်ခုကတော့ သားသမီးတွေကို ချစ်ကြောင်း ပြဖို့ ခက်​နေတာပဲ။ (တိ. ၂:၃၊ ၄) မိခင်​တချို့ဟာ သားသမီးကို နွေး​နွေးထွေး​ထွေး မဆက်ဆံ​တဲ့ မိသားစုမှာ ကြီးပြင်း​လာတယ်။ သင် အဲဒီလို ကြီးပြင်းလာတာ​ဆိုရင် မိဘတွေရဲ့ အမှား​မျိုး ထပ်​မ​လုပ်မိ​ပါစေနဲ့။ ယေဟောဝါရဲ့ အလိုတော်ကို လက်အောက်ခံ​တဲ့ မိခင်​ဟာ သားသမီးတွေကို မေတ္တာ​ပြဖို့ သင်ယူ​ရမယ်။ အတွေးအခေါ်၊ ခံစားချက်၊ အပြုအမူတွေ​ကို ပြောင်းလဲဖို့ ခက်​နိုင်ပေမဲ့ ပြောင်းလဲ​နိုင်ပါတယ်။ အဲဒီလို ပြောင်းလဲတဲ့​အခါ ကိုယ်တိုင်နဲ့ မိသားစု​ပါ အကျိုး​ခံစား​ရနိုင်တယ်။

ယေဟောဝါကို ဆက်လက်​အောက်ခံ​ပါ

၂၁-၂၂။ ဟေရှာယ ၆၅:၁၃၊ ၁၄ အရ ယေဟောဝါကို လက်အောက်​ခံ​ခြင်းကနေ ဘာ​အကျိုး​တွေ ရနိုင်သလဲ။

၂၁ ယေဟောဝါကို လက်အောက်ခံခြင်း​ရဲ့ အကျိုးကို ဘုရင် ဒါဝိဒ် သိတယ်။ “ယေဟောဝါရဲ့ မိန့်မှာချက်​တွေဟာ ဖြောင့်မတ်တယ်။ စိတ်နှလုံးကို ရွှင်လန်း​စေတယ်။ ယေဟောဝါရဲ့ ပညတ်ချက်​ဟာ သန့်စင်တယ်။ မျက်စိ​ကို လင်း​စေတယ်။ အဲဒါတွေက ကျွန်တော်မျိုးကို သတိ​ပေးနေ​တယ်။ အဲဒါတွေကို စောင့်ထိန်း​တဲ့​အတွက် အကျိုး​ကြီး​လှပါတယ်” လို့ ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၉:၈၊ ၁၁) ဒီနေ့လည်း ယေဟောဝါကို လက်အောက်​ခံ​သူတွေနဲ့ လက်အောက်​မခံ​သူတွေရဲ့ ကွာခြားမှု​ကို တွေ့​နေ​ရတယ်။ ယေဟောဝါကို လက်အောက်ခံသူတွေဟာ “စိတ်​ကြည်နူး​နေတဲ့​အတွက် ရွှင်လန်းစွာ ကြွေးကြော်” နေကြတယ်။ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။

၂၂ အကြီးအကဲ၊ ဖခင်၊ မိခင်​တွေဟာ ယေဟောဝါကို လိုလိုလားလား လက်အောက်ခံ​မယ်​ဆိုရင် ဘဝ တိုးတက်​ကောင်းမွန်​လာပြီး မိသားစု ပျော်ရွှင်​မယ့်​အပြင် အသင်းတော်​တစ်ခုလုံး ပို​စည်းလုံး​လာမယ်။ အရေးကြီးဆုံး​ကတော့ ယေဟောဝါရဲ့ စိတ်​ကို ရွှင်လန်း​စေမယ်။ (ပညာ. ၂၇:၁၁) ဒီထက်​ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိ​နိုင်​ပါ့မလား။

သီချင်း ၁၂၃ ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

^ အပိုဒ်၊ 5 ယေဟောဝါကို ဘာကြောင့် လက်အောက်ခံ​သင့်​ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ အခွင့်အာဏာ အတော်အတန် ရထားတဲ့ အကြီးအကဲ၊ ဖခင်၊ မိခင်​တို့ဟာ ဘုရင်ခံ နေဟမိ၊ ဘုရင် ဒါဝိဒ်၊ ယေရှုရဲ့ မိခင် မာရိ​ဆီကနေ ဘာတွေ သင်ယူ​နိုင်ကြောင်းကို​လည်း ဆွေးနွေး​ကြပါမယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– လက်အောက်ခံ​ဆိုတဲ့ စကားလုံးက အတင်း​အဓမ္မ နာခံဖို့ ဖိအားပေး​ခံရသူတွေ​အတွက် အပျက်သဘော ဆောင်​တယ်။ ဒါပေမဲ့ ဘုရားကို နာခံဖို့ ရွေးချယ်​ထားတဲ့ ဘုရား​လူမျိုး​အတွက်တော့ အပျက်သဘော မ​ဆောင်​ပါဘူး။

^ အပိုဒ်၊ 7 အမည်​လွှဲ​များ။

^ အပိုဒ်၊ 62 ပုံအညွှန်း– ဂျေရုဆလင်မြို့ရိုး တည်ဆောက်ရေးမှာ ပါဝင်ခဲ့တဲ့ နေဟမိလို နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ အကြီးအကဲတစ်ယောက် သားဖြစ်သူနဲ့ အတူလုပ်ဆောင်နေ။

^ အပိုဒ်၊ 64 ပုံအညွှန်း– ဖခင်ဖြစ်သူက မိသားစုအတွက် ယေဟောဝါဆီ ဦးဆောင် ဆုတောင်းပေးနေ။

^ အပိုဒ်၊ 66 ပုံအညွှန်း– ကလေးတစ်ယောက်ဟာ နာရီအတော်ကြာ ဗီဒီယိုဂိမ်း ကစားတဲ့အတွက် အိမ်အလုပ်နဲ့ ကျောင်းစာတွေ မပြီးဘူး။ မိခင်ဖြစ်သူဟာ အလုပ်ပင်ပန်းနေပေမဲ့ ဒေါသမထွက်ဘဲ၊ ကြမ်းတမ်းတဲ့စကားတွေ မပြောဘဲ ဆုံးမနေ။