မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၇

“လက်ကို အနားမပေးပါနဲ့”

“လက်ကို အနားမပေးပါနဲ့”

“နံနက်ခင်း​မှာ မျိုးစေ့ကြဲ​ပါ။ ညနေစောင်း​အထိ လက်ကို အနား​မပေး​ပါ​နဲ့။”—ဒေ. ၁၁:၆

သီချင်း ၆၈ နိုင်ငံတော် မျိုးစေ့ ကြဲ​ခြင်း

အကြို​သုံးသပ်ချက် *

၁-၂။ သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်း​နဲ့ ဒေသနာ ၁၁:၆ ဘယ်လို ဆက်စပ်​နေသလဲ။

နိုင်ငံ​တချို့​မှာ လူတွေဟာ သတင်းကောင်း ကြား​တာ​နဲ့ စိတ်​ထက်သန်​စွာ လက်ခံ​တုံ့ပြန်​ကြတယ်။ ဒီလို​သတင်း​မျိုး ကြား​ရဖို့ သူတို့ မျှော်လင့်​နေကြ​တာ။ တချို့​နိုင်ငံ​တွေ​မှာ​တော့ ဘုရား​အကြောင်း၊ ကျမ်းစာ​အကြောင်း သိပ်​စိတ်မဝင်စား​ကြဘူး။ သင့်​ဒေသမှာ​ကော လူတွေ ဘယ်လို တုံ့ပြန်​လေ့​ရှိသလဲ။ ဘယ်လိုပဲ တုံ့ပြန်​ကြ​ပါစေ ယေဟောဝါ​က​တော့ ဒီ​လုပ်ငန်း ပြီးစီး​တဲ့​အချိန်အထိ ကျွန်တော်​တို့ကို ဆက်​ဟောပြောနေ​စေချင်တယ်။

ယေဟောဝါ သတ်မှတ်​ထား​တဲ့​အချိန်​မှာ ဟောပြောခြင်း​လုပ်ငန်း အဆုံးတိုင်​မယ်။ အဲဒီနောက် “အဆုံး ရောက်လာ​လိမ့်မယ်။” (မ. ၂၄:၁၄၊ ၃၆) ဒီ​အတောအတွင်း “လက်ကို အနား​မပေး​ပါ​နဲ့”  * ဆို​တဲ့ စကား​တွေ​ကို ကျွန်တော်​တို့ ဘယ်လို လိုက်နာ​နိုင်​သလဲ။ဒေသနာ ၁၁:၆ ကို​ဖတ်ပါ။

၃။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

“လူ​ဖမ်း​တဲ့ တံငါသည်” လုပ်ငန်းမှာ ထိရောက်​သူတွေ ဖြစ်​ဖို့ လုပ်​ရမယ့် နည်းလေး​နည်းကို ရှေ့​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တယ်။ (မ. ၄:၁၉) ဘယ်လို​အခြေအနေ​တွေ​ပဲ ကြုံ​ရ​ပါစေ ဟောပြော​မယ်​ဆို​တဲ့ စိတ်ပိုင်းဖြတ်​ချက် ခိုင်မာ​စေနိုင်​တဲ့ နည်း​သုံးနည်း​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ (၁) အာရုံစိုက်​နေဖို့၊ (၂) စိတ်ရှည်​ဖို့၊ (၃) ယုံကြည်ခြင်း ခိုင်မာ​နေဖို့ ဘာကြောင့် အရေးကြီးကြောင်း သိလာ​ပါ​မယ်။

အာရုံစိုက်​နေပါ

၄။ ယေဟောဝါ ပေး​ထား​တဲ့ တာဝန်​ကို ကျွန်တော်​တို့ ဘာကြောင့် အာရုံစိုက်​ရမလဲ။

နောက်ဆုံး​ကာလ​ကို သတ်မှတ်​ဖော်ပြ​မယ့်၊ ဟောပြောခြင်း​လုပ်ငန်း​ကနေ နောက်လိုက်​တွေ​ကို အာရုံ​လွဲသွား​စေနိုင်​တဲ့ အခြေအနေ​တွေ​အကြောင်း ယေရှု ကြိုပြော​ပြီး “သတိနဲ့ စောင့်​နေကြ” ဖို့ တိုက်တွန်း​ခဲ့​တယ်။ (မ. ၂၄:၄၂) နောဧ​ခေတ်​က လူတွေဟာ အကြောင်းရင်း​တချို့​ကြောင့် နောဧ​ရဲ့ သတိပေး​ချက်​ကို အာရုံမစိုက်​ခဲ့​ကြဘူး။ ဒီနေ့လည်း အဲဒီ​အကြောင်းရင်း​တွေ​ကြောင့်​ပဲ ကျွန်တော်​တို့ အာရုံ​လွဲသွား​နိုင်တယ်။ (မ. ၂၄:၃၇-၃၉။ ၂ ပေ. ၂:၅) ဒါ​ကြောင့် ယေဟောဝါ ပေး​ထား​တဲ့ တာဝန်​ကို အာရုံစိုက်​နေ​ရမယ်။

၅။ ဟောပြောခြင်း​လုပ်ငန်းရဲ့ ကျယ်ပြန့်​မှု​အကြောင်း တမန်​တော် ၁:၆-၈ မှာ ဘယ်လို ပြော​ထား​သလဲ။

ဒီနေ့ ဟောပြောခြင်း​လုပ်ငန်း​ကို ကျွန်တော်​တို့ အပြည့်အဝ အာရုံစိုက်​နေ​ရမယ်။ မိမိ​သေဆုံး​ပြီး​နောက် ပို​ကျယ်ပြန့်​တဲ့ ဒေသ​တွေ​မှာ ပို​အချိန်ကြာကြာ ဟောပြောကြ​မယ့်​အကြောင်း ယေရှု ကြိုပြော​တယ်။ (ယော. ၁၄:၁၂) ယေရှု သေဆုံး​ပြီး​နောက် တပည့်​တချို့ တံငါ​လုပ်ငန်း ပြန်​လုပ်တယ်။ ရှင်ပြန်ထမြောက်​လာတဲ့ ယေရှု​က အံ့ဖွယ်​နည်းနဲ့ ငါး​အများကြီး ဖမ်းမိ​အောင် တပည့်​တချို့​ကို ကူညီ​ပေး​တယ်။ တခြား ဘယ်​လုပ်ငန်း​ထက်​မဆို လူ​ဖမ်း​တဲ့ တံငါ​လုပ်ငန်း ပို​အရေးကြီးကြောင်း အဲဒီအချိန်မှာ ပြော​ခဲ့​တယ်။ (ယော. ၂၁:၁၅-၁၇) မိမိ​စတင်​ခဲ့​တဲ့ ဟောပြောခြင်း​လုပ်ငန်းဟာ အစ္စရေး​ပြည်​မှာ​သာမက တခြား​ဒေသ​တွေ​အထိ ကျယ်ပြန့်​လာမယ့်​အကြောင်း ကောင်းကင် မ​တက်​ခင်​လေးမှာ တပည့်​တွေ​ကို ပြော​တယ်။ (တမန်​တော် ၁:၆-၈ ကို​ဖတ်ပါ။) နှစ်များ​စွာ ကြာပြီးနောက် “သခင့်​နေ့​တော်” အတွင်း ဖြစ်ပျက်​မယ့်​အရာ​တွေ​အကြောင်း တမန်​တော် ယောဟန်​ကို စိတ်အာရုံ​တစ်ခု ပေး​တယ်။ * ကောင်းကင်တမန်​ရဲ့ ညွှန်ကြားမှု​အောက် “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာ​စကား​အမျိုးမျိုး ပြော​တဲ့​လူတွေ၊ လူစု​တွေ​ကို” “ထာဝရ သတင်းကောင်း” ကြေညာ​နေတာ ယောဟန် မြင်တယ်။ (ဗျာ. ၁:၁၀။ ၁၄:၆) ဟောပြောခြင်း​လုပ်ငန်း ပြီးစီး​တဲ့​အထိ ကျွန်တော်​တို့ကို ယေဟောဝါ ပါဝင်​စေ​ချင်​တာ ရှင်း​နေပါတယ်။

၆။ ဟောပြောခြင်း​လုပ်ငန်းမှာ ဘယ်လိုနည်းနဲ့ အာရုံစိုက်​နေနိုင်သလဲ။

ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လောက် ထောက်မ​ပေး​နေတယ်​ဆိုတာ စဉ်းစား​မယ်​ဆိုရင် ဟောပြောခြင်း​လုပ်ငန်းမှာ အာရုံစိုက်​နိုင်​ပါ​လိမ့်မယ်။ ဥပမာ၊ ပုံနှိပ်​စာပေ၊ အီလက်ထရောနစ် စာပေ၊ အသံ​ဖိုင်၊ ဗီဒီယို၊ ရုပ်သံ​ထုတ်လွှင့်​မှု​တွေ​က​တစ်ဆင့် အချိန်တန်​အစာ အလျှံပယ် ပြင်ဆင်​ပေး​တယ်။ ကျွန်တော်​တို့​ရဲ့ တရားဝင် ဝက်ဘ်ဆိုက်​မှာ အချက်အလက်​တွေ​ကို ဘာသာ​စကား ၁၀၀၀ ကျော်​နဲ့ ရနိုင်​ပြီ။ (မ. ၂၄:၄၅-၄၇) နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး​ကြောင့် ကွဲပြား​နေတဲ့ လောကမှာ ဘုရား​ကျေးကျွန် ရှစ်သန်းကျော်ဟာ ကမ္ဘာချီ ညီအစ်ကို အသင်း​အ​ပ​င်း​အဖြစ် စည်းလုံးနေတယ်။ ဥပမာ၊ ၂၀၁၉၊ ဧပြီ ၁၉၊ သောကြာ​နေ့မှာ ကမ္ဘာ​တစ်ဝန်း​က သက်သေခံ​အားလုံး နေ့စဉ်​ကျမ်းချက် ဆွေးနွေးမှု ဗီဒီယို​တစ်ခု​တည်း​ကိုပဲ ကြည့်​ခဲ့​ကြတယ်။ အဲဒီ​ညနေ​မှာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို ကျင်းပဖို့ လူ ၂၀,၉၁၉,၀၄၁ ယောက် စုဝေး​ခဲ့​တယ်။ ဒီနေ့​ခေတ်​မှာ ဖြစ်နေ​တဲ့ အဲဒီ​အံ့ဖွယ်​ဖြစ်ရပ်​တွေ​ကို မြင်တွေ့ခွင့်၊ ပါဝင်ခွင့် ရတဲ့​အကြောင်း စဉ်းစား​တဲ့​အခါ ဟောပြောခြင်း​လုပ်ငန်းမှာ အာရုံစိုက်​နေဖို့ လှုံ့ဆော်​ခံရ​တယ်။

ယေရှုဟာ အမှန်တရား​အကြောင်း သက်သေခံခြင်း​ကနေ အာရုံမလွဲ​ခဲ့ (စာပိုဒ် ၇ ကို​ကြည့်​ပါ)

၇။ အာရုံစိုက်​နေနိုင်​ဖို့ ယေရှုရဲ့ ပုံသက်သေ​က ဘယ်လို ကူညီ​ပေး​သလဲ။

ဟောပြောခြင်း​လုပ်ငန်းမှာ အာရုံစိုက်​နေနိုင်တဲ့ နောက်တစ်နည်း​က​တော့ ယေရှုရဲ့ ပုံသက်သေ​ကို တုပခြင်းပါပဲ။ ယေရှုဟာ ဘာ​အကြောင်းကြောင့်​မှ အမှန်တရား သက်သေခံခြင်း​ကနေ အာရုံမလွဲ​သွား​ဘူး။ (ယော. ၁၈:၃၇) “လောက​တိုင်းနိုင်ငံ​တွေ​နဲ့ ဘုန်း​စည်းစိမ် အားလုံး​ကို ပြ” ပြီး စာတန် သွေးဆောင်​တဲ့​အခါ၊ ဘုရင်​မြှောက်​ဖို့ လူတွေ ကြိုးစား​တဲ့​အခါ အာရုံမလွဲ​သွား​ဘူး။ (မ. ၄:၈၊ ၉။ ယော. ၆:၁၅) ချမ်းသာ​ကြွယ်ဝ​ချင်စိတ်​ကြောင့် စိတ်​ယို​င်​မသွား​သလို ပြင်းထန်​တဲ့ ဆန့်ကျင်မှု​ကြောင့်​လည်း ကြောက်စိတ် မဝင်​ဘူး။ (လု. ၉:၅၈။ ယော. ၈:၅၉) ကျွန်တော်​တို့​လည်း ယုံကြည်ခြင်း စမ်းသပ်​ခံရ​ချိန်မှာ တမန်​တော် ပေါလု​ရဲ့ အကြံဉာဏ်​ကို သတိရ​မယ်​ဆိုရင် အာရုံစိုက်​နေနိုင်​ပါ​လိမ့်မယ်။ မမောပန်း​ဖို့၊ လက်မလျှော့​ဖို့ ယေရှုရဲ့ ပုံသက်သေ​ကို တုပ​ပါ​လို့ ခရစ်ယာန်​တွေ​ကို ပေါလု အားပေးခဲ့တယ်။—ဟီ. ၁၂:၃

စိတ်ရှည်ပါ

၈။ စိတ်ရှည်ခြင်း​ဆိုတာ ဘာလဲ။ အထူးသဖြင့် အခု​ချိန်မှာ ဘာကြောင့် လိုအပ်​သလဲ။

စိတ်ရှည်ခြင်း​ဆိုတာ အခြေအနေ​တစ်ခု ပြောင်းလဲ​မယ့်​အချိန်ကို တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်း​နိုင်စွမ်း ဖြစ်တယ်။ ခက်ခဲ​တဲ့ အခြေအနေ အဆုံးတိုင်​ဖို့ ဒါမှ​မဟုတ် ကြာရှည်​စွာ စောင့်ဆိုင်း​ခဲ့​ရတဲ့ ဆန္ဒ ပြည့်ဝ​ဖို့ စောင့်မျှော်​တဲ့​အခါ စိတ်ရှည်မှု လိုအပ်​တယ်။ ပရောဖက် ဟဗက္ကုတ်ဟာ ယုဒပြည်​က အကြမ်းဖက်မှု​တွေ အဆုံးတိုင်​ဖို့ စောင့်မျှော်​ခဲ့​တယ်။ (ဟဗ. ၁:၂) ယေရှု​တပည့်​တွေ​ဟာ ဘုရား​နိုင်ငံတော် “ချက်ချင်း လာမယ်၊” ရောမ​လက်အောက်​ကနေ သူတို့ကို ကယ်တင်​ပေး​မယ်​လို့ မျှော်လင့်​ခဲ့​ကြတယ်။ (လု. ၁၉:၁၁) ကျွန်တော်​တို့​လည်း ဘုရား​နိုင်ငံတော်​က ဆိုးသွမ်းမှု​တွေ​ကို ဖယ်ရှား​ပြီး ဖြောင့်မတ်​တဲ့ ကမ္ဘာသစ် ဆောင်ကြဉ်း​ပေး​မယ့်​နေ့ကို စောင့်မျှော်​နေကြ​တယ်။ (၂ ပေ. ၃:၁၃) ဒါပေမဲ့ အဲဒီလို လုပ်ပေးဖို့ ယေဟောဝါ သတ်မှတ်​ထား​တဲ့​အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​ရမယ်။ ကျွန်တော်​တို့ စိတ်ရှည်​ဖို့ ယေဟောဝါ သင်ပေးတဲ့ နည်း​တချို့​ကို သုံးသပ်ကြည့်​ပါ။

၉။ ယေဟောဝါ စိတ်ရှည်​ကြောင်း ဘယ်​အချက်​တွေ​က ဖော်ပြ​သလဲ။

ယေဟောဝါ​ဟာ စိတ်ရှည်မှု ပြ​ရာ​မှာ အကောင်းဆုံး စံနမူနာရှင် ဖြစ်တယ်။ နောဧ​ကို သင်္ဘော​ဆောက်​ဖို့၊ “ဖြောင့်မတ်ခြင်း​တရား ဟောပြော” ဖို့ အချိန် အလုံအလောက် ပေး​ခဲ့​တယ်။ (၂ ပေ. ၂:၅။ ၁ ပေ. ၃:၂၀) ဆိုးသွမ်း​တဲ့ သောဒုံ​နဲ့ ဂေါမောရ​မြို့ကို ဖျက်ဆီး​မယ့် ဆုံးဖြတ်ချက်​ကို အာဗြဟံ အကြိမ်ကြိမ် မေးခွန်းထုတ်​ချိန်မှာ​လည်း နားထောင်ပေး​တယ်။ (က. ၁၈:၂၀-၃၃) သစ္စာ​မရှိတဲ့ အစ္စရေး​လူမျိုး​ကို နှစ်တွေ​တစ်လျှောက် အထူး စိတ်ရှည်မှု ပြ​ခဲ့​တယ်။ (နေ. ၉:၃၀၊ ၃၁) ဒီနေ့လည်း လူအားလုံးကို “နောင်တ ရစေချင်” လို့ အချိန်ပေး​နေတာကို ကြည့်​ရင် ယေဟောဝါ ဘယ်လောက် စိတ်ရှည်​ကြောင်း သိနိုင်တယ်။ (၂ ပေ. ၃:၉။ ယော. ၆:၄၄။ ၁ တိ. ၂:၃၊ ၄) ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​မှာ စိတ်ရှည်မှု ဆက်​ပြဖို့ ယေဟောဝါရဲ့ ပုံ​သက်သေ​က ကူညီ​ပေး​တယ်။ ကျမ်းစာ​မှာပါတဲ့ ပုံ​ဥပမာတစ်ခု​အားဖြင့်လည်း စိတ်ရှည်ခြင်း​အကြောင်း သင်ပေးတယ်။

အလုပ်​ကြိုးစား​တဲ့ လယ်သမား​လို​ပဲ ကျွန်တော်​တို့​လည်း ကြိုးစား​အားထုတ်မှု​ရဲ့ အကျိုး​ရလဒ်ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​ကြ (စာပိုဒ် ၁၀-၁၁ ကို​ကြည့်​ပါ)

၁၀။ ယာကုပ် ၅:၇၊ ၈ အရ လယ်သမား ပုံ​ဥပမာ​ကနေ ဘာ​သင်ယူ​ရသလဲ။

၁၀ ယာကုပ် ၅:၇၊ ၈ ကို​ဖတ်ပါ။ လယ်သမား ပုံ​ဥပမာ​က စိတ်ရှည်မှု ဘယ်လို ပြ​ရမယ်ဆိုတာ သင်ပေးတယ်။ အပင်​တချို့က အကြီး​မြန်​တယ်။ အပင်​အများစု၊ အထူးသဖြင့် သီး​ပင်​တွေ​ကျ​တော့ ကြီး​လာဖို့ အချိန်​ကြာ​တယ်။ အစ္စရေး​ပြည်​မှာ အပင်​ကြီးထွား​ချိန်​ဟာ ခြောက်​လ​လောက် ကြာ​တတ်တယ်။ လယ်သမား​ဟာ မိုး​ဦး ကျ​တာ​နဲ့ မျိုးကြဲ​ပြီး နောက်ဆုံး​မိုး ရွာ​ပြီး​နောက် ရိတ်သိမ်း​တယ်။ (မာ. ၄:၂၈) လယ်သမား​ရဲ့ စိတ်ရှည်မှု​ကို တုပ​ကြပါစို့။ လွယ်​တော့ မလွယ်​ဘူး။

၁၁။ စိတ်ရှည်ခြင်း​က အမှုဆောင်​လုပ်ငန်းမှာ ဘယ်လို ကူညီ​ပေး​မလဲ။

၁၁ မစုံလင်​တဲ့ လူသားတွေဟာ အခု ရေတွင်း​တူး အခု ရေ​ကြည် သောက်​ချင်​ကြတယ်။ ဒါပေမဲ့ လယ်သမား ပုံ​ဥပမာ​ကို သတိရပါ။ လယ်သမား​ဟာ သီးနှံ​ဖြစ်ထွန်း​ဖို့ မပြတ် အာရုံစိုက်​ပေး​ရတယ်။ မြေ​တူး​ရတယ်။ စိုက်​ပျိုး​ရတယ်။ ပေါင်း​ရှင်း​ရတယ်။ ရေလောင်း​ရတယ်။ တပည့်​ဖြစ်စေ​ခြင်း လုပ်ငန်း​လည်း အဲဒီလိုပဲ။ မပြတ် အာရုံစိုက်​နေ​ရမယ်။ ကျမ်းစာ​သင်သားတွေ​မှာ ရှိတဲ့ ပေါင်းပင်​နဲ့​တူ​တဲ့ အစွဲတွေ၊ စိတ်​ရိုင်း​တွေ​ကို ရှင်းထုတ်​ဖို့ အချိန်​လိုတယ်။ အခက်အခဲ ကြုံ​တဲ့​အခါ စိတ်ဓာတ်​မကျ​ဖို့ စိတ်ရှည်ခြင်း​က ကူညီ​ပေး​ပါ​လိမ့်မယ်။ ရလဒ်ကောင်းတွေ ရတယ်​ဆိုရင်တောင် စိတ်ရှည်မှု လို​နေတုန်းပဲ။ ယုံကြည်ခြင်း တိုးများ​လာအောင် လုပ်ဖို့ ကျမ်းစာ​သင်သားကို ကျွန်တော်​တို့ အတင်း ဖိအား​ပေး​လို့ မရဘူး။ ယေရှုရဲ့ တပည့်​တွေ​တောင် ယေရှု သင်ပေးတာ​ကို ချက်ချင်း နားမလည်​တဲ့ အချိန်တွေ ရှိခဲ့တယ်။ (ယော. ၁၄:၉) ကျွန်တော်​တို့​ဟာ စိုက်​ပျိုး​သူ၊ ရေလောင်း​သူ ဖြစ်​ပေမဲ့ အပင်ကို ကြီးထွား​စေ​သူဟာ ဘုရား ဖြစ်​ကြောင်း သတိရ​ကြပါစို့။—၁ ကော. ၃:၆

၁၂။ မယုံကြည်​သူ ဆွေမျိုး​တွေ​ကို သက်သေခံတဲ့​အခါ စိတ်ရှည်မှု ဘယ်လို ပြ​နိုင်​သလဲ။

၁၂ မယုံကြည်​သူ ဆွေမျိုး​တွေ​ကို သက်သေခံ​ရတာဟာ စိတ်ရှည်မှု ပြဖို့ ခက်​တဲ့ ကဏ္ဍ​တစ်ခု ဖြစ်​နိုင်တယ်။ ဒေသနာ ၃:၇ မှာပါတဲ့ ကျမ်းစာမူ​က ကျွန်တော်​တို့ကို ကူညီ​ပေး​နိုင်တယ်။ “နှုတ်ဆိတ်​နေရ​တဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန် ရှိတယ်။” ကျွန်တော်​တို့​ရဲ့ အမူအကျင့်ကောင်း​အားဖြင့် အသံတိတ် သက်သေ​ခံနိုင်​တယ်။ ဒါပေမဲ့ အခွင့်အရေး ရလာ​ရင်​လည်း အမှန်တရား ဟောပြောဖို့ အသင့်​ဖြစ်နေ​ရမယ်။ (၁ ပေ. ၃:၁၊ ၂) မိသားစုဝင်​တွေ အပါအဝင် လူတိုင်းကို စိတ်ရှည်၊ ထက်သန်​စွာ ဟောပြော​သွန်သင်​ရမယ်။

၁၃-၁၄။ ကျွန်တော်​တို့ တုပ​နိုင်​တဲ့ စိတ်ရှည်မှု ပြ​ခဲ့​သူတချို့​အကြောင်း ပြောပြ​ပါ။

၁၃ ကျမ်းစာ​ခေတ်​နဲ့ ဒီနေ့​ခေတ် သစ္စာ​ရှိသူတွေရဲ့ ပုံသက်သေ​ကနေ စိတ်ရှည်မှု​ကို သင်ယူနိုင်တယ်။ ဆိုးသွမ်းမှု​တွေ အဆုံးတိုင်​ဖို့ ဟဗက္ကုတ် မျှော်လင့်တယ်။ ဒါပေမဲ့ “စောင့်​မြဲ စောင့်နေ​မယ်” လို့ ပြော​တာ​ကို ကြည့်​ရင် ဟဗက္ကုတ် စိတ်ရှည်မှု ပြ​ခဲ့​တာ သိနိုင်တယ်။ (ဟဗ. ၂:၁) တမန်​တော် ပေါလု​လည်း အမှုဆောင်​လုပ်ငန်း​ကို “ပြီးစီး​အောင်” လုပ်ချင်စိတ် ပြင်းပြ​နေပေမဲ့ စိတ်ရှည်​စွာ ဆက်​ပြီး “သတင်းကောင်း​အကြောင်း စေ့စေ့စပ်စပ် သက်သေခံ” ခဲ့​တယ်။—တ. ၂၀:၂၄

၁၄ သက်သေခံ နည်းနည်း​ပဲ ရှိတဲ့၊ ခရစ်ယာန်​တွေ သိပ်​မရှိတဲ့ နိုင်ငံ​မှာ တာဝန်ကျ​တဲ့ ဂိလဒ်​သင်တန်းဆင်း မောင်နှံစုံ​အကြောင်း စဉ်းစား​ကြည့်​ပါ။ လူအများစုက ကျမ်းစာ မလေ့လာ​ချင်ဘူး။ တခြား​နိုင်ငံ​မှာ တာဝန်ကျ​တဲ့ အတန်းဖော်​တွေ​ကျ​တော့ တိုးတက်​တဲ့ ကျမ်းစာ​သင်အံမှု​တွေ ကျင်းပ​နေတဲ့​အကြောင်း ပြောပြ​ကြတယ်။ ကိုယ့်​ဒေသမှာ တိုးတက်မှု နှေး​နေပေမဲ့ မောင်နှံစုံဟာ အမှုဆောင်​လုပ်ငန်းမှာ စိတ်ရှည်ရှည် ဆက်​ပါဝင်​တယ်။ မတိုးတက်​ဘူးလို့ ထင်​ရတဲ့ ဒေသမှာ ရှစ်နှစ်​ကြာ ဟောပြောပြီး​နောက် ကျမ်းစာ​သင်သား​တစ်ယောက် နှစ်ခြင်း​ခံ​တာ မြင်ရလို့ ဝမ်းသာ​ခဲ့​ကြရတယ်။ ရှေးခေတ်နဲ့ ဒီနေ့​ခေတ် ပုံသက်သေ​တွေ​မှာ ဘာ​တူညီချက် ရှိသလဲ။ အဲဒီ​သစ္စာရှိ​သူတွေဟာ မပျင်းရိဘူး။ လက်ကို အနား​မပေးဘူး။ ဒါ​ကြောင့် သူတို့ရဲ့ စိတ်ရှည်မှု​အတွက် ယေဟောဝါ ဆုချ​ခဲ့​တယ်။ ကျွန်တော်​တို့​လည်း “ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း​ကြောင့် ကတိတော်​ကို အမွေ​ရခဲ့​သူတွေကို အတုယူ​ကြ” ပါ​စို့။—ဟီ. ၆:၁၀-၁၂

ယုံကြည်ခြင်း ခိုင်မာ​နေစေပါ

၁၅။ ယုံကြည်ခြင်းက ဟောပြော​မယ်​ဆို​တဲ့ စိတ်ပိုင်းဖြတ်​ချက်​ကို ဘယ်​နည်းနဲ့ ခိုင်မာ​စေ​သလဲ။

၁၅ ကျွန်တော်​တို့​က ကိုယ်​ဟောပြောတဲ့ သတင်းတရားကို အခိုင်အမာ ယုံကြည်တဲ့​အတွက် လူများ​နိုင်​သမျှ များများ​ကို ဝေမျှချင်​တယ်။ ကျမ်းစာ​မှာပါတဲ့ ကတိ​တွေ​ကို ယုံကြည်တယ်။ (ဆာ. ၁၁၉:၄၂။ ဟေရှာ. ၄၀:၈) ကျွန်တော်​တို့​ခေတ်​မှာ ကျမ်းစာ​ပရောဖက်ပြုချက်​တွေ ပြည့်စုံ​တာ မြင်​နေ​ရတယ်။ ကျမ်းစာ​အကြံပြုချက်​တွေ​အတိုင်း လိုက်လျှောက်တဲ့​အခါ လူတွေရဲ့ ဘဝ တိုးတက်​ကောင်းမွန်​လာတာ တွေ့ရ​တယ်။ ဒါ​ကြောင့် နိုင်ငံတော် သတင်းကောင်းကို လူတိုင်း ကြား​ဖို့ လိုတယ်​ဆို​တဲ့ ယုံကြည်​စိတ်ချမှု ပို​ခိုင်မာ​လာတယ်။

၁၆။ ဆာလံ ၄၆:၁-၃ အရ ယေဟောဝါ​နဲ့ ယေရှုကို ယုံကြည်ခြင်းက ဟောပြော​မယ်​ဆို​တဲ့ စိတ်ပိုင်းဖြတ်​ချက်​ကို ဘယ်လို ခိုင်မာ​စေ​သလဲ။

၁၆ ကျွန်တော်​တို့ ဟောပြောတဲ့ သတင်းတရားရဲ့ ရင်းမြစ် ဖြစ်​တဲ့ ယေဟောဝါ၊ နိုင်ငံတော်​ဘုရင်​အဖြစ် ဘုရား ခန့်အပ်ထား​တဲ့ ယေရှုကို ယုံကြည်တယ်။ (ယော. ၁၄:၁) ဘယ်အခြေအနေ​တွေ​ပဲ ရင်ဆိုင်​ရ​ပါစေ ယေဟောဝါ​ဟာ ကျွန်တော်​တို့​ရဲ့ ခိုလှုံရာ၊ အစွမ်း​ခွန်အား အမြဲ ဖြစ်နေ​မယ်။ (ဆာလံ ၄၆:၁-၃ ကို​ဖတ်ပါ။) ဒါ့အပြင် ယေရှုဟာ ယေဟောဝါ ပေး​ထား​တဲ့ တန်ခိုး၊ အခွင့်အာဏာကို သုံးပြီး ဟောပြောခြင်း​လုပ်ငန်း​ကို ကောင်းကင်​ကနေ ညွှန်ကြား​နေကြောင်း ကျွန်တော်​တို့ ယုံကြည်​စိတ်ချ​ကြတယ်။—မ. ၂၈:၁၈-၂၀

၁၇။ ဆက်​ဟောပြောနေ​ဖို့ လိုအပ်ကြောင်း ဖော်ပြ​တဲ့ တွေ့ကြုံမှု​တစ်ခု ပြောပြ​ပါ။

၁၇ ယုံကြည်ခြင်းက ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှု​တွေ​ကို မျှော်လင့်​မထားတဲ့ နည်းတွေနဲ့ ယေဟောဝါ ကောင်းချီး​ပေး​မယ်​ဆိုတာ ပို​စိတ်ချ​စေတယ်။ (ဒေ. ၁၁:၆) ဥပမာ၊ နေ့တိုင်း အများ​ရှေ့ သက်သေခံခြင်း လက်တွန်းစင်​နားက​နေ လူ​ထောင်နဲ့​ချီ ဖြတ်လျှောက်​သွား​ကြတယ်။ ဒီဟောပြောခြင်း​နည်းလမ်း​ဟာ ထိရောက်​ရဲ့​လား။ သိပ်​ထိရောက်​ပါ​တယ်။ ၂၀၁၄၊ နိုဝင်ဘာ ကျွန်ုပ်​တို့၏ နိုင်ငံတော်​ဓမ္မ​အမှုမှာ ယေဟောဝါသက်သေ​တွေ​အကြောင်း စာတမ်း​ပြုစု​ချင်​တဲ့ တက္ကသိုလ်​ကျောင်းသူ တစ်ယောက်​အကြောင်း ဖော်ပြ​ထား​တယ်။ သူက နိုင်ငံတော်​ခန်းမ​ကို ရှာမတွေ့​ပေမဲ့ ကျောင်းဝင်း​ထဲမှာ အများ​ရှေ့ သက်သေခံခြင်း စားပွဲ​ကို တွေ့​သွား​လို့ စာတမ်း​ပြုစု​ဖို့ အကြောင်းအရာတွေ ရသွားတယ်။ နောက်ဆုံး နှစ်ခြင်း​ခံ​ပြီး​သား ကြေညာသူ ဖြစ်လာ​ပြီး အခု မှန်မှန်ရှေ့ဆောင်​အဖြစ် အမှုဆောင်​နေတယ်။ အဲဒီလို တွေ့ကြုံမှု​တွေ​က ဆက်​ဟောပြောနေ​ဖို့ ကျွန်တော်​တို့ကို လှုံ့ဆော်ပေး​တယ်။ သတင်းကောင်း ရှာတွေ့​ဖို့၊ ကြား​ဖို့ လိုအပ်​နေတဲ့ လူတွေ ရှိနေတုန်းပဲ​ဆိုတာ ဖော်ပြ​နေလို့ပဲ။

လက်ကို အနား​မပေးဖို့ စိတ်ပိုင်းဖြတ်​ထား​ပါ

၁၈။ ဟောပြောခြင်း​လုပ်ငန်းဟာ ယေဟောဝါ သတ်မှတ်​ထားချိန်​မှာ ပြီးဆုံး​မယ်​လို့ ဘာကြောင့် စိတ်ချ​နိုင်​သလဲ။

၁၈ ဟောပြောခြင်း​လုပ်ငန်းဟာ သတ်မှတ်​ထားချိန် အတိအကျ​မှာ ပြီးဆုံး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်တယ်။ နောဧ​ခေတ်​မှာ ဖြစ်​ခဲ့​တာ​ကို စဉ်းစား​ကြည့်​ပါ။ ယေဟောဝါ​ဟာ အချိန်​အတိ​ကျဆုံး​အရှင် ဖြစ်​ကြောင်း သက်သေထူ​ခဲ့​တယ်။ ရေလွှမ်းမိုး​ဘေး စတင်​မယ့်​အချိန်ကို နှစ်ပေါင်း ၁၂၀ လောက် ကြိုတင်​သတ်မှတ်​ခဲ့​တယ်။ ဆယ်စုနှစ်​တွေ ကြာပြီးနောက် နောဧ​ကို သင်္ဘော​ဆောက်​ဖို့ တာဝန်​ပေး​တယ်။ ရေလွှမ်းမိုး​ဘေး မစ​ခင် နှစ်ပေါင်း ၄၀၊ ၅၀ လောက်​အတွင်း နောဧ ကြိုးကြိုးစားစား သင်္ဘော​ဆောက်​တယ်။ လူတွေ နားမထောင်​ပေမဲ့ သတိပေး​သတင်း ဆက်​ဟောပြောတယ်။ တိရစ္ဆာန်​တွေ​ကို သင်္ဘော​ထဲ သွင်း​ဖို့ အချိန်​ရောက်ပြီလို့ ယေဟောဝါ မပြော​မချင်း​ပါ​ပဲ။ အဲဒီနောက် သတ်မှတ်​ထားချိန် အတိအကျ​မှာ “ယေဟောဝါ​က တံခါးပိတ်​လိုက်တယ်။” —က. ၆:၃။ ၇:၁၊ ၂၊ ၁၆

၁၉။ လက်ကို အနား​မပေးဘူး​ဆိုရင် ဘာ​အကျိုး​ရမလဲ။

၁၉ မကြာခင် ယေဟောဝါ​က ဟောပြောခြင်း​လုပ်ငန်း​ကို အဆုံးတိုင်​စေမယ်။ စာတန့်​စနစ်​ကို “တံခါးပိတ်​လိုက်” ပြီး ဖြောင့်မတ်​တဲ့ ကမ္ဘာသစ်​ကို ဆောင်ကြဉ်း​ပေး​မယ်။ လက်ကို အနား​မပေးခဲ့​ကြ​တဲ့ နောဧ၊ ဟဗက္ကုတ်​နဲ့ တခြား​သူတွေကို တုပ​ကြပါစို့။ အာရုံစိုက်​နေဖို့၊ စိတ်ရှည်​ဖို့၊ ယေဟောဝါ​နဲ့ ကတိ​တွေ​အပေါ် ယုံကြည်ခြင်း ခိုင်မာ​နေ​စေဖို့ ကြိုးစား​ကြပါစို့။

သီချင်း ၇၅ “ကျွန်တော့်​ကို စေလွှတ်ပါ”

^ အပိုဒ်၊ 5 လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်ပါ​ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံဖို့ တိုးတက်​နေတဲ့ ကျမ်းစာ​သင်သားတွေကို ရှေ့​ဆောင်းပါး​မှာ အားပေးထား​တယ်။ ကြေညာသူ​အသစ်​ဖြစ်စေ၊ အတွေ့အကြုံ​ရှိ ကြေညာသူ​ဖြစ်စေ အလုပ်​ပြီးပြီ​လို့ ယေဟောဝါ ပြော​တဲ့​အချိန်အထိ ဟောပြောခြင်း​လုပ်ငန်းမှာ ဆက်​ပါဝင်​မယ်​ဆို​တဲ့ စိတ်ပိုင်းဖြတ်​ချက် ခိုင်မာ​စေနိုင်​တဲ့ နည်း​သုံးနည်း​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– ဒီ​ဆောင်းပါး​မှာ “လက်ကို အနား​မပေး​ပါ​နဲ့” ဆိုတာ အလုပ်​ပြီးပြီ​လို့ ယေဟောဝါ ပြော​တဲ့​အချိန်အထိ သတင်းကောင်း ဟောပြောခြင်း​လုပ်ငန်းမှာ ဆက်​ပါဝင်​ဖို့ စိတ်ပိုင်းဖြတ်​ထား​ရမှာ​ကို ဆိုလို​တယ်။

^ အပိုဒ်၊ 5 “သခင့်​နေ့​တော်” ဆိုတာ ၁၉၁၄၊ ယေရှု နန်းထိုင်​ချိန်​ကနေ အနှစ်​တစ်ထောင် အုပ်ချုပ်မှု အဆုံး​ထိ ကာလ ဖြစ်တယ်။