မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၆

လူဖမ်းတဲ့ တံငါသည် ဖြစ်ဖို့ အသင့်ဖြစ်ပြီလား

လူဖမ်းတဲ့ တံငါသည် ဖြစ်ဖို့ အသင့်ဖြစ်ပြီလား

“မစိုးရိမ်​နဲ့​တော့။ အခု​ချိန်​ကစပြီး ခင်ဗျား​ဟာ လူကို ဖမ်း​တဲ့ တံငါသည် ဖြစ်​လိမ့်မယ်။”—လု. ၅:၁၀

သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေး​ပါ

အကြို​သုံးသပ်ချက် *

၁။ တံငါသည် လေးယောက်ကို ယေရှု ဘယ်လို ဖိတ်ခေါ်​သလဲ။ သူတို့ ဘယ်လို တုံ့ပြန်​ကြသလဲ။

တပည့်တော် ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်တို့​ဟာ တံငါသည်​တွေ ဖြစ်တယ်။ “ကျွန်တော့်​နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျား​တို့ကို လူ​ဖမ်း​တဲ့ တံငါသည်​တွေ * ဖြစ်စေ​မယ်” လို့ ယေရှု ဖိတ်ခေါ်​တာ​ကို ကြား​တဲ့​အခါ သူတို့ ဘယ်လောက် အံ့ဩ​သွားမယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ သူတို့ ဘယ်လို တုံ့ပြန်​ကြသလဲ။ “ပိုက်ကွန်​တွေ​ကို ချက်ချင်း ထားရစ်​ပြီး ယေရှု​နောက်ကို လိုက်ကြတယ်” လို့ ကျမ်းစာ ပြော​တယ်။ (မ. ၄:၁၈-၂၂) အဲဒီ​ဆုံးဖြတ်ချက်​က သူတို့ရဲ့ ဘဝကို ထာဝစဉ် ပြောင်းလဲ​သွား​စေပါ​လိမ့်မယ်။ ငါး​အစား ‘လူကို ဖမ်း​တဲ့ တံငါသည်​တွေ’ ဖြစ်​ကြ​တော့​မယ်။ (လု. ၅:၁၀) ဒီနေ့​ခေတ်​မှာလည်း အမှန်တရားကို ချစ်​မြတ်နိုးတဲ့ စိတ်​ရိုး​ဖြောင့်​သူတွေကို ယေရှု အဲဒီလို ဖိတ်ခေါ်​နေဆဲပဲ။ (မ. ၂၈:၁၉၊ ၂၀) လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်ပါ​ဆို​တဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို သင် လက်ခံ​ပြီးပြီ​လား။

၂။ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်လာ​ဖို့​ဆို​တဲ့ ဆုံးဖြတ်ချက်​ကို ဘာကြောင့် အလေးအနက် ထား​သင့်သလဲ။ အဲဒီလို ဆုံးဖြတ်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

သင်ဟာ တိုးတက်​နေတဲ့ ကျမ်းစာ​သင်သား​တစ်ယောက် ဖြစ်​ပြီး သတင်းကောင်း ကြေညာသူ ဖြစ်ချင်​သလား​ဆိုတာ ဆုံးဖြတ်​ရတော့မယ် ဆိုပါစို့။ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံဖို့ တွန့်ဆုတ်​နေတယ်​ဆိုရင် စိတ်ဓာတ်​မကျပါနဲ့။ ဒီ​ဆုံးဖြတ်ချက် ဘယ်လောက် အရေးကြီး​မှန်း သိလို့ အဲဒီလို တွန့်ဆုတ်​နေတာ ဖြစ်​နိုင်တယ်။ ပေတရု​နဲ့ အပေါင်းပါ​တွေ​ဟာ “ချက်ချင်း” ပိုက်ကွန်​ကို စွန့်ခဲ့​ကြတယ်​လို့ ကျမ်းစာ​မှာ ပြော​ထား​တာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ အလျင်စလို ဆုံးဖြတ်​လိုက်တာ မဟုတ်ပါဘူး။ ယေရှုကို မေရှိယ​အဖြစ် သိထားတာ၊ လက်ခံ​ထား​တာ ခြောက်​လ​လောက် ရှိနေပြီ။ (ယော. ၁:၃၅-၄၂) သင်လည်း ယေဟောဝါ​နဲ့ ယေရှု​အကြောင်း များစွာ သင်ယူ​သိ​ရှိခဲ့​ပြီး ဘုရားရေးရာ​ဘက်မှာ ဆက်​တိုးတက်​ချင်​နေတယ်။ ဒါပေမဲ့ ကြေညာသူ လုပ်ဖို့ အလျင်စလို ဆုံးဖြတ်ချက် မချသင့်​ဘူး။ ဆုံးဖြတ်ချက် ချဖို့ ပေတရု၊ အန္ဒြေ​နဲ့ တခြား​သူတွေကို ဘာက ကူညီ​ပေး​သလဲ။

၃။ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံ​ချင်စိတ် တိုးများ​လာဖို့ ဘယ်​အရည်အသွေးတွေ​က ကူညီ​ပေး​မလဲ။

ယေရှုရဲ့ ဦးဆုံး​တပည့်​တွေ​မှာ စိတ်​ကို စေ့ဆော်​ပေး​တဲ့ အကြောင်းရင်း၊ အသိပညာနဲ့ ရဲစွမ်းသတ္တိ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​နိုင်​ကြတယ်။ လူ​ဖမ်း​တဲ့ တံငါ​လုပ်ငန်းမှာ ထိရောက်​ဖို့ အဲဒီ​အရည်အသွေးတွေ​က သူတို့ကို ကူညီ​ပေး​တယ်။ ထိရောက်​တဲ့ ဟောပြော​သွန်သင်သူ ဖြစ်​ဖို့ အဲဒီ​အရည်အသွေးတွေကို ဘယ်လို မွေးမြူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။

စိတ်​ကို စေ့ဆော်​ပေး​တဲ့ အကြောင်းရင်းကို ခိုင်မာ​စေပါ

ပေတရု​နဲ့ တခြား​သူတွေဟာ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်​ခဲ့။ အဲဒီ​အရေးကြီး​လုပ်ငန်း​ကို ဒီနေ့​အချိန်အထိ ဆက်လုပ်​ဆောင်​နေ (စာပိုဒ် ၄-၅ ကို​ကြည့်​ပါ)

၄။ တံငါသည် ဖြစ်​ဖို့ ပေတရု​ကို ဘာက စေ့ဆော်​ပေး​သလဲ။

ပေတရု​ဟာ မိသားစုကို ထောက်ပံ့​ပေး​ဖို့ ငါးဖမ်း​တယ်။ ဒါပေမဲ့ အလုပ်​သဘော​အရ​ပဲ မဟုတ်ဘူး။ ဝါသနာ​ကို ပါ​တာ။ (ယော. ၂၁:၃၊ ၉-၁၅) လူ​ဖမ်း​တဲ့ တံငါ​လုပ်ငန်း​ကိုလည်း နှစ်သက်​လာတယ်။ ယေဟောဝါ​ရဲ့ အကူအညီ​ကြောင့် အဲဒီ​လုပ်ငန်းမှာ ကျွမ်းကျင်​လာတယ်။—တ. ၂:၁၄၊ ၄၁

၅။ လုကာ ၅:၈-၁၁ အရ ပေတရု ဘာကို စိုးရိမ်​နေသလဲ။ စိုးရိမ်မှု​တွေ​ကို ကျော်လွှား​နိုင်​ဖို့ ကျွန်တော်​တို့ကို ဘာက ကူညီ​ပေး​မလဲ။

ယေဟောဝါ​ကို ချစ်​လို့ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့ ပါဝင်​ကြတယ်။ ဒါက ကျွန်တော်​တို့ကို စေ့ဆော်​ပေး​တဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်။ အရည်အချင်း မပြည့်မီ​ဘူးဆို​တဲ့ ခံစားချက်​တွေ​ကို ကျော်လွှား​ဖို့ ယေဟောဝါ​ကို ချစ်တဲ့ မေတ္တာက ကူညီ​ပေး​နိုင်တယ်။ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်​ဖို့ ပေတရု​ကို ဖိတ်ခေါ်​တဲ့​အခါ “မစိုးရိမ်နဲ့” လို့ ယေရှု ပြော​တယ်။ (လုကာ ၅:၈-၁၁ ကို​ဖတ်ပါ။) ယေရှု​နောက် လိုက်လို့ ကြုံ​ရမယ့်​အရာ​တွေ​ကို ပေတရု စိုးရိမ်​နေတာ မဟုတ်ဘူး။ ငါး​အများကြီး ဖမ်းမိ​အောင် အံ့ဖွယ်​နည်းနဲ့ ယေရှု ကူညီ​ပေး​တာ​ကို အံ့ဩ​နေပြီး ယေရှုနဲ့ တွဲ​အမှုဆောင်​ရမှာ​ကို မထိုက်တန်ဘူးလို့ ခံစား​နေရ​တာ။ သင်ကတော့ ခရစ်တော်​ရဲ့ နောက်လိုက်​ဖြစ်​ဖို့ လုပ်​ရမယ့်​အရာ​တွေ​ကြောင့် စိုးရိမ်​နေတာ ဖြစ်​နိုင်တယ်။ ဒါဆိုရင် ယေဟောဝါ၊ ယေရှုနဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် လုပ်ပါ။ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်ပါ​ဆို​တဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံဖို့ စေ့ဆော်​ခံရ​ပါ​လိမ့်မယ်။—မ. ၂၂:၃၇၊ ၃၉။ ယော. ၁၄:၁၅

၆။ ဟောပြောဖို့ စေ့ဆော်​ပေး​တဲ့ တခြား ဘယ်​အကြောင်းရင်း​တွေ ရှိသေး​သလဲ။

ဟောပြောဖို့ ကျွန်တော်​တို့ကို စေ့ဆော်​ပေး​တဲ့ တခြား အကြောင်းရင်း​တွေ​ကိုလည်း သုံးသပ်ကြည့်​ပါ။ ‘သွားပြီး တပည့် ဖြစ်​လာအောင် သွန်သင်ပေး​ကြ​ပါ’ ဆို​တဲ့ ယေရှုရဲ့ အမိန့်​ကို ကျွန်တော်​တို့ နာခံ​ချင်​ကြတယ်။ (မ. ၂၈:၁၉၊ ၂၀) ဒါ့အပြင် လူတွေဟာ “အရေခွံ ဆုတ်​ပြီး ပစ်ထားခံ” ရလို့၊ နိုင်ငံတော် အမှန်တရား​အကြောင်း သိဖို့ လိုအပ်​လို့ ကျွန်တော်​တို့ ဟောပြော​နေကြ​တယ်။ (မ. ၉:၃၆) လူအမျိုးမျိုးကို အမှန်တရား​အကြောင်း တိကျ​မှန်ကန်​စွာ သိရှိ​စေဖို့၊ ကယ်တင်ခြင်း ရစေဖို့ ယေဟောဝါ အလိုရှိတယ်။—၁ တိ. ၂:၄

၇။ ဟောပြောခြင်း​လုပ်ငန်းရဲ့ အရေးကြီးမှုကို ရောမ ၁၀:၁၃-၁၅ က ဘယ်လို ဖော်ပြ​သလဲ။

ဟောပြောခြင်း​လုပ်ငန်းရဲ့ အကျိုး​သက်ရောက်မှု​ကို စဉ်းစား​လိုက်တဲ့အခါ ဒီ​အသက်ကယ်​လုပ်ငန်းမှာ ပါဝင်​ဖို့ စေ့ဆော်​ခံရ​ပါ​လိမ့်မယ်။ တံငါသည်​တွေ​က ရောင်းဖို့၊ စားဖို့ ငါးဖမ်း​ကြ​တာ။ ကျွန်တော်​တို့​က​တော့ အသက်ကယ်​ဖို့ လူတွေကို “ဖမ်း” ကြ​တာ။ရောမ ၁၀:၁၃-၁၅ ကို​ဖတ်ပါ။ ၁ တိ. ၄:၁၆

အသိပညာ တိုးများ​စေပါ

၈-၉။ တံငါသည်​တစ်ယောက် ဘာကို သိရ​မလဲ။ ဘာကြောင့်လဲ။

ယေရှု​ခေတ်​က အစ္စရေး တံငါသည်​တွေ​ဟာ ဘယ်​ငါး​အမျိုးအစား​ကို ဖမ်း​လို့​ရတယ်ဆိုတာ သိရမယ်။ (ဝတ်. ၁၁:၉-၁၂) ငါး​တွေ့​နိုင်​မယ့် နေရာကိုလည်း သိရမယ်။ ငါး​တွေ​ဟာ အစာ​ပေါများ​တဲ့ နေရာမှာ နှစ်သက်ရာ ရေ​အလိုက် နေတတ်​ကြတယ်။ ဘယ်​အချိန်​မှာ ဖမ်း​ရမယ်ဆိုတာ​ကိုလည်း တံငါသည်​တွေ သိရမယ်။ ငါးဖမ်း​ဖို့ အကောင်းဆုံး​အချိန်​ဆိုတာ ရှိကြောင်း ပစိဖိတ်ကျွန်း​မှာ နေတဲ့ ဒေသခံ ညီအစ်ကို​တစ်ယောက်​ရဲ့ စကား​ကနေ သိရတယ်။ သူက သာသနာပြု​တစ်ယောက်ကို ငါး​သွား​ဖမ်း​ဖို့ ခေါ်​တော့ သာသနာပြု​က “မနက်ဖြန် မနက် ကိုး​နာရီ​မှာ တွေ့​ကြ​မယ်” လို့ ပြော​တယ်။ ဒါနဲ့ ဒေသခံ ညီအစ်ကို​က “ကျွန်တော်​တို့ အဆင်ပြေမယ့် အချိန် မဟုတ်ဘဲ ငါး​ရနိုင်​မယ့် အချိန် သွား​ရမှာ” လို့ ပြော​တယ်။

အလားတူပဲ၊ ပထမ​ရာစု​က လူ​ဖမ်း​တဲ့ တံငါသည်​တွေ​ဟာ လူတွေ ရှိ​မယ့်​နေရာကို ရှိ​မယ့် အချိန်​မှာ သွား​ကြတယ်။ ဥပမာ၊ ယေရှုရဲ့ နောက်လိုက်​တွေ​ဟာ ဗိမာန်တော်၊ တရား​ဇရပ်၊ တစ်အိမ်​ပြီး​တစ်အိမ်​နဲ့ ဈေး​တွေ​မှာ ဟောပြော​ကြတယ်။ (တ. ၅:၄၂။ ၁၇:၁၇။ ၁၈:၄) ကျွန်တော်​တို့​လည်း ကိုယ့်​ဒေသမှာ ရှိတဲ့ လူတွေရဲ့ အလေ့အထ​ကို သိထား​ရမယ်။ ပြောင်းသာလဲသာ ရှိပြီး လူတွေကို တွေ့​နိုင်​မယ့် နေရာ​နဲ့ အချိန်​မှာ ဟော​ရမယ်။—၁ ကော. ၉:၁၉-၂၃

ကျွမ်းကျင်​တဲ့ တံငါသည်​တွေ​ဟာ . . . ၁။ ငါး​တွေ့​နိုင်​မယ့် အချိန်နဲ့ နေရာမှာ ဖမ်း​ကြ (စာပိုဒ် ၈-၉ ကို​ကြည့်​ပါ)

၁၀။ ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က ကျွန်တော်​တို့အတွက် ဘယ်​ကိရိယာ​တွေ ပြင်ဆင်​ပေး​ထား​သလဲ။

၁၀ တံငါသည်​တစ်ယောက်​မှာ သင့်တော်​တဲ့ ပစ္စည်း​ကိရိယာ​တွေ ရှိရမယ်။ ဘယ်လို သုံး​ရမယ်ဆိုတာ သိရမယ်။ ကျွန်တော်​တို့​မှာလည်း ဟောပြောခြင်း​လုပ်ငန်း​အတွက် သင့်တော်​တဲ့ ကိရိယာ​တွေ ရှိရမယ်။ ဘယ်လို သုံး​ရမယ်ဆိုတာ သိရမယ်။ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်​ဖို့ တပည့်​တွေ​ကို ရှင်းလင်း​တဲ့ ညွှန်ကြားချက်​တွေ ယေရှု ပေး​ခဲ့​တယ်။ ဘာတွေ ယူသွား​ရမယ်၊ ဘယ်မှာ ဟော​ရမယ်၊ ဘာ​ပြော​ရမယ်ဆိုတာ​တွေ ညွှန်ကြား​တယ်။ (မ. ၁၀:၅-၇။ လု. ၁၀:၁-၁၁) ဒီနေ့​လည်း ထိရောက်​တဲ့ ကိရိယာ​တွေ ပါဝင်​တဲ့ သွန်သင်ခြင်း ကိရိယာ​ကို ယေဟောဝါ​ရဲ့ အဖွဲ့အစည်း​က ပြင်ဆင်​ပေးထား​တယ်။ * အဲဒါတွေကို ဘယ်လို သုံး​ရမယ်ဆိုတာ​လည်း သင်ပေးတယ်။ အဲဒီ​လေ့ကျင့်မှု​က ဟောပြောခြင်း​လုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု ရှိဖို့၊ ပို​ထိရောက်​ဖို့ ကူညီ​ပေး​တယ်။—၂ တိ. ၂:၁၅

ကျွမ်းကျင်​တဲ့ တံငါသည်​တွေ​ဟာ . . . ၂။ သင့်တော်​တဲ့ ကိရိယာ​တွေ သုံး​တတ်​ဖို့ လေ့ကျင့်​ထား​ကြ (စာပိုဒ် ၁၀ ကို​ကြည့်​ပါ)

ရဲစွမ်းသတ္တိ တိုးများ​စေပါ

၁၁။ လူ​ဖမ်း​တဲ့ တံငါသည်​တွေ ဘာကြောင့် သတ္တိ​ရှိဖို့ လိုသလဲ။

၁၁ တံငါသည်​တွေ​ဟာ သတ္တိ​ရှိဖို့လည်း လိုတယ်။ တစ်ခါ​တ​လေ ပင်လယ်ပြင်​မှာ မမျှော်လင့်​ထား​တဲ့ အခြေအနေ​တွေ ကြုံ​ရနိုင်တယ်။ အချိန်မရွေး မုန်တိုင်း​ကျ​လာနိုင်တယ်။ ညဘက် ငါးဖမ်း​ထွက်​ရတဲ့အခါ​တွေ ရှိ​နိုင်တယ်။ လူ​ဖမ်း​တဲ့ တံငါသည်​တွေ​လည်း ရဲစွမ်းသတ္တိ ရှိဖို့ လိုအပ်​တယ်။ ယေဟောဝါသက်သေ​ပါ​လို့ ပြော​ပြီး စတင် ဟောပြော​ချိန်မှာ “မုန်တိုင်း” နဲ့​တူ​တဲ့ မိသားစု ဆန့်ကျင်မှု၊ မိတ်ဆွေ​တွေ​ရဲ့ လှောင်ပြောင်မှု၊ လူတွေရဲ့ ငြင်းပယ်မှု ကြုံ​ရနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်​တို့ မ​အံ့ဩ​ကြ​ပါ​ဘူး။ ရန်လို​သူတွေ​ကြားထဲ စေလွှတ်​မယ်​လို့ နောက်လိုက်​တွေ​ကို ယေရှု ကြို​သတိပေး​ထား​တယ်။—မ. ၁၀:၁၆

၁၂။ ယောရှု ၁:၇-၉ အရ ရဲစွမ်းသတ္တိ တိုးများ​လာအောင် ဘယ်လို လုပ်ဆောင်​နိုင်​သလဲ။

၁၂ ရဲစွမ်းသတ္တိ တိုးများ​လာအောင် ဘယ်လို လုပ်နိုင်သလဲ။ ပထမ၊ ဒီ​လုပ်ငန်း​ကို ကောင်းကင်​ကနေ ယေရှု ဆက်​လမ်းညွှန်​နေတယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပါ။ (ယော. ၁၆:၃၃။ ဗျာ. ၁၄:၁၄-၁၆) ဒုတိယ၊ သင့်ကို ဂရုစိုက်​စောင့်ရှောက်​မယ်​ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​အပေါ် ယုံကြည်ခြင်း ခိုင်မာ​လာအောင် လုပ်ဆောင်ပါ။ (မ. ၆:၃၂-၃၄) ယုံကြည်ခြင်း ခိုင်မာ​လေ ရဲစွမ်းသတ္တိ တိုးများ​လေ​ပဲ။ ယေရှု​နောက် လိုက်​ဖို့ ပေတရု​နဲ့ အပေါင်းပါ​တွေ အသက်မွေး​လုပ်ငန်း​ကို စွန့်ခဲ့​တာ​က ယုံကြည်ခြင်း ဘယ်လောက် ကြီးမား​ကြောင်း ပြ​တယ်။ သင်လည်း ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ စလေ့လာ​နေပြီ၊ အစည်းအဝေးတွေ တက်​နေပြီဆိုတာ မိသားစုနဲ့ မိတ်ဆွေတွေကို အသိပေး​လိုက်တာ​ဟာ ယုံကြည်ခြင်း ဘယ်လောက် ကြီးမား​တယ်​ဆို​တဲ့ သက်သေ​ပဲ။ ယေဟောဝါ​ရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်း​တွေ​နဲ့​အညီ နေထိုင်ဖို့ အကျင့်အကြံ​နဲ့ ဘဝ​ပုံစံ​ကို အတော်​ပြောင်းလဲ​ခဲ့​ရမှာ သေချာတယ်။ အဲဒီလို ပြောင်းလဲ​ဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ လိုအပ်​တယ်။ ရဲစွမ်းသတ္တိ တိုးများ​လာအောင် လုပ်တဲ့​အခါ ‘ဘုရားသခင် ယေဟောဝါ​ဟာ သွား​လေ​ရာ​မှာ အတူ​ရှိနေမယ်’ ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ယောရှု ၁:၇-၉ ကို​ဖတ်ပါ။

ကျွမ်းကျင်​တဲ့ တံငါသည်​တွေ​ဟာ . . . ၃။ အခြေအနေ အပြောင်းအလဲ​တွေ​ကြား ရဲစွမ်းသတ္တိ ရှိ​ရှိ လုပ်ဆောင်ကြ (စာပိုဒ် ၁၁-၁၂ ကို​ကြည့်​ပါ)

၁၃။ ဆုတောင်းခြင်း​နဲ့ တွေးတော​ဆင်ခြင်ခြင်း​က ရဲစွမ်းသတ္တိ တိုးများ​လာဖို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၃ ရဲစွမ်းသတ္တိ တိုးများ​လာအောင် ဘာလုပ်​နိုင်​သေး​သလဲ။ ရဲစွမ်းသတ္တိ ရှိဖို့ ဆုတောင်း​ပါ။ (တ. ၄:၂၉၊ ၃၁) သင့်​ဆုတောင်းချက်​တွေ​ကို ယေဟောဝါ အဖြေပေး​ပါ​လိမ့်မယ်။ သင့်ကို ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်ဘူး။ အမြဲ ထောက်မ​ပေး​မယ်။ အတိတ်​တုန်း​က ကျေးကျွန်​တွေ​ကို ယေဟောဝါ ကယ်တင်​ခဲ့​ပုံ​အကြောင်းလည်း တွေးတော​ဆင်ခြင်​ပါ။ အခက်အခဲတွေကို ကျော်လွှား​နိုင်​ဖို့၊ ဘဝ​ပုံစံ ပြောင်းလဲ​နိုင်​ဖို့ သင့်ကို ဘုရား ဘယ်လို ခွန်​အားပေးခဲ့တယ်၊ ကူညီ​ပေး​ခဲ့​တယ် ဆိုတာ​လည်း စဉ်းစား​ကြည့်​ပါ။ ပင်လယ်နီ​ကို ဖြတ်ဖို့ မိမိ​လူမျိုး​ကို ဦးဆောင်​လာတဲ့ အရှင်​က သင့်ကိုလည်း ခရစ်တော်​ရဲ့ တပည့်​ဖြစ်​လာအောင် ကူညီ​ပေး​ပါ​လိမ့်မယ်။ (ထွ. ၁၄:၁၃) “ငါ့​ဘက်မှာ ယေဟောဝါ ရှိတဲ့​အတွက် ဘာကိုမှ မကြောက်​ဘူး။ လူက ငါ့ကို ဘာလုပ်​နိုင်​မှာ​လဲ” လို့ ပြော​ခဲ့​တဲ့ ဆာလံဆရာ​လို ယုံကြည်​စိတ်ချမှု​မျိုး ရှိ​နိုင်​ပါ​တယ်။—ဆာ. ၁၁၈:၆

၁၄။ မာ​ဆေး​နဲ့ တို​မို​ယို​ရဲ့ ဖြစ်ရပ်​ကနေ ဘာ​သိရသလဲ။

၁၄ ရဲစွမ်းသတ္တိ တိုးများ​လာအောင် လုပ်နိုင်တဲ့ နောက်တစ်နည်း​က​တော့ ပင်ကို​အရ ရှက်တတ်​သူတွေကို ရဲစွမ်းသတ္တိ ရှိ​လာအောင် ယေဟောဝါ ဘယ်လို ကူညီ​ပေး​ခဲ့​တယ်​ဆိုတာ လေ့လာခြင်း​ပါ​ပဲ။ ညီအစ်မ မာ​ဆေး​အကြောင်း စဉ်းစား​ကြည့်​ပါ။ ရှက်တတ်​သူ ဖြစ်​လို့ ကိုယ့်​ယုံကြည်ချက်အကြောင်း လူ​ကြားထဲ ဘယ်တော့မှ ထုတ်ပြော​ရဲ​မှာ မဟုတ်ဘူးလို့ ထင်​ခဲ့​တယ်။ သူစိမ်းတွေကို စကားပြော​ရမှာ တွေး​လိုက်​ရုံနဲ့တင် ဒီ​တောင်​ကို ကျော်​နိုင်​မှာ မဟုတ်ဘူးလို့ ခံစား​ခဲ့​တယ်။ ဒါကြောင့် ဘုရား​နဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာ တိုးများ​လာအောင် အထူး​ကြိုးစား​ခဲ့​တယ်။ အလွန် အရေးကြီးတဲ့​အချိန်​မှာ အသက်ရှင်နေ​ရ​ကြောင်း တွေး​ပြီး ဟောပြောချင်​စိတ် တိုးများ​လာအောင် ကူညီ​ပေး​ဖို့ ဆုတောင်း​တယ်။ ဒီလိုနဲ့ ကြောက်စိတ်​ကို ကျော်လွှား​ပြီး မှန်မှန်ရှေ့ဆောင်​အဖြစ်​တောင် အမှုဆောင်​နိုင်​ခဲ့​တယ်။ ယေဟောဝါ​က ကြေညာသူ​အသစ်တွေ​ကိုလည်း “ရဲစွမ်းသတ္တိ ရှိ” အောင် ကူညီ​ပေး​နိုင်တယ်။ ညီအစ်မ တို​မို​ယို​အကြောင်း စဉ်းစား​ကြည့်​ပါ။ တစ်အိမ်​တက်​ဆင်း စ​ဟော​ချိန်မှာ ဦးဆုံး​တွေ့​တဲ့ အိမ်ရှင်​က “ယေဟောဝါသက်သေ​တွေ​နဲ့ ငါ လုံးဝ မပတ်သက်​ချင်ဘူး” လို့ အော်ပြော​ပြီး တံခါး​ကို ဆော​င့်​ပိတ်​လိုက်တယ်။ တိုမိုယို ကြောက်​သွားမယ့်​အစား “တွေ့​လား။ ကျွန်မ တစ်ခွန်း​မှ မပြော​ရ​သေး​ခင်​မှာ​တောင် ကျွန်မ​ကို ယေဟောဝါသက်သေ​မှန်း သိနေ​ပြီ။ ပျော်​လိုက်တာ” လို့ တွဲဖက်​ကို ပြော​တယ်။ တို​မို​ယို​ဟာ အခု မှန်မှန်ရှေ့ဆောင် ဖြစ်နေ​ပြီ။

ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ပါ

၁၅။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​တယ်​ဆိုတာ ဘာလဲ။ ခရစ်ယာန်​တွေ​အတွက် ဘာကြောင့် အရေးကြီး​သလဲ။

၁၅ အောင်မြင်​တဲ့ တံငါသည်​တွေ​ဟာ ကိုယ့်​ကိုယ်​ကိုယ် ကြပ်မတ်​နိုင်​သူတွေ ဖြစ်တယ်။ ကိုယ့်​ကိုယ်​ကိုယ် ကြပ်မတ်​တယ်​ဆိုတာ “လုပ်သင့်လုပ်ထိုက်​တာ​ကို လုပ်ဖို့ ထိန်းချုပ်နိုင်စွမ်း ရှိတာ” ကို ဆိုလို​တယ်။ တံငါသည်​တွေ​ဟာ စောစောထ​ဖို့၊ အလုပ် ပြီးစီး​တဲ့​အထိ လုပ်ဖို့၊ ရာသီဥတု မကောင်း​ချိန်မှာ​တောင် ဆက်​လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ကြရတယ်။ ကျွန်တော်​တို့​လည်း ခံနိုင်ရည် ရှိဖို့၊ အလုပ် ပြီးစီး​တဲ့​အထိ လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရမယ်။—မ. ၁၀:၂၂

၁၆။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၆ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​နိုင်စွမ်း​ဆိုတာ မွေးရာပါ အရည်အသွေး မဟုတ်ဘူး။ ကျွန်တော်​တို့​ဟာ ပင်ကိုသဘော​အရ အလွယ်​လမ်း​ပဲ လိုက်​ချင်​တတ်ကြ​တယ်။ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​နိုင်​ဖို့ ချုပ်တည်း​မှု ရှိရမယ်။ ကိုယ့်​အတွက် ခက်ခဲ​တဲ့​အလုပ်တွေ လုပ်ဖို့ လေ့ကျင့်​ရာ​မှာ အကူအညီ လိုတယ်။ အဲဒီ​အကူအညီကို သန့်ရှင်းသော စွမ်းအားတော်​က​တစ်ဆင့် ယေဟောဝါ ပေး​တယ်။—ဂလ. ၅:၂၂၊ ၂၃

၁၇။ ၁ ကောရိန္သု ၉:၂၅-၂၇ မှာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ဖို့ ကြိုးစား​ရတဲ့​အကြောင်း တမန်​တော် ပေါလု ဘယ်လို ပြော​သလဲ။

၁၇ တမန်​တော် ပေါလု​ဟာ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​နိုင်​သူ ဖြစ်တယ်။ ဒါပေမဲ့ မှန်ရာကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် “ထိုးနှက်” ရတယ်လို့ ဝန်ခံတယ်။ (၁ ကောရိန္သု ၉:၂၅-၂၇ ကို​ဖတ်ပါ။) ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ဖို့၊ အရာရာကို “နည်းလမ်း​တ​ကျ၊ စည်းစနစ်တကျ” လုပ်ဆောင်ကြဖို့ တခြား​သူတွေကိုလည်း တိုက်တွန်း​တယ်။ (၁ ကော. ၁၄:၄၀) ကျွန်တော်​တို့​လည်း ဟောပြောခြင်း လုပ်ငန်းမှာ ပုံမှန် ပါဝင်ခြင်း​လို​မျိုး ဘုရားရေးရာ လုပ်ဆောင်မှု အလေ့အကျင့်ကောင်း ဆက်​ရှိနေဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​ရမယ်။—တ. ၂:၄၆

အချိန်​မ​ဆွဲ​ပါ​နဲ့

၁၈။ ဘယ်​အချက်​ပေါ် မူတည်ပြီး ကျွန်တော်​တို့ကို အောင်မြင်သူ​တွေ​လို့ ယေဟောဝါ ရှုမြင်​မလဲ။

၁၈ ငါးဖမ်း​သ​မား​ရဲ့ အောင်မြင်မှု​ကို ငါး ဘယ်လောက်များများ ဖမ်းမိ​တယ် ဆိုတာ​ပေါ် မူတည်ပြီး တိုင်းတာ​လေ့ ရှိတယ်။ ကျွန်တော်​တို့​ရဲ့ အောင်မြင်မှု​က​တော့ ဘုရား​အဖွဲ့အစည်း​ထဲ လူ ဘယ်လောက်များများ ခေါ်လာ​နိုင်​သလဲ ဆိုတာ​ပေါ် မ​မူတည်​ဘူး။ (လု. ၈:၁၁-၁၅) ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းမှာ ဆက်​ပါဝင်​နေသရွေ့ ဘုရား​နဲ့ သားတော်ကို နာခံ​နေတာ ဖြစ်​လို့ ကျွန်တော်​တို့ကို အောင်မြင်သူ​တွေ​အဖြစ် ယေဟောဝါ ရှုမြင်ပါ​လိမ့်မယ်။—မာ. ၁၃:၁၀။ တ. ၅:၂၈၊ ၂၉

၁၉-၂၀။ ဟောပြောခြင်း​လုပ်ငန်းမှာ အရှိန်မြှင့်​ဖို့ စေ့ဆော်​ပေး​တဲ့ ထပ်ဆင့် အကြောင်းရင်း​က ဘာလဲ။

၁၉ နိုင်ငံ​တချို့​မှာ သတ်မှတ်​ထား​တဲ့ လတွေ​မှာပဲ ငါးဖမ်း​ခွင့် ရှိတယ်။ အဲဒီလို​နိုင်ငံ​တွေ​မှာ ငါးဖမ်း​ကာလ ကုန်ခါနီး​လေ ငါးဖမ်း​သ​မား ပို​အားစိုက်ထုတ်​လေ​ပဲ။ လူ​ဖမ်း​တဲ့ တံငါသည် ဖြစ်​တဲ့ ကျွန်တော်​တို့အတွက်​လည်း ဒီ​အစီအစဉ်​စနစ် အဆုံး သိပ်​နီးနေပြီ​ဆို​တဲ့ အချက်​က ဟောပြောခြင်း လုပ်ငန်းမှာ အရှိန်မြှင့်​ဖို့ စေ့ဆော်​ပေး​တဲ့ ထပ်ဆင့် အကြောင်းရင်း ဖြစ်တယ်။ ဒီ​အသက်ကယ် လုပ်ငန်းမှာ ပါဝင်​ဖို့ အချိန် နည်းနည်း​ပဲ ကျန်တော့​တယ်။ ဒါ​ကြောင့် အချိန် မ​ဆွဲ​ပါ​နဲ့။ အကောင်းဆုံး​အချိန်ကို စောင့်မ​နေပါ​နဲ့။—ဒေ. ၁၁:၄

၂၀ စိတ်​ကို စေ့ဆော်​ပေး​တဲ့ အကြောင်းရင်း ခိုင်မာ​အောင်၊ ကျမ်းစာ အသိပညာနဲ့ ရဲစွမ်းသတ္တိ တိုးများ​အောင်၊ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်​နိုင်စွမ်း ရှိအောင် အခု​ကတည်းက လုပ်ဆောင်ပါ။ လူ​ဖမ်း​တဲ့ တံငါသည် ရှစ်​သန်း​ကျော်​နဲ့ ပူးပေါင်း​ပါ။ ယေဟောဝါ ပေးသနား​တဲ့ ဝမ်းမြောက်ခြင်း​ကို ခံစား​ပါ။ (နေ. ၈:၁၀) လူ​ဖမ်း​တဲ့ တံငါ​လုပ်ငန်းမှာ အပြည့်အဝ ပါဝင်​ဖို့၊ ပြီးစီး​တဲ့​အထိ လုပ်ဖို့ စိတ်ပိုင်းဖြတ်​ထား​ပါ။ လူဖမ်း​တဲ့ တံငါသည်​အဖြစ် ဟောပြောခြင်း​လုပ်ငန်းမှာ ဆက်​ပါဝင်​မယ်​ဆို​တဲ့ စိတ်ပိုင်းဖြတ်​ချက် ခိုင်မာ​အောင် လုပ်ဆောင်​နိုင်​တဲ့ နည်းလမ်း​သုံးခုကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

သီချင်း ၆၆ သတင်းကောင်း ကြေညာ

^ အပိုဒ်၊ 5 နှိမ့်ချ​ပြီး အလုပ်​ကြိုးစား​တဲ့ တံငါသည်​တွေ​ကို မိမိ​နောက် လိုက်​ဖို့ ယေရှု ဖိတ်ခေါ်တယ်။ ဒီနေ့လည်း အဲဒီလို​အရည်အသွေး​ ရှိသူတွေကို မိမိ​နောက် လိုက်​ဖို့ ဖိတ်ခေါ်​နေဆဲပဲ။ ဒီ​ဆောင်းပါး​မှာ ယေရှုရဲ့ ဖိတ်ခေါ်ချက်​ကို လက်ခံဖို့ တွန့်ဆုတ်​နေတဲ့ ကျမ်းစာ​သင်သားတွေ ဘာလုပ်​ရမယ်ဆိုတာ ဆွေးနွေး​သွားပါမယ်။

^ အပိုဒ်၊ 1 စကားလုံး ရှင်းလင်းချက်– “လူ​ဖမ်း​တဲ့ တံငါသည်” ဆိုတာ ခရစ်တော်​ရဲ့ တပည့်ဖြစ်​လာဖို့ တခြား​သူတွေကို သတင်းကောင်း ဟောပြော၊ သွန်သင်ပေး​သူအား​လုံး​ကို ဆိုလို​တယ်။

^ အပိုဒ်၊ 10 ၂၀၁၈၊ အောက်တိုဘာ​လထုတ် ကင်းမျှော်စင် စာ. ၁၁-၁၆ “အမှန်တရားကို သင်ပေးပါ” ဆောင်းပါး​ကို ကြည့်​ပါ။