မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄

သီချင်း ၁၈ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ

ရွေးဖိုးကနေ သိနိုင်ရာ

ရွေးဖိုးကနေ သိနိုင်ရာ

“ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက် ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။”၁ ယော. ၄:၉

အာရုံစိုက်ရာ

ရွေးဖိုးက ယေဟောဝါဘုရားနဲ့ ယေရှုခရစ်ရဲ့ ဘယ်အရည်အသွေးတွေကို ပေါ်လွင်စေသလဲ။

၁။ ယေရှုရဲ့ သေခြင်းနှစ်ပတ်လည်ပွဲ တက်တဲ့အခါ ဘာအကျိုးရသလဲ။

 ရွေးဖိုးဟာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဆိုတာ ကျွန်တော်တို့အားလုံး သဘောတူကြမှာပါ။ (၂ ကော. ၉:၁၅) ရွေးဖိုးကြောင့် ယေဟောဝါဘုရားနဲ့ ကျွန်တော်တို့ ခင်မင်ရင်းနှီးနိုင်ကြတယ်။ ထာဝရအသက် မျှော်လင့်ချက် ရှိလာကြတယ်။ ကျွန်တော်တို့ကို ချစ်မြတ်နိုးလို့ ရွေးဖိုးပြင်ဆင်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်သင့်တယ် မဟုတ်လား။ (ရော. ၅:၈) ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် ပျောက်မသွားဖို့ မိမိရဲ့ သေခြင်းနှစ်ပတ်လည်ပွဲကို ယေရှု ကျင်းပခိုင်းတယ်။—လု. ၂၂:၁၉၊ ၂၀

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

ဒီနှစ် အောက်မေ့ရာ အစီအစဉ်ကို ၂၀၂၅၊ ဧပြီ ၁၂ ရက်၊ စနေနေ့မှာ ကျင်းပပါမယ်။ တက်ရောက်ဖို့ ကျွန်တော်တို့အားလုံး စီစဉ်ထားကြမှာပါ။ ကျွန်တော်တို့အတွက် ယေဟောဝါနဲ့ သားတော်ယေရှု လုပ်ပေးခဲ့တာတွေကို အောက်မေ့ရာနေ့ မတိုင်ခင်နဲ့ ပြီးနောက် အပတ်တွေမှာ အချိန်ယူ တွေးတောဆင်ခြင်တာ အကျိုးရှိတယ်။ ယေဟောဝါနဲ့ ယေရှုအကြောင်း ရွေးဖိုးကနေ ဘာသိရသလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ရွေးဖိုးကြောင့် ဘာအကျိုးတွေ ရသလဲ၊ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ယေဟောဝါအကြောင်း ရွေးဖိုးကနေ သိနိုင်ရာ

၃။ စုံလင်သူတစ်ယောက် အသေခံတာက ဘယ်လိုလုပ်ပြီး လူသန်းချီကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ယေဟောဝါ တရားမျှတတယ်ဆိုတာ ရွေးဖိုးကနေ သိရတယ်။ (တရား. ၃၂:၄) ဘာကြောင့်လဲ။ ယေဟောဝါကို အာဒံ မနာခံခဲ့လို့ အပြစ်ရှိသွားပြီး သေရတယ်။ ကျွန်တော်တို့လည်း အာဒံရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လို့ အပြစ်ရှိသူတွေ ဖြစ်သွားပြီး သေကြရတယ်။ (ရော. ၅:၁၂) ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ယေဟောဝါ လွတ်မြောက်စေချင်လို့ ယေရှုကို မြေကြီးပေါ် စေလွှတ်ပြီး ရွေးဖိုးပေးစေတယ်။ စုံလင်သူတစ်ယောက် အသေခံတာက ဘယ်လိုလုပ်ပြီး လူသန်းချီကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေသလဲ။ “လူတစ်ယောက် [အာဒံ]ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။ အလားတူ၊ လူတစ်ယောက် [ယေရှု]ရဲ့ နာခံမှုကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ရော. ၅:၁၉။ ၁ တိ. ၂:၆) တစ်နည်းအားဖြင့် စုံလင်သူတစ်ယောက် နာခံမှု မရှိလို့ လူတွေ အပြစ်နဲ့ သေခြင်းအောက် ကျရောက်သွားတယ်။ အဲဒီလိုပဲ လူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ဆိုရင် စုံလင်သူတစ်ယောက် နာခံမှု ရှိဖို့ပဲ လိုတယ်။

စုံလင်သူတစ်ယောက် နာခံမှု မရှိလို့ လူတွေ အပြစ်နဲ့ သေခြင်းအောက် ကျရောက်သွား။ အဲဒီလိုပဲ လူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့ဆိုရင် စုံလင်သူတစ်ယောက် နာခံမှု ရှိဖို့ပဲ လို (စာပိုဒ် ၃ ကို ကြည့်ပါ)


၄။ အာဒံရဲ့ သားစဉ်မြေးဆက်တွေထဲက မိမိကို နာခံသူတွေကို ယေဟောဝါ ထာဝစဉ် အသက်ရှင်ခွင့်ပြုလိုက်ရုံနဲ့ ဘာကြောင့် မရသလဲ။

ကျွန်တော်တို့ကို ကယ်တင်ဖို့ သားတော်ကို ယေဟောဝါ အသေခံခိုင်းဖို့ တကယ် လိုသလား။ အာဒံရဲ့ သားစဉ်မြေးဆက်တွေထဲက မိမိကို နာခံသူတွေကို ထာဝစဉ် အသက်ရှင်ခွင့်ပြုလိုက်ရင် မရဘူးလား။ လူ့အမြင်အရ ကြည့်ရင် ဒါဟာ မေတ္တာရှိတဲ့၊ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ဖြေရှင်းနည်း ဖြစ်ပုံရတယ်။ ယေဟောဝါကတော့ ဒါကို တရားနည်းလမ်းကျတဲ့ ဖြေရှင်းနည်းလို့ မမြင်ဘူး။ ယေဟောဝါဟာ တရားမျှတလို့ အာဒံရဲ့ ကြီးလေးတဲ့အပြစ်ကို မရှိခဲ့သယောင် သဘောမထားဘူး။

၅။ ယေဟောဝါ အမြဲ တရားမျှတမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

ယေဟောဝါသာ ရွေးဖိုးပြင်ဆင်မပေးဘူး၊ တရားမျှတမှုကို ဘေးချိတ်ပြီး အာဒံရဲ့ မစုံလင်တဲ့ သားစဉ်မြေးဆက်တွေကို ထာဝစဉ် အသက်ရှင်ခွင့်ပြုလိုက်မယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ တခြားကိစ္စတွေမှာလည်း တရားမျှတမှုကို ယေဟောဝါ ဘေးချိတ်လိုက်မလားဆိုပြီး လူတွေ စဉ်းစားလာနိုင်တယ်။ ပေးထားတဲ့ ကတိအားလုံး တည်ပါ့မလားဆိုပြီး သံသယဝင်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလိုစဉ်းစားဖို့၊ သံသယဝင်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲ။ ချစ်သားတော်ကို အသေခံစေတဲ့အထိ ယေဟောဝါ တရားမျှတလို့ပဲ။ ဒါကြောင့် ဘယ်ကိစ္စမဆို အမြဲ တရားမျှတမယ်ဆိုတာ စိတ်ချနိုင်တယ်။

၆။ ယေဟောဝါ ရွေးဖိုးပြင်ဆင်ပေးရတဲ့ အကြောင်းရင်းနောက်တစ်ခုက ဘာလဲ။ (၁ ယောဟန် ၄:၉၊ ၁၀)

ယေဟောဝါ ရွေးဖိုးပြင်ဆင်ပေးတာဟာ တရားမျှတတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ မေတ္တာကြီးမားလို့ပဲ။ (ယော. ၃:၁၆။ ၁ ယောဟန် ၄:၉၊ ၁၀ ကို ဖတ်ပါ။) ကျွန်တော်တို့ကို ယေဟောဝါ ထာဝစဉ် အသက်ရှင်စေချင်ရုံသာမက မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်ကြောင်း ရွေးဖိုးကနေ သိရတယ်။ စဉ်းစားကြည့်ပါ– အာဒံ အပြစ်လုပ်လိုက်ချိန်မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မွေးလာချိန်မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးဖိုးကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဒါကြောင့် ယုံကြည်ခြင်း၊ နာခံမှု ရှိသူအားလုံး တစ်နေ့ကျရင် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့်ရလာမယ်။ လောလောဆယ်မှာတောင် ယေဟောဝါနဲ့ကော ယုံကြည်သူချင်းတွေနဲ့ပါ ခင်မင်ရင်းနှီးနိုင်ကြတယ်။ ယေဟောဝါရဲ့ မေတ္တာကို တကယ် ခံစားနေရတာပါပဲ။—ရော. ၅:၁၀၊ ၁၁

၇။ ယေရှု ဝေဒနာ ခံစားခဲ့ရတာက ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို နားလည်စေသလဲ။

ယေဟောဝါ စိတ်အထိခိုက်ခံပြီး ရွေးဖိုးပြင်ဆင်ပေးတာကို စဉ်းစားလိုက်တဲ့အခါ မေတ္တာကြီးမားကြောင်း ပိုနားလည်လာရတယ်။ အခက်ကြုံရင် ယေဟောဝါအပေါ် ဘယ်သူမှ သစ္စာရှိမှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲထားတယ်။ စာတန့်စွပ်စွဲချက် မှားကြောင်း သက်သေပြဖို့ သားတော် မသေဆုံးခင် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ (ယောဘ ၂:၁-၅။ ၁ ပေ. ၂:၂၁) ယေရှုကို လူတွေ လှောင်ပြောင်တယ်။ စစ်သားတွေ ကျာပွတ်နဲ့ ရိုက်တယ်။ သစ်တိုင်ပေါ် တင်ပြီး သံနဲ့ ရိုက်တယ်။ နောက်ဆုံးတော့ ယေရှု ဝေဒနာ မချိမဆံ့ ခံစားပြီး သေသွားတယ်။ (မ. ၂၇:၂၈-၃၁၊ ၃၉) ယေဟောဝါ အချိန်မရွေး ဝင်တားနိုင်စွမ်း ရှိပေမဲ့ ဒီအတိုင်း ကြည့်နေခဲ့ရတယ်။ “သူ့ကို ဘုရား ကယ်ချင်ရင် ကယ်ပါစေ” လို့ လူတွေ ခနဲ့ချိန်မှာ ယေဟောဝါ ကယ်လိုက်လို့ ရတယ်။ (မ. ၂၇:၄၂၊ ၄၃) ဒါပေမဲ့ ကယ်လိုက်ရင် ယေရှု ရွေးဖိုးမပေးနိုင်တော့ဘူး၊ ကျွန်တော်တို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် နောက်ဆုံးထွက်သက်အထိ သားတော် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။

၈။ သားတော် ဝေဒနာ ခံစားရတာကို မြင်တဲ့အခါ ယေဟောဝါ စိတ်ထိခိုက်မယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ယေဟောဝါဟာ အနန္တတန်ခိုးရှင် ဖြစ်တဲ့အတွက် ခံစားချက် မရှိဘူးလို့ ဆိုလိုသလား။ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံထားကြရတယ်။ ကျွန်တော်တို့မှာ ခံစားချက် ရှိတယ်ဆိုကတည်းက ယေဟောဝါမှာလည်း ခံစားချက် ရှိလို့ပဲ။ ယေဟောဝါ “စိတ်ထိခိုက်” တယ်၊ “စိတ်နာ” တယ် စသဖြင့် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒီတော့ သားတော် ဝေဒနာ ခံစားရတာကို မြင်တဲ့အခါ ယေဟောဝါ ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ သိဖို့ အာဗြဟံနဲ့ အိဇက်အကြောင်း စဉ်းစားကြည့်ပါ။ တစ်ဦးတည်းသောသားကို ပူဇော်ဖို့ အာဗြဟံကို ယေဟောဝါ ပြောတယ်။ (က. ၂၂:၉-၁၂။ ဟီ. ၁၁:၁၇-၁၉) ဓားချက်တစ်ချက်တည်းနဲ့တင် သားကို အဆုံးစီရင်နိုင်မှန်း သိတာတောင် သတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ အာဗြဟံ သိပ်ခံစားခဲ့ရတာ။ ဘုရားတရားမဲ့သူတွေ မိမိသားတော်ကို သေတဲ့အထိ ရက်ရက်စက်စက် နှိပ်စက်နေတာကို မြင်တဲ့အခါ ယေဟောဝါ ပိုလို့တောင် ခံစားရမှာ။—သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ—အာဗြဟံ၊ အပိုင်း ၂ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

သားတော် ဝေဒနာ ခံစားရချိန်မှာ ယေဟောဝါ စိတ်ထိခိုက် (စာပိုဒ် ၈ ကို ကြည့်ပါ)


၉။ ယေဟောဝါရဲ့ မေတ္တာအကြောင်း ရောမ ၈:၃၂၊ ၃၈၊ ၃၉ ကနေ ဘာသိရသလဲ။

မိသားစု၊ မိတ်ဆွေတွေ ကိုယ့်ကို ဘယ်လောက်ပဲ ချစ်ပါစေ ယေဟောဝါလောက် မချစ်နိုင်ဘူးဆိုတာ ရွေးဖိုးကနေ သိရတယ်။ (ရောမ ၈:၃၂၊ ၃၈၊ ၃၉ ကို ဖတ်ပါ။) ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ချစ်တာထက်တောင် ယေဟောဝါ ပိုချစ်တယ်။ သင် ထာဝစဉ် အသက်ရှင်ချင်သလား။ ယေဟောဝါ ပိုလို့တောင် အသက်ရှင်စေချင်သေးတယ်။ သင် အပြစ်ခွင့်လွှတ်ခံချင်သလား။ ယေဟောဝါ ပိုလို့တောင် ခွင့်လွှတ်ပေးချင်သေးတယ်။ တောင်းဆိုတာဆိုလို့ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြဖို့ပဲ။ ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ ယေဟောဝါကို ယုံကြည်ခြင်း၊ နာခံခြင်းအားဖြင့်ပါ။ ရွေးဖိုးဟာ ယေဟောဝါရဲ့ မေတ္တာကို ပေါ်လွင်စေတဲ့ လက်ဆောင်မွန်ပါပဲ။ ကမ္ဘာသစ် ရောက်ရင်လည်း ယေဟောဝါရဲ့ မေတ္တာအကြောင်း ပိုသိလာရဦးမယ်။—ဒေ. ၃:၁၁

ယေရှုအကြောင်း ရွေးဖိုးကနေ သိနိုင်ရာ

၁၀။ (က) မိမိ သေဆုံးတာနဲ့ပတ်သက်ပြီး ယေရှု ဘာကို အဓိက စိတ်ပူသလဲ။ (ခ) စာတန် မုသာကောင် ဖြစ်ကြောင်း ယေရှု ဘယ်လို သက်သေထူခဲ့သလဲ။ ( “စာတန် မုသာကောင် ဖြစ်ကြောင်း ယေရှုရဲ့ သမာဓိက သက်သေထူ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၀ ဖခင်ရဲ့ ဂုဏ်သတင်းကို ယေရှု အလေးထားတယ်ဆိုတာ ရွေးဖိုးကနေ သိရတယ်။ (ယော. ၁၄:၃၁) ဘုရားကို စော်ကားပြောဆိုသူ၊ အကြည်အညိုပျက်အောင် လုပ်သူဆိုတဲ့ စွဲချက်နဲ့ အသတ်ခံရလို့ အဖနာမည် ထိခိုက်မှာ ယေရှု သိပ်စိတ်ပူတယ်။ ဒါကြောင့် “ကျွန်တော့်အဖ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီခွက်ကို လွှဲဖယ်ပေးပါ” လို့ ဆုတောင်းတယ်။ (မ. ၂၆:၃၉) ယေရှု သေတဲ့အထိ သမာဓိစောင့်သိတဲ့အတွက် ဘာကို သက်သေထူနိုင်ခဲ့သလဲ။ အဖကို စာတန် နာမည်ဖျက်ပြီး ပြောဆိုထားတာတွေ မှားတယ်ဆိုတာ သက်သေထူနိုင်ခဲ့တယ်။

၁၁။ လူတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ယောဟန် ၁၃:၁)

၁၁ လူတွေကို ယေရှု အလေးထားတယ်ဆိုတာလည်း ရွေးဖိုးကနေ သိရတယ်။ အထူးသဖြင့် နောက်လိုက်တွေကို အလေးထားတယ်။ (ပညာ. ၈:၃၁။ ယောဟန် ၁၃:၁ ကို ဖတ်ပါ။) မြေကြီးပေါ်မှာ ကြုံရမယ့်အရာတချို့ဟာ သိပ်ခက်မယ်ဆိုတာ ယေရှု သိတယ်။ အထူးသဖြင့် ဝေဒနာ မချိမဆံ့ ခံစားပြီး သေရမယ့်ကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ တာဝန်အရ မဟုတ်ဘဲ လူတွေကို ချစ်လို့ အခက်အခဲအားလုံးကို ရင်ဆိုင်ခဲ့တယ်။ ဟောပြောခြင်း၊ သွန်သင်ခြင်း၊ လူတွေကို ကူညီပေးခြင်းအားဖြင့် ချစ်ကြောင်း ပြတယ်။ မိမိ မသေဆုံးခင် ညမှာတောင် တမန်တော်တွေကို ခြေဆေးပေးပြီး စံနမူနာ ပြတယ်။ နှစ်သိမ့်အားပေးစကား ပြောတယ်။ (ယော. ၁၃:၁၂-၁၅) သစ်တိုင်ပေါ် သေလုဆဲဆဲမှာတောင် ဘေးက ရာဇဝတ်သားကို ပရဒိသု မျှော်လင့်ချက်အကြောင်း ပြောပြတယ်။ မိခင်ကို စိုးရိမ်မကင်း ဖြစ်လွန်းလို့ ဂရုစိုက်ပေးဖို့ ယောဟန်လက်ထဲ အပ်ခဲ့တယ်။ (လု. ၂၃:၄၂၊ ၄၃။ ယော. ၁၉:၂၆၊ ၂၇) လူတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း ယေရှုရဲ့ သေခြင်းကပဲ ပေါ်လွင်စေတာ မဟုတ်ဘူး။ မြေကြီးအသက်တာတစ်ခုလုံးက ပေါ်လွင်စေတယ်။

၁၂။ ကျွန်တော်တို့အကျိုးအတွက် ယေရှု ဘာတွေ လုပ်ပေးနေသလဲ။

၁၂ ယေရှု “တစ်ကြိမ်တည်းအပြီး” အသေခံခဲ့ပေမဲ့ အခုအချိန်ထိ ကျွန်တော်တို့အကျိုးအတွက် လုပ်ပေးနေတာတွေ ရှိတယ်။ (ရော. ၆:၁၀) ဘာတွေလဲ။ ရွေးဖိုးကနေ ကျွန်တော်တို့ အကျိုးခံစားရဖို့ အချိန်ပေးပြီး အားသွန်ခွန်စိုက် ကြိုးစားနေတယ်။ ဘုရင်၊ ပုရောဟိတ်မင်း၊ အသင်းတော်ရဲ့ ဦးခေါင်းအနေနဲ့ ယေရှု ဘယ်လောက် အလုပ်များနေမလဲ မြင်ယောင်ကြည့်ပါ။ (၁ ကော. ၁၅:၂၅။ ဧ. ၅:၂၃။ ဟီ. ၂:၁၇) ကြီးစွာသောဒုက္ခ အဆုံးမတိုင်ခင် ဘိသိက်ခံနဲ့ လူအုပ်ကြီးကို စုသိမ်းရတဲ့ အလုပ်ကို ကြီးကြပ်ပေးနေတယ်။ (မ. ၂၅:၃၂။ မာ. ၁၃:၂၇) သစ္စာရှိကျွန်ကို သုံးပြီး နောက်ဆုံးကာလအတွင်း အချိန်တန် အစားအစာ ဖောဖောသီသီ ကျွေးနေတယ်။ (မ. ၂၄:၄၅) အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်းမှာလည်း ကျွန်တော်တို့အတွက် အကျိုးရှိမယ့်အရာတွေ ဆက်လုပ်ပေးဦးမယ်။ ကျွန်တော်တို့အတွက် သားတော်ကို ယေဟောဝါ ပေးအပ်တယ်လို့ ပြောတဲ့အခါ အသေခံဖို့လောက်သာ ပေးအပ်တာ မဟုတ်ဘူးပဲ။

ဆက်သင်ယူနေပါ

၁၃။ တွေးတောဆင်ခြင်ခြင်းက ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ မေတ္တာအကြောင်း ဆက်သင်ယူဖို့ ဘယ်လို ကူညီပေးသလဲ။

၁၃ ယေဟောဝါဘုရားနဲ့ ယေရှုရဲ့ မေတ္တာအကြောင်း လေးလေးနက်နက် တွေးတောလေ သင်ယူစရာ တိုးလေပါပဲ။ ဒီနှစ် အောက်မေ့ရာကာလအတွင်း ခရစ်ဝင်ကျမ်း အနည်းဆုံး တစ်ကျမ်းလောက်ကို စေ့စေ့စပ်စပ် ဖတ်ပါ။ တစ်ထိုင်တည်း အများကြီး မဖတ်ပါနဲ့။ အလောတကြီး မဖတ်ပါနဲ့။ ယေဟောဝါနဲ့ ယေရှုကို ချစ်မြတ်နိုးသင့်တဲ့ ထပ်ဆင့် အကြောင်းရင်းတွေ စဉ်းစားပါ။ တခြားသူတွေကို သိလာတာတွေ ပြောပြပါ။

၁၄။ ရှာဖွေလေ့လာခြင်းက ရွေးဖိုးနဲ့ တခြားသွန်သင်ချက်တွေအကြောင်း ဆက်သင်ယူဖို့ ဘယ်လို ကူညီပေးသလဲ။ (ဆာလံ ၁၁၉:၉၇) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ သင်ဟာ အမှန်တရားသက်တမ်း ကြာနေပြီဆိုရင် ဘုရားရဲ့ တရားမျှတမှု၊ မေတ္တာ၊ ရွေးဖိုးအကြောင်း လေ့လာတာ ထပ်နေပြီ ဖြစ်လို့ သင်ယူစရာ ရှိသေးလို့လားဆိုပြီး တွေးမိနိုင်တယ်။ တကယ်တော့ သင်ယူစရာတွေ မကုန်နိုင်ပါဘူး။ အဖွဲ့အစည်းစာပေတွေမှာ ဖတ်စရာ၊ မှတ်စရာတွေမှ အများကြီးပဲ။ ဒါကြောင့် ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်လို့ ကောင်းကောင်း နားမလည်ဘူးဆိုရင် ရှာဖွေလေ့လာပါ။ ရှာဖွေလေ့လာခဲ့တာကနေ ယေဟောဝါအကြောင်း၊ သားတော်အကြောင်း၊ သူတို့ရဲ့ မေတ္တာအကြောင်း သိလာရတာကို တစ်နေ့လုံး တွေးတောဆင်ခြင်ပါ။—ဆာလံ ၁၁၉:၉၇ ကို ဖတ်ပါ။

အမှန်တရားသက်တမ်း ကြာနေပြီဆိုရင်တောင် ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်ရတဲ့ အကြောင်းရင်းတွေ သင်ယူလို့ မကုန်နိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ)


၁၅။ ကျမ်းစာဖတ်တဲ့အခါ အကြောင်းအရာအသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာအချက်တွေကို ဘာကြောင့် ဆက်ရှာသင့်သလဲ။

၁၅ ကျမ်းစာဖတ်တိုင်း၊ ရှာဖွေလေ့လာတိုင်း အကြောင်းအရာအသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာအချက် မတွေ့ရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ရွှေကျင်သမားလို့ မြင်ယောင်ကြည့်ပါ။ ရွှေစလေးတစ်စ ရဖို့တောင် နာရီနဲ့ချီ၊ ရက်နဲ့ချီ ရှာရတတ်တယ်။ ဒါပေမဲ့ ရွှေမှုန်ရွှေစတိုင်းဟာ တန်ဖိုးရှိလို့ လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာမယ် မဟုတ်လား။ ရွှေထက်မက တန်ဖိုးရှိတဲ့ ကျမ်းစာထဲက ရတနာတွေကော။ သေးသေးမွှားမွှား ဖြစ်နေရင်တောင် အဖိုးတန်တယ်။ (ဆာ. ၁၁၉:၁၂၇။ ပညာ. ၈:၁၀) ဒါကြောင့် ကျမ်းစာဖတ်တဲ့အခါ အကြောင်းအရာအသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာအချက်တွေကို လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာပါ။—ဆာ. ၁:၂

၁၆။ ယေဟောဝါနဲ့ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁၆ သင်ယူသိရှိလာတာတွေကို လက်တွေ့ကျင့်သုံးနိုင်မယ့် နည်းတွေ စဉ်းစားပါ။ ဥပမာ၊ တခြားသူတွေကို မျက်နှာမလိုက်တမ်း ဆက်ဆံခြင်းအားဖြင့် တရားမျှတတဲ့ ယေဟောဝါကို အတုယူပါ။ ယေဟောဝါနဲ့ လူတွေကို ချစ်ခြင်း၊ ယေဟောဝါရဲ့ နာမတော်အတွက်၊ ညီအစ်ကို/မတွေအတွက် ကိုယ်ကျိုးစွန့်ခြင်းအားဖြင့် ယေရှုကို အတုယူပါ။ ဒါ့အပြင် အဖိုးမဖြတ်နိုင်တဲ့ ရွေးဖိုးလက်ဆောင်ကနေ တခြားသူတွေလည်း အကျိုးရနိုင်အောင် ဟောပြောသက်သေခံပါ။

၁၇။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၁၇ ရွေးဖိုးအကြောင်း သင်ယူသိရှိလေ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတာနဲ့အမျှ သူတို့လည်း ကျွန်တော်တို့ကို ဆထက်တိုး ပိုချစ်ပေးကြမှာ။ (ယော. ၁၄:၂၁။ ယာ. ၄:၈) ဒါကြောင့် ကျမ်းစာ၊ အဖွဲ့အစည်းစာပေတွေကို သုံးပြီး ရွေးဖိုးအကြောင်း ဆက်သင်ယူကြရအောင်။ ရွေးဖိုးကြောင့် ဘာအကျိုးတွေ ရသလဲ။ ယေဟောဝါရဲ့ မေတ္တာအတွက် ဘယ်လို ကျေးဇူးတုံ့ပြန်နိုင်သလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သီချင်း ၁၀၇ မေတ္တာစံနမူနာ