မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု ဘယ်​အချိန်​မှာ ပုရောဟိတ်မင်း ဖြစ်လာ​သလဲ။ ပဋိညာဉ်​သစ်​ကို ဘယ်​အချိန်​မှာ အတည်ပြုခဲ့​သလဲ

အထောက်အထား​တွေ​အရ ယေရှုဟာ အေဒီ ၂၉၊ နှစ်ခြင်း​ခံ​ချိန်မှာ ပုရောဟိတ်မင်း ဖြစ်လာတယ်။ ဘာ​အထောက်အထား​တွေ ရှိသလဲ။ နှစ်ခြင်း​ခံ​ချိန်မှာ ယေရှုဟာ ဘုရားသခင့် “အလိုတော်” ဆိုတဲ့ ပလ္လင်​မှာ ကိုယ့်ကိုယ်ကိုယ် ဆက်သခဲ့တယ်။ (ဂလ. ၁:၄။ ဟီ. ၁၀:၅-၁၀) ပလ္လင်​ဆိုတာ ဗိမာန်တော်ရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်တယ်။ ယေရှု နှစ်ခြင်း​ခံ​ချိန်မှာ ပုံဆောင် ပလ္လင် ရှိပြီ ဖြစ်လို့ ပုံဆောင် ဗိမာန်တော်လည်း စတင် တည်ရှိ​လာတာ ဖြစ်ရမယ်။ ယေဟောဝါ​ရဲ့ ပုံဆောင် ဗိမာန်တော်ဟာ ယေရှုရဲ့ ရွေးဖိုး​ပေါ် အခြေခံ​တဲ့ စင်ကြယ်​တဲ့ ဝတ်ပြုရေး အစီအစဉ်ကို ကိုယ်စား​ပြုတယ်။—မ. ၃:၁၆၊ ၁၇။ ဟီ. ၅:၄-၆

ပုံဆောင် ဗိမာန်တော် ရှိလာပြီ ဖြစ်လို့ အဲဒီမှာ အမှုဆောင်​မယ့် ပုရောဟိတ်မင်း ရှိရမယ်။ ဒါကြောင့် ယေဟောဝါ​က ယေရှုကို “သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ပြီး တန်ခိုး​ပေးတယ်။” (တ. ၁၀:၃၇၊ ၃၈။ မာ. ၁:၉-၁၁) ဒါပေမဲ့ ယေရှု မသေဆုံးခင်၊ မထမြောက်​ခင်မှာ ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်​ခံရ​ကြောင်း ကျွန်တော်​တို့ ဘယ်လို သိနိုင်​သလဲ။ မောရှေ​ပညတ်​အောက်မှာ ပုရောဟိတ်မင်း​တွေ​အဖြစ် အမှုဆောင်ခဲ့တဲ့ အာရုန်​နဲ့ သူ့ကို ဆက်ခံသူ​တွေ​အကြောင်း သုံးသပ်ကြည့်​ပါ။

ပညတ်တရား​အရ ပုရောဟိတ်မင်း​တစ်ယောက်ပဲ အသန့်ရှင်းဆုံး​အခန်း​ထဲ ဝင်ခွင့် ရှိတယ်။ အသန့်ရှင်းဆုံး​အခန်း​နဲ့ သန့်ရှင်း​ရာ​အခန်း​ကို ကန့်​လန်​ကာ​နဲ့ ကာ​ထားတယ်။ အပြစ်ဖြေရာ​နေ့မှာပဲ ပုရောဟိတ်မင်း​က ကန့်​လန်​ကာ​ကို ဖြတ်​ပြီး အထဲ​ကို ဝင်တယ်။ (ဟီ. ၉:၁-၃၊ ၆၊ ၇) အာရုန်​နဲ့ သူ့ကို ဆက်ခံသူ​တွေ​ဟာ တဲတော်​ရဲ့ “ကန့်လန့်ကာ​ကို ဖြတ်” မသွား​ခင် ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်​ခံရ​ပြီးသား ဖြစ်ရမယ်။ အဲဒီလိုပဲ ယေရှုလည်း မသေဆုံးခင်၊ “ကိုယ်ခန္ဓာ” နဲ့​တူတဲ့ “ကန့်​လန်​ကာ” ကို ဖြတ်ပြီး ကောင်းကင်​အသက်တာကို မ​ထမြောက်​ခင် ယေဟောဝါ​ရဲ့ ပုံဆောင် ဗိမာန်တော်မှာ ပုရောဟိတ်မင်း​အဖြစ် ခန့်အပ်​ခံရ​တာ ဖြစ်ရမယ်။ (ဟီ. ၁၀:၂၀) ဒါကြောင့် တမန်​တော် ပေါလုက ယေရှုဟာ “ပုရောဟိတ်မင်း​အဖြစ်” ရောက်လာ​ပြီး “လူတွေ ဆောက်​ထားတာ” မဟုတ်တဲ့၊ “ပိုကြီးမြတ်​သာလွန်​တဲ့ တဲတော်​ထဲ၊” အဲဒီနောက် “ကောင်းကင်” ထဲ ဝင်​သွားတယ်လို့ ပြောတာ ဖြစ်တယ်။—ဟီ. ၉:၁၁၊ ၂၄

ကောင်းကင်​ကို ယေရှု တက်​သွားပြီး စုံလင်တဲ့ လူ့​အသက်ကို ကျွန်တော်​တို့အတွက် ဆက်သ​ချိန်မှာ ပဋိညာဉ်​သစ်​ကို အတည်ပြု​ပေးတဲ့ အစီအစဉ် စတင်​ခဲ့တယ်။ အဲဒီ​အစီအစဉ်မှာ ဘယ်​အချက်​တွေ ပါဝင်​သလဲ။

ဦးဆုံး၊ ယေဟောဝါ​ရှေ့ ယေရှု အခစား ဝင်တယ်။ ဒုတိယ၊ ပူဇော်သက္ကာ​တန်ဖိုး​ကို ယေဟောဝါ​ဆီ ဆက်သတယ်။ တတိယ၊ ယေရှု​သွေးရဲ့ တန်ဖိုး​ကို ယေဟောဝါ လက်ခံတယ်။ အဲဒီ​အချက်​တွေ လုပ်ဆောင်​ပြီးမှ ပဋိညာဉ်​သစ် အတည်​ဖြစ်မှာ။

ယေရှုရဲ့ ပူဇော်သက္ကာ​တန်ဖိုး​ကို ယေဟောဝါ ဘယ်​အချိန်မှာ လက်ခံ​သလဲ​ဆိုတာ ကျမ်းစာ​မှာ အတိအကျ မပြောဘူး။ ဒါကြောင့် ပဋိညာဉ်​သစ်​ကို ဘယ်​အချိန်​မှာ အတည်ပြု​သလဲ​ဆိုတာ ကျွန်တော်​တို့ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ ပင်တေကုတ္တေပွဲ မတိုင်ခင် ဆယ်ရက်​အလိုမှာ ယေရှု ကောင်းကင် တက်​သွားတယ်​ဆိုတာကိုတော့ ကျွန်တော်​တို့ သိတယ်။ (တ. ၁:၃) အဲဒီ​အချိန်တို​အတွင်း တစ်ချိန်ချိန်​မှာ ယေရှု​က ပူဇော်သက္ကာ​တန်ဖိုး​ကို ယေဟောဝါ​ဆီ ဆက်သ​ပြီး ယေဟောဝါ​က​လည်း လက်ခံခဲ့တယ်။ (ဟီ. ၉:၁၂) ပဋိညာဉ်သစ် အစပြုပြီဆိုတဲ့ အထောက်အထား​ကို ပင်တေကုတ္တေပွဲ​မှာ အထင်အရှား မြင်ရတယ်။ (တ. ၂:၁-၄၊ ၃၂၊ ၃၃) ပဋိညာဉ်​သစ် အတည်​ဖြစ်ပြီး စတင် အကျိုး​သက်ရောက်​နေတာ ထင်ရှား​လာ​ပါပြီ။

အချုပ်​အားဖြင့်၊ ယေရှု​သွေးရဲ့ တန်ဖိုး​ကို ယေဟောဝါ လက်ခံ​ပြီးနောက်၊ ပဋိညာဉ်​သစ်​ထဲ ဘိသိက်ခံတွေကို ပါဝင်စေပြီးနောက် ပဋိညာဉ်သစ်ကို အတည်ပြု​လိုက်တာ ဖြစ်တယ်။ ဖျန်ဖြေသူ​အဖြစ် အမှုဆောင်တဲ့ ပုရောဟိတ်မင်း ယေရှုရဲ့ လက်အောက်​မှာ ပဋိညာဉ်​သစ် စတင်​အကျိုး​သက်ရောက်​လာတယ်။—ဟီ. ၇:၂၅။ ၈:၁-၃၊ ၆။ ၉:၁၃-၁၅