မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄

ချစ်ခင်မြတ်နိုးနေပါ

ချစ်ခင်မြတ်နိုးနေပါ

“အချင်းချင်း ညီရင်း​အစ်ကို​မေတ္တာနဲ့ ချစ်ခင်​မြတ်နိုးပါ။”—ရော. ၁၂:၁၀

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်​ကြ​ပါ

အကြို​သုံးသပ်ချက် *

၁။ ဒီနေ့ မိသားစု​အတွင်း ချစ်ခင်​တွယ်တာ​စိတ် မရှိကြ​တော့​ကြောင်း ဘယ်​အချက်​တွေ​က ပြ​နေသလဲ။

နောက်ဆုံး​ကာလ​မှာ လူတွေဟာ “ချစ်ခင်​တွယ်တာ​စိတ်” မရှိ​သူတွေ ဖြစ်​မယ်​လို့ ကျမ်းစာ​မှာ ကြိုပြော​တယ်။ (၂ တိ. ၃:၁၊ ၃) ဒီနေ့​အချိန်​မှာ အဲဒီ​ကြိုဟော​ချက် ပြည့်စုံ​နေတာ တွေ့ရ​တယ်။ ဥပမာ၊ ကွာရှင်းမှု​ကြောင့် အချင်းချင်း နာကြည်း​နေတဲ့ မောင်နှံတွေ၊ အချစ်​မခံရ​ဘူးလို့ ခံစား​ရတဲ့ သားသမီးတွေ များ​လာတယ်။ တချို့​ကျ​တော့ တစ်အိမ်​တည်း နေပေမဲ့ သူစိမ်း​တွေ​လို​ပဲ။ “မိခင်၊ ဖခင်​နဲ့ ကလေး​တွေ​ဟာ ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်း၊ ဗီဒီယို​ဂိမ်း​တွေ​နဲ့​ပဲ အချိန်ကုန်​နေပြီး အချင်းချင်း အဆက်​အဆံ မရှိကြ​တော့​ဘူး။ တစ်မိုး​အောက်မှာ နေပေမဲ့ တစ်ကမ္ဘာ​စီ ခြား​နေကြ​တယ်” လို့ မိသားစု အကြံပေး​တစ်ယောက် ပြော​တယ်။

၂-၃။ (က) ရောမ ၁၂:၁၀ အရ ဘယ်သူတွေကို ချစ်ခင်​မြတ်နိုး​သင့်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

မေတ္တာ​ခေါင်းပါး​တဲ့ လောကရဲ့ ပုံသွင်းမှု​ကို ကျွန်တော်​တို့ မခံ​ချင်​ကြ​ပါ​ဘူး။ (ရော. ၁၂:၂) မိသားစုကို​သာမက ညီအစ်ကို/မ​တွေ​ကို​ပါ ချစ်ခင်​မြတ်နိုး​ရမယ်။ (ရောမ ၁၂:၁၀ ကို​ဖတ်ပါ။) ချစ်ခင်​မြတ်နိုးမှု​ဆိုတာ ဘာလဲ။ မိသားစုဝင်​တွေ​ကြား​မှာ ရှိတဲ့ နွေးထွေး​တဲ့ ဆက်ဆံ​ရေး​မျိုးကို ဆိုလို​တယ်။ အဲဒီလို ချစ်ခင်​မြတ်နိုးမှု​မျိုးကို ခရစ်ယာန် ညီအစ်ကို/မ​တွေ​အပေါ်မှာ​လည်း ပြ​သင့်တယ်။ ချစ်ခင်​မြတ်နိုးမှု ပြ​တာ​ဟာ စစ်မှန်​တဲ့ ဝတ်ပြုရေးရဲ့ အဓိက အသွင်အပြင် ဖြစ်တဲ့ စည်းလုံးမှု တိုးပွား​အောင် လုပ်​နေတာပဲ။—မိ. ၂:၁၂

ချစ်ခင်​မြတ်နိုး​တတ်လာ​ဖို့၊ ချစ်ခင်​မြတ်နိုး​ကြောင်း ပြ​တတ်​ဖို့ ကျမ်းစာ​ပုံနမူနာ​တွေ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

ယေဟောဝါ “အလွန် ချစ်ခင်​စာနာ”

၄။ ယာကုပ် ၅:၁၁ က ယေဟောဝါ​ရဲ့ မေတ္တာ​အကြောင်း ဘယ်လို ဖော်ပြ​သလဲ။

ယေဟောဝါ​ရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေကို ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။ ဥပမာ၊ “ဘုရားသခင်​ဟာ ချစ်ခြင်း​မေတ္တာ” ဖြစ်တယ်။ (၁ ယော. ၄:၈) အဲဒီ​အချက်​ကြောင့် ယေဟောဝါ​ကို ကျွန်တော်​တို့ ချစ်တတ်​လာတယ်။ ဒါ့အပြင် ယေဟောဝါ​ဟာ “အလွန် ချစ်ခင်​စာနာ” တယ်လို့​လည်း ဖော်ပြ​တယ်။ (ယာကုပ် ၅:၁၁ ကို​ဖတ်ပါ။) ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လောက် ချစ်​ကြောင်း လှလှ​ပပ ဖော်ပြ​လိုက်တာပဲ။

၅။ ယေဟောဝါ ကရုဏာ ဘယ်လို ပြ​သလဲ။ ကျွန်တော်​တို့ ဘယ်လို တုပ​နိုင်​သလဲ။

ယာကုပ် ၅:၁၁ မှာ ယေဟောဝါ​ရဲ့ ချစ်ခင်​စာနာမှု​ကို နောက်​အရည်အသွေး ဖြစ်​တဲ့ ကရုဏာ​နဲ့ ဆက်စပ်​ထား​တယ်။ (ထွ. ၃၄:၆) ယေဟောဝါ ကရုဏာ​ပြ​တဲ့ တစ်နည်း​က​တော့ ကျွန်တော်​တို့​ရဲ့ အပြစ်တွေကို ခွင့်လွှတ်​ပေးခြင်း​ပါ​ပဲ။ (ဆာ. ၅၁:၁) ဒါပေမဲ့ ကျမ်းစာ​မှာ ပြော​တဲ့ ကရုဏာ​ပြ​ခြင်း​မှာ ခွင့်လွှတ်​ခြင်း​ထက်​မက ပါဝင်​တယ်။ ဒုက္ခ​ရောက်နေ​သူကို မြင်ပြီး ကူညီ​ချင်စိတ် ပေါ်လာ​စေ​တဲ့ ပြင်းပြ​တဲ့ ခံစားချက် ဖြစ်တယ်။ ကျွန်တော်​တို့ကို ကူညီ​ပေး​ချင်​တဲ့ ယေဟောဝါ​ရဲ့ ပြင်းပြ​တဲ့ ခံစားချက်​ဟာ ရင်သွေး​အပေါ် ထား​တဲ့ မိခင်ရဲ့ ခံစားချက်​ထက် ပို​တယ်။ (ဟေရှာ. ၄၉:၁၅) ကျွန်တော်​တို့ ဒုက္ခ​ရောက်ချိန်​မှာ ကူညီ​ပေး​ဖို့ ကရုဏာ​က ယေဟောဝါ​ကို လှုံ့ဆော်ပေး​တယ်။ (ဆာ. ၃၇:၃၉။ ၁ ကော. ၁၀:၁၃) ကျွန်တော်​တို့​လည်း ညီအစ်ကို/မ​တွေ​ကို ခွင့်လွှတ်​ခြင်း၊ အငြိုး​မထား​ခြင်း​အားဖြင့် ကရုဏာ ပြ​နိုင်တယ်။ (ဧ. ၄:၃၂) ဒါပေမဲ့ ကရုဏာ ပြနိုင်တဲ့ အဓိက နည်း​ကတော့ ညီအစ်ကို/မ​တွေ ဒုက္ခ​ရောက်ချိန်​မှာ ထောက်မ​ပေးခြင်း​ပါ​ပဲ။ တခြား​သူတွေကို ကရုဏာ​ပြ​တာ​က ချစ်ခင်​စာနာမှု ပြ​ရာ​မှာ အကောင်းဆုံး စံနမူနာရှင် ဖြစ်​တဲ့ ယေဟောဝါ​ကို တုပ​ရာ​ရောက်တယ်။—ဧ. ၅:၁

ယောနသန်​နဲ့ ဒါဝိဒ် “သိပ်​ရင်းနှီး”

၆။ ယောနသန်​နဲ့ ဒါဝိဒ် အချင်းချင်း ချစ်ခင်​မြတ်နိုး​ကြောင်း ဘယ်လို ပြ​သလဲ။

ချစ်ခင်​စာနာမှု ပြ​ခဲ့​တဲ့ မစုံလင်သူ လူသားတွေ​အကြောင်း ကျမ်းစာ​မှာ ပါ​တယ်။ ဥပမာ၊ ယောနသန်​နဲ့ ဒါဝိဒ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ “ယောနသန်​နဲ့ ဒါဝိဒ်ဟာ သိပ်​ရင်းနှီး​သွား​ကြတယ်။ ယောနသန်​က ဒါဝိဒ်​ကို ကိုယ်နဲ့ ထပ်တူ ချစ်ခင်​တယ်” လို့ ကျမ်းစာ​မှာ ပြော​တယ်။ (၁ ရှ. ၁၈:၁) ဒါဝိဒ်ဟာ ရှောလု​နေရာကို ဆက်ခံ​ဖို့ ဘိသိက်ပေး​ခံရ​တယ်။ နောက်ပိုင်း၊ ဒါဝိဒ်​ကို ရှောလု မနာလို ဖြစ်ပြီး သတ်ဖို့​တောင် ကြိုးစား​တယ်။ ဒါပေမဲ့ ရှောလုရဲ့ သား ယောနသန်​က​တော့ ဒါဝိဒ်​ကို သတ်မယ့် ဖခင်​ရဲ့ အကြံ​ကို မထောက်ခံ​ဘူး။ ယောနသန်​နဲ့ ဒါဝိဒ်ဟာ မိတ်ဆွေ ဖြစ်နေ​ဖို့၊ အချင်းချင်း အမြဲ ထောက်မ​ဖို့ ကတိပြု​ထား​ကြတယ်။—၁ ရှ. ၂၀:၄၂

အသက်အရွယ် ကွာဟမှု​ဟာ ယောနသန်​နဲ့ ဒါဝိဒ်ရဲ့ ရင်းနှီးမှု​အတွက် အတားအဆီး မဖြစ် (စာပိုဒ် ၆-၉ ကိုကြည့်ပါ)

၇။ ယောနသန်​နဲ့ ဒါဝိဒ်​ကို မိတ်ဆွေ​ဖြစ်​ဖို့ ခက်​စေနိုင်​တဲ့ အကြောင်းရင်း​တစ်ခု​က ဘာလဲ။

မိတ်ဆွေ​ဖြစ်​ဖို့ ခက်​စေနိုင်​တဲ့ အကြောင်းရင်း​တွေ ရှိတဲ့​ကြား​က ယောနသန်​နဲ့ ဒါဝိဒ် ချစ်ခင်​မြတ်နိုးကြ​တာ မှတ်သား​စရာ​ပါ​ပဲ။ ဥပမာ၊ ယောနသန်ဟာ ဒါဝိဒ်​ထက် အသက် ၃၀ လောက် ပို​ကြီး​တယ်။ ကိုယ့်ထက် အသက် ပို​ငယ်​ပြီး အတွေ့အကြုံ သိပ်​မရှိသူ​နဲ့ တရင်းတနှီး ပေါင်း​ဖို့ မလိုဘူး​ဆိုပြီး ယောနသန် တွေး​လို့ ရတယ်။ ဒါပေမဲ့ အဲဒီလို မတွေး​ခဲ့​ဘူး။ ဒါဝိဒ်​ကို ကိုယ့်ထက် နိမ့်ကျ​သူ​အဖြစ် မယူမှတ်​ဘူး။

၈။ ယောနသန်ဟာ ဒါဝိဒ်ရဲ့ မိတ်ဆွေကောင်း ဖြစ်တယ်​လို့ သင် ဘာကြောင့် ထင်​သလဲ။

ဒါဝိဒ်​ကို ယောနသန် မနာလို ဖြစ်စရာ အကြောင်းရင်း​တွေ ရှိတယ်။ ယောနသန်ဟာ ဘုရင် ရှောလုရဲ့ သား​ဖြစ်လို့ ဘုရင့်​အရိုက်အရာ ဆက်ခံ​ခွင့် ရှိတယ်။ (၁ ရှ. ၂၀:၃၁) ဒါပေမဲ့ ယောနသန် နှိမ့်ချတယ်။ ယေဟောဝါ​အပေါ် သစ္စာ​စောင့်သိ​တယ်။ နောက်​တက်​မယ့် ဘုရင်​အဖြစ် ဒါဝိဒ်​ကို ယေဟောဝါ ရွေးချယ်​တဲ့​အခါ အပြည့်အဝ ထောက်ခံတယ်။ ဖခင်​ရဲ့ အမျက်တော် ရှ​ခံရ​တာ​တောင် ဒါဝိဒ်​အပေါ် သစ္စာ​ရှိတယ်။—၁ ရှ. ၂၀:၃၂-၃၄

၉။ ဒါဝိဒ်​ကို ပြိုင်ဘက်​လို့ ယောနသန် သဘောထား​သလား။ ရှင်းပြပါ။

ယောနသန်ဟာ ဒါဝိဒ်​ကို ချစ်ခင်​မြတ်နိုးတဲ့​အတွက် ပြိုင်ဘက်​လို့ သဘော​မထားဘူး။ ကျွမ်းကျင်​တဲ့ လေး​သမား၊ သတ္တိ​ရှိတဲ့ စစ်သူရဲ ယောနသန်​နဲ့ ဖခင် ရှောလုဟာ “လင်းယုန်​ထက် လျင်မြန်” ပြီး “ခြင်္သေ့​ထက် ခွန်အား​ကြီး” တယ်လို့ နာမည်​ရထားတယ်။ (၂ ရှ. ၁:၂၂၊ ၂၃) ဒါကြောင့် ယောနသန်​မှာ မာန်​တက်​စရာ အကြောင်းရင်း​တွေ ရှိတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်​ချင်စိတ်၊ မနာလို​စိတ် မရှိဘူး။ ဒါဝိဒ်ရဲ့ ရဲစွမ်းသတ္တိနဲ့ ယေဟောဝါ​အပေါ် အားကိုး​စိတ်​ကို လေးစားတယ်။ ဂေါလျတ်​ကို ဒါဝိဒ် သတ်​ပြီး​နောက်​မှာ ဒါဝိဒ်​ကို စ​ချစ်ခင်​လာတယ်။ ကျွန်တော်​တို့​လည်း ညီအစ်ကို/မ​တွေ​အပေါ် အဲဒီလိုမျိုး ချစ်ခင်​မြတ်နိုးမှု​ကို ဘယ်လို ပြ​နိုင်​သလဲ။

ချစ်ခင်​မြတ်နိုးမှု ပြနိုင်ပုံ

၁၀။ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။

၁၀ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” ဖို့ ကျမ်းစာမှာ ပြော​တယ်။ (၁ ပေ. ၁:၂၂) ကျွန်တော်​တို့အတွက် ယေဟောဝါ ပုံ​နမူနာ ပြ​တယ်။ ကျွန်တော်​တို့​သာ သစ္စာ​ရှိမယ်ဆိုရင် ဘုရားသခင် ပြ​တဲ့ မေတ္တာကို မခံစား​ရအောင် ဘယ်အရာ​ကမှ မတားဆီး​နိုင်ဘူး။ (ရော. ၈:၃၈၊ ၃၉) “နှစ်နှစ်ကာကာ” လို့ ပြန်ဆို​တဲ့ ဂရိ​စကားလုံး​ဟာ အားစိုက်​ပြီး လက်​ဆန့်​ထုတ်တယ်​လို့ အဓိပ္ပာယ် ရှိတယ်။ ယုံကြည်သူချင်း​တစ်ယောက်ကို ချစ်ခင်​စာနာမှု ပြဖို့ တစ်ခါ​တလေ “အားစိုက်ထုတ်” ရတဲ့​အချိန်တွေ ရှိ​နိုင်တယ်။ ကျွန်တော်​တို့ကို စိတ်ဆိုး​အောင် လုပ်တဲ့​အခါ ‘အချင်းချင်း မေတ္တာ​ထားပြီး သည်းခံ​ဖို့၊ အချင်းချင်း သင့်သင့်မြတ်မြတ် ရှိဖို့၊ သန့်ရှင်းသော စွမ်းအားတော်​ကြောင့် ရလာတဲ့ စည်းလုံးမှု​နှောင်ကြိုး​ကို ကြိုးစား​ထိန်းသိမ်းဖို့’ အားထုတ်​ရမယ်။ (ဧ. ၄:၁-၃) “စည်းလုံးမှု​နှောင်ကြိုး” ကို ကြိုးစား​ထိန်းသိမ်း​တဲ့​အခါ ညီအစ်ကို/မ​တွေ​ရဲ့ အမှား​ကို အာရုံစိုက်​မှာ မဟုတ်ဘူး။ ညီအစ်ကို/မ​တွေ​ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား​မှာ ဖြစ်တယ်။—၁ ရှ. ၁၆:၇။ ဆာ. ၁၃၀:၃

တစ်စိတ်​တစ်သဘောတည်း ရှိဖို့ ဧဝေါဒိ​နဲ့ သုန္တုတ် အားပေးခံရ။ ယုံကြည်သူချင်းတွေနဲ့ တစ်စိတ်​တစ်သဘောတည်း ရှိဖို့ အမြဲ​တော့ မလွယ်ကူ (စာပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ အချင်းချင်း ချစ်ခင်​မြတ်နိုး​ဖို့ တစ်ခါ​တလေ ဘာကြောင့် ခက်​နိုင်​သလဲ။

၁၁ ညီအစ်ကို/မ​တွေ​ကို ချစ်ခင်​မြတ်နိုးမှု ပြဖို့ အမြဲ မလွယ်​ဘူး။ အထူးသဖြင့် သူတို့ရဲ့ အမှားတွေကို သိထားတဲ့​အခါ ဖြစ်တယ်။ ပထမ​ရာစု ခရစ်ယာန်​တချို့​မှာ အဲဒီ​ပြဿနာ ရှိခဲ့တာ ထင်ရှား​တယ်။ ဥပမာ၊ ဧဝေါဒိ​နဲ့ သုန္တုတ်​ဟာ ပေါလု​နဲ့​အတူ “သတင်းကောင်း ဟောပြောတဲ့ အလုပ်မှာ လက်တွဲ​ပါဝင်” တုန်း​က ပြဿနာ ရှိ​ပုံ​မရဘူး။ ဒါပေမဲ့ အကြောင်းရင်း​တချို့​ကြောင့် အဆင်မပြေ ဖြစ်လာ​တယ်။ ဒါ​ကြောင့် “သခင့်​အမှုတော် ဆောင်​တဲ့​အခါ တစ်စိတ်​တစ်သဘောတည်း ရှိကြ​ဖို့” ပေါလု တိုက်တွန်း​ခဲ့​တယ်။—ဖိ. ၄:၂၊ ၃

အသက်ကြီးတဲ့ အကြီးအကဲ​တွေ​နဲ့ လူငယ် အကြီးအကဲ​တွေ​ဟာ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်​နိုင် (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ညီအစ်ကို/မ​တွေ​ကို ဘယ်လိုနည်းနဲ့ ချစ်ခင်​မြတ်နိုး​တတ်လာ​မလဲ။

၁၂ ညီအစ်ကို/မ​တွေ​ကို ကျွန်တော်​တို့ ဘယ်လိုနည်းနဲ့ ချစ်ခင်​မြတ်နိုး​တတ်လာ​မလဲ။ သူတို့​အကြောင်း ပို​သိလေ၊ ပိုနားလည်​ပေး​နိုင်​လေ၊ ချစ်ခင်​မြတ်နိုး​တတ်လာ​လေ​ပဲ။ အသက်အရွယ်၊ နောက်ခံ​ကြောင့် အတားအဆီး မဖြစ်သင့်ဘူး။ ယောနသန်ဟာ ဒါဝိဒ်​ထက် အသက် ၃၀ လောက် ပို​ကြီး​ပေမဲ့ ဒါဝိဒ်​ကို ချစ်ခင်​ခဲ့​တယ်​ဆိုတာ သတိရပါ။ သင်ကော ကိုယ့်ထက် အသက်​ပို​ကြီး​တဲ့ ဒါမှ​မဟုတ် ပိုငယ်တဲ့ တစ်ယောက်ယောက်​နဲ့ မိတ်ဖွဲ့​နိုင်​မလား။ အဲဒီလို လုပ်မယ်ဆိုရင် “ညီအစ်ကို​အသင်းအပင်း တစ်ရပ်လုံး​ကို ချစ်” ကြောင်း သက်သေထူ​နိုင်​ပါ​တယ်။—၁ ပေ. ၂:၁၇

စာပိုဒ် ၁၂ ကိုကြည့်ပါ *

၁၃။ အသင်းတော်မှာ​ရှိတဲ့ ယောက်တိုင်း​နဲ့ တစ်​ပုံစံ​တည်း ခင်မင်​ရင်းနှီး​ဖို့ ဘာကြောင့် မဖြစ်​နိုင်​သလဲ။

၁၃ ယုံကြည်သူချင်းတွေကို ချစ်ခင်​မြတ်နိုးတယ်​ဆိုတာ အသင်းတော်မှာ​ရှိတဲ့ ယောက်တိုင်း​နဲ့ တစ်​ပုံစံ​တည်း ခင်မင်​ရင်းနှီး​တာ​ကို ဆိုလို​သလား။ မဆိုလို​ပါ​ဘူး။ ကိုယ်​နဲ့ စိတ်ဝင်စား​တာ​ချင်း တူ​တဲ့​သူကို ပို​ခင်​တတ်တာ သဘာဝပါပဲ။ ယေရှုလည်း တမန်​တော်​အားလုံး​ကို “မိတ်ဆွေ” လို့ ခေါ်​ပေမဲ့ ယောဟန်​ကို ပို​ချစ်တယ်။ (ယော. ၁၃:၂၃။ ၁၅:၁၅။ ၂၀:၂) ဒါပေမဲ့ မျက်နှာသာ ပို​ပေး​တာ​မျိုး မလုပ်​ဘူး။ ဥပမာ၊ ဘုရား​နိုင်ငံတော်​မှာ အရေးပါတဲ့ နေရာ ပေးဖို့ ယောဟန်နဲ့ ယာကုပ် တောင်းဆို​တဲ့​အခါ “ကျွန်တော့်​ရဲ့ ဘယ်​ညာ​နှစ်ဖက်​မှာ ဘယ်သူတွေ ထိုင်​ရမယ်ဆိုတာ​ကို ကျွန်တော် ဆုံးဖြတ်​ပိုင်ခွင့် မရှိဘူး” လို့ ယေရှု ပြော​တယ်။ (မာ. ၁၀:၃၅-၄၀) ယေရှု​လို​ပဲ ကျွန်တော်​တို့​လည်း ရင်းနှီးတဲ့​သူ​မို့လို့ မျက်နှာသာ ပို​ပေး​တာ​မျိုး မလုပ်သင့်​ဘူး။ (ယာ. ၂:၃၊ ၄) အဲဒီလို​လုပ်မယ်ဆိုရင် အသင်းတော်မှာ စိတ်ဝမ်းကွဲ​စရာတွေ ဖြစ်လာ​မယ်။—ယု. ၁၇-၁၉

၁၄။ ဖိလိပ္ပိ ၂:၃ အရ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်​မလာ​အောင် ဘာက ကူညီ​ပေး​မလဲ။

၁၄ အချင်းချင်း ချစ်ခင်​မြတ်နိုး​တာ​က အသင်းတော်မှာ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်​မလာ​အောင် ကာကွယ်​ရာ​ရောက်တယ်။ ဒါဝိဒ်​ကို ထီးနန်း​လုဘက်​အဖြစ် ယောနသန် မပြိုင်ဆိုင်​ခဲ့​ကြောင်း သတိရပါ။ ကျွန်တော်​တို့အားလုံး ယောနသန်​ကို တုပ​နိုင်တယ်။ ညီအစ်ကို/မ​တွေ​ကို ပြိုင်ဘက်​လို့ သဘော​မထားပါနဲ့။ အဲဒီအစား “စိတ်​နှိမ့်ချ​ကြ​ပါ၊ သူတစ်ပါးကို ကိုယ့်ထက်​သာတယ်လို့ သဘောထား​ပါ။” (ဖိလိပ္ပိ ၂:၃ ကို​ဖတ်ပါ။) ယောက်တိုင်း​မှာ အစွမ်းအစ ကိုယ်စီ ရှိတယ်ဆိုတာ သတိရပါ။ ကျွန်တော်​တို့ နှိမ့်ချ​မယ်​ဆိုရင် ညီအစ်ကို/မ​တွေ​ရဲ့ ကောင်းကွက်​ကို မြင်လာ​မယ်။ သူတို့ရဲ့ သစ္စာရှိ ပုံသက်သေ​ကနေ အကျိုး​ရမယ်။—၁ ကော. ၁၂:၂၁-၂၅

၁၅။ တန်ညာ​တို့ သားအမိ ကြုံ​ခဲ့​ရတာက​နေ ဘာ​သင်ယူ​ရသလဲ။

၁၅ မမျှော်လင့်​ထား​တဲ့ အခက်အခဲ​တွေ ကြုံ​ရတဲ့အခါ ညီအစ်ကို/မ​တွေ​ရဲ့ ချစ်ခင်​စာနာမှု၊ လက်တွေ့ကျ အကူအညီ​တွေ​က​တစ်ဆင့် ယေဟောဝါ နှစ်သိမ့်​ပေး​တယ်။ အမေရိကန်​နိုင်ငံ​မှာ ကျင်းပ​တဲ့ ၂၀၁၉ “မေတ္တာဟာ အစဉ် တည်​တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး စနေနေ့ အစီအစဉ် တက်ပြီး​နောက် မိသားစု​တစ်စု ဘာဖြစ်​ခဲ့​တယ်​ဆိုတာ သုံးသပ်ကြည့်​ပါ။ ကလေး​သုံးယောက် မိခင် ညီအစ်မ တန်​ညာ ဒီလို​ပြော​တယ်– “ဟိုတယ်​ကို ကားမောင်း ပြန်လာ​တုန်း ကား​တစ်စီး အရှိန်​မထိန်းနိုင်​ဘဲ ကျွန်မ​တို့​ကား​ကို ဝင်​တိုက်​တယ်။ တစ်ယောက်မှ ထိခိုက်​ဒဏ်ရာ မရ​ပေမဲ့ အရမ်း​လန့်​ပြီး လမ်းပေါ် ရပ်နေ​မိ​ကြတယ်။ အဲဒီအချိန်မှာ အစည်းအဝေးကြီး​ကနေ ပြန်လာ​တဲ့ ညီအစ်ကို​တစ်ယောက် ကား​လမ်း​တစ်ဖက်​ကနေ လက်လှမ်း​ပြပြီး သူ့​ကား​ထဲ ဝင်​နေဖို့ ခေါ်​တယ်။ အဲဒီ​ညီအစ်ကို​ပဲ မဟုတ်ဘူး။ ဆွီဒင်​နိုင်ငံ​က ညီအစ်ကို/မ ငါးယောက်​လည်း ကား​ရပ်​ပြီး ဆင်းလာ​ကြတယ်။ ညီအစ်မ​တွေ​က ကျွန်မ​တို့ သားအမိကို ဖက်​ထား​ပေး​တယ်။ သိပ်​အားရှိသွား​တာ​ပဲ။ အဆင်ပြေ​သွားမှာပါ​လို့ ကျွန်မ ပြော​ပေမဲ့ ကျွန်မ​တို့ကို မထားရစ်​ခဲ့​ဘူး။ ဆေး​ဘက်​အကူ​တွေ ရောက်လာ​ပြီး​နောက်​မှာ​တောင် ဆက်​ရှိနေပြီး လိုအပ်သမျှ ကူညီ​ပေး​ကြတယ်။ ယေဟောဝါ​ရဲ့ မေတ္တာကို ခံစား​လိုက်ရတယ်။ ဒီ​အတွေ့အကြုံ​ကြောင့် ညီအစ်ကို/မ​တွေ​ကို ပို​ချစ်​လာတယ်။ ယေဟောဝါ​ကို ချစ်တဲ့​စိတ်၊ ကျေးဇူး​တင်​စိတ် ပို​တိုးများ​လာတယ်။” သင်​ကော အကူအညီ လိုအပ်​ချိန်မှာ ညီအစ်ကို/မ​တစ်ယောက် ချစ်ခင်​စာနာမှု ပြ​တာ​ကို မှတ်မိသလား။

၁၆။ အချင်းချင်း ချစ်ခင်​စာနာမှု ပြ​သင့်တဲ့ အကြောင်းရင်း​တွေ​က ဘာတွေလဲ။

၁၆ အချင်းချင်း ချစ်ခင်​စာနာမှု ပြ​တဲ့​အခါ ရတဲ့ အကျိုးတွေကို စဉ်းစား​ကြည့်​ပါ။ ညီအစ်ကို/မ​တွေ လိုအပ်​ချိန်မှာ နှစ်သိမ့်​ပေး​နိုင်တယ်။ ဘုရား​လူမျိုး​ကြား​မှာ စည်းလုံးမှု တိုးများ​စေနိုင်​တယ်။ ယေရှုရဲ့ တပည့်​တွေ ဖြစ်​မှန်း သက်သေပြ​နိုင်​လို့ စိတ်​ရိုး​ဖြောင့်​သူတွေကို စစ်မှန်​တဲ့ ဝတ်ပြုရေး​ထဲ ဆွဲဆောင်​နိုင်တယ်။ အရေးကြီးဆုံး​က​တော့ “ကရုဏာ​ကြီး​တဲ့ အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်” ယေဟောဝါ​ကို ဂုဏ်တင်​နိုင်တယ်။ (၂ ကော. ၁:၃) ဒါကြောင့် ချစ်ခင်​မြတ်နိုးမှု ရှိလာဖို့၊ ဆက်​ပြဖို့ ကြိုးစား​နေကြပါ​စို့။

သီချင်း ၁၃၀ ခွင့်လွှတ်​တတ်ကြ​ပါ

^ အပိုဒ်၊ 5 အချင်းချင်း ချစ်တဲ့ မေတ္တာက တပည့်​တွေ​ကို ခွဲခြား​သိမြင်​စေမယ့် အမှတ်အသား ဖြစ်​မယ်​လို့ ယေရှု ပြော​တယ်။ ဒါ​ကြောင့် အချင်းချင်း ချစ်​ဖို့ ကျွန်တော်​တို့အားလုံး ကြိုးစား​ကြတယ်။ မိသားစုဝင်တွေကို ချစ်​သလို​မျိုး ညီအစ်ကို/မ​တွေ​ကို ချစ်​သင့်တယ်။ ညီအစ်ကို/မ​တွေ​ကို ချစ်တတ်​ဖို့၊ ဆက်​ချစ်​နေဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 55 ပုံ​အညွှန်း– အသက်ကြီးတဲ့ အကြီးအကဲ​ရဲ့ အတွေ့အကြုံ​ကနေ လူငယ် အကြီးအကဲ အကျိုး​ရ။ အသက်ကြီးတဲ့ အကြီးအကဲ​ရဲ့ အိမ်မှာ အပြန်အလှန် အားပေး​ပေါင်းသင်း​နေကြ။