မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၆

သီချင်း ၈၉ နားထောင်၊ နာခံ၊ ကောင်းချီးစံ

“တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြပါ”

“တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြပါ”

‘တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြပါ။ ကြားရုံကြားသူတွေ မဖြစ်ကြနဲ့။’ယာ. ၁:၂၂

အာရုံစိုက်ရာ

တရားစကားတော်ကို နေ့စဉ် ဖတ်ချင်စိတ်သာမက ဖတ်တာကို တွေးတောဆင်ခြင်ချင်စိတ်၊ လက်တွေ့ကျင့်သုံးချင်စိတ် ပြင်းပြလာဖို့ ဒီဆောင်းပါးက ကူညီပေးပါမယ်။

၁-၂။ ဘုရားကျေးကျွန်တွေ ဘာကြောင့် ပျော်ရွှင်ကြသလဲ။ (ယာကုပ် ၁:၂၂-၂၅)

 ကျွန်တော်တို့ကို ယေဟောဝါဘုရားနဲ့ ချစ်သားတော် ပျော်ရွှင်စေချင်တယ်။ “ဘုရားရဲ့ သတိပေးချက်တွေကို လိုက်နာပြီး ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေသူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ဆာလံကျမ်းရေးသူ ပြောတယ်။ (ဆာ. ၁၁၉:၂) “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ယေရှုလည်း ပြောတယ်။—လု. ၁၁:၂၈

ဘုရားကျေးကျွန်တွေဟာ ပျော်ရွှင်ကြတယ်။ ပျော်ရွှင်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အကြောင်းရင်းတစ်ခုကတော့ တရားစကားတော်ကို နေ့စဉ် ဖတ်လို့၊ သိလာတာကို လက်တွေ့ကျင့်သုံးလို့ပါပဲ။—ယာကုပ် ၁:၂၂-၂၅ ကို ဖတ်ပါ။

၃။ တရားစကားတော်ကို လက်တွေ့ကျင့်သုံးရင် ဘာအကျိုးတွေ ရသလဲ။

“တရားစကားတော်ကို လက်တွေ့ကျင့်သုံး” တဲ့အခါ အကျိုးများစွာ ရတယ်။ အကျိုးကျေးဇူးတစ်ခုကတော့ ယေဟောဝါရဲ့ နှစ်သက်မှု ရတာပဲ။ ယေဟောဝါ နှစ်သက်တယ်ဆိုတဲ့ အသိက ကျွန်တော်တို့ကို ပျော်ရွှင်စေတယ်။ (ဒေ. ၁၂:၁၃) သိလာတာကို လက်တွေ့ကျင့်သုံးတဲ့အခါ မိသားစုဝင်တွေ၊ ယုံကြည်သူချင်းတွေနဲ့လည်း ဆက်ဆံရေး ပိုကောင်းလာတယ်။ ဒါကို ညီအစ်ကို/မတို့ ကိုယ်တွေ့ သိကြမှာပါ။ ဒါ့အပြင် ယေဟောဝါရဲ့ နည်းလမ်းတွေအတိုင်း လိုက်လျှောက်တဲ့အခါ မလိုက်လျှောက်သူတွေ ကြုံရတဲ့ ပြဿနာများစွာကို ရှောင်နိုင်တယ်။ ပညတ်တွေ၊ မိန့်မှာချက်တွေ၊ တရားစီရင်ချက်တွေအကြောင်း သီချင်းစပ်ဆိုပြီးနောက် “အဲဒါတွေကို စောင့်ထိန်းတဲ့အတွက် အကျိုးကြီးလှပါတယ်” လို့ ဘုရင်ဒါဝိဒ် ပြောတယ်။—ဆာ. ၁၉:၇-၁၁

၄။ တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ ဘာကြောင့် အမြဲ မလွယ်သလဲ။

တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ ယေဟောဝါ လုပ်စေချင်တာတွေကို သိရမယ်။ အဲဒီလိုသိဖို့ အချိန်ပေးပြီး ကျမ်းစာဖတ်ရှုလေ့လာရမယ်။ ဒါပေမဲ့ အလုပ်များလို့ အမြဲတော့ မလွယ်ဘူး။ ဒါကြောင့် နေ့တိုင်း ကျမ်းစာဖတ်နိုင်ဖို့ ကူညီပေးမယ့် အကြံပြုချက်တွေ၊ ဖတ်တာကို တွေးတောဆင်ခြင်ဖို့ ကူညီပေးမယ့်အရာတွေ၊ သိလာတာကို လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ သုံးသပ်ကြည့်ရအောင်။

တရားစကားတော် ဖတ်ဖို့ အချိန်ဖယ်ထားပါ

၅။ ဘယ်တာဝန်တွေကြောင့် အလုပ်များနိုင်သလဲ။

ဘုရားကျေးကျွန်အများစုဟာ သိပ်အလုပ်များတယ်။ ကျမ်းပေးတာဝန်အမျိုးမျိုး ကျေပွန်ဖို့ အချိန်အများကြီး ပေးကြရတယ်။ ဥပမာ၊ အများစုက ကိုယ်တိုင်နဲ့ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ (၁ တိ. ၅:၈) မကျန်းမာတဲ့၊ အသက်ကြီးတဲ့ မိသားစုဝင်တွေကို စောင့်ရှောက်နေရသူများစွာ ရှိတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရတယ်။ အချိန်ပေးရတဲ့ တာဝန်တွေပါပဲ။ ဒီတာဝန်တွေအပြင် အသင်းတော်တာဝန်တွေလည်း ရှိတယ်။ အရေးကြီးတဲ့ တာဝန်တစ်ခုကတော့ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ဖို့ပါ။ ဒီလိုတာဝန်တွေ အများကြီး ရှိတဲ့ကြားက နေ့တိုင်း ကျမ်းစာဖတ်ဖို့၊ ဖတ်တာကို တွေးတောဆင်ခြင်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ အချိန် ဘယ်လို ရှာနိုင်သလဲ။

၆။ ကျမ်းစာဖတ်တာကို ဘယ်လို ဦးစားပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ခရစ်ယာန်တွေအတွက် “ပိုအရေးကြီးတဲ့အရာတွေ” ထဲက တစ်ခုကတော့ ကျမ်းစာဖတ်တာပါပဲ။ ဒါကြောင့် ကျမ်းစာဖတ်တာကို ဦးစားပေးရမယ်။ (ဖိ. ၁:၁၀) “ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်” သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်လို့ ဆာလံ ၁:၁၊ ၂ မှာ ဆိုထားတယ်။ အချိန်ပေးပြီး ကျမ်းစာဖတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျမ်းစာဖတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲ။ တစ်ယောက်နဲ့တစ်ယောက် အဖြေတူမှာ မဟုတ်ဘူး။ အရေးကြီးတာက မှန်မှန် ဖတ်နိုင်မယ့်အချိန် ဖြစ်ဖို့ပဲ။ “မနက်ပိုင်း ကျမ်းစာဖတ်ရတာ ကြိုက်တယ်။ ကျွန်တော်က အိပ်ရာ စောစော ထတတ်တဲ့သူတော့ မဟုတ်ဘူး။ ဒါပေမဲ့ မနက်ပိုင်းဆိုရင် အာရုံပျံ့စရာ သိပ်မရှိလို့၊ စိတ်ကြည်လင်လန်းဆန်းနေလို့ ကောင်းကောင်း အာရုံစိုက်နိုင်တယ်” လို့ ညီအစ်ကို ဗစ်တာ ပြောတယ်။ သင်ကော အဲဒီလိုခံစားရသလား။ ‘ကျမ်းစာဖတ်ဖို့ ငါ့အတွက် ဘယ်အချိန် အကောင်းဆုံးလဲ’ လို့ စဉ်းစားကြည့်ပါ။

ကျမ်းစာဖတ်ဖို့ ဘယ်အချိန် အကောင်းဆုံးလဲ။ ဘယ်အချိန်ဆိုရင် မှန်မှန် ဖတ်နိုင်မလဲ (စာပိုဒ် ၆ ကို ကြည့်ပါ)


ဖတ်တာကို တွေးတောဆင်ခြင်ပါ

၇-၈။ ကျမ်းစာဖတ်တဲ့အခါ ဘာကြောင့် အကျိုးအပြည့်အဝ မရတာ ဖြစ်နိုင်သလဲ။ ဥပမာ ပေးပါ။

စာဖတ်တဲ့အခါ သူ့အချိန်နဲ့သူ အများကြီး ဖတ်လိုက်ပေမဲ့ ခေါင်းထဲ မရောက်တာမျိုး၊ အခုဖတ် အခုမေ့တာမျိုး ကြုံဖူးသလား။ ကျွန်တော်တို့အားလုံး ကြုံဖူးတယ်။ ကျမ်းစာဖတ်တဲ့အခါလည်း အဲဒီလိုဖြစ်နိုင်တယ်။ တစ်ရက်ကို ကျမ်းစာ ဘယ်နှခန်း ဖတ်မယ်ဆိုပြီး ကျွန်တော်တို့ ပန်းတိုင်ထားတာ ဖြစ်နိုင်တယ်။ ဒါ ချီးမွမ်းစရာပါပဲ။ ပန်းတိုင်ထားတာ၊ ပန်းတိုင်ပြည့်မီဖို့ ကြိုးစားတာ လုပ်သင့်လုပ်ထိုက်ရာပါ။ (၁ ကော. ၉:၂၆) ကျမ်းစာဖတ်တယ်ဆိုတာ သိပ်ကောင်းတဲ့ ခြေလှမ်း ဆိုပေမဲ့ ခြေလှမ်းအစပဲ ရှိသေးတယ်။ အကျိုးအပြည့်အဝ ရဖို့ဆိုရင် ဖတ်ရုံနဲ့ မလုံလောက်ဘူး။

ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ အပင်တွေ ရှင်သန်ကြီးထွားဖို့ မိုးရေ မရှိမဖြစ် လိုအပ်တယ်။ ဒါပေမဲ့ အချိန်တိုအတွင်း မိုးအများကြီး ရွာချလိုက်ရင် ရေဝပ်သွားတတ်တယ်။ မိုးထပ်ရွာလည်း မြေသားထဲ ရေစိမ့်မဝင်တော့လို့ အပင်တွေအတွက် အကျိုးမရှိဘူး။ မြေသားထဲ ရေစိမ့်ဝင်ဖို့ အချိန် လိုအပ်တယ်။ အဲဒီလိုပဲ ဖတ်တာကို တွေးတောဆင်ခြင်ဖို့၊ မှတ်သားဖို့၊ လက်တွေ့ကျင့်သုံးဖို့ အချိန်မရလိုက်တဲ့အထိ ကျမ်းစာကို အလောတကြီး ဖတ်တာမျိုး ရှောင်ရမယ်။—ယာ. ၁:၂၄

မြေသားထဲ ရေစိမ့်ဝင်ပြီး အပင်တွေအတွက် အကျိုးရှိဖို့ အချိန် လိုအပ်သလို ကျမ်းစာကနေ သိလာတာတွေကို တွေးတောဆင်ခြင်ဖို့၊ လက်တွေ့ကျင့်ဖို့ အချိန် လိုအပ် (စာပိုဒ် ၈ ကို ကြည့်ပါ)


၉။ ကျမ်းစာကို အလောတကြီး ဖတ်တဲ့အကျင့် ရှိရင် ဘာလုပ်သင့်သလဲ။

ကျမ်းစာကို အလောတကြီး ဖတ်တဲ့အကျင့် ရှိရင် ဘာလုပ်သင့်သလဲ။ ဖတ်နေတာကို၊ ဖတ်ပြီးသွားတာကို တွေးတောဆင်ခြင်ချိန် ရအောင် အရှိန်လျှော့ဖတ်ပါ။ တွေးတောဆင်ခြင်တယ်ဆိုတာ မခက်ပါဘူး။ ဖတ်တာကို စဉ်းစားရုံပါပဲ။ စဉ်းစားချိန် ရအောင် လေ့လာမှု လုပ်တဲ့အချိန်ကို တိုးနိုင်တယ်။ ဒါမှမဟုတ် ကျမ်းပိုဒ်တွေ လျှော့ဖတ်ပြီး ကျန်တဲ့အချိန်ကို စဉ်းစားဖို့ သုံးနိုင်တယ်။ “ကျမ်းစာကို အများကြီး မဖတ်ဘူး။ တစ်ခန်းလောက်ပဲ ဖတ်တယ်။ မနက်ပိုင်း ဖတ်တော့ တစ်နေ့လုံး တစိမ့်စိမ့် တွေးလို့ရတယ်” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဗစ်တာ ပြောတယ်။ ဘယ်လောက် ဖတ်သလဲဆိုတာထက် စဉ်းစားချိန် ရမယ့်နှုန်းနဲ့ ဖတ်ဖို့ ပိုအရေးကြီးတယ်။—ဆာ. ၁၁၉:၉၇။ “ စဉ်းစားစရာ မေးခွန်းများ” လေးထောင့်ကွက်ကို ကြည့်ပါ။

၁၀။ သိလာတာကို လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ ဘယ်လို စဉ်းစားနိုင်သလဲ။ ဥပမာ ပေးပါ။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈)

၁၀ ကျမ်းစာကို ဘယ်အချိန် ဖတ်ဖတ်၊ ဘယ်လောက် ဖတ်ဖတ် လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားဖို့ အရေးကြီးတယ်။ ကျမ်းစာ အပိုင်းတစ်ပိုင်း ဖတ်ပြီဆိုရင် ‘ဒီအချက်ကို အခု ဒါမှမဟုတ် ရှေ့လျှောက် ငါ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ’ လို့ စဉ်းစားပါ။ ဥပမာ၊ ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈ ကို ဖတ်နေတယ်ဆိုပါစို့။ (ဖတ်ပါ။) ဖတ်ပြီးသွားတဲ့အခါ ကိုယ့်ဆုတောင်းချက်တွေနဲ့ပတ်သက်ပြီး ဘာတွေ ခဏရပ် စဉ်းစားနိုင်သလဲ။ ဆုတောင်းချက် အကြိမ်ရေ၊ ခံစားချက် အတိမ်အနက်ကို စဉ်းစားနိုင်တယ်။ ကျေးဇူးတင် ချီးမွမ်းစရာတွေကိုလည်း စဉ်းစားနိုင်တယ်။ အဲဒီလိုစဉ်းစားပြီးနောက်မှာတော့ သတ်သတ်မှတ်မှတ် အရာသုံးခုအတွက် ယေဟောဝါကို ကျေးဇူးတင် ချီးမွမ်းမယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်။ မိနစ်အနည်းငယ်လောက် အဲဒီလိုအချိန်ပေးပြီး စဉ်းစားတာကတောင် တရားစကားတော်ကို ကြားနာပြီး လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်တယ်။ နေ့စဉ် တခြားကျမ်းပိုဒ်တွေ ဖတ်တဲ့အခါလည်း ဒီနည်းအတိုင်းသာ လုပ်သွားရင် ဘယ်လောက်တောင် အကျိုးရလိုက်မလဲ။ ဒါပေမဲ့ ကျမ်းစာဖတ်တဲ့အခါ ပြုပြင်စရာ၊ တိုးတက်စရာ အများကြီး ရှိတာကို သတိထားမိလာရင်ကော။

လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ထားပါ

၁၁။ တစ်ခါတလေ ဘာကြောင့် စိတ်ဓာတ်ကျမိနိုင်သလဲ။ ဥပမာ ပေးပါ။

၁၁ ကျမ်းစာဖတ်ပြီးနောက် လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလိုက်တဲ့အခါ တစ်ခါတလေ စိတ်ဓာတ်ကျမိနိုင်တယ်။ ဥပမာ၊ ပထမနေ့ ကျမ်းစာဖတ်တဲ့အခါ မျက်နှာမလိုက်ခြင်းအကြောင်း ပါလာတယ်။ (ယာ. ၂:၁-၈) တခြားသူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ကိုယ့်မှာ ပြုပြင်စရာတွေ၊ တိုးတက်စရာတွေ ရှိနေတာ သတိထားမိလို့ အပြောင်းအလဲတချို့ လုပ်ဖို့ ပန်းတိုင်ထားလိုက်တယ်။ သိပ်ကောင်းတဲ့ ပန်းတိုင်ပဲ။ နောက်နေ့ ဖတ်တဲ့ အပိုင်းမှာ လျှာကို ထိန်းချုပ်ခြင်းအကြောင်း ပါလာတယ်။ (ယာ. ၃:၁-၁၂) ကြင်နာမှု မရှိတဲ့၊ အားပေးမှု မဖြစ်စေတဲ့ စကားတွေ တစ်ခါတလေ ပြောတတ်တာ သတိထားမိလို့ အားပေးမှု ဖြစ်စေတဲ့ စကားတွေ ပြောဖို့ ပန်းတိုင်ထားလိုက်တယ်။ တတိယနေ့ ဖတ်တဲ့ အပိုင်းမှာကျတော့ လောကနဲ့ မိတ်မဖွဲ့ဖို့ သတိပေးချက် ပါလာတယ်။ (ယာ. ၄:၄-၁၂) ကိုယ် ဖတ်တဲ့အရာ၊ ကြည့်တဲ့အရာ၊ နားထောင်တဲ့အရာတွေကို ပိုဂရုစိုက်ဖို့ ပန်းတိုင်ထားလိုက်တယ်။ စတုတ္ထနေ့လည်း ရောက်ရော ပြုပြင်စရာတွေ၊ တိုးတက်စရာတွေ များလိုက်တာဆိုပြီး စိတ်ဓာတ်ကျလာနိုင်တယ်။

၁၂။ ကျမ်းစာဖတ်တဲ့အခါ ပြုပြင်စရာ၊ တိုးတက်စရာ အများကြီး ရှိတာ သတိထားမိရင် ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၂ ပြုပြင်စရာ၊ တိုးတက်စရာ အများကြီး ရှိတာ သတိထားမိရင် စိတ်ဓာတ်မကျပါနဲ့။ အဲဒီလိုသတိထားမိတာကိုက သင် နှိမ့်ချမှု ရှိတယ်၊ သဘောထားမှန်တယ်ဆိုတာ ဖော်ပြနေတယ်။ နှိမ့်ချသူ၊ သဘောထားမှန် ရှိသူဟာ ကိုယ် ဘာတွေ ပြုပြင်စရာ၊ တိုးတက်စရာ လိုသလဲ သိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမ်းစာဖတ်တယ်။ a ဒါ့အပြင် “စရိုက်သစ်” ဝတ်ဆင်ခြင်းဟာ အမြဲ လုပ်နေရမယ့်အရာ ဖြစ်တယ်ဆိုတာ သတိရပါ။ (ကော. ၃:၁၀) တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူ ဖြစ်မြဲ ဖြစ်ဖို့ ဘာက ကူညီပေးမလဲ။

၁၃။ ပန်းတိုင်တွေကို ကိုယ်နိုင်သလောက် ဘယ်လို ထားနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ သိလာသမျှ တစ်ထိုင်တည်း လက်တွေ့ကျင့်သုံးဖို့ မကြိုးစားပါနဲ့။ ပန်းတိုင်တွေကို ကိုယ်နိုင်သလောက် တစ်ခု၊ နှစ်ခုပဲ ထားပါ။ (ပညာ. ၁၁:၂) ဒီနည်းအတိုင်း စမ်းကြည့်နိုင်တယ်– ပြုပြင်စရာတွေ၊ တိုးတက်စရာတွေကို စာရင်းလုပ်ပါ။ အရင်ဆုံး ကြိုးစားချင်တဲ့ ပန်းတိုင် တစ်ခု၊ နှစ်ခု ရွေးပါ။ ကျန်တဲ့ပန်းတိုင်တွေ ပြည့်မီဖို့ နောက်မှ တဖြည်းဖြည်း ကြိုးစားသွားပါ။ ဘယ်လိုပန်းတိုင်မျိုးကနေ စသင့်သလဲ။

သိလာသမျှ တစ်ထိုင်တည်း လက်တွေ့ကျင့်သုံးဖို့ မကြိုးစားပါနဲ့။ ပန်းတိုင်တွေကို ကိုယ်နိုင်သလောက် ထားပါ။ အရင်ဆုံး ပန်းတိုင် တစ်ခု၊ နှစ်ခုလောက် ပြည့်မီဖို့ ကြိုးစားကြည့်ပါ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)


၁၄။ ဘယ်လိုပန်းတိုင်မျိုးကနေ စနိုင်သလဲ။

၁၄ ပြည့်မီဖို့ ပိုလွယ်တဲ့ ပန်းတိုင်ကနေ စနိုင်တယ်။ ဒါမှမဟုတ် ပြည့်မီဖို့ အလိုအပ်ဆုံးလို့ ထင်တဲ့ ပန်းတိုင်ကနေ စနိုင်တယ်။ ပန်းတိုင် ရွေးပြီးသွားရင် ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် ဒါမှမဟုတ် ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စတာတွေ သုံးပြီး ရှာဖွေလေ့လာပါ။ ပန်းတိုင်အတိုင်း “လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ” ပေးဖို့ ဆုတောင်းပါ။ (ဖိ. ၂:၁၃) လက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါ။ ပထမ ပန်းတိုင် ပြည့်မီသွားပြီဆိုရင် နောက်ပန်းတိုင်တွေ ပြည့်မီအောင် ကြိုးစားဖို့ အားတက်လာနိုင်တယ်။ ခရစ်ယာန် အသက်တာ ကဏ္ဍတစ်ခု ဒါမှမဟုတ် ခရစ်ယာန် အရည်အသွေးတစ်ခု တိုးတက်လာပြီဆိုရင် တခြားကဏ္ဍတွေ၊ တခြားအရည်အသွေးတွေ တိုးတက်အောင် လုပ်ဖို့ ပိုလွယ်လာနိုင်တယ်။

တရားစကားတော်ကို “ရင်ထဲအထိ အကျိုးသက်ရောက်” စေပါ

၁၅။ လူတော်တော်များများ ကျမ်းစာဖတ်ပေမဲ့ ဘုရားလူမျိုးနဲ့ ဘယ်လို ကွာသလဲ။ (၁ သက်သာလောနိတ် ၂:၁၃)

၁၅ ကျမ်းစာ အခေါက်ခေါက် အခါခါ ဖတ်ပြီးပြီလို့ တချို့ ပြောကြတယ်။ ဒါပေမဲ့ ကျမ်းစာကို သူတို့ တကယ် ယုံရဲ့လား၊ လက်တွေ့ကျင့်သုံးရဲ့လား၊ ဘဝလမ်းစဉ် ပြောင်းလဲရဲ့လား။ အများစုက မယုံဘူး၊ လက်တွေ့မကျင့်သုံးဘူး၊ မပြောင်းလဲဘူး။ ဘုရားလူမျိုးနဲ့ ကွာတယ် မဟုတ်လား။ ကျွန်တော်တို့ကတော့ ပထမရာစု ခရစ်ယာန်တွေလိုပဲ ကျမ်းစာကို “ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံ” ကြတယ်။ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားကြတယ်။—၁ သက်သာလောနိတ် ၂:၁၃ ကို ဖတ်ပါ။

၁၆။ တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၆ တရားစကားတော်ကို ဖတ်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ အမြဲတော့ မလွယ်ဘူး။ ဖတ်ဖို့ အချိန် ရှာရနိုင်တယ်။ စဉ်းစားချိန် မရလောက်တဲ့အထိ အလောတကြီး ဖတ်မိနိုင်တယ်။ ပြုပြင်စရာတွေ၊ တိုးတက်စရာတွေ များလွန်းလို့ စိတ်ဓာတ်ကျနိုင်တယ်။ သင့်အခက်အခဲက ဘာပဲ ဖြစ်နေပါစေ ယေဟောဝါရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်ပါတယ်။ ဘုရားအကူအညီ လက်ခံဖို့၊ တရားစကားတော်ကို ကြားပြီး မေ့တဲ့သူ မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူ ဖြစ်ဖို့ ဆုံးဖြတ်ထားပါ။ တရားစကားတော်ကို ဖတ်ပြီး လက်တွေ့ကျင့်သုံးလေ ပိုပျော်ရွှင်ချမ်းမြေ့လေ ဖြစ်မယ်ဆိုတာ သံသယ မရှိပါနဲ့။—ယာ. ၁:၂၅

သီချင်း ၉၄ နှုတ်မြွက်တော်ကျမ်းစာအတွက် ကျေးဇူးတင်