မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၃၀

အမှန်တရား လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေပါ

အမှန်တရား လမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေပါ

“ကျွန်တော့်​ရဲ့ သားသမီးတွေ အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်း​နေတဲ့​အကြောင်း ကြားသိ​ရတာထက် ပို​ဝမ်းသာစရာ​ကောင်းတဲ့​သတင်း မရှိတော့​ပါဘူး။”—၃ ယော. ၄

သီချင်း ၅၄ ‘ဒီ​လမ်း​ပါပဲ’

အကြို​သုံးသပ်ချက် *

၁။ ၃ ယောဟန် ၃၊ ၄ မှာ ဖော်ပြ​ထားတဲ့​အတိုင်း ဘာက ကျွန်တော်​တို့ကို ဝမ်းသာ​စေ​သလဲ။

အမှန်တရား သိလာဖို့ မိမိ​ကူညီ​ပေးခဲ့သူ​တွေ ယေဟောဝါ​ကို သစ္စာရှိ​ရှိ ဆက်​အမှုဆောင်​နေမှန်း တမန်​တော် ယောဟန် ကြား​ရတဲ့အခါ ဘယ်လောက် ဝမ်းသာ​မယ်​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ သားသမီးတွေ​လို ဖြစ်နေတဲ့ အဲဒီ​သစ္စာရှိ ခရစ်ယာန်​တွေ အခက်အခဲ ကြုံ​ရတဲ့အခါ သူတို့ရဲ့ ယုံကြည်ခြင်း ခိုင်ခံ့​လာအောင် ယောဟန် ကူညီ​ပေး​ခဲ့တယ်။ ကိုယ့်​သားသမီး အရင်း​ဖြစ်စေ၊ အမှန်တရားမှာ ကိုယ်​ကူညီ​ပေးခဲ့သူ​တွေ​ဖြစ်စေ သူတို့​ကိုယ်ကို ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ပြီး သစ္စာရှိ​ရှိ ဝတ်ပြု​နေတဲ့​အခါ ကျွန်တော်​တို့​လည်း ဝမ်းသာ​ကြတယ်။၃ ယောဟန် ၃၊ ၄ ကို​ဖတ်ပါ။

၂။ ယောဟန် ရေးခဲ့တဲ့ စာတွေ​ရဲ့ ရည်ရွယ်ချက်​က ဘာလဲ။

အေဒီ ၉၈ မှာ ဧဖက်​မြို့ထဲ ဒါမှမဟုတ် အနီးအနား​မှာ ယောဟန် နေထိုင်ခဲ့​ပုံ​ရတယ်။ ပတ်မုကျွန်း​ကနေ လွတ်မြောက်​လာပြီး​နောက် အဲဒီကို ပြောင်းရွှေ့​ခဲ့​တာ ဖြစ်နိုင်တယ်။ အဲဒီ​အချိန်​လောက်​မှာ ယေဟောဝါ​ရဲ့ သန့်ရှင်းသော စွမ်းအားတော်​က စာ​သုံး​စောင် ရေး​ဖို့ ယောဟန်​ကို လှုံ့ဆော်​ပေးတယ်။ အဲဒီ​စာတွေ​ရဲ့ ရည်ရွယ်ချက်ကတော့ သစ္စာရှိ​ခရစ်ယာန်​တွေ ယေရှုကို ယုံကြည်ခြင်း​မှာ စွဲမြဲ​နေ​စေဖို့၊ အမှန်တရား လမ်းစဉ်​မှာ ဆက်လျှောက်​လှမ်း​နေ​စေဖို့ ဖြစ်တယ်။

၃။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

ယောဟန်ဟာ နောက်ဆုံး အသက်ရှင်​ကျန်ရစ်​တဲ့ တမန်​တော် ဖြစ်တယ်။ အသင်းတော်​တွေ​အပေါ် ဆရာ​အတုအယောင်​တွေ ဩဇာ​သက်ရောက်​နေတာကို ယောဟန် စိုးရိမ်​မိတယ်။ * (၁ ယော. ၂:၁၈၊ ၁၉၊ ၂၆) အဲဒီ​အယူဖောက်ပြန်​သူတွေဟာ ဘုရား​ကို သိတယ်လို့ ပြောပေမဲ့ ပညတ်​တွေ​ကို မနာခံ​ကြဘူး။ ယောဟန် ပေးခဲ့​တဲ့ အကြံဉာဏ်​တွေ​ကို သုံးသပ်ကြည့်​ကြ​စို့။ ဒီ​ဆောင်းပါး​မှာ မေးခွန်း သုံးခုကို ဆွေးနွေး​ပါမယ်။ အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်း​တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘာ​အခက်အခဲ​တွေ ကျွန်တော်​တို့ ကြုံ​ရသလဲ။ အမှန်တရား လမ်းစဉ်​မှာ ဆက်လျှောက်​လှမ်း​ဖို့ အချင်းချင်း​ကို ဘယ်လို ကူညီ​ပေးနိုင်​မလဲ။

အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်းခြင်း

၄။ ၁ ယောဟန် ၂:၃-၆ နဲ့ ၂ ယောဟန် ၄၊ ၆ အရ အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်းဖို့ ဘာလုပ်ရမလဲ။

အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်းဖို့ ကျမ်းစာမှာ​ပါတဲ့ အမှန်တရားတွေကို သိကျွမ်း​ရမယ်။ ယေဟောဝါ​ရဲ့ “ပညတ်​တွေ​ကို” လည်း လိုက်နာ​ရမယ်။ (၁ ယောဟန် ၂:၃-၆။ ၂ ယောဟန် ၄၊  ကို​ဖတ်ပါ။) ယေဟောဝါ​ကို နာခံ​ရာ​မှာ ယေရှု အကောင်းဆုံး ပုံသက်သေ ပြခဲ့​တယ်။ ဒါကြောင့် ယေဟောဝါ​ကို နာခံ​ကြောင်း ပြ​နိုင်တဲ့ အကောင်းဆုံး နည်း​တစ်နည်း​က​တော့ ယေရှုရဲ့ ခြေရာကို ထက်​ကြပ်​မကွာ လိုက်လျှောက်ခြင်း​ပါပဲ။—ယော. ၈:၂၉။ ၁ ပေ. ၂:၂၁

၅။ ကျွန်တော်​တို့ ဘာကို ယုံကြည်​စိတ်ချ​ရမလဲ။

အမှန်တရား လမ်းစဉ်​မှာ ဆက်လျှောက်​လှမ်း​ဖို့​ဆိုရင် ယေဟောဝါ​ဟာ အမှန်တရားရဲ့ ဘုရား ဖြစ်ကြောင်း၊ ကျမ်းစာမှာ​ပါတဲ့ အရာ​မှန်သမျှ မှန်ကန်ကြောင်း ယုံကြည်​စိတ်ချ​ရမယ်။ ယေရှုဟာ ကတိပြု​ထားတဲ့ မေရှိယ ဖြစ်ကြောင်းလည်း ယုံကြည်​စိတ်ချ​ရမယ်။ ဒီနေ့ခေတ်​မှာ လူများစွာက ယေရှုကို ဘုရား​နိုင်ငံတော်ရဲ့ ဘိသိက်ခံ​ဘုရင်​အဖြစ် လက်မခံကြဘူး။ “လှည့်ဖြားသူ အများကြီး” ရှိတယ်လို့ ယောဟန် သတိ​ပေးတယ်။ သူတို့က ယေဟောဝါ၊ ယေရှုနဲ့​ပတ်သက်​တဲ့ အမှန်တရားကို အခိုင်အမာ မယုံကြည်​သူတွေကို လှည့်စား​နိုင်တယ်။ (၂ ယော. ၇-၁၁) “ယေရှုဟာ ခရစ်တော် ဖြစ်တယ်ဆိုတာကို ငြင်းပယ်​သူဟာ လူလိမ် မဟုတ်လား” လို့ ယောဟန် ရေးတယ်။ (၁ ယော. ၂:၂၂) လှည့်စား​မခံ​ရဖို့ လုပ်နိုင်တဲ့ နည်း​တစ်နည်း​က​တော့ ကျမ်းစာ​လေ့လာခြင်း​ပါပဲ။ ကျမ်းစာ​လေ့လာ​မှ ယေဟောဝါ​နဲ့ ယေရှု​အကြောင်း သိလာမယ်။ (ယော. ၁၇:၃) အဲဒီလို သိလာ​မှ ကိုယ့်ရဲ့ ယုံကြည်ချက်​ဟာ အမှန်တရား​ဆိုတာကို ယုံကြည်​စိတ်ချ​လာမယ်။

ရင်ဆိုင်​ရတဲ့ အခက်အခဲ​များ

၆။ ခရစ်ယာန်​လူငယ်တွေ ကြုံတွေ့​ရတဲ့ အခက်အခဲ​တစ်ခုက ဘာလဲ။

ခရစ်ယာန်​အားလုံး​ဟာ လူ့​အတွေးအခေါ်​ကြောင့် လှည့်ဖြား​မခံ​ရဖို့ သတိထား​ရမယ်။ (၁ ယော. ၂:၂၆) အထူးသဖြင့် ခရစ်ယာန်​လူငယ်တွေ သတိထား​ရမယ်။ ၂၅ နှစ်​အရွယ် ပြင်သစ် ညီအစ်မ အဲ​လက်​ဆီ​ယာ * ဒီလို​ပြောတယ်– “ကျွန်မ ငယ်ငယ်တုန်းက ဆင့်ကဲ​သီအိုရီ​နဲ့ လူ့​အတွေးအခေါ်​တွေ​ကြောင့် အမှန်တရားကို သံသယ​ဝင်​ခဲ့တယ်။ အဲဒီ​သွန်သင်ချက်​တွေ​က ယုတ္တိ​ရှိ​သလိုပဲ။ ဒါပေမဲ့ ကျမ်းစာ ဘာ​ပြော​ထားသလဲ​ဆိုတာ အရင် မလေ့လာ​ဘဲ ဆရာတွေ ပြောသမျှကို လက်ခံ​လို့ မဖြစ်သေး​ဘူး​ဆိုပြီး တွေးမိတယ်။” ဒါနဲ့ အသက် ဤ​တွင် မည်သို့ ရောက်ရှိ​ခဲ့​သနည်း—ဆင့်ကဲဖြစ်စဉ်​အားဖြင့်​လော၊ ဖန်ဆင်းခြင်း​အားဖြင့်​လော စာအုပ်ကို လေ့လာ​ခဲ့တယ်။ အပတ်​အနည်းငယ်​အတွင်းမှာပဲ သံသယ ကင်း​သွားတယ်။ “ကျမ်းစာ​မှာ အမှန်တရား ပါတယ်​ဆိုတာ ကျွန်မ​ကိုယ်တိုင် လက်ခံ​သွားပြီ။ ကျမ်းစာ​စံနှုန်းတွေ​အတိုင်း နေထိုင်ခြင်း​က ပျော်ရွှင်မှုနဲ့ ငြိမ်သက်မှု ပေးနိုင်​တယ်​ဆိုတာ​ကို​လည်း သဘောပေါက်​သွားပြီ” လို့ အဲ​လက်​ဆီ​ယာ ပြောတယ်။

၇။ ဘာကို ရှောင်​ရမလဲ။ ဘာကြောင့်လဲ။

လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ ခရစ်ယာန်​တိုင်း​ဟာ နှစ်​ဘဝ​စံ​တာ​ကို ရှောင်ရမယ်။ ဆိုလိုတာ​က ယေဟောဝါ​ကို ဝတ်ပြု​ရင်း တစ်ချိန်တည်း​မှာ အမှား မလုပ်ရဘူး။ အမှန်တရား​ထဲမှာ လျှောက်လှမ်း​ရင်း အကျင့်ပျက်​လမ်းစဉ်​ကို လိုက်လို့ မရဘူး​ဆိုပြီး ယောဟန် ပြောတယ်။ (၁ ယော. ၁:၆) အခုရော အနာဂတ်​မှာ​ပါ ဘုရားသခင့် မျက်နှာသာ ရ​ချင်​ရင် အရာခပ်သိမ်း​ကို ဘုရား မြင်​နေတယ်​ဆိုတဲ့ အသိ​နဲ့ အမြဲ ပြုမူ​နေထိုင်​ရမယ်။ တစ်နည်း​အားဖြင့် ယေဟောဝါ မမြင်​အောင် လျှို့ဝှက်​ထားလို့​ရတဲ့ အပြစ်​တစ်ခု​မှ မရှိဘူးဆိုတာ သတိရ​ရမယ်။—ဟီ. ၄:၁၃

၈။ ကျွန်တော်​တို့ ဘာကို ငြင်းပယ်​ရမလဲ။

အပြစ်နဲ့​ပတ်သက်​တဲ့ လောကရဲ့ သဘောထားကို ငြင်းပယ်​ရမယ်။ “‘ကျွန်တော်​တို့ အပြစ်​မလုပ်​ဘူး’ လို့ ပြောမယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ​ပဲ” လို့ တမန်​တော် ယောဟန် ပြောတယ်။ (၁ ယော. ၁:၈) ယောဟန်​ခေတ်မှာ အယူဖောက်ပြန်သူတွေက အပြစ်​လမ်းစဉ်​ကို တမင်​သက်သက် လိုက်နေ​ရင်း ဘုရား​နဲ့ ဆက်ဆံရေး​ကောင်း ရှိ​နိုင်တယ်လို့ ပြောကြတယ်။ ဒီနေ့​ခေတ်မှာ​လည်း အဲဒီ​လို သဘောထား ရှိသူတွေ​အလယ်မှာ ကျွန်တော်​တို့ အသက်ရှင်​နေ​ရတယ်။ လူများစွာက ဘုရား​ကို ယုံတယ်​လို့ ပြောပေမဲ့ အပြစ်ကို ဘုရား ရှုမြင်သလို မမြင်​ကြဘူး။ အထူးသဖြင့် လိင်​ကိစ္စ​နဲ့​ပတ်သက်ပြီး ဖြစ်တယ်။ အပြစ်​ရှိတဲ့ လုပ်ရပ်​လို့ ဘုရား ရှုမြင်​တဲ့​အရာ​တွေ​ကို လူတွေက ကိုယ့်​စိတ်ကြိုက် ရွေး​နိုင်တဲ့​အရာ၊ လက်ခံနိုင်တဲ့ ဘဝပုံစံ​အဖြစ် ရှုမြင်​ကြတယ်။

လူငယ်တို့၊ ကိုယ်ကျင့်တရား​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​ရဲ့ အမှားအမှန် စံနှုန်း​အပေါ် ယုံကြည်​စိတ်ချမှု ခိုင်မာ​လာအောင် လုပ်ဆောင်ပါ။ ဒါမှ သင့်​ယုံကြည်ခြင်းကို ခုခံ​ကာကွယ်​နိုင်မယ် (စာပိုဒ် ၉ ကိုကြည့်ပါ) *

၉။ ကျမ်းစာ​ယုံကြည်ချက်​အတိုင်း နေထိုင်မယ်​ဆိုရင် လူငယ်တွေ ဘာ​အကျိုး ရမလဲ။

အထူးသဖြင့် ခရစ်ယာန်​လူငယ်တွေဟာ လိင်​အကျင့်ပျက်မှု​နဲ့​ပတ်သက်ပြီး အတန်းဖော်၊ အလုပ်ဖော်​တွေ​လို ရှုမြင်​မိဖို့ ဖိအား​ပေးခံ​ရနိုင်တယ်။ အလက်​ဇန်​ဒါ အဲဒီလို ဖြစ်ခဲ့တယ်။ “ကျောင်း​မှာ ကောင်မလေး​တချို့က သူတို့နဲ့ လိင်ဆက်ဆံ​ဖို့ ကျွန်တော့်​ကို ဖိအား​ပေးတယ်။ ကျွန်တော့်​မှာ ရည်းစား မရှိလို့ လိင်​တူ​သမား​လို့ ပြော​ကြတယ်” ဆိုပြီး အလက်​ဇန်​ဒါ ပြောတယ်။ သင်လည်း အလားတူ စမ်းသပ်မှု​တွေ ရင်ဆိုင်​နေ​ရတယ်​ဆိုရင် ကျမ်းစာ​ယုံကြည်ချက်​အတိုင်း နေထိုင်တာက ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိစေ​မှန်း၊ ကျန်းမာ​ရေး၊ စိတ်​လှုပ်ရှားမှု​နဲ့ အထူးသဖြင့် ယေဟောဝါ​နဲ့ ဆက်ဆံရေးကို ကာကွယ်​ပေး​မှန်း သတိရပါ။ သွေးဆောင်မှု​ကို တွန်းလှန်​လိုက်တဲ့အခါ​တိုင်း မှန်ရာ​လုပ်ဖို့ ပိုလွယ်ကူ​လာပါလိမ့်မယ်။ လိင်​နဲ့​ပတ်သက်ပြီး ဒီ​လောကရဲ့ အမြင်မှား​ကို စာတန် အစ​ပြုခဲ့တယ်​ဆိုတာ သတိရပါ။ ဒါကြောင့် အလျှော့ပေး​လိုက်လျော​ဖို့ ငြင်းပယ်​လိုက်​တိုင်း ဆိုးညစ်​သူကို အနိုင်ယူ​နေတာပဲ။—၁ ယော. ၂:၁၄

၁၀။ ၁ ယောဟန် ၁:၉ က ဘုရား​ကို ကြည်လင်​တဲ့ သိစိတ်နဲ့ ဝတ်ပြု​နိုင်အောင် ဘယ်လို ကူညီ​ပေး​သလဲ။

၁၀ ဘာတွေ​က အပြစ်​ရှိတဲ့ အကျင့်​တွေ ဖြစ်မှန်း ယေဟောဝါ​သာ သတ်မှတ်​ပိုင်ခွင့် ရှိကြောင်း ကျွန်တော်​တို့ အသိအမှတ်​ပြုတယ်။ အပြစ်​မကျူးလွန်​မိဖို့ ကျွန်တော်​တို့ အတတ်နိုင်ဆုံး ကြိုးစား​တယ်။ အပြစ်​လုပ်မိ​သွား​ရင်​လည်း ယေဟောဝါ​ဆီ ဆုတောင်းပြီး အပြစ်ကို ဝန်ချ​တောင်းပန်တယ်။ (၁ ယောဟန် ၁:၉ ကို​ဖတ်ပါ။) ကြီး​လေး​တဲ့​အပြစ် ကျူးလွန်​မိ​တဲ့​အခါ ယေဟောဝါ ခန့်အပ်​ထားတဲ့ အကြီးအကဲ​တွေ​ဆီကနေ အကူအညီ ရယူ​တယ်။ (ယာ. ၅:၁၄-၁၆) ဒါပေမဲ့ အရင်​က အမှားတွေ​ကြောင့် အ​ပြစ်​ရှိနေတုန်းပဲ​လို့ ခံစား​မနေ​သင့်​ဘူး။ ဘာကြောင့်လဲ။ မေတ္တာရှင်​ဖခင်​က ကျွန်တော်​တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်​ဖို့ သားတော်ရဲ့ ရွေးဖိုး​ပူဇော်သက္ကာ ပြင်ဆင်​ပေးထား​လို့​ပဲ။ ယေဟောဝါ​က နောင်တ​ရတဲ့ အပြစ်သားတွေကို ကတိ​ပေးထား​တဲ့​အတိုင်း ခွင့်လွှတ်​ပါလိမ့်မယ်။ ဒါကြောင့် ယေဟောဝါ​ကို ကြည်လင်​တဲ့ သိစိတ်နဲ့ ဝတ်ပြု​နိုင်တယ်။—၁ ယော. ၂:၁၊ ၂၊ ၁၂။ ၃:၁၉၊ ၂၀

၁၁။ ယုံကြည်ခြင်းကို အန္တရာယ် ဖြစ်စေ​နိုင်တဲ့ သွန်သင်ချက်​တွေ စိတ်ထဲ ဝင်​မလာ​အောင် ဘယ်လို ကာကွယ်​နိုင်သလဲ။

၁၁ အယူမှား သွန်သင်ချက်​တွေ​ကို ငြင်းပယ်​ရမယ်။ ခရစ်ယာန်​အသင်းတော် တည်ထောင်​ချိန်​ကစပြီး မာရ်နတ်ဟာ သစ္စာရှိ​ကျေးကျွန်​တွေ​ရဲ့ စိတ်ထဲ သံသယ​မျိုးစေ့တွေ ကြဲ​ဖို့ လှည့်ဖြား​နည်း​များစွာကို သုံးတယ်။ ဒါကြောင့် ကျွန်တော်​တို့ အမှန်​နဲ့ အမှား​ကို ခွဲခြား​တတ်ဖို့ လိုတယ်။ * ရန်သူတွေက အင်တာနက်၊ လူမှု​မီဒီယာတွေကို သုံးပြီး ယေဟောဝါ​အပေါ် ယုံကြည်​စိတ်ချမှု၊ ညီအစ်ကို​တွေ​အပေါ် မေတ္တာ လျော့​သွား​အောင် ကြိုးစား​နေတယ်။ အဲဒီ​ဝါဒဖြန့်မှု​တွေ​ရဲ့ နောက်ကွယ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သတိ​ရပြီး အမြဲ ငြင်းပယ်​ပါ။—၁ ယော. ၄:၁၊ ၆။ ဗျာ. ၁၂:၉

၁၂။ သင်ယူ​သိရှိခဲ့တဲ့ အမှန်တရား​အပေါ် ယုံကြည်​စိတ်ချမှု တိုးများ​အောင် ဘာကြောင့် လုပ်ဆောင်​သင့်သလဲ။

၁၂ စာတန်​ရဲ့ တိုက်ခိုက်မှု​တွေ​ကို တွန်းလှန်ဖို့ ယေရှု​အပေါ်၊ ဘုရား ရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍ​အပေါ် ယုံကြည်​စိတ်ချမှု ခိုင်မာ​အောင် လုပ်ရမယ်။ ယေဟောဝါ သုံး​နေတဲ့ အဖွဲ့အစည်း​ကိုလည်း ယုံကြည်​စိတ်ချ​ရမယ်။ (မ. ၂၄:၄၅-၄၇) ကျမ်းစာ ပုံမှန်​လေ့လာခြင်း​အားဖြင့် ယုံကြည်​စိတ်ချမှု တိုးများ​စေ​ရမယ်။ ဒါဆိုရင် ကျွန်တော်​တို့ရဲ့ ယုံကြည်ခြင်းဟာ နက်နက်ရှိုင်းရှိုင်း အမြစ်စွဲ​နေတဲ့ သစ်ပင်​လို ဖြစ်လာမယ်။ “သခင်​ခရစ်တော်​ယေရှုကို လက်ခံခဲ့​ကြ​သလို အခုလည်း ခရစ်တော်​ကို နာခံ​တဲ့ လမ်းစဉ်​မှာ ဆက်လျှောက်​လှမ်း​နေကြပါ။ နက်နက်ရှိုင်းရှိုင်း အမြစ်စွဲ​နေတဲ့ သစ်ပင်​လို​ပဲ . . . ယေရှုကို ယုံကြည်တဲ့​စိတ်နဲ့ အခိုင်အမာ ရပ်တည်​ကြ​ပါ” လို့ ကောလောသဲ အသင်းတော်​ဆီ ပေါလု စာရေးတယ်။ (ကော. ၂:၆၊ ၇) ကိုယ့်​ယုံကြည်ခြင်းကို ခိုင်မာ​အောင် တည်ဆောက်​ထားရင် စာတန်​ကြောင့်​ဖြစ်စေ၊ စာတန်​ရဲ့ နောက်လိုက်​တွေ​ကြောင့်​ဖြစ်စေ ယုံကြည်ခြင်း ယိုင်နဲ့​သွားမှာ မဟုတ်ဘူး။—၂ ယော. ၈၊ ၉

၁၃။ ဘာကို မျှော်လင့်​ထားသင့်​သလဲ။ ဘာကြောင့်လဲ။

၁၃ ကျွန်တော်​တို့ကို လောက,က မုန်း​မယ်​ဆိုတာ မျှော်လင့်​ထား​ရမယ်။ (၁ ယော. ၃:၁၃) ‘တစ်လောက​လုံး​က ဆိုးညစ်သူရဲ့ ဩဇာ​အောက်မှာ ရှိနေတယ်’ လို့ ယောဟန် သတိ​ပေးတယ်။ (၁ ယော. ၅:၁၉) အဆုံးနီးလာ​လေ စာတန် ဒေါသ​ထွက်လာ​လေ​ပဲ။ (ဗျာ. ၁၂:၁၂) အကျင့်ပျက်မှု၊ အယူဖောက်ပြန်သူတွေရဲ့ အလိမ်အညာ စတဲ့ မသိသာ​တဲ့ နည်းလမ်း​တွေ​အပြင် ရက်စက်တဲ့ ညှဉ်းပန်း​နှိပ်စက်​နည်းတွေကိုလည်း စာတန် သုံးပါ​လိမ့်မယ်။ ဟောပြောခြင်း​လုပ်ငန်း ရပ်တန့်​သွား​အောင်၊ ကျွန်တော်​တို့ရဲ့ ယုံကြည်ခြင်း ပျက်ပြားသွား​အောင် လုပ်ဖို့ အချိန်​အနည်းငယ်​ပဲ ကျန်​တော့​မှန်း စာတန် သိတယ်။ ဒါကြောင့် နိုင်ငံ​တချို့မှာ လုပ်ငန်း ကန့်သတ်​ခံရတဲ့​အခါ၊ ပိတ်ပင်ခံရ​တဲ့​အခါ ကျွန်တော်​တို့ မအံ့ဩ​ဘူး။ အဲဒီ​နိုင်ငံတွေ​မှာ ရှိတဲ့ ညီအစ်ကို/မ​တွေ​ရဲ့ ခံနိုင်ရည်​က စာတန် ဘယ်လိုပဲ ကြိုးစား​ပါစေ ကျွန်တော်​တို့ အောင်မြင်​နိုင်မှန်း သက်သေပါပဲ။

အမှန်တရား လမ်းစဉ်​မှာ ဆက်​ရှိနေ​အောင် အချင်းချင်း​ကို ကူညီ​ပါ

၁၄။ အမှန်တရား​ထဲမှာ ဆက်​ရှိနေ​အောင် ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေး​နိုင်တဲ့ နည်း​တစ်နည်း​က ဘာလဲ။

၁၄ အမှန်တရား​ထဲမှာ ဆက်​ရှိနေ​အောင် ညီအစ်ကို/မ​တွေ​ကို ကူညီ​ဖို့ ကျွန်တော်​တို့ ထောက်ထား​စာနာမှု ပြ​ရမယ်။ (၁ ယော. ၃:၁၀၊ ၁၁၊ ၁၆-၁၈) အဆင်ပြေ​နေချိန်မှာ​သာမက ပြဿနာ​တွေ ကြုံရချိန်​မှာလည်း အချင်းချင်း ချစ်ဖို့ လိုတယ်။ ဥပမာ၊ ချစ်ရသူ​တစ်ယောက် သေဆုံး​သွား​လို့ နှစ်သိမ့်မှု ဒါမှမဟုတ် လက်တွေ့ကျ အကူအညီ လိုအပ်​နေ​သူ​တစ်ယောက်ကို သိပါသလား။ ညီအစ်ကို/မ​တွေ သဘာဝဘေး ကြုံ​ရလို့ နိုင်ငံတော်​ခန်းမ ဒါမှမဟုတ် အိမ် ပြန်​ဆောက်​ဖို့ လိုအပ်​နေတာ ကြား​မိ​သလား။ ညီအစ်ကို/မ​တွေ​အပေါ် မေတ္တာနဲ့ ထောက်ထား​စာနာမှု ဘယ်လောက် ရှိကြောင်း အပြော​အားဖြင့်​သာ မဟုတ်ဘဲ လုပ်ရပ်​အားဖြင့် ပြ​ကြတယ်။

၁၅။ ၁ ယောဟန် ၄:၇၊ ၈ မှာ ပြော​ထားတဲ့​အတိုင်း ကျွန်တော်​တို့ ဘာလုပ်ဖို့ လိုသလဲ။

၁၅ အချင်းချင်း မေတ္တာ​ပြတာ​ဟာ မေတ္တာရှင်​ဖခင်​ကို တုပ​နေတာပဲ။ (၁ ယောဟန် ၄:၇၊ ၈ ကို​ဖတ်ပါ။) မေတ္တာပြ​နိုင်တဲ့ နည်း​တစ်နည်း​က​တော့ အချင်းချင်း ခွင့်လွှတ်​ခြင်း​ပါပဲ။ ဥပမာ၊ ကျွန်တော်​တို့ကို တစ်ယောက်ယောက် စိတ်​ထိခိုက်​အောင် လုပ်တဲ့​အခါ သူ့ကို ခွင့်လွှတ်​ခြင်း၊ အမှားတွေကို မေ့​ပစ်​ခြင်း​အားဖြင့် မေတ္တာပြ​ကြတယ်။ (ကော. ၃:၁၃) ညီအစ်ကို အဲလ်ဒို အဲဒီလို ကြုံ​ခဲ့တယ်။ လေးစား​ရတဲ့ ညီအစ်ကို​တစ်ယောက် မိမိ​လူမျိုး​အကြောင်း ပစ်ပစ်​ခါခါ ဝေဖန်တာ​ကို အဲလ်​ဒို ကြား​လိုက်ရတယ်။ “အဲဒီ​ညီအစ်ကို,ကို အပြစ်​မမြင်​မိအောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ကျွန်တော် အမြဲ ဆုတောင်း​ခဲ့တယ်” လို့ အဲလ်​ဒို ပြောတယ်။ အဲဒီအပြင် အမှုဆောင် အတူ​သွားဖို့ အဲဒီ​ညီအစ်ကို​ကို ကမ်းလှမ်း​မယ်​လို့ ဆုံးဖြတ်​လိုက်တယ်။ သူ့​စကား​ကြောင့် ဘယ်လို ခံစားရ​ကြောင်း အမှုဆောင် အတူ​သွား​ရင်း အဲလ်​ဒို ပြောပြတယ်။ “သူ့ရဲ့ ပစ်ပစ်​ခါခါ စကား​ကြောင့် ကျွန်တော် ဘယ်လောက် ခံစားရ​မှန်း သိတဲ့​အခါ တောင်းပန်တယ်။ သူ ဘယ်လောက် နောင်တ​ရ​မှန်း သူ့​လေသံ​ကနေ သိလိုက်​ရတယ်။ မိတ်ဆွေ​တွေ ပြန်​ဖြစ်​သွားပြီး ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့ပစ်​လိုက်​ကြတယ်” လို့ အဲလ်​ဒို ပြောတယ်။

၁၆-၁၇။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်​ထားသင့်​သလဲ။

၁၆ ညီအစ်ကို/မ​တွေ​ကို တမန်​တော် ယောဟန် ဘယ်လောက် ချစ်​ကြောင်း၊ ယုံကြည်ခြင်း ခိုင်မာ​စေ​ချင်​ကြောင်း သူ့ရဲ့ စာ​သုံးစောင်​မှာ ပေးထား​တဲ့ အကြံဉာဏ်​တွေ​က ဖော်ပြ​တယ်။ ခရစ်တော်​နဲ့​အတူ အုပ်ချုပ်​ဖို့ ယောဟန်​လို အမျိုးသား/သမီးတွေကို ရွေးချယ်​ထားကြောင်း သိရတာ အားရှိ​စရာ​ပဲ။—၁ ယော. ၂:၂၇

၁၇ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တဲ့ အကြံဉာဏ်​ကို နှလုံး​သွင်း​ကြပါစို့။ အမှန်တရားမှာ ဆက်လျှောက်​ဖို့၊ ဘဝ​ကဏ္ဍ​တိုင်းမှာ ယေဟောဝါ​ကို နာခံ​ဖို့ စိတ်ပိုင်းဖြတ်​ထားကြ​ပါစို့။ ကျမ်းစာ​ကို လေ့လာ​ပါ။ ကျမ်းစာ​ကို ယုံကြည်​စိတ်ချပါ။ ယေရှု​အပေါ် ခိုင်မာ​တဲ့ ယုံကြည်ခြင်း ရှိအောင် တည်ဆောက်ပါ။ လူ့​အတွေးအခေါ်​တွေ၊ အယူမှား သွန်သင်ချက်​တွေ​ကို ငြင်းပယ်​ပါ။ နှစ်ဘဝ​စံ​တာ​ကို ရှောင်ပါ။ အပြစ်​လုပ်ချင်စိတ်​ကို တွန်းလှန်​ပါ။ ယေဟောဝါ​ရဲ့ မြင့်မား​တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့​အညီ အသက်ရှင်ပါ။ ကျွန်တော်​တို့ကို စိတ်​ထိခိုက်အောင် လုပ်တဲ့​သူတွေကို ခွင့်လွှတ်​ခြင်း၊ အကူအညီ လိုအပ်​နေသူတွေကို ကူညီ​ခြင်း​အားဖြင့် ညီအစ်ကို/မ​တွေ အမှန်တရားမှာ ဆက်​ရှိနေ​အောင် ကူညီ​ပေးကြပါစို့။ ဒါဆိုရင် အခက်အခဲ​တွေ​ကြား​ကနေ အမှန်တရား လမ်းစဉ်​မှာ ဆက်လျှောက်​လှမ်း​နိုင်ကြ​ပါလိမ့်မယ်။

သီချင်း ၄၉ ယေဟောဝါ​ရဲ့ စိတ်နှလုံး ရွှင်ပြုံး​စေခြင်း

^ အပိုဒ်၊ 5 မုသားရဲ့​အဖ စာတန် အုပ်ချုပ်​နေတဲ့ လောကမှာ ကျွန်တော်​တို့ အသက်​ရှင်​နေကြ​ရတယ်။ ဒါကြောင့် အမှန်တရား လမ်းစဉ်​မှာ လျှောက်လှမ်းဖို့ အခက်တွေ့​နိုင်တယ်။ အေဒီ ပထမရာစု​နှောင်းပိုင်း​က ခရစ်ယာန်​တွေ​လည်း အဲဒီလို ကြုံ​ခဲ့​ရတယ်။ သူတို့နဲ့ ကျွန်တော်​တို့အတွက် အကူအညီ​ဖြစ်စေဖို့ ယေဟောဝါ​က တမန်​တော် ယောဟန်​ကို စာ​သုံး​စောင် ရေးသား​စေတယ်။ အမှန်တရား လမ်းစဉ်​မှာ ဆက်လျှောက်​ဖို့ ဘာတွေ​က အခက်တွေ့​စေနိုင်​ကြောင်း၊ ဘယ်လို ကျော်လွှား​နိုင်ကြောင်း အဲဒီ​စာ​သုံး​စောင်​က သိစေပါ​လိမ့်မယ်။

^ အပိုဒ်၊ 3 ယောဟန် ရေး​တဲ့ စာတွေ​ရဲ့ နောက်ခံ” လေးထောင့်ကွက်​ကို ကြည့်​ပါ။

^ အပိုဒ်၊ 6 အမည်​လွှဲ​များ။

^ အပိုဒ်၊ 11 ၂၀၁၈ ဩဂုတ်​လ ကင်းမျှော်စင် မှာပါတဲ့ “မှန်ကန်​တဲ့ အချက်အလက်​တွေ​ကို သင် သိရဲ့လား” ဆောင်းပါး​ကို ကြည့်​ပါ။

^ အပိုဒ်၊ 59 ပုံအညွှန်း– ကျောင်း​မှာ ညီအစ်မ​ငယ်​တစ်ယောက်ဟာ လိင်​တူ​နဲ့​ပတ်သက်​တာတွေကို အမြဲ မြင်​နေ၊ ကြားနေ​ရတယ်။ (ယဉ်ကျေးမှု​တချို့မှာ လိင်​တူ​သမား​တွေ​ကို ဖော်ပြ​ဖို့ သက်တံ​ရောင်​ကို သုံး​ကြတယ်။) နောက်ပိုင်း ညီအစ်မ​ငယ်​ဟာ ယုံကြည်ခြင်း ခိုင်မာ​စေဖို့ ကျမ်းစာ​လေ့လာ​တဲ့​အတွက် စမ်းသပ်မှု ဖြစ်စေတဲ့ ဒီ​အခြေအနေ​ကို ရင်ဆိုင်​နိုင်ခဲ့တယ်။