မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ

ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ

“ယုံ​ကြည်​ခြင်း​သည် . . . မမြင်​ရ​သေး​သော်​လည်း အမှန်​တည်​ရှိ​သော​အရာ​တို့​၏ ထင်​ရှား​သော​သက်​သေ ဖြစ်​၏။”—ဟေဗြဲ ၁၁:၁

သီချင်း– ၅၄၊ ၁၂၅

၁။ ခ​ရစ်​ယာန် ယုံ​ကြည်​ခြင်း​ကို ဘယ်​လို သဘော​ထား​သင့်​သလဲ။

ခ​ရစ်​ယာန် ယုံ​ကြည်​ခြင်း​ဆို​တာ အဖိုး​တန် အရည်​အသွေး ဖြစ်​ပြီး လူ​တိုင်း ပိုင်​ဆိုင်​တဲ့​အရာ မဟုတ်​ဘူး။ (၂ သက်. ၃:၂) ဒါ​ပေမဲ့ ယေဟောဝါ​က ဝတ်​ပြု​သူ​တွေ​ကို ယုံ​ကြည်​ခြင်း ပေး​သနား​တယ်။ (ရော. ၁၂:၃။ ဂလ. ၅:၂၂) ယုံ​ကြည်​ခြင်း ပိုင်​ဆိုင်​ထား​သူ​တိုင်း အလွန်​ကျေး​ဇူး​တင်​သင့်​တယ်။

၂၊ ၃။ (က) ယုံ​ကြည်​ခြင်း​ရှိ​သူ​တစ်​ယောက် ဘယ်​ကောင်း​ချီး​တွေ ရ​နိုင်​သလဲ။ (ခ) ဘယ်​မေး​ခွန်း​တွေ​ကို သုံးသပ်​ကြ​မလဲ။

ယေဟောဝါ​က သား​တော်​က​တစ်ဆင့် လူ​တွေ​ကို မိမိ​ဆီ သွေး​ဆောင်​တယ်​လို့ ယေရှု ပြော​တယ်။ (ယော. ၆:၄၄၊ ၆၅) ယေရှု​ကို ယုံ​ကြည်​မယ်​ဆို​ရင် အပြစ်​တွေ ခွင့်​လွှတ်​ခံ​ရ​နိုင်​တယ်။ ယေဟောဝါ​နဲ့ ထာ​ဝ​ရ​မိတ်ဆွေ ဖြစ်​ခွင့် ရ​ရှိ​နိုင်​တယ်။ (ရော. ၆:၂၃) အဲဒီ​ကောင်း​ချီး​တွေ​နဲ့ ထိုက်​တန်​အောင် ကျွန်​တော်​တို့ ဘာ​လုပ်​ခဲ့​ကြ​သလဲ။ အပြစ်​သား​တွေ​အနေ​နဲ့ ကျွန်​တော်​တို့ ရ​ထိုက်​တာ သေခြင်း​ပါ​ပဲ။ (ဆာ. ၁၀၃:၁၀) ဒါ​ပေမဲ့ ကျွန်​တော်​တို့​ဆီ​မှာ​ရှိ​တဲ့ ကောင်း​ကွက်​ကို ယေဟောဝါ မြင်​တယ်။ မဟာ​ကရု​ဏာ​တော်​ကြောင့် သတင်း​ကောင်း ကြား​နာ​ခွင့် ပေး​ခဲ့​တယ်။ ဒါ​ကြောင့် ယေရှု​ကို ယုံ​ကြည်​လာ​ပြီး ထာ​ဝ​ရ​အသက် မျှော်​လင့်​ချက် ရ​လာ​ကြ​တယ်။၁ ယောဟန် ၄:၉၊ ၁၀ ကို​ဖတ်​ပါ။

ယုံ​ကြည်​ခြင်း​ဆို​တာ ဘာ​လဲ။ ဘု​ရား​သခင် ကတိ​ပေး​ထား​တဲ့ ကောင်း​ချီးတွေ​ကို သိ​နား​လည်​ထား​ရုံ​လောက်​ပဲ​လား။ ယုံ​ကြည်​ခြင်း​ကို ဘယ်​နည်း​တွေ​နဲ့ တင်​ပြရ​မလဲ။

‘စိတ်​နှလုံး​ထဲ​၌ ယုံ​ကြည်​ပါ’

၄။ ယုံ​ကြည်​ခြင်း​က ကျွန်​တော်​တို့​အပေါ် ဘယ်​လို အကျိုး​သက်​ရောက်​သလဲ။

ယုံ​ကြည်​ခြင်း​မှာ ဘု​ရား​သခင့် ရည်​ရွယ်​ချက်​တွေ​ကို နား​လည်​ထား​ခြင်း​ထက်​မက ပါ​ဝင်​တယ်။ ဘု​ရား​သခင့် အလို​တော်​နဲ့​အညီ ပြု​မူ​နေ​ထိုင်​ဖို့ တွန်း​အား​ပေး​နိုင်​တဲ့ အရည်​အသွေး​တစ်​ခု ဖြစ်​တယ်။ ဘု​ရား​သခင့် ကယ်​တင်​ခြင်း နည်း​လမ်း​တွေ​ကို ယုံ​ကြည်​ခြင်း​က တ​ခြား​သူ​တွေ​ကို သတင်း​ကောင်း ဟော​ပြော​ဖို့ လှုံ့​ဆော်​ပေး​တယ်။ “ယေရှု​သည် သခင်​ဖြစ်​တော်​မူ​ကြောင်း နှုတ်​ဖြင့် ဝန်​ခံ​မည်၊ ဘု​ရား​သခင်​သည် ထို​သခင်​ကို သေခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ကြောင်း စိတ်​နှလုံး​ထဲ​၌ ယုံ​ကြည်​မည်​ဆို​လျှင် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ အကြောင်း​မူ​ကား စိတ်​နှလုံး​နှင့် ယုံ​ကြည်​သဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်၏။ ယုံ​ကြည်​ကြောင်း နှုတ်​နှင့် ဝန်​ခံ​သဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်၏” လို့ တမန်​တော် ပေါလု ပြော​တယ်။—ရော. ၁၀:၉၊ ၁၀။ ၂ ကော. ၄:၁၃

၅။ ယုံ​ကြည်​ခြင်း​ဟာ ဘာ​ကြောင့် အလွန်​အရေး​ကြီး​ရ​သလဲ။ ခိုင်​ခံ့​မြဲမြံ​အောင် ဘယ်​လို လုပ်​ရ​မလဲ။ ဥပမာ​ပေး​ပါ။

ဘု​ရား​သခင့် ကမ္ဘာ​သစ်​မှာ ထာ​ဝ​ရ​အသက်​ရ​ဖို့ ယုံ​ကြည်​ခြင်း ရှိ​ပြီး ခိုင်​မာ​နေ​စေ​ရ​မယ်။ ယုံ​ကြည်​ခြင်း​ဟာ အပင်​နဲ့ တူ​တယ်။ ရှင်​သန်​ကြီး​ထွား​ဖို့ ရေ​လောင်း​ပေး​ရ​မယ်။ ရေ​မလောင်း​ရင် ညှိုး​နွမ်း​ခြောက်​သွေ့​ပြီး သေဆုံး​သွား​ပါ​လိမ့်​မယ်။ ယုံ​ကြည်​ခြင်း​လည်း အဲဒီ​လို​ပဲ။ လျစ်​လျူ​ရှု​လိုက်​ရင်​ ညှိုး​နွမ်း​သေဆုံး​သွား​လိမ့်​မယ်။ (လု. ၂၂:၃၂။ ဟေဗြဲ ၃:၁၂) ဂရု​စိုက်​ပေး​မယ်​ဆို​ရင်​တော့ “အလွန်​တိုး​ပွား” ပြီး “ခိုင်​ခံ့​မြဲမြံ” နေ​ပါ​လိမ့်​မယ်။—၂ သက်. ၁:၃။ တိ. ၂:၂

ယုံ​ကြည်​ခြင်း​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​အဆို

၆။ ဟေဗြဲ ၁၁:၁ မှာ ယုံ​ကြည်​ခြင်း​ကို ဘယ်​နည်း​နှစ်​နည်း​နဲ့ ဖော်ပြထား​သလဲ။

ဟေဗြဲ ၁၁:၁ (ဖတ်​ပါ) မှာ ယုံ​ကြည်​ခြင်း​နဲ့​ပတ်​သက်​တဲ့ ကျမ်း​စာ​အဆို​ကို တွေ့​ရ​တယ်။ (၁) ယုံ​ကြည်​ခြင်း​ဆို​တာ “မျှော်​လင့်​သော​အရာ​များ​ကို စိတ်​ချ​စွာ စောင့်​မျှော်​ခြင်း” ဖြစ်​တယ်။ ဥပမာ၊ ဆိုး​သွမ်း​မှု​အားလုံး အဆုံး​တိုင်​မယ်၊ ကမ္ဘာ​သစ် ရောက်​လာ​မယ်​ဆို​တာ​ကို စိတ်​ချ​နေ​ခြင်း ဖြစ်​တယ်။ (၂) ယုံ​ကြည်​ခြင်း​ဆို​တာ “မမြင်​ရ​သေး​သော်​လည်း အမှန်​တည်​ရှိ​သော​အရာ​တို့​၏ ထင်​ရှား​သော​သက်​သေ” ဖြစ်​တယ်။ ယေဟောဝါ​ဘု​ရား၊ ယေရှု​ခ​ရစ်၊ ကောင်း​ကင်​တ​မန်​တွေ၊ နိုင်​ငံ​တော်​တို့​ဟာ မမြင်​နိုင်​ပေမဲ့ တ​ကယ်​တည်​ရှိ​တဲ့​အရာတွေ ဖြစ်​တယ်။ (ဟေဗြဲ ၁၁:၃) ဘု​ရား​သခင့် ကတိ​တွေ၊ ကျမ်း​စာ​မှာ​ပါ​တဲ့ မမြင်​နိုင်​တဲ့​အရာတွေ​ကို တ​ကယ် ယုံ​ကြည်​ကြောင်း ဘယ်​လို တင်​ပြနိုင်​သလဲ။ အပြော​အဆို၊ အပြု​အမူ​အား​ဖြင့် ဖြစ်​တယ်။ အပြော​နဲ့ အလုပ်​မပါ​ရင် ယုံ​ကြည်​ခြင်း​ဟာ ပြည့်​စုံ​မှာ မဟုတ်​ဘူး။

၇။ နော​ဧ​ရဲ့ ပုံသက်သေက ယုံ​ကြည်​ခြင်း ပိုင်​ဆိုင်​ခြင်း​ရဲ့ အဓိပ္ပာယ်​ကို နား​လည်​ဖို့ ဘယ်​လို ကူညီ​ပေး​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို​ကြည့်​ပါ။)

ဟေဗြဲ ၁၁:၇ မှာ နော​ဧ​ဟာ “မမြင်​ရ​သေး​သော​အရာ​များ​အကြောင်း သတိ​ပေး​တော်​မူ​ခြင်း​ခံ​ရ​ပြီး​နောက် ဘု​ရား​သခင်​ကို ကြောက်​ရွံ့​သော​သဘော​တင်​ပြလျက် မိမိ​အိမ်​သူ​အိမ်​သား​များ​ကို ကယ်​တင်​ရန် သင်္ဘော​ဆောက်​လေ​၏” လို့​ပြော​ထား​တယ်။ သင်္ဘော​ဆောက်​ခြင်း​အား​ဖြင့် ယုံ​ကြည်​ခြင်း​ကို နော​ဧ​ တင်​ပြခဲ့​တယ်။ ဘာ​လို့ သင်္ဘော​ဆောက်​တာ​လဲ​လို့ အိမ်​နီး​ချင်း​တွေ မေး​ကြ​မှာ​ပဲ။ နော​ဧ နှုတ်​ဆိတ်​နေ​သလား။ ခင်​ဗျား​တို့​နဲ့ မဆိုင်​ဘူး​လို့ ပြော​လိုက်​သလား။ မဟုတ်​ပါ​ဘူး။ ယုံ​ကြည်​ခြင်း​က ဘု​ရား​သခင့် တ​ရား​စီ​ရင်​ခြင်း​အကြောင်း သတ္တိ​ရှိ​ရှိ သတိ​ပေး​ဟော​ပြော​ဖို့ နော​ဧ​ကို လှုံ့​ဆော်​ပေး​ခဲ့​တယ်။ “သတ္တ​ဝါ​အပေါင်း​တို့​၏​အဆုံး​သည် ငါ့​မျက်​မှောက်​တွင် ပေါ်​လာ​ပြီ။ သူတို့​ကြောင့် မြေကြီး​သည် အဓမ္မ​အမှု​နှင့် ပြည့်​စုံ​လေ​၏။ . . . အသက်​ရှင်​သော သတ္တ​ဝါ​အပေါင်း​တို့​ကို ကောင်း​ကင်​အောက်​မှ ငါ​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ မြေကြီး​ကို ရေ​လွှမ်း​မိုး​စေ​သဖြင့် မြေပေါ်​မှာ​ရှိ​သမျှ​တို့​သည် သေရ​ကြ​မည်” ဆို​ပြီး ယေဟောဝါ ပြော​ခဲ့​တဲ့​စကား​အတိုင်း နော​ဧ ပြော​ခဲ့​မှာ​ပဲ။ “သင်္ဘော​ထဲ​သို့ ဝင်” မှ​သာ လွတ်​မြောက်​မယ်​လို့​လည်း ရှင်း​ပြခဲ့​မှာ​ပဲ။ နော​ဧ​ဟာ “ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော” ခြင်း​အား​ဖြင့် ယုံ​ကြည်​ခြင်း တင်​ပြခဲ့​တယ်။—က. ၆:၁၃၊ ၁၇၊ ၁၈။ ၂ ပေ. ၂:၅

၈။ စစ်​မှန်​တဲ့ ယုံ​ကြည်​ခြင်း​ရဲ့ အဓိပ္ပာယ်​ကို တ​ပည့်​တော် ယာကုပ် ဘယ်​လို ရှင်း​ပြခဲ့​သလဲ။

ယုံ​ကြည်​ခြင်း​အကြောင်း တမန်​တော် ပေါလု ရေး​ပြီး​တဲ့​နောက် မကြာ​ခင်​မှာ ယာကုပ်​လည်း ရေးခဲ့​တယ်။ စစ်​မှန်​တဲ့ ယုံ​ကြည်​ခြင်း​ဟာ ယုံ​ကြည်​ရုံ​သက်​သက် မဟုတ်​ဘဲ လုပ်​ရပ်​ပါ​တယ်​ဆို​ပြီး ရှင်း​ပြခဲ့​တယ်။ “အကျင့်​မရှိ​ဘဲ သင်​၏​ယုံ​ကြည်​ခြင်း​ကို ငါ့​အား ပြလော့။ ငါ​၏​ယုံ​ကြည်​ခြင်း​ကို အကျင့်​အား​ဖြင့် သင့်​အား ပြမည်” လို့ ယာကုပ် ရေးခဲ့​တယ်။ (ယာ. ၂:၁၈) ယုံ​ကြည်​ခြင်း​ရှိ​တယ်​လို့ ပြော​တာ​နဲ့ ယုံ​ကြည်​ခြင်း​ရှိ​ကြောင်း တင်​ပြခြင်း​ရဲ့ ကွာ​ခြား​ချက်​ကို ယာကုပ် ဖော်ပြခဲ့​တယ်။ နတ်​ဆိုး​တွေ​ဟာ ဘု​ရား​သခင် ရှိ​ကြောင်း ယုံ​ကြည်​ပေမဲ့ စစ်​မှန်​တဲ့ ယုံ​ကြည်​ခြင်း မရှိ​ကြ​ဘူး။ ဘု​ရား​သခင့် ရည်​ရွယ်​ချက်​တွေ မပြည့်​စုံ​အောင် ဆန့်​ကျင်​တား​ဆီး​နေ​ကြ​တယ်။ (ယာ. ၂:၁၉၊ ၂၀) ဆန့်​ကျင်​ဘက်​အနေ​နဲ့ ရှေး​ခေတ် သစ္စာ​ရှိ​သူ​တစ်​ယောက်​အကြောင်း ယာကုပ် အခု​လို ပြော​တယ်– “ငါ​တို့​အဖ အာဗြဟံ​သည် မိမိ​သား​ဣဇာက်​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ပူ​ဇော်​ပြီး​နောက် အကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည် မဟုတ်​လော။ သူ​၏​ယုံ​ကြည်​ခြင်း​သည် အကျင့်​နှင့်​အတူ လုပ်​ဆောင်​၍ အကျင့်​အား​ဖြင့် သူ​၏​ယုံ​ကြည်​ခြင်း စုံလင်​ရာ​သို့ ရောက်​သည်​ကို သင်​သိ​မြင်​၏။” အဲဒီ​နောက် ယုံ​ကြည်​ခြင်း​ကို လုပ်​ရပ်​နဲ့ တင်​ပြရ​မယ်​ဆို​တာ ဒီ​လို​ဆက်​ပြော​တယ်– “အသက်​စွမ်းအား မရှိ​သော ကိုယ်​ခန္ဓာ​သည် အသေဖြစ်​သကဲ့​သို့ အကျင့်​မရှိ​သော ယုံ​ကြည်​ခြင်း​သည် အသေဖြစ်​၏။”—ယာ. ၂:၂၁-၂၃၊ ၂၆

၉၊ ၁၀။ ယုံ​ကြည်​ကြောင်း တင်​ပြခြင်း​ရဲ့ အဓိပ္ပာယ်​ကို နား​လည်​ဖို့ တမန်​တော် ယောဟန် ဘယ်​လို ကူညီ​ပေး​သလဲ။

နှစ်​ပေါင်း ၃၀ ကျော်​ကြာ​ပြီး​တဲ့​နောက် တမန်​တော် ယောဟန်​က ခ​ရစ်​ဝင်​ကျမ်း​တစ်​စောင်​နဲ့ စာ​သုံး​စောင် ရေး​သား​ခဲ့​တယ်။ တ​ခြား​ကျမ်း​ရေး​သူ​တွေ​လို​ပဲ သူ​လည်း ယုံ​ကြည်​ခြင်း​ရဲ့ အဓိပ္ပာယ်​ကို နား​လည်​တယ်။ “ယုံ​ကြည်​ကြောင်း တင်​ပြ” လို့​ပြန်​ဆို​ထား​တဲ့ ဂရိ​ကြိ​ယာ​ပုဒ်​ကို တ​ခြား​ကျမ်း​ရေး​သူ​တွေ​ထက် အကြိမ်​များ​စွာ သုံး​နှုန်း​ခဲ့​တယ်။

၁၀ ဥပမာ၊ “သား​တော်​ကို ယုံ​ကြည်​ကြောင်း တင်​ပြသူ​သည် ထာ​ဝ​ရ​အသက်​ကို ရ၏။ သား​တော်​ကို ငြင်း​ပယ်​သူ​မူ​ကား အသက်​ကို ရ​လိမ့်​မည် မဟုတ်။ ထို​သူ​၏​အပေါ်​၌ ဘု​ရား​သခင်​၏ အမျက်​တော် တည်​နေ​၏” လို့ ယောဟန် ပြော​တယ်။ (ယော. ၃:၃၆) စစ်​မှန်​တဲ့ ယုံ​ကြည်​ခြင်း​မှာ ယေရှု​ရဲ့ မိန့်မှာ​ချက်​တွေ​ကို နာ​ခံ​ခြင်း ပါ​ဝင်​တယ်။ ထာ​ဝ​ရ​အသက်​ရ​ဖို့ ယုံ​ကြည်​ကြောင်း တင်​ပြရ​မယ်​ဆို​တဲ့ ယေရှု​ရဲ့ စကား​တွေ​ကို ယောဟန် မကြာ​ခ​ဏ ကိုး​ကား​ခဲ့​တယ်။—ယော. ၃:၁၆။ ၆:၂၉၊ ၄၀။ ၁၁:၂၅၊ ၂၆။ ၁၄:၁၊ ၁၂

၁၁။ အမှန်​တ​ရား သိ​လာ​တဲ့​အတွက် ကျေး​ဇူး​တင်​ကြောင်း ဘယ်​လို တင်​ပြနိုင်​သလဲ။

၁၁ ယေဟောဝါ​က အမှန်​တ​ရား​ကို ဖော်ပြဖို့၊ ကျွန်​တော်​တို့ ယုံ​ကြည်​ခြင်း တင်​ပြနိုင်​စေ​ဖို့ သန့်​ရှင်း​သော စွမ်းအား​တော်​ကို သုံး​နေ​တဲ့​အတွက် ကျေး​ဇူး​တင်​စ​ရာ​ပါ​ပဲ။ (လုကာ ၁၀:၂၁ ကို​ဖတ်​ပါ။) “ယုံ​ကြည်​ခြင်း​ကို စုံလင်​စေ​သူ၊ ကိုယ်​စား​လှယ်​ချုပ်” ယေရှု​က​တစ်ဆင့် မိမိ​ဆီ သွေး​ဆောင်​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျေး​ဇူး​တင်​သင့်​တယ်။ (ဟေဗြဲ ၁၂:၂) အဲဒီ​လို မဟာ​ကရု​ဏာ​တော်​အတွက် ကျေး​ဇူး​တင်​ကြောင်း ဖော်ပြဖို့ ဆုတောင်း​ခြင်း၊ ကျမ်း​စာ​လေ့​လာ​ခြင်း​အား​ဖြင့် ယုံ​ကြည်​ခြင်း ခိုင်​မာ​အောင် လုပ်​ဆောင်​နေ​သင့်​တယ်။—ဧ. ၆:၁၈။ ၁ ပေ. ၂:၂

အခွင့်​အရေး​ရ​တိုင်း သတင်း​ကောင်း ဟော​ပြော​ခြင်း​အား​ဖြင့် ယုံ​ကြည်​ခြင်း တင်​ပြပါ (အပိုဒ် ၁၂ ကို​ကြည့်​ပါ)

၁၂။ ဘယ်​နည်း​တွေ​နဲ့ ယုံ​ကြည်​ခြင်း တင်​ပြသင့်​သလဲ။

၁၂ ယေဟောဝါ​ရဲ့ ကတိ​တွေ​ကို ယုံ​ကြည်​ကြောင်း တင်​ပြနေ​ရ​မယ်။ အဲ​ဒါ​ကို ထင်​ရှား​မြင်​သာ​တဲ့​နည်း​တွေ​နဲ့ တင်​ပြကြ​ရ​မယ်။ ဥပမာ၊ ဘု​ရား​သခင့် နိုင်​ငံ​တော်​အကြောင်း ဟော​ပြော​ခြင်း​နဲ့ တ​ပည့်​ဖြစ်​စေ​ခြင်း​လုပ်ငန်း​မှာ ပါ​ဝင်​ကြ​ရ​မယ်။ ‘လူ​တိုင်း​ကို၊ အထူး​သဖြင့် ယုံ​ကြည်​ခြင်း​၌ ဆွေ​မျိုး​တော်​သူတို့​ကို ကောင်း​မှု​ပြု​ကြ’ ရ​မယ်။ (ဂလ. ၆:၁၀) “ပင်​ကို​စ​ရိုက်​ဟောင်း​နှင့်​တ​ကွ ယင်း​၏​အကျင့်​အကြံ​များ​ကို ချွတ်​ပယ်” ပြီး ယုံ​ကြည်​ခြင်း အား​နည်း​စေ​နိုင်​တဲ့​အရာ မှန်​သမျှ​ကို ရှောင်​ကြဉ်​ကြ​ရ​မယ်။—ကော. ၃:၅၊ ၈-၁၀

ဘု​ရား​သခင်​ကို ယုံ​ကြည်​ခြင်း​က အခြေ​ခံ​အုတ်​မြစ်​ရဲ့ အစိတ်​အပိုင်း ဖြစ်

၁၃။ “ဘု​ရား​သခင်​ကို ယုံ​ကြည်​ခြင်း” ဘယ်​လောက် အရေး​ကြီး​သလဲ။ ကျမ်း​စာ​မှာ ဘယ်​လို ဖော်ပြထား​သလဲ။ ဘာ​ကြောင့်​လဲ။

၁၃ “ယုံ​ကြည်​ခြင်း​မရှိ​လျှင် ဘု​ရား​သခင်​၏ စိတ်​တော်​နှင့် မတွေ့​နိုင်။ အကြောင်း​မူ​ကား ဘု​ရား​သခင်​ထံ​တော်​သို့ ချဉ်း​ကပ်​သူ​သည် ကိုယ်​တော် တည်​ရှိ​ကြောင်း​ကို ယုံ​ကြည်​ရ​မည်။ ကိုယ်​တော်​သည် မိမိ​အား စိတ်​ထက်​သန်​စွာ ရှာ​ဖွေ​သူ​ကို ဆု​ချ​သော​အရှင် ဖြစ်​ကြောင်း​ကို​လည်း ယုံ​ကြည်​ရ​မည်” လို့ ကျမ်း​စာ​မှာ ပြော​တယ်။ (ဟေဗြဲ ၁၁:၆) “ဘု​ရား​သခင်​ကို ယုံ​ကြည်​ခြင်း” ဟာ ခ​ရစ်​ယာန်​စစ် ဖြစ်​လာ​ဖို့၊ ဆက်​ဖြစ်​နေ​ဖို့ လို​အပ်​တဲ့ “အခြေ​ခံ​အုတ်​မြစ်” ရဲ့ အစိတ်​အပိုင်း ဖြစ်​တယ်။ (ဟေဗြဲ ၆:၁) အဲဒီ​အုတ်​မြစ်​ပေါ်​မှာ “ယုံ​ကြည်​ခြင်း” နဲ့ တ​ခြား​အရည်​အသွေး​တွေ​ကို “ထပ်​ဆင့်” ရ​မယ်။ ဒါ​မှ “ဘု​ရား​သခင့် မေတ္တာ​တော်​၌ တည်​နေ” နိုင်​မယ်။၂ ပေတရု ၁:၅–၇ ကို​ဖတ်​ပါ။ ယု. ၂၀၊ ၂၁

၁၄၊ ၁၅။ ချစ်​ခြင်း​မေတ္တာ​နဲ့​ယှဉ်ရင် ယုံ​ကြည်​ခြင်း​က ဘယ်​လောက် အရေး​ကြီး​သလဲ။

၁၄ ကျမ်း​ရေး​သူ​တွေ​က ယုံ​ကြည်​ခြင်း​ကို အကြိမ်​ပေါင်း ရာ​နဲ့​ချီ ဖော်ပြခဲ့​ကြ​တယ်။ တ​ခြား​အရည်​အသွေး​တွေ​ကို အဲဒီ​လောက် မဖော်ပြထား​ဘူး။ ဒါ​က ယုံ​ကြည်​ခြင်း​ဟာ အရေး​ကြီး​ဆုံး အရည်​အသွေး ဖြစ်​တယ်​လို့ ဆိုလို​သလား။

၁၅ ပေါလု​က ယုံ​ကြည်​ခြင်း​နဲ့ ချစ်​ခြင်း​မေတ္တာ​ကို နှိုင်း​ယှဉ်​ပြခဲ့​တယ်– “တောင်​များ​ကို ရွှေ့​နိုင်​လောက်​အောင် ယုံ​ကြည်​ခြင်း ပြည့်​ဝ​သော်​လည်း ချစ်​ခြင်း​မေတ္တာ မရှိ​လျှင် အချည်း​နှီး ​ဖြစ်​၏။” (၁ ကော. ၁၃:၂) ယေရှု​က​လည်း ဘု​ရား​သခင်​ကို ချစ်​ခြင်း​ဟာ ‘ပညတ်​ကျမ်း​တွင် အကြီး​မြတ်​ဆုံး​ပညတ် ဖြစ်’ တယ်​လို့ ပြော​ခဲ့​တယ်။ (မ. ၂၂:၃၅-၄၀) ချစ်​ခြင်း​မေတ္တာ​က ယုံ​ကြည်​ခြင်း​အပါ​အဝင် တ​ခြား​အရည်​အသွေး​များ​စွာ ရှိ​လာ​အောင် ကူညီ​ပေး​တယ်။ ‘မေတ္တာ​သည် အရာရာ​ကို ယုံ​တတ်​၏’ လို့​ကျမ်း​စာ​မှာ​ ပြော​တယ်။ ကျမ်း​စာ​မှာ ဘု​ရား​သခင် ပြော​ထား​သမျှ​ကို ယုံ​ကြည်​ဖို့ မေတ္တာ​က ကူညီ​ပေး​ပါ​လိမ့်​မယ်။—၁ ကော. ၁၃:၄၊ ၇

၁၆၊ ၁၇။ ကျမ်း​စာ​မှာ ယုံ​ကြည်​ခြင်း​နဲ့ ချစ်​ခြင်း​မေတ္တာ​ကို ဘယ်​လို ယှဉ်​တွဲ​ဖော်ပြထား​သလဲ။ ဘာ​က အကြီး​မြတ်​ဆုံး​လဲ။ ဘာ​ကြောင့်​လဲ။

၁၆ ယုံ​ကြည်​ခြင်း​နဲ့ ချစ်​ခြင်း​မေတ္တာ​နှစ်​ခု​စ​လုံး အရေး​ကြီး​တဲ့​အတွက် ကျမ်း​ရေး​သူ​တွေ​က ဒီ​အရည်​အသွေး​နှစ်​ခု​ကို ယှဉ်​တွဲ​ပြီး အကြိမ်​ပေါင်း​များ​စွာ ဖော်ပြခဲ့​ကြ​တယ်။ “ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်” ပါ​လို့ ပေါလု အား​ပေး​ခဲ့​တယ်။ (၁ သက်. ၅:၈) ‘သင်​တို့​သည် [ယေရှု] ကို မမြင်​ဖူး​သော်​လည်း ချစ်​ကြ​၏။ ယခု​လည်း ကိုယ်​တော်​ကို မတွေ့​မမြင်​သည့်​တိုင် ယုံ​ကြည်​ကြောင်း တင်​ပြကြ​၏’ လို့ ပေတရု ရေးခဲ့​တယ်။ (၁ ပေ. ၁:၈) “ဘု​ရား​သခင်​သည် လော​က​တွင် ဆင်း​ရဲ​သူတို့​ကို ယုံ​ကြည်​ခြင်း​၌ ကြွယ်​ဝ​စေ​ရန်၊ မိမိ​အား ချစ်​သော​သူတို့​ကို ကတိ​ထား​တော်​မူ​သည့် နိုင်​ငံ​တော်​အမွေ​ခံ​များ ဖြစ်​စေ​ရန် ရွေး​ချယ်​သည် မဟုတ်​လော” လို့ ဘိ​သိက်​ခံ ညီ​အစ်​ကို​တွေ​ကို ယာကုပ် မေး​ခဲ့​တယ်။ (ယာ. ၂:၅) “ပညတ်​တော်​ဟူ​မူ​ကား ကိုယ်​တော်​၏​သား​တော် ယေရှု​ခ​ရစ်​၏​နာ​မကို ယုံ​ကြည်​ရ​မည်၊ ငါ​တို့​ကို ပညတ်​ထား​တော်​မူ​သည်​အတိုင်း အချင်း​ချင်း ချစ်​ကြ​ရ​မည်​ဖြစ်​၏” လို့ ယောဟန် ရေးခဲ့​တယ်။—၁ ယော. ၃:၂၃

၁၇ ယုံ​ကြည်​ခြင်း​ဟာ​ မရှိ​မဖြစ် လို​အပ်​ပေမဲ့ ဘု​ရား​သခင့် ကတိ​တော်​တွေ ပြည့်​စုံ​လာ​တဲ့​အခါ၊ မျှော်​လင့်​ချက်​တွေ တ​ကယ် ဖြစ်​လာ​တဲ့​အခါ ဒါ​တွေ​ကို ယုံ​ကြည်​ဖို့ မလို​တော့​ဘူး။ ဒါ​ပေမဲ့ ဘု​ရား​သခင်​နဲ့ လူ​သား​ချင်း​ကို ချစ်​တဲ့​မေတ္တာ​က​တော့ ဆက်​တိုး​ပွား​နေ​ဖို့ လို​တယ်။ ဒါ​ကြောင့် “ယခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း၊ ချစ်​ခြင်း ဤ​သုံး​ပါး တည်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အကြီး​မြတ်​ဆုံး ဖြစ်​၏” လို့​ပေါလု ရေး​ခဲ့​တယ်။—၁ ကော. ၁၃:၁၃

ယုံ​ကြည်​ခြင်း​ကို ယေဟောဝါ ကောင်း​ချီး​ပေး

၁၈၊ ၁၉။ ဘု​ရား​သခင့်​လူမျိုး​ရဲ့ ယုံ​ကြည်​ခြင်း​ကြောင့် ဒီ​နေ့ ဘာ​ရလဒ်​တွေ ရ​ရှိ​နေ​သလဲ။ ဘယ်​သူ့​ကို ဂုဏ်​တင်​ချီး​မွမ်း​ထိုက်​သလဲ။

၁၈ ဒီ​နေ့​ခေတ် ယေဟောဝါရဲ့​လူမျိုး​ဟာ တည်​ထောင်​ပြီး​ဖြစ်​တဲ့ ဘု​ရား​နိုင်​ငံ​တော်​ကို ယုံ​ကြည်​ကြောင်း တင်​ပြနေ​ကြ​တယ်။ အချင်း​ချင်း​ကို​လည်း ချစ်​မြတ်​နိုး​ကြ​တယ်။ ဒါ​ဟာ ဘု​ရား​သခင့် စွမ်းအား​တော်​ရဲ့ လမ်း​ပြမှု​နဲ့​အညီ အသက်​ရှင်​နေ​ထိုင်​ကြ​လို့​ပဲ။ ရ​လ​ဒ်​အနေ​နဲ့ ကမ္ဘာ​တစ်​ဝန်း​မှာ ညီ​အစ်​ကို/မ ရှစ်​သန်း​ကျော်​ဟာ ငြိမ်သက်​စည်း​လုံး​မှု ခံစား​နေ​ရ​တယ်။ (ဂလ. ၅:၂၂၊ ၂၃) ယုံ​ကြည်​ခြင်း​နဲ့ ချစ်​ခြင်း​မေတ္တာ​ဟာ အစွမ်း​ထက်​တဲ့ အရည်​အသွေး​တွေ​ ဖြစ်​မှန်း ထင်​ရှား​တယ်။

၁၉ ဒီ​စည်း​လုံး​မှု​ဟာ ဘယ်​လူ​သား​ကြောင့်​မှ မဟုတ်​ဘူး။ ဘု​ရား​သခင်​ရဲ့ အကူ​အညီ​ကြောင့်​ပဲ။ ဒီ​အတွက် ယေဟောဝါ​ကို​ပဲ ဂုဏ်​တင်​ချီး​မွမ်း​ထိုက်​ပါ​တယ်။ (ဟေ​ရှာ. ၅၅:၁၃) “ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ” တာ​ဟာ “ဘု​ရား​သခင့် ဆု​ကျေး​ဇူး” ကြောင့်​ပဲ။ (ဧ. ၂:၈) ယေဟောဝါ​ကို နောက်​ထပ်​လူ​များ​စွာ ယုံ​ကြည်​လာ​ဖို့ ကိုယ်​တော် ဆက်​ကူညီ​ပေး​ပါ​လိမ့်​မယ်။ နောက်​ဆုံး တစ်​ကမ္ဘာ​လုံး​ဟာ ယေဟောဝါ​ကို ထာ​ဝ​စဉ် ချီး​မွမ်း​မယ့် စုံလင်၊ ဖြောင့်​မတ်၊ ပျော်​ရွှင်​တဲ့ လူ​တွေ​နဲ့ ပြည့်​နေ​ပါ​လိမ့်​မယ်။