မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃

သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား

သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား

“ဘုရားက ငါ​တို့ နိမ့်ကျ​သွားတဲ့အခါ ငါတို့ကို သတိ​ရတယ်။” —ဆာ. ၁၃၆:၂၃

သီချင်း ၃၃ သင့်ရဲ့​ဝန်ကို ယေဟောဝါ​ဆီ ပုံအပ်​ပါ

အကြို​သုံးသပ်ချက် *

၁-၂။ ယေဟောဝါရဲ့ ကျေးကျွန်​များစွာဟာ ဘယ်လို အခြေအနေ​တွေ ကြုံနေ​ရသလဲ။ အဲဒါက သူတို့​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

အခြေအနေ​သုံးခုကို စဉ်းစား​ကြည့်ပါ။ ညီအစ်ကို​ငယ်​တစ်ယောက်ဟာ တဖြည်းဖြည်း ခွန်အား​ဆုတ်ယုတ်​သွား​စေတဲ့ ရောဂါဆိုး​ရှိ​မှန်း သိလိုက်​ရတယ်။ အလုပ်​ကြိုးစားတဲ့ လူလတ်ပိုင်း​အရွယ် ညီအစ်ကို​ဟာ အလုပ်ပြုတ်​သွားတယ်။ အလုပ်​ပြန်​ရှာ​ပေမဲ့ မရဘူး။ သစ္စာရှိ အသက်ကြီး ညီအစ်မ​တစ်ယောက်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ အရင်က​လောက် မလုပ်နိုင်တော့ဘူး။

သင်လည်း အဲဒီလိုမျိုး ကြုံနေ​ရတယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်​တော့​ဘူးလို့ ခံစား​ရနိုင်တယ်။ မပျော်​တော့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတော့ဘဲ ဖြစ်နိုင်တယ်။ တခြား​သူတွေနဲ့ အဆင်မပြေ ဖြစ်လာနိုင်တယ်။

၃။ လူ့​အသက်ကို စာတန်နဲ့ သူ့​လူတွေ ဘယ်လို သဘောထားကြသလဲ။

ဒီ​လောကက လူ့​အသက်ကို စာတန် ရှုမြင်သလို ရှုမြင်တယ်။ စာတန်​က လူတွေကို တန်ဖိုး​မရှိသူတွေ​လို အမြဲ ဆက်ဆံတယ်။ ဘုရားကို မနာခံ​ရင် သေဒဏ် ခံရမယ်ဆို​တာ သိလျက်နဲ့ ဧဝကို လှည့်စား​ပြီး လွတ်လပ်မှု ရလာ​မယ်​လို့ ပြောတယ်။ လောက စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး​ကို စာတန် ထိန်းချုပ်​ထားတယ်။ ဒါကြောင့် စီးပွားရေး​သ​မား၊ နိုင်ငံရေးသမား​နဲ့ ဘာသာရေး​ခေါင်းဆောင်​များစွာဟာ လူ့​အသက်နဲ့ ဂုဏ်​သိက္ခာ​ကို မလေးစား​ကြ​တာ မဆန်းပါဘူး။

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါ​ကတော့ ကျွန်တော်တို့ဟာ တန်ဖိုး​ရှိသူတွေ​ဖြစ်မှန်း သိစေချင်တယ်။ အသုံးမကျ​ဘူးလို့ ခံစား​ရစေတဲ့ အခြေအနေ​တွေ ကြုံရတဲ့​အခါ ထောက်မ​ပေးတယ်။ (ဆာ. ၁၃၆:၂၃။ ရော. ၁၂:၃) အောက်ပါ​အခြေအနေ​တွေမှာ ယေဟောဝါ ဘယ်လို ကူညီပေး​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။ (၁) ကျန်းမာရေး မကောင်းတဲ့​အခါ၊ (၂) စီးပွားရေး ခက်ခဲတဲ့​အခါ၊ (၃) အသက်​ကြီးလာ​လို့ အမှုတော်မှာ အသုံးမဝင်​တော့​ဘူးလို့ ခံစား​ရတဲ့အခါ။ ဦးဆုံး၊ ကျွန်တော်တို့ ယောက်​တိုင်း​ကို ယေဟောဝါ တန်ဖိုး​ထားမှန်း ဘာကြောင့် စိတ်ချ​နိုင်ကြောင်း သုံးသပ်​ကြည့်ကြစို့။

ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထား

၅။ လူတွေကို ယေဟောဝါ တန်ဖိုး​ထားကြောင်း ဘာက ဖော်ပြသလဲ။

ကျွန်တော်တို့ဟာ မြေမှုန့်​နဲ့ ဖန်ဆင်း​ခံ​ထား​ရပေမဲ့ မြေမှုန့်​ထက် အဆပေါင်း​များစွာ တန်ဖိုး​ရှိတယ်။ (က. ၂:၇) ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း ဖော်ပြတဲ့ အကြောင်းရင်း​တချို့ကို သုံးသပ်​ကြည့်ပါ။ ဘုရားသခင်က လူတွေကို မိမိရဲ့ အရည်အသွေးတွေ တုပ​နိုင်စွမ်း​နဲ့ ဖန်ဆင်း​ထားတယ်။ (က. ၁:၂၇) ဒီ​နည်း​အားဖြင့် မြေကြီးပေါ်​က ဖန်ဆင်းရာ​အားလုံး​ထက် ကျွန်တော်တို့ကို ချီးမြှောက်​ပြီး မြေကြီးနဲ့ တိရစ္ဆာန်တွေကို အုပ်စိုး​ဖို့ တာဝန်​ပေးခဲ့တယ်။—ဆာ. ၈:၄-၈

၆။ မစုံလင်တဲ့​လူတွေကို ယေဟောဝါ တန်ဖိုး​ထားကြောင်း နောက်ထပ် ဘယ်အချက်​ကနေ သိနိုင်​သလဲ။

အာဒံ အပြစ်​လုပ်ပြီးနောက်​မှာ​တောင် လူတွေကို ယေဟောဝါ တန်ဖိုးထား​နေဆဲပဲ။ ကျွန်တော်တို့ကို တန်ဖိုးထား​လွန်း​လို့ အပြစ်တွေ​ကနေ ရွေး​ဖို့ ချစ်​သား ယေရှုကို ပေးခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) အဲဒီ​ရွေးဖိုး​ကို သုံးပြီး အာဒံရဲ့ အပြစ်​ကြောင့် သေဆုံးသွားတဲ့ ‘ဖြောင့်မတ်သူ၊ မဖြောင့်မတ်​သူတွေ’ ကို ယေဟောဝါ ပြန်ထ​မြောက်​ပေးမယ်။ (တ. ၂၄:၁၅) ကျန်းမာရေး၊ စီးပွားရေး၊ အသက်အရွယ် အခြေအနေ ဘယ်လိုပဲ​ရှိ​ရှိ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။—တ. ၁၀:၃၄၊ ၃၅

၇။ ကျေးကျွန်တွေကို ယေဟောဝါ တန်ဖိုး​ထားကြောင်း သိနိုင်တဲ့ ဘယ်​အကြောင်းရင်း​တွေ ရှိသေး​သလဲ။

ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း သိနိုင်တဲ့ ထပ်ဆင့် အကြောင်းရင်း​တွေ ရှိသေးတယ်။ ယေဟောဝါ​က ကျွန်တော်တို့ကို မိမိ​ဆီ ဆွဲဆောင်​ပြီး သတင်းကောင်းကို ဘယ်လို တုံ့ပြန်တယ်​ဆိုတာ ကြည့်တယ်။ (ယော. ၆:၄၄) ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့​အခါ ဘုရားလည်း ကျွန်တော်တို့နဲ့ ရင်းနှီး​လာတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို အချိန်နဲ့ ခွန်အား​စိုက်ထုတ်​ပြီး သွန်သင်ပေးခြင်း​အားဖြင့်လည်း တန်ဖိုး​ထားကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ဟာ ဘယ်လို လူစားမျိုး ဖြစ်ကြောင်း၊ ဘယ်လို လူစားမျိုး ဖြစ်လာ​နိုင်ကြောင်းကို​လည်း သိတယ်။ ကျွန်တော်တို့ကို ချစ်လို့ ဆုံးမ​သွန်သင်တယ်။ (ပညာ. ၃:၁၁၊ ၁၂) ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း ဖော်ပြတဲ့ အထောက်အထား​တွေ​ပါပဲ။

၈။ ဆာလံ ၁၈:၂၇-၂၉ မှာပါတဲ့ စကားတွေက အကောင်းမြင် သဘောထား ဘယ်လို ရှိစေ​နိုင်သလဲ။

ဘုရင် ဒါဝိဒ်​ကို တချို့က တန်ဖိုး​မရှိတဲ့​သူ​လို့ ယူဆကြတယ်။ ဒါပေမဲ့ မိမိကို ယေဟောဝါ ချစ်​ပြီး ထောက်မပေး​မှန်း ဒါဝိဒ် သိတယ်။ အဲဒါက ကိုယ့်​အခြေအနေကို အကောင်းမြင်​တတ်အောင် ဒါဝိဒ်​ကို ကူညီ​ပေးတယ်။ (၂ ရှ. ၁၆:၅-၇) ကျွန်တော်တို့လည်း စိတ်ဓာတ်​ကျတဲ့​အခါ၊ အခက်အခဲ​တွေ ကြုံရတဲ့​အခါ အကောင်းမြင်​တတ်အောင်၊ ရင်ဆိုင်​ကျော်လွှား​နိုင်အောင် ယေဟောဝါ ကူညီ​ပေး​နိုင်တယ်။ (ဆာလံ ၁၈:၂၇-၂၉ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ကူညီ​ထောက်မမှု​ကြောင့် ပျော်ရွှင်စွာ အမှုဆောင်​နိုင်တယ်။ (ရော. ၈:၃၁) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း၊ တန်ဖိုး​ထားကြောင်း သတိ​ရဖို့ အထူး​လိုအပ်တဲ့ အခြေအနေ သုံးခုကို သုံးသပ်​ကြည့်ကြစို့။

ကျန်းမာရေး မကောင်းတဲ့​အခါ

ကျမ်းစာပါ ယေဟောဝါရဲ့ စကားတွေကို ဖတ်ရှုခြင်းက ကျန်းမာရေး ပြဿနာ​ကြောင့် ဖြစ်လာတဲ့ အပျက်သဘော​တွေကို တိုက်ထုတ်​နိုင်ဖို့ ကူညီပေး (စာပိုဒ် ၉-၁၂ ကို​ကြည့်ပါ)

၉။ ကျန်းမာရေး မကောင်းတဲ့​အခါ ဘယ်လို သဘောထားတွေ ဝင်လာ​နိုင်သလဲ။

ကျန်းမာရေး မကောင်းတဲ့​အခါ ဘယ်သူ့​အတွက်​မှ အသုံးမဝင်​ဘူးလို့ ခံစားရ​တတ်တယ်။ ကိုယ့်ရဲ့ ကန့်သတ်ချက်​တွေကို တခြားသူတွေ သတိပြုမိ​တဲ့အခါ၊ တခြား​သူတွေကို မှီခို​နေရတဲ့​အခါ စိတ်ရှုပ်​လာနိုင်တယ်။ ကိုယ့်​ကျန်းမာရေး​အခြေအနေကို တခြားသူတွေ မသိ​ရင်တောင် ကိုယ်​မတတ်နိုင်တာ​တွေ​ကြောင့် စိတ်ဒုက္ခ​ရောက်နေ​နိုင်တယ်။ အဲဒီလို အခြေအနေ​မှာ ကျွန်တော်တို့ကို ယေဟောဝါ အားပေးနိုင်တယ်။ ဘယ်လို​နည်းနဲ့လဲ။

၁၀။ ပညာအလိမ္မာ ၁၂:၂၅ အရ ကျန်းမာရေး မကောင်းတဲ့​အခါ ဘာက ကူညီ​ပေးနိုင်​သလဲ။

၁၀ ကျန်းမာရေး မကောင်းတဲ့​အခါ “ကောင်းတဲ့​စကား” တွေ​က စိတ်​အားတက်စေ​နိုင်တယ်။ (ပညာအလိမ္မာ ၁၂:၂၅ ကိုဖတ်ပါ။) ကျန်းမာရေး မကောင်း​ပေမဲ့ ယေဟောဝါ​အတွက် ကျွန်တော်တို့ အရေးပါ​တယ်​ဆိုတာ အမှတ်ရ​စေမယ့် စကားတွေကို ကျမ်းစာမှာ ဘုရား မှတ်တမ်း​တင်ထားတယ်။ (ဆာ. ၃၁:၁၉။ ၄၁:၃) အဲဒီ​စကားတွေကို ထပ်ခါထပ်ခါ ဖတ်တဲ့အခါ အပျက်သဘော​တွေကို တိုက်ထုတ်​နိုင်ဖို့ အကူအညီ ရပါလိမ့်မယ်။

၁၁။ ညီအစ်ကို​တစ်ယောက်ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

၁၁ လူငယ် ညီအစ်ကို ဂျော့ဂ်ျဟာ ရောဂါဆိုး​ကြောင့် အသုံးမဝင်​ဘူးလို့ ခံစား​နေ​ရတယ်။ “ရောဂါ​ကြောင့် ခံစား​ရမယ့် ဝေဒနာ​တွေ၊ တခြား​သူတွေရဲ့ အမြင်​တွေကို ရင်ဆိုင်ဖို့ ကျွန်တော် အသင့်​မဖြစ်သေး​ဘူး။ အခြေအနေ ပို​ဆိုး​လာတဲ့အခါ ကျွန်တော့်​ဘဝ ဘယ်လိုများ ဖြစ်သွား​မလဲ​လို့ စဉ်းစား​မိတယ်။ တအား​စိတ်ပျက်​လို့ ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ အသနား​ခံခဲ့တယ်” လို့ ပြောတယ်။ သူ့ကို ယေဟောဝါ ဘယ်လို ထောက်မပေး​သလဲ။ “အာရုံစိုက်​ဖို့ ခက်တဲ့​အတွက် တစ်ခါ​ဖတ်ရင် ကျမ်းပိုဒ် နည်းနည်းလောက်​ပဲ ဖတ်​နိုင်တယ်။ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်​ကြောင်း ဖော်ပြတဲ့ ဆာလံကျမ်း​ထဲ​က ကျမ်းချက်တွေကို နေ့တိုင်း ပြန်ဖတ်​တဲ့အခါ နှစ်သိမ့်မှု​ရတယ်။ ကျွန်တော် ပို​ရွှင်လန်း​လာတာကို လူတွေ သတိထား​မိတယ်။ ကျွန်တော့်ရဲ့ အပြုသဘော​က သူတို့ကို အားရှိစေတယ်​လို့​တောင် ပြော​ကြတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေး​မှန်း ကျွန်တော် သဘောပေါက်​လာတယ်။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်​တဲ့​ပုံ ပြောင်းလဲ​အောင် ဘုရား ကူညီ​ပေးတယ်။ မကျန်းမာ​ပေမဲ့ ကျွန်တော့်ကို ဘုရား တန်ဖိုး​ထားတယ်​ဆိုတာ ကျမ်းစကား​တွေ​ကနေ သိလာ​ပါပြီ” လို့ ဂျော့ဂ်ျ ပြောတယ်။

၁၂။ ကျန်းမာရေး​ပြဿနာ ကြုံ​တဲ့အခါ ယေဟောဝါရဲ့ ကူညီ​ထောက်မမှုကို ဘယ်လို ရရှိ​နိုင်သလဲ။

၁၂ သင်ဟာ ကျန်းမာရေး​ပြဿနာ ကြုံနေ​ရတယ်​ဆိုရင် သင့်​အခြေအနေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ကိုယ့်​အခြေအနေကို အမှန်အတိုင်း ရှုမြင်​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်းပါ။ ကျမ်းစာမှာ ယေဟောဝါ ရေးထားတဲ့ ကောင်းတဲ့​စကားတွေ​ကနေ နှစ်သိမ့်မှု ရယူပါ။ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လောက် တန်ဖိုး​ထားကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေကို အာရုံစိုက်ပါ။ ဒါဆိုရင် သစ္စာ​ရှိသူ​အားလုံး​အပေါ် ယေဟောဝါ ကောင်းမြတ်​ကြောင်း သိလာ​ပါလိမ့်မယ်။—ဆာ. ၈၄:၁၁

စီးပွားရေး ခက်ခဲတဲ့​အခါ

ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတဲ့ ကတိ​ကို အမှတ်​ရခြင်း​က အလုပ် ရှာ​မရလို့ အခက်အခဲ ကြုံနေ​ရတဲ့အခါ ကူညီပေး (စာပိုဒ် ၁၃-၁၅ ကို​ကြည့်ပါ)

၁၃။ အိမ်ထောင်ဦးစီး​တစ်ယောက် အလုပ်ပြုတ်​သွားတဲ့အခါ ဘယ်လို ခံစား​ရနိုင်သလဲ။

၁၃ အိမ်ထောင်ဦးစီး​တိုင်း​ဟာ မိသားစုရဲ့ လိုအပ်ရာတွေကို ထောက်ပံ့​ပေးချင်ကြတယ်။ ဒါပေမဲ့ ညီအစ်ကို​တစ်ယောက်ဟာ ဘာ​အမှား​မှ မလုပ်ဘဲ အလုပ်ပြုတ်​သွားတယ် ဆိုပါစို့။ နောက်​အလုပ်​ရဖို့ ကြိုးစားရှာ​ပေမဲ့ မရဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျ​ဘူးလို့ ခံစား​ရနိုင်တယ်။ ယေဟောဝါရဲ့ ကတိ​တွေကို အာရုံစိုက်​ခြင်းက သူ့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၄။ ဘယ်​အကြောင်းရင်း​တွေ​ကြောင့် ယေဟောဝါ ကတိတည်​သလဲ။

၁၄ ယေဟောဝါဟာ အမြဲ ကတိတည်​တယ်။ (ယောရှု ၂၁:၄၅။ ၂၃:၁၄) ကတိတည်​ရတဲ့ အကြောင်းရင်း များစွာ​ရှိတယ်။ တစ်ခုကတော့ ဘုရားရဲ့ နာမည်​နဲ့ ပတ်သက်​နေလို့ပဲ။ သစ္စာရှိ ကျေးကျွန်တွေကို စောင့်ရှောက်​မယ်​လို့ ကတိ​ပေးထားတယ်။ အဲဒီ​ကတိအတိုင်း လုပ်ပေးဖို့ တာဝန်​ရှိတယ်လို့ ယေဟောဝါ ယူမှတ်တယ်။ (ဆာ. ၃၁:၁-၃) မိမိရဲ့ မိသားစုဝင်​တွေ​ဖြစ်တဲ့ ကျွန်တော်တို့ကို မစောင့်ရှောက်​ရင် ကျွန်တော်တို့ ဝမ်းနည်း​မယ်​ဆိုတာ ဘုရား သိတယ်။ ရုပ်ပစ္စည်း​ပိုင်း၊ ဘုရားရေးရာ​ပိုင်း ထောက်မပေး​မယ်​လို့ ကတိ​ပေးထားတယ်။ အဲဒီ​ကတိအတိုင်း မ​လုပ်ဖို့ ဘာကမှ ဘုရားကို မတားဆီး​နိုင်ဘူး။—မ. ၆:၃၀-၃၃။ ၂၄:၄၅

၁၅။ (က) ပထမရာစု ခရစ်ယာန်​တွေ ဘာ​အခက်အခဲ​တွေ ကြုံခဲ့​ရသလဲ။ (ခ) ဆာလံ ၃၇:၁၈၊ ၁၉ က ဘယ်အချက်ကို စိတ်ချ​စေ​သလဲ။

၁၅ ယေဟောဝါ ဘာကြောင့် ကတိတည်​သလဲ​ဆိုတာ သတိရ​မယ်​ဆိုရင် စီးပွားရေး ပြဿနာ ကြုံရတဲ့​အခါ ဘုရား ကူညီ​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။ ပထမရာစု ခရစ်ယာန်​တွေ​အကြောင်း စဉ်းစား​ကြည့်ပါ။ ဂျေရုဆလင်​မှာ​ရှိတဲ့ အသင်းတော် အကြီးအကျယ် နှိပ်စက်​ညှဉ်းဆဲ​ခံရတဲ့​အတွက် ‘တမန်တော်တွေက​လွဲလို့ တပည့်​အားလုံး ကွဲလွင့်​သွားတယ်။’ (တ. ၈:၁) သူတို့ စီးပွားရေး အခက်အခဲ​တွေ ကြုံခဲ့ရ​မှာ​ပဲ။ အိမ်တွေ၊ လုပ်ငန်း​တွေ ဆုံးရှုံးသွား​မှာ​ပဲ။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ မစွန့်​ခဲ့​သလို သူတို့ရဲ့ ပျော်ရွှင်မှု​လည်း မ​ပျောက်​သွားခဲ့​ဘူး။ (တ. ၈:၄။ ဟီ. ၁၃:၅၊ ၆။ ယာ. ၁:၂၊ ၃) ယေဟောဝါဟာ အဲဒီ​သစ္စာရှိ ခရစ်ယာန်တွေကို ထောက်မ​ခဲ့​သလို ကျွန်တော်တို့ကိုလည်း ထောက်မ​ပေးပါလိမ့်မယ်။ဆာလံ ၃၇:၁၈၊ ၁၉ ကိုဖတ်ပါ။

အသက်​ကြီးလာ​လို့ အခက်အခဲ​တွေ ကြုံရတဲ့​အခါ

အိုမင်း​လာချိန်​မှာ​တောင် ကိုယ်​လုပ်နိုင်တာ​ကို အာရုံစိုက်ခြင်းက ကျွန်တော်တို့ကိုရော သစ္စာရှိ​ရှိ အမှုဆောင်​နေတာကို​ပါ ယေဟောဝါ တန်ဖိုး​ထားကြောင်း စိတ်ချ​စေ (စာပိုဒ် ၁၆-၁၈ ကို​ကြည့်ပါ)

၁၆။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟောဝါ တန်ဖိုးထား​ပါ့မလား​လို့ ဘယ်​အချိန်မှာ စိုးရိမ်​မိ​နိုင်သလဲ။

၁၆ အသက်ကြီး​လာတဲ့အခါ ယေဟောဝါကို သိပ်​မပေး​ဆက်​နိုင်တော့ဘူးလို့ ခံစား​လာ​ရနိုင်တယ်။ ဘုရင် ဒါဝိဒ်​လည်း အသက်ကြီး​လာတဲ့အခါ အဲဒီလို​စဉ်းစား​ပြီး စိုးရိမ်​ပူပန်​ခဲ့တယ်။ (ဆာ. ၇၁:၉) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

၁၇။ ညီအစ်မ ဂျဲ​ရီ​ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

၁၇ ညီအစ်မ ဂျဲ​ရီ​ရဲ့ အတွေ့အကြုံ​ကို သုံးသပ်​ကြည့်ပါ။ နိုင်ငံတော်​ခန်းမ​မှာ ပြုလုပ်တဲ့ ပြုပြင်​ထိန်းသိမ်းရေး သင်တန်း​တက်ဖို့ ဖိတ်ခေါ်ခံ​ရပေမဲ့ သွား​မ​တက်​ချင်ဘူး။ “ကျွန်မက သက်ကြီးရွယ်အို မုဆိုးမ။ ပြုပြင်​ထိန်းသိမ်းရေး​အကြောင်း ဘာမှလည်း မသိ​တော့ အသုံးမဝင်​ပါဘူး” လို့ ပြောတယ်။ သင်တန်း​မတိုင်ခင် ညမှာ ယေဟောဝါ​ဆီ ရင်ဖွင့်​ဆုတောင်းခဲ့တယ်။ နောက်​တစ်နေ့ နိုင်ငံတော်​ခန်းမ​ကို ရောက်လာ​ပေမဲ့ လာတာ​မှန်ရဲ့လား​လို့ တွေး​နေတုန်းပဲ။ သင်တန်း​မှာ ပို့ချ​သူ​တစ်ယောက်က ကျွန်တော်တို့ လိုအပ်တဲ့ အရေးကြီးဆုံး အရည်အချင်း​ကတော့ ယေဟောဝါ သင်ပေးတာကို ခံယူ​ချင်တဲ့​စိတ်​ပဲ​လို့ ပြောတယ်။ “‘အဲဒီ​အရည်အချင်း​တော့ ငါ့​မှာ ရှိပါတယ်’ လို့ ကျွန်မ စဉ်းစား​မိတယ်။ ကျွန်မ​ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေး​မှန်း သိလိုက်​ရလို့ ငို​မိတယ်။ ယေဟောဝါ​အတွက် ကျွန်မ ပေးဆက်​နိုင်တာ တစ်ခုခု​ရှိ​မှန်း၊ ဘုရားကလည်း သင်ပေး​ချင်​မှန်း သိလိုက်​ရတယ်။ စိုးရိမ်စိတ်၊ အားငယ်​စိတ်၊ တန်ဖိုး​မရှိဘူး​ဆိုတဲ့​စိတ်နဲ့ သင်တန်းကို သွားခဲ့​ပေမဲ့ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ပြန်လာတယ်။ စိတ်အားတက်​ပြီး အသုံးဝင်တယ်​လို့ ခံစား​လာ​ရတယ်” ဆိုပြီး ဂျဲ​ရီ ပြောတယ်။

၁၈။ အသက်ကြီး​လာပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။

၁၈ အသက်ကြီး​လာပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြု​ချင်​ဆဲ​ပဲ​ဆိုတာ စိတ်ချ​နိုင်ပါတယ်။ (ဆာ. ၉၂:၁၂-၁၅) ကိုယ့်​စွမ်းရည် ဘယ်လောက်​ပဲ အကန့်အသတ်​ရှိပါစေ၊ ကိုယ်​လုပ်နိုင်တာ ဘယ်လောက်​ပဲ သေးငယ်​ပါစေ ယေဟောဝါ တန်ဖိုး​ထားကြောင်း ယေရှု သင်ပေးတယ်။ (လု. ၂၁:၂-၄) ဒါကြောင့် လုပ်နိုင်တာ​ကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ ယေဟောဝါ​အကြောင်း ဟောပြော​နိုင်တယ်။ ညီအစ်ကို​တွေ​အတွက် ဆုတောင်းပေး​နိုင်တယ်။ ဆက်သစ္စာ​ရှိဖို့ တခြား​သူတွေကို အားပေးနိုင်တယ်။ သင့်ကို လုပ်ဖော်ဆောင်ဖက်​အဖြစ် ယေဟောဝါ သဘောထား​တာ​က သင့်ရဲ့ အောင်မြင်ပြီး​မြောက်​မှု​ကြောင့် မဟုတ်ဘဲ လိုလိုလားလား နာခံမှုကြောင့်​ပဲ။—၁ ကော. ၃:၅-၉

၁၉။ ရောမ ၈:၃၈၊ ၃၉ က ဘာကို စိတ်ချ​စေ​သလဲ။

၁၉ ကျေးကျွန်တွေကို တန်ဖိုးထား​တတ်တဲ့ ဘုရား ယေဟောဝါကို ဝတ်ပြု​ရတာ ကျေးဇူးတင်စရာ​ပါပဲ။ အလိုတော်​ဆောင်ဖို့ ကျွန်တော်တို့ကို ဖန်ဆင်း​ထားတာ​ဖြစ်လို့ စစ်မှန်တဲ့ ဝတ်ပြုရေး​က ဘဝကို ပို​အဓိပ္ပာယ်​ရှိစေတယ်။ (ဗျာ. ၄:၁၁) လောကက ကျွန်တော်တို့ကို တန်ဖိုး​မရှိသူတွေ​လို့ ယူဆ​ပေမဲ့ ယေဟောဝါ​ကတော့ အဲဒီလို မယူဆ​ဘူး။ (ဟီ. ၁၁:၁၆၊ ၃၈) ကျန်းမာရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ အသက်အရွယ် အိုမင်း​မှု​ကြောင့် စိတ်ဓာတ်ကျတဲ့​အခါ ကောင်းကင်​ဖခင်ရဲ့ မေတ္တာ မခံစား​ရအောင် ဘာကမှ မတားဆီး​နိုင်ကြောင်း သတိရ​ကြပါစို့။ရောမ ၈:၃၈၊ ၃၉ ကိုဖတ်ပါ။

^ အပိုဒ်၊ 5 အသုံးမကျ​ဘူးလို့ ခံစားရစေတဲ့ အခြေအနေ​တွေ ကြုံဖူး​သလား။ သင့်ကို ယေဟောဝါ ဘယ်လောက် တန်ဖိုး​ထားကြောင်း၊ ဘဝမှာ ဘာတွေ​ပဲ ကြုံရပါစေ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့​စိတ် ဆက်​ရှိအောင် ဘာလုပ်​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။

သီချင်း ၃၀ ကျွန်တော့်​ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ