လေ့လာရန် ဆောင်းပါး ၄၀
ပေတရု လက်မလျှော့ဘဲ ကြိုးစားသလို ကြိုးစားပါ
“သခင်၊ ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။ ကျွန်တော့်ဆီက ထွက်သွားပေးပါ။”—လု. ၅:၈။
သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်
အကြိုသုံးသပ်ချက် a
၁။ ငါးအများကြီး မိအောင် ယေရှု အံ့ဖွယ်နည်းနဲ့ ကူညီပေးလိုက်တော့ ပေတရု ဘယ်လို ခံစားသွားရသလဲ။
ပေတရု တစ်ညလုံး ငါးဖမ်းတယ်။ တစ်ကောင်မှ မရဘူး။ ဒါပေမဲ့ “ရေနက်တဲ့ဘက်ကို လှော်သွားပြီး ပိုက်ကွန်ချ” ပါလို့ ယေရှု ပြောတယ်။ (လု. ၅:၄) ငါးမိမယ်လို့ မထင်ပေမဲ့ ယေရှု ပြောတဲ့အတိုင်း ပိုက်ကွန်ချတယ်။ ငါးတွေ မိလိုက်တာမှ ပိုက်ကွန် ပေါက်ပြဲလုမတတ်ပဲ။ ယေရှု အံ့ဖွယ်အမှု လုပ်ပြလိုက်မှန်း သိပြီး ပေတရုနဲ့ တံငါသည် ရောင်းရင်းတွေ “သိပ်အံ့ဩသွား” ကြတယ်။ ဒါနဲ့ “သခင်၊ ကျွန်တော်ဟာ အပြစ်များတဲ့သူပါ။ ကျွန်တော့်ဆီက ထွက်သွားပေးပါ” လို့ ပေတရု ကောက်ကာငင်ကာ ထပြောတယ်။ (လု. ၅:၆-၉) ယေရှုဘေးမှာ ရှိနေဖို့တောင် မထိုက်တန်ဘူးလို့ ခံစားသွားပုံပဲ။
၂။ ပေတရုအကြောင်း လေ့လာတာ ဘာကြောင့် အကျိုးရှိသလဲ။
၂ “အပြစ်များတဲ့သူပါ” လို့ ပေတရု ကိုယ့်ကိုယ်ကိုယ် ပြောတာ မှန်တယ်။ နောက်မှ နောင်တရမယ့်အရာတွေ တစ်ခါတလေ ပြောမိ၊ လုပ်မိလို့ပဲ။ သင့်အဖြစ်ကော ပေတရုနဲ့ တူနေသလား။ အချိန်ကြာသွားတာတောင် အကျင့်ကောင်းတစ်ခု ရှိလာဖို့၊ အကျင့်ဆိုးတစ်ခု ဖျောက်ဖို့ မနည်း ကြိုးစားနေရတုန်းလား။ ဒါဆိုရင် ဒီအချက် စဉ်းစားကြည့်ပါ– ပေတရုရဲ့ အမှားတွေကို ကျမ်းစာမှာ ယေဟောဝါ ထည့်မရေးခိုင်းလို့ ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သင်ခန်းစာ ယူလို့ ရအောင် ထည့်ထားတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ကျွန်တော်တို့လိုပဲ အားနည်းချက်၊ ခံစားချက် ရှိတဲ့ ပေတရုအကြောင်း လေ့လာတဲ့အခါ နှစ်သိမ့်မှု ရနိုင်တယ်။ အမှားကင်းဖို့ ယေဟောဝါ မမျှော်လင့်ဘူး၊ အားနည်းချက် ရှိပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ပဲ မျှော်လင့်တယ်ဆိုတာ သဘောပေါက်လာမှာ ဖြစ်လို့ပဲ။
၃။ ဘာကြောင့် လက်မလျှော့ဘဲ ဆက်ကြိုးစားရမလဲ။
၃ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာကြောင့် အရေးကြီးသလဲ။ “တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲ” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ဥပမာ၊ လူတစ်ယောက် ဂစ်တာ တီးတာ ကျွမ်းဖို့ နှစ်နဲ့ချီ ကြာနိုင်တယ်။ အဲဒီအတောအတွင်း လက်ကွက်တွေ ခဏခဏ မှားတယ်။ ဆက်လေ့ကျင့်ရင်း တိုးတက်လာတယ်။ ကျွမ်းသွားရင်လည်း မှားတဲ့အခါတော့ မှားဦးမှာပဲ။ ဒါပေမဲ့ လက်မလျှော့ဘဲ လက်ရည် တက်သည်ထက် တက်အောင် လေ့ကျင့်တယ်။ ကျွန်တော်တို့လည်း အားနည်းချက်တစ်ခု ဖျောက်နိုင်ပြီလို့ ထင်ပြီးခါမှ အမှား ထပ်လုပ်မိနိုင်တယ်။ နောက်မှ နောင်တရမယ့်အရာတွေ ပြောမိ၊ လုပ်မိနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘူး၊ ဆက်ကြိုးစားမယ်ဆိုရင် တိုးတက်သည်ထက် တိုးတက်လာဖို့ ယေဟောဝါ ကူညီပေးမယ်။ (၁ ပေ. ၅:၁၀) လက်မလျှော့ဘဲ ဆက်ကြိုးစားခဲ့တဲ့ ပေတရုအကြောင်း သုံးသပ်ကြည့်ရအောင်။ ပေတရု အမှားတွေ လုပ်မိပေမဲ့ ယေရှု ကရုဏာ ပြတယ်ဆိုတဲ့အချက်က ဘုရားအမှု ဆက်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးနိုင်တယ်။
ပေတရု တွန်းလှန်ရတာတွေ၊ ရလာတဲ့ ကောင်းချီးတွေ
၄။ လုကာ ၅:၅-၁၀ မှာ ကိုယ့်အကြောင်းကိုယ် ပေတရု ဘယ်လို ပြောသလဲ။ ယေရှု ဘယ်လို နှစ်သိမ့်ပေးသလဲ။
၄ “အပြစ်များတဲ့သူပါ” လို့ ပေတရု ဘာကြောင့် ပြောသလဲ၊ ဘာအပြစ်တွေ လုပ်ထားမိလို့လဲဆိုတာ ကျမ်းစာမှာ ဖော်ပြမထားဘူး။ (လုကာ ၅:၅-၁၀ ကို ဖတ်ပါ။) ဒါပေမဲ့ အပြစ် ကြီးကြီးမားမား လုပ်ထားမိတာတွေ ရှိလို့ ဖြစ်မယ်။ ‘ငါ အဲဒီလောက် ကောင်းတဲ့လူလည်း မဟုတ်ဘဲနဲ့’ ဆိုပြီး စိုးရိမ်နေတာ ယေရှု ရိပ်မိတယ်။ သစ္စာရှိမယ့် လူစားမျိုး ဖြစ်မှန်းလည်း သိတယ်။ ဒါကြောင့် “မစိုးရိမ်နဲ့တော့” လို့ ကြင်ကြင်နာနာ ပြောလိုက်တယ်။ ယေရှု ယုံကြည်စိတ်ချပေးလို့ ပေတရုဘဝ ပြောင်းလဲသွားတယ်။ နောက်ပိုင်း၊ ပေတရုနဲ့ ညီအန္ဒြေ တံငါလုပ်ငန်း စွန့်ပြီး ယေရှုနောက် လိုက်ကြတယ်။ ဘုရားကောင်းချီး နည်းအမျိုးမျိုးနဲ့ ခံစားကြရတယ်။—မာ. ၁:၁၆-၁၈။
၅။ အပျက်သဘောကို တွန်းလှန်ပြီး ယေရှုနောက် လိုက်တဲ့အတွက် ပေတရု ဘာကောင်းချီးတွေ ရသလဲ။
၅ ခရစ်တော်နောက်လိုက် ဖြစ်လာလို့ အဖိုးမဖြတ်နိုင်တဲ့ တွေ့ကြုံမှုတွေ ပေတရု ရတယ်။ လူနာတွေကို ယေရှု ကုပေးတာ၊ နတ်ဆိုးတွေ နှင်ထုတ်တာ၊ လူသေတွေ အသက်ပြန်ရှင်စေတာ တွေ့ရတယ်။ b (မ. ၈:၁၄-၁၇။ မာ. ၅:၃၇၊ ၄၁၊ ၄၂) ဘုရားနိုင်ငံတော် မင်းလောင်းအဖြစ် ယေရှု ကိုယ်ယောင် ပြောင်းတဲ့ မမေ့နိုင်စရာ မြင်ကွင်း မြင်ရတယ်။ (မာ. ၉:၁-၈။ ၂ ပေ. ၁:၁၆-၁၈) ယေရှုနောက်သာ မလိုက်ရင် ဒါတွေ မြင်တွေ့ခွင့် ရမှာ မဟုတ်ဘူး။ အပျက်သဘောကို တွန်းလှန်နိုင်ခဲ့လို့ ဒီလို ကောင်းချီးတွေ ရတာ ဝမ်းသာမဆုံး ဖြစ်နေမှာပဲ။
၆။ အားနည်းချက်တွေကို ပေတရု လွယ်လွယ် ဖျောက်နိုင်ခဲ့သလား။ ရှင်းပြပါ။
၆ ဒီလောက် မြင်ထား၊ ကြားထားတာတောင် ပေတရု အားနည်းချက်တွေ တွန်းလှန်ရတုန်းပဲ။ ဥပမာတချို့ စဉ်းစားကြည့်ပါ။ ကျမ်းစာ ကြိုဟောချက်တွေအရ မိမိ ဘယ်လို ဒုက္ခခံပြီး သေရမယ်ဆိုတာ ယေရှု ပြောပြတော့ အဲဒီလို ပြောစရာလားဆိုပြီး ပေတရု အပြစ်တင်တယ်။ (မာ. ၈:၃၁-၃၃) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ပေတရုကော တခြားတမန်တော်တွေပါ ခဏခဏ ငြင်းခုံကြတယ်။ (မာ. ၉:၃၃၊ ၃၄) ယေရှု မသေခင် ညမှာ လူတစ်ယောက်ကို ပေတရု လက်ရဲဇက်ရဲ ဓားနဲ့ ခုတ်လိုက်တာ နားရွက် ပြတ်သွားတယ်။ (ယော. ၁၈:၁၀) ဒါပေမဲ့ အဲဒီညမှာပဲ သတ္တိကြောင်ပြီး မိတ်ဆွေ ယေရှုကို မသိပါဘူးလို့ သုံးကြိမ် ငြင်းတယ်။ (မာ. ၁၄:၆၆-၇၂) နောက်တော့ ရှိုက်ကြီးတငင် သွားငိုတယ်။—မ. ၂၆:၇၅။
၇။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု ဘာအခွင့်အရေး ရသလဲ။
၇ ယူကျုံးမရ ဖြစ်နေတဲ့ ပေတရုကို ယေရှု ပစ်ပစ်ခါခါ မလုပ်ဘူး။ ရှင်ပြန်ထမြောက်လာတော့ မိမိကို ပေတရု ချစ်တုန်းပဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ပေးတယ်။ သိုးတွေကို ထိန်းကျောင်းဖို့ တာဝန်ပေးတယ်။ (ယော. ၂၁:၁၅-၁၇) ပေးတဲ့ တာဝန် ထမ်းဆောင်ဖို့ ပေတရု အသင့်ပဲ။ ဒါကြောင့်လည်း ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မြို့ ရောက်နေတာ။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ ပထမဆုံး အုပ်စုမှာ ပါတာ။
၈။ အန္တိအုတ်မြို့မှာ ပေတရု ဘာအမှားကြီး လုပ်သလဲ။
၈ ဘိသိက်ခံ ခရစ်ယာန် ဖြစ်လာပြီးနောက်မှာတောင် ပေတရု အားနည်းချက်တွေ တွန်းလှန်နေရတုန်းပဲ။ အရေဖြား ဖြတ်မထားတဲ့ လူမျိုးခြား ကော်နေလိ အေဒီ ၃၆ မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတုန်းက ပေတရု ရှိနေတယ်။ “ဘုရားသခင် မျက်နှာမလိုက်” ကြောင်း၊ လူမျိုးခြားတွေကို ခရစ်ယာန် အသင်းတော်ဝင် ဖြစ်ခွင့်ပြုကြောင်း ရှင်းလင်းတဲ့ အထောက်အထားပါပဲ။ (တ. ၁၀:၃၄၊ ၄၄၊ ၄၅) ဒါကြောင့် အရင်ကဆိုရင် လူမျိုးခြားတွေနဲ့ တစ်ခါမှ အတူတူ မစားသောက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း စိတ်ရှင်းရှင်းနဲ့ စားသောက်တယ်။ (ဂလ. ၂:၁၂) ဂျူးခရစ်ယာန်တချို့ကတော့ ဂျူးနဲ့ လူမျိုးခြား အတူတူ မစားသောက်သင့်ဘူးလို့ မြင်ကြတယ်။ အဲဒီလို အမြင်ရှိသူတချို့ အန္တိအုတ်မြို့ကို ရောက်လာတော့ လူမျိုးခြား ညီအစ်ကိုတွေနဲ့ ပေတရု မစားသောက်တော့ဘူး။ ဂျူးခရစ်ယာန်တွေ အမြင်မကြည်မှာ ကြောက်လို့ ဖြစ်မယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တာကို တမန်တော် ပေါလု မြင်တော့ လူရှေ့သူရှေ့မှာတင် ပေတရုကို ဆုံးမလိုက်တယ်။ (ဂလ. ၂:၁၃၊ ၁၄) အမှား လုပ်မိပေမဲ့ ပေတရု လက်မလျှော့ဘဲ ပြန်ကြိုးစားတယ်။ ဘာက ကူညီပေးသလဲ။
လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ပေတရုကို ဘာက ကူညီပေးသလဲ
၉။ ပေတရု သစ္စာရှိကြောင်း ယောဟန် ၆:၆၈၊ ၆၉ က ဘယ်လို ဖော်ပြသလဲ။
၉ ပေတရု သစ္စာရှိတယ်။ ဘာအကြောင်းကြောင့်မှ ယေရှုနောက် မလိုက်ဘဲ မနေဘူး။ (ယောဟန် ၆:၆၈၊ ၆၉ ကို ဖတ်ပါ။) တစ်ခေါက် ယေရှု ပြောတာ တပည့်တွေ နားမလည်ကြဘူး။ အကျိုးအကြောင်း မမေး၊ ရှင်းပြတာ မစောင့်ဘဲ တပည့်တော်တော်များများ ယေရှုကို စွန့်သွားကြတယ်။ ပေတရုကတော့ “ထာဝရအသက် ရစေတဲ့ စကားတွေ” ယေရှုဆီမှာပဲ ရှိတယ်ဆိုတာ အသိအမှတ်ပြုပြီး ဆက်ဖက်တွယ်နေတယ်။ သစ္စာရှိကြောင်း ပြလိုက်တာပဲ။
၁၀။ ပေတရုကို စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၀ မြေကြီး အသက်တာ နောက်ဆုံးညမှာ ပေတရုနဲ့ တခြားတမန်တော်တွေ မိမိကို ထားခဲ့ပြီး ထွက်ပြေးကြမယ်ဆိုတာ ယေရှု သိတယ်။ ဒါပေမဲ့ ပေတရု နောင်တရပြီး ပြန်လှည့်လာမယ်၊ ဆက်သစ္စာရှိနေမယ်ဆိုတာ စိတ်ချတဲ့ အကြောင်း ပြောတယ်။ (လု. ၂၂:၃၁၊ ၃၂) ‘စိတ်ထက်သန်ပေမဲ့ ကိုယ်ခန္ဓာက အားနည်းတယ်’ ဆိုတာ နားလည်တယ်။ (မာ. ၁၄:၃၈) ဒါကြောင့်လည်း မိမိကို မသိပါဘူးလို့ ငြင်းထားတာတောင် ယေရှု ပစ်ပစ်ခါခါ မလုပ်တာ။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရု တစ်ယောက်တည်း ရှိချိန်မှာ ကိုယ်ထင်ပြတယ်။ (မာ. ၁၆:၇။ လု. ၂၄:၃၄။ ၁ ကော. ၁၅:၅) ယူကျုံးမရ ဖြစ်နေတဲ့ ပေတရု အားရှိသွားမှာပဲ။
၁၁။ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ပေတရုကို ယေရှု ဘယ်လို စိတ်ချစေသလဲ။
၁၁ ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ပေတရုကို ယေရှု စိတ်ချစေတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုနဲ့ တမန်တော်တွေကို အံ့ဖွယ်နည်းနဲ့ ငါးအများကြီး မိစေတယ်။ (ယော. ၂၁:၄-၆) ဒီအံ့ဖွယ်အမှု မြင်လိုက်ရတော့ မိမိရဲ့ စားဝတ်နေရေးကို ယေဟောဝါ လွယ်လွယ်လေး ဖြည့်ဆည်းပေးနိုင်မှန်း ပေတရု စိတ်ချသွားမှာပဲ။ ဒါ့အပြင် ‘ဘုရားသခင်ရဲ့ နိုင်ငံတော် အမြဲ ဦးစားထား’ သူတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတဲ့ ယေရှုစကားကို သတိရသွားမှာပဲ။ (မ. ၆:၃၃) ဒါကြောင့် တံငါလုပ်ငန်းကို မဟုတ်ဘဲ အမှုဆောင်လုပ်ငန်းကို ဘဝမှာ ဦးစားထားတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သတ္တိရှိရှိ သက်သေခံပြီး လူထောင်ချီ သတင်းကောင်း လက်ခံလာဖို့ ကူညီပေးတယ်။ (တ. ၂:၁၄၊ ၃၇-၄၁) ခရစ်တော်နောက်လိုက် ဖြစ်လာဖို့ ရှမာရိလူတွေ၊ လူမျိုးခြားတွေကိုလည်း ကူညီပေးတယ်။ (တ. ၈:၁၄-၁၇။ ၁၀:၄၄-၄၈) နောက်ခံပေါင်းစုံက လူတွေ အသင်းတော်ထဲ ရောက်လာအောင် ပေတရုကို ယေဟောဝါ ထူးထူးခြားခြား သုံးခဲ့တယ်။
ဘာသင်ခန်းစာ ရသလဲ
၁၂။ အားနည်းချက်တစ်ခုကို တစ်ချိန်လုံး တွန်းလှန်နေရတယ်ဆိုရင် ပေတရုရဲ့ စံနမူနာက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂ အားနည်းချက်တစ်ခုကို တစ်ချိန်လုံး တွန်းလှန်နေရတယ်ဆိုရင် ရှေ့ဆက်ဖို့ ခက်နိုင်တယ်။ ကိုယ့်အားနည်းချက်က ပေတရုရဲ့ အားနည်းချက်ထက် တွန်းလှန်ရ ပိုခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ယေဟောဝါ ခွန်အား ပေးနိုင်တယ်။ (ဆာ. ၉၄:၁၇-၁၉) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ အမှန်တရား မသိခင် နှစ်နဲ့ချီ လိင်တူသမား ဖြစ်ခဲ့တယ်။ အသက်တာ လုံးဝ ပြောင်းလဲပြီး ကျမ်းစာစံနှုန်းနဲ့အညီ နေထိုင်တယ်။ တစ်ခါတလေတော့ မကောင်းတဲ့ ဆန္ဒတွေ ပြန်ပေါ်လာတုန်းပဲ။ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာက ကူညီပေးသလဲ။ “ယေဟောဝါ ခွန်အား ပေးတယ်။ စွမ်းအားတော် အကူအညီနဲ့သာဆိုရင် . . . အမှန်တရားလမ်းမှာ ဆက်လျှောက်နိုင်မှန်း သိလာတယ်။ . . . ကျွန်တော် ဘယ်လို လူစားလဲဆိုတာ သိလျက်နဲ့ ယေဟောဝါ သုံးခဲ့တယ်။ အခုလည်း အားနည်းချက်တွေ တွေ့တာတောင် တောက်လျှောက် ခွန်အား ပေးနေတယ်” လို့ ပြောတယ်။
၁၃။ တမန်တော် ၄:၁၃၊ ၂၉၊ ၃၁ အရ ပေတရုကို ဘယ်လို အတုယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၃ သိခဲ့တဲ့အတိုင်း လူကြောက်လို့ ပေတရု အမှား လုပ်မိတာ တစ်ကြိမ် မကဘူး။ ဒါပေမဲ့ သတ္တိရှိဖို့ ဆုတောင်းတဲ့အတွက် သတ္တိရှိလာတယ်။ (တမန်တော် ၄:၁၃၊ ၂၉၊ ၃၁ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကြောက်စိတ် တွန်းလှန်နိုင်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံမှာ နေတဲ့ ညီအစ်ကိုလေး ဟော့စ်အကြောင်း စဉ်းစားကြည့်ပါ။ အဲဒီခေတ်တုန်းက “ဟိုင်း ဟစ်တလာ” ဆိုတဲ့ နှုတ်ဆက်စကား သုံးကြရတယ်။ “ကယ်တင်ရှင် ဟစ်တလာ” လို့ အဓိပ္ပာယ် ရတယ်။ အဲဒီလို နှုတ်ဆက်တာ မှားမှန်း ဟော့စ် သိပေမဲ့ ဆရာ/မတွေ၊ အတန်းဖော်တွေကို ကြောက်လို့ တစ်ခါတလေ နှုတ်ဆက်မိတယ်။ မိဘတွေ သိသွားတော့ မဆူကြဘူး။ သတ္တိ ပေးဖို့ ယေဟောဝါဆီ အတူတူ ဆုတောင်းပေးကြတယ်။ မိဘတွေ ကူညီပေးလို့၊ ယေဟောဝါကို ဟော့စ် အားကိုးလို့ အခိုင်အမာ ရပ်တည်ရဲတဲ့ သတ္တိ ရှိလာတယ်။ “ယေဟောဝါ ဘယ်တော့မှ မစွန့်ဘူး” ဆိုတာ သိလာတယ်။ c
၁၄။ စိတ်ဓာတ်ကျသူတွေကို မေတ္တာရှိ သိုးထိန်းတွေ ဘယ်လို အားပေးနိုင်သလဲ။
၁၄ ယေရှုကို ငြင်းပြီးနောက် ပေတရု အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လိုလာတယ်။ ခရစ်တော်နောက် ဆက်လိုက်မလိုက် ဆိုတာပါ။ ပေတရု ယုံကြည်ခြင်း အားနည်းမသွားအောင် ယေဟောဝါဆီ ယေရှု ဆုတောင်းပေးထားတယ်။ အဲဒီလို ဆုတောင်းပေးထားတဲ့အကြောင်း၊ နောက်ပိုင်းမှာ ညီအစ်ကိုတွေကို ပေတရု အားပေးထောက်မနိုင်မယ်ဆိုတာ စိတ်ချကြောင်း ယေရှု ပြောတယ်။ (လု. ၂၂:) ယေရှုရဲ့ ဒီစကားတွေကို ပြန်စဉ်းစားမိတိုင်း ပေတရု အားရှိသွားမှာပဲ။ ကျွန်တော်တို့ အရေးကြီး ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါလည်း ဆက်သစ္စာရှိနိုင်အောင် အားပေးဖို့ မေတ္တာရှိ သိုးထိန်းတွေကို ယေဟောဝါ သုံးနိုင်တယ်။ ( ၃၁၊ ၃၂ဧ. ၄:၈၊ ၁၁) အဲဒီလို အားပေးဖို့ သက်တမ်းကြာ အကြီးအကဲ ပေါလ် ကြိုးစားတယ်။ အမှန်တရားထဲ ယေဟောဝါ ဘယ်လို ဆွဲဆောင်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားပါလို့ လက်လျှော့ချင်စိတ် ပေါ်လာသူတွေကို အားပေးတယ်။ ခိုင်မြဲတဲ့ မေတ္တာကြောင့် သူတို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်မှာ မဟုတ်ကြောင်း စိတ်ချစေတယ်။ “စိတ်ဓာတ်ကျသူ တော်တော်များများ ယေဟောဝါရဲ့ အကူအညီကြောင့် လက်မလျှော့ဘဲ ပြန်ကြိုးစားတာ မြင်ရတယ်” လို့ ပြောတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ကို ယေဟောဝါနဲ့ ယေရှု မစွန့်ဘူး။
၁၅။ မဿဲ ၆:၃၃ မှန်ကန်ကြောင်း ပေတရုနဲ့ ဟော့စ်ရဲ့ အဖြစ်က ဘယ်လို ဖော်ပြသလဲ။
၁၅ ပေတရုနဲ့ တခြားတမန်တော်တွေ လိုအပ်တာကို ယေဟောဝါ ဖြည့်ဆည်းပေးတယ်။ ကျွန်တော်တို့လည်း ဘဝမှာ အမှုဆောင်လုပ်ငန်းကို ဦးစားထားရင် လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်။ (မ. ၆:၃၃) ဒုတိယ ကမ္ဘာစစ် ပြီးသွားတော့ ညီအစ်ကို ဟော့စ် ရှေ့ဆောင် လုပ်ဖို့ စဉ်းစားတယ်။ ငွေကြေး မပြည့်စုံလို့ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ပါ့မလားလို့ စိတ်ပူမိတယ်။ ဒါနဲ့ ယေဟောဝါကို စမ်းသပ်ကြည့်မယ်ဆိုပြီး တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့ တစ်ပတ်လုံး အမှုဆောင် ထွက်တယ်။ တစ်ပတ်ကုန်တော့ အမည်မဖော်လိုသူတစ်ယောက်ဆီက စာအိတ်ကို တိုက်နယ်ကြီးကြပ်မှူး လာပေးလို့ တအား အံ့ဩသွားတယ်။ အဲဒီထဲမှာ ပါတဲ့ ငွေက လတော်တော်ကြာ ရှေ့ဆောင် လုပ်ဖို့ လောက်တယ်။ ယေဟောဝါ ထောက်မပေးမယ်ဆိုတဲ့ အာမခံချက်ပဲလို့ ဟော့စ် သတ်မှတ်လိုက်တယ်။ ဒီလိုနဲ့ တစ်ဘဝလုံး နိုင်ငံတော်ကို ဦးစားထားခဲ့တယ်။—မာလ. ၃:၁၀။
၁၆။ ပေတရုအကြောင်း၊ ပေတရုရဲ့ စာတွေအကြောင်း ဘာကြောင့် လေ့လာသင့်သလဲ။
၁၆ ထွက်သွားပေးပါလို့ တောင်းဆိုခဲ့ဖူးပေမဲ့ ကိုယ့်ဆီကနေ ယေရှု တစ်ခါမှ ထွက်မသွားလို့ ပေတရု ဝမ်းသာမှာပဲ။ သစ္စာရှိ တမန်တော် ဖြစ်ဖို့၊ ခရစ်ယာန်တွေအတွက် စံနမူနာကောင်း ဖြစ်ဖို့ ခရစ်တော် တောက်လျှောက် လေ့ကျင့်ပေးတယ်။ အဲဒီလေ့ကျင့်မှုကနေ ရတဲ့ သင်ခန်းစာတချို့ကို ပထမရာစု အသင်းတော်တွေဆီ ပို့တဲ့ စာနှစ်စောင်မှာ ပေတရု ထည့်ရေးထားတယ်။ အဲဒီစာနှစ်စောင်ဟာ ကျမ်းစာစောင်အဝင် ဖြစ်လာလို့ ကျွန်တော်တို့လည်း ဒီသင်ခန်းစာတွေကနေ အကျိုးရနိုင်တယ်။ ဘာသင်ယူစရာတွေ ရှိသလဲ၊ ဘယ်လို လက်တွေ့ကျင့်နိုင်မလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၁၂၆ မြဲမြံနိုးကြား၊ ခွန်အား ကြီးပွား
a သင်ဟာ အားနည်းချက် တွန်းလှန်နေရသူဆိုရင် အောင်မြင်နိုင်ကြောင်း၊ ယေဟောဝါရဲ့ သစ္စာရှိကျွန် ဆက်ဖြစ်နိုင်ကြောင်း စိတ်ချစေဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။
b ဒီဆောင်းပါးမှာ ကိုးကားထားတဲ့ ကျမ်းပိုဒ် တော်တော်များများဟာ မာကု ခရစ်ဝင်ကျမ်းထဲက ဖြစ်တယ်။ ဒီဖြစ်ရပ်တွေရဲ့ မျက်မြင်သက်သေ ပေတရုဆီကနေ ကြားခဲ့တာတွေ ရေးထားပုံ ရတယ်။
c ဟော့စ် ဟန်ရှယ်– ယေဟောဝါက ကျွန်တော့်ရဲ့ ခိုင်ခံ့တဲ့ ရဲတိုက် ဖြစ် ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
d ပုံအညွှန်း– ပြန်လည်သရုပ်ဖော်ထားတဲ့ ရုပ်ပုံမှာ တွေ့ရတဲ့အတိုင်း ဟော့စ် ဟန်ရှယ်နဲ့အတူ မိဘတွေ ဆုတောင်းခြင်းအားဖြင့် ပြတ်ပြတ်သားသား ရပ်တည်နိုင်ဖို့ ကူညီပေးနေ။