မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါ​သက်သေတွေဟာ အိမ်ထောင်ဖက် ရှာပေး​တဲ့ ဝက်ဘ်ဆိုက်တွေ သုံးသင့်​သလား

ယောက်ျား​နဲ့ မိန်းမ လက်ထပ်​ပြီး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်​သွားတာကို ယေဟောဝါ နှစ်သက်တယ်။ (မ. ၁၉:၄-၆) အိမ်ထောင်ပြု​ဖို့ စဉ်းစား​ပြီ​ဆိုရင် အိမ်ထောင်ဖက် ဘယ်လို ရှာ​မလဲ။ အိမ်ထောင်​ပျော်ရွှင်​ဖို့ ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ​ဆိုတာ ဖန်ဆင်း​ရှင် ယေဟောဝါဘုရား သိတယ်။ ဒါကြောင့် ဘုရား​ပေး လမ်းညွှန်ချက်တွေကို လိုက်လျှောက်​မယ်​ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရပါလိမ့်မယ်။ လမ်းညွှန်ချက်​တချို့​ကို သုံးသပ်ကြည့်​ရအောင်။

ဦးဆုံး၊ “စိတ်နှလုံး​ဟာ အရာအားလုံး​ထက် စဉ်းလဲ​တယ်။ ထင်ရာစိုင်း​တတ်တယ်” ဆိုတာ နားလည်​ထား​ရမယ်။ (ယေ. ၁၇:၉) လူတစ်ယောက်က ရည်ရွယ်​ထား​သူကို စ​တွေ့​ပြီ​ဆိုတာ​နဲ့ စိတ်​လှုပ်ရှားမှု​တွေ၊ အချစ်စိတ်​တွေ ပြင်းထန်​လာပြီး ကောင်းကောင်း မဆုံးဖြတ်​နိုင်တာ​မျိုး ဖြစ်တတ်​တယ်။ စိတ်လှုပ်ရှားမှု​ကို အခြေခံ​ပြီး ဆုံးဖြတ်​ရင် နောက်ပိုင်း စိတ်ပျက်​စရာတွေ ကြုံ​ရနိုင်တယ်။ (ပညာ. ၂၈:၂၆) ဒါ​ကြောင့် တစ်ယောက်​အကြောင်း တစ်ယောက် ကောင်းကောင်း မသိသေး​ခင် စတင်​ ပိုးပန်း​ချိန်မှာ သိပ်​ရင်းနှီး​လွန်း​တာ​မျိုး၊ အပြန်အလှန် ကတိပေး​တာ​မျိုး​တွေ မ​လုပ်သင့်​ဘူး။

“အမြော်အမြင်​ ရှိသူက အန္တရာယ်ကို ကြို​မြင်ပြီး ပုန်းနေ​တတ်တယ်။ အတွေ့အကြုံ​ မရှိသူ​က​တော့ သွား​မြဲ​ သွား​နေလို့ ဆိုးကျိုး​တွေ​ပဲ ခံရ​တတ်တယ်” လို့ ပညာအလိမ္မာ ၂၂:၃ မှာ ဆိုတယ်။ အိမ်ထောင်ဖက် ရှာပေး​တဲ့ ဝက်ဘ်ဆိုက်တွေ​က ဘယ်လို အန္တရာယ်​ရှိ​နိုင်​သလဲ။ အွန်လိုင်း​ပေါ်မှာ တွေ့တဲ့ သူစိမ်းတွေကို ယုံ​မိ​လို့ လှည့်စား​ခံရ​သူတွေ ရှိတယ်။ မရိုးသားသူတချို့​က အတွေ့အကြုံ မရှိသူ​တွေ​ဆီကနေ ငွေလိမ်ယူဖို့ အကောင့်​အတု​တွေ သုံး​ကြတယ်။ တစ်ခါ​တ​လေ ကိုယ့်ကိုယ်ကိုယ် သက်သေခံ​ပါ​ဆိုပြီး​တော့​တောင် လိမ်ပြော​တတ်ကြ​တယ်။

နောက်ထပ် အန္တရာယ် ရှိသေးတယ်။ အိမ်ထောင်ဖက်​ ရှာပေး​တဲ့ တချို့​ဝက်ဘ်ဆိုက်တွေ​က ဘယ်သူနဲ့ သင့်တော်မလဲ​ဆိုတာ​ကို တွက်ချက်​ပေး​တဲ့ ကွန်ပျူတာ​ နည်း​စနစ်​တွေ သုံးကြတယ်။ ဒါပေမဲ့ အဲဒီ​နည်း​စနစ်​တွေ အလုပ်​ဖြစ်တယ်ဆိုတဲ့ အထောက်အထား မရှိဘူး။ အိမ်ထောင်ပြုခြင်း​လို​မျိုး အရေးကြီးတဲ့ ကိစ္စ​အတွက် လူ​တီထွင်​ထား​တဲ့ တွက်ချက်​နည်းကို အားကိုး​တာ ပညာရှိ​ပါ့​မလား။ သင်္ချာ​တွက်ချက်​နည်း​တွေ​က ကျမ်းစာ​လမ်းညွှန်ချက်တွေ​လောက် အားကိုးလို့ ရနိုင်​ပါ့​မလား။—ပညာ. ၁:၇။ ၃:၅-၇

“ရိုးအတဲ့သူက ပြော​သမျှ ယုံတတ်တယ်။ အမြော်အမြင်​ ရှိသူက​တော့ ခြေလှမ်းတိုင်း​ကို စဉ်းစား​ဆင်ခြင်​တတ်တယ်” လို့ ပညာအလိမ္မာ ၁၄:၁၅ မှာ ပြော​တယ်။ တစ်ယောက်ယောက်​ကို အိမ်ထောင်ဖက်​အဖြစ် မရွေးချယ်ခင် သူ့​အကြောင်း အသေအချာ သိဖို့​ လိုတယ်။ ဒါပေမဲ့ အွန်လိုင်း​ပေါ်မှာ​တော့ အဲဒီလို သိနိုင်ဖို့ ခက်တယ်။ အွန်လိုင်း​ကနေ အချိန် အတော်ကြာ ကိုယ့်​အကြောင်း သူ့​အကြောင်း ဖလှယ်​ကြ၊ မက်ဆေ့ခ်ျ​တွေ အပြန်အလှန် ပို့​ကြ​ရုံ​နဲ့ သူ့​အကြောင်း ကောင်းကောင်း သိပြီ​လို့ ပြော​နိုင်​မလား။ အချစ်စစ်​ကို တွေ့​ပြီ​လို့ ထင်​ပေမဲ့ တကယ်တမ်း မျက်နှာ​ချင်း​ဆိုင် တွေ့​လိုက်ရ​တဲ့​အခါမှာ အထင်နဲ့ အမြင် တခြားစီ ဖြစ်နေ​တတ်တယ်။

ဆာလံဆရာ​က “လူလိမ်​လူညာတွေနဲ့ မ​ပေါင်း​ဘူး။ သရုပ်မှန် ဖုံးကွယ်​ထား​သူတွေကို ရှောင်တယ်” လို့ ပြော​တယ်။ (ဆာ. ၂၆:၄) အွန်လိုင်း ချိန်းတွေ့​တဲ့ ဝက်ဘ်ဆိုက်​မှာ ကိုယ်ရေး​အချက်အလက်​တွေ​ကို လိမ်​ပြီး အကောင်း​ချည်း​ပဲ တင်​တာ သာမန်ပဲ​လို့ လူအများစု ထင်​တဲ့​အတွက် စရိုက်​မှန်​ကို ဖုံးကွယ်​ထား​တတ်တယ်။ မက်ဆေ့ခ်ျ​တွေ​ကနေ​လည်း စရိုက်​မှန်​ကို သိဖို့ မဖြစ်​နိုင်ဘူး။ တချို့က ကိုယ့်​ကိုယ်ကိုယ် ယေဟောဝါသက်သေ​လို့ ပြော​ပေမဲ့ နှစ်ခြင်း​ခံ​ပြီး​သား သက်သေခံ​လား။ ဘုရားရေးရာ​ဘက်မှာ ရင့်ကျက်သူ​လား။ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ ဆက်ဆံ​ရေး ရှိသလား။ အသင်းတော်မှာ နာမည်​ကောင်း ရှိသလား။ ဒါမှမဟုတ် ပုံသက်သေ မကောင်း​သူ၊ “မကောင်းတဲ့ အပေါင်းအသင်း” ဖြစ်နေ​သလား။ (၁ ကော. ၁၅:၃၃။ ၂ တိ. ၂:၂၀၊ ၂၁) အဲဒီအပြင် ကျမ်းစာမူ​အရ လက်ထပ်​ဖို့ လွတ်လပ်တဲ့​သူလား။ အဲဒီ​အချက်​တွေ​ကို သင် သိဖို့​ လိုတယ်။ ဒါပေမဲ့ သူ့​အကြောင်း ကောင်းကောင်း သိတဲ့ သက်သေခံ​နဲ့ စကား​မပြော​ကြည့်​ဘူးဆိုရင် အဲဒီ​အချက်​တွေ​ကို သိဖို့ ခက်​နိုင်တယ်။ (ပညာ. ၁၅:၂၂) ယေဟောဝါ​ကို သစ္စာရှိရှိ ဝတ်ပြု​သူတွေက မယုံကြည်သူ​နဲ့ “ဘက်​မညီတဲ့ ထမ်းပိုး​ကို” ထမ်း​ဖို့ လုံးဝ စဉ်းစား​မှာ မဟုတ်ဘူး။—၂ ကော. ၆:၁၄။ ၁ ကော. ၇:၃၉

အိမ်ထောင်ဖက် ရှာပေး​တဲ့ ဝက်ဘ်ဆိုက်တွေ​ဟာ အန္တရာယ်​ရှိတယ်။ ဒါပေမဲ့ သင့်တော်​တဲ့ အိမ်ထောင်ဖက် ရှာ​နိုင်​တဲ့၊ ရင်းနှီး​နိုင်​တဲ့ နည်းလမ်း​ကောင်း​တွေ ရှိပါတယ်။ အိမ်ထောင်ဖက် ဖြစ်​လာမယ့်​သူနဲ့ ဘယ်လို တွေ့​နိုင်​မလဲ။ လူထု​စုဝေးမှု​တွေ​ကို မတားမြစ်​ထား​ဘူးဆို​ရင် ယေဟောဝါသက်သေ​တွေ​အနေ​နဲ့ အသင်းတော် အစည်းအဝေး၊ တိုက်နယ်​နဲ့ ခရိုင်​အစည်းအဝေး၊ တခြား​ပေါင်းသင်းမှု​တွေ​မှာ လူ​ချင်း တွေ့ဆုံ​နိုင်​ပါ​တယ်။

အတူတူ အချိန်ပေး ပေါင်းသင်း​တဲ့​အခါ ပန်းတိုင်​တွေ၊ တန်ဖိုး​ထား​ရာတွေ တူ​သလား​ဆိုတာ ပို​သိလာမယ်

ကိုဗစ်-၁၉ ကပ်ရောဂါ​လို လူအများ စုဝေး​လို့ မရတဲ့ အချိန်တွေမှာ​တော့ အီလက်ထရောနစ် စနစ်​နဲ့​ပဲ အသင်းတော် အစည်းအဝေးတွေ တက်​နေ​ရတယ်။ ဒါပေမဲ့ ဒီ​အစည်းအဝေးတွေမှာလည်း တစ်ကိုယ်ရေ သက်သေခံတွေ​နဲ့ ရင်းနှီးခွင့် ရနိုင်ပါတယ်။ အစည်းအဝေး​မှာ သူတို့ ဟောပြောတာ၊ မှတ်ချက်​ပေး​တာ​တွေ တွေ့​နိုင်တယ်။ (၁ တိ. ၆:၁၁၊ ၁၂) အစည်းအဝေး​ပြီး​နောက် အုပ်စု​ခွဲ​ပြီး စကားပြော​တဲ့​အခါမှာလည်း လေ့လာ​နိုင်တယ်။ အုပ်စု​လိုက် အွန်လိုင်း စုဆုံ​ပေါင်းသင်းမှု​တွေ​မှာလည်း ကိုယ်​စိတ်ဝင်စားသူ​က တခြား​သူတွေကို ဘယ်လို ဆက်ဆံ​သလဲ​ဆိုတာ အကဲခတ်​နိုင်တယ်။ အဲဒီလို​အချိန်​မျိုးမှာ သူ့ရဲ့ စရိုက်​မှန်​ကို တွေ့​နိုင်တယ်။ (၁ ပေ. ၃:၄) ဒီလိုနဲ့ တစ်ယောက်​အကြောင်း တစ်ယောက် ကောင်းကောင်း သိလာပြီး ပန်းတိုင်​တွေ၊ တန်ဖိုး​ထား​ရာတွေ တူ​သလား၊ ကိုယ်​နဲ့ လိုက်ဖက်​မလား​ဆိုတာ ဆုံးဖြတ်​နိုင်​ပါ​လိမ့်မယ်။

တစ်ကိုယ်ရေ ညီအစ်ကို/မ​တွေ​ဟာ ကျမ်းစာ​လမ်းညွှန်ချက်တွေ​အတိုင်း အိမ်ထောင်ဖက် ရှာမယ်ဆိုရင် “ဇနီး [ခင်ပွန်း] ကောင်း​ကို ရတဲ့​သူဟာ ကောင်း​တဲ့​အရာ​ကို ရတဲ့​သူပဲ။ ယေဟောဝါ​ရဲ့ မျက်နှာသာ​ကို ရတဲ့​သူပဲ” ဆို​တဲ့ ကျမ်း​စကား​အတိုင်း ပျော်ရွှင်​တဲ့ အိမ်ထောင်​ကို ပိုင်ဆိုင်​ရပါလိမ့်မယ်။—ပညာ. ၁၈:၂၂