သင် သိပါသလား
က တစ်ယောက်ယောက် သူတစ်ပါးရဲ့လယ်မှာ ပေါင်းမျိုးစေ့ ကြဲတာမျိုး တကယ် ဖြစ်နိုင်သလား။
ရှေးခေတ်တုန်းမဿဲ ၁၃:၂၄-၂၆ မှာ ယေရှု ဒီလိုပြောတယ်– “ကောင်းကင်နိုင်ငံတော်သည် လယ်၌ ကောင်းသောမျိုးစေ့ကို ကြဲသောသူနှင့် တူ၏။ လူတို့ အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည် လာ၍ ဂျုံစပါးစေ့ကြားတွင် ပေါင်းမျိုးစေ့ကို ကြဲပြီး ထွက်သွားလေ၏။ အပင်ပေါက်၍ အနှံထွက်သောအခါ ပေါင်းပင်များလည်း ပေါ်ထွက်လာ၏။” အဲဒီပုံဥပမာကို တကယ်ဖြစ်တယ်လို့ ယူဆရမလားဆိုပြီး စာရေးသူတွေ အငြင်းပွားခဲ့ကြတယ်။ ဒါပေမဲ့ ရောမတရားဝင်မှတ်တမ်းတွေကတော့ ယူဆသင့်တယ်လို့ ဆိုတယ်။
“ကလဲ့စားချေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါင်းမျိုးစေ့တွေ ကြဲတာဟာ ရောမဥပဒေအရ ရာဇဝတ်မှု မြောက်တယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေတွေ ရှိတာကိုက အဲဒီလိုအမှုတွေ တကယ်ရှိခဲ့မှန်း ဖော်ပြတယ်” လို့ ကျမ်းစာအဘိဓာန်တစ်အုပ်က ဆိုတယ်။ အေဒီ ၅၃၃ မှာ ရောမဧကရာဇ် ဂျပ်စ္စတင်းနီးယန်းက ဒိုင်ဂျက်စ် စာအုပ် ထုတ်ဝေခဲ့တယ်လို့ ဥပဒေပညာရှင် အလာစတာ ကယ်ရာ ပြောခဲ့တယ်။ အဲဒီစာအုပ်ဟာ ရောမဥပဒေပေါင်းချုပ် ဖြစ်ပြီး အေဒီ ၁၀၀-၂၅၀ အတွင်း ဥပဒေပညာရှင်တွေရဲ့ ကောက်နုတ်ချက်တွေ ပါဝင်တယ်။ ဥပဒေပညာရှင်တစ်ယောက်ဖြစ်တဲ့ အာလ်ပီယန်က ဒုတိယရာစု အမှုတစ်ခုကို ရည်ညွှန်းထားတယ်။ တစ်ယောက်ယောက်က သူတစ်ပါးရဲ့လယ်မှာ ပေါင်းမျိုးစေ့တွေ ကြဲသွားတဲ့အတွက် အသီးအနှံတွေ ပျက်စီးသွားတယ်။ လယ်သမား ရထိုက်တဲ့ တရားရေးအခွင့်အရေးတွေနဲ့ ဆုံးၡုံးမှုအတွက် လျော်ကြေးတွေကို အဲဒီစာအုပ်မှာ ဆွေးနွေးထားတယ်။
ရှေးခေတ် ရောမအင်ပါယာမှာ အဲဒီလိုအမှုတွေ ဖြစ်ခဲ့တာက ယေရှုပြောခဲ့တဲ့ ပုံဥပမာဟာ တကယ်ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။
ပထမရာစုတုန်းက ယုဒနယ်ကို အုပ်ချုပ်တဲ့ ဂျူးအာဏာပိုင်တွေကို ရောမတွေ လွတ်လပ်ခွင့် ဘယ်လောက် ပေးထားသလဲ။
အဲဒီတုန်းက ယုဒနယ်ကို စစ်တပ်နဲ့ ဘုရင်ခံတစ်ယောက်ကိုယ်စားပြုတဲ့ ရောမတွေ အုပ်ချုပ်တယ်။ အဓိကတာဝန်ကတော့ ရောမနိုင်ငံအတွက် အခွန်ကောက်ဖို့၊ ငြိမ်ဝပ်ပိပြားမှုရှိစေဖို့ ဖြစ်တယ်။ ဥပဒေမဲ့ လှုပ်ရှားမှုတွေကို နှိပ်ကွပ်ရေး၊ ဆူပူလှုပ်ရှားမှု ဖြစ်စေသူတွေကို တရားစီရင်ရေးတို့ကို အလေးထား ဆောင်ရွက်တယ်။ နေ့စဉ် စီမံအုပ်ချုပ်မှုကိုတော့ ဒေသခံခေါင်းဆောင်တွေလက်ထဲ လွှဲအပ်ထားလေ့ရှိတယ်။
ဂျူးတရားရုံးချုပ်က ဂျူးပညတ်တရားနဲ့ဆိုင်တဲ့ ကိစ္စတွေကို စီရင်ဆောင်ရွက်တယ်။ ယုဒနယ်တစ်ခွင်မှာ အောက်တရားရုံးတွေ ရှိတယ်။ အဲဒီတရားရုံးတွေမှာ တရားမမှု၊ ရာဇဝတ်မှုတို့ကို ကိုင်တွယ်လေ့ရှိပြီး ရောမတွေ ဝင်မစွက်ဖက်ဘူး။ ဂျူးတရားရုံးတွေအပေါ် ကန့်သတ်ချက်တစ်ခုကတော့ ရာဇဝတ်သားတွေကို ကွပ်မျက်ပိုင်ခွင့် မရှိတာပဲ။ အဲဒါကိုတော့ ရောမတွေကိုယ်တိုင်ပဲ စီရင်တယ်။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အများသိအမှုတစ်ခုကတော့ ဂျူးတရားရုံးချုပ်အဖွဲ့ဝင်တွေ သတေဖန်ကို အမှုစစ်ပြီး ကျောက်ခဲနဲ့ ပေါက်သတ်ဖို့ စီရင်ခဲ့တာပဲ။—တ. ၆:၈-၁၅။ ၇:၅၄-၆၀။
ဒါကြောင့် ဂျူးတရားရုံးချုပ်ရဲ့ တရားစီရင်ပိုင်ခွင့်ဟာ ကျယ်ပြန့်တယ်။ ဒါပေမဲ့ ကျမ်းပညာရှင် အေမီလ်ဆကူရာ အခုလို ပြောတယ်– “ရောမအာဏာပိုင်တွေက အချိန်မရွေး ကြားဝင်နိုင်ပြီး အတားအဆီးမရှိ လုပ်ဆောင်နိုင်တယ်။ နိုင်ငံရေးပြစ်မှုတစ်ခုကို သံသယဝင်တဲ့အခါမျိုးတွေမှာ ဖြစ်တယ်။” တပ်မှူး ကလောဒိလုသိရဲ့ ကြီးကြပ်မှုအောက်မှာ အဲဒီလိုဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ သူက ရောမနိုင်ငံသား တမန်တော် ပေါလုကို အကျဉ်းချခဲ့တယ်။—တ. ၂၃:၂၆-၃၀။