မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု အသေခံခဲ့တာ တကယ်ပဲ ငါ့အတွက်လား

ယေရှု အသေခံခဲ့တာ တကယ်ပဲ ငါ့အတွက်လား

“ကျွန်တော်တို့​လို​ပဲ ခံစားချက်​ရှိတဲ့” သစ္စာရှိ အမျိုးသားတွေရဲ့ စကားတွေကို ကျမ်းစာထဲမှာ ဖတ်​ရတယ်။ (ယာ. ၅:၁၇) ဥပမာ၊ ရောမ ၇:၂၁-၂၄ မှာ ‘မှန်တာကို လုပ်ချင်တဲ့​အခါ မကောင်းတာ လုပ်ချင်စိတ်​က ကျွန်တော့်​ဆီမှာ ရှိ​နှင့်​နေတယ်။ ကျွန်တော့်​အဖြစ် ဆိုး​လိုက်တာ’ ဆိုတဲ့ ပေါလုရဲ့ စကားကို ကျွန်တော်တို့ နားလည်​နိုင်ပါတယ်။ အဲဒီ​စကားတွေက အားနည်းချက်တွေကို တိုက်လှန်​နေရတဲ့ ကျွန်တော်တို့ကို အားရှိစေတယ်။

တခြား​ခံစားချက်တွေ​အကြောင်းလည်း ပေါလု ပြောတယ်။ ‘ယေရှု​က ကျွန်တော့်ကို​ချစ်​ပြီး ကျွန်တော့်​အတွက် အသက်​စွန့်ခဲ့တယ်’ လို့ ဂလာတိ ၂:၂၀ မှာ ပြောတယ်။ ဒါကို ပေါလု အခိုင်အမာ ယုံကြည်တယ်။ သင်​ကော။ အမြဲ​တော့ အဲဒီလို ယုံချင်မှ ယုံမယ်။

အရင်က အပြစ်​လုပ်ခဲ့လို့ တန်ဖိုး​မရှိဘူး​ဆိုပြီး ခံစား​နေရ​ရင် ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ခွင့်လွှတ်တယ်​ဆိုတာ ယုံဖို့ တစ်ခါတလေ ခက်​နိုင်တယ်။ ယေရှုရဲ့ ရွေးဖိုး​က ကျွန်တော်တို့​တစ်ဦးစီ​ကို ပေးထားတဲ့ လက်ဆောင်ပါ​ဆိုတာ လက်ခံဖို့ ပိုလို့တောင် ခက်​နိုင်တယ်။ ယေရှုဟာ မိမိ​ရွေးဖိုး​ကို လက်ဆောင်​အဖြစ် ရှုမြင်​စေ​ချင်​သလား။ ဒီလို ရှုမြင်​နိုင်အောင် ဘာက ကူညီ​ပေးနိုင်​မလဲ။ အဲဒီ​မေးခွန်း နှစ်ခု​ကို သုံးသပ်​ကြည့်ရအောင်။

မိမိ​ပူဇော်သက္ကာ​အပေါ် ယေရှုရဲ့ ရှုမြင်ပုံ

ယေရှုဟာ မိမိရဲ့ ပူဇော်သက္ကာ​ကို ကျွန်တော်တို့​တစ်ဦးစီအတွက် လက်ဆောင်​အဖြစ် ရှုမြင်​စေချင်တယ်။ ဒါကို ဘယ်လို သိရသလဲ။ လုကာ ၂၃:၃၉-၄၃ မှာပါတဲ့ မြင်ကွင်း​ကို ပုံဖော်​ကြည့်ပါ။ လူတစ်ယောက် ယေရှု​ဘေးမှာ သစ်တိုင်တင်​ခံ​နေ​ရတယ်။ သစ်တိုင်တင်​ခံရ​တာ​ဆိုတော့ အပြစ် တော်​တော် ကြီး​လို့​ပဲ။ အပြစ်တွေ ကျူးလွန်​ခဲ့​ကြောင်း သူ​ဝန်ခံ​ပြီး “ဘုရင်​ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” လို့ ယေရှုကို အသနားခံ​တယ်။

ယေရှု ဘယ်လို တုံ့ပြန်​သလဲ။ ဝေဒနာ အကြီးအကျယ် ခံစား​နေရတာ​တောင် ရာဇဝတ်သား​ဘက် လှည့်ကြည့်​ပြီး အားတင်း​ပြုံးပြရင်း “ဒီနေ့ ကျွန်တော် မှန်တာကို​ပြောမယ်။ ခင်ဗျားဟာ ကျွန်တော်​နဲ့​အတူ ပရဒိသုမှာ ရှိ​လိမ့်မယ်” လို့ အာမခံတယ်။ ‘လူသားဟာ လူအများ​အတွက် ရွေးဖိုး​အဖြစ် အသက်ကို ပေးဖို့ ရောက်လာတာ’ လို့ ယေရှု ပြောလိုက်ရင်​လည်း ရတာပဲ။ (မ. ၂၀:၂၈) ဒါပေမဲ့ မိမိရဲ့ ပူဇော်သက္ကာဟာ အဲဒီ​ရာဇဝတ်သား​အတွက်​ဖြစ်ကြောင်း ပြောပြတယ်။ ရင်းနှီးတဲ့​သဘော​နဲ့ “ကျွန်တော်၊” “ခင်ဗျား” ဆိုတဲ့ နာမ်စား​တွေကို သုံးပြီး ပရဒိသုမှာ အသက်ရှင်​ရလိမ့်မယ်လို့ ပြောခဲ့တယ်။

မိမိရဲ့ ပူဇော်သက္ကာ​ကို ရာဇဝတ်သား​အတွက် လက်ဆောင်​အဖြစ် ယေရှု လက်ခံ​စေ​ချင်​တာ ရှင်း​နေပါ​တယ်။ ဘုရားကို ဝတ်ပြု​ဖို့ အခွင့်အရေး မရခဲ့​တဲ့ ရာဇဝတ်သားကိုတောင် ယေရှု အဲဒီလို လက်ခံ​စေ​ချင်​ရင် ဘုရားကို ဝတ်ပြု​နေတဲ့ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန်​တစ်ယောက်ကို ပိုလို့တောင် လက်ခံ​စေချင်မှာ သေချာတယ်။ ဒါဆို အရင်က အပြစ်တွေ ကျူးလွန်​ခဲ့ရင်​တောင် ယေရှုရဲ့ ရွေးဖိုး​ကနေ ကျွန်တော်တို့ ယောက်​တိုင်း အကျိုး​ခံစားနိုင်ဖို့ ဘာက ကူညီပေး​မလဲ။

ပေါလုကို ကူညီ​ပေးခဲ့တဲ့​အရာ

အမှုဆောင်​လုပ်ငန်း ပေးအပ်​ခံရလို့ မိမိ​အတွက် ယေရှု အသေ​ခံခဲ့တယ်​လို့ ပေါလု ခံစား​ရတယ်။ ဒါကြောင့် “ငါ့ကို အစွမ်း​တန်ခိုး​ပေးတဲ့ သခင်​ခရစ်တော်​ယေရှုကို ကျေးဇူး​တင်တယ်။ ခရစ်တော်​က ငါ့ကို သစ္စာ​ရှိသူ​လို့ ယူမှတ်​ပြီး ဘုရား​အမှုဆောင်ဖို့ ခန့်အပ်ထား​လို့​ပဲ။ ငါဟာ အရင်က ဘုရားကို စော်ကား​ပြောဆိုသူ၊ ညှဉ်းပန်း​နှိပ်စက်​သူ၊ ရိုင်းစိုင်း​သူ​ဖြစ်ခဲ့တာ​တောင် အဲဒီလို ခန့်အပ်​ခံရတယ်” လို့ ပေါလု ပြောတယ်။ (၁ တိ. ၁:၁၂-၁၄) မကောင်းမှုတွေ ကျူးလွန်ခဲ့တဲ့ ပေါလုကို တာဝန်​ခန့်အပ်ခြင်း​က ယေရှု သူ့ကို ချစ်ကြောင်း၊ ယုံကြည်​ကြောင်း စိတ်ချ​စေတယ်။ ကျွန်တော်တို့ ယောက်​တိုင်း​ကိုလည်း သတင်းကောင်း ဟောပြောဖို့ ယေရှု တာဝန်​ပေးထားတယ်။ (မ. ၂၈:၁၉၊ ၂၀) ကျွန်တော်တို့လည်း ပေါလု​လို ခံစားရ​သလား။

နှင်ထုတ်​ခံရ​တာ ၃၄ နှစ် ကြာပြီးနောက် ယေဟောဝါ​ဆီ မကြာသေးခင်က ပြန်​လှည့်လာ​တဲ့ အဲလ်ဘတ် ဒီလို​ပြောတယ်– “ကိုယ့်​အပြစ်တွေကို အတွေး​ထဲ​ကနေ မ​ဖျောက်​နိုင်ဘူး။ ဒါပေမဲ့ အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ ယေရှု​က ကျွန်တော့်ကို ဒီတာဝန်ပေး​ထားတာ​ဆိုပြီး ခံစား​ရတယ်။ တမန်တော်​ပေါလု​လို​ပေါ့။ ဒါက ကျွန်တော့်ကို ပျော်ရွှင်​စေပြီး ကိုယ့်​အပေါ်၊ ကိုယ့်​ဘဝနဲ့ အနာဂတ်​အပေါ် အပြုသဘော ရှိစေတယ်။”—ဆာ. ၅၁:၃

လူအမျိုးမျိုးကို ကျမ်းစာသင်​ပေးတဲ့​အခါ ယေရှုရဲ့ မေတ္တာနဲ့ ကရုဏာကို စိတ်ချစေပါ

အမှန်တရား မသိ​ခင်​က ရာဇဝတ်မှု​များစွာ ကျူးလွန်​ပြီး ကြမ်းကြုတ်​ခဲ့​တဲ့ အယ်လန် ဒီလို ဝန်ခံတယ်– “လူတွေ ဒုက္ခရောက်​အောင် လုပ်ခဲ့တာတွေကို ပြန်တွေး​မိ​နေတုန်းပဲ။ တစ်ခါတလေ စိတ်ဓာတ်ကျ​မိတယ်။ ဒါပေမဲ့ ကျွန်တော့်​လို အပြစ်သားကို သတင်းကောင်း ဟောပြော​ခွင့် ပေးတဲ့​အတွက် ယေဟောဝါကို သိပ်​ကျေးဇူး​တင်တယ်။ သတင်းကောင်းကို လူတွေ တုံ့ပြန်တဲ့​အခါ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းနဲ့ မေတ္တာကို ပို​သိလာတယ်။ ကိုယ့်​လို နောက်ခံ​ရှိသူတွေကို ကူညီ​ပေးဖို့ ကျွန်တော့်ကို ယေဟောဝါ အသုံးပြု​နေတယ်လို့ ခံစား​ရတယ်။”

အမှုဆောင်​လုပ်ငန်းမှာ ပါဝင်တာက ကောင်းတာကို လုပ်ဖို့၊ တွေးတောဖို့ ကူညီ​ပေးတယ်။ ဒီ​လုပ်ငန်းမှာ ပါဝင်ခြင်းက ကျွန်တော်တို့ကို ယေရှု ချစ်​မှန်း၊ ယုံကြည်​မှန်း စိတ်ချ​စေတယ်။

ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထက် ပို​ကြီးမြတ်

စာတန့် စနစ်ဆိုး ကုန်ဆုံးချိန် မရောက်မချင်း အရင်က အပြစ်တွေရဲ့ ထိုးနှက်မှု​ကို ဆက်ခံ​ရနိုင်တယ်။ တိုက်လှန်​နိုင်အောင် ဘာက ကူညီပေး​မလဲ။ လူငယ်​ဘဝ​တုန်း​က နှစ်ဘဝ​စံ​ခဲ့လို့ အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်ကို တိုက်လှန်​နေရတဲ့ ဂျန်းက “‘ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထက် ပို​ကြီးမြတ်တယ်’ ဆိုတဲ့ ကျမ်း​စကားကို ကျွန်မ ကြိုက်တယ်” လို့ ပြောတယ်။ (၁ ယော. ၃:၁၉၊ ၂၀) ကျွန်တော်တို့လည်း ကိုယ့်​အခြေအနေကို ကိုယ့်​သိတာထက် ယေဟောဝါနဲ့ ယေရှု ပိုသိတယ်ဆိုတာ နားလည်​မယ်​ဆိုရင် နှစ်သိမ့်မှု ရနိုင်တယ်။ ရွေးဖိုးဟာ စုံလင်တဲ့ လူသားတွေ​အတွက် မဟုတ်ဘဲ နောင်တ​ရတဲ့ အပြစ်သားတွေ​အတွက် ဖြစ်ကြောင်း မမေ့ပါနဲ့။—၁ တိ. ၁:၁၅

မစုံလင်တဲ့ လူသားတွေကို ယေရှု ဆက်ဆံပုံ​အကြောင်း အသေအချာ တွေးတော​ပြီး ယေရှု ပေးအပ်​တဲ့ အမှုဆောင်​လုပ်ငန်းကို ကျေပွန်​အောင် အကောင်းဆုံး လုပ်ဆောင်မယ်​ဆိုရင် ရွေးဖိုးဟာ ကိုယ့်​အတွက်​ဖြစ်ကြောင်း စိတ်ချ​လာမယ်။ ဒီ​နည်း​အားဖြင့် ‘ယေရှု​က ကျွန်တော့်ကို ချစ်​ပြီး ကျွန်တော့်​အတွက် အသက်​စွန့်ခဲ့တယ်’ ဆိုပြီး ပေါလု​လို ပြောနိုင်​ပါလိမ့်မယ်။