မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂

သီချင်း ၁၃၂ တို့တစ်သားတစ်ကိုယ်တည်း ဖြစ်ပြီ

ခင်ပွန်းတို့၊ ဇနီးသည်ကို ဂုဏ်တင်ပါ

ခင်ပွန်းတို့၊ ဇနီးသည်ကို ဂုဏ်တင်ပါ

‘ခင်ပွန်းတို့၊ ဇနီးသည်ကို ဂုဏ်တင်ပါ။’၁ ပေ. ၃:၇

အာရုံစိုက်ရာ

အပြောအဆို၊ လုပ်ရပ်အားဖြင့် ဇနီးကို ခင်ပွန်း ဘယ်လို ဂုဏ်တင်နိုင်သလဲ။

၁။ အိမ်ထောင်ရေး ဆုလက်ဆောင်ကို ယေဟောဝါ ပေးထားတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။

 ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်တယ်။ ကျွန်တော်တို့ကိုလည်း ပျော်ရွှင်စေချင်တယ်။ (၁ တိ. ၁:၁၁) ဘဝကို ပျော်မွေ့စေဖို့ ဆုလက်ဆောင်အများကြီး ပေးထားတယ်။ (ယာ. ၁:၁၇) တစ်ခုကတော့ အိမ်ထောင်ရေး ဆုလက်ဆောင်ပါ။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ အချင်းချင်း ချစ်ခင်လေးစားသွားပါ့မယ်ဆိုပြီး သစ္စာကတိပြုကြတယ်။ သစ္စာကတိအတိုင်း ချစ်ခင်လေးစားတဲ့အခါ နှစ်ယောက်စလုံး ပျော်ရွှင်ကြတယ်။—ပညာ. ၅:၁၈

၂။ ဒီနေ့ခေတ် လောကမှာ ခင်ပွန်းတော်တော်များများ ဇနီးအပေါ် ဘယ်လို မေတ္တာမဲ့ကြသလဲ။

ဝမ်းနည်းစရာက ဒီနေ့ခေတ် လောကမှာ မောင်နှံစုံတော်တော်များများဟာ မင်္ဂလာဆောင်တဲ့နေ့မှာ ပြုခဲ့တဲ့ သစ္စာကတိကို မေ့သွားကြတယ်။ ဒါကြောင့် မပျော်ရွှင်ကြတော့ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စစ်တမ်းတစ်ခုအရ ခင်ပွန်းတော်တော်များများ ဇနီးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တယ်၊ စကားနဲ့ ထိုးနှက်တယ်၊ စိတ်ဒုက္ခပေးတယ်။ အိမ်မှာသာ ဇနီးကို အဲဒီလိုဆက်ဆံပေမဲ့ လူရှေ့မှာ ကောင်းပြတတ်တယ်။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို a ကြည့်တာကလည်း ဇနီးအပေါ် မေတ္တာမဲ့တဲ့ လုပ်ရပ်ပါပဲ။

၃။ ခင်ပွန်းတချို့ ဇနီးကို ဘာကြောင့် နိုင်ထက်စီးနင်းလုပ်သလဲ။

ခင်ပွန်းတချို့ ဇနီးကို ဘာကြောင့် နိုင်ထက်စီးနင်းလုပ်သလဲ။ ကိုယ့်အမေအပေါ် အဖေ နိုင်ထက်စီးနင်းလုပ်တာကို ကြည့်ပြီး ကြီးပြင်းလာခဲ့ရလို့ ဒီလုပ်ရပ်ကို သာမန်လို့ ထင်နေတာ ဖြစ်နိုင်တယ်။ ယောက်ျားအာဏာပြတာ ထုံးစံဖြစ်နေတဲ့ ဒေသမှာ ကြီးပြင်းခဲ့ရလို့ ဖြစ်နိုင်တယ်။ ဒေါသထိန်းချုပ်တတ်ဖို့ သွန်သင်မခံခဲ့ရလို့ ဖြစ်နိုင်တယ်။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ဖန်များပြီး အမျိုးသမီးတွေကို လိင်ဆန္ဒအဖြည့်ခံသက်သက် မြင်နေတာ ဖြစ်နိုင်တယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အိမ်ထောင်ရေး ပြဿနာ များလာတယ်ဆိုပြီး စစ်တမ်းတွေက ဖော်ပြတယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းရင်းတွေကြောင့် ဇနီးကို နိုင်ထက်စီးနင်းလုပ်တာပါဆိုပြီး ဆင်ခြင်ပေးလို့မရဘူး။

၄။ ခရစ်ယာန်ခင်ပွန်းတွေ ဘာကို သတိထားရမလဲ။ ဘာကြောင့်လဲ။

အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လောကအတွေးအခေါ် ကူးစက်မလာဖို့ ခရစ်ယာန်ခင်ပွန်းတွေ သတိထားရမယ်။ b ဘာကြောင့်လဲ။ လူတွေဟာ အတွေးထဲ ရှိတဲ့အတိုင်း လက်တွေ့ လုပ်တတ်ကြလို့ပဲ။ “ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့” ဆိုပြီး ရောမမြို့မှာ ရှိတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကို တမန်တော် ပေါလု သတိပေးတယ်။ (ရော. ၁၂:၁၊ ၂) တကယ်ဆိုရင် ပေါလု စာရေးတဲ့အချိန်မှာ သူတို့ ခရစ်ယာန် ဖြစ်တာ နှစ်တော်တော် ကြာပြီ။ ဒါပေမဲ့ တချို့က လောကထုံးစံ လိုက်နေတုန်းပဲ၊ လောကအတွေးအခေါ် ရှိနေတုန်းပဲဆိုတာ ပေါလုရဲ့ စကားတွေကနေ သိရတယ်။ ဒါကြောင့် အတွေးအခေါ်၊ အပြုအမူ ပြုပြင်ပြောင်းလဲဖို့ ပေါလု တိုက်တွန်းတယ်။ ဒီတိုက်တွန်းချက်ဟာ ဒီနေ့ခေတ် ခရစ်ယာန်ခင်ပွန်းတွေနဲ့လည်း သက်ဆိုင်တယ်။ ဝမ်းနည်းစရာက ခရစ်ယာန်ခင်ပွန်းတချို့ လောကအတွေးအခေါ် ကူးစက်ပြီး ဇနီးကို နိုင်ထက်စီးနင်းလုပ်နေကြတယ်။ c ဇနီးကို ခင်ပွန်းဖြစ်သူ ဘယ်လို ဆက်ဆံဖို့ ယေဟောဝါ မျှော်လင့်သလဲ။ အဖြေကို ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ တွေ့ရတယ်။

၅။ ၁ ပေတရု ၃:၇ အရ ဇနီးကို ခင်ပွန်းဖြစ်သူ ဘယ်လို ဆက်ဆံရမလဲ။

၁ ပေတရု ၃:၇ ကို ဖတ်ပါ။ ဇနီးကို ခင်ပွန်းဖြစ်သူ ဂုဏ်တင်ဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ ဂုဏ်တင်တယ်ဆိုတာ လေးလေးစားစား ဆက်ဆံတာကို ရည်ညွှန်းတယ်။ ဂုဏ်တင်တတ်တဲ့ ခင်ပွန်းဟာ ဇနီးကို ချစ်ခင်ကြင်နာစွာ ဆက်ဆံမှာ ဖြစ်တယ်။ ဘယ်နည်းတွေနဲ့ ဇနီးကို ဂုဏ်တင်နိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ အကျယ်တဝင့် ဆွေးနွေးသွားပါမယ်။ ဘယ်လိုလုပ်ရပ်တွေက ဇနီးကို ဂုဏ်တင်ရာမရောက်သလဲဆိုတာ အရင်ဆုံး သုံးသပ်ကြရအောင်။

ဇနီးကို ဂုဏ်တင်ရာမရောက်တဲ့ လုပ်ရပ်များ

၆။ ဇနီးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ (ကောလောသဲ ၃:၁၉ နဲ့ အောက်ခြေမှတ်ချက်)

ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း။ အကြမ်းဖက်သူကို ယေဟောဝါ မုန်းတယ်။ (ဆာ. ၁၁:၅) အထူးသဖြင့် ဇနီးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သူကို မုန်းတယ်။ (မာလ. ၂:၁၆။ ကောလောသဲ ၃:၁၉ နဲ့ အောက်ခြေမှတ်ချက်ကို ဖတ်ပါ။) ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက် ဖြစ်တဲ့ ၁ ပေတရု ၃:၇ မှာ ဖော်ပြထားသလိုပဲ ဇနီးကို ကောင်းကောင်း မဆက်ဆံတဲ့ ခင်ပွန်းဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာနိုင်တယ်။ သူ့ဆုတောင်းချက်တွေကို ယေဟောဝါ နားမထောင်တာတောင် ဖြစ်နိုင်တယ်။

၇။ ဧဖက် ၄:၃၁၊ ၃၂ အရ ဘယ်လိုအပြောအဆိုမျိုးကို ခင်ပွန်း ရှောင်ရမလဲ။ (“စကားလုံး ရှင်းလင်းချက်” ကိုလည်း ကြည့်ပါ။)

စကားနဲ့ ထိုးနှက်ခြင်း။ ခင်ပွန်းတချို့က ဇနီးကို ဒေါသတကြီး နစ်နစ်နာနာ ပြောတတ်တယ်။ ဒါပေမဲ့ “စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်း” ကို ယေဟောဝါ မုန်းတယ်။ d (ဧဖက် ၄:၃၁၊ ၃၂ ကို ဖတ်ပါ။) လူကွယ်ရာမှာ ဇနီးကို ခင်ပွန်းဖြစ်သူ ဘယ်လို ပြောဆိုသလဲဆိုတာကအစ ယေဟောဝါ ကြားတယ်။ ဒါကြောင့် ဇနီးကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့ ခင်ပွန်းဟာ ဇနီးနဲ့ ဆက်ဆံရေးကိုသာမက ယေဟောဝါနဲ့ ဆက်ဆံရေးကိုပါ ထိခိုက်အောင် လုပ်နေတာပဲ။—ယာ. ၁:၂၆

၈။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ ဘာကြောင့်လဲ။

ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်ခြင်း။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တာကို ယေဟောဝါ မုန်းတယ်။ ဒါကြောင့် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ ခင်ပွန်းဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်အောင် လုပ်ရာရောက်တယ်။ ဇနီးကို မလေးစားရာရောက်တယ်။ e ဇနီးအပေါ် ခင်ပွန်းဖြစ်သူ သစ္စာရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။ သစ္စာရှိတဲ့ ခင်ပွန်းဟာ ဖောက်ပြန်မှာ မဟုတ်ဘူး။ ဖောက်ပြန်တဲ့ အတွေးတောင် ရှိမှာ မဟုတ်ဘူး။ တခြားမိန်းမကို ရာဂစိတ်နဲ့ ကြည့်တာဟာ “စိတ်နဲ့” အိမ်ထောင်ရေး ဖောက်ပြန်တာပဲလို့ ယေရှု ပြောတယ်။ fမ. ၅:၂၈၊ ၂၉

၉။ လိင်မှုကိစ္စမှာ ဇနီး ဆန္ဒမရှိတာကို ခင်ပွန်းဖြစ်သူ အတင်းအကျပ် တောင်းဆိုတာကို ယေဟောဝါ ဘာကြောင့် မုန်းသလဲ။

လိင်မှုကိစ္စမှာ ဇနီး ဆန္ဒမရှိတာကို အတင်းအကျပ် တောင်းဆိုခြင်း။ လိင်မှုကိစ္စမှာ ခင်ပွန်းတချို့ တောင်းဆိုတာတွေက ဇနီးသည်ကို ဂုဏ်သိမ်စေတယ်။ သိစိတ် အနှောင့်အယှက် ဖြစ်စေတယ်။ မေတ္တာမဲ့တယ်လို့ ခံစားရစေတယ်။ ဇနီးကို မထောက်ထားတဲ့၊ အတ္တဆန်တဲ့ လုပ်ရပ်ကို ယေဟောဝါ မုန်းတယ်။ ဇနီးကို ခင်ပွန်းဖြစ်သူ ချစ်ခင်တန်ဖိုးထားဖို့၊ ခံစားချက်ကို လေးစားဖို့ ယေဟောဝါ မျှော်လင့်တယ်။ (ဧ. ၅:၂၈၊ ၂၉) ခရစ်ယာန်ခင်ပွန်းတစ်ယောက် ဇနီးကို ဂုဏ်သိမ်စေတယ်၊ နိုင်ထက်စီးနင်းလုပ်နေတယ် ဒါမှမဟုတ် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်နေတယ်ဆိုရင် အတွေးအခေါ်၊ အပြုအမူ ဘယ်လို ပြုပြင်ပြောင်းလဲနိုင်သလဲ။

လုပ်ရပ်အမှားတွေကို ပြုပြင်ပြောင်းလဲနိုင်ပုံ

၁၀။ ယေရှုဟာ ခင်ပွန်းသည်တွေအတွက် ဘယ်လိုနည်းနဲ့ အတုယူစရာ ဖြစ်သလဲ။

၁၀ ဇနီးကို နိုင်ထက်စီးနင်း လုပ်တဲ့၊ ဂုဏ်သိမ်စေတဲ့ ခင်ပွန်း ဘယ်လို ပြုပြင်ပြောင်းလဲနိုင်သလဲ။ ယေရှုကို အတုယူခြင်းအားဖြင့်ပါ။ ယေရှုဟာ အိမ်ထောင်သည် မဟုတ်ပါဘူး။ ဒါပေမဲ့ တပည့်တွေကို ယေရှု ဆက်ဆံပုံဟာ ဇနီးကို ခင်ပွန်းဖြစ်သူ ဆက်ဆံရာမှာ အတုယူစရာပါပဲ။ (ဧ. ၅:၂၅) ဥပမာ၊ တပည့်တွေကို ယေရှု ပြောဆိုပုံ၊ ဆက်ဆံပုံကနေ ခင်ပွန်းသည်တွေ ဘာသင်ယူနိုင်သလဲ သုံးသပ်ကြည့်ပါ။

၁၁။ တမန်တော်တွေကို ယေရှု ဘယ်လို ဆက်ဆံသလဲ။

၁၁ တမန်တော်တွေကို ယေရှု အမြဲ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံတယ်။ တစ်ခါမှ မခက်ထန်ဘူး၊ အာဏာမပြဘူး။ သူတို့ သိမ်ငယ်အောင်၊ ကြောက်အောင် မနေဘူး။ ဆရာသခင် ဖြစ်ပေမဲ့ နိမ့်ကျပုံပေါက်တဲ့အရာတွေကိုတောင် သူတို့အတွက် လုပ်ပေးတယ်။ (ယော. ၁၃:၁၂-၁၇) “ကျွန်တော့်ဆီကနေ သင်ယူကြပါ။ ကျွန်တော်ဟာ နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်။ ခင်ဗျားတို့ လန်းဆန်းရလိမ့်မယ်” လို့ ပြောတယ်။ (မ. ၁၁:၂၈-၃၀) ယေရှု နူးညံ့သိမ်မွေ့တယ်ဆိုတာ သတိပြုပါ။ နူးညံ့သိမ်မွေ့တယ်ဆိုတာ ပျော့ညံ့တာ မဟုတ်ဘူး။ နူးညံ့သိမ်မွေ့သူဟာ ဒေါသထွက်စရာ အခြေအနေမှာတောင် စိတ်အေးအေးထားနိုင်တယ်၊ ခံစားချက်ကို ထိန်းချုပ်နိုင်တယ်။ ခံစားချက်ကို ထိန်းချုပ်နိုင်တယ်ဆိုကတည်းက စိတ်ဓာတ်ကြံ့ခိုင်လို့ပဲ။

၁၂။ တခြားသူတွေကို ယေရှု ဘယ်လို ပြောဆိုသလဲ။

၁၂ ယေရှုရဲ့ စကားတွေဟာ နှစ်သိမ့်မှုဖြစ်စေတယ်၊ လန်းဆန်းစေတယ်။ နောက်လိုက်တွေကို ယေရှု ခက်ခက်ထန်ထန် မပြောဘူး။ (လု. ၈:၄၇၊ ၄၈) ဒေါသထွက်စေချင်လို့ ဆန့်ကျင်သူတွေ စော်ကားပြောဆိုချိန်မှာတောင် “ပြန်မစော်ကားဘူး။” (၁ ပေ. ၂:၂၁-၂၃) ခက်ခက်ထန်ထန် ပြန်မပြောဘဲ နှုတ်ဆိတ်နေတဲ့အချိန်တွေတောင် ရှိတယ်။ (မ. ၂၇:၁၂-၁၄) ခရစ်ယာန်ခင်ပွန်းတွေအတွက် စံနမူနာကောင်းပါပဲ။

၁၃။ ခင်ပွန်းဟာ ဘယ်လိုနည်းနဲ့ “ဇနီးနဲ့ မခွဲအတူ နေ” နိုင်သလဲ။ (မဿဲ ၁၉:၄-၆) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ဇနီးအပေါ် သစ္စာရှိဖို့ ခင်ပွန်းသည်တွေကို ယေရှု ညွှန်ကြားတယ်။ ခင်ပွန်းဟာ “ဇနီးနဲ့ မခွဲအတူ နေ” သင့်တယ်ဆိုတဲ့ ဖခင်ရဲ့ စကားကို ယေရှု ကိုးကားတယ်။ (မဿဲ ၁၉:၄-၆ ကို ဖတ်ပါ။) ဒီကျမ်းပိုဒ်မှာ ပါတဲ့ “မခွဲအတူ နေ” ဆိုတဲ့ ဂရိစကားလုံးဟာ “ကော်နဲ့ ကပ်ထား” လို့ အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ခင်ပွန်းနဲ့ ဇနီးကြားက နှောင်ကြိုးဟာ ကော်နဲ့ ကပ်ထားသလို ခိုင်မြဲနေသင့်တယ်။ ကော်နဲ့ ကပ်ထားတာကို ခွာလိုက်ရင် နှစ်ဘက်စလုံး နာကျင်ရတယ်။ မိမိတို့ရဲ့ နှောင်ကြိုးကို ကော်နဲ့ ကပ်ထားသလို ခိုင်မြဲစေချင်တဲ့ ခင်ပွန်းဟာ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို မကြည့်ဘူး။ “အချည်းနှီးဖြစ်တဲ့အရာတွေကို မကြည့်မိအောင်” ချက်ချင်း မျက်စိ လွှဲတယ်။ (ဆာ. ၁၁၉:၃၇) တခြားမိန်းမကို တပ်မက်တဲ့စိတ်နဲ့ မကြည့်ဖို့ ယောဘလိုပဲ ကိုယ့်မျက်စိနဲ့ ကတိသစ္စာပြုထားတယ်။—ယောဘ ၃၁:၁

သစ္စာရှိတဲ့ ခင်ပွန်းဟာ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို မကြည့် (စာပိုဒ် ၁၃ ကို ကြည့်ပါ) h


၁၄။ နိုင်ထက်စီးနင်းလုပ်တတ်တဲ့ ခင်ပွန်းဟာ ယေဟောဝါနဲ့ကော ဇနီးနဲ့ပါ ဆက်ဆံရေး ပြန်ကောင်းလာဖို့ ဘာတွေ လုပ်ရမလဲ။

၁၄ ဇနီးကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သူ ဒါမှမဟုတ် စကားနဲ့ ထိုးနှက်သူဟာ ယေဟောဝါနဲ့ကော ဇနီးနဲ့ပါ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လုပ်ရမှာတွေ ရှိတယ်။ ဘာတွေလဲ။ ပထမ၊ ဒါ သေးသေးမွှားမွှား ပြဿနာ မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုရမယ်။ ယေဟောဝါ မမြင်တာ၊ မကြားတာ ဘာမှ မရှိဘူး။ (ဆာ. ၄၄:၂၁။ ဒေ. ၁၂:၁၄။ ဟီ. ၄:၁၃) ဒုတိယ၊ ဇနီးအပေါ် နိုင်ထက်စီးနင်းလုပ်နေတာတွေကို ရပ်ပြီး ပြုပြင်ပြောင်းလဲရမယ်။ (ပညာ. ၂၈:၁၃) တတိယ၊ ယေဟောဝါကိုကော ဇနီးကိုပါ တောင်းပန်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုရမယ်။ (တ. ၃:၁၉) ပြုပြင်ပြောင်းလဲချင်စိတ် ရှိဖို့ ဆုတောင်းရမယ်။ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူတွေကို ထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းရမယ်။ (ဆာ. ၅၁:၁၀-၁၂။ ၂ ကော. ၁၀:၅။ ဖိ. ၂:၁၃) စတုတ္ထ၊ ရင့်သီးခက်ထန်တဲ့ အပြောအဆိုမှန်သမျှကို မုန်းတတ်ဖို့ သင်ယူရမယ်။ ဒါမှ ဆုတောင်းချက်နဲ့အညီ ပြုမူရာရောက်မယ်။ (ဆာ. ၉၇:၁၀) ပဉ္စမ၊ အကြီးအကဲတွေဆီ ချက်ချင်း အကူအညီ တောင်းရမယ်။ (ယာ. ၅:၁၄-၁၆) ဆဋ္ဌမ၊ နောက်နောင် ဒီလိုမပြုမူမိဖို့ ဘာတွေကို ရှောင်မယ်ဆိုပြီး ကြိုတွေးထားရမယ်။ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယို ကြည့်တဲ့ ခင်ပွန်းလည်း ဒီအဆင့်တွေအတိုင်း လုပ်ရမယ်။ လုပ်ရပ်အမှားတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ ယေဟောဝါ ကောင်းချီးပေးမယ်။ (ဆာ. ၃၇:၅) ဒါပေမဲ့ ဇနီးကို ဂုဏ်တင်ရာမရောက်တဲ့ လုပ်ရပ်တွေ ရှောင်ရုံနဲ့ မလုံလောက်ဘူး။ ဂုဏ်တင်ကြောင်း ပြဖို့ လိုတယ်။ ဘယ်လို ပြနိုင်သလဲ။

ဇနီးကို ဂုဏ်တင်နိုင်ပုံ

၁၅။ ဇနီးကို ခင်ပွန်းဖြစ်သူ ချစ်ခင်ယုယကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၅ ချစ်ခင်ယုယကြောင်း ပြပါ။ သာယာတဲ့ အိမ်ထောင်က ခရစ်ယာန်ခင်ပွန်းတချို့ဟာ ဇနီးကို ချစ်ကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ နေ့တိုင်း ပြတတ်ကြတယ်။ (၁ ယော. ၃:၁၈) လက်ကိုင်တာ၊ ပွေ့ဖက်တာ ဖြစ်နိုင်တယ်။ “သတိရလိုက်တာ၊” “နေ့လယ်စာ စားပြီးပြီလား” စသဖြင့် စာတိုလေးတွေ ပို့တာ ဖြစ်နိုင်တယ်။ ဇနီးကို သိပ်ချစ်ကြောင်း အခါအခွင့်သင့်တိုင်း ကဗျာတွေ၊ စာတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးပေးတာ ဖြစ်နိုင်တယ်။ သူ ကြိုက်တတ်တဲ့ စားစရာလေးတွေ ဝယ်လာပေးတာ ဖြစ်နိုင်တယ်။ ဒီလုပ်ရပ်လေးတွေက ဇနီးကို ဂုဏ်တင်ရာရောက်သလို အိမ်ထောင်နှောင်ကြိုး ခိုင်မြဲစေတယ်။

၁၆။ ဇနီးကို ခင်ပွန်း ဘာကြောင့် ချီးမွမ်းသင့်သလဲ။

၁၆ တန်ဖိုးထားကြောင်း ပြောပါ။ ဂုဏ်တင်တတ်တဲ့ ခင်ပွန်းဟာ ဇနီးကို တန်ဖိုးထားကြောင်း ပေါ်လွင်တဲ့၊ ကြည်နူးစေမယ့် စကားတွေ ပြောတယ်။ ဥပမာ၊ သူ ထောက်မပေးသမျှအတွက် ကျေးဇူးတင်ကြောင်း သတိတရ ပြောတာ ဖြစ်နိုင်တယ်။ (ကော. ၃:၁၅) ခင်ပွန်းဆီက ချီးမွမ်းစကား ကြားတဲ့အခါ ဇနီးသည် ပီတိဖြစ်တယ်၊ စိတ်လုံခြုံနွေးထွေးတယ်။ ကိုယ့်ကို ချစ်တယ်၊ ဂုဏ်တင်တယ်လို့ ခံစားရတယ်။—ပညာ. ၃၁:၂၈

၁၇။ ဇနီးကို ထောက်ထားညှာတာကြောင်း ခင်ပွန်း ဘယ်လို ပြနိုင်သလဲ။

၁၇ ကြင်နာမှု ရှိပါ၊ ထောက်ထားညှာတာပါ။ မေတ္တာရှိတဲ့ ခင်ပွန်းဟာ ဇနီးကို တန်ဖိုးထားတယ်။ ယေဟောဝါဆီက အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လို့ သဘောထားတယ်။ (ပညာ. ၁၈:၂၂။ ၃၁:၁၀) ဒါကြောင့် အမြဲ ကြင်နာတယ်၊ ထောက်ထားညှာတာတယ်။ ကိုယ်လက်နှီးနှောချိန်မှာတောင် ဇနီးကို စိတ်မသက်မသာ ဖြစ်စေမယ့်၊ ဂုဏ်သိမ်စေမယ့်၊ သိစိတ် အနှောင့်အယှက် ဖြစ်စေမယ့်အရာတွေ အတင်းအကျပ် မတောင်းဆိုဘူး။ g ကိုယ်တိုင်လည်း ယေဟောဝါရှေ့ အမှားအမှန်သိစိတ် ကြည်လင်နေဖို့ ဂရုစိုက်တယ်။—တ. ၂၄:၁၆

၁၈။ ခင်ပွန်းသည်တွေ ဘာဆုံးဖြတ်ထားသင့်သလဲ။ (“ လေးစားမှု ရှိတဲ့ ခင်ပွန်း ဖြစ်စေမယ့် နည်းလေးသွယ်” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၈ ခင်ပွန်းတို့၊ ဇနီးကို အဘက်ဘက်ကနေ ဂုဏ်တင်ဖို့ သင်တို့ ကြိုးစားတာကို ယေဟောဝါ မြင်တယ်၊ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ ဇနီးကို ဂုဏ်တင်ရာမရောက်တဲ့ လုပ်ရပ်တွေ ရှောင်ပါ။ ကြင်နာခြင်း၊ ထောက်ထားညှာတာခြင်း၊ ချစ်ခင်ယုယခြင်းအားဖြင့် ဂုဏ်တင်ပါ။ ဒါဟာ ဇနီးကို တန်ဖိုးထားကြောင်း ပြနေတာပဲ။ ဇနီးကို ဂုဏ်တင်တာဟာ အရေးကြီးဆုံး နှောင်ကြိုးကို ထိန်းသိမ်းကာကွယ်ရာလည်း ရောက်တယ်။ အဲဒါကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးနှောင်ကြိုးပါပဲ။—ဆာ. ၂၅:၁၄

သီချင်း ၁၃၁ “ဘုရားသခင် တွဲဖက်ထား”

a လိင်စိတ် ကြွစေတဲ့ စာပေ၊ အသံဖိုင်တွေလည်း ပါတယ်။

b ခင်ပွန်းတွေအနေနဲ့ ၂၀၂၄၊ ဇန်နဝါရီ ကင်းမျှော်စင် မှာ ပါတဲ့ “အမျိုးသမီးတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေသလား” ဆောင်းပါးကို ဖတ်သင့်တယ်။

c သင် အိမ်တွင်း အကြမ်းဖက်ခံနေရတယ်ဆိုရင် jw.org နဲ့ JW Library® မှာ ရှိတဲ့ “ထပ်ဆင့် အကြောင်းအရာများ” ဆောင်းပါးတွဲထဲက “အိမ်တွင်း အကြမ်းဖက် ခံရသူတွေအတွက် အကူအညီ” ဆောင်းပါးကို ဖတ်နိုင်တယ်။

d စကားလုံး ရှင်းလင်းချက်။ “ဆဲဆိုခြင်း” လို့ ပြောတဲ့အခါ ချိုးချိုးနှိမ်နှိမ် ခေါ်ဝေါ်တာ၊ နှစ်ပြားမတန် ပြောဆိုတာ၊ တစ်ချိန်လုံး အပြစ်ရှာတာ ပါဝင်တယ်။ စိတ်နာစေတဲ့၊ သိက္ခာချတဲ့၊ ရိုင်းပျစော်ကားတဲ့ စကားမှန်သမျှဟာ ဆဲဆိုတာပဲ။

e jw.org နဲ့ JW Library မှာ ရှိတဲ့ “မိသားစုအတွက် အကူအညီ” ဆောင်းပါးတွဲထဲက “ညစ်ညမ်းရုပ်ပုံကြည့်ရှုခြင်းက အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်” ဆောင်းပါးကို ဖတ်ပါ။

f ခင်ပွန်းဖြစ်သူ ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကြည့်နေတယ်ဆိုရင် ဇနီးအနေနဲ့ ၂၀၂၃၊ ဩဂုတ် ကင်းမျှော်စင် မှာ ပါတဲ့ “ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ အိမ်ထောင်ဖက် ကြည့်နေရင် ဘယ်လို လုပ်မလဲ” ဆောင်းပါးကို ဖတ်နိုင်တယ်။

g အိမ်ထောင်သည်တွေ ကိုယ်လက်နှီးနှောတဲ့အခါ ဘယ်လုပ်ရပ်ဟာ သန့်ရှင်းတယ်၊ မသန့်ရှင်းဘူးဆိုတာ ကျမ်းစာမှာ ဖော်ပြမထားဘူး။ ခရစ်ယာန်မောင်နှံတွေဟာ ယေဟောဝါကို ဂုဏ်တင်ရာရောက်မယ့်၊ အချင်းချင်းကို စိတ်ကျေနပ်စေမယ့်၊ သိစိတ် အနှောင့်အယှက် မဖြစ်စေမယ့် ဆုံးဖြတ်ချက် ချကြရမယ်။ ဒီလိုကိစ္စမျိုးကို များသောအားဖြင့် တခြားသူတွေနဲ့တော့ မဆွေးနွေးကြဘူး။

h ပုံအညွှန်း– ညစ်ညမ်းရုပ်ပုံ မဂ္ဂဇင်း လိုက်ကြည့်ဖို့ ညီအစ်ကိုတစ်ယောက်ကို အလုပ်ဖော်တွေ ဆွယ်နေ။