မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၉

“လူအုပ်ကြီးတစ်အုပ်”

“လူအုပ်ကြီးတစ်အုပ်”

“ကျွန်တော် ကြည့်လိုက်တဲ့​အခါ မရေတွက်​နိုင်အောင်​များတဲ့ လူအုပ်ကြီး​တစ်အုပ်​ကို မြင်တယ်။ . . . ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့မှာ ရပ်နေကြတယ်။”—ဗျာ. ၇:၉

သီချင်း ၆၀ အသက်ရေး

အကြို​သုံးသပ်ချက် *

၁။ အေဒီ ပထမရာစု​အကုန်​မှာ တမန်တော် ယောဟန် ဘယ်​အခြေအနေ​တွေ ကြုံနေ​ရသလဲ။

အေဒီ ပထမရာစု​အကုန်​မှာ တမန်တော် ယောဟန်ဟာ အလွန်​ခက်ခဲတဲ့ အခြေအနေကို ကြုံနေ​ရတယ်။ အိုမင်း​ပြီး ပတ်မု​ကျွန်းမှာ အကျဉ်း​ကျနေ​တယ်။ တမန်တော်တွေ​ထဲမှာ သူ​တစ်ယောက်တည်း အသက်ရှင်​ကျန်ရစ်​နေ​ပုံ​ရတယ်။ (ဗျာ. ၁:၉) ဆန့်ကျင်​သူတွေက အသင်းတော်ကို လမ်းလွဲ​စေပြီး စိတ်ဝမ်းကွဲ​အောင် လုပ်နေတယ်​ဆိုတာ ယောဟန် သိတယ်။ ခရစ်ယာန်စစ်​တွေ မကြာခင် ပျောက်ကွယ်​သွားတော့မယ့်​ပုံပဲ။—ယု. ၄။ ဗျာ. ၂:၁၅၊ ၂၀။ ၃:၁၊ ၁၇

ဝတ်လုံဖြူ ဝတ်ထားပြီး စွန်ပလွံခက်တွေ ကိုင်ထားတဲ့ “လူအုပ်ကြီး” ကို တမန်တော် ယောဟန် မြင်တွေ့ (အပိုဒ် ၂ ကိုကြည့်ပါ)

၂။ ဗျာဒိတ် ၇:၉-၁၄ အရ စိတ်လှုပ်ရှားစရာ ဘယ်​စိတ်အာရုံ​ကို ယောဟန် မြင်သလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

ဒီလို​ခက်ခဲတဲ့ အခြေအနေ​မှာ စိတ်လှုပ်ရှားစရာ စိတ်အာရုံ​ကို ယောဟန် မြင်ခဲ့တယ်။ စိတ်အာရုံမှာ ဘုရားသခင်ရဲ့ ကျွန်တွေကို တံဆိပ်ခတ်​လို့ မပြီးမချင်း ဖျက်ဆီးခြင်း​လေကို ဆုပ်ကိုင်​ထားဖို့ ကောင်းကင်တမန်တွေ ညွှန်ကြား​ခံရတယ်။ (ဗျာ. ၇:၁-၃) အဲဒီ​ကျွန်တွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်မယ့် ၁၄၄,၀​၀​၀ ဖြစ်တယ်။ (လု. ၁၂:၃၂။ ဗျာ. ၇:၄) နောက်​အုပ်စုကြီး​တစ်ခု​အကြောင်း ယောဟန် ဆက်ပြောတယ်– ‘ကျွန်တော် ကြည့်လိုက်တဲ့​အခါ မရေတွက်​နိုင်အောင်​များတဲ့ လူအုပ်ကြီး​တစ်အုပ်​ကို မြင်တယ်။ သူတို့ဟာ လူမျိုး​တွေ၊ မျိုးနွယ်​တွေ၊ လူစု​တွေ၊ ဘာသာစကား​အမျိုးမျိုး ပြောဆိုသူ​တွေ​ထဲ​က ထွက်လာ​သူတွေ​ပဲ။ ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့မှာ ရပ်​နေတယ်။’ (ဗျာဒိတ် ၇:၉-၁၄ ကိုဖတ်ပါ။) အနာဂတ် စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်မယ့်​သူ သန်းပေါင်း​များစွာ​ရှိကြောင်း သိရလို့ ယောဟန် အလွန်​ပျော်ရွှင်​မှာ​ပဲ။

၃။ (က) ယောဟန်ရဲ့ စိတ်အာရုံ​က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘာကြောင့် ခိုင်ခံ့​စေ​သင့်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

အဲဒီ​စိတ်အာရုံ​ကြောင့် ယောဟန်ရဲ့ ယုံကြည်ခြင်း ပို​ခိုင်ခံ့​လာ​မှာ သေချာတယ်။ ကျွန်တော်တို့ဟာ စိတ်အာရုံ ပြည့်စုံချိန်မှာ အသက်ရှင်​နေတဲ့​အတွက် ယုံကြည်ခြင်း ပိုလို့တောင် ခိုင်ခံ့​သင့်တယ်။ ကြီးစွာသော ဒုက္ခ​ကနေ လွတ်မြောက်ပြီး ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်မယ့် လူ​သန်းပေါင်း​များစွာ စုသိမ်း​ခံ​နေရတာ​ကို ကျွန်တော်တို့ မြင်​နေ​ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်​ဆယ်​ကျော်​က​စပြီး လူအုပ်ကြီး ဘယ်သူဘယ်ဝါ​ဖြစ်ကြောင်း ယေဟောဝါ အဆင့်ဆင့် ဖော်ပြခဲ့​ပုံကို ဒီ​ဆောင်းပါး​မှာ တွေ့​ရပါမယ်။ လူအုပ်ကြီးရဲ့ ကဏ္ဍ​နှစ်ခု​ကိုလည်း ဆွေးနွေးပါမယ်– (၁) အရွယ်အစား ကြီးမားမှု၊ (၂) လူမျိုး​နောက်ခံ မျိုးစုံ​ဖြစ်မှု​တို့ ဖြစ်တယ်။ အဲဒီ​အချက်​တွေ​က လူအုပ်ကြီး​မှာ ပါဝင်သူ​အားလုံးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေပါလိမ့်မယ်။

လူအုပ်ကြီး ဘယ်မှာ နေ​မလဲ

၄။ ဘယ်​ကျမ်းစာ အမှန်တရားကို အမည်ခံ​ခရစ်ယာန်​တွေ နားမလည်​ခဲ့ကြသလဲ။ ကျမ်းစာ​ကျောင်းသားတွေဟာ သူတို့နဲ့ ဘယ်လို ကွာခြား​သလဲ။

နာခံမှု​ရှိတဲ့ လူအားလုံး တစ်နေ့ကျရင် ကမ္ဘာပေါ်မှာ ထာဝစဉ် နေထိုင်​ကြမယ်​ဆိုတဲ့ ကျမ်းစာ အမှန်တရားကို အမည်ခံ​ခရစ်ယာန်​တွေ မသွန်သင်​ပေး​ဘူး။ (၂ ကော. ၄:၃၊ ၄) ဒီနေ့​ခေတ် အမည်ခံ​ခရစ်ယာန် အများစုဟာ လူကောင်း​အားလုံး သေ​ပြီးနောက် ကောင်းကင်​တက်မယ်​လို့ သွန်သင်​ပေးတယ်။ ၁၈၇၉ ခုနှစ်မှာ ကင်းမျှော်စင် ကို စတင်​ထုတ်ဝေတဲ့ ကျမ်းစာ​ကျောင်းသား အုပ်စု​လေး​ကတော့ သူတို့နဲ့ မတူဘူး။ ဘုရားသခင်က ကမ္ဘာပေါ်မှာ ပရဒိသု ပြန်လည်​တည်ထောင်​မယ်၊ နာခံမှု​ရှိတဲ့ လူ​သန်းပေါင်း​များစွာဟာ ကောင်းကင်မှာ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ နေထိုင်​ကြမယ်​ဆိုတာ သူတို့ နားလည်တယ်။ ဒါပေမဲ့ အဲဒီ​နာခံမှု​ရှိသူတွေ ဘယ်သူတွေ​ဖြစ်မယ်​ဆိုတာ သိဖို့ အချိန်​ယူ​ခဲ့​ရတယ်။—မ. ၆:၁၀

၅။ ၁၄၄,၀​၀​၀ နဲ့​ပတ်သက်ပြီး ကျမ်းစာ​ကျောင်းသားတွေ ဘာကို နားလည်​ကြသလဲ။

ကျမ်းစာ​အရ လူတချို့ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုး​ဖို့ ‘ကမ္ဘာမြေပေါ်​ကနေ ဝယ်ယူ’ မှာ ဖြစ်ကြောင်း ကျမ်းစာ​ကျောင်းသားတွေ နားလည်​ကြတယ်။ (ဗျာ. ၁၄:၃) အဲဒီ​အုပ်စု​ကို ကမ္ဘာပေါ်ရှိ​စဉ် ဘုရားသခင်ကို သစ္စာရှိ​ရှိ ဝတ်ပြုတဲ့​သူ၊ ထက်သန်​ပြီး ဆက်ကပ်​အပ်နှံ​ထားတဲ့​သူ ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်း​မယ်။ ဒါဆိုရင် လူအုပ်ကြီး​ကော။

၆။ လူအုပ်ကြီး​နဲ့​ပတ်သက်ပြီး ကျမ်းစာ​ကျောင်းသားတွေ ဘယ်လို ယူဆ​ခဲ့ကြသလဲ။

လူအုပ်ကြီးဟာ “ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့မှာ ရပ်နေ” တာ​ကို စိတ်အာရုံမှာ ယောဟန် မြင်တယ်။ (ဗျာ. ၇:၉) ဒါကြောင့် လူအုပ်ကြီး​လည်း ၁၄၄,၀​၀​၀ လို​ပဲ ကောင်းကင်မှာ နေမယ်လို့ ကျမ်းစာ​ကျောင်းသားတွေ ယူဆ​ခဲ့​ကြတယ်။ ၁၄၄,၀​၀​၀ ကော လူအုပ်ကြီး​ပါ ကောင်းကင်မှာ နေမယ်​ဆိုရင် ဒီ​အုပ်စု​နှစ်စု ဘာ​ကွာခြားချက် ရှိမလဲ။ လူအုပ်ကြီးဟာ ကမ္ဘာပေါ်ရှိ​တုန်း ဘုရားသခင်ကို အပြည့်အဝ မနာခံတဲ့ ခရစ်ယာန်​တွေ ဖြစ်မယ်လို့ ကျမ်းစာ​ကျောင်းသားတွေ ယူဆ​ခဲ့​ကြတယ်။ တချို့က ကျမ်းစာ​စံနှုန်းတွေကို လိုက်နာ​ပေမဲ့ ချာ့ချ်​အသင်းဝင်​တွေ ဖြစ်​နေဆဲပဲ။ လူအုပ်ကြီးဟာ ယေရှုနဲ့အတူ အုပ်စိုး​နိုင်​လောက်​တဲ့​အထိ ထက်သန်မှု မရှိတဲ့အပြင် ဘုရားကို​ချစ်တဲ့ မေတ္တာ သိပ်​မရှိတဲ့အတွက် ကောင်းကင်မှာ ရာဇ​ပလ္လင်​ပေါ် မ​ထိုင်​ဘဲ ရာဇ​ပလ္လင်​ရှေ့မှာ အမှုဆောင်ဖို့​လောက်​ပဲ အရည်အချင်း ပြည့်မီ​မယ်​လို့ ယူဆ​ခဲ့​ကြတယ်။

၇။ အနှစ်​တစ်ထောင်​အတွင်း ကမ္ဘာပေါ်မှာ ဘယ်သူတွေ နေထိုင်မယ်​လို့ ကျမ်းစာ​ကျောင်းသားတွေ ထင်မှတ်​ခဲ့သလဲ။ ရှေးခေတ် သစ္စာရှိ​သူတွေနဲ့​ပတ်သက်ပြီး သူတို့ ဘယ်လို ယုံကြည်​ခဲ့ကြသလဲ။

ဒါဆိုရင် ကမ္ဘာမြေပေါ် ဘယ်သူတွေ နေထိုင်​ကြ​မလဲ။ ၁၄၄,၀၀၀ နဲ့ လူအုပ်ကြီး​ကို ကောင်းကင်မှာ စုသိမ်း​ပြီးနောက် ကျန်တဲ့လူ​သန်းပေါင်း​များစွာဟာ ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အောက် ကောင်းချီးတွေ ခံစားနိုင်ဖို့ ကမ္ဘာမြေပေါ် ဆက်​အသက်ရှင်ခွင့်​ရမယ်လို့ ကျမ်းစာ​ကျောင်းသားတွေ ယုံကြည်ခဲ့​ကြတယ်။ အဲဒီ​လူတွေဟာ ခရစ်တော်ရဲ့ အုပ်ချုပ်မှု မစ​ခင်​က ယေဟောဝါကို ဝတ်ပြု​သူတွေ မဟုတ်ဘဲ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​ရောက်​မှ ယေဟောဝါ​အကြောင်း သင်ယူ​ကြမယ်​လို့ ကျမ်းစာ​ကျောင်းသားတွေ ယူဆခဲ့တယ်။ အဲဒီနောက် ယေဟောဝါရဲ့ စံနှုန်း​နဲ့​အညီ နေထိုင်​သူတွေဟာ ကမ္ဘာပေါ်မှာ ထာဝရ​အသက် ရပြီး ပုန်ကန်​သူတွေကတော့ ဖျက်ဆီး​ခံရမယ်။ အနှစ်​တစ်ထောင်​အတွင်း ကမ္ဘာပေါ်မှာ “မင်းညီမင်းသား​တွေ​အဖြစ်” အမှုဆောင်​သူတချို့​ဟာ အနှစ်​တစ်ထောင်​အကုန်​မှာ ကောင်းကင်​အသက်တာ ဆုကျေးဇူး​ကို တစ်နည်းနည်းနဲ့ ရရှိ​မှာ​ဖြစ်ကြောင်း၊ သူတို့​ထဲမှာ ထမြောက်​လာမယ့် “ရှေးခေတ် တုပထိုက်​သူတွေ၊” တစ်နည်းအားဖြင့် ခရစ်တော်​မတိုင်ခင် သေဆုံးခဲ့​တဲ့ သစ္စာရှိ​သူတွေလည်း ပါဝင်​မှာ​ဖြစ်ကြောင်း ထင်မှတ်​ခဲ့တယ်။—ဆာ. ၄၅:၁၆

၈။ ဘုရား​ရည်ရွယ်ချက်မှာ ဘယ်​အုပ်စု​သုံး​စု ပါတယ်လို့ ယူဆ​ခဲ့ကြသလဲ။

ဒါကြောင့် အုပ်စု သုံး​စု ရှိတယ်လို့ ကျမ်းစာ​ကျောင်းသားတွေ ယူဆခဲ့တယ်– (၁) ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုး​မယ့် ၁၄၄,၀​၀​၀၊ (၂) ကောင်းကင်မှာ ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့ ရပ်နေမယ့်၊ ထက်သန်မှု သိပ်​မရှိတဲ့ လူအုပ်ကြီး၊ (၃) ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်စိုးချိန်​အတွင်း ကမ္ဘာပေါ်မှာ ယေဟောဝါ​အကြောင်း သင်ယူ​မယ့် လူ​သန်းပေါင်း​များစွာ​တို့ ဖြစ်တယ်။ * ဒါပေမဲ့ ယေဟောဝါ သတ်မှတ်​ထားချိန်​မှာ အဲဒီ​ကိစ္စ​နဲ့​ပတ်သက်တဲ့ အမှန်တရား​အလင်း လင်း​သည်ထက် လင်းလာတယ်။—ပညာ. ၄:၁၈

အမှန်တရား​အလင်း ပို​ထွန်းလင်း​လာ

၁၉၃၅ ခုနှစ် အစည်းအဝေးကြီးမှာ မြေကြီးမျှော်လင့်ချက် ရှိသူများစွာ နှစ်ခြင်းခံကြ (အပိုဒ် ၉ ကိုကြည့်ပါ)

၉။ (က) လူအုပ်ကြီးဟာ ကမ္ဘာပေါ်​မှာ​ပဲ “ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့” ဘယ်နည်းနဲ့ ရပ်နေ​နိုင်သလဲ။ (ခ) ဗျာဒိတ် ၇:၉ နဲ့​ပတ်သက်တဲ့ အဲဒီ​နားလည်မှု​က ဘာကြောင့် ယုတ္တိ​ရှိသလဲ။

ယောဟန်ရဲ့ စိတ်အာရုံမှာ​ပါတဲ့ လူအုပ်ကြီး ဘယ်သူဘယ်ဝါ​ဖြစ်မှန်း ၁၉၃၅ မှာ ပို​ရှင်းလင်း​လာတယ်။ လူအုပ်ကြီးဟာ “ရာဇ​ပလ္လင်​နဲ့ သိုးသငယ်​ရှေ့” မှာ ရပ်​နိုင်ဖို့ ကောင်းကင်ကို ပကတိ​သွား​စ​ရာ မလို​ကြောင်း၊ ပုံဆောင်​သဘော​သာ ဖြစ်ကြောင်း ယေဟောဝါသက်သေတွေ နားလည်​လာတယ်။ လူအုပ်ကြီးဟာ ယေဟောဝါရဲ့ အခွင့်အာဏာကို အသိအမှတ်​ပြုခြင်း၊ အချုပ်အခြာအာဏာကို လက်အောက်ခံခြင်း​အားဖြင့် ကမ္ဘာပေါ်ရှိနေရင်း ‘ရာဇ​ပလ္လင်​ရှေ့မှာ ရပ်နေ’ နိုင်တယ်။ (ဟေရှာ. ၆၆:၁) ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကို ယုံကြည်​ကြောင်း တင်ပြခြင်း​အားဖြင့်လည်း “သိုးသငယ်​ရှေ့မှာ ရပ်နေ” နိုင်တယ်။ ဗျာဒိတ် ၇:၉ မှာ ပါတဲ့​အချက်ဟာ ပုံဆောင်ချက်​ဖြစ်ကြောင်း နားလည်ဖို့ မဿဲ ၂၅:၃၁၊ ၃၂ က​လည်း ကူညီ​ပေးတယ်။ အဲဒီမှာ လူဆိုးတွေ အပါအဝင် “လူမျိုး​အားလုံး” ဟာ ယေရှုရဲ့ ဘုန်း​ကြီးတဲ့ ရာဇ​ပလ္လင်​ရှေ့မှာ “စုဝေး” မယ်​လို့ ပြော​ထားတယ်။ အဲဒီ​လူမျိုး​အားလုံးဟာ ကောင်းကင်မှာ မဟုတ်ဘဲ မြေကြီး​ပေါ်မှာ ရှိနေတာ ထင်ရှားတယ်။ လူအုပ်ကြီး​နဲ့​ပတ်သက်တဲ့ ဒီ​နားလည်မှု​အသစ်​က ယုတ္တိ​ရှိတယ်။ ဒီ​နားလည်မှု​က လူအုပ်ကြီး ကောင်းကင်​တက်မယ်​လို့ ကျမ်းစာမှာ ဘာကြောင့် မပြော​ထားကြောင်း နားလည်​စေတယ်။ ကောင်းကင်မှာ ထာဝရ​အသက် ရမယ်လို့ အုပ်စု တစ်စုကိုပဲ ကတိ​ပေးထားတယ်။ အဲဒါကတော့ ယေရှုနဲ့အတူ “ဘုရင်အဖြစ် ကမ္ဘာမြေကို အုပ်စိုး” မယ့် ၁၄၄,၀​၀​၀ ပါပဲ။—ဗျာ. ၅:၁၀

၁၀။ လူအုပ်ကြီးဟာ အနှစ်​တစ်ထောင် မတိုင်ခင် ယေဟောဝါ​အကြောင်း သင်ယူ​လေ့လာဖို့ ဘာကြောင့် လို​မလဲ။

၁၀ ယောဟန်ရဲ့ စိတ်အာရုံမှာ​ပါတဲ့ လူအုပ်ကြီးဟာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်​ရှိတဲ့ သစ္စာရှိ ခရစ်ယာန်​တွေ​ဖြစ်ကြောင်း ၁၉၃၅ က​စပြီး ယေဟောဝါသက်သေတွေ နားလည်ခဲ့​ကြတယ်။ ကြီးစွာသောဒုက္ခ​ကို လွတ်မြောက်​ဖို့ လူအုပ်ကြီးဟာ အနှစ်​တစ်ထောင် မတိုင်ခင်​ကတည်းက ယေဟောဝါ​အကြောင်း သင်ယူ​လေ့လာ​ရမယ်။ ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​မတိုင်မီ ‘ဖြစ်ပျက်မယ့် အရာတွေ​ကနေ လွတ်မြောက်’ နိုင်ဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိကြောင်း တင်ပြ​နေရမယ်။—လု. ၂၁:၃၄-၃၆

၁၁။ အနှစ်​တစ်ထောင် ကုန်​ပြီးနောက် တချို့ ကောင်းကင် တက်မယ်​လို့ ကျမ်းစာ​ကျောင်းသား​တချို့ ယူဆ​ခဲ့​တာ ဘာကြောင့် ဖြစ်မလဲ။

၁၁ မြေကြီးပေါ်​က ပုံသက်သေ​ကောင်း​သူတချို့ အနှစ်​တစ်ထောင် ကုန်​ပြီးနောက် ကောင်းကင် တက်မယ်​ဆိုတဲ့ ယူဆချက်​ကော။ အဲဒီယူဆချက် ဖြစ်နိုင်တယ်​ဆိုပြီး ၁၉၁၃၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင် မှာ ဖော်ပြခဲ့တယ်။ ‘ရှေးခေတ် သစ္စာရှိ​သူတချို့​က မြေကြီး​အသက်တာ​ပဲ ရပြီး သစ္စာ​သိပ်​မရှိတဲ့ ခရစ်ယာန်​တွေ​ကျတော့ ကောင်းကင်​အသက်တာ ရ​ကြ​မှာ ဘာကြောင့်လဲ’ လို့ တွေးမိ​နိုင်တယ်။ တကယ်တော့ အဲဒီ​ယူဆချက်​ဟာ (၁) လူအုပ်ကြီး ကောင်းကင် တက်မယ်၊ (၂) လူအုပ်ကြီးဟာ ထက်သန်မှု သိပ်​မရှိတဲ့ ခရစ်ယာန်​တွေ ဖြစ်တယ်​ဆိုတဲ့ မမှန်ကန်တဲ့ ထင်မြင်ချက် နှစ်ခု​အပေါ် အခြေခံ​လို့​ပဲ။

၁၂-၁၃။ မိမိတို့ရဲ့ ဆုကျေးဇူး​နဲ့​ပတ်သက်ပြီး ဘိသိက်ခံ​ရော လူအုပ်ကြီး​ပါ ဘာကို အသိအမှတ်ပြု​ကြသလဲ။

၁၂ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာခဲ့တဲ့​အတိုင်း ယောဟန် စိတ်အာရုံမှာ​ပါတဲ့ လူအုပ်ကြီးဟာ အာမဂေဒုန်​ကနေ လွတ်မြောက်​မယ့်​သူတွေ ဖြစ်ကြောင်း ၁၉၃၅ ကတည်းက ယေ​ဟော​ဝါ​သက်သေတွေ ရှင်းလင်းစွာ နားလည်ခဲ့တယ်။ သူတို့ဟာ မြေကြီး​ပေါ်မှာပဲ “ကြီးစွာသောဒုက္ခ​ကနေ လွတ်မြောက်” ကြမယ်။ “‘ရာဇ​ပလ္လင်​ပေါ်မှာ ထိုင်​နေတဲ့ ဘုရားသခင်နဲ့ သိုးသငယ်ရဲ့ ကျေးဇူးတော်ကြောင့် ငါ​တို့ ကယ်တင်ခြင်း​ရတာ’ ဆိုပြီး တစ်​ခဲနက် ကြွေးကြော်” ကြမယ်။ (ဗျာ. ၇:၁၀၊ ၁၄) ကောင်းကင်ကို ထမြောက်​သူတွေဟာ ရှေးခေတ် သစ္စာ​ရှိသူတွေ​ထက် “ပို​ကောင်းတဲ့အရာ” ကို ရမယ်လို့ ကျမ်းစာ သွန်သင်တယ်။ (ဟီ. ၁၁:၄၀) ဒါကြောင့် မြေကြီးပေါ် ထာဝစဉ် အသက်ရှင်မယ်ဆိုတဲ့ မျှော်လင့်ချက်​နဲ့ ယေဟောဝါကို ဝတ်ပြုဖို့ လူတွေကို ညီအစ်ကို​တွေ ထက်သန်​စွာ စတင် ဖိတ်ခေါ်​ကြတယ်။

၁၃ လူအုပ်ကြီးဟာ မိမိတို့​ရထားတဲ့ မျှော်လင့်ချက်​ကြောင့် ပျော်ရွှင်​ကြတယ်။ ကောင်းကင်မှာ​ဖြစ်စေ၊ မြေကြီး​မှာ​ဖြစ်စေ သစ္စာ​ရှိသူတွေ ဘယ်မှာ အမှုဆောင်​ရမယ်ဆိုတာ ယေဟောဝါ သတ်မှတ်​ပေး​ကြောင်း သူတို့ နားလည်​ကြတယ်။ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ​က​တစ်ဆင့် ယေဟောဝါ ပြ​တဲ့ မဟာ​ကရုဏာ​ကြောင့်​သာ ဆုကျေးဇူး ရရှိတာ​ဖြစ်ကြောင်း ဘိသိက်ခံ​ရော လူအုပ်ကြီး​ပါ အသိအမှတ်ပြု​ကြတယ်။—ရော. ၃:၂၄

ကြီးမားတဲ့ အရွယ်အစား

၁၄။ ၁၉၃၅ နောက်ပိုင်း လူအုပ်ကြီး​နဲ့​ပတ်သက်တဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံ​လာမလဲ​လို့ လူများစွာ ဘာကြောင့် စဉ်းစား​ခဲ့ကြသလဲ။

၁၄ ၁၉၃၅ မှာ ယေဟောဝါသက်သေတွေရဲ့ နားလည်မှု ရှင်းလင်း​လာပြီး​နောက် မြေကြီး​မျှော်လင့်ချက် ရှိသူတွေ ဘယ်နည်းနဲ့ အရွယ်အစား ကြီးမားတဲ့ လူအုပ်ကြီး ဖြစ်လာမလဲ​လို့ လူများစွာ စဉ်းစားမိ​ကြတယ်။ ဥပမာ၊ လူအုပ်ကြီး ဘယ်သူဘယ်ဝါ​ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလာ​ချိန်မှာ ရော်နယ် ပါ​ကင်​ဟာ အသက် ၁၂ နှစ် ရှိပြီ။ “အဲဒီတုန်းက ကမ္ဘာတစ်ဝန်းမှာ ကြေညာသူ ၅၆,၀​၀​၀ လောက်​ပဲ ရှိတယ်။ အများစုက ဘိသိက်ခံ​တွေ။ ဒါကြောင့် လူအုပ်ကြီး​က သိပ်​မကြီး​ပုံ​ပေါက်​နေတယ်” လို့ သူပြောတယ်။

၁၅။ လူအုပ်ကြီး​ကို စုသိမ်းတဲ့​လုပ်ငန်း ဘယ်လို ဆက်​တိုးတက်​နေသလဲ။

၁၅ နောက်ပိုင်း ဆယ်စုနှစ်တွေမှာ နိုင်ငံ​များစွာကို သာသနာပြုတွေ စေလွှတ်ခဲ့​တဲ့​အတွက် ယေဟောဝါ​သက်သေ အရေအတွက် တိုးများ​လာတယ်။ ၁၉၆၈ ရောက်တော့ ကျမ်းစာ​သင်အံမှု​မှာ ထာဝရ​အသက်​သို့ ပို့ဆောင်သော သမ္မာတရား စာအုပ်ကို စ​သုံး​လာတယ်။ ကျမ်းစာ အမှန်တရားကို ရိုးရိုးလေး ရှင်းပြ​ထားတဲ့​အတွက် စိတ်နှိမ့်ချသူ​တွေ ပို​စိတ်ဝင်စား​လာတယ်။ လေးနှစ်​အတွင်း တပည့်သစ် ငါး​သိန်း​ကျော် နှစ်ခြင်းခံခဲ့တယ်။ လက်တင်အမေရိက​နဲ့ တခြား​နိုင်ငံတွေ​မှာ ကက်သလစ်​ချာ့ချ်​ရဲ့ သြဇာ​အာဏာ လျော့နည်းလာ​တဲ့​အပြင် အရှေ့ ဥရောပ​နဲ့ အာဖရိက ဒေသ​တချို့မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်း​အပေါ် ပိတ်ပင်မှု​ကို ရုပ်သိမ်း​လိုက်တဲ့​အတွက် နောက်ထပ် လူ​သန်းနဲ့​ချီ နှစ်ခြင်းခံ​လာတယ်။ (ဟေရှာ. ၆၀:၂၂) မကြာသေးမီ​နှစ်တွေ​က ယေဟောဝါရဲ့ အဖွဲ့အစည်း​ဟာ ကျမ်းစာ သွန်သင်​ပေးရာမှာ ထိရောက်တဲ့ တခြား​ကိရိယာ​များစွာကို​လည်း ပြင်ဆင်​ပေးတယ်။ အခု လူအရေအတွက် ရှစ်သန်း​ကျော်​ကို စုသိမ်း​ထားပြီ​ဖြစ်လို့ တကယ့် လူအုပ်ကြီး​ပါပဲ။

လူမျိုး​နောက်ခံ အမျိုးမျိုး​ရှိတဲ့ လူအုပ်ကြီး

၁၆။ လူအုပ်ကြီး​ကို ဘယ်​ကနေ စုသိမ်း​မှာ​လဲ။

၁၆ လူအုပ်ကြီးဟာ “လူမျိုး​တွေ၊ မျိုးနွယ်​တွေ၊ လူစု​တွေ၊ ဘာသာစကား​အမျိုးမျိုး ပြောဆိုသူ​တွေ​ထဲ​က” ထွက်လာမယ်လို့ စိတ်အာရုံမှာ ယောဟန် မြင်ခဲ့တယ်။ ပရောဖက် ဇာခရိလည်း အလားတူ ကြိုဟော​ထားတယ်– “အဲဒီ​အချိန်​ရောက်တဲ့အခါ ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုး​တွေ​ထဲ​က လူ​ဆယ်ယောက်​ဟာ ဂျူးလူမျိုး​တစ်ယောက်ရဲ့ ဝတ်ရုံ​ကို မြဲမြဲကိုင်​ပြီး ‘ခင်ဗျားတို့နဲ့​အတူ ဘုရားသခင်​ရှိတယ်လို့ ကြားတဲ့​အတွက် ကျွန်တော်တို့လည်း လိုက်​ချင်​ပါတယ်’ လို့​ပြော​ကြ​လိမ့်မယ်။”—ဇာ. ၈:၂၃

၁၇။ ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုး​တွေ​ထဲ​က လူတွေကို ကူညီဖို့ ဘာတွေ လုပ်ဆောင်ခဲ့​သလဲ။

၁၇ ဘာသာစကား အမျိုးမျိုး​ပြောတဲ့ လူမျိုး​တွေ​ထဲ​က လူတွေကို စုသိမ်း​နိုင်ဖို့ သတင်းကောင်းကို ဘာသာစကား​များစွာနဲ့ ဟောပြော​ရမယ်ဆိုတာ ယေဟောဝါသက်သေတွေ သိတယ်။ အခု​ဆို ကျမ်းစာ​စာပေတွေကို ဘာသာပြန်​လာတာ နှစ်ပေါင်း ၁၃၀ ကျော်ပြီ။ လက်ရှိ​အချိန်မှာ ဘာသာစကား ရာ​ပေါင်း​များစွာနဲ့ ဘာသာပြန်​နေတယ်။ ဒါဟာ သမိုင်း​မှာ အကြီးမားဆုံး ဘာသာပြန်ဆိုမှု​ပါပဲ။ လူမျိုးအပေါင်း​ကနေ လူအုပ်ကြီး​ကို စုသိမ်းခြင်း​ဆိုတဲ့ ခေတ်သစ် အံ့ဖွယ်အမှု​ကြီး​ကို ယေဟောဝါ လုပ်ဆောင်​နေတာ သေချာတယ်။ ကမ္ဘာ​တစ်ဝန်း​က လူမျိုး​နောက်ခံ မျိုးစုံ​ကနေ ထွက်လာတဲ့ ဒီ​အုပ်စုကြီးဟာ ကျမ်းစာ​စာပေတွေကို ဘာသာစကား​များစွာနဲ့ ရရှိ​ထားလို့ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြု​နေကြတယ်။ ထက်သန်​စွာ ဟောပြော​နေပြီး ညီရင်း​အစ်ကို​မေတ္တာ ပြ​နေကြတယ်။ ဒါက ယုံကြည်ခြင်း ခိုင်ခံ့​စေတယ် မဟုတ်လား။—မ. ၂၄:၁၄။ ယော. ၁၃:၃၅

ဒီ​စိတ်အာရုံ​က ကျွန်တော်တို့​အတွက် ဘာ​အဓိပ္ပာယ်​ရှိသလဲ

၁၈။ (က) ဟေရှာယ ၄၆:၁၀၊ ၁၁ အရ လူအုပ်ကြီး​နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက် ပြည့်စုံ​အောင် ယေဟောဝါ လုပ်ဆောင်တာ​ကို ကျွန်တော်တို့ ဘာကြောင့် မ​အံ့ဩ​ကြသလဲ။ (ခ) ကမ္ဘာပေါ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေဟာ ဆုံးရှုံး​တယ်လို့ ဘာကြောင့် မခံစား​ကြသလဲ။

၁၈ လူအုပ်ကြီး​နဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက်ဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဒီ​ပရောဖက်ပြုချက်ကို ဒီလို​ထူးခြားတဲ့​နည်းနဲ့ ယေဟောဝါ ပြည့်စုံ​စေ​တာ ကျွန်တော်တို့ မအံ့ဩ​ကြဘူး။ (ဟေရှာယ ၄၆:၁၀၊ ၁၁ ကိုဖတ်ပါ။) လူအုပ်ကြီးဟာ ဘုရား​ပေးတဲ့ မျှော်လင့်ချက်​အတွက် သိပ်​ကျေးဇူး​တင်တယ်။ ကောင်းကင်မှာ ယေရှုနဲ့အတူ အမှုဆောင်ဖို့ စွမ်းအားတော်​နဲ့ ဘိသိက်ပေး မခံ​ရပေမဲ့ ဆုံးရှုံး​တယ်လို့ မခံစား​ကြဘူး။ ၁၄၄,၀​၀​၀ အဝင် မဟုတ်ပေမဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှု​ရခဲ့တဲ့ သစ္စာရှိ အမျိုးသား/သမီးတွေ​အကြောင်း ကျမ်းစာမှာ ဖတ်​ရတယ်။ တစ်ယောက်ကတော့ နှစ်ခြင်း​ပေးသူ ယောဟန်။ (မ. ၁၁:၁၁) နောက်​တစ်ယောက်ကတော့ ဒါဝိဒ်။ (တ. ၂:၃၄) သူတို့ အပါအဝင် တခြားသူ​များစွာလည်း မြေကြီး​ပရဒိသုမှာ အသက်ပြန်ရှင်​လာ​ကြမယ်။ သူတို့​အားလုံးဟာ ယေဟောဝါ​ဘုရားနဲ့ ဘုရားရဲ့ အချုပ်အခြာအာဏာကို သစ္စာ​စောင့်သိကြောင်း လူအုပ်ကြီး​နဲ့​အတူ ဖော်ပြခွင့်​ရကြမယ်။

၁၉။ အရေးကြီးဆုံး အချိန်မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရ​ကြောင်း ဘယ်လို သိနိုင်​သလဲ။

၁၉ လူမျိုး​အားလုံး​ထဲ​က သန်းနဲ့ချီတဲ့​လူတွေကို ယေဟောဝါ အခုလို စုသိမ်း​တာ​မျိုး သမိုင်း​တစ်လျှောက်​မှာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကောင်းကင်​မျှော်လင့်ချက်​ရှိသူ​ဖြစ်စေ၊ မြေကြီး​မျှော်လင့်ချက်​ရှိသူ​ဖြစ်စေ လူများစွာကို “တခြား​သိုး” ထဲ​က လူအုပ်ကြီး​အဝင် ဖြစ်လာဖို့ အတတ်နိုင်ဆုံး ကူညီ​ရမယ်။ (ယော. ၁၀:၁၆) လူတွေကို ဒုက္ခ​ရောက်စေတဲ့ အစိုးရ​တွေ​နဲ့ ဘာသာတရား​တွေကို ဖျက်ဆီးမယ့် ကြီးစွာသောဒုက္ခ​ကို ယေဟောဝါ မကြာခင် ကျရောက်​စေ​တော့​မယ်။ မြေကြီး​ပေါ်မှာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြု​နိုင်မယ့် အလားအလာ​ဟာ လူအုပ်ကြီး​အတွက် အခွင့်ထူးကြီးပါပဲ။—ဗျာ. ၇:၁၄

သီချင်း ၁၃၉ မြင်ယောင်​ကြည့်ပါ ကမ္ဘာသစ်မှာ

^ အပိုဒ်၊ 5 ဒီ​ဆောင်းပါး​မှာ ယောဟန်ရဲ့ စိတ်အာရုံ​ထဲ​က “လူအုပ်ကြီး​တစ်အုပ်” အကြောင်း ဆွေးနွေးကြမယ်။ အဲဒါက လူအုပ်ကြီး​ထဲ ပါဝင်သူ အားလုံးရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေပါလိမ့်မယ်။

^ အပိုဒ်၊ 8 ဘုရားသခင့် နိုင်ငံတော်​စိုးစံပြီ စာအုပ် အခန်း ၅၊ စာပိုဒ် ၁၄-၁၉ ကို​ကြည့်ပါ။