မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၁

ပေတရုရဲ့ စာနှစ်စောင်ကနေ ရတဲ့ သင်ခန်းစာတွေ

ပေတရုရဲ့ စာနှစ်စောင်ကနေ ရတဲ့ သင်ခန်းစာတွေ

“ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို အမြဲတမ်း သတိပေးချင်တယ်။” —၂ ပေ. ၁:၁၂

သီချင်း ၁၂၇ ဘယ်လို လူစားမျိုး ဖြစ်သင့်

အကြိုသုံးသပ်ချက် a

၁။ ဘဝ နေဝင်ခါနီး တမန်တော် ပေတရုကို ယေဟောဝါ ဘယ်လို သုံးသလဲ။

 တမန်တော် ပေတရု နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်တယ်။ ယေရှုနဲ့အတူ လိုက်ဟောတယ်။ လူမျိုးခြားတွေကို ဟောဖို့ လမ်းဖောက်တယ်။ နောက်ပိုင်းမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာတယ်။ ဘဝ နေဝင်ချိန် ရောက်တော့မယ်ဆိုတာ သိလိုက်ရတဲ့ အေဒီ ၆၂-၆၄ လောက်မှာပဲ ယေဟောဝါဘုရားဆီကနေ နောက်ထပ် တာဝန် ရတယ်။ ပေတရု ပထမစောင်နဲ့ ဒုတိယစောင် ရေးဖို့ပါ။ မိမိ သေဆုံးပြီးနောက် ခရစ်ယာန်တွေအတွက် ဒီစာတွေ အထောက်အကူ ဖြစ်ဖို့ ပေတရု မျှော်လင့်တယ်။—၂ ပေ. ၁:၁၂-၁၅

၂။ ပေတရုရဲ့ စာတွေဟာ ဘာကြောင့် အချိန်ကိုက် ဖြစ်သလဲ။

ဒီစာနှစ်စောင်ကို ပေတရု ရေးတဲ့အချိန်အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ “စမ်းသပ်မှု အမျိုးမျိုး ကြုံ” နေကြရတယ်။ (၁ ပေ. ၁:၆) သွန်သင်ချက် အမှားတွေ၊ မသန့်ရှင်းတဲ့ အမူအကျင့်တွေ ခရစ်ယာန် အသင်းတော်ထဲ ရောက်လာအောင် ဆိုးညစ်သူတွေ လုပ်နေကြတယ်။ (၂ ပေ. ၂:၁၊ ၂၊ ၁၄) ဒါ့အပြင် “အရာခပ်သိမ်းရဲ့ အဆုံး” ကို ဂျေရုဆလင်မြို့က ခရစ်ယာန်တွေ ရင်ဆိုင်ကြရတော့မယ်။ အဲဒါကတော့ ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော်ကို ရောမစစ်တပ် ဖျက်ဆီးပစ်မယ့်အချိန်ပါ။ (၁ ပေ. ၄:၇) လက်ရှိ စမ်းသပ်မှုတွေ ခံရပ်နိုင်အောင်၊ အနာဂတ် စမ်းသပ်မှုတွေအတွက် အသင့်ဖြစ်နေအောင် ဘာလုပ်ရမလဲဆိုတာ သိဖို့ ပေတရုရဲ့ စာတွေက ခရစ်ယာန်တွေကို ကူညီပေးခဲ့မှာ သေချာတယ်။ b

၃။ ပေတရုရဲ့ စာတွေကို ဘာကြောင့် ဆန်းစစ်သင့်သလဲ။

ဒီစာတွေကို ပထမရာစု ခရစ်ယာန်တွေဆီ ပေတရု ရေးခဲ့တာ ဖြစ်ပေမဲ့ ကျမ်းစာမှာ ယေဟောဝါ ထည့်ထားတယ်။ ကျွန်တော်တို့ သင်ခန်းစာ ယူနိုင်ဖို့ပါ။ (ရော. ၁၅:၄) မသန့်ရှင်းတဲ့ အကျင့်တွေ မှိုလို ပေါက်နေတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရလို့ ယေဟောဝါအမှု ဆောင်ဖို့ ခက်နိုင်တယ်။ ဒါ့အပြင် ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော် ဖျက်ဆီးခံရတုန်းက ကြုံရတာထက် ပိုဆိုးတာ ကြုံကြရတော့မယ်။ ဒါပေမဲ့ ပေတရုရဲ့ စာနှစ်စောင်မှာ ပါတဲ့ သတိပေးချက်တွေက ယေဟောဝါရဲ့ နေ့ကြီးကို စိတ်စွဲလမ်းပြီး စောင့်မျှော်ဖို့၊ လူကြောက်တဲ့ စိတ်ကို တွန်းလှန်ဖို့၊ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် သိုးတော်စုကို ဘယ်လို ထိန်းကျောင်းရမလဲဆိုတာ အကြီးအကဲတွေကို နားလည်စေပါလိမ့်မယ်။

စိတ်စွဲလမ်းပြီး စောင့်မျှော်နေကြပါ

၄။ ၂ ပေတရု ၃:၃၊ ၄ အရ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘာက ယိမ်းယိုင်သွားစေနိုင်သလဲ။

ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေကြား ကျွန်တော်တို့ အသက်ရှင်ကြရတယ်။ အဆုံး ရောက်လာတော့မယ်ဆိုပြီး ပြောနေတာ နှစ်နဲ့ချီ ကြာပြီ ဖြစ်လို့ ဆန့်ကျင်သူတွေ လှောင်ကြတယ်။ တချို့ဆိုရင် ယေဟောဝါရဲ့ နေ့ကြီး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ (၂ ပေတရု ၃:၃၊ ၄ ကို ဖတ်ပါ။) အမှုဆောင်မှာ တွေ့ရသူတွေ၊ အလုပ်ဖော်တွေ၊ မိသားစုဝင်တွေဆီက ဒီလိုစကား ကြားရတဲ့အခါ ကျွန်တော်တို့ ယုံကြည်ခြင်း ယိမ်းယိုင်လာနိုင်တယ်။ ယုံကြည်ခြင်း မယိမ်းယိုင်ဖို့ ဘာက ကူညီပေးနိုင်တယ်ဆိုတာ ပေတရု ပြောပြထားတယ်။

၅။ စနစ်အဆုံးနဲ့ပတ်သက်ပြီး အမြင်မှန် ရှိဖို့ ဘာက ကူညီပေးမလဲ။ (၂ ပေတရု ၃:၈၊ ၉)

လက်ရှိ ဆိုးညစ်တဲ့ စနစ်ကို ယေဟောဝါ အဆုံးတိုင်ဖို့ လူတချို့ အမြင်မှာ နှောင့်နှေးနေပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ပေတရုရဲ့ စကားတွေက ကျွန်တော်တို့ကို အမြင်မှန် ရှိစေတယ်။ အချိန်နဲ့ပတ်သက်ပြီး လူ့အမြင်နဲ့ ယေဟောဝါရဲ့ အမြင် တော်တော် ကွာကြောင်း သတိပေးထားလို့ပါ။ (၂ ပေတရု ၃:၈၊ ၉ ကို ဖတ်ပါ။) လူတွေအတွက် အနှစ်တစ်ထောင်ဟာ ယေဟောဝါအတွက် တစ်ရက်ပဲ။ ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့ ယေဟောဝါ စိတ်ရှည်ပေးနေတာ။ သတ်မှတ်ထားတဲ့ နေ့ ရောက်ရင်တော့ ဒီလောကစနစ် အဆုံးတိုင်သွားလိမ့်မယ်။ အဲဒီနေ့ မရောက်ခင် ကျန်နေတဲ့ အချိန်အတွင်း ကမ္ဘာတစ်ဝန်းက လူတွေကို သတင်းကောင်း ပြောပြရတာ အခွင့်ထူးပဲ။

၆။ ယေဟောဝါရဲ့ နေ့ကို ဘယ်လိုနည်းနဲ့ “စိတ်စွဲလမ်း” ရမလဲ။ (၂ ပေတရု ၃:၁၁၊ ၁၂)

ယေဟောဝါရဲ့ နေ့ကို “စိတ်စွဲလမ်း” ဖို့ ပေတရု အားပေးတယ်။ (၂ ပေတရု ၃:၁၁၊ ၁၂ ကို ဖတ်ပါ။) ဘယ်လိုနည်းနဲ့ စိတ်စွဲလမ်းနိုင်မလဲ။ ကမ္ဘာသစ်မှာ ရမယ့် ကောင်းချီးတွေကို နေ့တိုင်း စဉ်းစားနိုင်တယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေ ရှူနေတယ်၊ အာဟာရ ရှိတဲ့ အစားအစာတွေ စားနေတယ်၊ ရှင်ပြန်ထမြောက်လာတဲ့ ချစ်မြတ်နိုးရသူတွေကို ကြိုဆိုနေတယ်၊ ကျမ်းစာ ကြိုဟောချက်တွေ ပြည့်စုံမှုအကြောင်း ရှေးခေတ်က လူတွေကို ရှင်းပြနေတယ်လို့ မြင်ယောင်ကြည့်ပါ။ အဲဒီလို မြင်ယောင်တာက အဲဒီအချိန်ကို မျှော်လင့်တကြီး စောင့်နေဖို့ ကူညီပေးတယ်။ မကြာခင် အဆုံး ရောက်လာမယ်ဆိုတာ စိတ်ချစေတယ်။ အနာဂတ်အကြောင်း “ကြိုသိထားတဲ့အတွက်” ဆရာအတုအယောင်တွေနောက် ပါမသွားတော့ဘူး။—၂ ပေ. ၃:၁၇

လူကြောက်တဲ့ စိတ်ကို တွန်းလှန်ကြပါ

၇။ လူကြောက်ရင် ဘာဖြစ်နိုင်သလဲ။

ယေဟောဝါရဲ့ နေ့ကြီး မကြာခင် ရောက်လာတော့မယ်ဆိုတာ သိလို့ တခြားသူတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး သတင်းကောင်း ဟောကြတယ်။ ဒါပေမဲ့ တစ်ခါတလေ မဟောရဲတာမျိုး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။ တဒင်္ဂ လူကြောက်တဲ့ စိတ်ကြောင့်ပါ။ ဥပမာ၊ ပေတရုဆိုရင် ယေရှု အဖမ်းခံရတဲ့ ညမှာ ယေရှုတပည့်ပါဆိုတာ ထုတ်မပြောရဲဘူး။ ယေရှုကို မသိပါဘူးလို့တောင် အကြိမ်ကြိမ် ငြင်းတယ်။ (မ. ၂၆:၆၉-၇၅) ဒါပေမဲ့ နောက်ပိုင်း၊ ကြောက်စိတ် တွန်းလှန်နိုင်သွားတဲ့အတွက် “သူတို့ ကြောက်တာကို မကြောက်ပါနဲ့၊ စိတ်အနှောင့်အယှက်လည်း မဖြစ်ပါနဲ့” လို့တောင် ပြောနိုင်ခဲ့တယ်။ (၁ ပေ. ၃:၁၄) လူကြောက်တဲ့ စိတ်ကို တွန်းလှန်နိုင်ကြောင်း ပေတရုရဲ့ စကားတွေက သက်သေပါပဲ။

၈။ လူကြောက်တဲ့ စိတ်ကို တွန်းလှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ ပေတရု ၃:၁၅)

လူကြောက်တဲ့ စိတ်ကို တွန်းလှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ “ခရစ်တော်ကို သန့်ရှင်းမြင့်မြတ်တဲ့ သခင်အဖြစ် စိတ်နှလုံးထဲမှာ အသိအမှတ်ပြုပါ” လို့ ပေတရု ပြောတယ်။ (၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။) ဘာကို ဆိုလိုသလဲ။ ယေရှုခရစ်ဟာ ဘုရင် ဖြစ်တယ်၊ တန်ခိုးအာဏာ အများကြီး ရထားတယ်ဆိုတာ သတိရဖို့ ဆိုလိုတာပါ။ သတင်းကောင်း ဟောဖို့ အခွင့်အရေး ပေါ်လာပေမဲ့ မဟောရဲဘူး၊ ကြောက်နေတယ်ဆိုရင် ဘုရင် ယေရှုကို သတိရလိုက်ပါ။ ကောင်းကင်တမန် သန်းချီ ခြံရံပြီး ကောင်းကင်မှာ ယေရှု နန်းထိုင်နေတာကို မြင်ယောင်လိုက်ပါ။ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာ ရှိသမျှ” ရထားတယ်၊ “လောကစနစ် နိဂုံးပိုင်းအထိ” ကျွန်တော်တို့နဲ့အတူ “အမြဲ ရှိနေမယ်” ဆိုတာ စဉ်းစားလိုက်ပါ။ (မ. ၂၈:၁၈-၂၀) ကိုယ့်ယုံကြည်ချက်ကို ဖြေရှင်းပြောပြဖို့ “အမြဲ အသင့်ရှိကြပါ” လို့ ပေတရု အားပေးတယ်။ ကျောင်းမှာ၊ အလုပ်မှာ၊ တခြား ဘယ်နေရာမှာ ဖြစ်ဖြစ် အခွင့်အရေး ရတဲ့အခါ သက်သေခံချင်သလား။ ဒါဆိုရင် ဘယ်အချိန်မျိုးမှာ သက်သေခံလို့ ရမလဲ ကြိုစဉ်းစားပါ။ ဘာပြောမလဲ ပြင်ဆင်ထားပါ။ သတ္တိ ရှိဖို့ ဆုတောင်းပါ။ လူကြောက်တဲ့ စိတ် တွန်းလှန်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချပါ။—တ. ၄:၂၉

“နှစ်နှစ်ကာကာ ချစ်ကြပါ”

ပေါလု ဆုံးမတာကို ပေတရု လက်ခံ။ ညီအစ်ကို/မတွေကို မေတ္တာပြဖို့ စာနှစ်စောင်မှာ ပေတရု အလေးပေး (စာပိုဒ် ၉ ကို ကြည့်ပါ)

၉။ တစ်ကြိမ်မှာ ပေတရု မေတ္တာပြဖို့ ဘယ်လို ပျက်ကွက်ခဲ့သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

“အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်သလို အချင်းချင်း ချစ်ကြပါ” လို့ ယေရှု ပြောတုန်းက ပေတရု ရှိတယ်။ (ယော. ၁၃:၃၄) ဒါကြောင့် တခြားသူတွေကို မေတ္တာ ဘယ်လို ပြရမယ်ဆိုတာ သိတယ်။ ဒါနဲ့တောင် နောက်ပိုင်းမှာ လူကြောက်တဲ့ စိတ်ကြောင့် လူမျိုးခြား ညီအစ်ကို/မတွေနဲ့ မစားသောက်တော့ဘူး။ ဒါကို “ဟန်ဆောင်” တဲ့ လုပ်ရပ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဂလ. ၂:၁၁-၁၄) ပေါလု ဆုံးမတာကို ပေတရု လက်ခံတယ်။ အမှားကနေ သင်ခန်းစာ ယူတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ စိတ် ရှိရုံ မဟုတ်ဘဲ ချစ်ကြောင်း ပြရမယ်လို့ စာနှစ်စောင်စလုံးမှာ အလေးပေးထားတယ်။

၁၀။ ဘယ်လိုလူတွေပဲ “ဟန်ဆောင်မှု ကင်းတဲ့ ညီရင်းအစ်ကိုမေတ္တာ” ပြနိုင်သလဲ။ ရှင်းပြပါ။ (၁ ပေတရု ၁:၂၂)

၁၀ ညီအစ်ကို/မတွေကို “ဟန်ဆောင်မှု ကင်းတဲ့ ညီရင်းအစ်ကိုမေတ္တာ” နဲ့ ချစ်ပါလို့ ပေတရု ပြောတယ်။ (၁ ပေတရု ၁:၂၂ ကို ဖတ်ပါ။) “အမှန်တရားကို နာခံ” တဲ့သူမှပဲ ဒီလိုမေတ္တာမျိုး ရှိနိုင်မယ်။ အမှန်တရားလို့ ပြောတဲ့အခါ ‘ဘုရားသခင် မျက်နှာမလိုက်ဘူး’ ဆိုတဲ့ သွန်သင်ချက်လည်း ပါတယ်။ (တ. ၁၀:၃၄၊ ၃၅) အသင်းတော်မှာ ညီအစ်ကို/မတချို့ကိုပဲ ကွက်ပြီး မေတ္တာ ပြမယ်ဆိုရင် အချင်းချင်း ချစ်ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံရာ ရောက်မှာ မဟုတ်ဘူး။ ပိုချစ်၊ ပိုခင်တဲ့သူ ရှိတာ မမှားပါဘူး။ ယေရှုမှာလည်း ပိုချစ်ရတဲ့ တပည့် ရှိခဲ့တာပဲ။ (ယော. ၁၃:၂၃။ ၂၀:၂) ဒါပေမဲ့ ညီအစ်ကို/မအားလုံးကို “ညီရင်းအစ်ကိုမေတ္တာ” နဲ့ ချစ်ဖို့ ကြိုးစားသင့်တယ်လို့ ပေတရု သတိပေးတယ်။ ကမ္ဘာချီ မိသားစုဝင်တွေ ဖြစ်ကြလို့ပဲ။—၁ ပေ. ၂:၁၇

၁၁။ တခြားသူတွေကို “နှစ်နှစ်ကာကာ ချစ်” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၁ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ” လို့ ပေတရု အားပေးတယ်။ အထက်အောက် စကားတွေအရ ချစ်ချင်စရာ မကောင်းရင်တောင် ကြိုးစားချစ်ဖို့ ဆိုလိုတယ်။ ဥပမာ၊ ညီအစ်ကို/မတစ်ယောက် ကျွန်တော်တို့ကို တစ်နည်းနည်းနဲ့ စိတ်ဆိုးအောင်၊ စိတ်နာအောင် လုပ်တယ် ဆိုပါစို့။ စိတ်ရှိတိုင်းသာဆိုရင် ချစ်ဖို့ မပြောနဲ့ လက်တောင် တုံ့ပြန်မိမှာ။ ဒါပေမဲ့ လက်တုံ့ပြန်တာကို ဘုရား မနှစ်သက်ဘူးဆိုတာ ယေရှုဆီကနေ ပေတရု သင်ယူခဲ့ရတယ်။ (ယော. ၁၈:၁၀၊ ၁၁) “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကားခံရတဲ့အခါ ပြန်ပြီး မစော်ကားပါနဲ့။ အဲဒီအစား ဆုမွန်ကောင်း တောင်းပေးလိုက်ပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၃:၉) ကျွန်တော်တို့သာ နှစ်နှစ်ကာကာ ချစ်တတ်ရင် ကိုယ့်ကို စိတ်နာအောင် လုပ်သူတွေကိုတောင် ကြင်နာမှာ၊ ထောက်ထားမှာ ဖြစ်တယ်။

၁၂။ (က) နှစ်နှစ်ကာကာ ချစ်တာက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသေးသလဲ။ (ခ) အဖိုးတန် ဆုကျေးဇူး စည်းလုံးမှုကို ထိန်းသိမ်းပါ ဗီဒီယိုမှာ ဖော်ပြထားတဲ့အတိုင်း ဘာလုပ်ဖို့ သင် ကြိုးစားချင်သလဲ။

၁၂ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ရင် အပြစ် တစ်ခု၊ နှစ်ခုမကလို့ တောင်ပုံရာပုံ ရှိရင်တောင် ခွင့်လွှတ်မှာ ဖြစ်တယ်လို့ ပထမစာမှာ ပေတရု ပြောတယ်။ (၁ ပေ. ၄:၈) ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ယေရှု သင်ပေးတာကို သတိရသွားပုံပဲ။ ညီအစ်ကိုကို “ခုနစ်ကြိမ်” အထိ ခွင့်လွှတ်မယ်လို့ ပြောတုန်းက ကိုယ့်ကိုယ်ကိုယ် သဘောထား ကြီးလှပြီလို့ ပေတရု ထင်ပုံရတယ်။ ဒါပေမဲ့ “၇၇ ကြိမ်အထိ” ခွင့်လွှတ်ဖို့ ယေရှု သင်ပေးတယ်။ အကြိမ် အကန့်အသတ် မရှိ ခွင့်လွှတ်ဖို့ ပြောနေတာ။ ကျွန်တော်တို့အတွက်လည်း သင်ခန်းစာပဲ။ (မ. ၁၈:၂၁၊ ၂၂) ယေရှု ခွင့်လွှတ်ခိုင်းသလို ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ရှိခဲ့ရင် စိတ်ဓာတ်မကျပါနဲ့။ မစုံလင်သူတွေ ဖြစ်လို့ ဘုရားကျေးကျွန်အားလုံး ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ကြုံဖူးကြတယ်။ အရေးကြီးတာက အခုကစပြီး ခွင့်လွှတ်ဖို့၊ ပြန်သင့်မြတ်အောင် လုပ်ဖို့ပဲ။ c

အကြီးအကဲတို့၊ သိုးတော်စုကို ထိန်းကျောင်းကြပါ

၁၃။ ညီအစ်ကို/မတွေကို အားပေးဖို့ အကြီးအကဲတွေ ဘာကြောင့် အချိန်ရှာရ ခက်နိုင်သလဲ။

၁၃ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် “သိုးကလေးတွေကို ထိန်းပါ” လို့ မှာခဲ့တာ ပေတရု ဘယ်တော့မှ မမေ့ဘူး။ (ယော. ၂၁:၁၆) သင်ဟာ အကြီးအကဲဆိုရင် ဒီမိန့်မှာချက်က သင်နဲ့လည်း ဆိုင်တယ်ဆိုတာ သိမှာပါ။ ဒါပေမဲ့ အချိန် ရှားလွန်းလို့ သိုးတွေကို ထိန်းကျောင်းပါဆိုတဲ့ တာဝန် ကျေဖို့ ခက်နေနိုင်တယ်။ အကြီးအကဲတွေဟာ အရင်ဆုံး ကိုယ့်မိသားစုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်းကို ဂရုစိုက်ပေးကြရတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဦးဆောင်ရတယ်။ အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီး တာဝန်တွေအတွက် ပြင်ဆင်၊ တင်ဆက်ကြရတယ်။ တချို့ဆိုရင် ဆေးရုံ ဆက်သွယ်ရေး ကော်မတီ၊ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေး ဌာနတွေမှာ တာဝန် ရကြတယ်။ တကယ် အလုပ်များကြတယ်။

မေတ္တာပြည့်ဝတဲ့ အကြီးအကဲတွေဟာ အလုပ်များပေမဲ့ ဘုရားသခင့် သိုးတော်စုကို အတတ်နိုင်ဆုံး ထိန်းကျောင်း (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)

၁၄။ သိုးတော်စုကို ထိန်းကျောင်းရာမှာ အကြီးအကဲတွေကို ဘယ်အချက်က အားရှိစေနိုင်သလဲ။ (၁ ပေတရု ၅:၁-၄)

၁၄ “ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ” လို့ အကြီးအကဲ အချင်းချင်းကို ပေတရု အားပေးတယ်။ (၁ ပေတရု ၅:၁-၄ ကို ဖတ်ပါ။) အကြီးအကဲတို့၊ ညီအစ်ကို/မတွေကို သင် ချစ်တယ်၊ ထိန်းကျောင်းပေးချင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အလုပ်များလွန်းလို့၊ ပင်ပန်းလွန်းလို့ တာဝန် မကျေဘူးလို့ တစ်ခါတလေ ခံစားရနိုင်တယ်။ ဘာလုပ်နိုင်သလဲ။ ကိုယ့်ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ “သူတစ်ပါးအတွက် အကျိုးဆောင်တဲ့သူကလည်း ဘုရား ပေးတဲ့ ခွန်အားနဲ့ လုပ်ဆောင်ပါစေ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၄:၁၁) ညီအစ်ကို/မတွေ ကြုံနေရတာက ဒီလောကစနစ်မှာ ဘယ်လိုမှ ပြေလည်မှာ မဟုတ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ သင် ကူညီပေးနိုင်တာထက် “သိုးထိန်းချုပ်” ယေရှုခရစ် ပိုကူညီပေးနိုင်တယ်ဆိုတာ သတိရပါ။ လောလောဆယ်ကော ကမ္ဘာသစ်မှာပါ ကူညီပေးနိုင်တယ်။ ညီအစ်ကို/မတွေကို ချစ်ဖို့၊ ထိန်းကျောင်းဖို့၊ “သိုးတော်စုရှေ့မှာ စံနမူနာ ပြ” ဖို့ပဲ သင့်ကို ယေဟောဝါ တောင်းဆိုတာပါ။

၁၅။ အကြီးအကဲတစ်ယောက် သိုးတော်စုကို ဘယ်လို ထိန်းကျောင်းသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၅ သိုးတွေကို ထိန်းကျောင်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သက်တမ်းကြာ အကြီးအကဲ ဝီလျံ သိတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ ဝီလျံနဲ့ တခြားအကြီးအကဲတွေဟာ တာဝန်ကျ အုပ်စုထဲက တစ်ယောက်ချင်းစီကို အပတ်တိုင်း ဆက်သွယ်ကြတယ်။ “ညီအစ်ကို/မ တော်တော်များများက တစ်ယောက်တည်းသမားတွေ။ တစ်ယောက်တည်းဆိုတော့ အပျက်သဘောတွေ တွေးဖို့ တအား လွယ်တယ်” လို့ ပြောတယ်။ ပြဿနာ ကြုံနေရတဲ့ ညီအစ်ကို/မ ရင်ဖွင့်လာတဲ့အခါ ဝီလျံ ကောင်းကောင်း နားထောင်ပေးတယ်။ ဘာစိတ်ပူနေသလဲ၊ ဘာလိုအပ်သလဲ သိအောင် လုပ်တယ်။ ဝက်ဘ်ဆိုက်မှာ ရှိတဲ့ စာပေတွေ၊ ဗီဒီယိုတွေ ရှာပြီး အားပေးတယ်။ “အရင်ကထက် အခုအချိန်မှာ ညီအစ်ကို/မတွေကို ထိန်းကျောင်းပေးဖို့ ပိုလိုတယ်။ ယေဟောဝါအကြောင်း သိလာဖို့ သိုးအသစ်တွေ ကျွန်တော်တို့ ကြိုးစားရှာကြတယ်။ အဲဒီလိုပဲ ရှိပြီးသား သိုးတွေ အမှန်တရားထဲ ဆက်ရှိနေအောင် ကြိုးစားထိန်းကျောင်းပေးရမယ်” လို့ ပြောတယ်။

ယေဟောဝါ အပြည့်အဝ လေ့ကျင့်ပေးတာ ခံယူကြပါ

၁၆။ ပေတရုရဲ့ စာတွေကနေ ရတဲ့ သင်ခန်းစာကို ဘယ်လို လက်တွေ့ကျင့်နိုင်သလဲ။

၁၆ ပေတရုရဲ့ စာနှစ်စောင်ထဲက သင်ခန်းစာတချို့ ဆွေးနွေးခဲ့ကြတယ်။ တိုးတက်ဖို့ လိုတဲ့ ကဏ္ဍတစ်ခုခု သင် သတိပြုမိသလား။ ဥပမာ၊ ကမ္ဘာသစ်မှာ ရမယ့် ကောင်းချီးတွေအကြောင်း ဒီထက် ပိုပြီး မကြာခဏ စဉ်းစားချင်စိတ် ပေါ်လာသလား။ အလုပ်မှာ၊ ကျောင်းမှာ၊ တခြား ဘယ်နေရာမှာ ဖြစ်ဖြစ် သက်သေခံဖို့ ပန်းတိုင် ထားလိုက်ပြီလား။ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း ပြနိုင်မယ့် နည်းတွေ ရှာတွေ့သလား။ အကြီးအကဲတို့၊ ယေဟောဝါရဲ့ သိုးတော်စုကို စိတ်ပါလက်ပါ၊ ထက်ထက်သန်သန် ထိန်းကျောင်းဖို့ ဆုံးဖြတ်ထားသလား။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ကြည့်လို့ ဟာကွက်လေးတွေ တွေ့တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ “သခင် [ယေရှု] ဟာ သနားကြင်နာတတ်” တယ်။ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၃) “ဘုရားသခင်ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ . . . ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်” လို့ ပေတရု အာမခံထားတယ်။—၁ ပေ. ၅:၁၀

၁၇။ လက်မလျှော့ဘဲ ဆက်ကြိုးစားရင်၊ ယေဟောဝါ လေ့ကျင့်ပေးတာ ခံယူရင် ဘာရလဒ် ရမလဲ။

၁၇ ယေရှုဘေးမှာ ရှိနေဖို့တောင် မထိုက်တန်ဘူးလို့ ပေတရု ခံစားခဲ့ရဖူးတယ်။ (လု. ၅:၈) ဒါပေမဲ့ ယေဟောဝါ၊ ယေရှုတို့ရဲ့ မေတ္တာပါ ထောက်မမှုနဲ့ လက်မလျှော့တမ်း ခရစ်တော်နောက် ဆက်လိုက်တယ်။ ဒါကြောင့် “ကယ်တင်ရှင် သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်” ရတယ်။ (၂ ပေ. ၁:၁၁) တကယ့် အခွင့်ထူးပဲ။ သင်လည်း ပေတရု လက်မလျှော့ဘဲ ဆက်ကြိုးစားသလို ကြိုးစားမယ်၊ ယေဟောဝါ လေ့ကျင့်ပေးတာ ခံယူမယ်ဆိုရင် ထာဝရအသက် ဆုကျေးဇူး ရမယ်။ “ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရ” ပါလိမ့်မယ်။—၁ ပေ. ၁:၉

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

a ပေတရုရဲ့ စာတွေကနေ ရတဲ့ သင်ခန်းစာက စမ်းသပ်မှုတွေ ခံရပ်ဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ သိုးထိန်းတာဝန် ဘယ်လို ကျေပွန်နိုင်ကြောင်းလည်း အကြီးအကဲတွေ သိရပါမယ်။

b အေဒီ ၆၆၊ ဂျေရုဆလင်မြို့ကို ရောမတွေ ပထမအကြိမ် လာမတိုက်ခင် ပေတရုရဲ့ စာနှစ်စောင်စလုံးကို ပါလက်စတိုင်းဒေသမှာ နေတဲ့ ခရစ်ယာန်တွေ ရခဲ့ကြပုံပဲ။