မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

​မိမိအား စိတ်ထက်သန်စွာ ရှာဖွေ​သူ​ကို ယေဟောဝါ ဆု​ချ

​မိမိအား စိတ်ထက်သန်စွာ ရှာဖွေ​သူ​ကို ယေဟောဝါ ဆု​ချ

“ဘု​ရား​သခင်​ထံ​တော်​သို့ ချဉ်း​ကပ်​သူ​သည် ကိုယ်​တော် တည်​ရှိ​ကြောင်း​ကို ယုံ​ကြည်​ရ​မည်။ ကိုယ်တော်​သည် မိမိ​အား စိတ်​ထက်​သန်​စွာ ရှာ​ဖွေ​သူ​ကို ဆု​ချ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်း ယုံ​ကြည်​ရ​မည်။”—ဟေဗြဲ ၁၁:၆။.

သီချင်း– ၈၅၊ ၁၃၄

၁၊ ၂။ (က) ချစ်​ခြင်း​မေတ္တာ​နဲ့ ယုံ​ကြည်​ခြင်း ဘယ်​လို ဆက်​စပ်​နေ​သလဲ။ (ခ) ဘယ်​မေး​ခွန်း​တွေ​ကို သုံးသပ်​ကြ​မလဲ။

ယေဟောဝါ​ကို ကျွန်​တော်​တို့ ချစ်​ကြ​တယ်။ အကြောင်း​က​တော့ ကိုယ်​တော်​က “[ကျွန်​တော်]တို့​ကို ဦး​စွာ​ချစ်” လို့​ပါ​ပဲ။ (၁ ယော. ၄:၁၉) ယေဟောဝါ မေတ္တာ​ပြတဲ့ နည်း​တစ်​နည်း​က​တော့ သစ္စာ​ရှိ ကျေး​ကျွန်​တွေ​ကို ကောင်း​ချီး​ပေး​ဖို့ အစ​ပြု​လုပ်​ဆောင်​ခြင်း​ပဲ။ ဘု​ရား​သခင်​ကို ချစ်​လေ၊ ယုံ​ကြည်​ခြင်း ခိုင်​မာ​လေ​ပဲ။ ဘု​ရား တည်​ရှိ​ကြောင်း​သာ​မက ချစ်​မြတ်​နိုး​သူ​တွေ​ကို မပျက်​မကွက် ဆု​ချ​ကြောင်း ပို​ယုံ​ကြည်​လေ​ပဲ။ဟေဗြဲ ၁၁:၆ ကို​ဖတ်​ပါ။

ယေဟောဝါ​ဟာ ဆု​ချ​တဲ့​အရှင် ဖြစ်​တယ်။ ဒီ​အချက်​က ဘု​ရား​သခင့် အဖြစ်​တော်​နဲ့ လုပ်​ဆောင်​မှု​ရဲ့ အရေး​ကြီး​တဲ့ အစိတ်​အပိုင်း ဖြစ်​တယ်။ “ယုံ​ကြည်​ခြင်း​သည် မျှော်​လင့်​သော​အရာ​များ​ကို စိတ်​ချ​စွာ စောင့်​မျှော်​ခြင်း” ဖြစ်​တဲ့​အတွက် မိမိ​ကို စိတ်​ထက်​သန်​စွာ ရှာ​ဖွေ​သူ​တွေ​ကို ဆု​ချ​မယ်​ဆို​တာ အခိုင်​အမာ ယုံ​ကြည်​မှ​သာ ကျွန်​တော်​တို့​ရဲ့ ယုံ​ကြည်​ခြင်း ပြည့်​စုံ​မယ်။ (ဟေဗြဲ ၁၁:၁) ယုံ​ကြည်​ခြင်း​မှာ ဘုရား​သခင် ကတိ​ပြု​ထား​တဲ့ ကောင်း​ချီး​တွေ​ကို စိတ်​ချ​စွာ စောင့်​မျှော်​ခြင်း ပါ​ဝင်​တယ်။ ဆု​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​က ဘယ်​လို အကျိုး​ပြု​သလဲ။ ရှေး​ခေတ်​နဲ့ မျက်​မှောက်​ခေတ် ကျေး​ကျွန်​တွေ​ကို ယေဟောဝါ ဘယ်​လို ဆု​ချ​ခဲ့​သလဲ။ သုံးသပ်​ကြည့်​ကြ​စို့။

ကျေး​ကျွန်​တွေ​ကို ကောင်း​ချီး​ပေး​ဖို့ ယေဟောဝါ ကတိ​ပြု

၃။ မာလခိ ၃:၁၀ မှာ ဘယ်​လို ကတိ​ပေး​ထား​သလဲ။

သစ္စာ​ရှိ ကျေး​ကျွန်​တွေ​ကို ဆု​ချ​မယ်​လို့ ယေဟောဝါ ကတိ​ပေး​ထား​တယ်။ ဒါ​ကြောင့် ကောင်း​ချီး​ရ​အောင် ကြိုး​စား​ကြ​ဖို့ ဖိတ်​ခေါ်​ထား​တယ်။ ‘“ငါ​သည် မိုး​ကောင်း​ကင် ပြတင်း​ပေါက်​တို့​ကို ဖွင့်​၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အကုန်​အစင် သွန်း​လောင်း​မည် မသွန်း​လောင်း​မည်​ကို . . . စုံ​စမ်း​ကြ​လော့” ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အရှင် ယေဟောဝါ မိန့်​တော်​မူ​၏’ လို့ ဖတ်​ရ​တယ်။ (မာ​လ. ၃:၁၀) ယေဟောဝါ​ရဲ့ ရက်ရော​တဲ့ ကမ်း​လှမ်း​မှု​ကို လက်ခံ​ခြင်း​အား​ဖြင့် အလွန်​ကျေး​ဇူး​တင်​လေး​မြတ်​ကြောင်း တင်​ပြနိုင်​တယ်။

၄။ မဿဲ ၆:၃၃ မှာ​ပါ​တဲ့ ယေရှု​ရဲ့ အာ​မခံ​ချက်​ကို ဘာ​ကြောင့် ယုံ​ကြည်​စိတ်​ချ​နိုင်​သလဲ။

ဘု​ရား​နိုင်​ငံ​တော်​ကို ဦးစား​ထား​ရင် ဘု​ရား​သခင် ထောက်မ​ပေး​မယ်​လို့ တ​ပည့်​တွေ​ကို ယေရှု အာ​မခံ​ခဲ့​တယ်။ (မဿဲ ၆:၃၃ ကို​ဖတ်​ပါ။) ယေရှု အာ​မခံ​ရ​တဲ့ အကြောင်း​ရင်း​က​တော့ ယေဟောဝါ​ရဲ့ ကတိ​တွေ အမြဲ မှန်​ကန်​ပြီး အား​ထား​နိုင်​လို့​ပဲ။ ဘု​ရား​ကတိ​တွေ အမြဲပြည့်​စုံ​တယ်​ဆို​တာ ယေရှု သိ​တယ်။ (ဟေ​ရှာ. ၅၅:၁၁) ကျွန်​တော်​တို့​လည်း ယေဟောဝါ​ကို အကြွင်း​မဲ့ ယုံ​ကြည်​မယ်​ဆို​ရင် “ငါ​သည် သင့်​ကို အလျှင်း​မစွန့်၊ အလျှင်း​ပစ်​၍​မထား” ဆို​တဲ့ ကတိ တည်​မယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။ (ဟေဗြဲ ၁၃:၅) ယေဟောဝါ​ရဲ့ အဲဒီ​ကတိ​က မဿဲ ၆:၃၃ မှာ​ပါ​တဲ့ ယေရှု​ရဲ့ စကား​ကို ယုံ​ကြည်​စိတ်​ချ​ဖို့ ကူညီ​ပေး​တယ်။

၅။ ပေတရု​ကို ယေရှု ပြန်​ပြော​တဲ့​စကား​က ဘာ​ကြောင့် ယုံ​ကြည်​ခြင်း ခိုင်​ခံ့​စေ​သလဲ။

တမန်​တော် ပေတရု​က “ကျွန်ုပ်​တို့​သည် ရှိ​သမျှ​ကို စွန့်​၍ ကိုယ်​တော်​နောက်​သို့ လိုက်​ကြ​ပါ​ပြီ။ သို့​ဖြစ်​၍ အဘယ်​အကျိုး​ကို ရ​ကြ​ပါ​မည်​နည်း” လို့ ယေရှု​ကို မေး​ခဲ့​ဖူး​တယ်။ (မ. ၁၉:၂၇) အဲဒီ​လို​မေး​လို့ ပေတရု​ကို အပြစ်​တင်​မယ့်​အစား သူတို့​ရဲ့ အနစ်​နာ​ခံ​မှု​အတွက် ဆု​ချ​ခံ​ရ​မယ်​လို့ ယေရှု ပြော​တယ်။ သစ္စာ​ရှိ တမန်​တော်​တွေ၊ တ​ခြား​သူ​တွေ​ဟာ ကောင်း​ကင်​မှာ ယေရှု​နဲ့​အတူ အုပ်​စိုး​ကြ​ရ​ပါ​မယ်။ လော​လော​ဆယ်​လည်း ဆု​လာဘ်​တွေ ရ​ရှိ​နေ​ကြ​တယ်။ “ငါ့နာမ​ကြောင့် အိမ်၊ ညီ​အစ်​ကို​မောင်​နှ​မ၊ မိ​ဘ၊ သား​သမီး၊ မြေယာ​များ​ကို စွန့်​သူ​တိုင်း အဆ​များ​စွာ ရ​မည့်​အပြင် ထာ​ဝ​ရ​အသက်​ကို​လည်း အမွေ​ခံ​ရ​လိမ့်​မည်” လို့ ယေရှု ပြော​တယ်။ (မ. ၁၉:၂၉) တ​ပည့်တွေ​ဟာ စွန့်​လွှတ်​ခဲ့​တာ​တွေ​ထက် အဆ​ပေါင်း​များ​စွာ ကောင်း​ချီး​ရ​ပါ​လိမ့်​မယ်။ အသင်း​တော်​မှာ​ရ​ရှိ​တဲ့ မိ​ဘ၊ ညီ​အစ်​ကို​မောင်​နှ​မ၊ သား​သမီး​တွေ​ဟာ နိုင်​ငံ​တော်​ကြောင့် စွန့်​လွှတ်​ခဲ့ရ​တဲ့ ဘယ်​အရာ​ထက်​မဆို ပို​တန်​ဖိုး​ရှိ​တယ် မဟုတ်​လား။

စွန့်​လွှတ်​အနစ်​နာ​ခံ​မှု​တွေ​အတွက် ဆု​ချ​ခံ​ရ​မယ်​ဆို​ပြီး တ​ပည့်​တွေ​ကို ယေရှု ပြော (အပိုဒ် ၅ ကို​ကြည့်​ပါ)

“ခိုင်​ခံ့​သေချာ​သော ကျောက်​ဆူး”

၆။ ဝတ်​ပြု​သူ​တွေ​ကို ဆု​ချ​မယ်​လို့ ယေဟောဝါ ဘာ​ကြောင့် ကတိ​ပေး​ထား​သလဲ။

ဆု​ချ​မယ်​ဆို​ပြီး ယေဟောဝါ ကတိ​ပေး​ခြင်း​အား​ဖြင့် စမ်း​သပ်​မှု ကြုံရ​ချိန်​တွေ​မှာ ခံ​ရပ်​နိုင်​ဖို့ ကူညီ​ပေး​တယ်။ ဘုရား​သခင့် သစ္စာ​ရှိ ကျေး​ကျွန်​တွေ​ဟာ လော​လော​ဆယ် ကောင်း​ချီး အလျှံ​ပယ် ရ​ရှိ​နေ​တဲ့​အပြင် အနာ​ဂတ်​မှာ ရ​ရှိ​မယ့် ပို​ကြီး​မား​တဲ့ ကောင်း​ချီး​တွေ​ကို​လည်း စောင့်​မျှော်​နေ​ကြ​တယ်။ (၁ တိ. ၄:၈) ယေဟောဝါ​ဟာ “မိမိ​အား စိတ်​ထက်​သန်​စွာ ရှာ​ဖွေ​သူ​ကို ဆု​ချ​သော​အရှင်” ဖြစ်​ကြောင်း ကျွန်​တော်​တို့ အခိုင်​အမာ ယုံ​ကြည်​စိတ်​ချ​မယ်​ဆို​ရင် ယုံ​ကြည်​ခြင်း ခိုင်​မာ​နေ​ပါ​လိမ့်​မယ်။—ဟေဗြဲ ၁၁:၆

၇။ မျှော်​လင့်​ချက်​က ကျောက်​ဆူး​နဲ့ ဘယ်​လို တူ​သလဲ။

“ကောင်း​ကင်​ဘုံ​၌ သင်​တို့​၏​ဆု​လာဘ်​သည် ကြီး​မြတ်​သော​ကြောင့် ပျော်​ရွှင်​မြူး​ထူး​ကြ​လော့။ သင်​တို့​ရှေ့​က ပရော​ဖက်​များ​ကို​လည်း ထို​နည်း​အတိုင်း ညှဉ်း​ဆဲ​ခဲ့​ကြ​ပြီ” လို့ တောင်​ပေါ် တ​ရား​တော်​မှာ ယေရှု ပြော​တယ်။ (မ. ၅:၁၂) ကောင်း​ကင်​မှာ ဆု​ရ​မယ့်​သူ​တွေ​အပြင် မြေကြီး​ပေါ် ထာ​ဝ​စဉ် အသက်​ရှင်​ရ​မယ့် အလား​အလာ ရှိ​သူ​တွေ​လည်း “ပျော်​ရွှင်​မြူး​ထူး” စ​ရာ​အကြောင်း ရှိ​ပါ​တယ်။ (ဆာ. ၃၇:၁၁။ လု. ၁၈:၃၀) ကောင်း​ကင် မျှော်​လင့်​ချက်​ဖြစ်​စေ၊ မြေကြီး မျှော်​လင့်​ချက်​ဖြစ်​စေ ကျွန်​တော်​တို့​ရဲ့ မျှော်​လင့်​ချက်​ဟာ “ခိုင်​ခံ့​သေချာ​သော ကျောက်​ဆူး​သဖွယ် ဖြစ်” နိုင်​ပါ​တယ်။ (ဟေဗြဲ ၆:၁၇-၂၀) မုန်​တိုင်း​ထန်​ချိန်​မှာ ကျောက်​ဆူး​က သင်္ဘော​ကို ခိုင်​ခံ့​မြဲမြံစေ​သလို ဆု​ရ​မယ်​ဆို​တဲ့ မျှော်​လင့်​ချက်​က​လည်း ကျွန်​တော်​တို့​ရဲ့ စိတ်​ပိုင်း၊ ဝတ်​ပြု​ရေး​ပိုင်း​ကို ခိုင်​ခံ့​မြဲမြံစေ​နိုင်​တယ်။ အခက်​အခဲ​တွေ​ကို ခံ​ရပ်​နိုင်​ဖို့ ခွန်​အား​ရှိ​စေ​နိုင်​တယ်။

၈။ မျှော်​လင့်​ချက်​က ဘယ်​လို​နည်း​နဲ့ စိုး​ရိမ်​ပူ​ပန်​မှု​ကို လျော့​နည်း​စေ​နိုင်​စွမ်း ရှိ​သလဲ။

ကျမ်း​စာ​ကို အခြေ​ခံ​တဲ့ ကျွန်​တော်​တို့​ရဲ့ မျှော်​လင့်​ချက်​က စိုး​ရိမ်​ပူ​ပန်​မှု​တွေ​ကို လျော့​နည်း​စေ​နိုင်​စွမ်း ရှိ​တယ်။ ဆီ​က အရေ​ပြား​ကို ချော​မွတ်​စေ​သလို ဘု​ရား​သခင့် ကတိ​တွေ​က စိုး​ရိမ်​ပူ​ပန်​နေ​တဲ့ စိတ်​နှလုံး​ကို ငြိမ်သက်​စေ​တယ်။ ‘ထမ်း​ရွက်​ရ​သော​ဝန်​ကို ယေဟောဝါ​၌ ချ​ထား’ ရင် “မစ” မယ်​ဆို​တာ သိ​ရ​ခြင်း​က အား​ရှိ​စ​ရာ​ပါ​ပဲ။ (ဆာ. ၅၅:၂၂) ဘု​ရား​သခင်​ဟာ “ငါ​တို့ တောင်း​လျှောက်​ကြံ​စည်​သမျှ​ထက် အလွန်​များ​ပြား​စွာ ပြု​နိုင်” ကြောင်း အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။ (ဧ. ၃:၂၀) များ​ပြား​စွာ​လောက်​သာ မဟုတ်​ဘဲ “အလွန်​များ​ပြား​စွာ” လုပ်​ဆောင်​ပေး​နိုင်​တယ်​ဆို​တာ စဉ်း​စား​ကြည့်​ပါ။

၉။ ယေဟောဝါ​ရဲ့ ကောင်း​ချီး​ကို ဘယ်​လို ရ​ရှိ​နိုင်​သလဲ။

ဆု​ရ​ဖို့​ဆို​ရင် ယေဟောဝါ​ကို အကြွင်း​မဲ့ ယုံ​ကြည်​ပြီး လမ်း​ညွှန်​ချက်​တွေ​ကို နာ​ခံ​ရ​မယ်။ ‘သင်​၏​ဘု​ရား​သခင် ယေဟောဝါ​သည် အမွေ​ခံ​ဖို့​ရာ အပိုင်​ပေး​တော်​မူ​သော​ပြည်​၌ သင့်​ကို အလွန်​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ယ​နေ့ ငါ​မှာ​ထား​သမျှ​သော ဤ​ပညတ်​တို့​ကို ကျင့်​မည်​အကြောင်း စောင့်​ရှောက်​ခြင်း​ငှာ သင်​၏​ဘု​ရား​သခင် ယေဟောဝါ​၏ စကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။ သင်​၏​ဘုရား​သခင် ယေဟောဝါ​သည် ကတိ​တော်​ရှိ​သည့်​အတိုင်း ကောင်း​ချီး​ပေး​တော်​မူ . . . လိမ့်​မည်’ လို့ အစ္စရေး​တွေ​ကို မော​ရှေ ပြော​တယ်။ (တ​ရား. ၁၅:၄-၆) ယေဟောဝါ​ကို သစ္စာ​ရှိ​ရှိ ဝတ်​ပြု​ရင် ကောင်း​ချီး​ရ​မယ်​ဆို​တာ အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​သလား။ ယုံ​ကြည်​စိတ်​ချ​ဖို့ အကြောင်း​ကောင်း​တွေ ရှိ​ပါ​တယ်။

သူတို့​ကို ယေဟောဝါ ဆု​ချ

၁၀၊ ၁၁။ ယော​သပ်​ကို ယေဟောဝါ ဘယ်​လို ဆု​ချ​ခဲ့​သလဲ။

၁၀ ကျမ်း​စာ​မှာ ရေး​ထား​သမျှ​ဟာ ကျွန်​တော်​တို့​ရဲ့ အကျိုး​အတွက် ဖြစ်​တယ်။ သစ္စာ​ရှိ ကျေး​ကျွန်​တွေ​ကို ဘုရား​သခင် ဆု​ချ​ခဲ့​တဲ့ မှတ်​တမ်း များ​စွာ​ပါ​တယ်။ (ရော. ၁၅:၄) ယော​သပ်​ဟာ ထူး​ခြား​တဲ့ ပုံ​န​မူ​နာ​ပါ​ပဲ။ အစ်​ကို​တွေရဲ့ ပူး​ပေါင်း​ကြံ​စည်​မှု၊ နောက်​ပိုင်း သခင့်​မယား​ရဲ့ မဟုတ်​မမှန် စွပ်​စွဲ​မှု​ကြောင့် အီဂျစ်​ပြည်​မှာ ထောင်​ကျ​ခဲ့​တယ်။ အဲဒီ​အချိန်​မှာ ဘု​ရား​သခင်​နဲ့ အဆက်​ဖြတ်​လိုက်​သလား။ မဖြတ်​ခဲ့​ပါ​ဘူး။ ‘ယေဟောဝါ​သည် [ယော​သပ်]​ဘက်​၌ ရှိ​၍ ကယ်​မသနား​တော်​မူ​၏။ . . . ယေဟောဝါ​သည် ယော​သပ်​ဘက်​မှာ​ရှိ​၍ သူ​ပြု​လေ​ရာရာ​၌ အောင်​စေ​တော်​မူ​သတည်း’ လို့ ကျမ်း​စာ ဆို​တယ်။ (က. ၃၉:၂၁-၂၃) အဲဒီ​ခက်​ခဲ​ချိန်​တစ်​လျှောက် ဘု​ရား​သခင်​ကို ယော​သပ် စိတ်​ရှည်​စွာ စောင့်​မျှော်​ခဲ့​တယ်။

၁၁ နှစ်​တွေ​ကြာ​ပြီး​တဲ့​နောက် ဖာ​ရော​က ယော​သပ်​ကို ထောင်​က​နေ လွှတ်​ပေး​ပြီး အီဂျစ်​ပြည်​မှာ ဒုတိ​ယ အုပ်​စိုး​ရှင်​အဖြစ် ခန့်​အပ်​ခဲ့​တယ်။ (က. ၄၁:၁၊ ၃၇-၄၃) ယော​သပ်​ရဲ့ ဇနီး သား​နှစ်​ယောက် မွေး​လာ​တဲ့​အခါ ‘သား​ဦး​ကို “ငါ​ကြုံရ​တဲ့ ဆင်း​ရဲ​ဒုက္ခတွေ၊ အဖေ့​အိမ်​သား​တွေ​ကို ဘု​ရား​သခင် မေ့​ပျောက်​စေ​ပြီ” ဆို​ပြီး မနာ​ရှေ လို့​နာ​မည်​ပေး​တယ်။ ဒုတိ​ယ​သား​ကို “ငါ​ဆင်း​ရဲ​ဒုက္ခ​ရောက်​တဲ့​ပြည်​မှာ ဘုရား​သခင်​က ငါ့​ကို သား​သမီး ထွန်း​ကား​စေ​ပြီ” ဆို​ပြီး ဧ​ဖရိမ်​လို့ နာ​မည်​ပေး​တယ်။’ (က. ၄၁:၅၁၊ ၅၂က​ဘ) ဘုရား​သခင်​ကို ယော​သပ် သစ္စာ​ရှိ​ခဲ့​တဲ့​အတွက် အစ္စရေး​တွေ​ရော၊ အီဂျစ်​တွေ​ပါ အငတ်​ဘေး​က​နေ လွတ်​မြောက်​ခဲ့​ကြ​တယ်။ မိမိ​ကို ဆု​ချ​ပြီး ကောင်း​ချီး​ပေး​သူ​ဟာ ယေဟောဝါ ဖြစ်​မှန်း ယော​သပ် အသိ​အမှတ်​ပြု​ခဲ့​တယ်။—က. ၄၅:၅-၉

၁၂။ စမ်း​သပ်​မှု ကြုံရ​ချိန်​မှာ ယေရှု ဘယ်​နည်း​နဲ့ သစ္စာ​ရှိ​ခဲ့​သလဲ။

၁၂ ယေရှု​ခ​ရစ်​လည်း ယုံ​ကြည်​ခြင်း စပ်​သပ်​မှု အမျိုး​မျိုး ကြုံရ​တဲ့​အခါ ဘု​ရား​သခင်​ကို နာ​ခံ​တဲ့​အတွက် ဆု​ချ​ခံ​ခဲ့ရ​တယ်။ နာ​ခံ​ဖို့ ဘာ​က ကူညီ​ပေး​ခဲ့​သလဲ။ “မိမိ​ရှေ့​၌​ရှိ​သော ဝမ်း​မြောက်​စ​ရာ အကြောင်း​ကြောင့် အရှက်​ခွဲ​ခံ​ရ​ခြင်း​ကို ဂရု​မစိုက်​ဘဲ ညှဉ်း​ဆဲ​ရာ​သစ်​တိုင်​တွင် အသေခံ” ခဲ့​တယ်​လို့ ကျမ်း​စာ​မှာ ရှင်း​ပြထား​တယ်။ (ဟေဗြဲ ၁၂:၂) ဘု​ရား​သခင့် နာ​မတော်​ကို သန့်​ရှင်း​မြင့်​မြတ်​စေ​နိုင်​ခဲ့​တဲ့​အတွက် ယေရှု ဝမ်း​မြောက်​ခဲ့​တယ်။ အဲဒီ​အပြင် ဖခင်​ရဲ့ မျက်​နှာ​သာ​နဲ့ တ​ခြား​အခွင့်​ထူး​တွေ​ကို​လည်း ဆု​ချ​ခံ​ခဲ့ရ​တယ်။ “ဘု​ရား​သခင်​၏​ပလ္လင် လက်​ယာ​တော်​ဘက်​တွင် ထိုင်​နေ” တယ်​လို့ ကျမ်း​စာ​မှာ ဖော်ပြတယ်။ “ဘု​ရား​သခင်​သည် ကိုယ်​တော်​ကို သာ​လွန်​မြင့်​မြတ်​သော အခွင့်​အရာ​သို့ ချီး​မြှောက်​၍ ဘွဲ့​နာ​မတ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘွဲ့​နာ​မကို ပေး​သနား​တော်​မူ​၏” လို့​လည်း ဖတ်​ရ​တယ်။—ဖိ. ၂:၉

ကျွန်​တော်​တို့​ရဲ့ လုပ်​ဆောင်​မှု​ကို ယေဟောဝါ မမေ့

၁၃၊ ၁၄။ ယေဟောဝါ​အတွက် ကျွန်​တော်​တို့ လုပ်​ဆောင်​တာ​တွေ​ကို ကိုယ်​တော် ဘယ်​လို သဘော​ထား​သလဲ။

၁၃ ယေဟောဝါ​ကို ဝတ်​ပြု​ဖို့ ကျွန်​တော်​တို့​ရဲ့ ကြိုး​စား​အား​ထုတ်​မှု မှန်​သမျှ​ကို ကိုယ်​တော် တန်​ဖိုး​ထား​ကြောင်း စိတ်​ချ​နိုင်​တယ်။ ကျွန်​တော်​တို့ ခံစား​ရ​နိုင်​တဲ့ မသေချာ မရေရာ​မှု​တွေ​ကို ကိုယ်​တော် နား​လည်​ပေး​တယ်။ ငွေ​ကြေး​ခက်​ခဲ​တဲ့​အခါ၊ ကျန်း​မာ​ရေး​နဲ့ စိတ်​ဓာတ်​ရေး​ကြောင့် လုပ်ငန်း​တော်​မှာ အပြည့်​အဝ မပါ​ဝင်​နိုင်​တဲ့​အခါ ကိုယ်​တော် ကရု​ဏာ​ပြတယ်။ မိမိ​အပေါ် သစ္စာ​ရှိ​ဖို့ ကျေး​ကျွန်​တွေရဲ့ ကြိုး​စား​မှု​ကို ယေဟောဝါ တန်​ဖိုး​ထား​ကြောင်း အပြည့်​အဝ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။ဟေဗြဲ ၆:၁၀၊ ၁၁ ကို​ဖတ်​ပါ။

၁၄ ကျွန်​တော်​တို့​ရဲ့ စိုး​ရိမ်​မှု​တွေ​ကို နား​ထောင်​ပေး​မယ်​ဆို​တဲ့ ယုံ​ကြည်​စိတ်​ချ​မှု အပြည့်​နဲ့ ‘ဆုတောင်း​သံ​ကို နား​ထောင်​တဲ့​အရှင်’ ဆီ ချဉ်း​ကပ်​နိုင်​ပါ​တယ်။ (ဆာ. ၆၅:၂က​ဘ) “သနား​ကြင်နာ​တတ်​သည့်​အဖ၊ နှစ်​သိမ့်​ခြင်း​ရှိ​သမျှ​တို့​၏ ဘု​ရား​သခင်” ဟာ ကျွန်​တော်​တို့​ရဲ့ စိတ်​ပိုင်း၊ ဝတ်​ပြု​ရေး​ပိုင်း လို​အပ်​ချက်​တွေ​ကို မတွန့်​မတို ထောက်မ​ပေး​ပါ​လိမ့်​မယ်။ ယုံ​ကြည်​သူ​ချင်း​တွေ​အား​ဖြင့် ထောက်မ​ပေး​နိုင်​တယ်။ (၂ ကော. ၁:၃) တ​ခြား​သူ​တွေ​အပေါ် ကျွန်​တော်​တို့ ကရု​ဏာ​ပြတာ​ကို​လည်း ယေဟောဝါ နှစ်​သက်​တယ်။ ‘ဆင်း​ရဲ​သား​ကို သနား​သော​သူ​သည် ယေဟောဝါ​အား ချေး​ငှား​သော​သူ​ဖြစ်​၍ သူ​ပြု​သော​အမှု​၏​အကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။’ (သု. ၁၉:၁၇။ မ. ၆:၃၊ ၄) ဒါ​ကြောင့် ဒုက္ခ​ရောက်​နေ​သူ​တွေ​ကို ကိုယ်​ကျိုး​စွန့် ကူညီ​ပေး​တဲ့​အခါ မိမိ​ကို ချေး​ငှား​တယ်​လို့ ယေဟောဝါ ယူ​မှတ်​တယ်။ အဲဒီ​အတွက် ဆု​ချ​မယ်​လို့ ကတိ​ပေး​ထား​တယ်။

လော​လော​ဆယ်​နဲ့ ထာ​ဝ​စဉ် ဆု​ချ

၁၅။ ဘယ်​ဆု​တွေ​ကို သင်​စောင့်​မျှော်​နေ​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို ကြည့်​ပါ။)

၁၅ ဘိ​သိက်​ခံ ခ​ရစ်​ယာန်​တွေ​ဟာ “ဖြောင့်​မတ်​ခြင်း သရ​ဖူ​ကို” ဆု​လာဘ်​အဖြစ် ရ​ရှိ​ကြ​ပါ​လိမ့်​မယ်။ (၂ တိ. ၄:၇၊ ၈) သင့်​မှာ တ​ခြား​မျှော်​လင့်​ချက် ရှိ​နေ​ရင် သင့်​ကို ဘု​ရား​သခင် သိပ်​တန်​ဖိုး​မထား​လို့ မဟုတ်​ပါ​ဘူး။ ယေရှု​ရဲ့ “အခြား​သိုး” သန်း​ပေါင်း​များ​စွာ​ဟာ မြေကြီး​ပေါ်​မှာ ထာ​ဝ​ရ​အသက်​ရ​ဖို့ ထက်​သန်​စွာ စောင့်​မျှော်​နေ​ကြ​တယ်။ သူတို့​ဟာ “များ​ပြား​သော ငြိမ်သက်​ခြင်း​၌ မွေ့​လျော်​ကြ” ပါ​လိမ့်​မယ်။—ယော. ၁၀:၁၆။ ဆာ. ၃၇:၁၁

၁၆။ ၁ ယောဟန် ၃:၁၉၊ ၂၀ မှာ ဘယ်​နှစ်​သိမ့်​စကား တွေ့​ရ​သလဲ။

၁၆ တစ်​ခါ​တ​လေ ယေဟောဝါ​ရဲ့ အမှု​တော်​မှာ သိပ်​မအောင်​မြင်​ဘူး၊ ကိုယ့်​ကြိုး​စား​မှု​တွေ​ကို ယေဟောဝါ ကျေ​နပ်​ရဲ့​လား​လို့ ခံစား​ရ​နိုင်​တယ်။ ဆု​ရ​ဖို့ ထိုက်​တန်​ရဲ့​လား​လို့​တောင် သံ​သယ​ဝင်​မိ​နိုင်​တယ်။ “ဘု​ရား​သခင်​သည် ငါ​တို့​၏​စိတ်​နှလုံး​ထက် ကြီး​မြတ်​တော်​မူ​သော​ကြောင့် အရာ​ခပ်​သိမ်း​ကို သိ​တော်​မူ​၏” ဆို​တဲ့​အချက်​ကို ဘယ်​တော့​မှ မမေ့​ပါ​နဲ့။ (၁ ယောဟန် ၃:၁၉၊ ၂၀ ကို​ဖတ်​ပါ။) ယုံ​ကြည်​ခြင်း​နဲ့ မေတ္တာ​ကို အရင်း​ခံ​ပြီး စိတ်​နှလုံး​ထဲ​က ထွက်​လာ​တဲ့ ဝတ်​ပြုမှု မှန်​သမျှ​ဟာ ဘယ်​လောက်​ပဲ သေး​ငယ်​နေ​ပုံ​ရ​ပါ​စေ ကိုယ်​တော် ဆု​ချ​တယ်။—မာ. ၁၂:၄၁-၄၄

၁၇။ ကျွန်​တော်​တို့ လော​လော​ဆယ် ခံစား​နေ​ရ​တဲ့ ဆု​လာဘ်​တ​ချို့​ကို ဖော်ပြပါ။

၁၇ စာ​တန့် စ​နစ်​ဆိုး​ရဲ့ ဒီ​နောက်​ဆုံး​ကာလ​မှာ​တောင် မိမိ​လူမျိုး​ကို ယေဟောဝါ ​ကောင်း​ချီး​ပေး​နေ​တယ်။ အဖွဲ့​အစည်း​ထဲ​မှာ အသိ​ပညာ​နဲ့ ပျော်​ရွှင်​မှု အလျှံ​ပယ်​ရ​ရှိ​အောင် အသေအချာ ပြင်​ဆင်​ပေး​နေ​တယ်။ (ဟေ​ရှာ. ၅၄:၁၃) ယေရှု ကတိ​ပေး​ခဲ့​သလို တစ်​ကမ္ဘာ​လုံး​မှာ​ရှိ​တဲ့ ညီ​အစ်​ကို/မတွေ​နဲ့ ဖွဲ့​စည်း​ထား​တဲ့၊ မေတ္တာ​ရှိ​တဲ့ မိသား​စု​အား​ဖြင့် လော​လော​ဆယ် ယေဟောဝါ ကောင်း​ချီး​ပေး​နေ​တယ်။ (မာ. ၁၀:၂၉၊ ၃၀) အဲဒီ​အပြင် ဘု​ရား​သခင်​ကို ထက်​သန်​စွာ ရှာ​ဖွေ​သူ​တွေ​ဟာ စိတ်​ငြိမ်သက်​မှု၊ ရောင့်ရဲမှု၊ ပျော်​ရွှင်​မှု​ဆို​တဲ့ အနှိုင်း​မဲ့ ကောင်း​ချီး​တွေ ခံစား​နေ​ကြ​တယ်။—ဖိ. ၄:၄-၇

၁၈၊ ၁၉။ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဟာ ရ​ရှိ​တဲ့​ဆု​တွေ​ကို ဘယ်​လို သဘော​ထား​ကြ​သလဲ။

၁၈ ကမ္ဘာ​တစ်​ဝန်း​မှာ​ရှိ​တဲ့ ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဟာ အံ့​ဖွယ်​ဆု​လာဘ်​တွေ​ကို ရ​ရှိ​ခံစား​နေ​ကြ​တယ်။ ဥပမာ၊ ဂျာ​မနီ​နိုင်​ငံ​က ဘီ​ယန်​ကာ ဒီ​လို​ပြော​တယ်– “နေ့​တိုင်း ကျွန်​မ ဘေး​မှာ ရှိ​နေ​ပြီး စိုး​ရိမ်​သော​က​တွေ​ကို ကူညီ​ဖြေရှင်း​ပေး​နေ​တဲ့​အတွက် ယေဟောဝါ​ကို ကျေး​ဇူး​တင်​လို့ မဆုံး​ပါ​ဘူး။ ပြင်​ပလော​က​ဟာ ရှုပ်​ထွေး​ပွေ​လီ​ပြီး စိတ်​ပျက်​စရာ ကောင်း​ပေမဲ့ ကျွန်​မက​တော့ ယေဟောဝါ​နဲ့ အနီး​ကပ် ရှိ​နေ​တဲ့​အတွက် ဘု​ရား​လက်​တော်​မှာ လုံ​ခြုံမှု ခံစား​နေ​ရ​တယ်။ ဘု​ရား​အတွက် စွန့်​လွှတ်​အနစ်​နာ​ခံ​တိုင်း အဆ​တစ်​ရာ ကောင်း​ချီး​ပြန်​ရ​ရှိ​တယ်။”

၁၉ က​နေ​ဒါ​နိုင်​ငံ​က အသက် ၇၀ အရွယ် မွေး​ရာ​ပါ ကျော​ရိုး​ကွဲ​ရော​ဂါသ​ည် ပေါ်​လာ​အကြောင်း စဉ်း​စား​ကြည့်​ပါ။ “သိပ်​မလှုပ်​ရှား​နိုင်​တာ​နဲ့​ပဲ အမှု​ဆောင်​လုပ်ငန်း​မှာ သိပ်​မပါ​ဝင်​နိုင်​တော့​တာ မဟုတ်​ပါ​ဘူး။ ဖုန်း​နဲ့ သက်သေခံ​တာ၊ အလွတ်​သဘော သက်သေခံ​တာ​စ​တဲ့ အမှု​ဆောင်​လုပ်ငန်း အမျိုး​မျိုး​မှာ ပါ​ဝင်​တယ်။ ကိုယ့်​ကိုယ်​ကိုယ် အား​ပေး​ဖို့ ကျမ်း​ချက်​တွေ၊ စာပေ​တွေ​ထဲ​က စာ​သား​တွေ​ကို မှတ်​စု​စာ​အုပ်​မှာ ရေး​မှတ်​ပြီး မကြာ​ခ​ဏ ပြန်​ဖတ်​တယ်။ အဲ​ဒါ​က ကျွန်​မအတွက်​တော့ ‘အသက်​ကယ်​မှတ်​စု’ ပေါ့။ ယေဟောဝါ​ရဲ့ ကတိ​တွေ​ကို အာ​ရုံ​စိုက်​နေ​ရင် စိတ်​ပျက်​စ​ရာ​ဆို​တာ တစ်​ခ​ဏ​ပါ​ပဲ။ ဘယ်​အခြေ​အနေ​မှာ​မဆို ကူညီ​ပေး​ဖို့ ယေဟောဝါ အမြဲ အသင့်​ရှိ​တယ်” လို့ ပေါ်​လာ ပြော​တယ်။ သင့်​အခြေ​အနေ​ဟာ ဘီ​ယန်​ကာ၊ ပေါ်​လာ​တို့​နဲ့ တူ​ချင်​မှ တူ​မယ်။ ဒါ​ပေမဲ့ သင်​နဲ့ သင့်​ဝန်း​ကျင်​က​လူ​တွေ​ကို ယေဟောဝါ ဆု​ချ​နေ​တဲ့ နည်း​လမ်း​တွေ​အကြောင်း စဉ်း​စား​ကြည့်​နိုင်​တယ်။ ယေဟောဝါ ဘယ်​လို ဆု​ချ​နေ​တယ်၊ အနာ​ဂတ်​မှာ ဘယ်​လို ဆု​ချ​မယ်​ဆို​တာ စဉ်း​စား​ခြင်း​က အကျိုး​ကြီး​လှ​ပါ​တယ်။

၂၀။ ယေဟောဝါ​ကို စိတ်​နှလုံး အကြွင်း​မဲ့ ဆက်​အမှု​ဆောင်​နေ​ရင် ဘာ​ကို မျှော်​လင့်​နိုင်​သလဲ။

၂၀ လှိုက်​လှိုက်​လှဲ​လှဲ၊ လွတ်​လွတ်​လပ်​လပ် ဆုတောင်း​ခြင်း​က “ဆု​ကျေး​ဇူး​များ​စွာ ရ​ရှိ” စေ​ကြောင်း ဘယ်​တော့​မှ မမေ့​ပါ​နဲ့။ “ဘု​ရား​သခင်​၏ အလို​တော်​ကို ဆောင်​ရွက်​ပြီး​နောက် ကတိ​ထား​ရာ​များ​ကို ရ​ရှိ” မယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။ (ဟေဗြဲ ၁၀:၃၅၊ ၃၆) ဒါ​ကြောင့် ယုံ​ကြည်​ခြင်း​မှာ ဆက်​ခိုင်​မာ​နေ​ပါ။ ယေဟောဝါ​အတွက် စိတ်​နှလုံး အကြွင်း​မဲ့ အမှု​ဆောင်​ပါ။ ဒါ​ဆို​ရင် ယေဟောဝါ ဆု​ချ​မယ်​ဆို​တာ ယုံ​ကြည်​စိတ်​ချ​နိုင်​ပါ​တယ်။ကောလောသဲ ၃:၂၃၊ ၂၄ ကို​ဖတ်​ပါ။.