မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၀

ဘာသာတရားမဲ့သူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ

ဘာသာတရားမဲ့သူတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ

“လူအမျိုးမျိုးကို ကူညီ​ပေးဖို့ လုပ်နိုင်တာ မှန်သမျှ ကျွန်တော် လုပ်ခဲ့တယ်။ လူတချို့ကို အတတ်နိုင်ဆုံး ကယ်တင်​နိုင်ဖို့​ပါ။”—၁ ကော. ၉:၂၂

သီချင်း ၈၂ ‘အလင်း​ကို လင်း​စေ​ကြ’

အကြို​သုံးသပ်ချက် *

၁။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ​အတွင်း ဘာ​အပြောင်းအလဲ​တွေ ဖြစ်ခဲ့သလဲ။

လွန်ခဲ့တဲ့​နှစ်​များစွာတုန်းက ကမ္ဘာ​မှာ​ရှိတဲ့ လူ​အများစုဟာ ဘာသာတရား တစ်မျိုးမျိုးကို ယုံကြည်​ကိုးကွယ်​ကြတယ်။ ဒါပေမဲ့ မကြာသေး​ခင် ဆယ်စုနှစ်တွေ​အတွင်း ထူးထူးခြားခြား ပြောင်းလဲ​လာတယ်။ ဘာသာတရား မ​ကိုင်းရှိုင်း​ကြ​တော့​ဘူး။ နိုင်ငံ​တချို့မှာ * လူ​အများစုဟာ ဘာသာတရားမဲ့​သူတွေ ဖြစ်လာတယ်။—မ. ၂၄:၁၂

၂။ လူများစွာဟာ ဘာကြောင့် ဘာသာတရားမဲ့​သူတွေ ဖြစ်သွား​ကြသလဲ။

လူတွေ ဘာကြောင့် ဘာသာတရားမဲ့​လာ​ကြသလဲ။ * အပျော်အပါး​ကြောင့်၊ စိုးရိမ်​ပူပန်စရာ​တွေ​ကြောင့် ဖြစ်နိုင်တယ်။ (လု. ၈:၁၄) တချို့ကတော့ ဘုရားမဲ့​ဝါဒီ ဖြစ်သွားကြတယ်။ တချို့က ဘုရားကို ယုံပေမဲ့ ဘာသာတရားဟာ ခေတ်​နောက်ကျ​တယ်၊ လက်တွေ့​မကျ​ဘူး၊ သိပ္ပံ​ပညာနဲ့ မကိုက်ညီ​ဘူး၊ ယုတ္တိ​မရှိဘူးလို့ ယူဆကြတယ်။ သူတို့ဟာ မိတ်ဆွေ​တွေ၊ ဆရာတွေ၊ မီဒီယာ​မှာ နာမည်ကြီး​သူတွေက​တစ်ဆင့် ဆင့်ကဲ​အယူ​ကို ကြားရလေ့​ရှိပြီး ဘုရားကို ယုံသင့်တဲ့ အကြောင်းရင်း​တွေကို​တော့ မကြား​ရ​ဘူး။ တချို့ကျတော့ ငွေနဲ့ အာဏာမက်​တဲ့ ဘာသာရေး​ခေါင်းဆောင်တွေ​ကို စိတ်ကုန်​သွားကြတယ်။ ဒေသ​တချို့မှာ အစိုးရ​ကိုယ်တိုင်​က ဘာသာရေး လုပ်ဆောင်မှုတွေကို တရားဝင် ပိတ်ပင်​ကြတယ်။

၃။ ဒီ​ဆောင်းပါးရဲ့ ရည်ရွယ်ချက်​က ဘာလဲ။

‘လူမျိုးတကာ​ဆီ သွားပြီး တပည့် ဖြစ်လာအောင် သွန်သင်​ပေး’ ဖို့ ယေရှု မိန့်မှာ​ထားတယ်။ (မ. ၂၈:၁၉) ဘာသာတရားမဲ့​သူတွေ ဘုရားကို ချစ်​လာ​အောင်၊ ခရစ်တော်ရဲ့ တပည့်​ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လို ကူညီ​နိုင်သလဲ။ လူတွေရဲ့ တုံ့ပြန်ပုံဟာ ကြီးပြင်း​တဲ့ ဒေသ​ပေါ် မူတည်​ကြောင်း အသိအမှတ်​ပြုရမယ်။ ဥပမာ၊ ဥရောပတိုက်​သားတွေ​နဲ့ အာရှ​တိုက်​သားတွေဟာ သတင်းကောင်းကို တစ်​ပုံစံ​တည်း တုံ့ပြန်​မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ဥရောပ​မှာ လူများစွာဟာ ကျမ်းစာ​အကြောင်း အနည်း​အကျဉ်း သိထားကြတယ်။ အရာအားလုံးကို ဘုရား ဖန်ဆင်းတယ်​ဆိုတဲ့ အယူအဆကို သိထားကြတယ်။ အာရှ​မှာ​တော့ လူ​အများစုဟာ ကျမ်းစာ​အကြောင်း မသိသလောက်ပဲ။ ဖန်ဆင်းရှင်ကိုလည်း မယုံကြဘူး။ နောက်ခံ ဘယ်လိုပဲ​ရှိပါစေ အမှုဆောင်မှာ ကြုံတွေ့​ရသူ အားလုံးရဲ့ စိတ်နှလုံးကို ထိမိ​စေဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေးပါမယ်။

အပြုသဘောထား ဆက်​ရှိပါ

၄။ ဘာကြောင့် အပြုသဘောထား ဆက်ရှိ​နိုင်သလဲ။

အပြုသဘောထား ရှိပါ။ နှစ်​တိုင်း ယေဟောဝါ​သက်သေ ဖြစ်လာ​သူတွေထဲမှာ ဘာသာတရားမဲ့​သူတွေလည်း ပါတယ်။ သူတို့​အများစုဟာ ကိုယ်ကျင့်တရား ကောင်းမွန်​သူတွေ၊ ဘာသာရေး အရေခြုံမှု​ကို ရွံမုန်း​သူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ကတော့ ကိုယ်ကျင့်တရား မကောင်း​သူတွေ၊ အကျင့်ဆိုး ရှိသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါကြောင့် “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့​သူတွေ” ကို ယေဟောဝါရဲ့ အကူအညီ​နဲ့ ရှာတွေ့​နိုင်ကြောင်း စိတ်ချ​နိုင်ပါတယ်။—တ. ၁၃:၄၈။ ၁ တိ. ၂:၃၊ ၄

ကျမ်းစာ မယုံတဲ့​သူတွေကို သက်သေခံတဲ့​အခါ ချဉ်းကပ်​နည်းကို အလိုက်သင့် ပြောင်းလဲပါ (အပိုဒ် ၅-၆ ကို​ကြည့်ပါ) *

၅။ ဘာကြောင့် သတင်းကောင်းကို လူတွေ လက်ခံလေ့​ရှိသလဲ။

ကြင်နာ​ပါ၊ လိမ္မာ​ပါးနပ်​ပါ။ သတင်းကောင်းကို လူတွေ​လက်ခံ​တာ​ဟာ ကျွန်တော်တို့ ပြောတဲ့​စကား​ကြောင့် မဟုတ်ဘဲ ပြောဆိုပုံ​ကြောင့် ဖြစ်လေ့​ရှိတယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှု၊ ပါးနပ်မှု၊ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှု​တို့ကို လူတွေ သဘောကျကြတယ်။ ကိုယ့်​အမြင်ကို နားထောင်ဖို့ ကျွန်တော်တို့ အတင်း ဖိအား​မပေးဘူး။ သူတို့ရဲ့ ဘာသာရေး​အမြင်ကို နားလည်ဖို့ ကြိုးစား​ကြတယ်။ ဥပမာ၊ တချို့က သူစိမ်းတွေနဲ့ ဘာသာရေး​အကြောင်း မဆွေးနွေး​ချင်​ကြဘူး။ ဘုရား​အကြောင်း မေး​တာ​ကို ထူးဆန်း​တယ်လို့ ထင်ကြတယ်။ တချို့ကျတော့ ယေဟောဝါသက်သေတွေ​နဲ့ ကျမ်းစာ​ဖတ်တာ​ကို တခြားသူတွေ မြင်​မှာ စိုးရိမ်​ကြတယ်။ ဘာပဲ​ဖြစ်ဖြစ် သူတို့ရဲ့ ခံစားချက်ကို နားလည်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။—၂ တိ. ၂:၂၄

၆။ အလိုက်သင့် ပြောင်းလဲ​တတ်​သူ ဖြစ်ကြောင်း တမန်တော်​ပေါလု ဘယ်လို ဖော်ပြသလဲ။ ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။

“ကျမ်းစာ၊” “ဖန်ဆင်းခြင်း၊” “ဘုရားသခင်၊” “ဘာသာတရား” စတဲ့ စကားလုံးတွေ သုံးတာ​ကို မကြိုက်​ပုံ​ရတဲ့အခါ ဘာ​လုပ်နိုင်သလဲ။ တမန်တော်​ပေါလုကို တုပ​ပြီး ချဉ်းကပ်​နည်းကို ပြောင်းလဲ​နိုင်တယ်။ ပေါလုဟာ ဂျူးတွေကို ဟောတဲ့​အခါ ကျမ်းစာနဲ့ ကျိုးကြောင်း​ဆင်ခြင်တယ်။ အာရေ​တောင်မှာ ဂရိ​အတွေးအခေါ်​သ​မား​တွေ​နဲ့ ဆွေးနွေး​တဲ့အခါ​မှာ​တော့ ကျမ်းစာကို တိုက်ရိုက် မကိုးကားဘူး။ (တ. ၁၇:၂၊ ၃၊ ၂၂-၃၁) ပေါလုကို ဘယ်လို တုပ​နိုင်သလဲ။ ကျမ်းစာကို လက်မခံ​သူနဲ့ တွေ့​တဲ့အခါ ကျမ်းစာကို တိုက်ရိုက် မကိုးကားတာ ကောင်းတယ်။ ကိုယ်​နဲ့ ကျမ်းစာ​ဖတ်တာ​ကို တခြားသူတွေ တွေ့​မှာ စိုးရိမ်​နေရင် ဖုန်း၊ တက်ဘလက်​ကနေ မသိမသာ ပြပေး​နိုင်တယ်။

၇။ ၁ ကောရိန္သု ၉:၂၀-၂၃ မှာ ဖော်ပြ​ထားတဲ့ ပေါလုရဲ့ ပုံနမူနာကို ဘယ်လို တုပ​နိုင်သလဲ။

နားလည်မှု ရှိပါ။ နားထောင်​ပေးပါ။ လူတွေကို ဘာက သြဇာလွှမ်း​မိုး​ထားသလဲဆိုတာ နားလည်​ပေးပါ။ (ပညာ. ၂၀:၅) ပေါလု​အကြောင်း ပြန်​သုံးသပ်​ကြည့်ပါ။ သူဟာ ဂျူးတွေ​ကြားမှာ ကြီးပြင်း​လာတယ်။ ယေဟောဝါနဲ့ ကျမ်းစာ​အကြောင်း မသိတဲ့ လူမျိုးခြားတွေကို ဟော​ဖို့ အလိုက်သင့် ပြောင်းလဲ​ခဲ့​ရမှာ သေချာတယ်။ ကျွန်တော်တို့လည်း ရပ်ကွက်မှာ​ရှိတဲ့ လူတွေကို စာနာ​နားလည်​ပေးဖို့ သူတို့​အကြောင်း လေ့လာ​ထား​နိုင်တယ်။ အသင်းတော်​ထဲ​က အတွေ့အကြုံ​ရှိသူတွေကို မေးကြည့်​နိုင်တယ်။၁ ကောရိန္သု ၉:၂၀-၂၃ ကိုဖတ်ပါ။

၈။ ကျမ်းစာ​အကြောင်း စကားစမြည် စပြော​နိုင်တဲ့ နည်း​တစ်နည်း​က ဘာလဲ။

ကျွန်တော်တို့ရဲ့ ပန်းတိုင်ဟာ “ထိုက်တန်​သူ” ကို ရှာ​ဖို့ ဖြစ်တယ်။ (မ. ၁၀:၁၁) ရှာတွေ့​နိုင်ဖို့ လူတွေရဲ့ သဘောထားကို မေး​ပြီး အာရုံစိုက် နားထောင်​ပေးရမယ်။ အင်္ဂလန်​နိုင်ငံက ညီအစ်ကို​တစ်ယောက်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင် ရရှိ​နိုင်ပုံ၊ သားသမီး ပြုစု​ပျိုးထောင်​နိုင်ပုံ၊ မတရားမှုကို ရင်ဆိုင်​ဖြေရှင်းနိုင်ပုံ​နဲ့​ပတ်သက်ပြီး လူတွေရဲ့ သဘောထားကို မေးလေ့​ရှိတယ်။ သူတို့​ပြောတာကို နားထောင်​ပြီးနောက် “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ နီးပါး​က ရေးခဲ့တဲ့ ဒီ​အကြံပြုချက်ကို ဘယ်လို ထင်သလဲ” လို့ မေးတယ်။ ပြီးနောက် “ကျမ်းစာ” ဆိုတဲ့ စကားလုံးကို မ​သုံး​ဘဲ အသေအချာ ရွေး​ထားတဲ့ ကျမ်းချက်တွေကို ဖုန်း​ထဲ​ကနေ ဖတ်​ပြတယ်။

လူတွေရဲ့ စိတ်နှလုံးကို ထိမိ​စေပါ

၉။ ဘုရား​အကြောင်း မပြော​ချင်​သူတွေကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

ဘုရားသခင်​အကြောင်း သိပ်​မပြော​ချင်​သူတွေရဲ့ စိတ်နှလုံးကို ထိမိ​နိုင်ဖို့ သူတို့​စိတ်ဝင်စားမယ့် အကြောင်းအရာကို ဆွေးနွေးပါ။ ဥပမာ၊ လူများစွာဟာ သဘာဝ​တရားကို အံ့သြ​ကြတယ်။ ဒါကြောင့် “သဘာဝ​မှာ ရှိပြီး​သား​အရာတွေကို သိပ္ပံ​ပညာရှင်​တွေ အတုခိုး​ပြီး တီထွင်​ဖန်တီး​ကြတယ်ဆိုတာ မိတ်ဆွေ သိ​မှာပါ။ ဥပမာ၊ နား​အကြောင်း လေ့လာပြီး မိုက်ခရို​ဖုန်းတွေ တီထွင်​ကြတယ်။ မျက်စိ​အကြောင်း လေ့လာပြီး ကင်မရာ​တွေ တီထွင်​ကြတယ်။ သဘာဝ​တရားကို ဘယ်လို ထင်သလဲ။ သဘာဝတရားဟာ သူ့အလိုလို ဖြစ်လာတာ​လား၊ တစ်ဦးဦး​က ဖန်ဆင်းခဲ့​တာ​လား” လို့ မေး​နိုင်တယ်။ သူ​ပြောတာကို နားထောင်​ပြီးနောက် “နား​နဲ့ မျက်စိ​ကို လေ့လာတဲ့ ပညာရှင်တွေဟာ တကယ်တော့ ဘယ်သူ့ဆီကနေ သင်ယူ​နေတာလဲ။ ရှေးခေတ် ကဗျာ​တစ်ပုဒ်​က စိတ်ဝင်စားစရာ​ပဲ။ ‘နားကို ဖန်ဆင်းတဲ့အရှင်​က မကြား​ဘဲ​နေ​မလား။ မျက်စိ​ကို ပြုလုပ်တဲ့​အရှင်​က မမြင်​ဘဲ​နေ​မလား။ ကိုယ်တော်ဟာ လူတွေကို အသိပညာ​ပေးတဲ့​အရှင်​ပဲ’ လို့ ပြော​ထားတယ်။ ဒီ​အချက်ကို သိပ္ပံ​ပညာရှင်​တချို့ သဘော​တူကြတယ်” လို့ ပြော​နိုင်တယ်။ (ဆာ. ၉၄:၉၊ ၁၀) ပြီးနောက် jw.org® မှာ တင်ထားတဲ့ “လူတွေ့​မေးမြန်းမှု​များ၊ တွေ့ကြုံမှုများ” ထဲ​က “အသက်ရဲ့ မူလအစ​အပေါ် ရှုမြင်ချက်များ” ဗီဒီယို​တစ်ခု ပြ​နိုင်တယ်။ (စာအုပ်​စာပေများ > ဗီဒီယိုများ မှာ​ကြည့်ပါ။) သက်ရှိ​များသည် ဖန်ဆင်း​ခံရခြင်းလော ဘရိုရှာ​ကိုလည်း ဝေငှ​နိုင်တယ်။

၁၀။ ဘုရားသခင်​အကြောင်း သိပ်​မပြော​ချင်​သူတွေနဲ့ ဘယ်လို စကား​စပြော​နိုင်သလဲ။

၁၀ လူများစွာဟာ ပို​ကောင်းတဲ့ အနာဂတ်ကို လိုချင်ကြ​တယ်။ ဒါပေမဲ့ ကမ္ဘာ ဖျက်ဆီး​ခံရမှာ၊ လူတွေ​နေထိုင်​လို့ မရအောင် ဖြစ်သွားမှာ စိုးရိမ်​နေကြတယ်။ ဘုရားသခင်​အကြောင်း မပြော​ချင်​သူတွေဟာ ကမ္ဘာ့​အခြေအနေ​အကြောင်း​တော့ ပြော​ချင်​ကြ​မှန်း နော်​ဝေ​နိုင်ငံက နယ်လှည့်​ကြီးကြပ်မှူး သတိပြုမိတယ်။ လူတွေကို နှုတ်ဆက်​ပြီးနောက် “ပို​ကောင်းတဲ့ အနာဂတ် ရနိုင်မယ်လို့ ထင်သလား။ အဲဒီ​အနာဂတ်​မျိုးကို ဘယ်သူ လုပ်ပေး​နိုင်မလဲ။ နိုင်ငံရေးသမား​တွေ​လား။ သိပ္ပံ​ပညာရှင်​တွေ​လား။ တခြား​တစ်ယောက်ယောက်​လား” လို့ မေးလေ့​ရှိတယ်။ သူတို့​ဖြေတာ​ကို ဂရုစိုက် နားထောင်​ပြီးနောက် ကောင်းမွန်​တဲ့ အနာဂတ်​အကြောင်း ဖော်ပြတဲ့ ကျမ်းချက်​တစ်ချက်​ကို ဖတ်​ပြတယ် ဒါမှမဟုတ် ရွတ်​ပြတယ်။ ကမ္ဘာကြီး ထာဝစဉ် တည်မယ်၊ အဲဒီမှာ လူကောင်း​တွေ ထာဝစဉ် နေထိုင်​ရမယ်ဆိုတဲ့ ကျမ်းစာကတိ​ကို လူတချို့ စိတ်ဝင်စား​ကြတယ်။—ဆာ. ၃၇:၂၉။ ဒေ. ၁:၄

၁၁။ ဘာကြောင့် ချဉ်းကပ်​နည်း အမျိုးမျိုး သုံးသင့်​သလဲ။ ရောမ ၁:၁၄-၁၆ မှာ ဖော်ပြ​ထားတဲ့ ပေါလုရဲ့ ပုံသက်သေကို ဘယ်လို တုပ​နိုင်သလဲ။

၁၁ ကျွန်တော်တို့ ချဉ်းကပ်​နည်း အမျိုးမျိုး သုံးသင့်တယ်။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့​တစ်ယောက် မတူကြလို့ပဲ။ စိတ်ဝင်စား​တာ​လည်း တူ​ချင်​မှ တူ​မယ်။ တချို့က ဘုရား​အကြောင်း၊ ကျမ်းစာ​အကြောင်း ဆွေးနွေး​ချင်​ကြပေမဲ့ တချို့ကတော့ သွယ်ဝိုက်​ပြော​မှ နားထောင်​ကြတယ်။ ဘာပဲ​ဖြစ်ဖြစ် လူအမျိုးမျိုးကို ဟော​ဖို့ အခွင့်အရေး ရှာယူ​သင့်တယ်။ (ရောမ ၁:၁၄-၁၆ ကိုဖတ်ပါ။) ဖြောင့်မတ်ခြင်း မြတ်နိုး​သူတွေရဲ့ စိတ်နှလုံး​ထဲ အမှန်တရား ကြီးထွား​စေ​သူဟာ ယေဟောဝါ​ဖြစ်ကြောင်း အမှတ်​ရသင့်တယ်။—၁ ကော. ၃:၆၊ ၇

အာရှ​တိုက်​သားတွေကို အမှန်တရား ဝေမျှခြင်း

သတင်းကောင်း ကြေညာသူ​များစွာဟာ ခရစ်ယာန် မဟုတ်တဲ့ နိုင်ငံက လူတွေကို စိတ်ဝင်စားမှု ပြပြီး ကျမ်းစာထဲက လက်တွေ့ကျ​အချက်တွေကို ဝေမျှ​နေ (အပိုဒ် ၁၂-၁၃ ကို​ကြည့်ပါ)

၁၂။ ဖန်ဆင်းရှင်​အကြောင်း မစဉ်းစား​ဖူး​တဲ့ အာရှ​တိုက်​သားတွေကို ဘယ်လို ဟော​နိုင်သလဲ။

၁၂ ကမ္ဘာတစ်ဝန်းမှာ ကြေညာသူ​များစွာဟာ ဘာသာရေး လုပ်ဆောင်မှုကို ကန့်သတ်​ထားတဲ့ နိုင်ငံသားတွေ အပါအဝင် အာရှတိုက်သား​တွေ​နဲ့ ဆုံ​နေ​ရတယ်။ အာရှနိုင်ငံ အတော်များများမှာ လူများစွာဟာ ဖန်ဆင်းရှင်​ရှိတယ်ဆိုတဲ့ အယူအဆကို တစ်ခါ​မှ မစဉ်းစား​ဖူး​ကြဘူး။ ကျမ်းစာ​သင်အံမှု တိုက်ရိုက် ကမ်းလှမ်းတာကို တချို့ လက်ခံပေမဲ့ တချို့ကတော့ အယူအဆ​သစ်​တွေကို စူးစမ်း​ဖို့ အစပိုင်းမှာ တွန့်ဆုတ်​ကြတယ်။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ အာလာပသလ္လာပ ပြော​ရင်း စကား​စ​တာ၊ စိတ်ဝင်စားမှု ပြတာ၊ ကျမ်းစာမူ​တစ်ခုကို လိုက်နာခြင်းက ဘဝကို ဘယ်လို တိုးတက်​ကောင်းမွန်စေ​ကြောင်း စကားစပ်​မိ​တဲ့အခါ ပြောတာ​တွေ​ကနေ ဝါရင့်​ကြေညာသူ​တချို့ အောင်မြင်မှု ရ​နေတယ်။

၁၃။ ကျမ်းစာကို လူတွေ စိတ်ဝင်စား​လာ​အောင် ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၃ လူများစွာဟာ ကျမ်းစာထဲက လက်တွေ့ကျ ပညာရှိ​စကားတွေကို သဘောကျကြတယ်။ (ဒေ. ၇:၁၂) နယူးယောက်၊ မန်ဒရင်း​စကားပြော ရပ်ကွက်မှာ အမှုဆောင်တဲ့ ညီအစ်မ​တစ်ယောက် ဒီလို​ပြောတယ်– “လူတွေကို စိတ်ဝင်စားမှု ပြပြီး နားထောင်​ပေးတယ်။ ပြောင်းရွှေ့​လာ​ခါ​စ လူသစ်တွေကို ‘နေရတာ အဆင်ပြေ​လား။ အလုပ် ရပြီလား။ ဒေသခံတွေက ကောင်းကောင်း ဆက်ဆံ​ရဲ့​လား’ လို့ မေးလေ့​ရှိတယ်။” အဲဒါက တစ်ခါတလေ ကျမ်းစာ​အကြောင်း ပြောဖို့ လမ်းစ​ပွင့်စေ​တယ်။ သင့်တော်​တဲ့အခါ “လူတွေနဲ့ အဆင်ပြေ​ဖို့ ဘာက အဓိက​ကျတယ်​လို့ ထင်သလဲ။ ကျမ်းစာထဲက ပညာရှိ​စကား​တစ်ခု ဖတ်ပြပါ​ရစေ။ ‘ရန်ပွဲကို အစပျိုး​လိုက်တာ​ဟာ ရေ​တံခါး​ကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ​မဖြစ်ခင် ရှောင်​ထွက်သွား​ပါ။’ ဒီ​အကြံပြုချက်​က တခြား​သူတွေနဲ့ အဆင်ပြေ​နိုင်အောင် ကူညီမယ်လို့ ထင်သလား” လို့ ဆက်​ပြောလေ့ရှိ​တယ်။ (ပညာ. ၁၇:၁၄) ဒီ​နည်း​က တကယ် စိတ်ဝင်စားတဲ့​သူတွေကို ခွဲခြား​သိရှိ​စေနိုင်တယ်။

၁၄။ အရှေ့တိုင်း​မှာ ညီအစ်ကို​တစ်ယောက်က ဘုရားကို မယုံတဲ့​သူတွေကို ဘယ်လို ကူညီပေး​သလဲ။

၁၄ ဘုရားကို မယုံ​ဘူးလို့ ပြောတဲ့​သူတွေကို​ကော။ အရှေ့တိုင်း​မှာ ဘာသာတရားမဲ့​သူတွေကို ဟောပြောခဲ့တဲ့ ဝါရင့်​ညီအစ်ကို​တစ်ယောက် ဒီလို​ပြောတယ်– “‘ဘုရားကို မယုံ​ဘူး’ လို့​ပြောတာက တကယ်တော့ ဒေသခံ​တွေ ကိုးကွယ်တဲ့ ဘုရား​တွေကို ပြောတာ။ ဒါကြောင့် ဘုရား​အများစုက လူ​လုပ်တဲ့ ဘုရား​တွေ ဖြစ်ကြောင်း၊ ဘုရား​အစစ်အမှန် မဟုတ်​ကြောင်း ထောက်ခံ​ပြီးနောက် ‘လူက ကိုယ့်​အတွက် ဘုရား​တွေ လုပ်နိုင်​ပါ့မလား။ လူ​လုပ်တဲ့​အရာတွေ​ဟာ ဘုရားစစ်​ဘုရားမှန်​မှ မဟုတ်တာ’ ဆိုတဲ့ ယေရမိ ၁၆:၂၀ ကို ဖတ်ပြလေ့​ရှိတယ်။ ပြီးနောက် ‘လူ​လုပ်တဲ့ ဘုရားနဲ့ စစ်မှန်တဲ့ ဘုရားကို ဘယ်လို ခွဲခြား​နိုင်မလဲ’ လို့ မေးတယ်။ သူတို့​အဖြေကို ဂရုစိုက် နားထောင်​ပြီးနောက် ‘မင်းတို့ဟာ ဘုရား​တွေ​ဖြစ်မှန်း ငါ​တို့​သိအောင် အနာဂတ်မှာ ဖြစ်​လာမယ့်​အရာတွေကို ပြောပြပါ’ ဆိုတဲ့ ဟေရှာယ ၄၁:၂၃ ကို ဖတ်​ပြတယ်။ ပြီးတော့ အနာဂတ်​အကြောင်း ယေဟောဝါ ကြို​ဟောထားတဲ့ ဥပမာတစ်ခု ပြ​လိုက်တယ်။”

၁၅။ အရှေ့​အာရှ​က ညီအစ်ကို​တစ်ယောက်​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၅ အရှေ့​အာရှ​က ညီအစ်ကို​တစ်ယောက်လည်း ပြန်လည်ပတ်မှု​တွေ​မှာ အဲဒီ​ချဉ်းကပ်​နည်းကို သုံးတယ်။ “ကျမ်းစာထဲက လက်တွေ့ကျ အချက်​တွေ၊ ပြည့်စုံ​ပြီးသား ကြိုဟောချက်​တွေ၊ စကြဝဠာ​ကို ထိန်းချုပ်​ထားတဲ့ နိယာမ​တရား​တွေကို ပြပြီး အဲဒါတွေ​အားလုံး​က အသက်ရှင်​တဲ့ ပညာရှိ ဖန်ဆင်းရှင် ရှိတာကို ထောက်ခံ​နေကြောင်း ပြောတယ်။ ဘုရား​ရှိတယ်ဆိုတဲ့ အချက်ကို လက်ခံ​တဲ့အခါ ယေဟောဝါနဲ့​ပတ်သက်တဲ့ ကျမ်းစာ​အဆိုကို ပြောပြတယ်” လို့ ပြောတယ်။

၁၆။ ဟီဘရူး ၁၁:၆ အရ ကျမ်းစာသင်​သားတွေဟာ ဘုရားသခင်နဲ့ ကျမ်းစာကို ယုံကြည်ဖို့ ဘာကြောင့် လိုသလဲ။ သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။

၁၆ ဘာသာတရားမဲ့​သူတွေနဲ့ ကျမ်းစာ​လေ့လာတဲ့​အခါ ဘုရား​ရှိတာကို ပို​ယုံကြည်​လာ​အောင် အဆက်မပြတ် ကူညီ​ပေးရမယ်။ (ဟီဘရူး ၁၁:၆ ကိုဖတ်ပါ။) ကျမ်းစာကို ယုံကြည်​လာ​အောင်​လည်း ကူညီ​ပေးရမယ်။ အဲဒီလို ကူညီဖို့ အချက်တချို့ကို အထပ်ထပ် ပြောဖို့ လို​နိုင်တယ်။ ကျမ်းစာဟာ ဘုရားသခင့်​စကားတော် ဖြစ်ကြောင်း အထောက်အထားတွေကို ကျမ်းစာ​လေ့လာချိန်​တိုင်းမှာ ဆွေးနွေး​ဖို့ လို​နိုင်တယ်။ ပြည့်စုံ​ပြီးသား ကျမ်းစာ​ကြိုဟောချက်​တွေ၊ သိပ္ပံနဲ့ သမိုင်း​ဆိုင်ရာ တိကျ​မှန်ကန်မှု​တွေ၊ လက်တွေ့ကျ အချက်တွေကို ဆွေးနွေး​နိုင်တယ်။

၁၇။ ကျွန်တော်တို့ရဲ့ မေတ္တာက လူတွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်သလဲ။

၁၇ ဘာသာတရား ရှိသူ​ကို​ဖြစ်စေ၊ မရှိသူ​ကို​ဖြစ်စေ မေတ္တာ​ပြခြင်းအားဖြင့် ခရစ်တော်ရဲ့ တပည့် ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပေး​ကြတယ်။ (၁ ကော. ၁၃:၁) ပန်းတိုင်​ကတော့ ဘုရားက ကျွန်တော်တို့ကို ချစ်ကြောင်း၊ မိမိကို ပြန်​ချစ်​စေ​ချင်​ကြောင်း သိလာစေဖို့​ပဲ။ ဘာသာရေး​ကို စိတ်မဝင်စား​သူ ထောင်ပေါင်း​များစွာဟာ ဘုရားကို ချစ်​လာတဲ့​အတွက် နှစ်​တိုင်း နှစ်ခြင်းခံ​နေကြတယ်။ ဒါကြောင့် အပြုသဘော ရှိပါ။ လူအမျိုးမျိုးကို မေတ္တာ​ပြပါ။ စိတ်ဝင်စားပါ။ နားထောင်​ပေးပါ။ နားလည်​ပေးပါ။ ခရစ်တော်ရဲ့ တပည့်​ဖြစ်လာအောင် ပုံသက်သေ​နဲ့ သွန်သင်​ပေးပါ။

သီချင်း ၇၆ ဘယ်လို ခံစားရ​လဲ

^ အပိုဒ်၊ 5 ဘာသာတရားမဲ့​သူတွေကို အရင်ကထက် ပို​တွေ့​လာ​ရတယ်။ သူတို့ကို ကျမ်းစာ​အမှန်တရား ဘယ်လို ဝေမျှ​နိုင်ကြောင်း၊ ကျမ်းစာနဲ့ ယေဟောဝါကို ယုံကြည်​လာ​အောင် ဘယ်လို ကူညီ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 1 စစ်တမ်း​ကောက်ချက်​တွေ​အရ အဲဒီ​နိုင်ငံ​တချို့ကတော့ အယ်လ်ဘေးနီးယား၊ ဩစတြေးလျ၊ ဩစတြီးယား၊ အဇာဘိုင်ဂျန်၊ ကနေဒါ၊ တရုတ်၊ ချက်​သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိုင်ယာလန်၊ အစ္စရေး၊ ဂျပန်၊ တောင်​ကိုရီးယား၊ နယ်သာလန်၊ နော်​ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေ၊ ဗီယက်နမ်​တို့ ဖြစ်တယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– ဘာသာတရားမဲ့​သူတွေ ဆိုတဲ့ အသုံးအနှုန်း​က ဘာသာရေး​အဖွဲ့ တစ်ခုခု​မှာ မပါဝင်​သူ၊ ဘုရားကို မယုံ​သူတွေကို ဆိုလိုတယ်။

^ အပိုဒ်၊ 54 ပုံ​အညွှန်း– အတူ​အလုပ်​လုပ်တဲ့ ဆေးရုံ​ဝန်ထမ်းကို ညီအစ်ကို​တစ်ယောက် သက်သေခံ​နေ။ သူဟာ နောက်ပိုင်းမှာ အင်္ဂလိပ်​လို jw.org ထဲ​က အွန်လိုင်း ကျမ်းစာ လေ့လာမှု သင်ခန်းစာများ​ကို ဝင်​ကြည့်နေ။