မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၈

ပြိုင်ဆိုင်တာကို ရှောင်ပြီး ငြိမ်သက်ခြင်း တိုးများစေပါ

ပြိုင်ဆိုင်တာကို ရှောင်ပြီး ငြိမ်သက်ခြင်း တိုးများစေပါ

“အတ္တဆန်​တာ၊ အချင်းချင်း ပြိုင်ဆိုင်​တာ၊ မနာလို​ မ​ရှု​ဆိတ် ဖြစ်တာ​တွေ​ကို ရှောင်​ကြ​စို့။”—ဂလ. ၅:၂၆

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက် *

၁။ အပြိုင်အဆိုင်​စိတ်ဓာတ်​ကြောင့် လူတွေ ဘာလုပ်​ကြသလဲ။

ဒီနေ့​ခေတ် လူများစွာ​မှာ အပြိုင်အဆိုင်​စိတ်ဓာတ် ရှိကြတယ်။ စီးပွားရေး​သမား​တွေ​က ပြိုင်ဖက်​တွေ​ထက် ပို​အောင်မြင်​ဖို့ ခေါင်းတုံး​ပေါ် ထိပ်​ကွက်​တတ်ကြ​တယ်။ အားကစားသမား​တွေ​က အနိုင်​ရဖို့ တခြား​ကစားသမား ဒဏ်ရာ​ရအောင် တမင် လုပ်​တတ်တယ်။ ကျောင်းသားတွေကလည်း အမှတ်​ကောင်းကောင်း ရဖို့ စာမေးပွဲ​မှာ ခိုးချ​တတ်ကြ​တယ်။ ခရစ်ယာန်​တွေ​က​တော့ အဲဒီ​အကျင့်​တွေ မှားမှန်း၊ “အပြစ်​ရှိတဲ့​အကျင့်​တွေ” ဖြစ်​မှန်း သိတယ်။ (ဂလ. ၅:၁၉-၂၁) ဒါပေမဲ့ အသင်းတော်မှာ မရည်ရွယ်​ဘဲ အပြိုင်အဆိုင် စိတ်ဓာတ် ဝင်​လာအောင် လုပ်မိ​နိုင်​သလား။ ဒါဟာ အသင်းတော်ရဲ့ စည်းလုံးမှု​ကို ထိခိုက်​စေနိုင်​တဲ့​အတွက် အရေးကြီး​ကိစ္စ ဖြစ်တယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ပြိုင်ဆိုင်​ချင်စိတ်​ကို ဆွပေး​တဲ့ သဘောထားတွေ​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ အပြိုင်အဆိုင်​စိတ်ဓာတ် မရှိခဲ့​ကြ​တဲ့ ရှေး​သစ္စာ​ရှိသူတွေရဲ့ ပုံသက်သေ​ကိုလည်း သုံးသပ်ကြ​ပါ​မယ်။ ဦးဆုံး၊ ကိုယ့်​စိတ်ရင်း​ကို ဘယ်လို ဆန်းစစ်​နိုင်​ကြောင်း ဆွေးနွေး​ကြည့်​ကြ​စို့။

ကိုယ့်​စိတ်ရင်း​ကို ဆန်းစစ်​ပါ

၃။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။

ကိုယ့်​စိတ်ရင်း​ကို မကြာမကြာ ဆန်းစစ်​သင့်တယ်။ ‘တခြား​သူတွေနဲ့ နှိုင်းယှဉ်​မှ​ပဲ ကိုယ့်ကိုယ်ကိုယ် ပို​တော်တယ်​လို့ ခံစားရ​သလား။ ဘာလုပ်လုပ် အတော်ဆုံးလို့ အထင်​ခံ​ချင်စိတ်​နဲ့ လုပ်တာ​လား။ ညီအစ်ကို/မ တစ်ယောက်ယောက်​ထက် ပိုသာ​ချင်​တဲ့​စိတ်​နဲ့ လုပ်တာ​လား။ ဒါမှ​မဟုတ် ယေဟောဝါ​ကို အကောင်းဆုံး ပေးဆက်​ချင်စိတ်​နဲ့ လုပ်တာ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။ ဘာကြောင့် မေးသင့်​သလဲ။ ကျမ်းစာ​မှာ ဘာ​ပြော​ထား​ကြောင်း သုံးသပ်ကြည့်​ရအောင်။

၄။ ဂလာတိ ၆:၃၊ ၄ အရ တခြား​သူတွေနဲ့ နှိုင်းယှဉ်တာ​ကို ဘာကြောင့် ရှောင်သင့်​သလဲ။

ကိုယ့်ကိုယ်ကိုယ် တခြား​သူတွေနဲ့ မ​နှိုင်းယှဉ်​ဖို့ ကျမ်းစာ ပြော​ထား​တယ်။ (ဂလာတိ ၆:၃၊ ၄ ကို ဖတ်ပါ။) ဘာကြောင့်​လဲ။ ညီအစ်ကို/မ တစ်ယောက်ယောက်​ထက် ပိုသာတယ်လို့ ထင်​နေရင် မာန​တက်​လာနိုင်​ပြီး ပို​နိမ့်ကျ​တယ်လို့ ထင်​နေရင်​လည်း စိတ်ဓာတ်ကျ​လာနိုင်​လို့​ပဲ။ ဒါက ‘ကိုယ့်ကိုယ်ကိုယ် တော်သင့်ရုံ ထင်’ ရာ မ​ရောက်​ဘူး။ (ရော. ၁၂:၃) ဂရိ​နိုင်ငံ​မှာ နေတဲ့ ညီအစ်မ ကက်တရီနာ *က “ကိုယ့်ထက် ပို​လှတဲ့၊ အမှုဆောင်မှာ ပို​ထိရောက်တဲ့၊ ပို​လူပေါင်းဆံ့​တဲ့ တခြား​သူတွေနဲ့ အမြဲ နှိုင်းယှဉ်​တဲ့​အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးမကျ​ဘူးလို့ ခံစား​ရတယ်” လို့ ပြော​တယ်။ ကျွန်တော်​တို့ ချော​လှ​လို့၊ အပြောကောင်း​လို့၊ ထင်ပေါ်​ကျော်ကြား​လို့ မဟုတ်ဘဲ မိမိကို ချစ်​လို့၊ သားတော် စကား​ကို နားထောင်​လို့ ယေဟောဝါ ဆွဲဆောင်​ထား​တယ်​ဆိုတာ သတိရပါ။—ယော. ၆:၄၄။ ၁ ကော. ၁:၂၆-၃၁

၅။ ညီအစ်ကို ဟူဝန်ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

ကိုယ့်ကိုယ်ကိုယ် မေးသင့်​တဲ့ နောက်​မေးခွန်း​က ‘ငါဟာ သင့်မြတ်​စေ​သူ​လို့ လူသိ​များ​သလား။ ဒါမှ​မဟုတ် အငြင်းအခုံ လုပ်တတ်​သူ​လို့ လူသိ​များ​သလား။’ တောင်​ကိုးရီးယား​မှာ နေတဲ့ အကြီးအကဲ ညီအစ်ကို ဟူဝန်​အကြောင်း စဉ်းစား​ကြည့်​ပါ။ တခြား​အကြီးအကဲ​တွေ​ကို ပြိုင်ဖက်​အဖြစ် သဘောထား​တယ်။ “အဲဒီ​ညီအစ်ကို​တွေ​ကို အပြစ်​ရှာတယ်။ သူတို့​ ပြော​တာတွေကို အတိုက်အခံ လုပ်တယ်” လို့​ ပြော​တယ်။ ဘာ​ရလဒ် ရသလဲ။ “ကျွန်တော့် သဘောထား​ကြောင့် အသင်းတော်မှာ မ​စည်းလုံး​တော့​ဘူး” လို့ ဝန်ခံတယ်။ ဟူဝန်ရဲ့ သူငယ်ချင်း​တချို့က ပြဿနာ​ကို သူ နားလည်အောင် ကူညီ​ပေး​ကြ​တဲ့​အတွက် လိုအပ်​သလို ပြုပြင်​ပြောင်းလဲ​ပြီး အခု​ဆို သိပ်​တော်​တဲ့ အကြီးအကဲ ဖြစ်​နေပြီ။ ကျွန်တော်​တို့​လည်း သင့်မြတ်​အောင် လုပ်ချင်စိတ်​ထက် ပြိုင်ဆိုင်​ချင်စိတ် ပို​များနေ​တာ သတိထား​မိရင် ချက်ချင်း ပြုပြင်​ပြောင်းလဲ​ရမယ်။

အတ္တစိတ်၊ မနာလို​စိတ် မဝင်​ပါစေ​နဲ့

၆။ ဂလာတိ ၅:၂၆ အရ ဘယ်လို စိတ်​တွေ​ကြောင့် အပြိုင်အဆိုင်​စိတ် ဝင်လာ​နိုင်​သလဲ။

ဂလာတိ ၅:၂၆ ကို ဖတ်ပါ။ ဘယ်လို စိတ်​တွေ​ကြောင့် အပြိုင်အဆိုင်​စိတ် ဝင်လာ​နိုင်​သလဲ။ တစ်ခု​က​တော့ အတ္တစိတ်​ပါ။ အတ္တကြီး​သူဟာ မာနကြီး​တယ်။ တစ်ကိုယ်ကောင်း​ဆန်​တယ်။ နောက်တစ်ခု​က​တော့ မနာလို​စိတ်ပါ။ မနာလို​စိတ် ရှိသူဟာ တခြားသူ​မှာ ရှိတာကို လိုချင်​ရုံ​သာမက ရှိ​ထား​တာတွေကို​လည်း ဆုံးရှုံး​သွား​စေချင်တယ်။ မနာလို​စိတ်​ဟာ မုန်းတီးစိတ် တစ်မျိုး​ပါ​ပဲ။ အဲဒီ​စိတ်​တွေ​ကို ကူးစက်​ရောဂါ တစ်ခုလို ဝေးဝေး ရှောင်​ရမယ်။

၇။ အတ္တစိတ်၊ မနာလို​စိတ်​က ဘယ်လို ထိခိုက်​စေနိုင်​ကြောင်း ဥပမာ​ပေး​ပါ။

အတ္တစိတ်၊ မနာလို​စိတ်​ဟာ လေယာဉ် လောင်စာဆီ​ထဲမှာ ပါ​လာတဲ့ အမှိုက်​စ​လေး​တွေ​နဲ့ တူတယ်။ အစ​မှာ​တော့ လေယာဉ် ပျံတက်​သွားနိုင်တယ်။ ဒါပေမဲ့ အမှိုက်​စ​လေး​တွေ​က ဆီ​လမ်းကြောင်း​မှာ ပိတ်ဆို့​လာတဲ့​အတွက် အင်​ဂျင်​မှာ ဆီ​ပြတ်​ပြီး လေယာဉ် ပျက်​ကျ​နိုင်တယ်။ အဲဒီလိုပဲ လူတစ်ယောက်ဟာ ယေဟောဝါ​ကို ဝတ်ပြု​နေပေမဲ့ မာန​စိတ်၊ မနာလို​စိတ် ဝင်လာ​ရင် ထိခိုက်​ပျက်စီး​နိုင်တယ်။ (ပညာ. ၁၆:၁၈) ယေဟောဝါ​ကို ဆက်​ဝတ်မပြု​တော့​ဘဲ ကိုယ်တိုင်​နဲ့ တခြား​သူတွေကို ထိခိုက်​နာကျင်စေ​မယ်။ အတ္တစိတ်၊ မနာလို​စိတ် မဝင်လာအောင် ဘယ်လို ရှောင်​မလဲ။

၈။ အတ္တစိတ်​ကို ဘယ်လို တိုက်ထုတ်​နိုင်​သလဲ။

“ငြင်းခုံ​ရန်​တွေ့ချင်​တဲ့​စိတ်၊ အတ္တစိတ်​နဲ့ ဘာမှ​ မ​လုပ်ကြပါ​နဲ့။ စိတ်​နှိမ့်ချ​ကြ​ပါ၊ သူတစ်ပါးကို ကိုယ့်ထက်​ သာတယ်လို့ သဘောထား​ပါ” ဆိုပြီး ဖိလိပ္ပိ အသင်းတော်ကို ပြော​ခဲ့​တဲ့ တမန်တော် ပေါလု​ရဲ့ စကား​ကို လိုက်နာမယ်​ဆိုရင် အတ္တစိတ်​ကို တိုက်လှန်​နိုင်​ပါ​တယ်။ (ဖိ. ၂:၃) တခြား​သူတွေကို ကိုယ့်ထက်​ သာတယ်လို့ သဘောထား​ရင် ကိုယ့်ထက် ပင်ကိုစွမ်းရည်၊ အရည်အချင်း ပို​ရှိသူနဲ့ လိုက်​ပြိုင်​မှာ မဟုတ်ဘူး။ အဲဒီအစား သူတို့​အတွက် ဝမ်းသာ​ပေး​မယ်။ အထူးသဖြင့် သူတို့ရဲ့ အရည်အချင်းတွေကို ယေဟောဝါ​ရဲ့ အမှုတော်မှာ အသုံးပြု​နေတဲ့​အခါမျိုးမှာ ဖြစ်တယ်။ ပင်ကိုစွမ်းရည် ရှိတဲ့ ညီအစ်ကို/မ​တွေ​က​လည်း ပေါလု​ရဲ့ အကြံဉာဏ်​ကို လိုက်နာမယ်​ဆိုရင် ကျွန်တော်​တို့​ရဲ့ အရည်အသွေးကောင်း​တွေ​ကို အာရုံစိုက်​ပြီး တန်ဖိုး​ထား​မယ်။ ဒါဆိုရင် အသင်းတော်မှာ ငြိမ်သက်​စည်းလုံးမှု တိုးပွား​လာပါလိမ့်မယ်။

၉။ မနာလို​စိတ် မဝင်လာအောင် ဘယ်လို ထိန်း​မလဲ။

ကိုယ့်​ကန့်သတ်ချက်​တွေ​ကို အသိအမှတ်​ပြုခြင်း၊ တစ်နည်း​အားဖြင့် ကျိုးနွံ​စိတ် ရှိ​ခြင်း​အားဖြင့် မနာလို​စိတ်​ကို တားဆီး​နိုင်တယ်။ ကျိုးနွံ​မယ်​ဆိုရင် တခြားသူ​ထက် ကိုယ် ပို​တော်၊ ပို​တတ်​ကြောင်း ပြဖို့ ကြိုးစား​မှာ မဟုတ်ဘူး။ အဲဒီအစား ကိုယ့်ထက် ပို​တော်​သူတွေဆီ​ကနေ သင်ယူပါ​လိမ့်မယ်။ ဥပမာ၊ အသင်းတော်မှာ ညီအစ်ကို​တစ်ယောက်က လူထု​ဟောပြောချက် ပေး​တာ သိပ်​တော်တယ် ဆိုပါစို့။ ဟောပြောချက် ဘယ်လို ပြင်ဆင်​သလဲ​ဆိုပြီး မေး​နိုင်တယ်။ ညီအစ်မ တစ်ယောက်က အချက်အပြုတ် တော်တယ်​ဆိုရင် သူ့ဆီကနေ အကြံဉာဏ် တောင်း​နိုင်တယ်။ လူငယ် ညီအစ်ကို​တစ်ယောက် မိတ်ဆွေဖွဲ့​ဖို့ ခက်​နေတယ်​ဆိုရင် မိတ်ဆွေ​ပေါ​တဲ့​သူ​ဆီကနေ မိတ်ဖွဲ့​နည်း တောင်း​နိုင်တယ်။ အဲဒီလို လုပ်မယ်ဆိုရင် မနာလို​စိတ်​ကို ရှောင်နိုင်မယ်။ ကိုယ့်​အရည်အချင်း​လည်း တိုးတက်​လာမယ်။

ကျမ်းစာ​ပုံ​နမူနာ​တွေ​ကနေ သင်ယူပါ

ဂိဒေါင် နှိမ့်ချတဲ့​အတွက် ဧဖရိမ်​ အမျိုးသားတွေ​နဲ့ ပြန်​သင့်မြတ် (စာပိုဒ် ၁၀-၁၂ ကို ကြည့်​ပါ)

၁၀။ ဂိဒေါင် ဘယ်​အခက်အခဲ ကြုံ​ခဲ့​ရသလဲ။

၁၀ မနာရှေ​အမျိုး ဂိဒေါင်​နဲ့ ဧဖရိမ်​ အမျိုးသားတွေ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဂိဒေါင်​နဲ့ လူ ၃၀၀ ဟာ ယေဟောဝါ​ရဲ့ အကူအညီ​ကြောင့် ထူးခြားတဲ့ အောင်ပွဲ ရခဲ့တယ်။ မာန​တက်​မယ်​ဆို တက်​နိုင်တယ်။ ဒါပေမဲ့ ဘုရား​ရန်သူတွေကို သွားတိုက်​ခိုက်​ချိန် အစပိုင်း​မှာ ဧဖရိမ်​အမျိုးသားတွေကို မ​ခေါ်မိ​ဘူး။ မာန​ထိပါး​ခံရ​တယ်လို့ ယူဆ​ပုံ​ရတဲ့​အတွက် ဧဖရိမ်​ အမျိုးသားတွေ ဂိဒေါင်​ကို တွေ့​တဲ့​အခါ ချီးမွမ်း​မယ့်​အစား ရန်​တွေ့​ကြတယ်။ အမျိုး​ဂုဏ် ထိန်းသိမ်းဖို့​ပဲ အာရုံစိုက်​နေလို့ ယေဟောဝါ​ရဲ့ နာမတော်​ကို ဂုဏ်တင်​ဖို့၊ လူမျိုးတော်ကို ကာကွယ်​ဖို့ ဂိဒေါင် ကူညီ​ပေး​ခဲ့တယ်​ဆိုတဲ့ ပို​ကြီးမား​တဲ့ အရေးကိစ္စကို မမြင်​ကြ​တော့​ဘူး။—သူကြီး. ၈:၁

၁၁။ ဧဖရိမ်​ အမျိုးသားတွေကို ဂိဒေါင် ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။

၁၁ ဂိဒေါင်​က ဧဖရိမ်​ အမျိုးသားတွေကို “ခင်ဗျား​တို့​နဲ့​ နှိုင်း​ရင် ကျွန်တော် လုပ်ခဲ့တာ​တွေ​ဟာ ဘာမှ မပြော​ပ​လောက်​ပါ​ဘူး” လို့ နှိမ့်ချစွာ ပြော​တယ်။ ပြီး​တော့ သူတို့ကို ယေဟောဝါ ကောင်းချီး​ပေး​ခဲ့​တဲ့ သတ်သတ်မှတ်မှတ် ဖြစ်ရပ်​တစ်ခု​ကို ထောက်ပြ​တဲ့​အခါ “စိတ်ပြေ​သွား” ကြတယ်။ (သူကြီး. ၈:၂၊ ၃) ဂိဒေါင်​ဟာ ဘုရား​လူမျိုး ငြိမ်သက်မှု ဆက်​ရှိနေဖို့ မာနစိတ်ကို ဘေးချိတ်​ထားခဲ့​တယ်။

၁၂။ ဧဖရိမ်​ အမျိုးသားတွေ​နဲ့ ဂိဒေါင်​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၂ ဒီ​မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကိုယ့်​ဂုဏ်​သိက္ခာ မထိခိုက်​ဖို့​ထက် ယေဟောဝါ​ကို ဂုဏ်တင်​ဖို့ ပို​အာရုံစိုက်​သင့်​ကြောင်း ဧဖရိမ်​ အမျိုးသားတွေ​ဆီကနေ သင်ယူ​ရတယ်။ အိမ်ထောင်ဦးစီး​နဲ့ အကြီးအကဲ​တွေ ဂိဒေါင်​ဆီကနေ သင်ယူနိုင်တယ်။ ကိုယ့်​လုပ်ရပ်​ကြောင့် တစ်ယောက်ယောက် စိတ်ဆိုး​သွား​ရင် ကိစ္စရပ်​ကို သူ့ဘက်ကနေ မြင်​ဖို့ ကြိုးစား​သင့်တယ်။ သူ့​လုပ်ရပ်​ကောင်း​တွေ​အတွက် ချီးမွမ်း​ပေး​နိုင်တယ်။ အထူးသဖြင့် တစ်ဖက်​လူက မှား​နေတာ သေချာ​နေတဲ့​အခါမျိုးမှာ အဲဒီလို ချီးမွမ်း​ဖို့​ဆိုရင် နှိမ့်ချမှု လိုတယ်။ ဒါပေမဲ့ ကိုယ့်​မာန​ထက် ငြိမ်သက်မှု ရှိဖို့ ပို​အရေးကြီးတယ်။

ယေဟောဝါ ကူညီ​ဖြေရှင်း​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​တဲ့​အတွက် ဟန္န စိတ်​ငြိမ်သက်မှု ပြန်​ရ (စာပိုဒ် ၁၃-၁၄ ကို ကြည့်​ပါ)

၁၃။ ဘယ်​အခက်အခဲ​ကို ဟန္န ရင်ဆိုင်ခဲ့​ရသလဲ။ ဘယ်လို ကျော်လွှား​ခဲ့​သလဲ။

၁၃ ဟန္နရဲ့ ပုံသက်သေ​ကိုလည်း စဉ်းစား​ကြည့်​ပါ။ မိမိကို သိပ်​ချစ်​မြတ်နိုးတဲ့ လေဝိ​အမျိုးသား ဧလကာန​နဲ့ အိမ်ထောင်ပြု​ထား​တယ်။ ဒါပေမဲ့ ဧလကာန​မှာ ပေနိန္န​ဆို​တဲ့ ဇနီး နောက်​တစ်ယောက် ရှိတယ်။ ပေနိန္န​ထက် ဟန္န​ကို ဧလကာန ပို​ချစ်တယ်။ “ပေနိန္န​မှာ သားသမီး ရှိပေမဲ့ ဟန္န​မှာ​တော့ သားသမီး မရှိဘူး။” ဒါ​ကြောင့် ပေနိန္န​က ဟန္န “စိတ်​ဆင်းရဲ​အောင်၊ မခံ​ချိ​မခံ​သာ ​ဖြစ်အောင် အမြဲ ပြော​လေ့​ရှိတယ်။” ဟန္န ဘယ်လို ခံစား​ရသလဲ။ စိတ်​ဆင်းရဲလွန်းလို့ “မစားနိုင် မ​သောက်​နိုင်​ဘဲ ငို​နေရ​ရှာတယ်။” (၁ ရှ. ၁:၂၊ ၆၊ ၇) ဒါပေမဲ့ ပေနိန္န​ကို ဟန္န တစ်နည်း​နည်းနဲ့ လက်စားချေ​ဖို့ ကြိုးစား​တယ်​ဆို​တဲ့ မှတ်တမ်း ကျမ်းစာ​မှာ မတွေ့ရဘူး။ အဲဒီအစား ယေဟောဝါ ကူညီ​ဖြေရှင်း​ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပြီး ရင်ဖွင့်​ဆုတောင်း​တယ်။ ဟန္န​အပေါ် ပေနိန္န သဘောထား ပြောင်း​သွား​သလား။ ကျမ်းစာ​မှာ မဖော်ပြထားဘူး။ ဒါပေမဲ့ ဟန္န “မျက်နှာညှိုး​ငယ် မနေ​တော့​ဘူး” လို့ ဖော်ပြ​ထား​တဲ့​အတွက် စိတ်​ငြိမ်သက်မှု ပြန်​ရခဲ့​တာ​တော့ ကျွန်တော်​တို့ သိတယ်။—၁ ရှ. ၁:၁၀၊ ၁၈

၁၄။ ဟန္နရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၄ ဟန္နရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကိုယ့်ကို တစ်ယောက်ယောက်​က တစ်နည်း​နည်းနဲ့ ယှဉ်​ဖို့ ကြိုးစား​နေတယ်​ဆိုရင် အခြေအနေ​ကို သင် ထိန်းချုပ်​နိုင်​ကြောင်း သတိရပါ။ သူ့ကို လိုက်​မ​ပြိုင်​ပါ​နဲ့။ အဆိုးကို အဆိုးနဲ့ တုံ့ပြန်​မယ့်​အစား သူနဲ့ သင့်မြတ်​ဖို့ ကြိုးစား​ပါ။ (ရော. ၁၂:၁၇-၂၁) သူ့​ဘက်က မတုံ့ပြန်​ရင်တောင် ကိုယ့်​မှာ စိတ်​ငြိမ်သက်မှု ရှိနေ​ပါ​လိမ့်မယ်။

လုပ်ငန်း​ကို ကောင်းချီး​ပေး​သူဟာ ယေဟောဝါ ဖြစ်​မှန်း အာပေါလု​နဲ့ ပေါလု အသိအမှတ်ပြု​တဲ့​အတွက် အချင်းချင်း မ​ပြိုင်ဆိုင်​ကြ (စာပိုဒ် ၁၅-၁၈ ကို ကြည့်​ပါ)

၁၅။ အာပေါလု​နဲ့ ပေါလု​မှာ ဘယ်​ဆင်တူချက်​တွေ ရှိသလဲ။

၁၅ အာပေါလု​နဲ့ တမန်တော် ပေါလု​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း သုံးသပ်ကြည့်​ပါ။ နှစ်ယောက်စလုံး ကျမ်းစာ​အသိ​ပညာ ကြွယ်ဝ​တယ်။ လူသိ​များ​ပြီး သိပ်​တော်တဲ့ သွန်သင်​သူတွေ ဖြစ်တယ်။ လူအများကြီးကို တပည့် ဖြစ်အောင် ကူညီ​ပေး​ခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ပြိုင်ဖက်​တွေ​အဖြစ် သဘော​မထား​ကြဘူး။

၁၆။ အာပေါလု​ဟာ ဘယ်လို လူစားမျိုး ဖြစ်​သလဲ။

၁၆ အာပေါလု​ဟာ ပထမ​ရာစု ပညာရေး အချက်အချာ ကျ​တဲ့ ‘အလက်ဇန္ဒြီးယား​မြို့က’ ဖြစ်တယ်။ အဟောအပြော ကောင်း​သူ၊ “ကျမ်းစာ​ကို နှံ့နှံ့စပ်စပ် သိတဲ့​သူ” ဖြစ်တယ်။ (တ. ၁၈:၂၄) ကောရိန္သု​မြို့မှာ ရှိနေတုန်း အသင်းတော်​သား တချို့က ပေါလု အပါအဝင် တခြား ညီအစ်ကို​တွေ​ထက် အာပေါလုကို ပို​ကြိုက်​ကြ​ပုံ​ရတယ်။ (၁ ကော. ၁:၁၂၊ ၁၃) အဲဒီလို သွေးကွဲ​အောင် လုပ်တာကို အာပေါလု လက်ခံ​သလား။ လက်မခံ​ဘူး။ ကောရိန္သု​မြို့ကနေ အာပေါလု ထွက်သွား​ပြီး​နောက်ပိုင်း အဲဒီကို ပြန်​သွားဖို့ ပေါလု အားပေးခဲ့တယ်။ (၁ ကော. ၁၆:၁၂) အသင်းတော် ပြိုကွဲ​အောင် အာပေါလု လုပ်တယ်လို့​သာ ပေါလု ထင်​ရင် အဲဒီလို ပြန်​သွားဖို့ အားပေး​မှာ မဟုတ်ဘူး။ သတင်းကောင်း ကြေညာ​ဖို့၊ ညီအစ်ကို​တွေ​ကို အားပေးဖို့ ကိုယ့်​အစွမ်းအစ​ကို အကောင်းဘက်ကနေ အာပေါလု သုံးခဲ့​တာ သေချာတယ်။ အာပေါလု​ဟာ နှိမ့်ချ​သူလည်း ဖြစ်တယ်။ အာကုလ​နဲ့ ပြစ်ကိလ​က “ဘုရားသခင်ရဲ့ လမ်းစဉ်​အကြောင်း ပို​ပြီး မှန်မှန်ကန်ကန် သိလာအောင် ရှင်းပြ​ပေး” တဲ့​အခါ အာပေါလု စိတ်ဆိုး​ခဲ့တယ်​ဆို​တဲ့ ကျမ်းစာ မှတ်တမ်း မရှိဘူး။—တ. ၁၈:၂၄-၂၈

၁၇။ ငြိမ်သက်မှု တိုးများ​အောင် ပေါလု ဘယ်လို လုပ်ခဲ့သလဲ။

၁၇ အာပေါလု သိပ်​တော်​မှန်း တမန်တော် ပေါလု သိတယ်။ ဒါပေမဲ့ ကိုယ့်ထက် ပိုသာ​သွားမှာကို စိုးရိမ်​တာမျိုး မဖြစ်ခဲ့ဘူး။ ကောရိန္သု အသင်းတော်​ဆီ ရေး​တဲ့​ စာ​မှာ ပေါလု​ရဲ့ နှိမ့်ချမှု၊ ကျိုးနွံ​မှု၊ အကျိုးသင့်အကြောင်းသင့် ရှိမှု​တွေ​ကို တွေ့​နိုင်တယ်။ “ငါဟာ ပေါလု​ရဲ့ တပည့်” လို့ ပြော​တဲ့​သူတွေ​ကြောင့် စိတ်​ကြီး​ဝင်​မယ့်​အစား ယေရှုနဲ့ ယေဟောဝါ​ကိုပဲ အာရုံစိုက်​စေ​ခဲ့တယ်။—၁ ကော. ၃:၃-၆

၁၈။ ၁ ကောရိန္သု ၄:၆၊ ၇ အရ အာပေါလု​နဲ့ ပေါလု​ဆီကနေ ဘာ​သင်ယူ​ရသလဲ။

၁၈ အာပေါလု​နဲ့ ပေါလု​ရဲ့ ပုံသက်သေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေဟောဝါ​အတွက် ကျွန်တော်​တို့ ကြိုးစား​အမှုဆောင်ခဲ့တာ၊ လူများစွာကို နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာအောင် ကူညီ​ပေး​ခဲ့​တာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ဘယ်​အောင်မြင်မှု​မဆို ယေဟောဝါ​ရဲ့ ကောင်းချီး​ကြောင့်​သာ ဖြစ်​ကြောင်း အသိအမှတ်ပြု​ရမယ်။ အာပေါလု​နဲ့ ပေါလု​ဆီကနေ သင်ယူ​ရတဲ့ သင်ခန်းစာ နောက်တစ်ခု​က​တော့ အသင်းတော်မှာ ပို​ထင်ပေါ်​လာ​လေ ငြိမ်သက်မှု တိုးများ​အောင် လုပ်ဖို့ ပို​အခွင့်အရေး ရလာ​လေ ဖြစ်တယ် ဆိုတာပဲ။ ခန့်အပ်​ခံ အမျိုးသားတွေဟာ ကျမ်းစာ​ကို အခြေခံ​ပြီး သွန်သင်ခြင်း၊ ကိုယ်​အာရုံစိုက်​ခံရ​ဖို့​ထက် စံနမူနာရှင် ခရစ်တော် ယေရှုကို အာရုံစိုက်​စေခြင်း​အားဖြင့် ငြိမ်သက်​စည်းလုံးမှု တိုးများ​အောင် လုပ်​နေကြ​လို့ သိပ်​ကျေးဇူး​တင်စရာ​ပါ​ပဲ။၁ ကောရိန္သု ၄:၆၊ ၇ ကို ဖတ်ပါ။

၁၉။ ကျွန်တော်​တို့ ယောက်​တိုင်း ဘာလုပ်​နိုင်​သလဲ။ (“ အပြိုင်အဆိုင်​စိတ် ဝင်​လာအောင် မ​ဆွ​ပါ​နဲ့” လေးထောင့်ကွက်​ကိုလည်း ကြည့်​ပါ။)

၁၉ ကျွန်တော်​တို့ ယောက်​တိုင်း​မှာ ဘုရား​ပေး အစွမ်းအစတွေ ရှိတယ်။ အဲဒါတွေကို “အချင်းချင်း​အတွက် အကျိုးဆောင်ဖို့ အသုံးပြု” နိုင်တယ်။ (၁ ပေ. ၄:၁၀) ကိုယ်​လုပ်နိုင်တာ အသေးအမွှား​ပါ​ပဲ​လို့ ခံစား​ရနိုင်တယ်။ ဒါပေမဲ့ ချုပ်ရိုး​လေး​တွေ​ဟာ အင်္ကျီ​တစ်ထည် ဖြစ်​ဖို့ ဆက်​ပေး​သလို လုပ်ရပ် အသေးအမွှား​လေး​တွေ​ဟာ အသင်းတော်​တစ်ခုလုံး​ကို ငြိမ်သက်​စည်းလုံး​စေတယ်။ ဒါ​ကြောင့် အပြိုင်အဆိုင်​စိတ်ဓာတ် လုံးဝ ဝင်​မလာ​အောင် ကြိုးစား​အားထုတ်​ကြပါစို့။ အသင်းတော်မှာ ငြိမ်သက်​စည်းလုံးမှု တိုးများ​အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​ကြပါစို့။—ဧ. ၄:၃

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်​ပါ’

^ အပိုဒ်၊ 5 အက်ကြောင်း သေးသေးလေး​တွေ​က မြေအိုး​ကို ကွဲ​စေနိုင်​သလို အပြိုင်အဆိုင်​စိတ်ဓာတ်​က အသင်းတော်ကို စိတ်ဝမ်း​ကွဲ​စေနိုင်တယ်။ အသင်းတော်မှာ စည်းလုံးမှု မရှိတော့ဘူး​ဆိုရင် ဘုရား​ကို ငြိမ်သက်​စွာ ဝတ်ပြု​နိုင်တော့​မှာ မဟုတ်ဘူး။ အပြိုင်အဆိုင်​စိတ်ဓာတ်​ကို ဘာကြောင့် ရှောင်သင့်​ကြောင်း၊ အသင်းတော်မှာ ငြိမ်သက်မှု တိုးများ​အောင် ဘာလုပ်​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။

^ အပိုဒ်၊ 4 အမည်​လွှဲ​များ။