လေ့လာရန် ဆောင်းပါး ၃၉
ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ
“သတင်းကောင်း ကြေညာတဲ့ အမျိုးသမီးတွေဟာ အတိုင်းမသိ များပြားတယ်။”—ဆာ. ၆၈:၁၁။
သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ
အကြိုသုံးသပ်ချက် *
၁။ အဖွဲ့အစည်းကို ညီအစ်မတွေ ဘယ်လို ထောက်မနေကြသလဲ။ ဒါပေမဲ့ ဘယ်အခက်အခဲတွေ ရှိသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
အသင်းတော်မှာ အလုပ်ကြိုးစားတဲ့ ညီအစ်မများစွာ ရှိလို့ သိပ်ကျေးဇူးတင်စရာပါပဲ။ သူတို့က အစည်းအဝေးမှာ၊ အမှုဆောင်မှာ ပါဝင်တယ်။ တချို့က နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်တယ်။ ယုံကြည်သူချင်းတွေကို ကူညီတယ်။ ဒါပေမဲ့ သူတို့မှာလည်း အခက်အခဲတွေ ရှိတယ်။ တချို့က သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်နေရတယ်။ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံနေရတယ်။ တချို့ကျတော့ သားသမီးတွေအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ တစ်ကိုယ်ရေ မိခင်တွေ ဖြစ်တယ်။
၂။ ညီအစ်မတွေကို ဘာကြောင့် ထောက်မသင့်သလဲ။
၂ ညီအစ်မတွေကို ဘာကြောင့် ထောက်မသင့်သလဲ။ ဘာကြောင့်လဲဆိုတော့ ဒီလောက,က အမျိုးသမီးတွေကို သိက္ခာရှိရှိ အမြဲ မဆက်ဆံလို့ပဲ။ နောက်အကြောင်းရင်းကတော့ ညီအစ်မတွေကို ထောက်မဖို့ ကျမ်းစာမှာ အားပေးထားလို့ပဲ။ ဥပမာ၊ ညီအစ်မ ဖိဗေကို ကြိုဆိုဖို့၊ “သူ လိုအပ်သမျှကို ကူညီပေးဖို့” ရောမမြို့မှာ ရှိတဲ့ အသင်းတော်ကို တမန်တော် ပေါလု မှာတယ်။ (ရော. ၁၆:၁၊ ၂) ဖာရိရှဲ ဖြစ်ခဲ့တဲ့ ပေါလုဟာ အမျိုးသမီးတွေကို အထင်သေးတဲ့ ယဉ်ကျေးမှု နောက်ခံ ရှိခဲ့ပေမဲ့ ခရစ်ယာန် ဖြစ်လာပြီးနောက်မှာတော့ ယေရှုကို တုပပြီး အမျိုးသမီးတွေကို သိက္ခာရှိရှိ၊ ကြင်ကြင်နာနာ ဆက်ဆံတယ်။—၁ ကော. ၁၁:၁။
၃။ အမျိုးသမီးတွေကို ယေရှု ဘယ်လို ဆက်ဆံသလဲ။ ဘုရားအလိုဆောင်တဲ့ အမျိုးသမီးတွေကို ဘယ်လို သဘောထားသလဲ။
၃ ယေရှုဟာ အမျိုးသမီးအားလုံးကို သိက္ခာရှိရှိ ဆက်ဆံတယ်။ (ယော. ၄:၂၇) အမျိုးသမီးတွေကို မိမိခေတ်က ဂျူးဘာသာရေး ခေါင်းဆောင်တွေ ရှုမြင်သလို မရှုမြင်ဘူး။ “ယေရှုဟာ အမျိုးသမီးတွေကို တစ်ခါမှ မလေးမစား မပြောဖူးဘူး” လို့ ကျမ်းစာ အဘိဓာန်တစ်အုပ်မှာ ဆိုတယ်။ ဖခင်ရဲ့ အလိုဆောင်တဲ့ အမျိုးသမီးတွေကို ဆိုရင် ပိုလို့တောင် တန်ဖိုးထားတယ်။ သူတို့ကို အစ်မ၊ နှမတွေအဖြစ် သဘောထားပြီး သစ္စာရှိ အမျိုးသားတွေနဲ့ တစ်တန်းတည်း ဖော်ပြတယ်။—မ. ၁၂:၅၀။
၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၄ ယေရှုဟာ ဘုရားအလိုဆောင်တဲ့ အမျိုးသမီးတွေကို ကူညီဖို့ အမြဲ အသင့်ရှိတယ်။ တန်ဖိုးထားတယ်။ သူတို့ဘက်ကနေ ကာကွယ်ပြောဆိုပေးတယ်။ ညီအစ်မတွေကို ထောက်ထားစာနာမှု ပြရာမှာ ယေရှုကို ဘယ်လို တုပနိုင်ကြောင်း ဆွေးနွေးကြစို့။
ညီအစ်မတွေကို ထောက်ထားစာနာပါ
၅။ အားရှိစရာ ပေါင်းသင်းမှုတွေကနေ အကျိုးရဖို့ ညီအစ်မတချို့ ဘာကြောင့် အခက်တွေ့နိုင်သလဲ။
၅ ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ကျွန်တော်တို့အားလုံး အပေါင်းအသင်းကောင်း လိုအပ်တယ်။ ဒါပေမဲ့ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တစ်ခါတလေ ညီအစ်မတွေ အခက်တွေ့နိုင်တယ်။ ဘာကြောင့်လဲ။ ဂျော်ဒန် * လို့ ခေါ်တဲ့ ညီအစ်မ ဒီလိုပြောတယ်– “ကျွန်မက တစ်ကိုယ်ရေ ဖြစ်နေတော့ အသင်းတော်မှာ မဝင်ဆံ့သလို၊ အသုံးမဝင်သလို ခံစားရတယ်။” အမှုဆောင်လုပ်ငန်း တိုးချဲ့ဖို့ ပြောင်းရွှေ့အမှုဆောင်တဲ့ ရှေ့ဆောင် ညီအစ်မ ခရစ်စတန်လည်း “အသင်းတော် ပြောင်းခါစမှာ အထီးကျန်တယ်” လို့ ပြောတယ်။ ညီအစ်ကိုတချို့လည်း အဲဒီလို ခံစားရနိုင်ပါတယ်။ ယုံကြည်ခြင်း မတူတဲ့ မိသားစုက ဖြစ်မယ်ဆိုရင် မိသားစုနဲ့ ခပ်ကင်းကင်း ဖြစ်နေနိုင်သလို တစ်ချိန်တည်းမှာ အသင်းတော်မှာလည်း သီးခြားဖြစ်နေတယ်လို့ ခံစားရနိုင်တယ်။ ကိုယ်တိုင် မကျန်းမာလို့ ဖြစ်စေ၊ မကျန်းမာတဲ့ မိသားစုဝင်ကို ပြုစုနေရလို့ဖြစ်စေ အိမ်ထဲက အိမ်ပြင်မထွက်နိုင်သူတွေလည်း အထီးကျန်တတ်တယ်။ “အမေ့ကို အဓိက ပြုစုနေရတာ ကျွန်မပဲဆိုတော့ ဘယ်စုဆုံပေါင်းသင်းမှုကိုမှ မသွားနိုင်ဘူး” လို့ ညီအစ်မ အန်းနက် ပြောတယ်။
၆။ လုကာ ၁၀:၃၈-၄၂ အရ မာရိနဲ့ မာသကို ယေရှု ဘယ်လို ကူညီခဲ့သလဲ။
၆ ယေရှုဟာ သစ္စာရှိ အမျိုးသမီးတွေနဲ့ အချိန်ပေး ပေါင်းသင်းပြီး သူတို့ရဲ့ မိတ်ဆွေစစ် ဖြစ်ခဲ့တယ်။ တစ်ကိုယ်ရေ ဖြစ်ပုံရတဲ့ မာရိ၊ မာသနဲ့ ယေရှုရဲ့ ခင်မင်မှုအကြောင်း စဉ်းစားကြည့်ပါ။ (လုကာ ၁၀:၃၈-၄၂ ကိုဖတ်ပါ။) ယေရှုရဲ့ အပြော၊ လုပ်ရပ်ကြောင့် သူတို့ တစ်ခါမှ အနေရ မခက်ဖူးဘူး။ မာရိဟာ တပည့်တစ်ယောက်လို ယေရှုရဲ့ ခြေရင်းမှာ ထိုင်ရဲတဲ့အထိ ခင်ခင်မင်မင် ရှိတယ်။ * မာသလည်း မာရိ အလုပ်မကူလို့ စိတ်ဆိုးတဲ့အခါ စိတ်ထဲရှိတဲ့အတိုင်း ယေရှုကို ပြောရဲတယ်။ အဖိုးတန် သင်ခန်းစာတွေ သင်ယူဖို့ ညီအစ်မ နှစ်ယောက်စလုံးကို ယေရှု အဲဒီအချိန်မှာ ကူညီခဲ့တယ်။ တခြားအချိန်တွေမှာလည်း မာရိ၊ မာသနဲ့ သူတို့ရဲ့ မောင် လာဇရုဆီ လည်ပတ်ခြင်းအားဖြင့် သူတို့ကို ဂရုစိုက်ကြောင်း ပြတယ်။ (ယော. ၁၂:၁-၃) ဒါကြောင့်လည်း လာဇရု အသည်းအသန် ဖျားတဲ့အခါ ယေရှုဆီ အကူအညီ တောင်းလို့ ရမှန်း မာရိနဲ့ မာသ သိတယ်။—ယော. ၁၁:၃၊ ၅။
၇။ ညီအစ်မတွေကို အားပေးနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၇ ညီအစ်မတချို့ဟာ အစည်းအဝေးတွေမှာပဲ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်းခွင့် ရတယ်။ ဒါကြောင့် အစည်းအဝေးတွေမှာ သူတို့ကို ကြိုဆိုနှုတ်ဆက်ပါ။ စကားပြောပါ။ သူတို့ကို ဂရုစိုက်ကြောင်း သိစေပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဂျော်ဒန်က “ကျွန်မရဲ့ မှတ်ချက်တွေကို တခြားသူတွေ သတိထားမိတဲ့အခါ၊ အမှုဆောင်မှာ ကျွန်မနဲ့ တွဲဖို့ ဖိတ်ခေါ်တဲ့အခါ၊ ကျွန်မကို ဂရုစိုက်ကြောင်း တစ်နည်းနည်းနဲ့ ပြတဲ့အခါ သိပ်အားရှိတယ်” လို့ ပြောတယ်။ ကျွန်တော်တို့အတွက် အရေးပါသူတွေ ဖြစ်ကြောင်း ညီအစ်မတွေကို သိစေရမယ်။ “အစည်းအဝေးတစ်ခုလောက် ပျက်ပြီဆိုတာနဲ့ သတင်းမေးတဲ့ မက်ဆေ့ခ်ျတွေ ရတော့မယ်ဆိုတာ ကျွန်မ သိနေတယ်။ ဒါက ကျွန်မကို ညီအစ်ကို/မတွေ ဂရုစိုက်ကြောင်း ခံစားမိစေတယ်” လို့ ညီအစ်မ ကီရာ ပြောတယ်။
၈။ တခြားဘယ်နည်းတွေနဲ့ ယေရှုကို တုပနိုင်သလဲ။
၈ ယေရှုလိုပဲ ကျွန်တော်တို့လည်း ညီအစ်မတွေနဲ့ အချိန်ပေး ပေါင်းသင်းနိုင်တယ်။ ထမင်းစား ဖိတ်နိုင်တယ်။ အပန်းဖြေမှု ရော. ၁:၁၁၊ ၁၂) အကြီးအကဲတွေလည်း ယေရှုရဲ့ သဘောထားမျိုး ရှိသင့်တယ်။ တစ်ကိုယ်ရေဘဝဟာ တချို့အတွက် ခက်နိုင်မှန်း ယေရှု သိပေမဲ့ အိမ်ထောင်ပြုမှ၊ သားသမီး ရှိမှ အမြဲ ပျော်နိုင်မယ်လို့ မပြောဘူး။ (လု. ၁၁:၂၇၊ ၂၈) ယေဟောဝါရဲ့ အမှုဆောင်ခြင်းကသာ တည်မြဲတဲ့ ပျော်ရွှင်မှု ရစေတယ်။—မ. ၁၉:၁၂။
အစီအစဉ်တချို့မှာ ပါဝင်ဖို့ ဖိတ်ခေါ်နိုင်တယ်။ အဲဒီလို ဖိတ်တဲ့အခါ အားရှိစရာစကားတွေပဲ ပြောပါ။ (၉။ ညီအစ်မတွေကို ကူညီဖို့ အကြီးအကဲတွေ ဘာလုပ်နိုင်သလဲ။
၉ အထူးသဖြင့် အကြီးအကဲတွေဟာ ခရစ်ယာန် ညီအစ်မတွေကို ကိုယ့်အစ်မ၊ နှမ၊ မိခင်လို ဆက်ဆံရမယ်။ (၁ တိ. ၅:၁၊ ၂) အစည်းအဝေး မစခင်နဲ့ ပြီးနောက် ညီအစ်မတွေနဲ့ စကားပြောဖို့ အချိန်ယူသင့်တယ်။ “ကျွန်မ သိပ်အလုပ်များမှန်း အကြီးအကဲတစ်ယောက် သတိထားမိပြီး အချိန်ကို ဘယ်လိုများ စီမံနေပါလိမ့်လို့ ပြောတယ်။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်လိုက်တာ” လို့ ညီအစ်မ ခရစ်စတန် ပြောတယ်။ ညီအစ်မတွေနဲ့ အချိန်ယူ စကားပြောတာက သူတို့ကို ဂရုစိုက်ကြောင်း ပြရာရောက်တယ်။ * အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အန်းနက်က အကြီးအကဲတွေနဲ့ ပုံမှန် စကားပြောခြင်းရဲ့ အကျိုးကျေးဇူး တစ်ခုကို ဒီလိုပြောပြတယ်– “သူတို့အကြောင်း ကျွန်မ ပိုသိလာသလို သူတို့လည်း ကျွန်မအကြောင်း ပိုသိလာတယ်။ ဒါကြောင့် အခက်အခဲ ကြုံတဲ့အခါ သူတို့ဆီ ချဉ်းကပ်ပြီး အကူအညီ တောင်းဖို့ ပိုလွယ်လာတယ်။”
ညီအစ်မတွေကို တန်ဖိုးထားပါ
၁၀။ ညီအစ်မတွေကို ဘာက ပျော်ရွှင်စေသလဲ။
၁၀ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ကိုယ့်အစွမ်းအစတွေကို တခြားသူတွေ သတိပြုမိပြီး တန်ဖိုးထားလေးမြတ်ကြောင်း ပြောလာတဲ့အခါ ပျော်ရွှင်ကြတယ်။ အဲဒီလို မဟုတ်ရင်တော့ စိတ်ဓာတ်ကျလာနိုင်တယ်။ အဘိဂဲလို့ ခေါ်တဲ့ တစ်ကိုယ်ရေ ရှေ့ဆောင် ညီအစ်မတစ်ယောက်က “ကျွန်မကို ဘယ်သူ့ ညီမ၊ ဘယ်သူ့ သမီးလို့ပဲ လူတွေ သိထားကြပြီး သီးခြားပုဂ္ဂိုလ် တစ်ယောက်အဖြစ် မမြင်ကြဘူးလို့ ခံစားရတယ်” ဆိုပြီး ဝန်ခံတယ်။ ညီအစ်မပမ်ဟာ တစ်ကိုယ်ရေဘဝနဲ့ နှစ်ပေါင်းများစွာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။ နောက်တော့ မိဘတွေကို ပြုစုဖို့ အိမ်ပြန်သွားတယ်။ အခု အသက် ၇၀ ကျော်နေပြီ ဖြစ်ပေမဲ့ ရှေ့ဆောင် လုပ်နေတုန်းပဲ။ “ကျွန်မကို အထောက်အကူ အပြုဆုံးကတော့ တခြားသူတွေရဲ့ ကျေးဇူးတင်လေးမြတ်တဲ့ စကားတွေပါပဲ” လို့ ပမ် ပြောတယ်။
၁၁။ အမှုဆောင်လုပ်ငန်းမှာ မိမိနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသမီးတွေကို တန်ဖိုးထားကြောင်း ယေရှု ဘယ်လို ပြသလဲ။
၁၁ “ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး” အလုပ်အကျွေးပြုတဲ့ သစ္စာရှိ အမျိုးသမီးတွေဆီက ရတဲ့ အကူအညီကို ယေရှု တန်ဖိုးထားတယ်။ (လု. ၈:၁-၃) မိမိကို အလုပ်အကျွေးပြုခွင့် ပေးရုံသာမက နက်နဲတဲ့ အမှန်တရားတွေကိုလည်း သင်ပေးတယ်။ ဥပမာ၊ မိမိသေဆုံးမယ်၊ အဲဒီနောက် ရှင်ပြန်ထမြောက်မယ်ဆိုတာ အမျိုးသမီးတွေကို ပြောပြတယ်။ (လု. ၂၄:၅-၈) မိမိဝေဒနာခံပြီး သေဆုံးမယ့်အချိန်အတွက် တမန်တော်တွေကိုရော အဲဒီအမျိုးသမီးတွေကိုပါ ကြိုတင်ပြင်ဆင်ပေးတယ်။ (မာ. ၉:၃၀-၃၂။ ၁၀:၃၂-၃၄) ယေရှု အဖမ်းခံရချိန်မှာ တမန်တော်တွေ ထွက်ပြေးကြပေမဲ့ သစ္စာရှိ အမျိုးသမီးတချို့ကတော့ ယေရှု သစ်တိုင်တင် အသတ်ခံရချိန် အနီးနားမှာ ရှိနေခဲ့တာ မှတ်သားစရာပါပဲ။—မ. ၂၆:၅၆။ မာ. ၁၅:၄၀၊ ၄၁။
၁၂။ အမျိုးသမီးတွေကို ယေရှု ဘယ်တာဝန်တွေ ပေးသလဲ။
၁၂ ယေရှုက အမျိုးသမီးတွေကို အရေးကြီး တာဝန်တွေ ပေးခဲ့တယ်။ ဥပမာ၊ ယေရှု ရှင်ပြန်ထမြောက်တာကို ဦးဆုံး မြင်တွေ့ရတာ သစ္စာရှိ အမျိုးသမီးတွေ ဖြစ်တယ်။ မိမိရှင်ပြန်ထမြောက်ပြီ ဖြစ်ကြောင်း တမန်တော်တွေကို ပြောဖို့ အဲဒီအမျိုးသမီးတွေကို ယေရှု တာဝန်ပေးတယ်။ (မ. ၂၈:၅၊ ၉၊ ၁၀) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲမှာ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းတုန်းက အမျိုးသမီးတွေလည်း ရှိနေပုံရတယ်။ အဲဒီလိုသာဆိုရင် ဘိသိက်ပေးခံရတဲ့ အဲဒီအမျိုးသမီးတွေဟာ ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်စွမ်း ရပြီး “ဘုရားသခင်ရဲ့ အံ့ဖွယ်အမှုတွေအကြောင်း” တခြားသူတွေကို ပြောပြခွင့် ရခဲ့မှာပဲ။—တ. ၁:၁၄။ ၂:၂-၄၊ ၁၁။
၁၃။ ဒီနေ့ခေတ် ခရစ်ယာန် ညီအစ်မတွေ ဘာတွေ လုပ်ဆောင်နေကြသလဲ။ သူတို့ကို တန်ဖိုးထားလေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၃ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်လုပ်ဆောင်နေတာ အားလုံးအတွက် ညီအစ်မတွေကို ချီးမွမ်းထိုက်ပါတယ်။ အဲဒီထဲမှာ အဆောက်အအုံတွေ ဆောက်လုပ်တာ၊ ပြုပြင်ထိန်းသိမ်းတာ၊ ဘာသာခြားစကားပြော အုပ်စုတွေကို ထောက်မတာ၊ ဗေသလ အဆောက်အအုံတွေမှာ စေတနာ့ဝန်ထမ်း လုပ်ဆောင်တာတွေ ပါဝင်တယ်။ သဘာဝဘေး ကယ်ဆယ်ရေးနဲ့ ဘာသာပြန် လုပ်ငန်းမှာ ကူညီကြတယ်။ ရှေ့ဆောင်တွေ၊ သာသနာပြုတွေအဖြစ် အမှုဆောင်ကြတယ်။ ညီအစ်ကိုတွေလိုပဲ ညီအစ်မတွေလည်း ရှေ့ဆောင်ကျောင်း၊ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း၊ ဂိလဒ်ကျောင်းတွေ တက်ကြတယ်။ ဇနီးသည်တွေကလည်း သူတို့ရဲ့ ခင်ပွန်း အသင်းတော်မှာ၊ အဖွဲ့အစည်းမှာ တာဝန်ကြီးတွေ ထမ်းဆောင်ဖို့ ထောက်မကြတယ်။ အဲဒီတာဝန်ရှိ ညီအစ်ကိုတွေဟာ ဇနီးသည်ရဲ့ ထောက်မမှုသာ မရရင် တခြားသူတွေအတွက် “လက်ဆောင်အဖြစ်” အပြည့်အဝ အမှုဆောင်နိုင်မှာ မဟုတ်ဘူး။ (ဧ. ၄:၈) အဲဒီညီအစ်မတွေကို ထောက်မနိုင်တဲ့ နည်းလမ်းတွေ သင် စဉ်းစားကြည့်နိုင်သလား။
၁၄။ ဆာလံ ၆၈:၁၁ အရ ပညာရှိတဲ့ အကြီးအကဲတွေ ဘာကို အသိအမှတ်ပြုသလဲ။
၁၄ လိုလိုလားလား အမှုဆောင်ချင်တဲ့ ညီအစ်မတွေ “အတိုင်းမသိ များပြား” ကြောင်း၊ သတင်းကောင်း ဟောပြောရာမှာ ထိရောက်သူတွေ ဖြစ်လေ့ရှိကြောင်း ပညာရှိတဲ့ အကြီးအကဲတွေ အသိအမှတ်ပြုကြတယ်။ (ဆာလံ ၆၈:၁၁ ကို ဖတ်ပါ။) ဒါကြောင့် သူတို့ရဲ့ အတွေ့အကြုံကနေ အကျိုးရယူဖို့ အကြီးအကဲတွေ ကြိုးစားတယ်။ လူတွေနဲ့ စကားစပြောဖို့ ထိရောက်တဲ့ ဘယ်နည်းလမ်းတွေ တွေ့ထားသလဲလို့ အကြီးအကဲတွေ မေးတဲ့အခါ အားပေးမှု ဖြစ်စေတယ်လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ အဘိဂဲ ပြောတယ်။ “ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ကျွန်မလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါလားဆိုတာ သိလာဖို့ ကူညီပေးတယ်” လို့ သူ ပြောတယ်။ ဒါ့အပြင် သစ္စာရှိပြီး ရင့်ကျက်တဲ့ ညီအစ်မတွေဟာ အခက်အခဲ ရင်ဆိုင်နေရတဲ့ ညီအစ်မငယ်တွေကို ထိရောက်စွာ ကူညီပေးနိုင်လေ့ရှိကြောင်းလည်း အကြီးအကဲတွေ အသိအမှတ်ပြုတယ်။ (တိ. ၂:၃-၅) ညီအစ်မတွေဟာ တကယ့်ကို ချီးမွမ်းခံထိုက်ပါတယ်။
ညီအစ်မတွေဘက်ကနေ ကာကွယ်ပြောဆိုပါ
၁၅။ ညီအစ်မတွေဘက်ကနေ ကာကွယ်ပြောဆိုပေးဖို့ ဘယ်အချိန်မှာ လိုအပ်လာနိုင်သလဲ။
၁၅ တစ်ခါတလေ အခက်အခဲတစ်ခု ကြုံတဲ့အခါ ကိုယ့်ဘက်ကနေ ကာကွယ်ပြောဆိုပေးမယ့်သူ တစ်ယောက်ကို ညီအစ်မတွေ လိုအပ်နိုင်တယ်။ (ဟေရှာ. ၁:၁၇) ဥပမာ၊ မုဆိုးမ ဒါမှမဟုတ် ကွာရှင်းထားတဲ့ ညီအစ်မတစ်ယောက်ဟာ သူ့ကိုယ်စား ပြောဆိုပေးမယ့်သူ ဒါမှမဟုတ် ခင်ပွန်းသည် အရင်က လုပ်ခဲ့တဲ့ တာဝန်တချို့ကို လုပ်ပေးမယ့်သူ လိုအပ်နေတာ ဖြစ်နိုင်တယ်။ သက်ကြီးညီအစ်မတစ်ယောက်ဟာ ဆရာဝန်နဲ့ တွေ့ပြီး စကားပြောပေးဖို့ အကူအညီ လိုအပ်နေတာ ဖြစ်နိုင်တယ်။ အဖွဲ့အစည်းရဲ့ တခြားလုပ်ငန်းဆောင်တာတွေမှာ ကူညီပေးနေရတဲ့ ရှေ့ဆောင်ညီအစ်မဟာ တခြားရှေ့ဆောင်တွေလောက် အမှုဆောင်မှာ မပါဝင်လို့ ဝေဖန်ခံရတဲ့အခါ ကာကွယ်ပြောဆိုပေးမယ့်သူ လိုအပ်နိုင်တယ်။ ညီအစ်မတွေကို တခြားဘယ်နည်းတွေနဲ့ ကူညီနိုင်သေးသလဲ။ ယေရှုရဲ့ ပုံသက်သေကို သုံးသပ်ကြည့်ပါ။
၁၆။ မာကု ၁၄:၃-၉ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း မာရိဘက်ကနေ ယေရှု ဘယ်လို ကာကွယ်ပြောဆိုပေးသလဲ။
၁၆ သစ္စာရှိ ညီအစ်မတွေ အထင်လွဲခံရတဲ့အခါ ယေရှု ချက်ချင်း ကာကွယ်ပြောဆိုပေးတယ်။ ဥပမာ၊ မာရိကို မာသ အပြစ်တင်တဲ့အခါ ယေရှု ကာကွယ်ပေးတယ်။ (လု. ၁၀:၃၈-၄၂) မာရိရဲ့ ဆုံးဖြတ်ချက် မှားတယ်လို့ တခြားသူတွေ ပြစ်တင်ဝေဖန်တဲ့အခါမှာလည်း ယေရှု ဒုတိယအကြိမ် ကာကွယ်ပေးပြန်တယ်။ (မာကု ၁၄:၃-၉ ကိုဖတ်ပါ။) မာရိရဲ့ စိတ်ရင်းကို နားလည်တဲ့အတွက် “သူက ကျွန်တော့်ကို ကောင်းမှုပြုနေတာ။ . . . သူ တတ်နိုင်တာကို သူ လုပ်တာပဲ” လို့ ချီးမွမ်းပြောဆိုခဲ့တယ်။ မာရိရဲ့ ကြင်နာမှု ရှိတဲ့ လုပ်ရပ်ကို “သတင်းကောင်း ဟောလေရာ မြေတစ်ပြင်လုံးမှာ” အမှတ်ရကြမယ်လို့တောင် ကြိုဟောခဲ့တယ်။ အခု အဲဒီအတိုင်း ပြည့်စုံနေပါတယ်။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျိုးမဖက်တဲ့ လုပ်ရပ်ကို ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းနဲ့ ယေရှု ဆက်စပ်ပြောခဲ့တာ စိတ်ဝင်စားစရာပဲ။ အဲဒီစကားတွေက ပြစ်တင်ဝေဖန်ခံထားရတဲ့ မာရိကို စိတ်သက်သာစေခဲ့မှာ သေချာတယ်။
၁၇။ ညီအစ်မတစ်ယောက်ဘက်ကနေ ကာကွယ်ပြောဆိုပေးဖို့ လိုအပ်လာနိုင်တဲ့ အခြေအနေတစ်ခုအကြောင်း ပြောပြပါ။
၁၇ လိုအပ်လာတဲ့အခါ ညီအစ်မတွေဘက်ကနေ သင် ကာကွယ်ပြောဆိုပေးသလား။ ဥပမာ၊ ဒီအခြေအနေကို စဉ်းစားကြည့်ပါ။ မယုံကြည်သူ အိမ်ထောင်ဖက် ရှိတဲ့ ညီအစ်မတစ်ယောက် အစည်းအဝေး နောက်ကျလေ့ရှိတာ၊ ပြီးတာနဲ့ ချက်ချင်း ပြန်တာ ကြေညာသူတချို့ သတိထားမိတယ်။ သားသမီးတွေကိုလည်း အစည်းအဝေး သိပ်ခေါ်မလာဘူး။ သားသမီးတွေကို အစည်းအဝေး ခေါ်လာလို့ ရအောင် ယောက်ျားဆီမှာ အခုထက်ပိုပြီး အခိုင်အမာ တောင်းဆိုသင့်တယ်လို့ တချို့ အပြစ်တင်ကြတယ်။ တကယ်တော့ ညီအစ်မက အတတ်နိုင်ဆုံး ကြိုးစားနေတာ။ တစ်ရက်တာ ဇယားကို သူတစ်ယောက်တည်း စီစဉ်လို့ မရသလို ကလေးတွေ ကိစ္စကိုလည်း တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတဲ့ အခြေအနေ ဖြစ်တယ်။ သင် ဘာလုပ်နိုင်သလဲ။ ညီအစ်မကို ချီးမွမ်းပေးမယ်၊ သူ အတတ်နိုင်ဆုံး ကြိုးစားနေတာကို တခြားသူတွေရှေ့ ပြောမယ်ဆိုရင် ပြစ်တင်ဝေဖန်သံတွေ ရပ်သွားနိုင်တယ်။
၁၈။ ညီအစ်မတွေကို ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။
၁၈ လက်တွေ့ကျကျ ကူညီပေးခြင်းအားဖြင့် ညီအစ်မတွေကို ဂရုစိုက်ကြောင်း ပြနိုင်တယ်။ (၁ ယော. ၃:၁၈) ကျန်းမာ ရေး မကောင်းတဲ့ မိခင်ကို ပြုစုနေရတဲ့ ညီအစ်မ အန်းနက် ဒီလိုပြောတယ်– “မိတ်ဆွေတချို့က ကျွန်မ အလုပ်သက်သာအောင် အမေ့ကို ဝိုင်းပြုစုပေးတဲ့အခါ၊ အစားအသောက်တွေ ယူလာပေးတဲ့အခါ အချစ်ခံရပါလား၊ အသင်းတော်ဝင် ဖြစ်နေပါလားလို့ ခံစားရတယ်။” ဂျော်ဒန်လည်း အကူအညီ ရခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က သူ့ကို ကားပြင်တတ်အောင် သင်ပေးတယ်။ “ကျွန်မရဲ့ ဘေးကင်းလုံခြုံရေးအတွက် ညီအစ်ကို/မတွေ စိတ်ပူပေးမှန်း သိရလို့ ဝမ်းသာလိုက်တာ” ဆိုပြီး ဂျော်ဒန် ပြောတယ်။
၁၉။ တခြားဘယ်နည်းတွေနဲ့ ညီအစ်မတွေကို အကြီးအကဲတွေ ကူညီနိုင်သေးသလဲ။
၁၉ အကြီးအကဲတွေဟာ ညီအစ်မတွေရဲ့ လိုအပ်ရာကို သိအောင် မျက်စိရှင်ရှင် ထားသင့်တယ်။ သူတို့ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ ယေဟောဝါ စိတ်ဝင်စားကြောင်း အကြီးအကဲတွေ သိတယ်။ (ယာ. ၁:၂၇) ဒါကြောင့် နားလည်ပေးလို့ ရတဲ့ ကိစ္စတွေကို စာအုပ်ကြီးအတိုင်း မလုပ်ခြင်းအားဖြင့် ယေရှုရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို တုပနေကြတယ်။ (မ. ၁၅:၂၂-၂၈) အကြီးအကဲတွေဘက်က အစပြုပြီး ကူညီပေးတဲ့အခါ ညီအစ်မတွေဟာ ဂရုစိုက်ခံရတယ်လို့ ခံစားလာရတယ်။ ညီအစ်မ ကီရာ အိမ်ပြောင်းတော့မှာကို အုပ်စုကြီးကြပ်မှူး သိတဲ့အခါ ကူညီပေးဖို့ ချက်ချင်း စီစဉ်တယ်။ “တော်တော် စိတ်သက်သာသွားတယ်။ အကြီးအကဲတွေရဲ့ အားပေးစကားနဲ့ လက်တွေ့ကျ အကူအညီတွေက ကျွန်မဟာ အသင်းတော်မှာ အရေးပါသူ ဖြစ်မှန်း၊ ဒုက္ခရောက်ချိန်မှာ တစ်ယောက်တည်း မဟုတ်မှန်း ခံစားရစေတယ်” လို့ ကီရာ ပြောတယ်။
ညီအစ်မအားလုံး ကျွန်တော်တို့ရဲ့ ထောက်မမှု လိုအပ်
၂၀-၂၁။ ခရစ်ယာန် ညီအစ်မအားလုံးကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။
၂၀ ဒီနေ့ခေတ် အသင်းတော်တွေကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ထောက်မမှု ရထိုက်တဲ့ အလုပ်ကြိုးစားတဲ့ ခရစ်ယာန် ညီအစ်မများစွာကို တွေ့ရတယ်။ ယေရှုရဲ့ ပုံသက်သေကနေ သိရတဲ့အတိုင်း သူတို့နဲ့ အချိန်ပေး ပေါင်းသင်းခြင်း၊ သိကျွမ်းလာအောင် လုပ်ခြင်းအားဖြင့် ကူညီပေးနိုင်တယ်။ ဘုရားအမှုတော်မှာ သူတို့ လုပ်ဆောင်နေတာတွေအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်တယ်။ လိုအပ်လာတဲ့အခါ သူတို့ဘက်ကနေ ကာကွယ်ပြောဆိုပေးနိုင်တယ်။
၂၁ ရောမအသင်းတော်ဆီ တမန်တော် ပေါလု ရေးတဲ့ စာရဲ့ နိဂုံးပိုင်းမှာ ခရစ်ယာန် ညီအစ်မ ကိုးယောက်ကို သတ်သတ်မှတ်မှတ် ဖော်ပြခဲ့တယ်။ (ရော. ၁၆:၁၊ ၃၊ ၆၊ ၁၂၊ ၁၃၊ ၁၅) ပေါလုရဲ့ နှုတ်ဆက်စကား၊ ချီးမွမ်းစကားကို ကြားတဲ့အခါ အဲဒီညီအစ်မတွေ သိပ်အားရှိခဲ့မှာပဲ။ ကျွန်တော်တို့လည်း အသင်းတော်မှာ ရှိတဲ့ ညီအစ်မအားလုံးကို ထောက်မကြပါစို့။ ဒီနည်းအားဖြင့် မိသားစုဝင်အဖြစ် သူတို့ကို တန်ဖိုးထားကြောင်း ပြနိုင်ကြပါတယ်။
သီချင်း ၁၃၆ ယေဟောဝါဆီက “ပြီးပြည့်စုံတဲ့ ဆု”
^ အပိုဒ်၊ 5 ခရစ်ယာန် အမျိုးသမီးတွေဟာ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်။ ယေရှုရဲ့ ပုံသက်သေကို တုပခြင်းအားဖြင့် ညီအစ်မတွေကို ဘယ်လို ထောက်မနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အမျိုးသမီးတွေကို ယေရှု အချိန်ပေးပုံ၊ တန်ဖိုးထားပုံ၊ သူတို့ဘက်ကနေ ကာကွယ်ပြောဆိုပေးပုံကို ကျွန်တော်တို့ သင်ယူနိုင်တယ်။
^ အပိုဒ်၊ 5 အမည်လွှဲများ။
^ အပိုဒ်၊ 6 “ဆရာ ဖြစ်ဖို့ အလားအလာ ရှိတဲ့ တပည့်တွေပဲ ဆရာရဲ့ ခြေရင်းမှာ ထိုင်ပြီး သင်ယူခွင့် ရှိတယ်။ အမျိုးသမီးတွေကတော့ ဆရာ ဖြစ်ခွင့် မရှိဘူး။ . . . ဒါကြောင့် ယေရှုရဲ့ ခြေရင်းမှာ မာရိ ထိုင်ပြီး သင်ယူနေတာကို မြင်တဲ့အခါ ဂျူးအမျိုးသားတွေ လန့်သွားမှာပဲ” လို့ ကျမ်းစာ စွယ်စုံကျမ်းတစ်အုပ်မှာ ဖော်ပြတယ်။
^ အပိုဒ်၊ 9 ညီအစ်မတွေကို ကူညီတဲ့အခါ အကြီးအကဲတွေ သတိထားသင့်တယ်။ ဥပမာ၊ ညီအစ်မတစ်ယောက်ဆီ တစ်ယောက်တည်း သွားလည်ပတ်တာမျိုး ရှောင်သင့်တယ်။
^ အပိုဒ်၊ 65 ပုံအညွှန်း– သစ္စာရှိ အမျိုးသမီးတွေကို စိတ်ဝင်တစား ရှိတဲ့ ယေရှုကို တုပတဲ့အနေနဲ့ ညီအစ်ကို တစ်ယောက်က ညီအစ်မ နှစ်ယောက်ကို ကားတာယာ လဲပေးနေ။ နောက်ညီအစ်ကိုက မကျန်းမာတဲ့ ညီအစ်မဆီ လည်ပတ်နေ။ နောက်ညီအစ်ကို တစ်ယောက်ကလည်း သားအမိနှစ်ယောက်ဆီ ဇနီးနဲ့အတူ သွားပြီး မိသားစု ဝတ်ပြုမှု လုပ်ပေးနေ။