မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၁

သီချင်း ၂ နာမတော် ယေဟောဝါ

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြ

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြ

၂၀၂၅ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက် “ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းကြ။”ဆာ. ၉၆:၈

အာရုံစိုက်ရာ

ယေဟောဝါ ရထိုက်တဲ့ ဂုဏ်တင်ချီးမွမ်းမှုကို ဘယ်လို ပေးနိုင်သလဲ။

၁။ ဒီနေ့ခေတ် လူတော်တော်များများ ဘာကို အာရုံစိုက်ကြသလဲ။

 ဒီနေ့ခေတ် လူတော်တော်များများ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ကြတာ သတိထားမိသလား။ ကိုယ့်ကို၊ ကိုယ့်အောင်မြင်မှုတွေကို တခြားသူတွေ အာရုံစိုက်မိအောင် လူမှုမီဒီယာမှာ ကြွားကြတယ်။ ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းသူတော့ အနည်းငယ်ပဲ ရှိတယ်။ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတယ်ဆိုတာ ဘာလဲ။ ဘာကြောင့် ဂုဏ်တင်ချီးမွမ်းသင့်သလဲ။ ဘယ်လို ဂုဏ်တင်ချီးမွမ်းနိုင်သလဲ။ သိပ်မကြာခင် မိမိကိုယ်မိမိ ယေဟောဝါ ဘယ်လို ဂုဏ်တင်မလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတယ်ဆိုတာ ဘာလဲ

၂။ ဆိုင်းနိုင်းတောင်မှာ မိမိရဲ့ ဘုန်းအသရေကို ယေဟောဝါ ဘယ်လို ထင်ရှားပြသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ဂုဏ်တင်တယ်ဆိုတာ ဘာလဲ။ တစ်ယောက်ယောက်ရဲ့ အရည်အချင်း၊ အစွမ်းအစကို ပေါ်လွင်စေတာပါ။ အီဂျစ်ပြည် ကျွန်ဘဝကနေ အစ္စရေးတွေကို လွတ်မြောက်စေပြီး ရက်အနည်းငယ်အကြာမှာပဲ မိမိရဲ့ ဘုန်းအသရေကို ယေဟောဝါ ထင်ရှားပြတယ်။ ဘုရားသခင်နဲ့ တွေ့ဆုံဖို့ ဆိုင်းနိုင်းတောင်ခြေနားမှာ အစ္စရေးသန်းချီ စုရုံးနေတာကို မြင်ယောင်ကြည့်ပါ။ မိုးခြိမ်းပြီး လျှပ်စီးတွေ လက်တယ်။ တောင်ပေါ်ကို တိမ်ထုကြီး ဆင်းလာတယ်။ တံပိုးမှုတ်သံကြီး ထွက်လာတယ်။ ရုတ်တရက် တစ်တောင်လုံး မီးခိုးဖုံးသွားပြီး သွက်သွက်ခါအောင် လှုပ်လာတယ်။ (ထွ. ၁၉:၁၆-၁၈။ ၂၄:၁၇။ ဆာ. ၆၈:၈) ယေဟောဝါရဲ့ ဘုန်းအသရေကို အစ္စရေးတွေ မြင်တဲ့အခါ ဘယ်လောက် အံ့ဩမှင်တက်သွားလိုက်မလဲ။

ဆိုင်းနိုင်းတောင်မှာ အစ္စရေးတွေကို မိမိရဲ့ ဘုန်းအသရေ ယေဟောဝါ ထင်ရှားပြ (စာပိုဒ် ၂ ကို ကြည့်ပါ)


၃။ ယေဟောဝါကို ဘယ်လို ဂုဏ်တင်ချီးမွမ်းနိုင်သလဲ။

မိမိကိုယ်မိမိ ယေဟောဝါ ဂုဏ်တင်တယ်။ ကျွန်တော်တို့ကော ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်သလား။ ဂုဏ်တင်ချီးမွမ်းနိုင်ပါတယ်။ တစ်နည်းကတော့ ယေဟောဝါရဲ့ အံ့ဖွယ်တန်ခိုး၊ ဂုဏ်ရည်တော်တွေအကြောင်း တခြားသူတွေကို ပြောပြခြင်းပါ။ နောက်တစ်နည်းကတော့ ယေဟောဝါကြောင့် ပြီးမြောက်အောင်မြင်သမျှအတွက် ယေဟောဝါကို အသိအမှတ်ပြု ဂုဏ်တင်ခြင်းပါ။ (ဟေရှာ. ၂၆:၁၂) ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းခဲ့သူတစ်ယောက်ကတော့ ဘုရင်ဒါဝိဒ် ဖြစ်တယ်။ “ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကြီးမြတ်မှု၊ တင့်တယ်မှု၊ ခမ်းနားမှု၊ အစွမ်းသတ္တိ၊ ဘုန်းတန်ခိုးနဲ့ ပြည့်စုံပါတယ်။ ယေဟောဝါဘုရား၊ ကောင်းကင်နဲ့ မြေကြီးပေါ် ရှိသမျှကို ပိုင်တယ်” ဆိုပြီး အစ္စရေးလူထုရှေ့မှာ ဒါဝိဒ် ဆုတောင်းတယ်။ ဒါဝိဒ်လည်း ဆုတောင်းပြီးရော “လူထုကြီးက . . . ယေဟောဝါကို ချီးမွမ်း” တယ်။—၁ ရာ. ၂၉:၁၁၊ ၂၀

၄။ ယေဟောဝါကို ယေရှု ဘယ်လို ဂုဏ်တင်ချီးမွမ်းသလဲ။

ယေရှု မြေကြီးပေါ် ရှိစဉ် ယေဟောဝါကို ဘယ်လို ဂုဏ်တင်ချီးမွမ်းသလဲ။ ယေဟောဝါ ပေးတဲ့ အစွမ်းတန်ခိုးနဲ့ အံ့ဖွယ်အမှုတွေ လုပ်တာ ဖြစ်ကြောင်း လူတွေကို ပြောပြတယ်။ (မာ. ၅:၁၈-၂၀) အဖဘုရားအကြောင်း ယေရှု ပြောပြပုံ၊ တခြားသူတွေကို ဆက်ဆံပုံကလည်း ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေတယ်။ တစ်ခါက တရားဇရပ်တစ်ခုမှာ ယေရှု သွန်သင်ပေးနေတယ်။ လာနားထောင်သူတွေထဲမှာ ၁၈ နှစ်ပတ်လုံး နတ်ဆိုးပူးနေတဲ့ အမျိုးသမီးတစ်ယောက် ပါတယ်။ နတ်ဆိုးက မမာမကျန်း ဖြစ်စေတဲ့အတွက် သူ့ခမျာ ခါးကို မတ်မတ်ထားလို့ မရဘဲ ကုန်းနေတယ်။ ဝေဒနာ တော်တော် ခံစားနေရတာပဲ။ အဲဒီအမျိုးသမီးကို ယေရှု မြင်တဲ့အခါ သနားပြီး “အစ်မကြီး၊ ခင်ဗျား ခံစားနေရတဲ့ ဝေဒနာကနေ လွတ်ကင်းပြီ” လို့ ပြောတယ်။ သူ့အပေါ် လက်တင်လိုက်တဲ့အခါ ချက်ချင်းပဲ သူက ခါးကို မတ်ပြီး “ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းတော့တယ်။” (လု. ၁၃:၁၀-၁၃) ယေဟောဝါ ပြန်ကျန်းမာစေတဲ့အတွက် ကျေးဇူးတင်လွန်းလို့ အဲဒီအမျိုးသမီး ဂုဏ်တင်ချီးမွမ်းခဲ့တာ။ ကျွန်တော်တို့လည်း ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းစရာ အကြောင်းရင်းများစွာ ရှိပါတယ်။

ယေဟောဝါကို ဘာကြောင့် ဂုဏ်တင်ချီးမွမ်းသင့်သလဲ

၅။ ယေဟောဝါကို ဘာကြောင့် ကြည်ညိုလေးစားသလဲ။

ယေဟောဝါကို ကြည်ညိုလေးစားလို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ယေဟောဝါကို ကြည်ညိုလေးစားရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယေဟောဝါဟာ အတိုင်းအဆမဲ့ တန်ခိုးရှင် ဖြစ်တယ်။ (ဆာ. ၉၆:၄-၇) ဉာဏ်ပညာ ကြီးမားကြောင်း ဖန်ဆင်းရာတွေမှာ ပေါ်လွင်နေတယ်။ ကျွန်တော်တို့ကို အသက်ပေးထားတယ်။ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေလည်း ပေးထားတယ်။ (ဗျာ. ၄:၁၁) သစ္စာစောင့်သိတဲ့အရှင် ဖြစ်တယ်။ (ဗျာ. ၁၅:၄) လုပ်ဆောင်သမျှ အောင်မြင်တယ်။ ကတိတစ်ခုမကျန် ပြည့်စုံစေတယ်။ (ယောရှု ၂၃:၁၄) ဒါကြောင့်လည်း “ယေဟောဝါဘုရား၊ . . . လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့ တူတဲ့သူ မရှိပါဘူး” လို့ ပရောဖက် ယေရမိ ပြောတာ။ (ယေ. ၁၀:၆၊ ၇) မှန်ပါတယ်၊ ကောင်းကင်ဘုံစံအဖကို ကြည်ညိုလေးစားရတဲ့ အကြောင်းရင်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ကြည်ညိုလေးစားမှုကိုသာမက မေတ္တာကိုလည်း ရထိုက်တယ်။

၆။ ယေဟောဝါကို ဘာကြောင့် ချစ်သလဲ။

ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်လို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ဘယ်ဂုဏ်ရည်တော်တွေကြောင့် ယေဟောဝါကို ချစ်သလဲ။ ယေဟောဝါဟာ သနားကရုဏာ ရှိတယ်။ (ဆာ. ၁၀၃:၁၃။ ဟေရှာ. ၄၉:၁၅) ကျေးကျွန်တွေ ထိခိုက်တဲ့အခါ ထပ်တူ ခံစားပေးတယ်။ (ဇာ. ၂:၈) မိတ်ဆွေမဖွဲ့နိုင်လောက်အောင် ကျွန်တော်တို့နဲ့ အလှမ်းမဝေးဘူး။ (ဆာ. ၂၅:၁၄။ တ. ၁၇:၂၇) နှိမ့်ချမှု ရှိတယ်။ “ကိုယ်ကို ကိုင်းညွတ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကို ငုံ့ကြည့်တယ်။ နိမ့်ကျသူကို မြေမှုန့်ထဲကနေ ထူမတယ်။” (ဆာ. ၁၁၃:၆၊ ၇) ဒီလိုဘုရားမျိုးကို ကျွန်တော်တို့ ဂုဏ်တင်မချီးမွမ်းချင်ဘဲ နေပါ့မလား။—ဆာ. ၈၆:၁၂

၇။ ဘာအခွင့်အရေး ကျွန်တော်တို့ ရထားသလဲ။

ယေဟောဝါအကြောင်း တခြားသူတွေကို သိစေချင်လို့ ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ ယေဟောဝါအကြောင်း လူတော်တော်များများ အမှန်အတိုင်း မသိကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါဟာ အငြိုးကြီးတယ်၊ လူတွေကို ဂရုမစိုက်ဘူး၊ ကမ္ဘာ့ပြဿနာတွေဟာ ယေဟောဝါကြောင့် စသဖြင့် လူတွေကို စာတန် အယုံသွင်းပြီး ဉာဏ်မျက်စိ ကွယ်စေလို့ပါ။ (၂ ကော. ၄:၄) ဒါပေမဲ့ ကျွန်တော်တို့ဘုရားအကြောင်း ကျွန်တော်တို့ အမှန်အတိုင်း သိထားကြတယ်။ တခြားသူတွေလည်း အမှန်အတိုင်း သိလာပြီး ဂုဏ်တင်ချီးမွမ်းနိုင်အောင် ကူညီပေးခွင့် ကျွန်တော်တို့ ရထားတယ်။ (ဟေရှာ. ၄၃:၁၀) ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းခြင်းအကြောင်း ဆာလံ ၉၆ မှာ အလေးပေး ဖော်ပြထားတယ်။ ဆာလံ ၉၆ ထဲက ကျမ်းပိုဒ်တချို့ကို ဆွေးနွေးတဲ့အခါ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်တဲ့ နည်းတွေကို စဉ်းစားကြည့်ပါ။

ယေဟောဝါကို ဘယ်လို ဂုဏ်တင်ချီးမွမ်းနိုင်သလဲ

၈။ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်တဲ့ တစ်နည်းက ဘာလဲ။ (ဆာလံ ၉၆:၁-၃)

ဆာလံ ၉၆:၁-၃ ကို ဖတ်ပါ။ ယေဟောဝါအကြောင်း ပြောခြင်းအားဖြင့် ဂုဏ်တင်ချီးမွမ်းနိုင်တယ်။ “ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ၊” “နာမတော်ကို ချီးမွမ်းကြ၊” “ကယ်တင်ခြင်း သတင်းကောင်းကို . . . ကြေညာကြ၊” “ဘုန်းတန်ခိုးတော်အကြောင်း လူမျိုးတွေအလယ်မှာ ကြေညာကြ” လို့ ဒီကျမ်းပိုဒ်တွေမှာ ဖော်ပြထားတယ်။ ကောင်းကင်ဘုံစံအဖကို ဂုဏ်တင်ချီးမွမ်းနိုင်တဲ့ နည်းတွေပါပဲ။ သစ္စာရှိ ဂျူးတွေ၊ ပထမရာစု ခရစ်ယာန်တွေဟာ မိမိတို့အတွက် ယေဟောဝါ လုပ်ပေးတာတွေအကြောင်း တခြားသူတွေကို ပြောပြဖို့၊ ယေဟောဝါရဲ့ ဂုဏ်သတင်းကို ကာကွယ်ဖို့ တွန့်ဆုတ်မနေခဲ့ကြဘူး။ (ဒံ. ၃:၁၆-၁၈။ တ. ၄:၂၉) ကျွန်တော်တို့ကော။

၉-၁၀။ အန်ဂျလီနာရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ ညီအစ်မ အန်ဂျလီနာ a အကြောင်း စဉ်းစားကြည့်ပါ။ အလုပ်ဝင်ခါစမှာ ယေဟောဝါရဲ့ ဂုဏ်သတင်းကို သတ္တိရှိရှိ ကာကွယ်ခဲ့တယ်။ ဝန်ထမ်းသစ်ကြိုဆိုပွဲမှာ ကိုယ့်အကြောင်း တစ်ယောက်တစ်လှည့် မိတ်ဆက်ကြရတယ်။ ယေဟောဝါသက်သေတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လောက် ပျော်စရာကောင်းသလဲဆိုတာ ဓာတ်ပုံတွေ ပြပြီး ပြောပြဖို့ ပြင်ဆင်သွားတယ်။ ဒါပေမဲ့ သူ့အလှည့် မရောက်ခင်မှာ အလုပ်ဖော်အမျိုးသားတစ်ယောက်က သူ့ကိုယ်သူ သက်သေခံမိဘတွေ လက်ထဲ ကြီးပြင်းလာတာပါဆိုပြီး မိတ်ဆက်တယ်။ သက်သေခံတွေရဲ့ ယုံကြည်ချက်တွေကို ပုတ်ခတ်ပြောတယ်။ “ကျွန်မ ထိတ်ခနဲ ဖြစ်သွားတယ်။ ဒါပေမဲ့ ‘ဘုရားအကြောင်း မဟုတ်မမှန် ပြောနေတာ ငါ ဒီအတိုင်းငြိမ်နေလို့ မဖြစ်ဘူး။ အမှန်အတိုင်း ပြောမှ ဖြစ်မယ်’ လို့ တွေးလိုက်တယ်” ဆိုပြီး အန်ဂျလီနာ ပြောတယ်။

၁၀ အလုပ်ဖော်လည်း စကားဆုံးရော အန်ဂျလီနာ ခပ်မြန်မြန် အသံတိတ် ဆုတောင်းလိုက်တယ်။ ပြီးတော့ “ကျွန်မလည်း ရှင့်လိုပဲ သက်သေခံမိဘတွေ လက်ထဲ ကြီးပြင်းလာတာ။ အခုထိလည်း သက်သေခံတစ်ယောက် ဖြစ်နေတုန်းပဲ” လို့ အဲဒီအလုပ်ဖော်ကို ကြည့်ပြီး ပြောတယ်။ အခြေအနေက ချွေးပြန်စရာ ဖြစ်ပေမဲ့ အန်ဂျလီနာ တည်တည်ငြိမ်ငြိမ်ပဲ။ အလုပ်ဖော်တွေကို ပြင်ဆင်လာတဲ့ ဓာတ်ပုံတွေ ပြတယ်။ ယုံကြည်ချက်ကို ပါးပါးနပ်နပ် ရှင်းပြတယ်။ (၁ ပေ. ၃:၁၅) အန်ဂျလီနာ စကားဆုံးတော့ အဲဒီအမျိုးသားလည်း သူ ငယ်ငယ်တုန်းက အသင်းတော်မှာ အမှတ်တရကောင်းတွေ ရှိခဲ့တဲ့အကြောင်း လေသံအေးအေးနဲ့ ပြောတယ်။ “ယေဟောဝါဘက်က ခုခံကာကွယ်တာဟာ လုပ်သင့်လုပ်ထိုက်ရာ ဖြစ်သလို ဂုဏ်ယူစရာလည်း ဖြစ်တယ်” လို့ အန်ဂျလီနာ ပြောတယ်။ ယေဟောဝါကို တခြားသူတွေ ဂုဏ်ဖျက်တဲ့အခါ ကျွန်တော်တို့ ခုခံကာကွယ်ရမယ်။ ဒါ အခွင့်ထူးပဲ။

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတဲ့အနေနဲ့ ယေဟောဝါအကြောင်း ပြောနိုင် (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ) b


၁၁။ ခေတ်တစ်လျှောက် သစ္စာရှိ ကျေးကျွန်တွေဟာ ယေဟောဝါကို ဘယ်နည်းနဲ့ ဂုဏ်တင်ချီးမွမ်းကြသလဲ။ (ဆာလံ ၉၆:၈)

၁၁ ဆာလံ ၉၆:၈ ကို ဖတ်ပါ။ ပိုင်ဆိုင်ရာတွေ ပေးလှူခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်တယ်။ ခေတ်တစ်လျှောက် သစ္စာရှိ ကျေးကျွန်တွေဟာ ယေဟောဝါကို ဒီနည်းနဲ့ ဂုဏ်တင်ချီးမွမ်းကြတယ်။ (ပညာ. ၃:၉) ဥပမာ၊ အစ္စရေးတွေဟာ ဗိမာန်တော် တည်ဆောက်ဖို့၊ မွမ်းမံဖို့ ငွေကြေးဥစ္စာတွေ လှူဒါန်းကြတယ်။ (၂ ဘု. ၁၂:၄၊ ၅။ ၁ ရာ. ၂၉:၃-၉) “ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး” ယေရှုနဲ့ တမန်တော်တွေကို တပည့်တချို့ အလုပ်အကျွေးပြုခဲ့ကြတယ်။ (လု. ၈:၁-၃) ပထမရာစု ခရစ်ယာန်တွေလည်း အငတ်ဘေး ဆိုက်နေတဲ့ ဒေသက ညီအစ်ကို/မတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးကြတယ်။ (တ. ၁၁:၂၇-၂၉) ကျွန်တော်တို့လည်း ရက်ရက်ရောရော ပေးလှူတဲ့အခါ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေတယ်။

၁၂။ ကျွန်တော်တို့ ရက်ရက်ရောရော ပေးလှူတဲ့အခါ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ ကျွန်တော်တို့ ရက်ရက်ရောရော ပေးလှူတဲ့အခါ ယေဟောဝါကို ဘယ်လိုနည်းနဲ့ ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေကြောင်း တွေ့ကြုံမှုတစ်ခု သုံးသပ်ကြည့်ပါ။ ဇင်ဘာဘွေနိုင်ငံမှာ အချိန်အတော်ကြာ မိုးခေါင်တဲ့အတွက် အစာခေါင်းပါးမှုဒဏ်ကို လူသန်းပေါင်းများစွာ ကြုံရတဲ့အကြောင်း ၂၀၂၀ ခုနှစ် သတင်းတစ်ခုက ဖော်ပြတယ်။ အစာခေါင်းပါးမှုဒဏ် ကြုံတဲ့အထဲမှာ ညီအစ်မ ပရစ္စကာလည်း ပါတယ်။ မိုးခေါင်လို့ ကျပ်တည်းနေပေမဲ့ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့တိုင်း အမှုဆောင်ထွက်တယ်။ လယ်စိုက်တဲ့ ကာလမှာတောင် အမှုဆောင်မပျက်ဘူး။ လယ်မစိုက်ဘဲ အမှုဆောင်ထွက်နေလို့ “နင်ကတော့ ငတ်သေတော့မယ်” ဆိုပြီး ပရစ္စကာကို ရွာသားတွေ ဝိုင်းပြောကြတယ်။ “ယေဟောဝါဘုရားက ကျေးကျွန်တွေကို ဘယ်တော့မှ ပစ်မထားဘူး” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပရစ္စကာ ပြန်ဖြေတယ်။ သိပ်မကြာပါဘူး၊ အဖွဲ့အစည်းဆီက အထောက်အပံ့တွေ ရတယ်။ ကျွန်တော်တို့ရဲ့ အလှူငွေတွေကြောင့် လိုအပ်နေသူတွေကို အဖွဲ့အစည်း ဒီလိုပြန်ထောက်ပံ့ပေးနိုင်တာ။ ရွာသားတချို့ သိပ်အထင်ကြီးသွားပြီး “ဘုရားက နင့်ကို တကယ် ပစ်မထားဘူးပဲ။ အဲဒီဘုရားအကြောင်း ငါတို့လည်း သိချင်တယ်” လို့ ပြောကြတယ်။ အခုဆိုရင် အိမ်နီးနားချင်း ခုနစ်ယောက် အသင်းတော် အစည်းအဝေးတွေ တက်နေကြပြီ။

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတဲ့အနေနဲ့ ပိုင်ဆိုင်ရာတွေ ပေးလှူနိုင် (စာပိုဒ် ၁၂ ကို ကြည့်ပါ) c


၁၃။ ဆာလံ ၉၆:၉ အရ ယေဟောဝါကို ဘယ်လို ဂုဏ်တင်ချီးမွမ်းနိုင်သလဲ။

၁၃ ဆာလံ ၉၆:၉ ကို ဖတ်ပါ။ အမူအကျင့်ကောင်း ပြခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းနိုင်တယ်။ တဲတော်မှာ၊ ဗိမာန်တော်မှာ အမှုဆောင်တဲ့ ပုရောဟိတ်တွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိကြရတယ်။ (ထွ. ၄၀:၃၀-၃၂) ဒါပေမဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ထက် ပိုအရေးကြီးတာက ကိုယ်ကျင့်တရား သန့်ရှင်းဖို့ပဲ။ (ဆာ. ၂၄:၃၊ ၄။ ၁ ပေ. ၁:၁၅၊ ၁၆) “စရိုက်ဟောင်း” ကို ချွတ်ပယ်ပြီး “စရိုက်သစ်” ကို ကျွန်တော်တို့ ဝတ်ဆင်ရမယ်။ ဆိုလိုတာက မသန့်ရှင်းတဲ့ အတွေးအခေါ်၊ အမူအကျင့်တွေကို ဖျောက်ပြီး ယေဟောဝါကို ဂုဏ်တင်ရာရောက်တဲ့ အတွေးအခေါ်၊ အမူအကျင့်တွေ ရှိအောင် ကြိုးစားရမယ်။ (ကော. ၃:၉၊ ၁၀) အကျင့်ပျက် ကြမ်းတမ်းပါတယ်ဆိုသူတွေတောင် ယေဟောဝါရဲ့ အကူအညီကြောင့် ပြောင်းလဲပြီး စရိုက်သစ် ဝတ်ဆင်လာနိုင်ကြတယ်။

၁၄။ ဂျက်ရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ သေဒဏ်ကျ ရာဇဝင်လူဆိုး ဂျက်အကြောင်း စဉ်းစားကြည့်ပါ။ ကြောက်စရာကောင်းလောက်အောင် ကြမ်းလွန်းရမ်းလွန်းလို့ နတ်ဆိုးလို့တောင် အခေါ်ခံရတယ်။ သေဒဏ်ပေးခံရဖို့ စောင့်နေတုန်းမှာပဲ ထောင်ထဲမှာ ကျမ်းစာသင်ပေးဖို့ လာတဲ့ ညီအစ်ကိုနဲ့ ကျမ်းစာ စလေ့လာတယ်။ ရာဇဝတ်မှု အများကြီး ကျူးလွန်ခဲ့ပေမဲ့ ဂျက် စရိုက်ဟောင်းကို ချွတ်ပယ်ပြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ သေဒဏ်ပေးခံရတဲ့နေ့မှာ ထောင်စောင့်တချို့ မျက်ရည်ကျပြီး နှုတ်ဆက်ရတဲ့အထိ ဂျက် ပြောင်းလဲသွားတာ။ “ဂျက်ဟာ အရင်က ဒီထောင်မှာ အဆိုးဆုံးပဲ။ ဒါပေမဲ့ အခုတော့ စံပြထောင်သား ဖြစ်နေပြီ” လို့ ထောင်တပ်ကြပ်ကြီးတစ်ယောက် ပြောတယ်။ ဂျက် သေဒဏ်ပေးခံရပြီး နောက်အပတ်မှာ ညီအစ်ကိုတွေ ထောင်တွင်း ပတ်စဉ် အစည်းအဝေး သွားလုပ်တော့ ထောင်သားတစ်ယောက် ပထမဆုံးအကြိမ် အစည်းအဝေး လာတက်တယ်။ ဘာကြောင့် လာတက်သလဲ။ ဂျက် ပြောင်းလဲသွားတာ မြင်လို့ စိတ်ထိမိပြီး ယေဟောဝါကို ကိုးကွယ်ဖို့ ဘာတွေ လုပ်ရမလဲ သိချင်လို့ လာတက်တာ။ ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းဟာ ကောင်းကင်ဘုံစံအဖကို ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေတယ်ဆိုတာ ရှင်းနေပါတယ်။—၁ ပေ. ၂:၁၂

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတဲ့အနေနဲ့ အမူအကျင့်ကောင်း ပြနိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ) d


သိပ်မကြာခင် မိမိကိုယ်မိမိ ယေဟောဝါ ဘယ်လို ဂုဏ်တင်မလဲ

၁၅။ မိမိသာလျှင် လူတိုင်း ဂုဏ်တင်ချီးမွမ်းထိုက်တဲ့အရှင် ဖြစ်ကြောင်း ယေဟောဝါ ဘယ်လို သက်သေထူမလဲ။ (ဆာလံ ၉၆:၁၀-၁၃)

၁၅ ဆာလံ ၉၆:၁၀-၁၃ ကို ဖတ်ပါ။ ယေဟောဝါကို ဖြောင့်မတ်တဲ့ တရားသူကြီးအဖြစ်၊ ဘုရင်အဖြစ် ဆာလံ ၉၆ အဆုံးပိုင်းမှာ ဖော်ပြထားတယ်။ သိပ်မကြာခင် မိမိကိုယ်မိမိ ယေဟောဝါ ဘယ်လို ဂုဏ်တင်မလဲ။ ဖြောင့်မတ်မျှတစွာ တရားစီရင်ခြင်းအားဖြင့်ပါ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ရှုတ်ချစရာ ဖြစ်အောင် လုပ်ထားတဲ့ မဟာဗာဗုလုန်ကို မကြာခင် ဖျက်ဆီးမယ်။ (ဗျာ. ၁၇:၅၊ ၁၆။ ၁၉:၁၊ ၂) မဟာဗာဗုလုန် ဖျက်ဆီးခံရတာကို မြင်ရသူတချို့ ကျွန်တော်တို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုလာနိုင်တယ်။ မိမိကို ဆန့်ကျင်သူ၊ ရှုတ်ချဂုဏ်ဖျက်သူအားလုံးကို စာတန့်စနစ်ဆိုး တစ်ခုလုံးနဲ့အတူ အာမဂေဒုန်မှာ ယေဟောဝါ ဖျက်ဆီးမယ်။ မိမိကို နာခံသူ၊ ဂုဏ်တင်ချီးမွမ်းသူအားလုံးကိုတော့ ကယ်တင်မယ်။ (မာ. ၈:၃၈။ ၂ သက်. ၁:၆-၁၀) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံး၊ နောက်ဆုံးစမ်းသပ်မှုအပြီးမှာ မိမိသာလျှင် လူတိုင်း ဂုဏ်တင်ချီးမွမ်းထိုက်တဲ့အရှင် ဖြစ်ကြောင်း သက်သေထူမယ်။ (ဗျာ. ၂၀:၇-၁၀) အဲဒီအချိန်ကျရင် “ပင်လယ်ဟာ ရေတွေနဲ့ ပြည့်နေသလို ကမ္ဘာမြေဟာ ယေဟောဝါရဲ့ ဂုဏ်ကျက်သရေအကြောင်း သိကျွမ်းသူတွေနဲ့ ပြည့်နေမယ်။”—ဟဗ. ၂:၁၄

၁၆။ သင် ဘာလုပ်ဖို့ ဆုံးဖြတ်ထားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ ဂုဏ်တင်ချီးမွမ်းခံထိုက်ရှင်ကို လူတိုင်း ဂုဏ်တင်ချီးမွမ်းမယ့်အချိန် ရောက်လာတဲ့အခါ ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ။ ဒါပေမဲ့ အခုအချိန်မှာလည်း ယေဟောဝါကို အတတ်နိုင်ဆုံး ချီးမွမ်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒီတာဝန်ကို အမြဲ အမှတ်ရနေဖို့ “ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင်ချီးမွမ်းကြ” ဆိုတဲ့ ဆာလံ ၉၆:၈ ကို ၂၀၂၅ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်အဖြစ် အုပ်ချုပ်ရေးအဖွဲ့က ရွေးချယ်လိုက်ပါတယ်။

ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ နာမည်ကို လူတိုင်း ဂုဏ်တင်ချီးမွမ်းမယ့်အချိန် ရောက်လာမယ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)

သီချင်း ၁၂ ကြီးမြတ်သောဘုရား ယေဟောဝါ

a အမည်လွှဲများ။

b ပုံအညွှန်း– အန်ဂျလီနာရဲ့ တွေ့ကြုံမှုကို ပြန်လည်သရုပ်ဖော်ထား။

c ပုံအညွှန်း– ပရစ္စကာရဲ့ တွေ့ကြုံမှုကို ပြန်လည်သရုပ်ဖော်ထား။

d ပုံအညွှန်း– ဂျက်ရဲ့ တွေ့ကြုံမှုကို ပြန်လည်သရုပ်ဖော်ထား။