မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၀

“ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ”

“ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့အရာကို စောင့်ရှောက်ပါ”

“ချစ်​ရတဲ့ တိမောသေ၊ မင်း​ဆီ ယုံ​ယုံကြည်​ကြည် အပ်နှင်း​ထား​တဲ့​အရာ​ကို စောင့်ရှောက်​ပါ။”—၁ တိ. ၆:၂၀

သီချင်း ၂၉ နာမည်​နဲ့ လျော်ညီ​အောင် နေထိုင်ပါ

အကြို​သုံးသပ်ချက် *

၁-၂။ ၁ တိ​မော​သေ ၆:၂၀ အရ တိမောသေ ဘာတွေ အပ်နှင်း​ခံရ​သလဲ။

ကျွန်တော်​တို့​က ကိုယ်​တန်ဖိုး​ထား​တဲ့​အရာ​ကို စောင့်ရှောက်​ပေး​ဖို့ တခြား​သူတွေဆီ အပ်​ထား​လေ့​ရှိတယ်။ ဥပမာ၊ ကိုယ့်ရဲ့ ငွေ လုံခြုံ​အောင်၊ မ​ပျောက်​အောင်၊ အခိုး​မခံ​ရအောင် ဘဏ်​မှာ အပ်​ထား​တတ်တယ်။ ဒါ​ကြောင့် ကိုယ်​တန်ဖိုး​ထား​တဲ့​အရာ​ကို တခြား​သူတွေဆီ ယုံ​ယုံကြည်​ကြည် အပ်​တယ်​ဆိုတာ ဘာကို ဆိုလို​မှန်း ကျွန်တော်​တို့ သဘောပေါက်​တယ်။

၁ တိ​မော​သေ ၆:၂၀ ကို​ဖတ်ပါ။ လူသားတွေနဲ့​ပတ်သက်​တဲ့ ဘုရား​ရည်ရွယ်ချက်​အကြောင်း တိကျ​မှန်ကန်​တဲ့ အဖိုးတန် အသိပညာကို တိမောသေ ရရှိ​ထား​တယ်လို့ တမန်​တော် ပေါလု ပြော​တယ်။ ‘တရား​စကား ဟောပြော’ ခွင့်​ကိုလည်း တိမောသေ အပ်နှင်း​ခံရ​တယ်။ (၂ တိ. ၄:၂၊ ၅) ယုံ​ယုံကြည်​ကြည် အပ်နှင်း​ထား​တဲ့​အရာ​ကို စောင့်ရှောက်​ဖို့ တိမောသေ​ကို ပေါလု တိုက်တွန်း​တယ်။ တိမောသေ​လို​ပဲ ကျွန်တော်​တို့​လည်း တန်ဖိုး​ရှိရာ​တွေ အပ်နှင်း​ခံ​ထား​ရတယ်။ အဲဒါတွေ​က ဘာတွေလဲ။ ယေဟောဝါ ပေး​ထား​တဲ့ တန်ဖိုး​ရှိရာ​တွေ​ကို ဘာကြောင့် စောင့်ရှောက်​ရမလဲ။

အဖိုးတန် အမှန်တရား အပ်နှင်း​ခံရ

၃-၄။ ကျမ်းစာ အမှန်တရား တန်ဖိုး​ရှိ​ရတဲ့ အကြောင်းရင်း​တချို့က ဘာတွေလဲ။

ယေဟောဝါ​က ကျမ်းစာ​က​တစ်ဆင့် အမှန်တရား​နဲ့​ဆိုင်​တဲ့ တိကျ​မှန်ကန်​တဲ့ အသိပညာ ပေး​ထား​တယ်။ အဲဒီ​အမှန်တရားတွေဟာ သိပ်​တန်ဖိုး​ရှိတယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရနိုင်ပုံ၊ ဘဝမှာ စစ်မှန်​တဲ့ ပျော်ရွှင်မှု ရနိုင်ပုံ​တွေ​ကို ရှင်း​ပြပေး​လို့​ပဲ။ ကျမ်းစာ အမှန်တရားကို လက်ခံ​ပြီး အဲဒီအတိုင်း နေထိုင်မယ်​ဆိုရင် မှားယွင်း​တဲ့ သွန်သင်ချက်​တွေ၊ မကောင်းတဲ့ အကျင့်​တွေ​ရဲ့ ကျွန်​ဘဝက​နေ လွတ်မြောက်မယ်။—၁ ကော. ၆:၉-၁၁

ကျမ်းစာ အမှန်တရား တန်ဖိုး​ရှိ​ရတဲ့ နောက်​အကြောင်းရင်း တစ်ခု​က​တော့ ယေဟောဝါ​က “စိတ်ရင်းမှန်” တဲ့ နှိမ့်ချ​သူတွေကို​ပဲ အဲဒီ​အမှန်တရား ဖွင့်​ပြပေး​လို့ ဖြစ်တယ်။ (တ. ၁၃:၄၈) စိတ်​နှိမ့်ချ​သူတွေဟာ ဒီနေ့​ခေတ်​မှာ အမှန်တရား ဖြန့်​ဝေပေး​ဖို့ ယေဟောဝါ သုံး​နေတဲ့ သစ္စာရှိ​ကျွန်​ကို လက်ခံတယ်။ (မ. ၁၁:၂၅။ ၂၄:၄၅) ကျမ်းစာ အမှန်တရားကို ကိုယ့်​နည်း​ကိုယ့်​ဟန်​နဲ့ နားမလည်​နိုင်ဘူး။ အဲဒါတွေကို နားလည်​ရတာ တန်ဖိုး​အရှိဆုံး​ပဲ။—ပညာ. ၃:၁၃၊ ၁၅

၅။ ဘယ်​အခွင့်ထူး​ကိုလည်း ကျွန်တော်​တို့ကို ယေဟောဝါ အပ်နှင်း​ထား​သေး​သလဲ။

ဘုရား​နဲ့​ပတ်သက်​တဲ့၊ ဘုရား​ရည်ရွယ်ချက်​နဲ့​ပတ်သက်​တဲ့ အမှန်တရား​အကြောင်း တခြား​သူတွေကို သွန်သင်ပေး​ခွင့် ယေဟောဝါ အပ်နှင်း​ထား​တယ်။ (မ. ၂၄:၁၄) ကျွန်တော်​တို့ ဟောပြောတဲ့​သတင်း​ဟာ သိပ်​တန်ဖိုး​ရှိတယ်။ ယေဟောဝါ​ရဲ့ မိသားစုဝင် ဖြစ်​လာအောင် လူတွေကို ကူညီ​ပေး​ပြီး ထာဝရ​အသက် ရဖို့ လမ်းပွင့်​စေ​လို့​ပဲ။ (၁ တိ. ၄:၁၆) ကျွန်တော်​တို့​ယောက်​တိုင်း အမှုဆောင်​လုပ်ငန်းမှာ နည်းနည်း ပါဝင်​နိုင်တာ ဖြစ်စေ၊ များများ ပါဝင်​နိုင်တာ​ဖြစ်စေ ဒီ​အရေးကြီးဆုံး​လုပ်ငန်း​ကို ထောက်​မပေး​နေကြ​တယ်။ (၁ တိ. ၂:၃၊ ၄) ဘုရားသခင်​ရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်​ရတာ တကယ့် အခွင့်ထူးပါပဲ။—၁ ကော. ၃:၉

အပ်နှင်း​ထား​တဲ့​အရာ​ကို မြဲ​မြဲ ဆုပ်ကိုင်​ထား​ပါ

လူတချို့ အမှန်တရား​လမ်း​ကနေ လွဲသွား​ပေမဲ့ တိမောသေ​က​တော့ အခိုင်အမာ ရပ်တည် (စာပိုဒ် ၆ ကို​ကြည့်​ပါ)

၆။ တန်ဖိုး​ထား​စိတ် ပျောက်​သွား​သူတချို့ ဘာဖြစ်​ခဲ့​သလဲ။

ဘုရားသခင်​ရဲ့ လု​ပ်​ဖော်ဆောင်​ဖက် ဖြစ်ခွင့်​ကို တိမောသေ​ရဲ့ တစ်ခေတ်​တည်း​သား​တချို့ တန်ဖိုး​မထား​ကြဘူး။ ဒေမဟာ လက်ရှိ လောက​စနစ်​ကို စွဲလမ်း​တဲ့​အတွက် ပေါလု​နဲ့ တွဲ​အမှုဆောင်ခွင့်​ကို စွန့်လွှတ်​လိုက်တယ်။ (၂ တိ. ၄:၁၀) ဖု​ဂေ​လု​နဲ့ ဟေ​ရ​မော​ဂ​င်​ဟာ ပေါလု​လို နှိပ်စက်​ညှဉ်းပန်း​ခံရ​မှာ​စိုးလို့ အမှုဆောင်​လုပ်ငန်း​ကို စွန့်ခဲ့​ကြ​ပုံ​ရတယ်။ (၂ တိ. ၁:၁၅) ဟုမေ​နဲ၊ အလက်ဇန္ဒား​နဲ့ ဖိလက်​ဟာ အယူဖောက်ပြန်​ပြီး အမှန်တရား​လမ်း​ကနေ သွေဖည်​သွား​ကြတယ်။ (၁ တိ. ၁:၁၉၊ ၂၀။ ၂ တိ. ၂:၁၆-၁၈) သူတို့​အားလုံး​ဟာ တစ်ချိန်က ယုံကြည်ခြင်း ခိုင်မာ​သူတွေ ဖြစ်​ပေမဲ့ အပ်နှင်း​ခံ​ထား​ရတဲ့ အရာ​တွေ​ကို တန်ဖိုး​မထားခဲ့ကြ​ဘူး။

၇။ စာတန် သုံး​နေတဲ့ နည်း​ပရိယာယ်​တချို့က ဘာတွေလဲ။

ယေဟောဝါ အပ်နှင်း​ထား​တဲ့ တန်ဖိုး​ရှိရာ​တွေ​ကို စွန့်လွှတ်​လိုက်​ဖို့ ကျွန်တော်​တို့ကို စာတန် ဘယ်လို သွေးဆောင်​နေသလဲ။ စာတန်​ရဲ့ နည်း​ပရိယာယ်​တချို့​ကို စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ​ကို ချစ်တဲ့​စိတ်၊ နာခံ​တဲ့​စိတ် တဖြည်းဖြည်း ပျောက်​သွား​စေမယ့် အတွေးအခေါ်၊ လုပ်ရပ်တွေ ပေါ်လာ​စေဖို့ ဖျော်ဖြေရေး​နဲ့ မီဒီယာ​ကို စာတန် သုံး​နေတယ်။ ရွယ်တူချင်း ဖိအား​နဲ့ နှိပ်စက်​ညှဉ်းပန်းမှု​ကို သုံးပြီး ကျွန်တော်​တို့ ကြောက်စိတ် ဝင်​အောင်၊ ဆက်​မ​ဟော​တော့​အောင် စာတန် ကြိုးစား​နေတယ်။ အမှန်တရားကို စွန့်​သွား​စေဖို့ အယူဖောက်ပြန်သူတွေရဲ့ “မှားယွင်း​တဲ့ ‘အသိပညာ’” ဘက် နား​ယောင်​သွားအောင်လည်း သွေးဆောင်​နေတယ်။—၁ တိ. ၆:၂၀၊ ၂၁

၈။ ဒန်​နီ​ယယ်​လို့ ခေါ်​တဲ့ ညီအစ်ကို​ရဲ့ ဖြစ်ရပ်​ကနေ ဘာ​သိရသလဲ။

ကျွန်တော်​တို့ သတိ​မထားဘူးဆို​ရင် အမှန်တရား​လမ်း​ကနေ တဖြည်းဖြည်း လွဲသွား​နိုင်တယ်။ ဗီဒီယို​ဂိမ်း​တွေ နှစ်သက်တဲ့ ဒန်​နီ​ယယ် * အကြောင်း စဉ်းစား​ကြည့်​ပါ။ “ကျွန်တော် ဆယ်နှစ်​သား​လောက်​ကတည်းက ဗီဒီယို​ဂိမ်း​တွေ ဆော့​လာတာ။ ပထမ​တော့ သိပ်​အန္တရာယ် မရှိတဲ့​ဂိမ်း​တွေ ဆော့​တယ်။ တဖြည်းဖြည်း အကြမ်းဖက်​တဲ့၊ နတ်ဆိုးနဲ့​ဆိုင်​တဲ့ ဂိမ်း​တွေ ဆော့​လာတယ်” လို့ ပြော​တယ်။ နောက်ဆုံး တစ်ရက်​ကို ၁၅ နာရီ​လောက်​အထိ ဆော့​လာတယ်။ “ကိုယ်​ဆော့​တဲ့ ဂိမ်း​အမျိုးအစား​နဲ့ ဆော့​တဲ့ အချိန်​ပမာဏ​က ကျွန်တော့်​ကို ယေဟောဝါ​နဲ့ ဝေးကွာ​သွား​စေနိုင်​တယ်​ဆိုတာ သိနေ​တယ်။ ဒါပေမဲ့ ကိုယ့်​စိတ်​က ကိုယ့်ကို ပြန်လှည့်စား​ပြီး ကျမ်းစာ​အတိုင်း လိုက်​စ​ရာ မလိုပါဘူးလို့ တွေး​လာတယ်” ဆိုပြီး ဒန်​နီ​ယယ် ပြော​တယ်။ ဖျော်ဖြေရေး​ရဲ့ မသိမသာ ဩဇာ​လွှမ်းမိုးမှု​ကြောင့် အမှန်တရားကို မြဲ​မြဲ ဆုပ်ကိုင်​ဖို့ အခက်တွေ့​နိုင်တယ်။ အဲဒီလို ဖြစ်လာ​ရင် ယေဟောဝါ အပ်နှင်း​ထား​တဲ့ အဖိုးတန်​ရာတွေ ဆုံးရှုံး​သွားနိုင်တယ်။

အမှန်တရားကို မြဲ​မြဲ ဆုပ်ကိုင်​ထား​နိုင်​ပုံ

၉။ ၁ တိမောသေ ၁:၁၈၊ ၁၉ အရ တိမောသေ​ကို ပေါလု ဘယ်သူနဲ့ ခိုင်းနှိုင်း​သလဲ။

၁ တိမောသေ ၁:၁၈၊ ၁၉ ကို​ဖတ်ပါ။ ပေါလု​က တိမောသေ​ကို စစ်သား​တစ်ယောက်​နဲ့ ခိုင်းနှိုင်း​ပြီး “မွန်မြတ်တဲ့ စစ်ပွဲ​ကို ဆက်​ပြီး တိုက်ခိုက်​သွား” ဖို့ အားပေးတယ်။ ပကတိ စစ်ပွဲ​တော့ မဟုတ်ဘူး။ ပုံဆောင်​စစ်ပွဲ​ပါ။ ခရစ်ယာန်​တွေ​ဟာ စစ်သား​တွေ​လို​ပဲ ဘယ်နည်း​တွေ​နဲ့ စစ်တိုက်​နေကြ​သလဲ။ ခရစ်တော်​ရဲ့ စစ်သား​တွေ​အနေ​နဲ့ ဘယ်​အရည်အသွေးတွေ မွေးမြူဖို့ လိုအပ်​သလဲ။ ပေါလု​ရဲ့ ပုံ​ဥပမာ​ကနေ သင်ခန်းစာ ငါး​ခု သင်ယူ​ကြ​ပါ​မယ်။ အဲဒီ​သင်ခန်းစာ​တွေ​က အမှန်တရားကို မြဲ​မြဲ ဆုပ်ကိုင်​ထား​ဖို့ ကူညီ​ပေး​နိုင်တယ်။

၁၀။ ဘုရားတရား ကိုင်းရှိုင်း​တယ်​ဆိုတာ ဘာလဲ။ ဘာကြောင့် လိုအပ်​သလဲ။

၁၀ ဘုရားတရား ကိုင်းရှိုင်း​ပါ။ စစ်သားကောင်း​ဟာ သစ္စာ​ရှိတယ်။ ကိုယ်​ချစ်တဲ့​သူ၊ ကိုယ်​တန်ဖိုး​ထား​တဲ့​အရာ​ကို ကာကွယ်​ဖို့ ရွပ်ရွပ်​ချွံ​ချွံ တိုက်ခိုက်​တယ်။ ဘုရားတရား ကိုင်းရှိုင်း​ဖို့၊ တစ်နည်း​အားဖြင့် ဘုရား​ကို သစ္စာစောင့်ဖို့ တိမောသေ​ကို ပေါလု အားပေးတယ်။ (၁ တိ. ၄:၇) ဘုရား​ကို ချစ်တဲ့ မေတ္တာနဲ့ ဘုရားတရား ကိုင်းရှိုင်း​မှု တိုးများ​လာ​လေ အမှန်တရားကို မြဲ​မြဲ ဆုပ်ကိုင်​ထားချင်​စိတ် တိုးများ​လာ​လေ ဖြစ်ပါ​လိမ့်မယ်။—၁ တိ. ၄:၈-၁၀။ ၆:၆

တစ်ရက်တာ အကုန်​မှာ မောပန်း​နေလို့ အစည်းအဝေး တက်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရနိုင်​ပေမဲ့ ဘုရား ကောင်းချီး ခံစားရ (စာပိုဒ် ၁၁ ကို​ကြည့်​ပါ)

၁၁။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ဖို့ လိုသလဲ။

၁၁ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ပါ။ စစ်သား​တစ်ယောက်​ဟာ တိုက်ပွဲ​အတွက် အသင့်​ဖြစ်နေ​ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရမယ်။ တိမောသေ​ဟာ မှားယွင်း​တဲ့ အလိုဆန္ဒတွေကို ဝေးဝေး ရှောင်​ဖို့၊ အရည်အသွေးကောင်း​တွေ မွေးမြူဖို့၊ ယုံကြည်သူချင်းတွေနဲ့ ပေါင်းသင်း​ဖို့ ဆို​တဲ့ ပေါလုရဲ့ အကြံဉာဏ်​ကို လိုက်လျှောက်တဲ့​အတွက် ယုံကြည်ခြင်း​မှာ ဆက်​ခိုင်မာ​နေခဲ့တယ်။ (၂ တိ. ၂:၂၂) အဲဒီလို ဖြစ်​နိုင်​ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ခဲ့​ရတယ်။ ကျွန်တော်​တို့​လည်း သွေးသား အလိုဆန္ဒတွေ​နဲ့ တိုက်ခိုက်​တဲ့ စစ်ပွဲ​မှာ အောင်မြင်​ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရမယ်။ (ရော. ၇:၂၁-၂၅) စရိုက်ဟောင်း​ကို ချွတ်ပယ်​ပြီး စရိုက်သစ် ဝတ်ဆင်​နိုင်​ဖို့၊ တစ်ရက်တာ အကုန်​မှာ မောပန်း​နေပေမဲ့ အစည်းအဝေး သွားဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရမယ်။—ဧ. ၄:၂၂၊ ၂၄။ ဟီ. ၁၀:၂၄၊ ၂၅

၁၂။ ဘယ်နည်း​တွေ​အားဖြင့် ကျမ်းစာ​ကို ကျွမ်း​ကျွမ်းကျင်​ကျင် သုံး​တတ်လာ​မလဲ။

၁၂ စစ်သား​တစ်ယောက်​ဟာ လက်နက်တွေ သုံး​တတ်​အောင် လေ့ကျင့်​ထား​ရမယ်။ ကျွမ်း​ကျွမ်းကျင်​ကျင် သုံးတတ်​ဖို့​ဆိုရင် ပုံမှန် သုံး​နေဖို့ လိုတယ်။ ကျွန်တော်​တို့​လည်း ကျမ်းစာ​ကို ပိုင်ပိုင်နိုင်နိုင် သွန်သင်​ရှင်းပြ​နိုင်စွမ်း ရှိရမယ်။ (၂ တိ. ၂:၁၅) အဲဒီ​စွမ်းရည်​ကို အစည်းအဝေးတွေ​က​တစ်ဆင့် ရလာ​နိုင်တယ်။ ကျမ်းစာ အမှန်တရား တကယ် တန်ဖိုး​ရှိတယ်ဆိုတာ တခြား​သူတွေ ယုံကြည်​စိတ်ချ​လာအောင် သွန်သင်​ပေး​ဖို့​ဆိုရင် ကိုယ်တိုင်​က ပုံမှန် ကျမ်းစာ​လေ့လာ​ပြီး ယုံကြည်ခြင်း ခိုင်မာ​အောင် တည်ဆောက်​နေဖို့ လိုတယ်။ အဲဒီလို ဖြစ်​နိုင်​ဖို့ ကျမ်းစာ ဖတ်​ရုံ​ထက်မက လိုအပ်​တယ်။ ဖတ်​တဲ့​အရာ​ကို တွေးတော​ဆင်ခြင်​ရမယ်။ ကျမ်းစာ​စာပေ​တွေ​မှာ ရှာဖွေ​လေ့လာ​ရမယ်။ ဒါမှ ကျမ်းချက်​တွေ​ကို မှန်မှန်ကန်ကန် နားလည်​ပြီး သွန်သင်​ရှင်းပြ​နိုင်​မယ်။ (၁ တိ. ၄:၁၃-၁၅) သွန်သင်​ပေး​တဲ့​အခါမှာလည်း ကျမ်းချက် ဖတ်ပြ​ရုံ​နဲ့ မလုံလောက်​ဘူး။ ကျမ်းချက်​ကို နားထောင်​သူတွေ နားလည်​ဖို့၊ လက်တွေ့​ကျင့်သုံး​နိုင်​ပုံ​ကို သိလာဖို့ ကူညီ​ပေး​ပါ။ ကိုယ်ပိုင် ကျမ်းစာ​လေ့လာမှု ပုံမှန် လုပ်ခြင်း​အားဖြင့် တခြား​သူတွေကို သွန်သင်​တဲ့​အခါ ကျမ်းစာ​သုံးနိုင်​တဲ့ စွမ်းရည် တိုးတက်​လာပါလိမ့်မယ်။—၂ တိ. ၃:၁၆၊ ၁၇

၁၃။ ဟီဘရူး ၅:၁၄ အရ ပိုင်းခြား​သိမြင်မှု ရှိဖို့ ဘာကြောင့် လိုအပ်​သလဲ။

၁၃ ပိုင်းခြား​သိမြင်မှု ရှိပါ။ စစ်သား​တစ်ယောက်​ဟာ အန္တရာယ်ကို ကြိုမြင်​ပြီး ရှောင်​တတ်​ရမယ်။ ကျွန်တော်​တို့​လည်း အန္တရာယ် ဖြစ်စေ​နိုင်​တဲ့ အခြေအနေ​တွေ​ကို ကြိုမြင်​ပြီး ရှောင်​တတ်​ရမယ်။ (ပညာ. ၂၂:၃။ ဟီဘရူး ၅:၁၄ ကို​ဖတ်ပါ။) ဥပမာ၊ အပန်းဖြေမှုနဲ့ ဖျော်ဖြေရေး​ကို ပညာရှိရှိ ရွေးချယ်​ရမယ်။ တချို့ တီဗီ​လိုင်း​တွေ၊ ရုပ်ရှင်တွေ​မှာ လိင်​အကျင့်ပျက် ပြကွက်​တွေ တင်ဆက်​လေ့​ရှိတယ်။ ဘုရား ပြစ်တင်​ရှုတ်ချ​တဲ့ အဲဒီ​အကျင့်တွေက ကျွန်တော်​တို့ကို အန္တရာယ် ဖြစ်စေ​နိုင်တယ်။ ဒါ​ကြောင့် ဘုရား​ကို ချစ်တဲ့ မေတ္တာ တဖြည်းဖြည်း လျော့​သွား​စေနိုင်​တဲ့ ဖျော်ဖြေရေး​တွေ​ကို ရှောင်ရမယ်။—ဧ. ၅:၅၊ ၆

၁၄။ ပိုင်းခြား​သိမြင်မှု​က ဒန်​နီ​ယယ်​ကို ဘယ်လို ကူညီ​ပေး​သလဲ။

၁၄ အကြမ်းဖက်​တဲ့၊ နတ်ဆိုးနဲ့​ဆိုင်​တဲ့ ဗီဒီယို​ဂိမ်း​တွေ အန္တရာယ် ရှိ​မှန်း အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ဒန်​နီ​ယယ် သိလာတဲ့​အတွက် ကင်းမျှော်စင် စာကြည့်တိုက် မှာ ရှာဖွေ​လေ့လာ​တယ်။ ဘာ​ရလဒ် ရသလဲ။ မသင့်တော်တဲ့ ဗီဒီယို​ဂိမ်း​တွေ၊ တခြား ကစားသမား​တွေ​နဲ့ ချိတ်ဆက်​ပြီး ကစား​တာတွေကို ဖြတ်လိုက်​တယ်။ “အခု​ဆို ဗီဒီယို​ဂိမ်း ဆော့​တဲ့​အချိန်ကို အိမ်အပြင်​မှာ တစ်ခုခု လုပ်တာ၊ အသင်းတော်က မိတ်ဆွေတွေနဲ့ ပေါင်းသင်း​တာ​တွေ​အတွက် သုံး​နေတယ်” လို့ ဒန်​နီ​ယယ် ပြော​တယ်။ ဒန်​နီ​ယယ်​ဟာ အခု ရှေ့ဆောင်​နဲ့ အကြီးအကဲ​အဖြစ် အမှုဆောင်​နေတယ်။

၁၅။ မှားယွင်း​တဲ့ သတင်း​အချက်အလက်​တွေ​က ဘာကြောင့် အန္တရာယ်​ရှိသလဲ။

၁၅ တိမောသေ​လို​ပဲ ကျွန်တော်​တို့​လည်း အယူဖောက်ပြန်သူတွေ ဖြန့်​တဲ့ မှားယွင်း​တဲ့ သတင်း​အချက်အလက်​တွေ​ရဲ့ အန္တရာယ်ကို ပိုင်းခြား​သိမြင်​ရမယ်။ (၁ တိ. ၄:၁၊ ၇။ ၂ တိ. ၂:၁၆) ဥပမာ၊ အယူဖောက်ပြန်​သူတွေဟာ ညီအစ်ကို/မ​တွေ​နဲ့ ယေဟောဝါ​အဖွဲ့အစည်း​ကို သံသယဝင်​စေဖို့ သတင်း​မှား​တွေ ဖြန့်​နိုင်တယ်။ အဲဒီ​သတင်း​မှား​တွေ​က ကျွန်တော်​တို့​ရဲ့ ယုံကြည်ခြင်းကို အားနည်း​သွား​စေနိုင်​တယ်။ “စိတ်​ယိုယွင်း​နေတဲ့​သူတွေ၊ အမှန်တရား ကင်းမဲ့​သူတွေက” ‘အချေအတင် ပြောဆို​တာ၊ အငြင်းပွား​တာ​တွေ’ ဖြစ်စေ​ဖို့​ဆို​တဲ့ ရည်ရွယ်ချက်​နဲ့ သတင်း​မှား​တွေ ဖြန့်​နေလို့ အဲဒီ​ဝါဒဖြန့်မှု​ကို ရှောင်ရမယ်။ (၁ တိ. ၆:၄၊ ၅) အယူဖောက်ပြန်သူတွေက ကျွန်တော်​တို့ကို သူတို့ရဲ့ အလိမ်အညာ​တွေ ယုံ​စေ​ချင်​ပြီး ညီအစ်ကို/မ​တွေ​အပေါ် သံသယဝင်​စေချင်တယ်။

၁၆။ ဘယ်​အာရုံ​ပျံ့လွင့်​စ​ရာတွေကို ရှောင်​ရမလဲ။

၁၆ အာရုံ​မ​ပျံ့​ပါ​နဲ့။ “ခရစ်တော်​ယေရှုရဲ့ စစ်သားကောင်း​တစ်ဦး​အနေ​နဲ့” တိမောသေ​ဟာ လောက​အလုပ်တွေ၊ ပစ္စည်းဥစ္စာ လိုက်စားမှုတွေနဲ့ အာရုံလွဲ​သွားမယ့်​အစား အမှုဆောင်​လုပ်ငန်း​ကို အာရုံစိုက်ခဲ့​တယ်။ (၂ တိ. ၂:၃၊ ၄) တိမောသေ​လို​ပဲ ကျွန်တော်​တို့​လည်း ပစ္စည်းဥစ္စာ ပို​ပိုင်ဆိုင်​ချင်စိတ်​ကြောင့် အာရုံလွဲ​မသွား​သင့်​ဘူး။ “စည်းစိမ်​ရဲ့ လှည့်စားမှု” က ယေဟောဝါ​ကို ချစ်တဲ့​စိတ်၊ ကျမ်းစာ​ကို လေးမြတ်​တဲ့​စိတ်၊ ကျမ်းစာ အမှန်တရား​အကြောင်း ဟောပြောချင်​စိတ် ပျောက်ဆုံး​သွား​စေနိုင်​တယ်။ (မ. ၁၃:၂၂) ဒါ​ကြောင့် ဘဝကို ရိုးရိုးရှင်းရှင်း ထား​ပါ။ ကိုယ့်​အချိန်နဲ့ ခွန်အား​ကို သုံးပြီး “နိုင်ငံတော်​ကို အမြဲ ဦးစား​ထား” ပါ။—မ. ၆:၂၂-၂၅၊ ၃၃

၁၇-၁၈။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး မထိခိုက်အောင် ဘယ်လို ကာကွယ်​နိုင်​သလဲ။

၁၇ ချက်ချင်း လုပ်ဆောင်​တတ်​ဖို့ အသင့်ပြင်​ထား​ပါ။ စစ်သား​တစ်ယောက်​ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်​ရမယ်ဆိုတာ ကြို​စီစဉ်​ထား​ဖို့ လိုတယ်။ ကျွန်တော်​တို့​လည်း ယေဟောဝါ အပ်နှင်း​ထား​တဲ့​အရာ​တွေ​ကို စောင့်ရှောက်​ဖို့ အန္တရာယ်ကို မြင်​တာ​နဲ့ ချက်ချင်း တုံ့ပြန်​တတ်​ရမယ်။ ချက်ချင်း တုံ့ပြန်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။ ကြိုတင်​စီစဉ်​ထားခြင်း​ပါ​ပဲ။

၁၈ ဥပမာ၊ ပွဲ​တစ်ခုခု တက်​တဲ့​အခါ တက်ရောက်သူ​တွေ​က ပွဲ​မစ​ခင် အနီးဆုံး ထွက်ပေါက်​ကို ရှာ​ထား​လေ့​ရှိတယ်။ ဘာကြောင့်လဲ။ အရေးပေါ် ဖြစ်လာတဲ့​အခါ ချက်ချင်း ထွက်ပြေး​နိုင်​ဖို့​ပဲ။ ကျွန်တော်​တို့​လည်း အင်တာနက် သုံးတဲ့​အခါ၊ ရုပ်ရှင် ဒါမှ​မဟုတ် တီဗီ ကြည့်​တဲ့​အခါ လိင်​အကျင့်ပျက်​တဲ့၊ ကြမ်းကြုတ်​တဲ့ ပြကွက်​တွေ၊ အယူဖောက်ပြန်သူတွေ တင်ဆက်​ထား​တဲ့ အကြောင်းအရာတွေ ပေါ်လာတဲ့​အခါ ဘယ်လို ချက်ချင်း “ထွက်” ရမယ်ဆိုတာ ကြိုတင်​စီစဉ်​ထား​ရမယ်။ ဖြစ်လာ​နိုင်​မယ့်​အရာ​အတွက် ကြိုပြင်​ဆင်​ထား​မယ်​ဆိုရင် ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး မထိခိုက်အောင် ကာကွယ်​နိုင်​ပြီး ယေဟောဝါ​ရှေ့ ဆက်​သန့်ရှင်း​နေနိုင်​ပါ​လိမ့်မယ်။—ဆာ. ၁၀၁:၃။ ၁ တိ. ၄:၁၂

၁၉။ ယေဟောဝါ အပ်နှင်း​ထား​တဲ့ တန်ဖိုး​ရှိရာ​တွေ​ကို စောင့်ရှောက်​ရင် ဘာ​ကောင်းချီး​တွေ ရမလဲ။

၁၉ အဖိုးတန် ကျမ်းစာ အမှန်တရား၊ အဲဒီ​အမှန်တရား​အကြောင်း တခြား​သူတွေကို သွန်သင်ပေး​ခွင့်​ဆို​တဲ့ ယေဟောဝါ အပ်နှင်း​ထား​တဲ့ တန်ဖိုး​ရှိရာ​တွေ​ကို ကျွန်တော်​တို့ စောင့်ရှောက်​ရမယ်။ အဲဒီလို စောင့်ရှောက်​မယ်​ဆိုရင် ကြည်လင်​တဲ့ သိစိတ်၊ အဓိပ္ပာယ်​ရှိတဲ့ ဘဝ၊ ယေဟောဝါ​အကြောင်း သိအောင် တခြား​သူတွေကို ကူညီ​ခြင်း​ကနေ ရတဲ့ ပျော်ရွှင်မှု​ကို ရရှိ​ပါ​လိမ့်မယ်။ ယေဟောဝါ အပ်နှင်း​ထား​တဲ့​အရာ​တွေ​ကို ဘုရား​အကူအညီ​နဲ့ ဆက်​စောင့်ရှောက်​နိုင်​ပါ​လိမ့်မယ်။—၁ တိ. ၆:၁၂၊ ၁၉

သီချင်း ၁၂၇ ဘယ်လို လူစားမျိုး ဖြစ်​သင့်

^ အပိုဒ်၊ 5 ကျွန်တော်​တို့​ဟာ အမှန်တရားကို သိ​ပြီး တခြား​သူတွေကို သွန်သင်​ပေး​ဖို့ အခွင့်ထူး ရထားတယ်။ ရထားတဲ့ အဲဒီ​အခွင့်ထူး​ကို မြဲ​မြဲ ဆုပ်ကိုင်​ထား​နိုင်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​မယ်။

^ အပိုဒ်၊ 8 အမည်​လွှဲ​များ။