မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၆

အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်

အာမဂေဒုန်ဟာ သတင်းကောင်းဖြစ်

‘သူတို့က ဘုရင်တွေကို အာမဂေဒုန်​မှာ စုရုံး​တယ်။’ —ဗျာ. ၁၆:၁၆

သီချင်း ၁၅၀ ကယ်တင်​ခံရဖို့ ဘုရားသခင်ကို ရှာပါ

အကြို​သုံးသပ်ချက် *

၁-၂။ (က) အာမဂေဒုန်​ဟာ လူသားတွေ​အတွက် ဘာကြောင့် သတင်းကောင်း ဖြစ်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

လူတွေက “အာမဂေဒုန်” ကို နျူကလီးယား စစ်ပွဲ ဒါမှမဟုတ် သဘာဝ​ဘေးဆိုး တစ်ခုခုနဲ့ ဆက်စပ်​ပြောတာကို သင် ကြားဖူး​သလား။ ကျမ်းစာမှာတော့ အာမဂေဒုန်​ကို ဝမ်းသာစရာ သတင်းကောင်းနဲ့ ဆက်စပ်​ထားတယ်။ (ဗျာ. ၁:၃) အာမဂေဒုန်​စစ်ပွဲဟာ လူတွေကို ဖျက်ဆီးဖို့ မဟုတ်ဘဲ ကယ်တင်ဖို့ ဖြစ်တယ်။ ဘယ်​နည်းနဲ့လဲ။

အာမဂေဒုန်​စစ်ပွဲဟာ လူ့​အုပ်ချုပ်မှုကို အဆုံးတိုင်​ပေးခြင်း​အားဖြင့် လူတွေကို ကယ်တင်မယ်​လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ဆိုးသွမ်းမှု​ကို ဖယ်ရှား​ပေးပြီး ဖြောင့်မတ်​သူတွေကို ဆက်​အသက်ရှင်​စေခြင်း၊ ကမ္ဘာဂြိုဟ် မပျက်စီး​အောင် ကာကွယ်​ပေးခြင်း​အားဖြင့် လူတွေကို ကယ်တင်မယ်။ (ဗျာ. ၁၁:၁၈) ပို​နားလည်ဖို့ ဒီ​မေးခွန်း​လေးခုကို ဆွေးနွေးကြစို့– အာမဂေဒုန်​ဆိုတာ ဘာလဲ။ ဘယ်​ဖြစ်ရပ်တွေက အာမဂေဒုန်​ကို ဦးတည်​စေ​မလဲ။ အာမဂေဒုန်​မှာ ကယ်တင်​ခံရဖို့ ဘာလုပ်ရမလဲ။ အာမဂေဒုန် နီး​လာတာ​နဲ့​အမျှ ဘယ်လို ဆက်သစ္စာ​ရှိ​နိုင်မလဲ။

အာမဂေဒုန်​ဆိုတာ ဘာလဲ

၃။ (က) “အာမဂေဒုန်” ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုသလဲ။ (ခ) ဗျာဒိတ် ၁၆:၁၄၊ ၁၆ အရ အာမဂေဒုန်​ဟာ ပကတိ​နေရာ​ဒေသ မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

ဗျာဒိတ် ၁၆:၁၄၊ ၁၆ ကိုဖတ်ပါ။ ကျမ်းစာမှာ “အာမဂေဒုန်” ဆိုတဲ့ စကားလုံး တစ်ကြိမ်ပဲ ပါတယ်။ “မေဂိဒေါ​တောင်” လို့ အဓိပ္ပာယ်​ရတဲ့ ဟီဘရူး​စကားလုံးကနေ ဆင်းသက်​လာတယ်။ (ဗျာ. ၁၆:၁၆၊ အောက်ခြေမှတ်ချက်) မေဂိဒေါ​ဆိုတာ ရှေး​အစ္စရေး​နိုင်ငံရဲ့ မြို့​တစ်မြို့ ဖြစ်တယ်။ (ယောရှု ၁၇:၁၁) ဒါပေမဲ့ အာမဂေဒုန်​ဆိုတာ ကမ္ဘာပေါ်​က ပကတိ နေရာ​ဒေသ​တစ်ခုကို ဆိုလိုတာ မဟုတ်ဘူး။ အတိအကျ​ပြော​ရ​ရင် “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်တွေ” ယေဟောဝါကို ဆန့်ကျင်​ဖို့ စုရုံး​လာတဲ့ အခြေအနေကို ဆိုလိုတယ်။ (ဗျာ. ၁၆:၁၄) ဒါပေမဲ့ မြေကြီး​ဘုရင်တွေ စုရုံး​ပြီးနောက် ဆက်တိုက်​လိုက်ပါ​လာတဲ့ စစ်ပွဲကို ရည်ညွှန်း​ဖို့လည်း “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို သုံးပါ​မယ်။ အာမဂေဒုန်​ဟာ ပုံဆောင်​နေရာ​ဖြစ်မှန်း ဘယ်လို သိရသလဲ။ ပထမ၊ ပကတိ မေဂိဒေါ​တောင်​ဆိုတာ မရှိဘူး။ ဒုတိယ၊ မေဂိဒေါ​ဆိုတဲ့ နေရာဟာ “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံးမှာ​ရှိတဲ့ ဘုရင်​တွေ၊” စစ်တပ်​တွေ၊ လက်နက်တွေ ဆံ့​နိုင်လောက်အောင် မကျယ်​ဘူး။ တတိယ၊ ကမ္ဘာ​အနှံ့အပြား​မှာ နေထိုင်တဲ့ ဘုရားလူမျိုးကို “ဘုရင်တွေ” တိုက်ခိုက်ချိန်မှာ အာမဂေဒုန်​စစ်ပွဲ စတင်​မှာ​ဖြစ်တယ်။ အဲဒီ​အကြောင်း ဒီ​ဆောင်းပါး​မှာ တွေ့​ရပါမယ်။

၄။ ဘုရားသခင်က နောက်ဆုံး စစ်ပွဲကြီး​ကို မေဂိဒေါ​နဲ့ ဘာကြောင့် ဆက်စပ်​ထားတာလဲ။

ယေဟောဝါ​က နောက်ဆုံး စစ်ပွဲကြီး​ကို မေဂိဒေါနဲ့ ဘာကြောင့် ဆက်စပ်​ထားတာလဲ။ မေဂိဒေါနဲ့ အနားက ယေဇရေလ ချိုင့်ဝှမ်း​မှာ စစ်ပွဲ​များစွာ ဖြစ်ခဲ့တယ်။ တစ်ခါတလေ ယေဟောဝါ​ကိုယ်တိုင် ကြားဝင် တိုက်ခိုက်​ပေးတယ်။ ဥပမာ၊ “မေဂိဒေါ​ချောင်းနား” မှာ ဗိုလ်ချုပ် သိသရ ဦးဆောင်တဲ့ ခါနန်​စစ်တပ်​ကို အစ္စရေး တရားသူကြီး ဗာရက် အောင်မြင်​ဖို့ ဘုရား ကူညီ​ပေးခဲ့တယ်။ အံ့ဖွယ် အောင်ပွဲ​အတွက် ယေဟောဝါကို ဗာရက်​နဲ့ ပရောဖက်မ ဒေဗောရ ကျေးဇူးတင် ချီးမွမ်းခဲ့တယ်။ ‘ကြယ်တာရာ​တွေ ကောင်းကင်​တစ်ခွင်​ကနေ သိသရ​ကို တိုက်ခိုက်တယ်။ ကိရှုန်​ချောင်းရေ​က ရန်သူတွေကို တိုက်ချ​ပစ်ပြီ’ လို့ သူတို့ သီချင်းဆို​ကြတယ်။—သူကြီး. ၅:၁၉-၂၁

၅။ အာမဂေဒုန်​စစ်ပွဲ​နဲ့ ဗာရက် တိုက်​ခဲ့​တဲ့ စစ်ပွဲ ဘယ်လို ကွာခြား​မလဲ။

ဗာရက်​နဲ့ ဒေဗောရ​က သီချင်းကို ဒီလို နိဂုံးချုပ်​ထားတယ်– “အို ယေဟောဝါ၊ ရန်သူ​အားလုံး ပျက်စီး​ပါစေ။ ကိုယ်တော့်​ကို ချစ်မြတ်နိုး​သူတွေကတော့ အရှိန်အဝါ​နဲ့ ထွန်းလင်း​လာတဲ့ နေ​မင်း​လို ဖြစ်ပါစေ။” (သူကြီး. ၅:၃၁) အာမဂေဒုန်​မှာလည်း ဘုရားသခင်ကို ချစ်​မြတ်နိုး​သူတွေ ကယ်တင်​ခံရပြီး ဘုရားသခင့် ရန်သူတွေ ပျက်စီး​သွားပါလိမ့်မယ်။ အရေးကြီးတဲ့ ကွာခြားချက်​ကတော့ အာမဂေဒုန်​မှာ ဘုရား​လူမျိုးဟာ တိုက်ခိုက်​ဖို့ လို​မှာ မဟုတ်ဘူး။ လက်နက်တွေ​တောင် ရှိ​မှာ မဟုတ်ဘူး။ ယေဟောဝါနဲ့ ကောင်းကင်တပ်​မဟာ​ကို “တည်ငြိမ်​စွာ ယုံကြည်​ကိုးစား” တာ​က သူတို့ရဲ့ “ခွန်အား” ဖြစ်ပါလိမ့်မယ်။—ဟေရှာ. ၃၀:၁၅။ ဗျာ. ၁၉:၁၁-၁၅

၆။ အာမဂေဒုန်​မှာ ရန်သူတွေကို ယေဟောဝါ ဘယ်လို အနိုင်ယူ​မလဲ။

အာမဂေဒုန်​မှာ ရန်သူတွေကို ဘုရားသခင် ဘယ်လို အနိုင်ယူ​မလဲ။ နည်းလမ်း​များစွာကို သုံး​နိုင်တယ်။ မြေငလျင်၊ မိုးသီး၊ လျှပ်စီး​တွေကို သုံး​နိုင်တယ်။ (ယောဘ ၃၈:၂၂၊ ၂၃။ ယေဇ. ၃၈:၁၉-၂၂) ရန်သူ​အချင်းချင်း တိုက်ခိုက်​အောင်​လည်း လုပ်​နိုင်တယ်။ (၂ ရာ. ၂၀:၁၇၊ ၂၂၊ ၂၃) လူဆိုးတွေကို ဖျက်ဆီးဖို့ ကောင်းကင်တမန်တွေကိုလည်း သုံး​နိုင်တယ်။ (ဟေရှာ. ၃၇:၃၆) ဘယ်​နည်းကို​ပဲ သုံးပါစေ ဘုရားသခင် အပြတ်အသတ် အောင်ပွဲ​ရပါလိမ့်မယ်။ ရန်သူ​အားလုံး ဖျက်ဆီး​ခံရပြီး ဖြောင့်မတ်သူ​အားလုံး ကယ်တင်ခံရ​ပါလိမ့်မယ်။—ပညာ. ၃:၂၅၊ ၂၆

ဘယ်​ဖြစ်ရပ်တွေက အာမဂေဒုန်​ကို ဦးတည်​စေ​မလဲ

၇-၈။ (က) ၁ သက်သာလောနိတ် ၅:၁-၆ အရ ကမ္ဘာ့​ခေါင်းဆောင်တွေ ဘယ်​ထူးခြားတဲ့ ကြေညာချက်​ကို ကြေညာ​ကြ​မလဲ။ (ခ) အဲဒါဟာ ဘာကြောင့် အန္တရာယ်​ရှိတဲ့ လိမ်လည်မှု ဖြစ်သလဲ။

“ယေဟောဝါရဲ့​နေ့” မတိုင်ခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ ကြွေးကြော်​ကြ​လိမ့်မယ်။ (၁ သက်သာလောနိတ် ၅:၁-၆ ကိုဖတ်ပါ။) ၁ သက်သာလောနိတ် ၅:၂ မှာပါတဲ့ “ယေဟောဝါရဲ့​နေ့” ဆိုတာ “ကြီးစွာသောဒုက္ခ” ကို ဆိုလိုတယ်။ (ဗျာ. ၇:၁၄) ကြီးစွာသောဒုက္ခ စ​တော့​မယ်​ဆိုတာ ဘယ်လို သိနိုင်​မလဲ။ အလွန်​ထူးခြားတဲ့ ကြေညာချက်​အကြောင်း ကျမ်းစာ ပြော​ထားတယ်။ အဲဒီ​ကြေညာချက်​က ကြီးစွာသောဒုက္ခ စ​တော့​မယ်​ဆိုတာကို အချက်ပြ​ပါလိမ့်မယ်။

အဲဒါကတော့ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဆိုတဲ့ ကြေညာချက်​ပဲ။ ကမ္ဘာ့​ခေါင်းဆောင်တွေ ဘာကြောင့် အဲဒီလို ကြေညာ​ကြ​မလဲ။ ကျွန်တော်တို့ အတိအကျ မသိ​ဘူး။ ဘာသာရေး​ခေါင်းဆောင်တွေ​ကော ပါ​မလား။ ပါ​နိုင်တယ်။ ဒါဟာ နတ်ဆိုး​တွေ​ဆီကလာ​တဲ့ လိမ်လည်မှု ဖြစ်တယ်။ အဲဒီ​လိမ်လည်မှု​က သိပ်​အန္တရာယ်​ရှိတယ်။ ဘာကြောင့်လဲ​ဆိုတော့ လူ့​သမိုင်း​မှာ အကြီးမားဆုံး ဘေးဒုက္ခ စ​တော့​မယ့် အချိန်မှာတောင် လုံခြုံမှု ရှိ​နေတယ်လို့ လူတွေကို ထင်မှတ်​စေမှာ ဖြစ်လို့ပဲ။ ဒါပေမဲ့ “ကိုယ်ဝန်ဆောင်​မိန်းမ​က သားဖွား​ဝေဒနာ ရုတ်တရက် ခံစားရ​သလို မျှော်လင့်​မထားတဲ့ ပျက်စီးခြင်း​ဘေး​က​လည်း သူတို့​အပေါ် ရုတ်တရက် ရောက်လာ​လိမ့်မယ်။” ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေ​ကော။ သူတို့ကတော့ ယေဟောဝါရဲ့​နေ့ ရုတ်တရက် ရောက်လာလို့ အံ့ဩ​မိ​နိုင်ပေမဲ့ အသင့်​ဖြစ်နေကြ​ပါလိမ့်မယ်။

၉။ စာတန့်​လောက​ကို ဘုရား ဘယ်လို ဖျက်ဆီး​မလဲ။

ယေဟောဝါ​က နောဧ​ခေတ်မှာ စာတန့်​လောက တစ်ခုလုံးကို တစ်ကြိမ်​တည်း​နဲ့ အပြီး​ဖျက်ဆီး​သလို အခု ဖျက်ဆီးမှာ မဟုတ်ဘူး။ အဆင့် နှစ်ဆင့် ရှိပါလိမ့်မယ်။ ပထမ၊ ကမ္ဘာ့​မှားယွင်းတဲ့ ဘာသာရေး အင်ပါယာ​ဖြစ်တဲ့ မဟာ​ဗာဗုလုန်​ကို ဖျက်ဆီးမယ်။ ပြီးနောက် အာမဂေဒုန်​မှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး​စနစ်​တွေ အပါအဝင် စာတန့်​လောကရဲ့ ကျန်​အစိတ်အပိုင်း​တွေကို ဖျက်ဆီးမှာ ဖြစ်တယ်။ အဲဒီ​ဖြစ်ရပ်​ကြီး နှစ်ခု​ကို အသေးစိတ် ဆွေးနွေး​ကြပါစို့။

၁၀။ ဗျာဒိတ် ၁၇:၁၊ ၆ နဲ့ ၁၈:၂၄ အရ မဟာ​ဗာဗုလုန်​ကို ယေဟောဝါ ဘာကြောင့် ဖျက်ဆီး​ပစ်​မလဲ။

၁၀ ‘ပြည့်တန်ဆာ​ကြီး အပြစ်ဒဏ်​ခံရ။’ (ဗျာဒိတ် ၁၇:၁၊ ၆။ ၁၈:၂၄ ကိုဖတ်ပါ။) မဟာ​ဗာဗုလုန်​ဟာ ဘုရား​နာမည်ကို အကြီးအကျယ် ရှုတ်ချ​ထားတယ်။ ဘုရား​အကြောင်း မမှန်မကန် သွန်သင်​ပေးတယ်။ နိုင်ငံရေး​ခေါင်းဆောင်တွေ​နဲ့ မဟာမိတ်​ဖွဲ့တယ်။ မိမိရဲ့ ဩဇာ​အာဏာနဲ့ အရှိန်အဝါ​ကို သုံးပြီး အသင်းသားတွေကို အမြတ်​ထုတ်တယ်။ ဘုရား​ကျေးကျွန်တွေ အပါအဝင် အသက်​ပေါင်း​များစွာကို သတ်ဖြတ်​ခဲ့တယ်။ (ဗျာ. ၁၉:၂) မဟာ​ဗာဗုလုန်​ကို ယေဟောဝါ ဘယ်လို ဖျက်ဆီး​မလဲ။

၁၁။ “နီ​မြန်း​တဲ့ သားရဲ” က ဘာကို ဆိုလိုသလဲ။ မဟာ​ဗာဗုလုန်​နဲ့​ပတ်သက်တဲ့ ဘုရားအလိုတော် ပြည့်စုံရေး​မှာ ဘယ်လို ပါဝင်​မလဲ။

၁၁ “ချိုဆယ်ချောင်း” ရှိတဲ့ “နီ​မြန်း​တဲ့ သားရဲ​တစ်ကောင်” ကို သုံးပြီး “ပြည့်တန်ဆာ​ကြီး” ကို ယေဟောဝါ ဖျက်ဆီး​ပါလိမ့်မယ်။ အဲဒီ​သားရဲ​က ကုလသမဂ္ဂ​ကို ဆိုလိုတယ်။ ချိုဆယ်ချောင်း​က ကုလသမဂ္ဂ​ကို ထောက်ပံ့​နေတဲ့ လက်ရှိ အစိုးရတွေကို ဆိုလိုတယ်။ ဘုရား သတ်မှတ်​ထားချိန်​မှာ အဲဒီ​အစိုးရ​တွေ​က မဟာ​ဗာဗုလုန်​ကို တိုက်ခိုက်​ကြ​လိမ့်မယ်။ သူ့ရဲ့ စည်းစိမ်​တွေကို သိမ်းယူ၊ ဆိုးသွမ်းမှု​ကို ဖော်ထုတ်ခြင်း​အားဖြင့် “သူ့ကို သိမ်း​ရုံး​ဖျက်ဆီး​ပြီး အဝတ်​ဗလာ ဖြစ်စေမယ်။” (ဗျာ. ၁၇:၃၊ ၁၆) အဲဒီ​ဖျက်ဆီးခြင်းက တစ်နေ့​ချင်း​မှာ ဖြစ်သလို မြန်​လွန်း​လို့ သူ့ကို ထောက်ပံ့​သူတွေ အံ့ဩ​တ​ကြီး ဖြစ်သွားလိမ့်မယ်။ တကယ်တော့ “ဘုရင်မလို ငါ​နန်းစံ​နေတာ။ ငါဟာ မုဆိုးမ မဟုတ်ဘူး။ ဘယ်တော့မှ ငိုကြွေး​ရမှာ မဟုတ်ဘူး” လို့ သူ ဟစ်ကြွေး​လာ​ခဲ့​တာ။—ဗျာ. ၁၈:၇၊ ၈

၁၂။ တိုင်းနိုင်ငံတွေကို ယေဟောဝါ ဘာလုပ်​ခွင့်​ပေးမှာ မဟုတ်​သလဲ။ ဘာကြောင့်လဲ။

၁၂ မိမိ​လူမျိုးကို တိုင်းနိုင်ငံတွေ ဖျက်ဆီးဖို့​တော့ ဘုရား ခွင့်ပြု​မှာ မဟုတ်ဘူး။ ဘုရား​လူမျိုးဟာ ဘုရား​နာမည်ကို ခံယူ​ထားသူတွေ၊ မဟာ​ဗာဗုလုန်​ကနေ ထွက်ပါ​ဆိုတဲ့ အမိန့်​ကို နာခံ​သူတွေ ဖြစ်တယ်။ (တ. ၁၅:၁၆၊ ၁၇။ ဗျာ. ၁၈:၄) တခြား​သူတွေကိုလည်း ထွက်​နိုင်ဖို့ ကူညီ​ပေးနေ​ကြတယ်။ ဒါကြောင့် ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ မဟာ​ဗာဗုလုန် “ခံရမယ့် ကပ်ဘေး​တွေကို” ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေ​တော့ ကြုံရမှာ ဖြစ်တယ်။

ဘုရား​လူမျိုးဟာ ဘယ်​နေရာမှာပဲ ရှိပါစေ တိုက်ခိုက်​ခံရချိန်မှာ ဘုရားကို ယုံကြည်​ကိုးစား​ကြ (အပိုဒ် ၁၃ ကို​ကြည့်ပါ) *

၁၃။ (က) ဂေါဂ​မင်း​က ဘယ်သူ​လဲ။ (ခ) ယေဇကျေလ ၃၈:၂၊ ၈၊ ၉ အရ ဘယ်​အချိန်မှာ အာမဂေဒုန်​စစ်ပွဲ စတင်​မလဲ။

၁၃ ဂေါဂရဲ့ တိုက်ခိုက်မှု။ (ယေဇကျေလ ၃၈:၂၊ ၈၊ ၉ ကိုဖတ်ပါ။) မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း​အားလုံး ဖျက်ဆီး​ခံရ​ပြီးနောက် ဘုရား​လူမျိုးဟာ မုန်တိုင်း​ဒဏ်​ကနေ လွတ်​လာတဲ့ သစ်ပင်​လို ထီးတည်း ကျန်​နေလိမ့်မယ်။ စာတန်ဟာ အလွန်​ဒေါသ​ထွက်ပြီး “ညစ်ညူး​တဲ့ သတင်း​စကား” ဖြစ်တဲ့ နတ်ဆိုး​တွေ​ဆီက မှားယွင်းတဲ့ သတင်းကို ဖြန့်​လိမ့်မယ်။ အဲဒီ​သတင်း​ကြောင့် နိုင်ငံ​ပေါင်း​စုံ ဖွဲ့စည်းထားတဲ့ အုပ်စု​က ယေဟောဝါရဲ့ ကျေးကျွန်တွေကို တိုက်ခိုက်​မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄) အဲဒီ​အုပ်စု​ကို “မာဂေါဂ​ပြည်​က ဂေါဂ​မင်း” လို့ ခေါ်တယ်။ ဘုရား​ကျေးကျွန်တွေကို ဂေါဂ​မင်း တိုက်ခိုက်​တဲ့အခါ အာမဂေဒုန်​စစ်ပွဲ စတင်​ပါလိမ့်မယ်။—ဗျာ. ၁၆:၁၆

၁၄။ ဂေါဂ ဘာကို သိလာ​မလဲ။

၁၄ ဂေါဂ​မင်း​က “လူ​အင်အား၊” တစ်နည်းအားဖြင့် စစ်တပ်​အင်အား​ကို အားကိုး​လိမ့်မယ်။ (၂ ရာ. ၃၂:၈) ကျွန်တော်တို့​ကတော့ ယေဟောဝါ​ဘုရားကို ယုံကြည်​ကိုးစား​ကြပါလိမ့်မယ်။ အဲဒါက လူတွေ​အတွက်တော့ မိုက်မဲ​ပုံ​ရတယ်။ ဩဇာ​အာဏာ​ကြီး​ခဲ့​တဲ့ မဟာ​ဗာဗုလုန်​ကို သူ့ရဲ့​ဘုရား​တွေ​က “သားရဲ” နဲ့ “ချိုဆယ်ချောင်း” လက်ကနေ မ​ကယ်တင်​နိုင်ဘူး။ (ဗျာ. ၁၇:၁၆) ဒါကြောင့် ဂေါဂ​က ဘုရားလူမျိုးကို လွယ်လွယ်လေး​နဲ့ အနိုင်ရ​မယ်​လို့ ထင်ပြီး “ပြည်​ကို​လွှမ်းမိုးတဲ့ မိုးတိမ်​တွေ​လို” လာ​တိုက်ခိုက်​လိမ့်မယ်။ (ယေဇ. ၃၈:၁၆) ဒါပေမဲ့ ဂေါဂ ထောင်ချောက်​မိ​သွား​မှန်း မကြာခင် သိလာ​လိမ့်မယ်။ ပင်လယ်နီ​မှာ ဖျက်ဆီး​ခံ​လိုက်ရ​တဲ့ ဖာရော​လို​ပဲ ယေဟောဝါကို တိုက်ခိုက်​နေတာ ဖြစ်ကြောင်း သိလာ​ပါလိမ့်မယ်။—ထွ. ၁၄:၁-၄။ ယေဇ. ၃၈:၃၊ ၄၊ ၁၈၊ ၂၁-၂၃

၁၅။ ခရစ်တော်​က ဘယ်နည်းနဲ့ အောင်ပွဲခံ​မလဲ။

၁၅ ခရစ်တော်​နဲ့ ကောင်းကင် စစ်တပ်​တွေ​က ဘုရားလူမျိုးကို ကာကွယ်​ပြီး ဂေါဂ​နဲ့ သူ့ရဲ့​စစ်တပ်​ကို ဖျက်ဆီး​ပစ်​လိမ့်မယ်။ (ဗျာ. ၁၉:၁၁၊ ၁၄၊ ၁၅) မှားယွင်းတဲ့ သတင်း​စကားတွေ ဖြန့်​ပြီး အာမဂေဒုန်​ကို ဦးတည်​စေတဲ့ အဓိက​ရန်သူ စာတန်ကို​ကော။ ယေရှု​က စာတန်နဲ့ နတ်ဆိုးတွေကို တွင်းနက်​ကြီး​ထဲ ပစ်ချပြီး အနှစ် ၁၀၀​၀ ချည်နှောင်​ပါလိမ့်မယ်။—ဗျာ. ၂၀:၁-၃

အာမဂေဒုန်​မှာ ကယ်တင်​ခံရဖို့ သင် ဘာလုပ်ရမလဲ

၁၆။ (က) ‘ဘုရားကို သိ’ ကြောင်း ကျွန်တော်တို့ ဘယ်လို ပြ​နေသလဲ။ (ခ) ယေဟောဝါကို သိတဲ့​သူတွေ အာမဂေဒုန်​မှာ ဘာဖြစ်​မလဲ။

၁၆ ကျွန်တော်တို့ဟာ အမှန်တရား ရ​ခါ​စ​ဖြစ်စေ၊ သက်တမ်းကြာ​သူ​ဖြစ်စေ အာမဂေဒုန်​မှာ ကယ်တင်​ခံရဖို့ ‘ဘုရားသခင်ကို သိ’ ပြီး ‘သခင်​ယေရှု​အကြောင်း သတင်းကောင်းကို နာခံ’ ရမယ်။ (၂ သက်. ၁:၇-၉) ဘုရား ကြိုက်​တဲ့​အရာ၊ မကြိုက်​တဲ့​အရာနဲ့ ဘုရား​စံနှုန်းတွေကို သိ​တာ​က ‘ဘုရားကို သိ’ တာ ဖြစ်တယ်။ ဘုရားကို ချစ်ခြင်း၊ နာခံခြင်း၊ အကြွင်းမဲ့ ဆည်းကပ်ခြင်း​အားဖြင့်လည်း ဘုရားကို သိကြောင်း ဖော်ပြ​နိုင်တယ်။ (၁ ယော. ၂:၃-၅။ ၅:၃) ဘုရားသခင်ကို သိကြောင်း ဖော်ပြတဲ့​သူကို “ဘုရားသခင် သိ” တယ်။ ဘုရားက မိမိ​သိတဲ့​သူတွေကို​ပဲ အာမဂေဒုန်​မှာ ကယ်တင်မယ်။ (၁ ကော. ၈:၃) ဘာကြောင့်လဲ​ဆိုတော့ “ဘုရားသခင် သိ” တယ်​ဆိုတာ ဘုရားရဲ့ မျက်နှာသာ​ရတာကို ဆိုလို​တဲ့​အတွက်ပဲ။

၁၇။ ‘သခင်​ယေရှု​အကြောင်း သတင်းကောင်းကို နာခံ’ တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၇ “သခင်​ယေရှု​အကြောင်း သတင်းကောင်း” ထဲမှာ ကျမ်းစာမှာ​ပါတဲ့ ယေရှုရဲ့ သွန်သင်ချက်​အားလုံး ပါဝင်တယ်။ အဲဒါတွေကို ဘဝမှာ လက်တွေ့ကျင့်သုံးတာက သတင်းကောင်းကို နာခံ​နေတာပဲ။ နာခံခြင်း​မှာ နိုင်ငံတော်ကို ပထမ​နေရာ​ထားခြင်း၊ ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေ​အတိုင်း နေထိုင်ခြင်း၊ ဘုရားသခင့် နိုင်ငံတော်​အကြောင်း ကြေညာခြင်းတို့ ပါဝင်တယ်။ (မ. ၆:၃၃။ ၂၄:၁၄) တာဝန်ကြီးတွေ ထမ်းဆောင်​နေတဲ့ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို ထောက်မခြင်း​လည်း ပါဝင်တယ်။—မ. ၂၅:၃၁-၄၀

၁၈။ ခရစ်တော်ရဲ့ ဘိသိက်ခံ​ညီတွေဟာ သူတို့​ခံစားခဲ့​ရတဲ့ ကြင်နာမှု​ကို ဘယ်လို ပြန်​ဆပ်ပေး​ကြ​မလဲ။

၁၈ မကြာခင် ဘုရားသခင့် ဘိသိက်ခံ​ကျေးကျွန်တွေဟာ “တခြား​သိုး​တွေ” ပြ​တဲ့ ကြင်နာမှု​ကို ပြန်ဆပ်​ပေး​ကြပါလိမ့်မယ်။ (ယော. ၁၀:၁၆) ဘယ်နည်း​အားဖြင့်​လဲ။ အာမဂေဒုန်​စစ်ပွဲ မစ​ခင် ၁၄၄,၀၀၀ အားလုံးဟာ မသေနိုင်တဲ့ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​တွေ​အဖြစ် ကောင်းကင်ကို ထမြောက်ပြီး​ဖြစ်ပါလိမ့်မယ်။ ဂေါဂ​ကို ဖျက်ဆီးမယ့်၊ “လူအုပ်ကြီး” ကို ကာကွယ်​ပေးမယ့် ကောင်းကင်​စစ်တပ်​မှာ သူတို့​အားလုံး ပါဝင်​ကြပါလိမ့်မယ်။ (ဗျာ. ၂:၂၆၊ ၂၇။ ၇:၉၊ ၁၀) ယေဟောဝါရဲ့ ဘိသိက်ခံ​ကျေးကျွန်တွေ မြေကြီးပေါ်​ရှိနေတုန်း ထောက်မ​ခွင့် ရတာဟာ လူအုပ်ကြီး​အတွက် အခွင့်ထူးပါပဲ။

အဆုံးနီးလာ​တာ​နဲ့​အမျှ ဘယ်လို ဆက်သစ္စာ​ရှိ​နိုင်မလဲ

၁၉-၂၀။ အာမဂေဒုန် နီး​လာတာ​နဲ့​အမျှ အခက်အခဲ​တွေ​ကြား ဘယ်လို ဆက်သစ္စာ​ရှိ​နိုင်မလဲ။

၁၉ ဒီ​နောက်ဆုံး​ကာလမှာ ယေဟောဝါရဲ့ လူများစွာဟာ အခက်အခဲ​တွေ ကြုံနေ​ရတယ်။ ဒါပေမဲ့ ဝမ်းမြောက်​စွာ ခံရပ်​နေကြတယ်။ (ယာ. ၁:၂-၄) ခံရပ်​နိုင်ဖို့ အဓိက ကူညီ​ပေးတာ​ကတော့ အမြဲ ရင်ဖွင့်​ဆုတောင်းခြင်း​ပါပဲ။ (လု. ၂၁:၃၆) ကျွန်တော်တို့​ခေတ်​နဲ့​ပတ်သက်တဲ့ ကြိုဟောချက်​တွေ အပါအဝင် ကျမ်းစာကို​လည်း နေ့တိုင်း လေ့လာပြီး တွေးတော​ဆင်ခြင်​ရမယ်။ (ဆာ. ၇၇:၁၂) အဲဒါတွေ​အပြင် အမှုဆောင်​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်ခြင်းက ယုံကြည်ခြင်းကို တိုးများ​စေပြီး မျှော်လင့်ချက် ရှင်သန်​စေပါလိမ့်မယ်။

၂၀ မဟာ​ဗာဗုလုန် ပျက်စီး​ပြီး အာမဂေဒုန် ပြီးဆုံး​သွားတဲ့အခါ သင် ဘယ်လောက် စိတ်လှုပ်ရှား​နေ​မလဲ​ဆိုတာ စဉ်းစား​ကြည့်လိုက်ပါ။ အရေးကြီးဆုံး​ကတော့ ဘုရားသခင့် နာမည်​နဲ့ အချုပ်အခြာအာဏာ သံသယ​ကင်းရှင်း​သွား​လို့ သင် အလွန်​ပျော်​နေပါလိမ့်မယ်။ (ယေဇ. ၃၈:၂၃) အာမဂေဒုန်​ဟာ ဘုရားကို သိတဲ့​သူ၊ သားတော်ကို နာခံတဲ့​သူ၊ အဆုံး​ထိ ခံနိုင်ရည်​ရှိသူတွေ​အတွက် သတင်းကောင်း​ပါပဲ။—မ. ၂၄:၁၃

သီချင်း ၁၄၃ ဆက်​မှု​တော်​ဆောင်​ကာ စောင့်ဆိုင်း​နေပါ

^ အပိုဒ်၊ 5 ယေဟောဝါရဲ့ လူမျိုးဟာ အာမဂေဒုန်​ကို စောင့်​နေတာ အတော်ကြာ​နေပြီ။ အာမဂေဒုန်​ဆိုတာ ဘာလဲ၊ ဘယ်​ဖြစ်ရပ်တွေက အာမဂေဒုန်​ကို ဦးတည်​စေ​မလဲ၊ အဆုံးနီးလာ​တာ​နဲ့​အမျှ ဘယ်လို ဆက်သစ္စာ​ရှိနေ​နိုင်မလဲ ဆိုတာတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 71 ပုံ​အညွှန်း– ကျွန်တော်တို့ ဝန်းကျင်​မှာ​ဖြစ်တဲ့ ဖြစ်ရပ်များ။ ကျွန်တော်တို့​ကတော့ (၁) အမှုဆောင်​လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်​ကြမယ်။ (၂) ပုံမှန် လေ့လာမှု လုပ်ကြမယ်။ (၃) ဘုရားသခင့် ကာကွယ်မှု​ကို ဆက်​ကိုးစားကြမယ်။

^ အပိုဒ်၊ 85 ပုံ​အညွှန်း– ဖြစ်ပျက်​နေတာတွေကို ယေရှုနဲ့ ကောင်းကင်တမန်တွေ သိကြောင်း ယုံကြည်​စိတ်ချ​တဲ့ ခရစ်ယာန်​မိသားစုရဲ့ အိမ်ထဲ​ဝင်​ဖို့ ရဲတွေ အသင့်ပြင်​နေ။