မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

လုပ်ရမယ့် ဝတ္တရားကို လုပ်ခဲ့ရုံလေးပါ

လုပ်ရမယ့် ဝတ္တရားကို လုပ်ခဲ့ရုံလေးပါ

ဒေါ်နယ် ရစ်လီ​ဟာ ယေဟောဝါသက်သေ​တွေ​ရဲ့ တရားရေး​ကိစ္စ​တွေ​မှာ ရှေ့နေ​အဖြစ် နှစ်ပေါင်း ၃၀ ကျော် တာဝန်​ထမ်းဆောင်​ခဲ့တယ်။ လူနာ​တွေ​မှာ သွေးသွင်း​ခြင်း​ကို ငြင်းဆို​ပိုင်ခွင့် ရှိကြောင်း ဆရာဝန်တွေ၊ တရားသူကြီး​တွေ နားလည်​လာအောင် ကူညီ​ပေးရာမှာ အဓိက အခန်းကဏ္ဍ​ကနေ ပါဝင်​ခဲ့​သူ ဖြစ်တယ်။ သူ့​အကူအညီ​ကြောင့် အမေရိကန် တရားရုံး​တွေ​မှာ အမှု​များစွာ အနိုင်​ရခဲ့တယ်။ မိတ်ဆွေ​တွေ​ရဲ့ အပြော​အရ ဒွန်​ဟာ ဝီရိယ ရှိတယ်။ နှိမ့်ချတယ်။ ကိုယ်ကျိုး​စွန့် စိတ်ဓာတ် ရှိတယ်။

ကုသ​လို့ မရတဲ့ ရှားပါး အာရုံကြော​ရောဂါ​တစ်မျိုး ဒွန်​မှာ ရှိနေကြောင်း ၂၀၁၉ မှာ စစ်ဆေး​တွေ့ရှိ​ခဲ့တယ်။ အချိန်တို​အတွင်းမှာပဲ ရောဂါဆိုး​လာပြီး ၂၀၁၉၊ ဩဂုတ် ၁၆ မှာ ဆုံး​သွားတယ်။ ဒါကတော့ ဒွန်​ရဲ့ ဘဝ​အတ္ထုပ္ပတ္တိ​ပါ။

၁၉၅၄၊ အမေရိကန်၊ မင်နီစိုတာ​ပြည်နယ်၊ စိန့်​ပေါလ်​မြို့မှာ ကျွန်တော် မွေးလာတယ်။ မိဘတွေက လူ​လတ်​တန်း​စား ရိုမန်ကက်သလစ်​တွေ​ပါ။ မွေးချင်း ငါးယောက်​မှာ ကျွန်တော်​က ဒုတိယ။ ငယ်ငယ်တုန်းက ကက်သလစ်​ကျောင်း​မှာ တက်ခဲ့​ရတယ်။ ချာ့ခ်ျ​ပွဲတော်​တွေ​မှာ ဘုန်းကြီး​ကို ဝိုင်းကူ​ပေး​ရတယ်။ ဒါပေမဲ့ ကျမ်းစာ​အသိပညာ သိပ်​မရှိဘူး။ အရာခပ်သိမ်း​ကို ဖန်ဆင်းတဲ့ ဘုရား​တစ်ပါး ရှိရမယ်​လို့ ယုံပေမဲ့ ချာ့ခ်ျ​ကို​တော့ အယုံအကြည် မရှိဘူး။

အမှန်တရား သိရှိ​လာ​ခြင်း

ဝီလျံ မစ်​ချယ် ဥပဒေ​ကောလိပ်​မှာ ပထမနှစ် တက်​နေတုန်း အိမ်ကို ယေဟောဝါသက်သေ​တွေ ရောက်​လာတယ်။ အဝတ်​လျှော်​နေရင်း​တန်းလန်း​ဆိုတော့ သက်သေခံ​မောင်နှံ​က နောက်​မှ ပြန်လာမယ်လို့ ပြော​သွားတယ်။ သူတို့ ပြန်​လာတော့ “လူဆိုးတွေ​လောက် လူကောင်း​တွေ ဘာလို့ မကောင်းစား​တာလဲ၊” “ပျော်ရွှင်ဖို့ ဘာလုပ်ရမလဲ” ဆိုတဲ့ မေးခွန်း​နှစ်ခု ကျွန်တော် မေးခဲ့တယ်။ ထာဝရ​အသက်​သို့ ပို့ဆောင်သော သမ္မာတရား စာအုပ်နဲ့ အစိမ်းရောင် ကမ္ဘာသစ်​ဘာသာပြန်ကျမ်း​ကို ယူ​ထား​လိုက်တယ်။ ကျမ်းစာ​သင်အံမှု​ကိုလည်း လက်ခံ​လိုက်တယ်။ ကျမ်းစာ​ထဲ​ကနေ မသိ​သေး​တာ​တွေ အများကြီး သိလာ​ရတယ်။ ဘုရား​နိုင်ငံတော်​ဆိုတာ ကမ္ဘာ​မြေ​ကို အုပ်ချုပ်​မယ့် အစိုးရ ဖြစ်တယ်​ဆိုတဲ့ အချက်​ကို ကျွန်တော် သိပ်​သဘောကျ​တယ်။ လူ​လူ​ချင်း အုပ်ချုပ်မှု​ကြောင့် ကမ္ဘာ​ပေါ်မှာ နာကျင်မှု၊ ဆင်းရဲ​ဒုက္ခ၊ မမျှတမှု၊ အဖြစ်ဆိုး​တွေ ပြည့်နေ​တာ တွေ့​နေရတာ​ကိုး။

၁၉၈၂ ခုနှစ် အစောပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး အဲဒီ​နှစ်ကုန်ပိုင်း စိန့်​ပေါလ် မြို့တော်​ခန်းမ​မှာ ကျင်းပ​တဲ့ “နိုင်ငံတော် အမှန်တရား” ခရိုင်​အစည်းအဝေး​မှာ နှစ်ခြင်းခံတယ်။ မင်နီစိုတာ ဥပဒေ စာမေးပွဲ ဖြေဖို့ နောက်​အပတ်​မှာ မြို့တော်​ခန်းမ​ကို သွား​ရ​ပြန်တယ်။ ဥပဒေ စာမေးပွဲ အောင်ပြီ၊ ရှေ့နေ လုပ်လို့ ရပြီ​ဆိုတာကို အောက်တိုဘာ​လ​ဆန်း​မှာ သိရတယ်။

“နိုင်ငံတော် အမှန်တရား” ခရိုင်​အစည်းအဝေး​မှာ ဘရွတ်​ကလင် ဗေသလအိမ်သား မိုက် ရစ်ချက်​ဆင်​နဲ့ တွေ့​တယ်။ ဌာနချုပ်​မှာ တရားရေး​ဌာန ဖွဲ့​လိုက်တဲ့​အကြောင်း သူ ပြောပြတယ်။ တမန်တော် ၈:၃၆ မှာ မှတ်တမ်း​တင်ထားတဲ့ အီသီယိုးပီးယား မိန်းမစိုး​ရဲ့ စကားတွေကို သတိ​ရ​သွားပြီး ‘တရားရေး​ဌာန​မှာ အလုပ်​မလုပ်​ရအောင် ဘာက တားဆီး​နေလို့လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်​တယ်။ ဒါနဲ့ ဗေသလ​လျှောက်လွှာ တင်​လိုက်တယ်။

ကျွန်တော် ယေဟောဝါသက်သေ ဖြစ်လာတာကို မိဘတွေ သဘော​မကျ​ဘူး။ ကင်းမျှော်စင်​အသင်း​မှာ အလုပ်​လုပ်ရင် ဘာ​ရမှာ​မို့​လို့လဲ​ဆိုပြီး အဖေ မေးတယ်။ ကျွန်တော် စေတနာ့​ဝန်ထမ်း လုပ်မယ့်​အကြောင်း၊ ဗေသလ​အိမ်သားတွေ​အတွက် လစဉ်​ကြေး ၇၅ ဒေါ်လာ ရမယ့်​အကြောင်း အဖေ့ကို ရှင်းပြတယ်။

လက်ခံ​ထားတဲ့ အလုပ်တွေ လွှဲ​ပြီးတဲ့နောက် ၁၉၈၄၊ နယူးယောက် ဘ​ရွတ်​ကလင် ဗေသလမှာ စ​အလုပ်​လုပ်တယ်။ တရားရေး​ဌာန​မှာ လုပ်​ရတယ်။ တကယ့်ကို အချိန်ကိုက်​ပါပဲ။

စတန်လီ ပြဇာတ်ရုံ ပြုပြင်​မွမ်းမံခြင်း

စတန်လီ ပြဇာတ်ရုံ ဝယ်ယူ​ခါ​စ အခြေအနေ

နယူး​ဂျာစီ​ပြည်နယ်၊ ဂျာစီ​မြို့က စတန်လီ ပြဇာတ်ရုံ​ကို ၁၉၈၃၊ နိုဝင်ဘာ​မှာ ဝယ်​လိုက်တယ်။ ညီအစ်ကို​တွေ​က အဆောက်အအုံ​ရဲ့ လျှပ်စစ်​နဲ့ ပိုက်လိုင်း စနစ်​တွေ ပြုပြင်ခွင့် လျှောက်​တယ်။ ဒေသခံ​အာဏာပိုင်တွေ​နဲ့ တွေ့​တော့ ဒီ​ပြဇာတ်ရုံ​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ အစည်းအဝေး​ခန်းမ​အဖြစ် သုံးဖို့ ရည်ရွယ်​ထားကြောင်း ရှင်းပြ​ကြတယ်။ ပြဿနာ​က အဲဒီမှာ စ​တာ​ပဲ။ ဂျာ​စီ​မြို့ ဥပဒေ​အရ ဝတ်ပြုရေး အဆောက်အအုံ​တွေ​ဟာ လူနေ​ရပ်ကွက်မှာ​ပဲ ရှိရမယ်။ ဒါပေမဲ့ စတန်လီ ပြဇာတ်ရုံ​က မြို့ထဲက စီးပွားရေး ရပ်ကွက်မှာ။ ဒါကြောင့် အာဏာပိုင်တွေ​က ခွင့်ပြု​ချက် မထုတ်ပေး​ဘူး။ ညီအစ်ကို​တွေ အသနားခံ​ပေမဲ့ ပယ်ချ​ခံရ​တယ်။

ကျွန်တော် ဗေသလ စဝင်​တဲ့ ပထမ​အပတ်​မှာပဲ ခွင့်ပြု​မိန့် မ​ထုတ်ပေး​တာ​နဲ့​ပတ်သက်ပြီး အဖွဲ့အစည်း​က အမှု​ဖွင့်​ခဲ့တယ်။ မင်နီစိုတာ၊ စိန့်​ပေါလ် တရားရုံး​မှာ ကျွန်တော် နှစ်နှစ် အလုပ်​လုပ်ခဲ့လို့ အဲဒီလိုမျိုး အမှုတွေ တွေ့ဖူး​တယ်။ ကျွန်တော်​တို့ရဲ့ ရှေ့နေ​တစ်ယောက်က စတန်လီ ပြဇာတ်ရုံ​ကို ရုပ်ရှင်၊ ရော့ခ်​တေးဂီတ​ပွဲ​က​အစ ပွဲ​အမျိုးမျိုး​အတွက် သုံးတယ်၊ ဘာလို့ ဘာသာရေးပွဲ​ကျ​မှ သုံး​လို့ မရတာ​လဲ​ဆိုပြီး ထောက်ပြ​တယ်။ တရားရုံး​က အမှုကို သုံးသပ်​ပြီးနောက် ဂျာစီ​မြို့ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်​ခဲ့တယ်​လို့ စီရင်ချက် ချတယ်။ ခွင့်ပြု​ချက် ထုတ်ပေး​ဖို့ အမိန့်ချ​တယ်။ လုပ်ငန်း​တိုးတက်ဖို့ တရားရေး​နည်းလမ်း​တွေ သုံးတာ​ကို ယေဟောဝါ ကောင်းချီး​ပေး​နေမှန်း တွေ့​လိုက်ရတယ်။ ကျွန်တော်​လည်း တစ်ထောင့်​တစ်​နေရာ​ကနေ ပါဝင်​ခွင့်​ရလို့ သိပ်​ပျော်တယ်။

အကြီးစား ပြုပြင်​မွမ်းမံမှု စီမံကိန်း စတင်​ပြီး တစ်နှစ်​အတွင်း ၁၉၈၅၊ စက်တင်ဘာ ၈ ရက်မှာ ၇၉ ကြိမ်​မြောက် ဂိလဒ်​ကျောင်းဆင်း​ပွဲကို အဲဒီ​ခန်းမ​မှာ ကျင်းပ​နိုင်ခဲ့တယ်။ နိုင်ငံတော် အကျိုး​စီးပွား တိုးတက်ရေး​မှာ တရားရေး​အဖွဲ့ဝင်​အနေ​နဲ့ ပါဝင်​ရတာ တကယ့် အခွင့်ထူးပါပဲ။ ဗေသလ မလာခင် ရှေ့နေ လုပ်​တုန်းက​ထက် ပို​ပျော်တယ်။ နောက်ထပ် တရားရေး​ကိစ္စ​တွေ​မှာလည်း ကျွန်တော့်​ကို ယေဟောဝါ အသုံးပြု​ဦး​မယ်​ဆိုတာ မသိခဲ့ဘူး။

သွေးမဲ့ ဆေး​ကုသ​ခွင့် ရဖို့ ကြိုးပမ်း​ခြင်း

၁၉၈၀ ပြည့်လွန်နှစ်​တွေ​မှာ သွေး​မသွင်း​ဘဲ ဆေးကု​ပေးဖို့ ယေဟောဝါသက်သေ​တွေ တောင်းဆိုတာကို ဆရာဝန်တွေ၊ ဆေးရုံတွေ​က အသိအမှတ်​မပြုဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ သွေးသွင်းတာ​ကို ငြင်း​ပိုင်ခွင့် မရှိဘူးလို့ တရားသူကြီး​တွေ ယူဆတယ်။ ဘာကြောင့်လဲ​ဆိုတော့ မိခင်​ဖြစ်သူ သွေးမသွင်း​လို့ သေသွား​ရင် ကလေး မိ​တဆိုး​လေး ဖြစ်​ကျန်​ခဲ့​မယ်​လို့ တွေး​ကြလို့ပဲ။

၁၉၈၈၊ ဒီဇင်ဘာ ၂၉ မှာ ညီအစ်မ ဒန်​နစ် နစ်​ကလို​ဟာ မီးဖွား​ပြီးနောက် သွေး အများကြီး ဆုံးရှုံး​ခဲ့တယ်။ ဟီမို​ဂလိုဘင် အဆင့် ၅ အောက် ကျ​သွား​လို့ ဆရာဝန်​က သွေးသွင်း​ဖို့ တိုက်တွန်း​ပေမဲ့ ညီအစ်မ နစ်​ကလို ငြင်းခဲ့တယ်။ နောက်​နေ့​မနက် ဆေးရုံ​က ညီအစ်မ နစ်​ကလို​ကို သွေးသွင်း​ခွင့် ရဖို့ တရားရုံး​မှာ အမိန့်စာ တောင်းတယ်။ အမှု ကြားနာ​တာ၊ ညီအစ်မ နစ်ကလို​ကို​ဖြစ်စေ၊ ခင်ပွန်း​ကို​ဖြစ်စေ အကြောင်းကြား​တာ မရှိဘဲ တရားသူကြီး​က သွေးသွင်း​မိန့် ထုတ်ပေး​လိုက်တယ်။

ဒီဇင်ဘာ ၃၀၊ သောကြာ​နေ့မှာ ဆေးရုံ​ဝန်ထမ်း​တွေ​က ညီအစ်မ နစ်​ကလို​ရဲ့ ခင်ပွန်း​နဲ့ မိသားစုဝင်​တွေ တား​နေတဲ့​ကြား​က သွေးသွင်း​လိုက်တယ်။ လူနာ​ကို သွေးသွင်း​လို့ မရအောင် ကာ​ထား​ကြတယ်​ဆိုတဲ့ စွဲချက်​နဲ့ အဲဒီ​ညနေမှာ မိသားစုဝင်​နဲ့ အကြီးအကဲ​တချို့ အဖမ်း​ခံရ​တယ်။ ဒီဇင်ဘာ ၃၁၊ စနေနေ့​မနက်​မှာ နယူးယောက် စီးတီး​နဲ့ လောင်း​အိုင်း​လန်း သတင်းစာတွေမှာ ဖမ်းဆီးမှု​သတင်း ပါလာတယ်။

ဖိလစ် ဘ​ရမ်​လီ​နဲ့​အတူ လူငယ်​ဘဝ

တနင်္လာ​နေ့​မနက်​မှာ တရားသူကြီး​ချုပ် မစ်​တန် မို​လန်​နဲ့ ကျွန်တော် စကားပြော​ဖြစ်တယ်။ အမှု ကြားနာ​တာ မရှိဘဲ သွေးသွင်း​မိန့်မှာ အမှု​စစ် တရားသူကြီး လက်မှတ်ထိုး​ပေးတဲ့​အကြောင်း ပြောပြ​လိုက်တယ်။ တရားသူကြီး မို​လန်​က အမှု​အကြောင်း၊ ဆက်စပ်​နေတဲ့ ဥပဒေ​တွေ​အကြောင်း ဆွေးနွေး​ဖို့ မွန်းလွဲပိုင်း​မှာ ရုံးခန်း​ကို လာ​ပါလို့ ပြောတယ်။ အဲဒီ​ညနေ တရားသူကြီး မို​လန်​ရဲ့ ရုံးခန်း​ကို ကျွန်တော့် ကြီးကြပ်မှူး ဖိလစ် ဘ​ရမ်​လီ​နဲ့​အတူ သွားတယ်။ တရားသူကြီး​က ဆေးရုံ​ရှေ့နေ​ကိုလည်း ခေါ်​ထားတယ်။ အပြင်းအထန် ဆွေးနွေး​ကြတယ်။ ညီအစ်ကို ဘ​ရမ်​လီ​က “လေသံ နည်းနည်း​လျှော့” လို့ ကျွန်တော့်​ကို စာရေး​ပြီး လှမ်း​ပြော​ရတဲ့​အထိပဲ။ အဲဒါ အကြံ​ကောင်း​ပါပဲ။ ဆေးရုံ​ရှေ့နေ မှားတယ်​ဆိုတာ ထောက်ပြ​ဖို့ ကြိုးစား​ရင်း ကျွန်တော် စိတ်​တို​လာလို့​ပဲ။

ဘယ်​မှ ညာ– ရစ်ချက် မော့၊ ဂ​ရက်​ဂ​ရီ အိုး၊ ပေါလ် ပိုလီဒိုရို၊ ဖိလစ် ဘ​ရမ်​လီ၊ ကျွန်တော်၊ မာ​ရီယို မို​ရီ​နို—အမေရိကန် တရားရုံး​ချုပ်၊ ကင်းမျှော်စင်​နဲ့ စထရက်တန်မြို့ အမှု​တုန်း​က လျှောက်လဲချက် ပေးတဲ့​နေ့မှာ ရှေ့နေ​တွေ​နဲ့​အတူ။—၂၀၀၃၊ ဇန်နဝါရီ ၈ ရက် နိုးလော့! (လိပ်)မှာ ကြည့်​ပါ

တစ်​နာရီ​လောက်​ကြာ​တော့ တရားသူကြီး မို​လန်​က နောက်​နေ့​မနက် ဒီ​အမှုကို ဦးဆုံး စီရင်ချက် ချမယ်​လို့ ပြောတယ်။ သူ့​ရုံးခန်း​ကနေ ပြန်ထွက်​လာတော့ “မနက်ဖြန်​တော့ ပွဲ​ကြီး​ပွဲ​ကောင်း​ပဲ” ဆိုပြီး တရားသူကြီး ပြောတယ်။ ဆိုလိုတာ​က ဆေးရုံ​ရှေ့နေ အကြီးအကျယ် ခုခံ​ချေပ​ရတော့မယ်။ ကျွန်တော်​တို့ အမှု​နိုင်မယ်လို့ ယေဟောဝါ ပြောလိုက်​သလိုပဲ။ အလိုတော် ပြည့်စုံ​ဖို့ ကျွန်တော်​တို့ကို ယေဟောဝါ သုံး​နေမှန်း သိရလို့ အံ့ဩ​ဝမ်းသာ​မိတယ်။

နောက်​နေ့​အတွက် စာရွက်စာတမ်း​တွေ​ကို ညနက်​တဲ့​အထိ ပြင်ဆင်​ကြတယ်။ တရားရုံး​က ဘ​ရွတ်​ကလင် ဗေသလ​နဲ့ သိပ်​မဝေးတော့ တရားရေး​ဌာန​က ညီ​အစ်​ကို/မ အတော်များများ အဲဒီကို လမ်းလျှောက်သွား​ကြတယ်။ အမှုကို တရားသူကြီး လေးယောက်​ပါတဲ့​အဖွဲ့ ကြားနာ​ပြီးနောက် သွေးသွင်း​မိန့်​ကို ပယ်ချ​ပြီး ညီအစ်မ နစ်​ကလို​ကို အနိုင်​ပေး​လိုက်တယ်။ လူနာ​ရဲ့ သဘောထားကို မမေးမြန်း​ဘဲ သွေးသွင်း​မိန့်မှာ လက်မှတ်​ထိုး​တာ​ဟာ အခြေခံ လူ့​အခွင့်အရေး​ကို ချိုးဖောက်​တာ​ပဲ​လို့ စီရင်ချက် ချတယ်။

ညီအစ်မ နစ်​ကလို​ဟာ သွေးမဲ့ ကုသ​ခွင့် ရထိုက်တယ်​လို့ နယူးယောက် တရားရုံး​ချုပ်​က ဆုံးဖြတ်တယ်။ ဒါဟာ သွေး​နဲ့​ပတ်သက်ပြီး အနိုင်​ရခဲ့တဲ့ တရားရုံး​အမှု လေးခု​ထဲ​က ကျွန်တော် ပါဝင်​ကူညီ​ခွင့် ရခဲ့တဲ့ ဦးဆုံး အမှု​ပါပဲ။ (“ တရားရုံး​ချုပ် အောင်ပွဲ​များ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) ကလေး စောင့်ရှောက်ခွင့်၊ ကွာရှင်း​ခြင်း၊ အိမ်​ခြံမြေ​အမှု အပါအဝင် တရားရေး​ကိစ္စ​တွေ​မှာလည်း ဗေသလ​က တခြား​ရှေ့နေ​တွေ​နဲ့ တွဲ​အလုပ်လုပ်​ခွင့် ရခဲ့တယ်။

အိမ်ထောင်သည်​ဘဝ

ဇနီး ဒေါန်​နဲ့​အတူ

ကျွန်တော့်​ဇနီး ဒေါန်​ကို စ​တွေ့​တုန်း​က သူဟာ သားသမီး သုံးယောက်ကို ပြုစု​ပျိုးထောင်​နေတဲ့ တစ်ကိုယ်ရေ မိခင်​ပါ။ သူက အလုပ်လုပ်​ရင်း ရှေ့ဆောင်​လည်း လုပ်တယ်။ ဘဝကို ရုန်းကန်​နေရတဲ့​ကြား​က ယေဟောဝါ​ကို အမှုဆောင်ဖို့ စိတ်​ပိုင်းဖြတ်​ထားတာ တွေ့​တော့ အတော်လေး​စားမိတယ်။ ၁၉၉၂၊ နယူးယောက်​မြို့မှာ ကျင်းပ​တဲ့ “အလင်းဆောင်သူ​များ” ခရိုင်​အစည်းအဝေး​ကို အတူ​တက်​ရင်း သူ့ကို စ​ပိုးပန်း​ခဲ့တယ်။ နောက်​တစ်နှစ်မှာ လက်ထပ်​လိုက်ကြတယ်။ ဘုရားရေးရာ စိတ်ဓာတ် ရှိပြီး ပျော်ပျော်​နေ​တတ်တဲ့ ဇနီးကို ရထားတာ ယေဟောဝါ​ဆီက လက်ဆောင်​ပါပဲ။ အတူ​လက်တွဲ​ခဲ့​တဲ့ ဘဝတစ်လျှောက် ဒေါန်​ကြောင့် ကျွန်တော် ကောင်းချီး အများကြီး ရခဲ့တယ်။—ပညာ. ၃၁:၁၂

ကျွန်တော်​တို့ လက်ထပ်​တော့ ကလေး​တွေ အသက် ၁၁၊ ၁၃၊ ၁၆ နှစ် ရှိကြ​ပြီ။ ဖခင်ကောင်း ဖြစ်ချင်တဲ့​အတွက် မိထွေး​ပထွေး​နဲ့​ပတ်သက်​တဲ့ အဖွဲ့အစည်း​ထုတ် စာပေတွေ အားလုံး ရှာဖတ်ပြီး လက်တွေ့​ကျင့်​တယ်။ နှစ်တွေ​တစ်လျှောက် အခက်အခဲ​တွေ ရှိပေမဲ့ ကလေး​တွေ​က ကျွန်တော့်​ကို ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ၊ ချစ်​ရတဲ့ ဖခင်​အဖြစ် လက်ခံ​လာ​ကြ​လို့ သိပ်ပျော်တယ်။ သူတို့​သူငယ်ချင်းတွေ​ကို အိမ်မှာ ဝင်ထွက်​သွားလာ​ခွင့် ပြု​ထား​တော့ ကလေး​တွေ တ​ရုန်း​ရုန်း​နဲ့ ပျော်စရာ​ကောင်း​လိုက်တာ။

အသက်ကြီး​လာတဲ့ မိဘတွေကို ပြုစု​ဖို့ ၂၀၁၃ မှာ ကျွန်တော်​တို့ ဝစ်​ကွန်​ဆင်​ကို ပြောင်း​ကြတယ်။ ဗေသလ​အလုပ် နား​ရပြီ ထင်နေတာ။ ဒါပေမဲ့ ယာယီ စေတနာ့​ဝန်ထမ်း​အဖြစ် အဖွဲ့အစည်း​ရဲ့ တရားရေး​ကိစ္စ​တွေ​မှာ ဆက်​ကူညီ​ခွင့် ရခဲ့တယ်။

ဘဝ​တစ်ဆစ်ချိုး

၂၀၁၈၊ စက်တင်ဘာ​မှာ ကျွန်တော် ခဏ​ခဏ လည်ချောင်း ရှင်း​နေရတာ သတိထား​မိတယ်။ ဆရာဝန်​နဲ့ ပြ​ပေမဲ့ ရောဂါ ရှာမတွေ့​ဘူး။ နောက်တော့ အာရုံကြော​အထူးကု​နဲ့ ပြ​ကြည့်​ဖို့ ဆရာဝန်​တစ်ယောက်က အကြံ​ပေးတယ်။ ၂၀၁၉၊ ဇန်နဝါရီ​မှာ ပီ​အက်စ်​ပီ (progressive supranuclear palsy) လို့ ခေါ်တဲ့ ရှားပါး အာရုံကြော​ရောဂါ​တစ်မျိုး ဖြစ်​နေပြီ​လို့ အာရုံကြော​အထူးကု​က ပြောတယ်။

သုံးရက်​နေ​တော့ ရေခဲပြင် စကိတ်​စီး​ရင်း ညာဘက် လက်ကောက်ဝတ် ကျိုးသွား​တယ်။ တစ်သက်လုံး စကိတ် စီးလာတာ ဒီလို မဖြစ်ဖူးဘူး။ ဒါကြောင့် ကြွက်သား​ထိန်းချုပ်​နိုင်စွမ်း​တွေ ကျဆင်း​လာပြီ​ဆိုတာ ကျွန်တော် သိလိုက်တယ်။ ရောဂါ​က အလျင်အမြန်​ပဲ ဆိုးရွား​လာပြီး စကား​ပြောနိုင်စွမ်း၊ လှုပ်ရှား​နိုင်စွမ်း၊ အစာ​မျိုချ​နိုင်စွမ်း​တွေ ထိခိုက်လာ​တယ်။

ရှေ့နေ​အတွေ့အကြုံကို အသုံးချပြီး နိုင်ငံတော် အကျိုး​စီးပွား တိုးတက်ရေး​မှာ တစ်ထောင့်​တစ်​နေရာ​ကနေ ပါဝင်ခွင့် ရလို့ ကျွန်တော် သိပ်​ပျော်တယ်။ ဂျာနယ်​တွေ​မှာ ဆောင်းပါး​တွေ ရေးသား​ခွင့် ရခဲ့တယ်။ ကမ္ဘာ​တစ်ဝန်း​က ဆေးပညာ​နဲ့ ဥပဒေ​ဆိုင်ရာ ဆွေးနွေးပွဲ​တွေ​မှာ ဟောပြော​ခွင့် ရခဲ့တယ်။ သွေးမဲ့ ဆေး​ကုသမှု၊ ခွဲစိတ်မှု​နဲ့​ပတ်သက်ပြီး ယေဟောဝါသက်သေ​တွေ​ရဲ့ အခွင့်အရေး​ဘက်က​နေ ခုခံ​ကာကွယ်​ခွင့် ရခဲ့တယ်။ ဒါပေမဲ့ လုကာ ၁၇:၁၀ မှာ ကျမ်း​ရေးသူ ပြောခဲ့​သလို​ပါပဲ– ‘ကျွန်တော်​ဟာ ဘာမှ အကျိုး​မပေးတဲ့ ကျွန်​ပါ။ လုပ်​ရမယ့် ဝတ္တရား​ကို လုပ်ခဲ့​ရုံ​လေး​ပါပဲ။’