မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄

‘စွမ်းအားတော်ကိုယ်တိုင် အတည်ပြုပေး’

‘စွမ်းအားတော်ကိုယ်တိုင် အတည်ပြုပေး’

“ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေ​ဖြစ်မှန်း စွမ်းအားတော်​ကိုယ်တိုင်ရော ကျွန်တော်တို့ရဲ့ စိတ်​က​ပါ အတည်ပြု​ပေးတယ်။”—ရော. ၈:၁၆

သီချင်း ၂၅ အထူး​ပိုင်ဆိုင်မှု

အကြို​သုံးသပ်ချက် *

ပင်တေကုတ္တေ​ပွဲနေ့မှာ ခရစ်ယာန် ၁၂၀ အပေါ် သန့်ရှင်းသော စွမ်းအားတော်ကို ထူးခြားတဲ့​နည်းနဲ့ ယေဟောဝါ သွန်းလောင်း​ပေး (စာပိုဒ် ၁-၂ ကို​ကြည့်ပါ)

၁-၂။ အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့မှာ ဘာ​ထူးခြား​တာ ဖြစ်ခဲ့သလဲ။

အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့၊ တနင်္ဂနွေ မနက်​မှာ တပည့် ၁၂၀ ဟာ ဂျေရုဆလင်​က အိမ်​တစ်အိမ်​ရဲ့ အပေါ်ထပ်​မှာ စုဝေး​နေကြတယ်။ (တ. ၁:၁၃-၁၅။ ၂:၁) အထူး​ဆုကျေးဇူး ရမှာ​ဖြစ်လို့ ဂျေရုဆလင်​မှာ ဆက်​နေဖို့ အစောပိုင်း ရက်​အနည်းငယ်​တုန်း​က သူတို့ကို ယေရှု ညွှန်ကြား​ထားတယ်။ (တ. ၁:၄၊ ၅) ဘာ​ဆက်​ဖြစ်သလဲ။

“အဲဒီအချိန်မှာ လေပြင်း​တိုက်​သလို အသံတစ်သံ ကောင်းကင်​ကနေ ရုတ်တရက်​ပေါ်လာပြီး သူတို့​ထိုင်​နေတဲ့ အိမ်တစ်အိမ်လုံး ပျံ့သွားတယ်။” တပည့်​တွေရဲ့ ခေါင်း​ပေါ် “လျှာ​သဏ္ဌာန် မီးလျှံ​တွေ” ပေါ်လာတယ်။ သူတို့​အားလုံး “သန့်ရှင်းသော စွမ်းအားတော်​နဲ့ ပြည့်” သွားတယ်။ (တ. ၂:၂-၄) ယေဟောဝါ​က အဲဒီ​အုပ်စု​အပေါ် ဒီ​နည်းနဲ့ သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်း​ပေးတယ်။ (တ. ၁:၈) သူတို့ဟာ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရသူ၊ * ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုး​ဖို့ မျှော်လင့်ချက် ရသူတွေ​ထဲမှာ ဦးဆုံး ဖြစ်တယ်။

လူတစ်ယောက် ဘိသိက်​ပေးခံ​ရတဲ့အခါ ဘာဖြစ်သလဲ

၃။ ပင်တေကုတ္တေ​ပွဲနေ့ အထက်ခန်း​မ​မှာ ရှိနေ​သူတွေဟာ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ​ကြောင်း ဘာကြောင့် သေချာပေါက် သိ​ကြသလဲ။

သင်ဟာ အဲဒီ​နေ့​က အထက်ခန်း​မ​မှာ စုဝေး​နေတဲ့ တပည့်​တစ်ဦး ဖြစ်မယ်ဆိုရင် အဖြစ်အပျက်​ကို ဘယ်တော့မှ မေ့​မှာ မဟုတ်ဘူး။ ခေါင်း​ပေါ် လျှာ​ပုံစံ မီး ကျ​လာပြီး ဘာသာစကား အမျိုးမျိုး ပြော​လာနိုင်တယ်။ (တ. ၂:၅-၁၂) သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရပြီ​ဆိုတာ သေချာပေါက် သိလိုက်တယ်။ ဒါပေမဲ့ စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရသူ​တိုင်း ထူးခြားတဲ့​နည်းနဲ့ တစ်ချိန်​တည်း ဘိသိက်ပေး​ခံရ​သလား။ မခံရ​ပါဘူး။ ဘယ်လို သိရသလဲ။

၄။ ပထမရာစု ဘိသိက်ခံ​အားလုံး တစ်ချိန်တည်းမှာ ဘိသိက်ပေး​ခံရ​သလား။ ရှင်းပြပါ။

ဘိသိက်​ပေးခံ​ရတဲ့ အချိန်​အကြောင်း သုံးသပ်​ကြည့်ရအောင်။ အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့မှာ တပည့် ၁၂၀ ပဲ ဘိသိက်ပေး​ခံရ​တာ မဟုတ်ဘူး။ အဲဒီ​နေ့​နှောင်းပိုင်း​မှာ တခြား​တပည့် ၃၀၀၀ လည်း နှစ်ခြင်း​ခံ​ချိန်မှာ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံခဲ့ရတယ်။ (တ. ၂:၃၇၊ ၃၈၊ ၄၁) ဒါပေမဲ့ နောက်ပိုင်း​နှစ်တွေမှာ ဘိသိက်ခံ ခရစ်ယာန်​အားလုံးဟာ နှစ်ခြင်း​ခံ​ချိန်မှာ ဘိသိက်ပေး​ခံရ​တာ မဟုတ်ဘူး။ ရှမာရိ​လူတွေဟာ နှစ်ခြင်းခံ​ပြီးနောက် တစ်ချိန်ချိန်မှာ ဘိသိက်​ပေးခံ​ရတယ်။ (တ. ၈:၁၄-၁၇) ခြွင်းချက်​အဖြစ် ကော်နေလိ​နဲ့ အိမ်သားတွေ​ကတော့ နှစ်ခြင်း​မခံခင်​မှာ ဘိသိက်ပေး​ခံရကြ​တယ်။—တ. ၁၀:၄၄-၄၈

၅။ ၂ ကောရိန္သု ၁:၂၁၊ ၂၂ အရ စွမ်းအားတော်​နဲ့ ဘိသိက်​ပေးခံ​ရတဲ့အခါ ဘာဖြစ်သလဲ။

လူတစ်ယောက် သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်​ပေးခံ​ရတဲ့အခါ ဘာဖြစ်သလဲ။ ဘိသိက်ခံ​တချို့ဟာ ယေဟောဝါရဲ့ ရွေးချယ်မှု​ကို အစပိုင်းမှာ လက်ခံဖို့ ခက်​နေ​နိုင်တယ်။ ‘ငါ့ကို​မှ ဘုရား ဘာလို့ ရွေး​တာလဲ’ လို့ တွေးမိ​နိုင်တယ်။ တချို့လည်း အဲဒီလို မတွေး​ကြဘူး။ ဘာပဲ​ဖြစ်ဖြစ် ဘိသိက်ခံ​အားလုံး​နဲ့​ပတ်သက်ပြီး တမန်တော်​ပေါလု ဒီလို​ပြောတယ်– “ယုံကြည်​လာပြီး​တဲ့​နောက် ကတိတော်​အတိုင်း ခရစ်တော်​က​တစ်ဆင့် သန့်ရှင်းသော စွမ်းအားတော်​နဲ့ တံဆိပ်ခတ် * ခံရတယ်။ အဲဒီ​စွမ်းအားတော်ဟာ ကျွန်တော်တို့ အမွေ​ရမယ်ဆိုတဲ့ အာမခံချက်​ပဲ။” (ဧ. ၁:၁၃၊ ၁၄) ဒါကြောင့် ယေဟောဝါ​က သူတို့ကို ရွေးချယ်​ထားကြောင်း သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ရှင်းရှင်းလင်းလင်း သိစေတယ်။ စွမ်းအားတော်ဟာ သူတို့ မြေကြီး​မှာ မဟုတ်ဘဲ ကောင်းကင်မှာ ထာဝစဉ် အသက်ရှင်​မယ်​ဆိုတာ စိတ်ချ​စေတဲ့ “အာမခံချက်” ဖြစ်တယ်။၂ ကောရိန္သု ၁:၂၁၊ ၂၂ ကိုဖတ်ပါ။

၆။ ဘိသိက်ခံ ခရစ်ယာန်​တစ်ယောက်ဟာ ကောင်းကင်​ဆုကျေးဇူး ရဖို့ ဘာလုပ်ရမလဲ။

ခရစ်ယာန်​တစ်ယောက် ဘိသိက်​ပေးခံ​ရတဲ့အခါ ကောင်းကင်​ဆုကျေးဇူး အလိုလို ရရှိ​မလား။ မရ​ပါဘူး။ ကောင်းကင်​သွားဖို့ ရွေးချယ်ခံ​ရတာ​တော့ သေချာတယ်။ ဒါပေမဲ့ “ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်း​ခံရသူ၊ ရွေးချယ်​ခံရသူတွေ​အဖြစ် သစ္စာရှိ​မြဲ​ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးစား​ကြပါ။ အဲဒီ​အရည်အသွေးတွေကို အမြဲ ဖြည့်စွက်​နေမယ်​ဆိုရင် ခင်ဗျားတို့ ဘယ်တော့မှ ကျရှုံး​မှာ မဟုတ်ဘူး” ဆိုတဲ့ စကားတွေကို သတိ​ရသင့်တယ်။ (၂ ပေ. ၁:၁၀) ဒါကြောင့် ကောင်းကင်​သွားဖို့ ရွေးချယ်ခံ​ရတယ် ဆိုရင်တောင် ဆက်သစ္စာ​ရှိ​မှ ဆုကျေးဇူး ရမယ်။—ဖိ. ၃:၁၂-၁၄။ ဟီ. ၃:၁။ ဗျာ. ၂:၁၀

ဘိသိက်​ပေး​ခံရ​မှန်း ဘယ်လို သိ​သလဲ

၇။ ကောင်းကင်​သွားဖို့ ဖိတ်ခေါ်​ခံရ​ကြောင်း ဘိသိက်ခံ​တွေ ဘယ်လို သိ​သလဲ။

ကောင်းကင်​သွားဖို့ ဖိတ်ခေါ်​ခံရ​မှန်း လူတစ်ယောက် ဘယ်လို သိ​သလဲ။ ရောမမြို့​က ‘သန့်ရှင်း​သူတွေ’ ကို ပေါလု ပြောတဲ့ ဒီ​စကားတွေ​ကနေ သိနိုင်တယ်– “ဘုရားသခင့် စွမ်းအားတော်​က ခင်ဗျားတို့ကို ကျွန်ဘဝ ရောက်​စေမှာ မဟုတ်ဘူး။ ကြောက်စိတ်ဝင်​စေမှာ မဟုတ်ဘူး။ အဲဒီ​စွမ်းအားတော်​က ကျွန်တော်တို့ကို သားတွေ​အဖြစ် မွေးစား​ခံရ​စေပြီး ‘အဗ္ဗ၊ အဖ’ လို့​ခေါ်​စေတယ်။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေ​ဖြစ်မှန်း စွမ်းအားတော်​ကိုယ်တိုင်ရော ကျွန်တော်တို့ရဲ့ စိတ်​က​ပါ အတည်ပြု​ပေးတယ်။” (ရော. ၁:၇။ ၈:၁၅၊ ၁၆) ဘုရားသခင်က ဘိသက်​ခံ​တွေကို ကောင်းကင်​သွားဖို့ ရွေးချယ်​ထားကြောင်း သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ရှင်းရှင်းလင်းလင်း သိစေတယ်။—၁ သက်. ၂:၁၂

၈။ ဘိသိက်ခံ​တွေကို တခြားသူတွေ အတည်ပြု​ပေးဖို့ မလို​မှန်း ၁ ယောဟန် ၂:၂၀၊ ၂၇ က ဘယ်လို ဖော်ပြသလဲ။

ယေဟောဝါ​က ကောင်းကင်​သွားဖို့ ဖိတ်ခေါ်ခံ​ရသူတွေကို စိတ်ထဲမှာ သံသယ​မဖြစ်​ဘဲ ရှင်းရှင်းလင်းလင်း သိစေတယ်။ (၁ ယောဟန် ၂:၂၀၊ ၂၇ ကိုဖတ်ပါ။) ဘိသိက်ခံ​တွေဟာ တခြား​သူတွေလို​ပဲ အသင်းတော်က​တစ်ဆင့် ယေဟောဝါရဲ့ သွန်သင်မှု​ကို လိုအပ်တယ်။ ဒါပေမဲ့ သူတို့ ဘိသိက်ခံ​ဖြစ်မှန်း တစ်ယောက်ယောက်​က အတည်ပြု​ပေး​စ​ရာ မလိုဘူး။ ယေဟောဝါ​က စကြဝဠာမှာ တန်ခိုး​အကြီးဆုံး စွမ်းအား​ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ရှင်းရှင်းလင်းလင်း သိစေတယ်။

“တ​ဖန် မွေးဖွားခြင်း” ခံရ

၉။ ဧဖက် ၁:၁၈၊ ၁၉ အရ လူတစ်ယောက် ဘိသိက်​ပေးခံ​ရတဲ့အခါ ဘာအပြောင်းအလဲ ဖြစ်သွား​သလဲ။

ဒီနေ့​ခေတ် ဘုရားသခင့် ကျေးကျွန်​အများစုဟာ လူတစ်ယောက် ဘယ်လိုနည်းနဲ့ ဘိသိက်​ပေးခံ​ရတယ်ဆိုတာ​ကို နားလည်​ရ​ခက်​နိုင်တယ်။ အဲဒါ သဘာဝပါပဲ။ ကိုယ်တိုင်​မှ ဘိသိက်ပေး မခံရ​တာ။ ဘုရားသခင်က လူသားတွေကို ကောင်းကင်မှာ မဟုတ်ဘဲ မြေကြီး​မှာ ထာဝစဉ် နေထိုင်ဖို့ ဖန်ဆင်း​ထားတယ်။ (က. ၁:၂၈။ ဆာ. ၃၇:၂၉) ဒါပေမဲ့ တချို့ကို​တော့ ကောင်းကင်မှာ နေဖို့ ရွေးချယ်​တယ်။ သူတို့ကို ဘိသိက်ပေး​တဲ့အခါ သူတို့ရဲ့ မျှော်လင့်ချက်​နဲ့ စဉ်းစား​တွေးခေါ်ပုံကို ဘုရား ပြောင်းလဲ​ပေးလိုက်တဲ့​အတွက် ကောင်းကင်မှာ အသက်ရှင်ဖို့ သူတို့ စောင့်မျှော်​ကြတယ်။ဧဖက် ၁:၁၈၊ ၁၉ ကိုဖတ်ပါ။

၁၀။ “တစ်ဖန် မွေးဖွားခြင်း” ဆိုတာ ဘာကို ဆိုလိုသလဲ။ (အောက်ခြေမှတ်ချက်ကို​လည်း ကြည့်ပါ။)

၁၀ ခရစ်ယာန်​တွေ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်​ပေးခံ​ရတဲ့အခါ “တစ်ဖန် မွေးဖွားခြင်း” * ခံကြ​ရတယ်။ ဘိသိက်ပေး မခံရ​သူကို “တစ်ဖန် မွေးဖွားခြင်း” အကြောင်း၊ “စွမ်းအားတော်​နဲ့ မွေးဖွားခြင်း” အကြောင်း အတိအကျ ရှင်းပြဖို့ မဖြစ်နိုင်ဘူးလို့ ယေရှု ပြောတယ်။—ယော. ၃:၃-၈

၁၁။ လူတစ်ယောက် ဘိသိက်​ပေးခံ​ရတဲ့အခါ စဉ်းစား​ပုံ ပြောင်းလဲသွား​ကြောင်း ရှင်းပြပါ။

၁၁ ခရစ်ယာန်​တွေ ဘိသိက်​ပေးခံ​ရတဲ့အခါ စဉ်းစားပုံ ဘယ်လို ပြောင်းလဲသွား​သလဲ။ အဲဒီ​ခရစ်ယာန်တွေဟာ ဘိသိက်ပေး မခံရ​ခင်​တုန်း​က မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်​ကြတယ်။ ဆိုးသွမ်းမှု​အားလုံးကို ယေဟောဝါ ဖယ်ရှား​ပေးမယ့်​အချိန်၊ မြေကြီးကို ပရဒိသု​အဖြစ် ပြောင်းလဲ​ပေးမယ့်​အချိန်ကို စိတ်ထက်သန်စွာ စောင့်မျှော်​ခဲ့တယ်။ သေဆုံးသွားတဲ့ မိသားစုဝင်​တွေ၊ မိတ်ဆွေ​တွေ ထမြောက်လာ​တာ​ကို ကြိုဆို​နေတယ်လို့​တောင် မြင်ယောင်​ခဲ့​မှာ​ပဲ။ ဒါပေမဲ့ ဘိသိက်ပေး​ခံရ​ပြီးနောက် သူတို့ရဲ့​စဉ်းစား​ပုံ ပြောင်းလဲ​သွားတယ်။ ဘာကြောင့်လဲ။ မြေကြီး​မျှော်လင့်ချက်ကို မကြိုက်​တော့​လို့ မဟုတ်ပါဘူး။ စိတ်ဓာတ်ကျ​စရာတွေ၊ အဖြစ်ဆိုး​တွေ​ကြောင့် စိတ်ပြောင်း​သွားတာ​လည်း မဟုတ်ဘူး။ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်​ရမှာ​ကို ငြီးငွေ့​လို့​လည်း မဟုတ်ဘူး။ ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော် သုံးပြီး သူတို့ရဲ့ စဉ်းစား​ပုံ​နဲ့ မျှော်လင့်ချက်ကို ပြောင်းလဲ​ပေးလိုက်လို့​ပါ။

၁၂။ ၁ ပေတရု ၁:၃၊ ၄ အရ ဘိသိက်ခံ ခရစ်ယာန်တွေဟာ မိမိတို့ရဲ့ မျှော်လင့်ချက်ကို ဘယ်လို သဘောထား​သလဲ။

၁၂ ဘိသိက်ပေး​ခံရသူ တစ်ယောက်ဟာ ဒီ​အခွင့်ထူးနဲ့ မထိုက်တန်ဘူးလို့ ခံစား​ရနိုင်တယ်။ သူ့ကို ယေဟောဝါ ရွေးချယ်​ထားတာကို​တော့ သံသယ​မရှိဘူး။ အဲဒီ​အနာဂတ် မျှော်လင့်ချက်​အကြောင်း စဉ်းစား​လိုက်​တိုင်း ဝမ်းသာ​ပြီး ကျေးဇူးတင်​နေတယ်။ ၁ ပေတရု ၁:၃၊ ၄ ကိုဖတ်ပါ။

၁၃။ ဘိသိက်ခံ​တွေ မြေကြီးပေါ် အသက်ရှင်​ရတာကို ဘယ်လို သဘောထား​သလဲ။

၁၃ ဒါဆိုရင် ဘိသိက်ခံ​တွေ သေဆုံး​ချင်​ပြီဆို​တဲ့ သဘောလား။ တမန်တော် ပေါလုက မိမိတို့ရဲ့ ခန္ဓာကိုယ်ကို တဲအိမ်​နဲ့​နှိုင်း​ပြီး ဒီလို အဖြေ​ပေးတယ်– “လက်ရှိ​တဲအိမ်​မှာ​နေတဲ့ ကျွန်တော်တို့ဟာ ဝန်ပိ​ပြီး ညည်းတွား​နေ​ရတယ်။ ဒီ​တဲအိမ်​ကို အဝတ်​လို ချွတ်ပစ်​ချင်​လို့ မဟုတ်ဘဲ ကောင်းကင်​နေအိမ်​ကို ဝတ်ဆင်​ချင်​လို့ ညည်းတွား​နေတာပါ။ ဒါမှ သေတတ်တဲ့​အရာကို အသက်ရှင်ခြင်းနဲ့ အစားထိုး​နိုင်မှာပါ။” (၂ ကော. ၅:၄) သူတို့ဟာ အသက်မရှင်​ချင်​တော့​တာ၊ မြန်မြန်​သေချင်​နေတာ မဟုတ်ပါဘူး။ အသက်ကို ပျော်မွေ့​ပြီး မိသားစု​တွေ၊ မိတ်ဆွေတွေနဲ့​အတူ ယေဟောဝါကို နေ့တိုင်း ဝတ်ပြု​ချင်ကြတယ်။ ဒါပေမဲ့ ဘာပဲ​လုပ်​လုပ် ကောင်းကင်​မျှော်လင့်ချက်​ကတော့ အတွေး​ထဲ အမြဲ​ရှိနေတယ်။—၁ ကော. ၁၅:၅၃။ ၂ ပေ. ၁:၄။ ၁ ယော. ၃:၂၊ ၃။ ဗျာ. ၂၀:၆

သင့်ကို ယေဟောဝါ ဘိသိက်ပေး​သလား

၁၄။ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ​မှန်း ဘယ်​အချက်တွေကို ကြည့်ပြီး ပိုင်းဖြတ်​လို့ မရ​သလဲ။

၁၄ ကိုယ့်ကိုယ်ကိုယ် ဘိသိက်ခံ​များလား​လို့ သင် တွေးဖူး​သလား။ ဒါဆိုရင် ဒီ​အရေးကြီး မေးခွန်းတွေကို သုံးသပ်​ကြည့်ပါ– ယေဟောဝါရဲ့ အလိုတော်​ဆောင်ဖို့ ငါ​ဆန္ဒ​ပြင်းပြ​နေ​သလား။ ဟောပြောခြင်း​လုပ်ငန်းမှာ ထူးထူးခြားခြား ဇွဲ​ထက်သန်​နေ​သလား။ “ဘုရားသခင်ရဲ့ နက်နဲ​တဲ့ အကြံအစည်​တွေ” ကို သင်ယူ​ချင်စိတ် ပြင်းပြ​နေ​သလား။ (၁ ကော. ၂:၁၀) ဟောပြောခြင်း​လုပ်ငန်းမှာ ငါ့ကို ယေဟောဝါ ထူးထူးခြားခြား ကောင်းချီး​ပေးနေ​တယ်လို့ ခံစားရ​သလား။ တခြား​သူတွေကို ဘုရားရေးရာဘက်​မှာ ကူညီ​ပေးဖို့ တာဝန်​ရှိ​နေတယ်လို့ ခံစားရ​သလား။ အသက်တာမှာ နည်းလမ်း​များစွာနဲ့ ယေဟောဝါ ထူးထူးခြားခြား ကူညီ​ပေးခဲ့တာ​ ရှိသလား။ အဲဒီ​မေးခွန်းတွေကို ဟုတ်တယ်လို့ ဖြေဆို​နိုင်​ရင် ကောင်းကင်​သွားဖို့ သင် ဖိတ်ခေါ်ခံ​ရတယ်လို့ ဆိုလို​သလား။ မဆိုလို​ပါဘူး။ ဘာကြောင့်လဲ​ဆိုတော့ ဘိသိက်ခံ​ဖြစ်စေ၊ မြေကြီး​မျှော်လင့်ချက်​ရှိသူ​ဖြစ်စေ ဘုရားသခင့်​ကျေးကျွန်​အားလုံး အဲဒီလို​ခံစားရ​နိုင်လို့ပဲ။ ယေဟောဝါဟာ ဘယ်​မျှော်လင့်ချက်​ရှိသူ​ကို​မဆို ခွန်အား​ပေးဖို့ အဲဒီ​သန့်ရှင်းသော စွမ်းအားတော်ကို​ပဲ အသုံးပြုတယ်။ တကယ်တော့ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ​သလား​လို့ တွေး​နေတယ်​ဆို​ကတည်းက ဘိသိက်ပေး မခံ​ရတဲ့​သဘော ဖြစ်တယ်။ ယေဟောဝါရဲ့ ဖိတ်ခေါ်မှု ရရှိ​သူဟာ ဖိတ်ခေါ်​ခံရ​သလား၊ မခံရ​ဘူး​လား​ဆိုတာ မရေမရာ မဖြစ်​ဘူး။ ဖိတ်ခေါ်​ခံရ​မှန်း သေချာပေါက် သိတယ်။

ယေဟောဝါဟာ သန့်ရှင်းသော စွမ်းအားတော် သုံးပြီး အာဗြဟံ၊ စာရာ၊ ဒါဝိဒ်၊ နှစ်ခြင်း​ပေးသူ ယောဟန်တို့ကို ထူးချွန်​ပြောင်မြောက်​စွာ လုပ်ဆောင်​နိုင်စွမ်း ပေးပေမဲ့ ကောင်းကင်​သွားဖို့​တော့ မရွေးချယ်​ခဲ့ (စာပိုဒ် ၁၅-၁၆ ကို​ကြည့်ပါ) *

၁၅။ ဘုရားသခင့် စွမ်းအားတော် ရ​ရှိသူ​အားလုံး ကောင်းကင်​သွားဖို့ ရွေးချယ်ခံ​ရတာ မဟုတ်​ကြောင်း ဘယ်လို သိရသလဲ။

၁၅ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် ရရှိ​ပေမဲ့ ကောင်းကင်​မျှော်လင့်ချက် မရှိတဲ့ သစ္စာရှိ​သူများစွာ​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ ဒါဝိဒ်ဟာ သန့်ရှင်းသော စွမ်းအားတော် ရခဲ့တယ်။ (၁ ရှ. ၁၆:၁၃) ယေဟောဝါနဲ့​ပတ်သက်တဲ့ နက်နဲ​တဲ့ အရာတွေကို နားလည်ဖို့၊ ကျမ်းစာ​အပိုင်းတွေကို ရေးသား​ဖို့ စွမ်းအားတော်​က သူ့ကို ကူညီ​ပေးတယ်။ (မာ. ၁၂:၃၆) ဒါတောင် ဒါဝိဒ် “ကောင်းကင် မ​တက်ခဲ့​ပါဘူး” လို့ တမန်တော် ပေတရု ပြောတယ်။ (တ. ၂:၃၄) နှစ်ခြင်း​ပေးသူ ယောဟန်လည်း “သန့်ရှင်းသော စွမ်းအားတော်​နဲ့ ပြည့်” ခဲ့တယ်။ (လု. ၁:၁၃-၁၆) ယောဟန်​ထက် ကြီးမြတ်တဲ့​သူ မရှိဘူးလို့ ယေရှု ချီးမွမ်း​ပြီးနောက် ကောင်းကင်​နိုင်ငံမှာ​တော့ ယောဟန် ပါဝင်ခွင့်​ရမှာ မဟုတ်ဘူးလို့ ပြောတယ်။ (မ. ၁၁:၁၀၊ ၁၁) ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် သူတို့ကို ထူးချွန်​ပြောင်မြောက်​စွာ လုပ်ဆောင်​နိုင်စွမ်း ပေးပေမဲ့ ကောင်းကင်​သွားဖို့​တော့ မရွေးချယ်​ခဲ့​ဘူး။ အဲဒီလို​ပြောလို့ သူတို့ဟာ ကောင်းကင်မှာ အုပ်စိုး​ဖို့ ရွေးချယ်​ခံရသူတွေ​လောက် သစ္စာ​မရှိဘူးလို့ ဆိုလို​သလား။ မဆိုလို​ပါဘူး။ မြေကြီး​ပရဒိသုမှာ သူတို့ကို ယေဟောဝါ ပြန်ထ​မြောက်​ပေးပါလိမ့်မယ်။—ယော. ၅:၂၈၊ ၂၉။ တ. ၂၄:၁၅

၁၆။ ဒီနေ့​ခေတ် ဘုရားသခင့်​ကျေးကျွန် အများစု ဘာကို စောင့်မျှော်​နေကြ​သလဲ။

၁၆ ဒီနေ့​ခေတ် ဘုရားသခင့်​ကျေးကျွန် အများစုဟာ ကောင်းကင်​မျှော်လင့်ချက် ရှိသူတွေ မဟုတ်ဘူး။ အာဗြဟံ၊ စာရာ၊ ဒါဝိဒ်၊ နှစ်ခြင်း​ပေးသူ ယောဟန်နဲ့ ရှေး​သစ္စာရှိ​သူတွေလို​ပဲ ဘုရားသခင့်​နိုင်ငံတော် အုပ်ချုပ်မှု​အောက် မြေကြီးပေါ် အသက်ရှင်ဖို့ စောင့်မျှော်နေ​သူတွေ ဖြစ်တယ်။—ဟီ. ၁၁:၁၀

၁၇။ နောက်​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေ ဆွေးနွေးကြမလဲ။

၁၇ ဒီနေ့​ခေတ် ဘုရား​လူမျိုး​ထဲမှာ ဘိသိက်ခံ​တချို့ ရှိနေသေး​တဲ့​အတွက် မေးခွန်း​တချို့ ပေါ်လာတယ်။ (ဗျာ. ၁၂:၁၇) ဘိသိက်ခံ​တွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရှုမြင်​သင့်သလဲ။ သင့်​အသင်းတော်မှာ တစ်ယောက်ယောက်​က အောက်မေ့ရာပွဲ အထိမ်းအမှတ်​တွေ စ​သုံးဆောင်​ရင် သူ့ကို ဘယ်လို ဆက်ဆံ​သင့်သလဲ။ ဘိသိက်ခံ​လို့ ပြောတဲ့​သူ အရေအတွက် များ​လာ​ရင် စိုးရိမ်​သင့်​သလား။ အဲဒီ​မေးခွန်းတွေကို နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 5 အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့​ကစပြီး ယေဟောဝါ​က ခရစ်ယာန်​တချို့ကို သားတော်​နဲ့​အတူ ကောင်းကင်မှာ အုပ်စိုး​ဖို့ မျှော်လင့်ချက် ပေးတယ်။ အဲဒီ​အခွင့်ထူး​အတွက် ရွေးချယ်​ခံရ​မှန်း သူတို့ ဘယ်လို သိ​ကြသလဲ။ လူတစ်ယောက် ဖိတ်ခေါ်​ခံရတဲ့​အခါ ဘာဖြစ်သလဲ။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ ဒီ​ဆောင်းပါး​က ၂၀၁၆၊ ဇန်နဝါရီ​လထုတ် ကင်းမျှော်စင် ထဲ​က ဆောင်းပါးကို အခြေခံ​ထားပါ​တယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ။ ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး လူတစ်ယောက်ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်​ဖို့ ဖိတ်ခေါ်တယ်။ စွမ်းအားတော်​အားဖြင့် အနာဂတ်​ကတိ၊ တစ်နည်းအားဖြင့် “အာမခံချက်” ကို ပေးတယ်။ (ဧ. ၁:၁၃၊ ၁၄) ကောင်းကင်​ဆုကျေးဇူး ရရှိ​မှာ​ကို စွမ်းအားတော်​က “အတည်ပြု​ပေးတယ်” ဒါမှမဟုတ် သေချာပေါက် သိရှိစေတယ်​လို့ အဲဒီ​ခရစ်ယာန်​တွေ ပြော​နိုင်တယ်။—ရော. ၈:၁၆

^ အပိုဒ်၊ 5 စကားလုံး ရှင်းလင်းချက်– တံဆိပ်ခတ်။ ဒီ​တံဆိပ်ခတ်ခြင်း​ဟာ လူတစ်ယောက် သစ္စာရှိ​ရှိ သေဆုံးချိန် ဒါမှမဟုတ် ကြီးစွာသောဒုက္ခ စတင်ချိန် မရောက်မချင်း အတည်​မဖြစ်​ဘူး။—ဧ. ၄:၃၀။ ဗျာ. ၇:၂-၄။ ၂၀၀၇၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် စာရှုသူများထံမှ မေးခွန်းလွှာ” ကို​ကြည့်ပါ။

^ အပိုဒ်၊ 10 တစ်ဖန် မွေးဖွားခြင်း​အကြောင်း ထပ်​သိချင်ရင် ၂၀၀၉၊ ဧပြီ ၁ ကင်းမျှော်စင် စာ. ၃-၁၂ ကို​ကြည့်ပါ။

သီချင်း ၂၇ ဘုရား​သားများ ပေါ်ထွန်းခြင်း

^ အပိုဒ်၊ 57 ပုံ​အညွှန်း– ယုံကြည်ချက်​ကြောင့် အကျဉ်း​ကျနေ​သူ​ဖြစ်စေ၊ လွတ်လွတ်လပ်လပ် ဟောပြော​သွန်သင်​နိုင်​သူ​ဖြစ်စေ ဘုရားသခင့် နိုင်ငံတော် အုပ်ချုပ်မှု​အောက် မြေကြီး​ပေါ်မှာ အသက်ရှင်ဖို့ မျှော်လင့်​နိုင်တယ်။