မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိုး​ရိမ်​စ​ရာ ရှိ​သမျှ​ကို ယေဟောဝါ​ဆီ ပုံ​အပ်​ထား​ပါ

စိုး​ရိမ်​စ​ရာ ရှိ​သမျှ​ကို ယေဟောဝါ​ဆီ ပုံ​အပ်​ထား​ပါ

“[ယေဟောဝါ]​သည် သင်​တို့​ကို ဂရု​စိုက်​တော်​မူ​သော​ကြောင့် စိုး​ရိမ်​စ​ရာ ရှိ​သမျှ​ကို ကိုယ်​တော့်​ထံ ပုံ​အပ်​ထား​လော့။” —၁ ပေ. ၅:၇

သီချင်း– ၆၀၊ ၂၃

၁၊ ၂။ (က) စိုး​ရိမ်​ပူ​ပန်​မှု ခံစား​ရ​တဲ့​အခါ ဘာ​ကြောင့် မအံ့​သြသင့်​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို ကြည့်​ပါ။) (ခ) ဒီ​ဆောင်း​ပါး​မှာ ဘာ​လေ့​လာ​ကြ​မလဲ။

ဖိ​စီး​မှု​များ​တဲ့ ခေတ်​ကာလ​မှာ ကျွန်​တော်​တို့ အသက်​ရှင်​နေ​ကြ​တယ်။ စာ​တန်​မာ​ရ်​နတ်​ဟာ ဒေါသ​ထွက်​နေ​ပြီး “ဟောက်​သော​ခြ​င်္သေ့​ကဲ့​သို့ တစ်ဦး​တစ်​ယောက်​ကို မျိုရန် လှည့်​လည်​ရှာ​ဖွေ” နေ​တယ်။ (၁ ပေ. ၅:၈။ ဗျာ. ၁၂:၁၇) ဒါ​ကြောင့် ဘု​ရား​သခင့် ကျေး​ကျွန်​တွေ​ဟာ တစ်​ခါ​တ​လေ စိုး​ရိမ်​ပူ​ပန်​တတ်​ကြ​တယ်။ ဘု​ရား​သခင်​ကို ကြောက်​ရွံ့​တဲ့ ဘု​ရင်​ဒါဝိဒ် စ​တဲ့ ရှေး​ခေတ်​ကျေး​ကျွန်​တွေ​လည်း ‘စိုး​ရိမ်​ပူ​ပန်’ ခဲ့​ကြ​တယ်။ (ဆာ. ၁၃:၂က​ဘ) တမန်​တော်​ပေါလု​လည်း “အသင်း​တော် ရှိ​သမျှ​အတွက် စိုး​ရိမ်​ပူ​ပန်” ခဲ့​တယ်။ (၂ ကော. ၁၁:၂၈) စိုး​ရိမ်​ပူ​ပန်​စ​ရာ​တွေ များ​လာ​တဲ့​အခါ ဘာ​လုပ်​နိုင်​သလဲ။

ရှေး​ခေတ်​နဲ့ ဒီ​နေ့​ခေတ် ကျေး​ကျွန်​တွေ​ကို ယေဟောဝါ ကူညီ​ပေး​ခဲ့​သလို ကျွန်​တော်​တို့​ကို​လည်း အတိုင်း​အတာ တစ်​ခု​အထိ စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​အောင် ကူညီ​ပေး​နိုင်​ပါ​တယ်။ “ကိုယ်​တော်​သည် သင်​တို့​ကို ဂရု​စိုက်​တော်​မူ​သော​ကြောင့် စိုး​ရိမ်​စရာ ရှိ​သမျှ​ကို ကိုယ်​တော့်​ထံ ပုံ​အပ်​ထား​လော့” လို့ ကျမ်း​စာ​မှာ အား​ပေး​ထား​တယ်။ (၁ ပေ. ၅:၇) ဘယ်​လို ပုံ​အပ်​နိုင်​သလဲ။ ရင်​ဖွင့်​ဆုတောင်း​ခြင်း၊ ကျမ်း​စာ​ဖတ်​ပြီး တွေး​တော​ဆင်​ခြင်​ခြင်း၊ ယေဟောဝါ​ရဲ့ သန့်​ရှင်း​သော စွမ်းအား​တော် တောင်း​ခံ​ခြင်း၊ ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ မိတ်ဆွေ​ဆီ ရင်​ဖွင့်​ခြင်း​ဆို​တဲ့ နည်း​လေး​နည်း​အား​ဖြင့် ပုံ​အပ်​နိုင်​တဲ့​အကြောင်း ဆွေး​နွေး​ကြည့်​ကြ​စို့။ ဆွေး​နွေး​ရင်း သင်​လုပ်​ဆောင်​လို​တဲ့ လက်​တွေ့​ကျ နည်း​လမ်း​တွေ​ကို သိ​အောင်​လုပ်​ပါ။

‘ထမ်း​ထား​ရ​တဲ့​ဝန်​ကို ယေဟောဝါ​ဆီ ပုံ​အပ်​လိုက်​ပါ’

၃။ ‘ထမ်း​ထား​ရ​တဲ့​ဝန်​ကို ယေဟောဝါ​ဆီ’ ဘယ်​လို ‘ပုံ​အပ်’ နိုင်​သလဲ။

ကျွန်​တော်​တို့ လုပ်​ဆောင်​နိုင်​တဲ့ ပထ​မနည်း​က​တော့ ယေဟောဝါ​ဆီ ရင်​ဖွင့်​ဆုတောင်း​ခြင်း ဖြစ်​တယ်။ ရ​တက်​မအေး​စ​ရာ၊ စိုး​ရိမ်​ပူ​ပန်​စ​ရာတွေ ကြုံ​ရ​တဲ့​အခါ မေတ္တာ​ရှင် ကောင်း​ကင်​ဖခင်​ဆီ ရင်​ဖွင့်​ဆုတောင်း​လိုက်​ပါ။ “အို​ဘု​ရား​သခင်၊ အကျွန်ုပ် ဆုတောင်း​သော​စကား​ကို နား​ထောင်​တော်​မူ​ပါ” လို့ ဆာလံ​ဆ​ရာ​ဒါဝိဒ် အသနား​ခံ​ခဲ့​တယ်။ ‘ထမ်း​ထား​ရ​တဲ့​ဝန်​ကို ယေဟောဝါ​ဆီ ပုံ​အပ်​လိုက်​ပါ။ ကိုယ်​တော် ဖေး​မလိမ့်​မယ်’ လို့​ဆက်​ပြော​တယ်။ (ဆာ. ၅၅:၁၊ ၂၂က​ဘ) ပြဿ​နာ​ကို ဖြေရှင်း​ဖို့ အတတ်​နိုင်​ဆုံး ကြိုး​စား​ပြီး​ပြီဆို​ရင် စိုး​ရိမ်​နေ​တာ​ထက် ရင်​ဖွင့်​ဆုတောင်း​တာ​က ပို​အထောက်​အကူ ဖြစ်​စေ​တယ်။ ဒါ​ပေမဲ့ ပူ​ပန်​သော​က​ရောက်​ပြီး စိတ်​ဒုက္ခ​ခံစား​နေ​ရ​တာ​ကို ဆုတောင်း​ခြင်း​က ဘယ်​လို​နည်း​နဲ့ သက်​သာ​စေ​နိုင်​သလဲ။—ဆာ. ၉၄:၁၈၊ ၁၉

၄။ စိုး​ရိမ်​ပူ​ပန်​တဲ့​အခါ ဆုတောင်း​ဖို့ ဘာ​ကြောင့် သိပ်​အရေး​ကြီး​သလဲ။

ဖိ​လိပ္ပိ ၄:၆၊ ၇ ကို​ဖတ်​ပါ။ ထက်​ထက်​သန်​သန်၊ လှိုက်​လှိုက်​လှဲ​လှဲ၊ စွဲ​စွဲ​မြဲမြဲ တောင်း​တဲ့ ဆု​တွေ​ကို ယေဟောဝါ ဖြေကြား​ပေး​နိုင်​တယ်။ ဘယ်​နည်း​နဲ့​လဲ။ စိုး​ရိမ်​စရာ အတွေး​နဲ့ ခံစား​ချက်​တွေ ပျောက်​စေ​နိုင်​တဲ့ စိတ်​ငြိမ်သက်​မှု ပေး​ခြင်း​အား​ဖြင့် ဖြစ်​တယ်။ အဲဒီ​အချက်​ကို လူ​များ​စွာ ကိုယ်​တွေ့​ခံစား​ခဲ့​ကြ​တယ်။ စိုး​ရိမ်​ပူ​ပန်​ပြီး ရင်​လေး​နေ​တဲ့​အခါ လူ​တွေ စဉ်း​စား​လို့​မမီ​နိုင်​တဲ့ ငြိမ်သက်​ခြင်း ရ​ရှိ​အောင် ဘု​ရား​သခင် ကူညီ​ပေး​ခဲ့​တယ်။ သင့်​ကို​လည်း အလား​တူ ကူညီ​ပေး​နိုင်​ပါ​တယ်။ “ဘု​ရား​သခင်​၏ ငြိမ်သက်​ခြင်း” က သင်​ရင်​ဆိုင်​ရ​နိုင်​တဲ့ ဘယ်​အခက်​အခဲ​ကို​မဆို အောင်​မြင်​စေ​နိုင်​တယ်။ “မစိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ ရှိ​၏။ မကြောက်​နှင့်။ သင်​၏​ဘု​ရား​သခင် ငါ​သည် သင့်​ကို ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မမည်” ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။—ဟေ​ရှာ. ၄၁:၁၀

ကျမ်း​စာ​က​နေ ရ​ရှိ​တဲ့ စိတ်​ငြိမ်သက်​မှု

၅။ ကျမ်း​စာ​က ဘယ်​လို​နည်း​နဲ့ စိတ်​ငြိမ်သက်​မှု ရ​ရှိ​စေ​နိုင်​သလဲ။

စိတ်​ငြိမ်သက်​မှု ရ​ရှိ​စေ​တဲ့ ဒုတိ​ယ​နည်း​က​တော့ ကျမ်း​စာ​ဖတ်​ပြီး တွေး​တော​ဆင်​ခြင်​ခြင်း ဖြစ်​တယ်။ အဲ​ဒါ ဘာ​ကြောင့် အရေး​ကြီး​သလဲ။ ကျမ်း​စာ​မှာ စိုး​ရိမ်​ပူ​ပန်​မှု​ကို ရှောင်ရှား၊ လျှော့​ချ၊ ဖြေရှင်း​ဖို့ ကူညီ​ပေး​တဲ့ လက်​တွေ့​ကျ အကြံ​ပြု​ချက်​တွေ ပါ​ရှိ​တယ်။ ဖန်​ဆင်း​ရှင်​ရဲ့ ဉာဏ်​ပညာ စကား​တွေ​ပါ​တဲ့​အတွက် သင့်​ကို ထောက်​ကူ​ပြီး လန်း​ဆန်း​စေ​တယ်​ဆို​တာ မမေ့​ပါ​နဲ့။ နေ့​ရော​ည​ပါ ဘု​ရား​သခင့် အတွေး​တွေ​ကို စဉ်း​စား​ပြီး ကျမ်း​စာ​ရဲ့ လက်​တွေ့​ကျ လမ်း​ညွှန်​ချက်​တွေ​ကို လိုက်​နာ​မယ်​ဆို​ရင် ခွန်​အား​ရ​ပါ​လိမ့်​မယ်။ ကျမ်း​စာ ဖတ်​ရှု​ခြင်း​ကို “အား​ယူ​၍ အလွန်​ရဲရင့်” ခြင်း၊ ‘မကြောက်​ခြင်း၊ စိတ်​မပျက်​ခြင်း’ တို့​နဲ့ ယေဟောဝါ ဆက်​စပ်​ထား​တယ်။—ယောရှု ၁:၇-၉

၆။ ယေရှု​ရဲ့ စကား​တွေ​က သင့်​ကို ဘယ်​လို အကျိုး​ပြု​နိုင်​သလဲ။

ကျမ်း​စာ​မှာ ယေရှု​ရဲ့ နှစ်​သိမ့်​မှု​ဖြစ်​စေ​တဲ့ စကား​တွေ ပါ​တယ်။ ယေရှု​ရဲ့ စကား​နဲ့ သွန်သင်​ချက်​တွေ​က နား​ထောင်​သူ​တွေ​ကို လန်း​ဆန်း​စေ​တယ်။ စိတ်​ဒုက္ခ​ရောက်​သူ​တွေ​ကို စိတ်​အေး​စေ​တယ်၊ အား​နည်း​သူ​ကို အား​ရှိ​စေ​တယ်၊ စိတ်​ဓာတ်​ကျ​သူ​ကို နှစ်​သိမ့်​ပေး​တဲ့​အတွက် ယေရှု​ဆီ လူ​များ​စွာ ရောက်​လာ​ကြ​တယ်။ (မဿဲ ၁၁:၂၈–၃၀ ကို​ဖတ်​ပါ။) တ​ခြား​သူ​တွေ​ရဲ့ ဝတ်​ပြု​ရေး၊ စိတ်​ဓာတ်​ရေး၊ ကာ​ယ​ရေး လို​အပ်​ချက်​တွေ​ကို မေတ္တာ​ပါ​ပါ ထည့်​စဉ်း​စား​ပေး​ခဲ့​တယ်။ (မာ. ၆:၃၀-၃၂) ကူညီ​ပေး​မယ်​ဆို​တဲ့ ယေရှု​ရဲ့ ကတိ​ဟာ ဒီ​နေ့​အထိ သက်​ဆိုင်​နေ​တုန်း​ပါ​ပဲ။ ယေရှု​နဲ့ သွား​လာ​ခဲ့​တဲ့ တမန်​တော်​တွေ​လို​ပဲ သင်​ကိုယ်​တိုင်​လည်း တွေ့ကြုံ​ခံစား​ရ​နိုင်​ပါ​တယ်။ ယေရှု​ကိုယ်​တိုင် ကျွန်​တော်​တို့​ဘေး​နား​မှာ ရှိ​နေ​ဖို့ မလို​ပါ​ဘူး။ ကောင်​ကင်​ဘု​ရင်​အနေ​နဲ့ ယေရှု ဆက်​မေတ္တာ​ပြနေ​ပါ​တယ်။ ဒါ​ကြောင့် သင်​စိုး​ရိမ်​ပူ​ပန်​ချိန်​မှာ၊ “အကူ​အညီ လို​အပ်​ချိန်” မှာ “ကူညီ​မစ” နိုင်​ပါ​တယ်။ စိတ်​ပျက်​စ​ရာ​တွေ ဖြေရှင်း​နိုင်​ဖို့၊ သင့်​ကို မျှော်​လင့်​ချက်​နဲ့ ခွန်​အား​ပေး​ဖို့ ယေရှု​ရဲ့​စကား​တွေ​က ကူညီ​ပေး​နိုင်​ပါ​တယ်။—ဟေဗြဲ ၂:၁၇၊ ၁၈။ ၄:၁၆

ဘု​ရား​သခင့် စွမ်းအား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​များ

၇။ သန့်​ရှင်း​သော စွမ်းအား​တော် တောင်း​ခံ​တဲ့​အခါ ဘု​ရား​သခင့် တုံ့​ပြန်​မှု​က​နေ ​သင်​ဘယ်​လို အကျိုး​ရ​ရှိ​မလဲ။

ကောင်း​ကင်​ဖခင်​က သန့်​ရှင်း​သော စွမ်းအား​တော် တောင်း​ခံ​သူ​တွေ​ကို မပျက်​မကွက် ပေး​မယ်​လို့ ယေရှု ကတိ​ပေး​ခဲ့​တယ်။ (လု. ၁၁:၁၀-၁၃) တ​တိ​ယ​နည်း​လမ်း​ဖြစ်​တဲ့ သန့်​ရှင်း​သော စွမ်းအား​တော်​က စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​အောင် ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။ စွမ်းအား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​တွေ​ဟာ အနန္တ​တန်ခိုး​ရှင် ဘု​ရား​သခင်​မှာ​ရှိ​တဲ့ အရည်​အသွေး​တွေ​ပဲ။ (ဂလာ​တိ ၅:၂၂၊ ၂၃ ကို​ဖတ်​ပါ။ ကော. ၃:၁၀) အဲ​ဒါ​တွေ​ကို သင်​ကြိုး​စား​မွေး​မြူ​တဲ့​အခါ တ​ခြား​သူ​တွေ​နဲ့ ဆက်ဆံ​ရေး ကောင်း​လာ​ပါ​လိမ့်​မယ်။ စိုး​ရိမ်​ပူ​ပန်​မှု ဖြစ်​စေ​နိုင်​တဲ့ အခြေ​အနေ​တွေ​ကို ရှောင်ရှား​နိုင်​ပါ​လိမ့်​မယ်။ စွမ်းအား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​တွေ​က ဘယ်​လို ကူညီ​ပေး​နိုင်​တယ်​ဆို​တာ သုံးသပ်​ကြည့်​ပါ။

၈–၁၂။ ဘု​ရား​သခင့် သန့်​ရှင်း​သော စွမ်းအား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​တွေ​က စိုး​ရိမ်​ပူ​ပန်​မှု ဖြစ်​စေ​နိုင်​တဲ့ အခြေ​အနေ​တွေ​ကို ဘယ်​လို ရှောင်ရှား​စေ​နိုင်​သလဲ။

“ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်သက်​ခြင်း။” တ​ခြား​သူ​တွေ​ကို လေး​လေး​စား​စား ဆက်ဆံ​တဲ့​အခါ စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​လာ​တာ တွေ့​ရ​ပါ​လိမ့်​မယ်။ ဘယ်​နည်း​အား​ဖြင့်​လဲ။ တ​ခြား​သူ​တွေ​ကို ညီ​ရင်း​အစ်​ကို​မေတ္တာ၊ ချစ်​ခင်​ကြင်နာ​မှု တင်​ပြပြီး ဂုဏ်​တင်​တဲ့​အခါ စိုး​ရိမ်​ပူ​ပန်​မှု ဖြစ်​စေ​နိုင်​တဲ့ အခြေ​အနေ​တွေ​ကို ရှောင်ရှား​နိုင်​ပါ​လိမ့်​မယ်။—ရော. ၁၂:၁၀

“စိတ်​ရှည်​ခြင်း၊ ကြင်နာ​ခြင်း၊ ကောင်း​မြတ်​ခြင်း။” “အချင်း​ချင်း ကြင်နာ​မှု​ပြ၍ သနား​စာ​နာ​ကြ​လော့။ . . . အချင်း​ချင်း အကြွင်း​မဲ့ ခွင့်​လွှတ်​ကြ​လော့” ဆို​တဲ့ သတိ​ပေး​နှိုး​ဆော်​ချက်​ကို လိုက်​နာ​ခြင်း​အား​ဖြင့် သင့်​မြတ်​တဲ့ ဆက်ဆံ​ရေး ရ​ရှိ​နိုင်​မယ်။ (ဧ. ၄:၃၂) ဒီ​နည်း​အား​ဖြင့် စိုး​ရိမ်​ပူ​ပန်​မှု ဖြစ်​စေ​နိုင်​တဲ့ အခြေ​အနေ​တွေ​ကို ရှောင်ရှား​နိုင်​မယ်။ မစုံလင်​မှု​ကြောင့် ဖြစ်​လာ​တဲ့ အခြေ​အနေ​တွေ​ကို​လည်း ထိ​ထိ​ရောက်ရောက် ကိုင်​တွယ်​တတ်​လာ​ပါ​လိမ့်​မယ်။

၁၀ “ယုံ​ကြည်​ခြင်း။” ဒီ​နေ့​ခေတ်​မှာ စိုး​ရိမ်​ပူ​ပန်​မှု​ဟာ ငွေ​ကြေး၊ ပစ္စည်း​ဥစ္စာ​နဲ့ ပတ်​သက်​လေ့​ရှိ​တယ်။ (သု. ၁၈:၁၁) ယေဟောဝါ​ရဲ့ မေတ္တာ​ပါ စောင့်​ရှောက်​မှု​ကို အခိုင်​အမာ ယုံ​ကြည်​ခြင်း​က စိုး​ရိမ်​ပူ​ပန်​မှု​ကို ဖြေရှင်း​ဖို့၊ ရှောင်​ရှား​ဖို့ ကူညီ​ပေး​နိုင်​တယ်။ ဘယ်​နည်း​အား​ဖြင့်​လဲ။ “ရှိ​သမျှ​နှင့် ရောင့်​ရဲ​လော့” ဆို​တဲ့ တမန်​တော် ပေါလု​ရဲ့ အကြံ​ပြု​ချက်​ကို လိုက်​နာ​ခြင်း​အား​ဖြင့် စိုး​ရိမ်​ပူ​ပန်​မှု​များ​စွာ​ကို ရှောင်ရှား​နိုင်​တယ်။ “အကြောင်း​မူ​ကား ကိုယ်​တော်​က ‘ငါ​သည် သင့်​ကို အလျှင်း​မစွန့်၊ အလျှင်း​ပစ်​၍​မထား’ ဟု​မိန့်​တော်​မူ​၏။ ထို့​ကြောင့် ‘ယေဟောဝါ​ဘု​ရား​သည် ငါ့ကို ကူညီ​မစ​သော​အရှင် ဖြစ်​၍ ငါ​မကြောက်။ လူ​သည် ငါ့ကို မည်​သို့​ပြု​နိုင်​မည်​နည်း’ ဟု​ငါ​တို့​ရဲရင့်​စွာ ပြော​ဆို​နိုင်​ကြ​၏” လို့ ပေါလု ဆက်​ပြော​တယ်။—ဟေဗြဲ ၁၃:၅၊ ၆

၁၁ “နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ချုပ်​တည်း​ခြင်း။” အဲဒီ​အရည်​အသွေး​တွေ တင်​ပြခြင်း​က ဘယ်​လောက် လက်​တွေ့​ကျ​ပြီး ထိ​ရောက်​သလဲ​ဆို​တာ စဉ်း​စား​ကြည့်​ပါ။ စိုး​ရိမ်​ပူ​ပန်​မှု ဖြစ်​စေ​နိုင်​တဲ့ လုပ်​ရပ်​တွေ​ကို ရှောင်ရှား​နိုင်​ပါ​လိမ့်​မယ်။ “ခါး​သီး​နာ​ကြည်း​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အမျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငမ်း​ခြင်း” ကို ရှောင်​ခြင်း​အား​ဖြင့် အကျိုး​ရ​ရှိ​ပါ​လိမ့်​မယ်။—ဧ. ၄:၃၁

၁၂ “တန်ခိုး​ကြီး​သော လက်​တော်​အောက်” မှာ “စိုး​ရိမ်​စ​ရာ ရှိ​သမျှ​ကို ကိုယ်​တော့်​ထံ ပုံ​အပ်” ဖို့​ဆို​ရင် နှိမ့်​ချ​မှု​ရှိ​ဖို့ လို​ပါ​လိမ့်​မယ်။ (၁ ပေ. ၅:၆၊ ၇) ဒါ​ပေမဲ့ နှိမ့်​ချ​ကျိုးနွံ​ရင် ဘု​ရား​သခင်​ရဲ့ မျက်​နှာ​သာ​နဲ့ ထောက်မ​မှု ရ​ရှိ​ပါ​လိမ့်​မယ်။ (မိ. ၆:၈) သင့်​ရဲ့ ရုပ်​ပိုင်း၊ စိတ်​ပိုင်း စွမ်း​ဆောင်​နိုင်​ရာ​တွေ​ကို လက်​တွေ့​ကျ​ကျ ရှု​မြင်​ခြင်း​အား​ဖြင့် ဘု​ရား​သခင်​ကို အား​ကိုး​တတ်​လာ​ပြီး စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​လာ​ပါ​လိမ့်​မယ်။

“ဘယ်​သော​အခါ​မျှ မစိုး​ရိမ်​ကြ​နှင့်”

၁၃။ “ဘယ်​သော​အခါ​မျှ မစိုး​ရိမ်​ကြ​နှင့်” ဆို​တဲ့ ယေရှု​ရဲ့ စကား​က ဘာ​ကို ဆိုလို​သလဲ။

၁၃ “ဘယ်​သော​အခါ​မျှ မစိုး​ရိမ်​ကြ​နှင့်” ဆို​တဲ့ ယေရှု​ရဲ့ အကြံ​ပြု​ချက်​ကို မဿဲ ၆:၃၄ (ဖတ်​ပါ) မှာ တွေ့​ရ​တယ်။ ဒါ​ပေမဲ့ လိုက်​နာ​ဖို့​တော့ ခက်​နိုင်​တယ်။ “ဘယ်​သော​အခါ​မျှ မစိုး​ရိမ်​ကြ​နှင့်” ဆို​တဲ့ ယေရှု​ရဲ့ စကား​က ဘာ​ကို ဆိုလို​သလဲ။ ဘု​ရား​သခင့် ကျေး​ကျွန်​တစ်​ယောက်​ရဲ့ ဘဝ​မှာ စိုး​ရိမ်​စ​ရာ လုံး​ဝ မရှိ​ရ​ဘူး​လို့ ဆိုလို​တာ မဖြစ်​နိုင်​ဘူး။ ဒါဝိဒ်​နဲ့ ပေါလု​ရဲ့ စကား​တွေ​ကို ကျွန်​တော်​တို့ သုံးသပ်​ခဲ့​ပြီး​ပြီ။ တ​ကယ်​တော့ မသင့်​လျော်​တဲ့၊ အလွန်​အမင်း စိုး​ရိမ်​ပူ​ပန်​မှု​က ပြဿ​နာ​တွေ​ကို မဖြေရှင်း​ပေး​နိုင်​မှန်း တ​ပည့်​တွေ နား​လည်​လာ​အောင် ယေရှု ကူညီ​ပေး​နေ​တာ ဖြစ်​တယ်။ နေ့​ရက်​တိုင်း​မှာ သူ့​ပြဿ​နာ​နဲ့​သူ ရှိ​တယ်။ ဒါ​ကြောင့် အတိတ်​နဲ့ အနာ​ဂတ်​အတွက် စိုး​ရိမ်​ခြင်း​အား​ဖြင့် လက်​ရှိ​စိုး​ရိမ်​မှု​ကို ပို​များ​အောင် မလုပ်​သင့်​ဘူး။ ယေရှု​ရဲ့ အကြံ​ပြု​ချက်​ကို လိုက်​နာ​ခြင်း​က ဘယ်​လို​နည်း​နဲ့ စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​စေ​နိုင်​သလဲ။

၁၄။ အတိတ်​က စိုး​ရိမ်​ပူ​ပန်​မှု​ကို ဘယ်​လို ဖြေရှင်း​နိုင်​သလဲ။

၁၄ အတိတ်​က လုပ်​ရပ်​တွေ၊ ပျက်​ကွက်​မှု​တွေ​ကြောင့် တ​ချို့ စိုး​ရိမ်​ပူ​ပန်​နေ​တာ ဖြစ်​နိုင်​တယ်။ လွန်​ခဲ့​တဲ့ နှစ်​များ​စွာ​က ပြု​ခဲ့​တဲ့​အပြစ်​ကြောင့် စိတ်​ဒုက္ခ​ရောက်​နေ​တာ ဖြစ်​နိုင်​တယ်။ ဘု​ရင်​ဒါဝိဒ်​လည်း ‘ပြု​မိ​တဲ့ ဒု​စ​ရိုက်​တွေ​ဟာ သူ့​ခေါင်း​ကို လွှမ်း​မိုး’ နေ​တယ်​လို့ ခံစား​ခဲ့ရ​တယ်။ “စိတ်​နှလုံး လှုပ်​ရှား​သဖြင့် အော်​ဟစ်​ရ​ပါ​၏” လို့ ဝန်​ခံ​ခဲ့​တယ်။ (ဆာ. ၃၈:၃၊ ၄၊ ၈၊ ၁၈) ဒါဝိဒ် ဘာ​လုပ်​ခဲ့​သလဲ။ ယေဟောဝါ​ရဲ့ ကရု​ဏာ​နဲ့ ခွင့်​လွှတ်​မှု​ကို ယုံ​ကြည်​စိတ်​ချ​ခဲ့​တယ်။ “ဒု​စ​ရိုက်​အပြစ်​ကို ဖုံး​အုပ်​ခြင်း​သို့ ရောက်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏” လို့ ယုံ​ကြည်​စိတ်​ချ​မှု အပြည့်​နဲ့ ပြော​ခဲ့​တယ်။ဆာလံ ၃၂:၁–၃၊  ကို​ဖတ်​ပါ။

၁၅။ (က) လက်​ရှိ​အတွက် ဘာ​ကြောင့် မစိုး​ရိမ်​သင့်​သလဲ။ (ခ) စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​စေ​ဖို့ ဘယ်​လို လက်​တွေ့​ကျ​ကျ လုပ်​ဆောင်​နိုင်​သလဲ။ ( “စိုး​ရိမ်​ပူ​ပန်​မှု လျော့​နည်း​စေ​နိုင်​တဲ့ လက်​တွေ့​ကျ နည်း​လမ်း​တ​ချို့”လေး​ထောင့်​ကွက်​ကို ကြည့်​ပါ။)

၁၅ တစ်​ခါ​တ​လေ လက်​ရှိ​အတွက် စိုး​ရိမ်​ပူ​ပန်​နေ​တာ ဖြစ်​နိုင်​တယ်။ ဆာလံ ၅၅ ကို ဒါဝိဒ် ရေး​သား​ချိန်​မှာ အသက်​ဘေး​အတွက် စိုး​ရိမ်​ပူ​ပန်​နေ​တယ်။ (ဆာ. ၅၅:၂-၅) ဒါ​ပေမဲ့ စိုး​ရိမ်​ပူ​ပန်​မှု​ကြောင့် ယေဟောဝါ​အပေါ် စိတ်​ချ​မှု မပျောက်​သွား​ခဲ့​ဘူး။ ပြဿ​နာ​တွေ​အကြောင်း ရင်​ဖွင့်​ဆုတောင်း​ပြီး တစ်​ချိန်​တည်း​မှာ စိုး​ရိမ်​ပူ​ပန်​မှု​ကို ဖြေရှင်း​ဖို့ လက်​တွေ့​ကျ​ကျ လုပ်​ဆောင်​ခဲ့​တယ်။ (၂ ရာ. ၁၅:၃၀-၃၄) ဒါဝိဒ်​ဆီ​က​နေ သင်​ယူ​ပါ။ စိုး​ရိမ်​ပူ​ပန်​မှု​ရဲ့ လွှမ်း​မိုး​မှု​ကို ခံ​မယ့်​အစား အခြေ​အနေ​ကို ဖြေရှင်း​ဖို့ လက်​တွေ့​ကျ​ကျ လုပ်​ဆောင်​ပြီး ယေဟောဝါ​ရဲ့ လက်​ထဲ ယုံ​ကြည်​စိတ်​ချ​စွာ ပုံ​အပ်​လိုက်​ပါ။

၁၆။ ဘု​ရား​သခင့် နာ​မတော်​ရဲ့ အဓိပ္ပာယ်​က သင့်​ယုံ​ကြည်​ခြင်း​ကို ဘယ်​လို ခိုင်​မာ​စေ​နိုင်​သလဲ။

၁၆ တစ်​ခါ​တ​လေ ဖြစ်​လာ​နိုင်​တဲ့ အနာ​ဂတ် ပြဿ​နာ​တွေ​ကို စိုး​ရိမ်​ပူ​ပန်​တတ်​တယ်။ ဒါ​ပေမဲ့ ဖြစ်​မလာ​သေး​တဲ့​အရာ​တွေ​ကို တွေး​ပူ​နေ​ဖို့ မလို​ပါ​ဘူး။ ဘာ​ကြောင့်​လဲ​ဆို​တော့ ကိုယ်​တွေး​ထား​သလောက် ဆိုး​ဆိုး​ရွားရွား ဖြစ်​လာ​လေ့​မရှိ​လို့​ပဲ။ ဘု​ရား​သခင် မထိန်း​ချုပ်​နိုင်​တဲ့ အခြေ​အနေ မရှိ​ဘူး​ဆို​တာ သတိ​ရ​ပါ။ ဘု​ရား​သခင့် နာ​မတော်​က “ဖြစ်​လာ​စေ​သည်” လို့ အဓိပ္ပာယ် ရှိ​တယ်။ (ထွ. ၃:၁၄) မိမိ​ကျေး​ကျွန်​တွေ​နဲ့​ပတ်​သက်​တဲ့ ရည်​ရွယ်​ချက်​တွေ ပြည့်​စုံ​လာ​စေ​ဖို့ ဘု​ရား​သခင် အပြည့်​အဝ တတ်​စွမ်း​နိုင်​တယ်​ဆိုတာ နာ​မတော်​ရဲ့ အဓိပ္ပာယ်​က ယုံ​ကြည်​စိတ်​ချ​စေတယ်။ သစ္စာ​ရှိ​သူ​တွေ​ကို ဘု​ရား​သခင် ဆု​ချ​နိုင်​မှန်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာ​ဂတ်​နဲ့​ပတ်​သက်​တဲ့ စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဖြေရှင်း​နိုင်​အောင် ကူညီ​ပေး​နိုင်​မှန်း ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။

ရင်​ဖွင့် ပြော​ဆို​ခြင်း

၁၇၊ ၁၈။ ရင်​ဖွင့်​ပြော​ဆို​ခြင်း​က စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဖြေရှင်း​ဖို့ သင့်​ကို ဘယ်​လို ကူညီ​ပေး​နိုင်​သလဲ။

၁၇ စိုး​ရိမ်​ပူ​ပန်​မှု​ကို ဖြေရှင်း​နိုင်​တဲ့ စ​တုတ္ထ​နည်း​က​တော့ ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ မိတ်ဆွေ​ဆီ ရင်​ဖွင့်​ပြော​ဆို​ခြင်း ဖြစ်​တယ်။ အိမ်​ထောင်​ဖက်၊ မိတ်ဆွေ​ရင်း၊ အသင်း​တော် အကြီး​အကဲ​တွေ​က သင့်​အခြေ​အနေ​ကို အရှိ​အတိုင်း မြင်​လာ​အောင် ကူညီ​ပေး​နိုင်​တယ်။ “ဝမ်း​နည်း​ခြင်း​အကြောင်း​သည် ညှိုး​ငယ်​စေ​တတ်​၏။ ကောင်း​သော​စကား​မူ​ကား ရွှင်​လန်း​စေ​တတ်​၏” လို့ ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ (သု. ၁၂:၂၅) ပွင့်​ပွင့်​လင်း​လင်း၊ ရိုး​ရိုး​သား​သား ပြော​ဆို​ခြင်း​က စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို နား​လည်​လာ​ပြီး ဖြေရှင်း​နိုင်​အောင် များ​စွာ​ကူညီ​ပေး​နိုင်​တယ်။ “တိုင်​ပင်​ခြင်း မရှိ​လျှင် အကြံ​ပျက်​တတ်​၏။ တိုင်​ပင်​သော​သူ​များ​လျှင်​မူ​ကား အကြံ​တည်​တတ်​၏” လို့ ကျမ်း​စာ​မှာ ပြော​တယ်။—သု. ၁၅:၂၂

၁၈ ပတ်​စဉ် အသင်း​တော် အစည်း​အဝေး​တွေ​အား​ဖြင့်​လည်း စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဖြေရှင်း​နိုင်​ဖို့ ယေဟောဝါ ကူညီ​ပေး​တယ်။ သင့်​အတွက် စိုး​ရိမ်​တဲ့၊ အား​ပေး​ချင်​တဲ့ ယုံ​ကြည်​သူ​ချင်း​တွေ​နဲ့ ပေါင်း​သင်း​နိုင်​တယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အဲဒီ​လို ‘အပြန်​အလှန် အား​ပေး​ခြင်း’ က သင့်​ကို အား​ရှိ​စေ​ပြီး ဘယ်​စိုး​ရိမ်​ပူ​ပန်​မှု​ကို​မဆို အလွယ်​တ​ကူ ဖြေရှင်း​နိုင်​ဖို့ ကူညီ​ပေး​နိုင်​တယ်။—ရော. ၁:၁၂

ဘု​ရား​သခင်​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​ခြင်း​က အကြီး​မား​ဆုံး ခွန်​အား​ဖြစ်

၁၉။ ဘု​ရား​သခင်​နဲ့ ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း​က သင့်​ကို ခွန်​အား​ပေး​နိုင်​မှန်း ဘာ​ကြောင့် ယုံ​ကြည်​စိတ်​ချ​နိုင်​သလဲ။

၁၉ စိုး​ရိမ်​ပူ​ပန်​မှု​ကို ယေဟောဝါ​ဆီ ပုံ​အပ်​ထား​ခြင်း​ရဲ့ တန်​ဖိုး​အကြောင်း က​နေ​ဒါ​နိုင်​ငံ​က အသင်း​တော် အကြီး​အကဲ​တစ်​ယောက် ဘယ်​လို နား​လည်​လာ​သလဲ​ဆို​တာ သုံးသပ်​ကြည့်​ပါ။ ကျောင်း​ဆ​ရာ​နဲ့ အကြံ​ပေး​ပု​ဂ္ဂိုလ်​ဆို​တဲ့ ဖိ​စီး​မှု​များ​တဲ့​အလုပ်​ကြောင့် စိတ်​က​စဉ့်​က​လျား​ဝေ​ဒ​နာ ခံစား​ခဲ့​တယ်။ ဘယ်​လို ဖြေရှင်း​ခဲ့​သလဲ။ “ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​အောင် ကြိုး​စား​ခြင်း​က စိတ်​ပိုင်း​ဆိုင်​ရာ ပြဿ​နာ​တွေ​ကို ဖြေရှင်း​နိုင်​ဖို့ အကြီး​မား​ဆုံး ခွန်​အား​ဖြစ်​မှန်း သိ​ရှိ​ခဲ့​ရ​တယ်။ မိတ်ဆွေ​စစ်​တွေ​နဲ့ ညီ​အစ်​ကို/မတွေ​ရဲ့ ထောက်မ​မှု​က​လည်း အရေး​ပါ​တယ်။ ကျွန်​တော့်​ခံစား​ချက်​တွေ​ကို ဇနီး​သည်​ဆီ ပွင့်​ပွင့်​လင်း​လင်း၊ ရိုး​ရိုး​သား​သား ဖွင့်​ပြော​ခဲ့​တယ်။ အကြီး​အကဲ​တွေ​နဲ့ တိုက်​နယ်​ကြီး​ကြပ်​မှူး​က​လည်း အခြေ​အနေ​ကို အရှိ​အတိုင်း မြင်​နိုင်​အောင် ကူညီ​ပေး​တယ်။ ဆေး​ကု​သမှု​လည်း ခံ​ယူ​ခဲ့​တယ်။ အချိန်​ဇ​ယား​ကို ပြု​ပြင်​ပြီး အနား​ယူ​ဖို့၊ လေ့ကျင့်​ခန်း​လုပ်​ဖို့ အချိန်​ပေး​တယ်။ တ​ဖြည်း​ဖြည်း ကိုယ့်​အခြေ​အနေ​ကို ထိန်း​ချုပ်​လာ​နိုင်​ခဲ့​တယ်။ မထိန်း​ချုပ်​နိုင်​တဲ့ အခြေ​အနေ​တွေ ပေါ်​လာ​တဲ့​အခါ ယေဟောဝါရဲ့​လက်​ထဲ အပ်​ထား​လိုက်​တယ်” လို့​ပြော​တယ်။

၂၀။ (က) စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဘု​ရား​သခင်​ဆီ ဘယ်​လို ပုံ​အပ်​နိုင်​သလဲ။ (ခ) နောက်​ဆောင်း​ပါး​မှာ ဘာ​ဆွေး​နွေး​ကြ​မလဲ။

၂၀ ရင်​ဖွင့်​ဆုတောင်း​ခြင်း၊ ကျမ်း​စာ​ဖတ်​ပြီး တွေး​တော​ဆင်​ခြင်​ခြင်း​အား​ဖြင့် စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို ဘုရား​သခင်​ဆီ ပုံ​အပ်​နိုင်​ကြောင်း လေ့​လာ​ခဲ့​ကြ​တယ်။ ဘုရား​သခင့် စွမ်းအား​တော်​ကြောင့် ဖြစ်​ပေါ်​လာ​တဲ့ အရည်​အသွေး​တွေ​ကို မွေး​မြူ​ခြင်း၊ ယုံ​ကြည်​စိတ်​ချ​ရ​တဲ့ မိတ်ဆွေ​ဆီ ရင်​ဖွင့်​ခြင်း၊ တည်​ဆောက်​မှု ဖြစ်​စေ​တဲ့ ခရစ်​ယာန် ပေါင်း​သင်း​မှု​က​နေ ခွန်​အား​ရ​ယူ​ခြင်း​တို့​ရဲ့ တန်​ဖိုး​တွေ​ကို​လည်း ဆွေး​နွေး​ခဲ့​ကြ​တယ်။ ဆု​ချ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက် ရှိ​စေ​ခြင်း​အား​ဖြင့် ယေဟောဝါ ထပ်​ဆင့် ကူညီ​ပေး​ပုံ​ကို နောက်​ဆောင်း​ပါး​မှာ ဆွေး​နွေး​ကြ​ပါ​မယ်။—ဟေဗြဲ ၁၁:၆။.