ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါရဲ့ အမှုတော်မှာ ကျေနပ်ပျော်ရွှင်စရာ အသက်တာ
၁၉၅၁ ခုနှစ်မှာ ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်၊ ရူအန်မြို့လေးကို ကျွန်တော် ရောက်လာတယ်။ လက်ထဲက လိပ်စာအတိုင်း အိမ်ရှာပြီး တံခါးခေါက်လိုက်တော့ ဂိလဒ် သင်တန်းဆင်း သာသနာပြု ညီအစ်ကို မာစယ်လ် ဖီလ်တော a တံခါးလာဖွင့်တယ်။ ညီအစ်ကို မာစယ်လ်က ၂၃ နှစ်။ အရပ်ရှည်တယ်။ ကျွန်တော်က ၁၆ နှစ်။ သူနဲ့ ယှဉ်ရင် ပုတယ်။ သူ့ကို ကျွန်တော့်ရဲ့ ရှေ့ဆောင်တာဝန် ခန့်အပ်စာ ပြလိုက်တယ်။ စာလည်း ဖတ်ပြီးသွားရော အသက်ငယ်ငယ်၊ လူကောင်သေးသေး ကျွန်တော့်ကို ကြည့်ပြီး “ဒီကို ရောက်လာတာ အမေတော့ သိပါတယ်နော်” လို့ ပြောတယ်။
ယုံကြည်ခြင်း မတူတဲ့ မိသားစုမှာ ကြီးပြင်းလာ
၁၉၃၄ ခုနှစ်မှာ ကျွန်တော် မွေးတယ်။ မိဘတွေက ဆွစ်ဇာလန်နိုင်ငံကနေ ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်ထဲက တင်းမင်းစ်လို့ ခေါ်တဲ့ သတ္တုတွင်းမြို့လေးကို ပြောင်းလာကြတာ။ ၁၉၃၉ ခုနှစ်လောက်မှာ ကင်းမျှော်စင် မဂ္ဂဇင်းတွေ အမေ စဖတ်တယ်။ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေ စတက်တယ်။ ကျွန်တော်တို့ မောင်နှမခုနစ်ယောက်ကိုလည်း ခေါ်သွားတတ်တယ်။ မကြာခင်မှာပဲ အမေ ယေဟောဝါသက်သေ ဖြစ်လာတယ်။
အမေ သက်သေခံ ဖြစ်သွားတာကို အဖေ ဘဝင်မကျဘူး။ ဒါပေမဲ့ အမေက အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားကို ဖက်တွယ်တယ်။ ကနေဒါမှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း ပိတ်ပင်ခံလိုက်ရတဲ့ ၁၉၄၀ ပြည့်လွန်နှစ် အစောပိုင်းကာလမှာတောင် အမှန်တရားကို အမေ ဖက်တွယ်နေခဲ့တာ။ အဖေ ရင့်ရင့်သီးသီး ပြောဆိုပေမဲ့ အမေ အမြဲ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံတယ်။ အမေ့စံနမူနာကောင်းကြောင့် ကျွန်တော်တို့မောင်နှမတွေ အမှန်တရားထဲ ရောက်လာတယ်။ နောက်ပိုင်းမှာ အဖေ စိတ်ပျော့ပျောင်းလာလို့၊ မိသားစုကို ကြင်ကြင်နာနာ ဆက်ဆံပေးလာလို့ ဝမ်းသာခဲ့ကြရတယ်။
အချိန်ပြည့် စအမှုဆောင်
၁၉၅၀၊ ဩဂုတ်လ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ သီအိုကရေစီ တိုးပွားမှု အစည်းအဝေးကြီးကို ကျွန်တော် သွားတက်တယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေနဲ့ ဆုံရလို့၊ ဂိလဒ်သင်တန်းဆင်းတွေရဲ့ စိတ်လှုပ်ရှားစရာ လူတွေ့မေးမြန်းမှုတွေ ကြားရလို့ ယေဟောဝါရဲ့ အမှုတော်မှာ ကျွန်တော် ပိုပါဝင်ချင်လာတယ်။ အချိန်ပြည့် အမှုဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပိုခိုင်မာလာတယ်။ အိမ်ရောက်ရောက်ချင်း မှန်မှန်ရှေ့ဆောင်လျှောက်လွှာ တင်လိုက်တယ်။ အရင်ဆုံး နှစ်ခြင်းခံပါလို့ ကနေဒါ ဌာနခွဲရုံးက စာပြန်ပို့တယ်။ ဒါနဲ့ ၁၉၅၀၊ အောက်တိုဘာလ ၁ ရက်မှာ နှစ်ခြင်းခံလိုက်တယ်။ တစ်လကြာတော့ မှန်မှန်ရှေ့ဆောင် လုပ်တယ်။ ကျွန်တော်တို့မြို့နဲ့ တော်တော် လှမ်းတဲ့ ကပ်ပက်စကေစင်မြို့မှာ ဦးဆုံး တာဝန်ရတယ်။
ပြင်သစ်စကားပြော ကွီဘက်ပြည်နယ်ကို ပြောင်းရွှေ့အမှုဆောင်ဖို့
ပြင်သစ်စကား ပြောတတ်သူတွေကို ၁၉၅၁ ခုနှစ်၊ နွေဦးမှာ ဌာနခွဲရုံးက ဖိတ်ခေါ်တယ်။ အဲဒီမှာ ဟောပြောသူတွေ သိပ်လိုနေတာ။ ကျွန်တော်က ပြင်သစ်စကားကော အင်္ဂလိပ်စကားပါ ပြောတတ်တယ်ဆိုတော့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်တယ်။ ရူအန်မြို့မှာ တာဝန်ကျတယ်။ အဲဒီမှာ အသိတစ်ယောက်မှ မရှိဘူး။ ဆောင်းပါးအစမှာ ပြောခဲ့သလို လိပ်စာတစ်ခုပဲ ကိုင်ပြီး ရောက်သွားတာ။ ဒါပေမဲ့ အစစအရာရာ အဆင်ပြေတယ်။ မာစယ်လ်နဲ့ ကျွန်တော် မိတ်ဆွေကောင်းတွေ ဖြစ်သွားတယ်။ ကွီဘက်မှာ လေးနှစ် အမှုဆောင်တယ်။ နောက်တော့ အထူးရှေ့ဆောင် ဖြစ်လာတယ်။ဂိလဒ်နဲ့ ကြန့်ကြာနေတဲ့ မျှော်လင့်ချက်များ
ကွီဘက်မှာ ရှိနေတုန်း နယူးယောက်ပြည်နယ်၊ တောင်လန်ဆင်းမြို့မှာ ၂၆ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၅၆၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ သင်တန်းဆင်းတယ်။ အနောက်အာဖရိကမှာ ရှိတဲ့ အခုအခေါ် ဂါနာနိုင်ငံ b မှာ တာဝန်ကျတယ်။ ဂါနာ မသွားခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ ကနေဒါကို အရင် ပြန်တယ်။ ကြာလှ “နှစ်ပတ်သုံးပတ်ပေါ့” ဆိုပြီး ပြန်သွားတာ။
စာရွက်စာတမ်းတွေ ရဖို့ တိုရွန်တိုမြို့မှာ ၇ လ သောင်တင်သွားတယ်။ အဲဒီအတောအတွင်း ခရစ်ပ် မိသားစုက သူတို့အိမ်မှာ ပေးတည်းတယ်။ အဲဒီမှာ တည်းရင်း သူတို့ရဲ့ သမီး ရှီလာနဲ့ ရင်းနှီးပြီး ကြိုက်သွားတယ်။ လက်ထပ်ခွင့် တောင်းမယ် လုပ်တော့မှ ဗီဇာက ကျလာရော။ ရှီလာနဲ့ ကျွန်တော် ဆုတောင်းတယ်။ တာဝန်ကျတဲ့ နေရာကို သွားမယ်၊ စာအဆက်အသွယ် လုပ်ရင်း နီးစပ်နိုင်မယ့်နေ့ကို စောင့်ကြမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ခက်ခက်ခဲခဲ ချခဲ့ရတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါပေမဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်မှန်း နောက်ပိုင်း သိလာရတယ်။
ရထား စီးလိုက်၊ ကုန်တင်သင်္ဘော ပြောင်းစီးလိုက်၊ လေယာဉ် ပြောင်းစီးလိုက်နဲ့ တစ်လနေတော့ ဂါနာနိုင်ငံ၊ အက်ကရာမြို့ကို ရောက်လာတယ်။ အဲဒီမှာ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ရတယ်။ ဂါနာတစ်ခွင်ကော အိုင်ဗရီကို့စ် (အခုအခေါ် ကို့ဒီဗွား) နဲ့ တိုဂိုလန်း (အခုအခေါ် တိုဂို) ကိုပါ လည်ပတ်ရတယ်။ ဌာနခွဲက ပေးထားတဲ့ ဂျစ်ကားလေးနဲ့ တစ်ယောက်တည်း ခရီးသွားတာ များတယ်။ အချိန်တိုင်း၊ မိနစ်တိုင်း ပျော်ခဲ့ရတယ်။
စနေ၊ တနင်္ဂနွေနေ့တွေမှာ တိုက်နယ်အစည်းအဝေး လုပ်တယ်။ အစည်းအဝေးခန်းမရယ်လို့ မရှိဘူး။ ဒါကြောင့် ညီအစ်ကိုတွေက အစည်းအဝေး လာတက်သူတွေ အရိပ်ရဖို့ ဝါးလုံးတွေ တန်း၊ အုန်းလက်တွေ မိုးပြီး ယာယီအမိုး လုပ်ပေးကြတယ်။ အစားအသောက်ဌာနမှာကျပြန်တော့လည်း ရေခဲသေတ္တာ မရှိတော့ တိရစ္ဆာန်တွေ အရန်သင့် ထားပြီး အစည်းအဝေး လာတက်သူတွေ စားဖို့ လိုရင် လိုသလို ပေါ်ရတယ်။
တိုက်နယ်အစည်းအဝေးအတွင်း ရယ်စရာ ဖြစ်သွားတာလေးတွေလည်း ရှိတယ်။ တစ်ခေါက်တော့ သာသနာပြု ညီအစ်ကို ဟဲရ်ဘက် ဂျဲန်နစ်ဇ် c ဟောပြောချက် ပေးနေတုန်း အစားအသောက်ဌာနဘက်ကနေ နွားတစ်ကောင် လွတ်လာပြီး စင်မြင့်နဲ့ ပရိသတ်ကြားမှာ ပတ်ပြေးပါလေရော။ ညီအစ်ကို ဟဲရ်ဘက်လည်း ဟောရင်းတန်းလန်း၊ နွားကလည်း ဘယ်ပြေးလို့ ပြေးရမှန်း မသိ။ တော်သေးတယ်၊ အားကောင်းမောင်းသန် ညီအစ်ကိုလေးယောက် နွားကို ဝိုင်းဖမ်းပြီး အစားအသောက်ဌာနဘက် ပြန်ပို့ပေးလို့။ ပရိသတ်ကလည်း လက်ခုပ် ထတီးလိုက်သေးတယ်၊ ဟာသပဲဗျာ။
တိုက်နယ်အစည်းအဝေးအပတ် ကြားရက်တွေဆိုရင် လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း ဆိုတဲ့ အဖွဲ့အစည်းထုတ် ရုပ်ရှင်ကို အနီးအနားက ရွာတွေမှာ ကျွန်တော် ပြတယ်။ တိုင်နှစ်တိုင် ဒါမှမဟုတ် သစ်ပင်နှစ်ပင်မှာ ပိတ်ဖြူကို ဟိုဘက်ဒီဘက် ကြိုးနဲ့ချည်၊ ရုပ်ရှင်ပြစက် ဆလိုက်ထိုးပြီး ပြရတာ။ ရွာသားတွေ ကြိုက်ကြတယ်။ တော်တော်များများအတွက် ဒါ ပထမဆုံး ရုပ်ရှင်ကြည့်ဖူးတာပဲ။ နှစ်ခြင်းခံတဲ့ ပြကွက်တွေ ရောက်ရင် လက်ခုပ် အကျယ်ကြီး တီးကြတယ်။ ယေဟောဝါသက်သေတွေဟာ စည်းလုံးတဲ့ ကမ္ဘာချီ အဖွဲ့အစည်း ဖြစ်မှန်း အဲဒီရုပ်ရှင်ကြောင့် သဘောပေါက်လာကြတယ်။
အာဖရိကမှာ နှစ်နှစ်လောက် နေပြီးနောက် ၁၉၅၈ ခုနှစ်၊ နယူးယောက်မြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး သွားတက်တယ်။ အထူးရှေ့ဆောင်တာဝန် ကျနေတဲ့ ကွီဘက်ကနေ နယူးယောက်ကို ရှီလာ လာတွေ့လို့ ဝမ်းသာလိုက်ရတာ။ စာအဆက်အသွယ် ရှိတယ် ဆိုပေမဲ့ အခုလို လူချင်း တွေ့ရတာနဲ့ ဘယ်တူမလဲ။ ကျွန်တော် လက်ထပ်ခွင့် တောင်းတော့ သူ ခေါင်းညိတ်တယ်။ ရှီလာ ဂိလဒ်သင်တန်း တက်ပြီး ကျွန်တော်နဲ့ အာဖရိကမှာ အမှုဆောင်လို့ ရမရ ညီအစ်ကို နောရ် d ကို စာရေးပြီး မေးတယ်။ ရတယ်တဲ့။ ဒီလိုနဲ့ ဂါနာကို ရှီလာ ရောက်လာတယ်။ ၁၉၅၉၊ အောက်တိုဘာလ ၃ ရက်၊ အက်ကရာမြို့မှာ ကျွန်တော်တို့ လက်ထပ်ကြတယ်။ ဘဝမှာ ယေဟောဝါကို ဦးစားထားခဲ့အတွက် ရလာတဲ့ ကောင်းချီးလို့ ခံစားရတယ်။
ကင်မရွန်းမှာ အတူတူ အမှုဆောင်
၁၉၆၁ ခုနှစ်မှာ ကျွန်တော်တို့ ကင်မရွန်းနိုင်ငံမှာ တာဝန်ကျတယ်။ ဌာနခွဲရုံး ဖွင့်နိုင်ဖို့ ကူညီပေးရမှာ ဖြစ်လို့ ကျွန်တော် တော်တော်လေး အလုပ်များခဲ့တယ်။ ဌာနခွဲ အမှုထမ်း ဖြစ်ခါစဆိုတော့ သင်ယူစရာတွေ များသား။ ၁၉၆၅ ခုနှစ်မှာ ရှီလာ ကိုယ်ဝန် ရသွားတယ်။ မိဘ ဖြစ်တော့မယ်ဆိုတာ တော်တော်နဲ့ လက်မခံနိုင်ခဲ့ဘူး။ ဒီတာဝန်သစ်အတွက် စိတ်လှုပ်ရှားနေတုန်း၊ ကနေဒါ ပြန်ဖို့ စီစဉ်နေတုန်းမှာပဲ စိတ်ထိခိုက်စရာကိစ္စ ဖြစ်လာတယ်။
ရှီလာ ကိုယ်ဝန်ပျက်ကျသွားတယ်။ ဗိုက်ထဲက ကလေးက ယောက်ျားလေးတဲ့။ နှစ် ၅၀ ကျော်သွားပေမဲ့ အခုထိ မမေ့နိုင်သေးဘူး။ အကြီးအကျယ် စိတ်ထိခိုက်ရပေမဲ့ ကျွန်တော်တို့ သိပ်မြတ်နိုးတဲ့ တိုင်းတစ်ပါး အမှုဆောင်တာဝန်မှာ ဆက်ပါဝင်ခဲ့ကြတယ်။
နိုင်ငံရေးမှာ ကြားနေလို့ ကင်မရွန်းက ညီအစ်ကိုတွေ နှိပ်စက်ညှဉ်းပန်းခံရတယ်။ သမ္မတ ရွေးကောက်ပွဲကာလတွေဆိုရင် ပိုဆိုးတာပေါ့။ မဖြစ်ပါစေနဲ့လို့ တွေးနေတဲ့ ကိစ္စတစ်ခု ၁၉၇၀၊ မေလ ၁၃ ရက်မှာ ဖြစ်သွားတယ်။ ယေဟောဝါသက်သေတွေကို တရားဝင် ပိတ်ပင်လိုက်တာပါ။ ပြောင်းလာတာ ငါးလပဲ ရှိသေးတဲ့ ဌာနခွဲ အဆောက်အအုံ အသစ်စက်စက်လေးကို အစိုးရ သိမ်းလိုက်တယ်။ ကျွန်တော်တို့နှစ်ယောက် အပါအဝင် သာသနာပြုအားလုံး တစ်ပတ်အတွင်း နယ်နှင်ခံရတယ်။ သိပ်ချစ်ရတဲ့ ညီအစ်ကို/မတွေအတွက် တွေးပူလို့ သူတို့ကို ထားခဲ့ရတာ နောက်ဆံတင်းလိုက်တာ။
ပြင်သစ် ဌာနခွဲရုံးမှာ ခြောက်လ နေခဲ့တယ်။ အဲဒီကနေ ကင်မရွန်းက ညီအစ်ကိုတွေအတွက် လိုအပ်တာတွေ ကျွန်တော် အတတ်နိုင်ဆုံး ဆက်ကူညီပေးတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာ နိုင်ဂျီးရီးယား ဌာနခွဲမှာ သွားအမှုဆောင်ရတယ်။ ကင်မရွန်းမှာ ရှိတဲ့ အမှုဆောင်လုပ်ငန်းကို နိုင်ဂျီးရီးယား ဌာနခွဲက စကြီးကြပ်ပေးတယ်။ ကျွန်တော်တို့ကို နိုင်ဂျီးရီးယားက ညီအစ်ကို/မတွေ နွေးနွေးထွေးထွေး ကြိုဆိုလက်ခံပေးကြတယ်။ နိုင်ဂျီးရီးယားမှာ ကျွန်တော်တို့ နှစ်တွေအကြာကြီး အမှုဆောင်ခဲ့ကြတယ်။
ခက်ခဲတဲ့ ဆုံးဖြတ်ချက်
၁၉၇၃ ခုနှစ်မှာ သိပ်ခက်တဲ့ ဆုံးဖြတ်ချက် ချခဲ့ရတယ်။ ရှီလာ့ကျန်းမာရေး တော်တော် ဆိုးလာတယ်။ အစည်းအဝေးကြီး တက်ဖို့ နယူးယောက်ကို ရောက်နေတုန်း ရှီလာ ချုံးပွဲချ ငိုပြီး “ကျွန်မ ဒီလိုမျိုး တစ်ချိန်လုံး ချူချာနေပုံနဲ့တော့ ဆက်အမှုမဆောင်နိုင်တော့ဘူး ထင်တယ်” လို့ ပြောတယ်။ အနောက်အာဖရိကမှာ ကျွန်တော်နဲ့အတူ သူ ၁၄ နှစ်ကျော် အမှုဆောင်ခဲ့တာ။ သူ သစ္စာရှိရှိ အမှုဆောင်တာ ကျွန်တော် သိပ်ဂုဏ်ယူတယ်။ ဒါပေမဲ့ အပြောင်းအလဲတချို့ လုပ်မှ ရတော့မယ်။ နှစ်ယောက်သား တိုင်ပင်၊ ဘုရားဆီ ဆုတောင်းပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ ရှီလာ့ကျန်းမာရေးကို ပိုဂရုစိုက်နိုင်မယ့် ကနေဒါကို ပြန်ဖို့ပါ။ သာသနာပြုတာဝန်၊ အချိန်ပြည့် အမှုဆောင်လုပ်ငန်းကို စွန့်လွှတ်ရတာ အခက်ခဲဆုံး၊ အကြေကွဲရဆုံး ဆုံးဖြတ်ချက်ပါပဲ။
ကနေဒါ ပြန်ရောက်တော့ တိုရွန်တိုမြောက်ဘက်က မြို့တစ်မြို့မှာ ကားအရောင်းအဝယ် လုပ်နေတဲ့ မိတ်ဆွေရင်းဆီမှာ ကျွန်တော် အလုပ်ရတယ်။ ဒါနဲ့ တိုက်ခန်းလေး ငှား၊ တစ်ပတ်ရစ် ပရိဘောဂလေးတွေ ဝယ်၊ အကြွေးကင်းကင်းနဲ့ ဘဝသစ် စကြတယ်။ အချိန်ပြည့်လုပ်ငန်းမှာ တစ်နေ့နေ့ ပြန်ပါဝင်နိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘဝကို ရိုးရိုးရှင်းရှင်း နေကြတယ်။ ထင်ထားတာထက် စောပြီး မျှော်လင့်ချက်အတိုင်း ဖြစ်လာလို့ အံ့ဩခဲ့ရတယ်။
စနေနေ့တွေဆိုရင် အွန်တာရီယို၊ နော်ဗယ်မြို့က အစည်းအဝေးကြီးခန်းမ ဆောက်လုပ်ရေး စီမံကိန်းမှာ ကျွန်တော် လုပ်အားသွားပေးတယ်။ နောက်တော့ အစည်းအဝေးကြီးခန်းမ ကြီးကြပ်မှူးတာဝန် ယူနိုင်မလားတဲ့။ ရှီလာလည်း ကျန်းမာရေး ပြန်ကောင်းနေပြီဆိုတော့ ဒီတာဝန်သစ်နဲ့ သူ အဆင်ပြေနိုင်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ ဒါနဲ့ ၁၉၇၄၊ ဇွန်လမှာ အစည်းအဝေးကြီးခန်းမ ရှိတဲ့ တိုက်ခန်းကို ကျွန်တော်တို့ ပြောင်းကြတယ်။ အချိန်ပြည့်လုပ်ငန်းမှာ ပြန်ပါဝင်ခွင့် ရလို့ ဝမ်းသာလိုက်တာ။
ရှီလာလည်း တော်တော်ကြီးကို ထူထူထောင်ထောင် ဖြစ်လာတယ်။ နှစ်နှစ်ကြာတော့ တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့ ပြန်ပါဝင်နိုင်ခဲ့တယ်။ ပတ်ရမယ့် တိုက်နယ်က ဆောင်းတွင်းဆိုရင် ကျောကွဲမတတ် အေးတယ်လို့ နာမည်ကြီးတဲ့ မနီတိုးဘားပြည်နယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေရဲ့ မေတ္တာကတော့ နွေးထွေးလှပါတယ်။ ဘယ်နေရာမှာ အမှုဆောင်နေတယ်ဆိုတာ အရေးမကြီးဘူး၊ ရောက်တဲ့နေရာမှာ ဆက်အမှုဆောင်နေဖို့က အရေးကြီးတယ်ဆိုတာ သင်ယူခဲ့ရတယ်။
အရေးကြီး သင်ခန်းစာ သင်ယူခဲ့ရ
တိုက်နယ်လုပ်ငန်းမှာ နှစ်များစွာ ပါဝင်ပြီးနောက် ၁၉၇၈ ခုနှစ်မှာ ကနေဒါဗေသလကို ဖိတ်ခေါ်ခံရတယ်။ သိပ်မကြာခင်မှာပဲ အရေးကြီး သင်ခန်းစာ သင်ယူခဲ့ရတယ်။ မွန်ထရီအောမြို့မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ပြင်သစ်စကားနဲ့ တစ်နာရီခွဲ ဟောပြောချက် ပေးရတယ်။ ပရိသတ် စိတ်ဝင်စားအောင် ကျွန်တော် မဟောနိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်တော့်ကို လုပ်ငန်းတော်ဌာနက ညီအစ်ကိုတစ်ယောက် သွန်သင်ချက် ပေးတယ်။ ကိုယ်အဟောအပြော မကောင်းမှန်း အခု သဘောပေါက်သလို အဲဒီတုန်းက သဘောပေါက်ခဲ့ရမှာ။ ဒါပေမဲ့ သူ ပြောတာ ကျွန်တော် လက်မခံခဲ့မိဘူး။ နဂိုကတည်းက ကျွန်တော်တို့နှစ်ယောက်က စရိုက်မတူကြဘူး။ အခုလည်း ချီးမွမ်းမယ်တော့ မရှိဘူး၊ အပြစ်မရှိ အပြစ်လာရှာနေတာပဲလို့ တွေးမိတယ်။ သွန်သင်ချက် ပေးတဲ့ ပုံစံ၊ သွန်သင်ချက် ပေးသူအပေါ် ထားတဲ့ ကျွန်တော့်အမြင်ကြောင့် အဲဒီလိုကောက်ချက်ချ မှားခဲ့တာ။
ရက်နည်းနည်းကြာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဌာနခွဲ ကော်မတီဝင်တစ်ယောက် ခေါ်ပြောတယ်။ ကျွန်တော့်တုံ့ပြန်ပုံ မှားသွားတယ်၊ စိတ်မကောင်းပါဘူးလို့ ဝန်ခံလိုက်တယ်။ အဲဒီနောက် ကျွန်တော့်ကို သွန်သင်ချက် ပေးတဲ့ ညီအစ်ကိုကို စကားသွားပြောတယ်။ ညီအစ်ကိုက ရပါတယ်လို့ ကြည်ကြည်ဖြူဖြူ ပြောတယ်။ နှိမ့်ချမှု ရှိဖို့ ဘယ်လောက် အရေးကြီးမှန်း ဒီအတွေ့အကြုံကနေ သင်ယူလိုက်ရတယ်။ အဲဒီသင်ခန်းစာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ (ပညာ. ၁၆:၁၈) ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဆီ အကြိမ်ကြိမ် ဆုတောင်းတယ်။ အကြံပေးတာကို ဘယ်တော့မှ အဆိုးမမြင်ဖို့လည်း ဆုံးဖြတ်လိုက်တယ်။
ကနေဒါဗေသလမှာ အမှုဆောင်တာ နှစ် ၄၀ ကျော်ပြီ။ ၁၉၈၅ ခုနှစ်ကတည်းက ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ခွင့် ရတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီလမှာ ချစ်ဇနီး ရှီလာ ဆုံးသွားတယ်။ သူ့ကို သိပ်သတိရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေလို့၊ ပျော်နေလို့ “သက်တမ်းတိုလေးအတွင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို သတိမထားမိ” ပါဘူး။ (ဒေ. ၅:၂၀) ဘဝမှာ အခက်အခဲ အများကြီး ကြုံခဲ့ရပေမဲ့ အခက်အခဲထက် ပျော်စရာက ပိုများပါတယ်။ ဘဝမှာ ယေဟောဝါကို ပထမနေရာ ထားလို့၊ အချိန်ပြည့်လုပ်ငန်းမှာ နှစ် ၇၀ ပါဝင်ခဲ့လို့ ခံစားရတဲ့ ကောင်းချီးကတော့ ပြောမကုန်အောင်ပါပဲ။ ညီအစ်ကို/မငယ်တွေ ယေဟောဝါကို ပထမနေရာမှာ ဆက်ထားကြဖို့လည်း ကျွန်တော် ဆုတောင်းပေးပါတယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်မှ ကောင်းချီးကြွယ်ဝတဲ့၊ ကျေနပ်ပျော်ရွှင်တဲ့ အသက်တာကို ပိုင်ဆိုင်ရမှာမို့လို့ပါ။
a “ယေဟောဝါသည် ကျွန်တော့်ခိုလှုံရာနှင့်ခွန်အား” ဆိုတဲ့ ညီအစ်ကို မာစယ်လ် ဖီလ်တောရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၀၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် မှာ ဖတ်ပါ။
b ၁၉၅၇ ခုနှစ်အထိ အာဖရိကမှာ ရှိတဲ့ ဒီဒေသဟာ ဗြိတိသျှ ကိုလိုနီဒေသ ဖြစ်ခဲ့ပြီး ဂိုးလ်ကို့စ်လို့ ခေါ်တယ်။
c “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ” ဆိုတဲ့ ညီအစ်ကို ဟဲရ်ဘက် ဂျဲန်နစ်ဇ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၀၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် မှာ ဖတ်ပါ။
d အဲဒီတုန်းက အဖွဲ့အစည်းလုပ်ငန်းကို ညီအစ်ကို နေသန် နောရ် ဦးဆောင်နေတယ်။