မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နူးညံ့​သိမ်​မွေ့ခြင်း​ဟာ ဉာဏ်​ပညာ​လမ်း​စဉ်​ပါ

နူးညံ့​သိမ်​မွေ့ခြင်း​ဟာ ဉာဏ်​ပညာ​လမ်း​စဉ်​ပါ

သူ​နာ​ပြု​တစ်​ယောက်​ဖြစ်​တဲ့ တို​နီ​ယာ ဘဲလ်​တီး​လိုက်​တဲ့​အခါ သက်​လတ်​ပိုင်း အမျိုး​သမီး​တစ်​ယောက် ထွက်​လာ​တယ်။ တို​နီ​ယာ​ကို နောက်​ကျ​ရ​ကောင်း​လား​ဆို​ပြီး စော်​ကား​မော်​ကား ပြော​ဆို​ပါ​လေ​ရော။ သူ့​အမေအို​ကို ပြု​စု​ဖို့ တို​နီ​ယာ ရောက်​လာ​တာ။ တ​ကယ်​တော့ နောက်​ကျ​တာ မဟုတ်​ပါ​ဘူး။ ဒါ​ပေမဲ့ တို​နီ​ယာ​က နား​လည်​မှု​လွဲ​သွား​တဲ့ အမျိုး​သမီး​ကို အေး​အေး​ဆေး​ဆေး​ပဲ တောင်း​ပန်​လိုက်​ပါ​တယ်။

နောက်တစ်နေ့​မှာ​လည်း အမျိုး​သမီး​က နင့်​နင့်​သီး​သီး ပြော​ဆို​ပြန်​ရော။ တို​နီ​ယာ ဘယ်​လို တုံ့​ပြန်​ခဲ့​သလဲ။ “တော်​တော့်​ကို ခံ​ရ​ခက်​တယ်။ မဟုတ်​မတ​ရား စော်​ကား​တာ​ပဲ” လို့​ပြော​တယ်။ ဘာ​ပဲ​ဖြစ်​ဖြစ် တို​နီ​ယာ ပြန်​တောင်း​ပန်​ပြီး အမျိုး​သမီး တွေ့ကြုံ​ခံစား​ရ​တဲ့ အခက်​အခဲ​ကို နား​လည်​ပေး​ကြောင်း ပြော​လိုက်​တယ်။

သင်​သာ တို​နီ​ယာ​ဆို​ရင် ဘယ်​လို တုံ့​ပြန်​မိ​မလဲ။ နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော ပြမလား။ ဒေါသ​ကို ထိန်း​ရ​ခက်​နေ​မလား။ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ တည်​တည်​ငြိမ်​ငြိမ်​ရှိ​ဖို့ မလွယ်​ဘူး။ စိတ်​ဖိ​စီး​တဲ့​အခါ၊ ဒေါသ​အဆွ​ခံ​ရ​တဲ့​အခါ နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော တင်​ပြဖို့ တ​ကယ် ခက်​ပါ​တယ်။

ဒါ​ပေမဲ့ ခ​ရစ်​ယာန်​တွေ​ကို နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော တင်​ပြဖို့ ကျမ်း​စာ​မှာ အား​ပေး​ထား​တယ်။ ကျမ်း​စာ​မှာ နူး​ညံ့​သိမ်​မွေ့ခြင်း​ကို ဉာဏ်​ပညာ​နဲ့ ဆက်​စပ်​ထား​တယ်။ “သင်​တို့​တွင် မည်​သူ​သည် ပညာ​ရှိ​၍ သိ​နား​လည်​မှု ရှိ​သနည်း။ ထို​သူ​သည် ဉာဏ်​ပညာ​မှ ဖြစ်​ပေါ်​လာ​သော နူး​ညံ့​သိမ်​မွေ့ခြင်း​နှင့်​တ​ကွ အပြု​အမူ​ကောင်း​ဖြင့် မိမိ​၏​အကျင့်​များ​ကို ပြပါ​စေ” လို့ ယာကုပ် ပြော​ခဲ့​တယ်။ (ယာ. ၃:၁၃) နူး​ညံ့​သိမ်​မွေ့ခြင်း​ဟာ ဘယ်​နည်း​နဲ့ အထက်​မှ ဉာဏ်​ပညာ​ရဲ့ အထောက်​အထား ဖြစ်​သလဲ။ ဒီ​ဘု​ရားရေးရာ အရည်​အသွေး​ကို ပျိုး​ထောင်​ဖို့ ဘာ​က ကူညီ​ပေး​နိုင်​သလဲ။

ဉာဏ်​ပညာ​ရှိ​ကြောင်း​ပြတဲ့ နူး​ညံ့​သိမ်​မွေ့ခြင်း

နူး​ညံ့​သိမ်​မွေ့ခြင်း​က တင်း​မာ​တဲ့​အခြေ​အနေ​ကို ထိန်း​သိမ်း​ပေး​နိုင်​တယ်။ “ဖြည်း​ညင်း​သော​စကား​သည် စိတ်​ကို ဖြေတတ်​၏။”သု. ၁၅:၁

ဒေါသ​တ​ကြီး တုံ့​ပြန်​တာ​က မီး​ထိုး​ယပ်​ခတ်​သလို​ပဲ အခြေ​အနေ​ကို ပို​ဆိုး​သွား​စေ​နိုင်​တယ်။ (သု. ၂၆:၂၁) နူး​ညံ့​သိမ်​မွေ့​စွာ တုံ့​ပြန်​တာ​က​တော့ အေး​ဆေး​တည်​ငြိမ်​သွား​စေ​တတ်​တယ်။ ရန်​လို​နေ​သူ​တစ်​ယောက်​ကို​တောင် သဘော​ထား ပျော့​ပျောင်း​သွား​စေ​နိုင်​တယ်။

ဒါ​ကို တို​နီ​ယာ သိ​မြင်​ခဲ့​တယ်။ တို​နီ​ယာ​ရဲ့ နူး​ညံ့​သိမ်​မွေ့​တဲ့ တုံ့​ပြန်​မှု​ကြောင့် အမျိုး​သမီး မျက်​ရည်​ကျ​လာ​ပြီး ကိုယ်​ရေး​ကိုယ်​တာ​နဲ့ မိသား​စု ပြဿ​နာ​တွေ ဖိ​စီး​နေ​တဲ့​အကြောင်း ပြော​ပြတယ်။ တို​နီ​ယာ​က ကောင်း​ကောင်း သက်သေခံ​ပြီး ကျမ်း​စာ​သင်​အံ​မှု စ​နိုင်​ခဲ့​တယ်။ ဒါ​က တို​နီ​ယာ​ရဲ့ အေး​ဆေး​တည်​ငြိမ်​တဲ့၊ သင့်​မြတ်​လို​တဲ့ ပြု​မူ​ပြော​ဆို​ပုံ​ကြောင့်​ပဲ။

နူး​ညံ့​သိမ်​မွေ့​ခြင်း​က ပျော်​ရွှင်​ချမ်း​မြေ့စေ​နိုင်​တယ်။ “နူး​ညံ့​သိမ်​မွေ့​သူတို့​သည် ပျော်​ရွှင်​ကြ​၏။ အကြောင်း​မူ​ကား ထို​သူတို့​သည် မြေကြီး​ကို အမွေ​ရ​ကြ​လိမ့်​မည်။”—မ. ၅:၅

နူး​ညံ့​သိမ်​မွေ့​သူ​တွေ​ဟာ ဘာ​ကြောင့် ပျော်​ရွှင်​ကြ​သလဲ။ နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော​ကို တင်​ပြခြင်း​အား​ဖြင့် ရန်​လို​ခဲ့​ဖူး​သူ​တွေ​ဟာ အခု ပျော်​ရွှင်​နေ​ကြ​ပြီ။ သူတို့​ရဲ့​ဘဝ တိုး​တက်​ပြောင်း​လဲ​လာ​ပြီး သိပ်​ကောင်း​တဲ့​အနာ​ဂတ် စောင့်​ကြို​နေ​တယ်​ဆို​တာ သိ​ကြ​တယ်။ (ကော. ၃:၁၂) စ​ပိန်​နိုင်​ငံ​က တိုက်​နယ်​ကြီး​ကြပ်​မှူး အဒေါလ်​ဖို​က အမှန်​တ​ရား မသိ​ခင် အခြေ​အနေ​ကို ပြော​ပြတယ်။

“ကျွန်​တော့်​မှာ ဘဝ​ရည်​ရွယ်​ချက် မရှိ​ဘူး။ တစ်​ချိန်​လုံး ဒေါသ​ထွက်​နေ​တတ်​တယ်။ သူ​ငယ်​ချင်း​တ​ချို့​တောင် ကျွန်​တော်​ရဲ့ ဒေါသ​၊ ကြမ်း​တမ်း​မှု​ကို ကြောက်​နေ​ရ​တယ်။ နောက်​ဆုံး​တော့ ပြောင်း​လဲ​ရ​မယ့်​အချိန် ရောက်​လာ​တယ်။ ရန်​ဖြစ်​လို့ ခြောက်​ချက် ချုပ်​လိုက်​ရ​တယ်။ သွေး​ထွက်​လွန်​ပြီး သေလု​မြော​ပါး ဖြစ်​ခဲ့ရ​တယ်။”

အခု​တော့ အဒေါလ်​ဖို​ဟာ တ​ခြား​သူ​တွေ​ကို နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော ရှိ​ကြ​ဖို့ အပြော​နဲ့​ရော အလုပ်​နဲ့​ပါ သင်​ပေး​နေ​ပြီ။ သူ့​ရဲ့ နွေး​ထွေး​မှု၊ နှစ်​လို့​ဖွယ် ကိုယ်​ရည်​ကိုယ်​သွေး​ကြောင့် လူ​တွေ​ရဲ့ ချစ်​ခင်​မှု ရ​ရှိ​နေ​ပြီ။ ပြောင်း​လဲ​မှု​တွေ လုပ်​နိုင်​ခဲ့လို့ ပျော်​တယ်​တဲ့။ နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော ပျိုး​ထောင်​ဖို့ ကူညီ​ပေး​လို့ ယေဟောဝါ​ကို ကျေး​ဇူး​တင်​တယ်​လို့ ပြော​တယ်။

နူး​ညံ့​သိမ်​မွေ့​ခြင်း​က ယေဟောဝါ​ကို ပျော်​ရွှင်​စေ​တယ်။ “ငါ့​သား ပညာ​ရှိ​လော့။ ကဲ့​ရဲ့​သော​သူ​၏​စကား​ကို ငါ​ချေ​နိုင်​အောင် ငါ့​စိတ်​ကို ရွှင်​လန်း​စေ​လော့။”သု. ၂၇:၁၁

ယေဟောဝါ​ဟာ ရန်​သူ​တော်​ကြီး မာ​ရ်​နတ်​ရဲ့ ကဲ့ရဲ့​မှု​ကို ခံ​နေ​ရ​တယ်။ အဲဒီ​လို တ​မင်​တ​ကာ ကဲ့​ရဲ့​မှု​တွေ​ကြောင့် ယေဟောဝါ အမျက်​ထွက်​စ​ရာ အကြောင်း​ရင်း ရှိ​နေ​ပေမဲ့ “အမျက်​ထွက်​နှေး” တယ်​လို့ ကျမ်း​စာ​မှာ ဖော်ပြထား​တယ်။ (ထွ. ၃၄:၆က​ဘ) ဘု​ရား​သခင်​ရဲ့ အမျက်​ထွက်​နှေး​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​ကို ကြိုး​စား​တု​ပမယ်​ဆို​ရင် ယေဟောဝါ အလွန်​နှစ်​သက်​တဲ့ ဉာဏ်​ပညာ​လမ်း​စဉ်​ကို လိုက်​လျှောက်​နေ​တာ​ပါ​ပဲ။—ဧ. ၅:၁

ဒီ​လော​က​မှာ ရန်​လို​တဲ့​အခြေ​အနေ ရှိ​နေ​တတ်​တယ်။ “ဘဝင်​မြင့်​သူ၊ မောက်​မာ​သူ၊ စော်​ကား​သူ၊ . . . အသရေ​ဖျက်​သူ၊ ချုပ်​တည်း​ခြင်း မရှိ​သူ၊ ကြမ်း​ကြုတ်​သူ” တွေ​နဲ့ ရင်​ဆိုင်​ရ​နိုင်​တယ်။ (၂ တိ. ၃:၂၊ ၃) ဒါ​ပေမဲ့ ခရစ်​ယာန်​တစ်​ယောက်​ကို နူး​ညံ့​သိမ်​မွေ့​တဲ့​သဘော မပျိုး​ထောင်​အောင် အတား​အဆီး မဖြစ်​စေ​သင့်​ဘူး။ ကျမ်း​စာ​မှာ ‘အထက်​မှ ဉာဏ်​ပညာ​မူ​ကား သင့်​မြတ်​စွာ နေ​တတ်​၏။ အကျိုး​သင့်​အကြောင်း​သင့်​သဘော ရှိ​၏’ လို့ သတိ​ပေး​ထား​တယ်။ (ယာ. ၃:၁၇) သင့်​မြတ်​တဲ့​သဘော၊ အကျိုး​သင့်​အကြောင်း​သင့်​သဘော တင်​ပြခြင်း​အား​ဖြင့် ကျွန်​တော်​တို့​မှာ ဘု​ရား​ရေးရာ ဉာဏ်​ပညာ​ရှိ​ကြောင်း ဖော်ပြကြ​တယ်။ အဲဒီ​ဉာဏ်​ပညာ​က ဒေါသ​အဆွ​ခံ​ရ​တဲ့​အခါ​မှာ နူး​ညံ့​သိမ်​မွေ့​စွာ တုံ့​ပြန်​စေ​ပြီး ဉာဏ်​ပညာ​ရင်း​မြစ်​ဖြစ်​တဲ့ ယေဟောဝါ​နဲ့ ပို​ရင်း​နှီး​စေ​ပါ​မယ်။