မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၇

ယေဟောဝါဘုရားရဲ့ ခံနိုင်ရည်ကို တုပပါ

ယေဟောဝါဘုရားရဲ့ ခံနိုင်ရည်ကို တုပပါ

“ခံနိုင်ရည်​ ရှိမယ်ဆိုရင် ခင်ဗျား​တို့ အသက်​ရလိမ့်မယ်။”—လု. ၂၁:၁၉

သီချင်း ၁၁၄ “စိတ်ရှည်​ကြ​ပါ”

အကြို​သုံးသပ်ချက် *

၁-၂။ ဟေရှာယ ၆၅:၁၆၊ ၁၇ မှာ ပါ​တဲ့ ယေဟောဝါ​ရဲ့ စကား​က လက်မလျှော့​ဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

“လက်မလျှော့​နဲ့” ဆိုတာ ၂၀၁၇ ခရိုင်​အစည်းအဝေး အဓိက​အကြောင်း ဖြစ်တယ်။ အခက်အခဲတွေကို ဘယ်လို ခံရပ်​နိုင်​ကြောင်း သိခဲ့ရတယ်။ လေးနှစ် ကုန်လွန်​သွားပြီ။ ဒီ​စနစ်ဆိုး​ဒဏ်​ကို ကျွန်တော်​တို့ ခံရပ်​နေရ​တုန်း​ပဲ။

လောလောဆယ် သင် ဘယ်​ပြဿနာ​တွေ ကြုံနေ​ရသလဲ။ မိသားစုဝင် ဒါမှ​မဟုတ် ချစ်​မိတ်ဆွေ​တစ်ယောက် သေဆုံး​သွား​သလား။ ကိုယ်တိုင် ရောဂါဆိုး ခံစား​နေရ​သလား။ အသက်အရွယ် အိုမင်း​မှု၊ သဘာဝဘေး၊ အကြမ်းဖက်မှု၊ နှိပ်စက်​ညှဉ်းပန်းမှု​တွေ ကြုံနေ​ရ​သလား။ ဒါမှ​မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဂယက်​တွေ ရင်ဆိုင်​နေရ​သလား။ အဲဒီ​ပြဿနာ​အားလုံး ပျောက်ကွယ်​ပြီး ဘယ်တော့မှ ပြန်​မဖြစ်​တော့​မယ့်​အချိန်ကို ကျွန်တော်​တို့ စောင့်မျှော်​နေကြ​တယ်။ဟေရှာယ ၆၅:၁၆၊ ၁၇ ကို ဖတ်ပါ။

၃။ အခု ကျွန်တော်​တို့ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။

ဒီ​စနစ်​မှာ ဘဝဟာ ခက်ခဲ​တယ်။ ဒါပေမဲ့ အနာဂတ်​မှာ ပို​ဆိုး​တဲ့ အခြေအနေ​တွေ ကြုံ​လာ​ရနိုင်တယ်။ (မ. ၂၄:၂၁) ဒါ​ကြောင့် ခံနိုင်ရည် တိုးပွား​အောင် လုပ်​နေ​ရမယ်။ “ခံနိုင်ရည်​ ရှိမယ်ဆိုရင် ခင်ဗျား​တို့ အသက်​ရလိမ့်မယ်” လို့ ယေရှု ပြော​တယ်။ (လု. ၂၁:၁၉) ကိုယ့်​လို​ပဲ အခက်အခဲ ကြုံနေ​ရသူတွေ ဘယ်လို ကြံ့ကြံ့ခံ ရပ်တည်​နေကြောင်း စဉ်းစား​တာ​က ကျွန်တော်​တို့​ရဲ့ ခံနိုင်ရည်​ကို တိုးပွား​စေနိုင်​တယ်။

၄။ ယေဟောဝါ​ဟာ ခံနိုင်ရည်​ တင်ပြ​ရာ​မှာ အကောင်းဆုံး ပုံသက်သေ ဖြစ်တယ်လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

ခံနိုင်ရည် တင်ပြ​ရာ​မှာ အကောင်းဆုံး ပုံသက်သေ​က​တော့ ယေဟောဝါ​ဘုရား ဖြစ်တယ်။ ဒီလို​ပြော​လို့ အံ့ဩ​သွား​သလား။ ဒီ​အချက်​ကို စဉ်းစား​ကြည့်​ပါ။ ဒီလောကဟာ မာရ်နတ်ရဲ့ ထိန်းချုပ်မှု​အောက်မှာ ရှိတဲ့​အတွက် ပြဿနာ​တွေ ပြည့်​နေတယ်။ ပြဿနာ​တွေ​ကို ချက်ချင်း ဖြေရှင်း​နိုင်​တဲ့ တန်ခိုး ယေဟောဝါ​မှာ ရှိပေမဲ့ အချိန်ကို စောင့်​နေတယ်။ (ရော. ၉:၂၂) အဲဒီ​အချိန် မရောက်မချင်း ဆက်ခံ​ရပ်​နေတယ်။ ယေဟောဝါ ခံရပ်​နေတဲ့​အရာ ကိုးခု​အကြောင်း ဆွေးနွေး​ကြ​စို့။

ယေဟောဝါ ဘာတွေကို ခံရပ်​နေသလဲ

၅။ ဘုရား နာမတော် ဘယ်လို ရှုတ်ချ​ခံ​နေရ​သလဲ။ အဲဒီ​အတွက် သင် ဘယ်လို ခံစား​ရသလဲ။

နာမတော် ကဲ့ရဲ့​ရှုတ်ချ ခံရတာ။ မိမိ​နာမတော်​ကို ယေဟောဝါ မြတ်နိုးတယ်။ ယောက်​တိုင်း လေးစား​စေချင်တယ်။ (ဟေရှာ. ၄၂:၈) ဒါပေမဲ့ နာမတော် ကဲ့ရဲ့​ရှုတ်ချ​ခံ​နေရ​တာ နှစ်ပေါင်း ခြောက်​ထောင်​လောက် ရှိပြီ။ (ဆာ. ၇၄:၁၀၊ ၁၈၊ ၂၃) အာဒံနဲ့ ဧဝ ပျော်ရွှင်​ဖို့ လိုအပ်ရာတွေကို ဘုရား မပေးဘူးလို့ မာရ်နတ် (“ရှုတ်ချ​ဂုဏ်ဖျက်​သူ” လို့ အဓိပ္ပာယ်ရ) စွပ်စွဲ​တဲ့ ဧဒင်ဥယျာဉ်​ကနေ စ​ခဲ့​တာ။ (က. ၃:၁-၅) အဲဒီ​အချိန်​က​စပြီး လူတွေ တကယ် လိုအပ်​တာ​ကို ယေဟောဝါ မပေးဘူးလို့ မတရား စွပ်စွဲ​ခံ​နေ​ရတယ်။ ဖခင်​နာမည် ရှုတ်ချ​ခံရတာ​ကို ယေရှု သိပ်​ခံစား​ရတယ်။ ဒါ​ကြောင့် “ကောင်းကင်​မှာ စံမြန်း​တဲ့ ကျွန်တော်​တို့​ရဲ့ အဖ၊ နာမတော် သန့်ရှင်း​မြင့်မြတ်​ပါစေ” ဆိုပြီး ဆုတောင်း​ဖို့ တပည့်​တွေ​ကို သင်ပေးခဲ့​တာ။—မ. ၆:၉

၆။ အချုပ်အခြာ အာဏာ အရေးကိစ္စကို ဖြေရှင်း​ဖို့ ယေဟောဝါ ဘာကြောင့် အချိန်​ အများကြီး ပေး​ခဲ့​သလဲ။

အချုပ်အခြာ အာဏာ ဆန့်ကျင်​ခံရတာ။ ကောင်းကင်၊ မြေကြီးကို ယေဟောဝါ အကြွင်းမဲ့ အုပ်စိုးပိုင်ခွင့် ရှိတယ်။ ဘုရား​ရဲ့ အုပ်ချုပ်နည်း​က​လည်း အကောင်းဆုံး​ ဖြစ်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ ဘုရား​မှာ အဲဒီလို အုပ်ချုပ်ပိုင်ခွင့် မရှိဘူးလို့ ကောင်းကင်တမန်​နဲ့ လူတွေ ထင်​လာအောင် မာရ်နတ် လှည့်စား​တယ်။ ယေဟောဝါ​ရဲ့ အချုပ်အခြာ အာဏာ အရေးကိစ္စဟာ ည​တွင်း​ချင်း ဖြေရှင်း​လို့ မရဘူး။ ဖန်ဆင်း​ရှင် မပါဘဲ လူ​အချင်းချင်း အုပ်ချုပ်​တာ အောင်မြင်​မှာ မဟုတ်ဘူးဆိုတာ သိလာအောင် ဘုရား အချိန် အများကြီး ပေး​ခဲ့တယ်။ (ယေ. ၁၀:၂၃) ဘုရားသခင့် စိတ်ရှည်မှု​ကြောင့် ရလဒ်အနေနဲ့ ဘုရားသခင်​သာ အချုပ်အခြာ အာဏာပိုင်​ရှင် ဖြစ်​ကြောင်း၊ ဘုရား​ရဲ့ အုပ်ချုပ်နည်း​သာ အကောင်းဆုံး ဖြစ်​ကြောင်း၊ ဘုရား​နိုင်ငံတော်​သာ ကမ္ဘာ​ပေါ် စစ်မှန်တဲ့ ငြိမ်းချမ်း​လုံခြုံမှု ပေး​နိုင်​ကြောင်း ထင်ရှား​လာပါလိမ့်မယ်။

၇။ ယေဟောဝါ​ကို ဘယ်သူတွေ ပုန်ကန်​ကြသလဲ။ ပုန်ကန်​သူတွေကို ဘုရား ဘာလုပ်​မလဲ။

သားသမီး​တချို့ ပုန်ကန်​ကြ​တာ။ ယေဟောဝါ​ဟာ နာမ်ဝိညာဉ်​ပုဂ္ဂိုလ်​တွေ​နဲ့ လူတွေကို အပြစ်​အနာအဆာ မရှိ၊ ပြည့်ဝ​စုံလင်စွာ ဖန်ဆင်း​ခဲ့တယ်။ ဒါပေမဲ့ ပုန်ကန်​တဲ့ ကောင်းကင်တမန် စာတန် (“ခုခံ​သူ” လို့ အဓိပ္ပာယ်​ရ) ဟာ ယေဟောဝါ​ကို ဆန့်ကျင်​ဖို့ ပြည့်ဝ​စုံလင်​တဲ့ လူသား အာဒံနဲ့ ဧဝ​ကို သွေးဆောင်ခဲ့တယ်။ တခြား ကောင်းကင်တမန်​တွေ​နဲ့ လူတွေလည်း ပုန်ကန်မှု​မှာ ပါဝင်​လာတယ်။ (ယု. ၆) နောက်ပိုင်း၊ ရွေးချယ်ခံ အစ္စရေး​လူမျိုး​တောင် မှားယွင်းတဲ့ ဘုရား​တွေ ဝတ်ပြု​ပြီး ယေဟောဝါ​ကို စွန့်ပစ်​ခဲ့​ကြတယ်။ (ဟေရှာ. ၆၃:၈၊ ၁၀) သစ္စာဖောက်​တယ်လို့ ယေဟောဝါ ခံစား​ခဲ့​ရတယ်။ ဒါတောင် ပုန်ကန်မှု အားလုံး​ကို အဆုံးသတ်မယ့်​အချိန်အထိ ဆက်ခံ​ရပ်​နေတယ်။ ယေဟောဝါ​နဲ့​အတူ ဒီစနစ်ဆိုး​ဒဏ်​ကို သစ္စာရှိ​ရှိ ခံရပ်​နေ​သူတွေ အဲဒီ​အချိန်​ရောက်ရင် သိပ်​ပျော်ရွှင်​ကြ​ပါ​လိမ့်မယ်။

၈-၉။ ယေဟောဝါ​နဲ့​ပတ်သက်ပြီး ဘယ်လို အလိမ်အညာ​တွေ ပြော​နေသလဲ။ ကျွန်တော်​တို့ ဘယ်လို တုံ့ပြန်​ကြသလဲ။

မာရ်နတ်ရဲ့ အလိမ်အညာ​တွေ။ ဖြောင့်မတ်​သူ ယောဘ​နဲ့ တခြား သစ္စာရှိ ကျေးကျွန်​တွေ​ဟာ ကိုယ်ကျိုး​အတွက် ယေဟောဝါ​ကို ဝတ်ပြု​နေတာ​လို့ စာတန် စွပ်စွဲ​တယ်။ (ယောဘ ၁:၈-၁၁။ ၂:၃-၅) စာတန် ဒီနေ့​အထိ အဲဒီလို စွပ်စွဲ​နေတုန်းပဲ။ (ဗျာ. ၁၂:၁၀) အခက်အခဲတွေကို ခံရပ်​ခြင်း၊ ယေဟောဝါ​ကို ချစ်တဲ့​စိတ်​နဲ့ ဆက်​သစ္စာစောင့်သိ​နေခြင်း​အားဖြင့် စာတန့် အလိမ်အညာ​တွေ မှား​ကြောင်း ကျွန်တော်​တို့ သက်သေပြ​နိုင်တယ်။ ခံနိုင်ရည် ရှိမယ်ဆိုရင် ယောဘ​လို​ပဲ ကျွန်တော်​တို့​လည်း ဆုချ​ခံရ​ပါ​လိမ့်မယ်။—ယာ. ၅:၁၁

စာတန်​က မှားယွင်းတဲ့ ဘာသာရေး ခေါင်းဆောင်​တွေ​ကို သုံးပြီး အလိမ်အညာ​တွေ ဖြန့်​နေတယ်။ ယေဟောဝါဟာ ရက်စက်​တယ်၊ လူ့​ဆင်းရဲ​ဒုက္ခတွေ​ဟာ ဘုရား​ကြောင့်၊ ကလေး​တွေ သေဆုံး​တဲ့​အခါ ကောင်းကင်​မှာ ကောင်းကင်တမန်​တွေ လို​နေလို့ ဘုရား ခေါ်​သွားတာ​ဆိုပြီး​တောင် သူတို့ ပြော​ကြတယ်။ ဘုရား​ကို စော်ကား​တာ​ပဲ။ ကျွန်တော်​တို့​က​တော့ ဘုရား​အကြောင်း သိတဲ့​အတွက် ရောဂါဆိုး ခံစား​ရတဲ့အခါ၊ ချစ်ရသူ​တစ်ယောက် သေဆုံး​သွားတဲ့အခါ ဘုရား​ကို ဘယ်တော့မှ မ​ပြစ်​မတင်​ဘူး။ အဲဒီအစား တစ်နေ့​ကျရင် အရာရာကို အကောင်း​အတိုင်း ပြန်​လုပ်ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​တယ်။ ယေဟောဝါ​ဟာ မေတ္တာရှင် ဖြစ်​ကြောင်း တခြား​သူတွေကို ပြောပြ​ကြတယ်။ ဒါမှ ကဲ့ရဲ့​သူကို ယေဟောဝါ ပြန်​ချေပ​နိုင်​မယ်။—ပညာ. ၂၇:၁၁

၁၀။ ဆာလံ ၂၂:၂၃၊ ၂၄ က ယေဟောဝါ​အကြောင်း ဘယ်လို ဖော်ပြ​သလဲ။

၁၀ ချစ်​မြတ်နိုး​ရတဲ့ ကျေးကျွန်​တွေ ဆင်းရဲ​ဒုက္ခ ခံစား​နေရ​တာ။ ယေဟောဝါ​ဟာ ထောက်ထား​စာနာ​တဲ့ ဘုရား ဖြစ်တယ်။ နှိပ်စက်​ညှဉ်းပန်းမှု၊ ဖျားနာ​မှု၊ မစုံလင်မှုတွေ​ကြောင့် ကျွန်တော်​တို့ ဒုက္ခ​ရောက်​နေတာ မြင်ရတဲ့​အခါ စိတ်မချမ်း​သာ​ဘူး။ (ဆာလံ ၂၂:၂၃၊ ၂၄ ကို ဖတ်ပါ။) ကျွန်တော်​တို့​နဲ့ ထပ်တူ​ထပ်​မျှ နာကျင်​ခံစား​ရတယ်။ ဒုက္ခတွေ ပပျောက်​သွား​အောင် လုပ်ပေး​ချင်​တယ်။ လုပ်လည်း လုပ်ပေး​ပါ​လိမ့်မယ်။ (ထွက်မြောက်ရာ ၃:၇၊ ၈။ ဟေရှာယ ၆၃:၉ တို့​နဲ့ နှိုင်းယှဉ်ပါ။) အဲဒီ​အချိန် ရောက်လာတဲ့​အခါ ဘုရားသခင်​က “မျက်ရည်​ရှိသမျှကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေး​မြည်တမ်း​ခြင်း၊ အော်ဟစ်​ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာ. ၂၁:၄

၁၁။ သေဆုံး​သွားတဲ့ သစ္စာရှိ ကျေးကျွန်​တွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

၁၁ သေဆုံး​သွားတဲ့ ချစ်​မိတ်ဆွေတွေနဲ့ ခွဲခွာ​ရတာ။ သေဆုံး​သွားတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။ သူတို့ကို ပြန်မြင်​ချင်စိတ် ပြင်းပြ​နေတယ်။ (ယောဘ ၁၄:၁၅) မိတ်ဆွေ အာဗြဟံ​ကို ယေဟောဝါ ဘယ်လောက် ပြန်တွေ့​ချင်​နေ​မလဲ။ (ယာ. ၂:၂၃) မိမိ​နဲ့ “မျက်နှာ​ချင်း​ဆိုင်” စကားပြော​ခဲ့​တဲ့ မောရှေ​ကို​ကော။ (ထွ. ၃၃:၁၁) ဒါဝိဒ်​နဲ့ တခြား ဆာလံ​ဆရာတွေရဲ့ ချီးမွမ်း​သီချင်း​သံ​ကိုလည်း ပြန်ကြား​ချင်​နေမှာ​ပဲ။ (ဆာ. ၁၀၄:၃၃) အဲဒီ​မိတ်ဆွေ​တွေ သေခြင်း​မှာ အိပ်ပျော်​နေပေမဲ့ သူတို့ကို ယေဟောဝါ မမေ့ဘူး။ (ဟေရှာ. ၄၉:၁၅) သူတို့ရဲ့ ပင်ကိုစရိုက်​တွေ​ကို အသေးစိတ်​က​အစ မှတ်မိ​နေတယ်။ တကယ်တော့ “ဘုရားသခင်ရဲ့​ အမြင်မှာ သူတို့​အားလုံး အသက်​ရှင်​နေတယ်။” (လု. ၂၀:၃၈) တစ်နေ့​ကျ​ရင် သူတို့ကို ပြန်ထ​မြောက်​ပေး​မယ်။ သူတို့ရဲ့ ဆုတောင်းသံ​တွေ​ကို ပြန်​နားထောင်ပြီး ဝတ်ပြုမှု​ကို လက်ခံမယ်။ ကိုယ်​ချစ်ရသူ​တစ်ယောက် ဆုံးပါး​သွားတယ်​ဆိုရင် အဲဒီ​အချက်​တွေ​က နှစ်သိမ့်မှု ဖြစ်စေ​နိုင်​ပါ​တယ်။

၁၂။ ဆိုးသွမ်း​တဲ့ ဒီ​နောက်ဆုံး​ကာလ​မှာ ဘယ်အရာ​က ယေဟောဝါ​ကို စိတ်ဒုက္ခ ရောက်​စေ​သလဲ။

၁၂ လူ​လူ​ချင်း ဖိနှိပ်​နေတာ။ ဧဒင်​မှာ ပုန်ကန်မှု စ​ကတည်းက အခြေအနေ​တွေ ပို​ဆိုး​လာမယ်​ဆိုတာ ယေဟောဝါ သိတယ်။ ဒီနေ့​ခေတ် ကမ္ဘာ​မှာ ဖြစ်​နေတဲ့ ဆိုးသွမ်းမှု၊ မတရားမှု၊ အကြမ်းဖက်မှုတွေကို ယေဟောဝါ မုန်းတယ်။ အထူးသဖြင့် အကာအကွယ်မဲ့​သူ၊ အားနည်း​သူ၊ မိဘမဲ့၊ မုဆိုးမ​တွေ​ကို အမြဲ သနား​စာနာ​တယ်။ (ဇာ. ၇:၉၊ ၁၀) သစ္စာရှိ ကျေးကျွန်​တွေ ဖိနှိပ်ခံ​ရ၊ ထောင်ချ​ခံရတဲ့​အခါ စိတ်ဒုက္ခ​ရောက်တယ်။ မိမိ​နဲ့​အတူ ခံရပ်​နေ​သူ အားလုံး​ကို ဘုရား ချစ်​မြတ်နိုးတယ်​ဆိုတာ စိတ်ချ​ပါ။

၁၃။ ဘုရား​ရဲ့ အမြင်မှာ လူတွေရဲ့ အကျင့်​စာရိတ္တ ဘယ်လောက် ယိုယွင်း​နေသလဲ။ ဘုရား ဘာလုပ်​မလဲ။

၁၃ လူ့​မိသားစု အကျင့်​ယိုယွင်း​နေတာ။ ဘုရား​ပုံသဏ္ဌာန်​နဲ့​အညီ ဖန်ဆင်း​ခံ​ထား​ရတဲ့ လူတွေ အကျင့်​စာရိတ္တ ယိုယွင်း​နေတာ စာတန် မြင်​ချင်​တယ်။ နောဧ​ခေတ်​မှာ “လူတွေ သိပ်​ဆိုးသွမ်း​နေတာ” ယေဟောဝါ မြင်တဲ့အခါ “ကမ္ဘာ​ပေါ်မှာ သူ​ဖန်ဆင်း​ခဲ့​တဲ့ လူတွေ​ကြောင့် စိတ်​မကောင်း​ဖြစ်တယ်၊ စိတ်ထိခိုက်​မိတယ်။” (က. ၆:၅၊ ၆၊ ၁၁) အခု​အချိန်​မှာ​ကော အခြေအနေ​တွေ ပို​ကောင်း​လာ​သလား။ မကောင်း​ပါ​ဘူး။ လိင်​တူ၊ လိင်​ခြား အကျင့်​ယိုယွင်းမှု ပုံစံ​မျိုးစုံ များ​လာတာကို ကြည့်​ပြီး မာရ်နတ် သိပ်​ပျော်​နေမှာ​ပဲ။ (ဧ. ၄:၁၈၊ ၁၉) အထူးသဖြင့် ယေဟောဝါ​ကို ဝတ်ပြု​နေ​သူတွေ ကြီး​လေး​တဲ့ အပြစ်​လုပ်မိတဲ့​အခါ စာတန် သိပ်​ပျော်​တယ်။ ယေဟောဝါ​ဟာ မိမိရဲ့ စိတ်ရှည်မှု အတိုင်းအတာ ကုန်ဆုံး​ချိန်မှာ အကျင့် မပြောင်းလဲ​သူတွေကို ဖျက်ဆီး​ပစ်​ခြင်း​အားဖြင့် လိင်​အကျင့်​ယိုယွင်းမှု​ကို ဘယ်လောက် မုန်း​ကြောင်း ပြ​ပါ​လိမ့်မယ်။

၁၄။ ဘုရားသခင့် ဖန်ဆင်း​ရာတွေကို လူတွေ ဘာလုပ်​နေကြ​သလဲ။

၁၄ ဖန်ဆင်း​ရာတွေ ဖျက်ဆီး​ခံ​နေရ​တာ။ “လူ​လူ​ချင်း အုပ်ချုပ်​တာ​ဟာ ထိခိုက်​နစ်နာ​စ​ရာတွေ​ပဲ ဖြစ်​စေတယ်။” ဒါ့အပြင် လူတွေဟာ ယေဟောဝါ အပ်​ထား​တဲ့ ကမ္ဘာ​နဲ့ တိရစ္ဆာန်​တွေ​ကိုလည်း ကောင်းကောင်း မထိန်းသိမ်း​ကြဘူး။ (ဒေ. ၈:၉။ က. ၁:၂၈) လူတွေရဲ့ လုပ်ရပ်​ကြောင့် နောက်​နှစ်​အနည်းငယ်​အတွင်း တိရစ္ဆာန်​နဲ့ သစ်ပင် မျိုးစိတ် တစ်သန်း​ကျော် မျိုးသုဉ်း ပျောက်ကွယ်​သွားနိုင်တယ်​လို့ သိပ္ပံ​ပညာရှင်​တချို့ ပြော​ကြတယ်။ သဘာဝ​ပတ်ဝန်းကျင် တကယ့်ကို ပျက်စီး​နေပြီ။ ဒါပေမဲ့ “ကမ္ဘာ​မြေ​ကို ဖျက်ဆီး​တဲ့​သူတွေကို ဖျက်ဆီး” ပြီး ကမ္ဘာ​ကို ပရဒိသု ဥယျာဉ်​အဖြစ် ပြောင်းလဲ​မယ်​လို့ ယေဟောဝါ ကတိပေး​ထား​တယ်။—ဗျာ. ၁၁:၁၈။ ဟေရှာ. ၃၅:၁

ယေဟောဝါ​ရဲ့ ခံနိုင်ရည်​ကနေ သင်ယူ​နိုင်ရာ

၁၅-၁၆။ ယေဟောဝါ​လို ခံရပ်​နိုင်​ဖို့ ဘယ်အရာ​က ကျွန်တော်​တို့ကို လှုံ့ဆော်ပေး​သင့်သလဲ။ ဥပမာ​ပေး​ပါ။

၁၅ ကောင်းကင်​ဖခင် နှစ်ထောင်​နဲ့​ချီ ခံရပ်​လာတဲ့ စိတ်ပျက်​စရာ ပြဿနာ​တွေ​ကို စဉ်းစား​ကြည့်​ပါ။ (“ ယေဟောဝါ ခံရပ်​နေတဲ့ အရာများ” လေးထောင့်ကွက်​ကို ကြည့်​ပါ။) ဆိုးသွမ်း​တဲ့ စနစ်ဆိုး​ကို အချိန်မရွေး ယေဟောဝါ ဖျက်ဆီး​ပစ်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​ကြောင့် ကျွန်တော်​တို့ ကောင်းချီး ခံစား​နေ​ရတယ်။ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်​ပါ။ ဆရာဝန်​က ဇနီး​မောင်နှံ​တစ်စုံ​ကို ဗိုက်ထဲ​က ကလေး​အကြောင်း ရှင်းပြတယ်။ ကလေးမှာ ကိုယ်​အင်္ဂါ ချို့ယွင်း​နေတယ်။ မွေးလာ​ရင်​လည်း တော်​တော် ခက်ခက်ခဲခဲ အသက်ရှင်​ရမယ်။ အသက်လည်း တို​လိမ့်မယ်။ ဒီလို​ကလေး​ကို ပြုစု​စောင့်ရှောက်​ဖို့ မလွယ်​မှန်း သိပေမဲ့ ဇနီး​မောင်နှံ​က မွေး​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ကလေး​ကို ချစ်တဲ့​စိတ်​ကြောင့် ဘယ်လို အခက်အခဲ​ကို​မဆို ခံရပ်​ပြီး ကလေး​အတွက် အကောင်းဆုံး​ကို ပေး​ချင်​ကြတယ်။

၁၆ အဲဒီလိုပဲ အာဒံ၊ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ​လည်း မွေးလာ​ကတည်းက မစုံလင်​ကြဘူး။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ချစ်​မြတ်နိုးတယ်။ ဂရုစိုက်​တယ်။ (၁ ယော. ၄:၁၉) ဥပမာ​မှာ ပါတဲ့ လူသား​မိဘတွေ​နဲ့ မတူတာ​က ယေဟောဝါ​ဟာ ကိုယ့်​သားသမီးတွေရဲ့ ဝေဒနာ​ကို ပျောက်ကင်း​အောင် လုပ်ပေး​နိုင်တယ်။ လူ့​ဆင်းရဲ​ဒုက္ခတွေ အဆုံးသတ်မယ့် အချိန်ကို သတ်မှတ်​ထား​တယ်။ (မ. ၂၄:၃၆) အဲဒီ​အချိန်အထိ ဆက်ခံ​ရပ်နေဖို့ ယေဟောဝါ​ရဲ့ မေတ္တာက ကျွန်တော်​တို့ကို လှုံ့ဆော်​ပေး​သင့်တယ်။

၁၇။ ဟီဘရူး ၁၂:၂၊ ၃ မှာ ပါ​တဲ့ ယေရှုရဲ့ ပုံသက်သေ​က ဆက်ခံ​ရပ်​ဖို့ ကျွန်တော်​တို့ကို ဘယ်လို ကူညီ​ပေး​သလဲ။

၁၇ ခံနိုင်ရည်​ တင်ပြ​ရာ​မှာ ယေဟောဝါ​ဟာ အကောင်းဆုံး ပုံသက်သေ ဖြစ်တယ်။ ဖခင်​ရဲ့ ခံနိုင်ရည်​ကို ယေရှု တုပ​တယ်။ လူသား​တစ်ယောက်​အနေ​နဲ့ ကမ္ဘာ​ပေါ် ရှိ​နေချိန် ရန်လို​တဲ့ စကား​တွေ၊ အရှက်ခွဲ​ခံရတာ​တွေ၊ သစ်တိုင်တင်​ခံရတာ​တွေ​ကို သည်းခံ​ခဲ့တယ်။ (ဟီဘရူး ၁၂:၂၊ ၃ ကို ဖတ်ပါ။) ယေဟောဝါ​ရဲ့ ခံနိုင်ရည် ပုံသက်သေ​က ယေရှုကို ခံနိုင်ရည်​စွမ်း ရှိစေ​သလို ကျွန်တော်တို့ကိုလည်း ရှိစေ​နိုင်တယ်။

၁၈။ ၂ ပေတရု ၃:၉ အရ ယေဟောဝါ​ရဲ့ စိတ်ရှည်မှု​ကြောင့် ဘာတွေ ပြီးမြောက်​နေသလဲ။

၁၈ ၂ ပေတရု ၃:၉ ကို ဖတ်ပါ။ ဆိုးသွမ်း​တဲ့ ဒီ​လောကကို အဆုံးတိုင်​ဖို့ အကောင်းဆုံး​အချိန်ကို ယေဟောဝါ သိတယ်။ ဘုရား​ရဲ့ စိတ်ရှည်မှု​ကြောင့် လူအုပ်ကြီး သန်းနဲ့​ချီ တိုးပွား​လာပြီး ဘုရား​ကို ဝတ်ပြု​ချီးမွမ်း​နေကြ​တယ်။ ယေဟောဝါ ခံနိုင်ရည် ရှိနေလို့​သာ သူတို့ မွေးဖွား​လာဖို့၊ ဘုရား​ကို ချစ်​လာဖို့၊ ဆက်ကပ်​အပ်နှံ​ဖို့ အချိန် အလုံအလောက် ရခဲ့​တာ။ အဲဒီ​အတွက် သိပ်​ကျေးဇူး​တင်​နေကြ​တယ်။ သန်းနဲ့ချီတဲ့ လူတွေ အဆုံး​ထိ ခံနိုင်ရည် တင်ပြ​ကြ​လို့ ဆုချ​ခံရ​ချိန်မှာ ယေဟောဝါ​ရဲ့ စိတ်ရှည်​ခံရပ်​မှု မှန်ကန်ကြောင်း ထင်ရှား​လာပါလိမ့်မယ်။

၁၉။ ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​ထား​သင့်သလဲ။ ဘာ​ဆု​ကျေးဇူး ရမလဲ။

၁၉ ဝမ်းမြောက်​စွာ ဘယ်လို ခံရပ်​နိုင်​ကြောင်း ယေဟောဝါ​ဆီကနေ သိခဲ့ရပြီ။ စာတန်​ကြောင့် ဖြစ်ပေါ်​လာတဲ့ နာကျင်မှု​တွေ၊ ဒုက္ခတွေ​ကြား ယေဟောဝါ​ဟာ “ပျော်ရွှင်​တဲ့ ဘုရားသခင်” ဖြစ်​နေဆဲပဲ။ (၁ တိ. ၁:၁၁) ကျွန်တော်​တို့​လည်း နာမတော်​ကို ယေဟောဝါ သန့်ရှင်း​မြင့်မြတ်​စေမယ့်​အချိန်၊ အချုပ်အခြာ အာဏာ သံသယ ကင်းရှင်း​စေမယ့်​အချိန်၊ လက်ရှိ ပြဿနာ​တွေ​နဲ့ ဆိုးသွမ်းမှု​အားလုံး အဆုံးတိုင်​မယ့်​အချိန်ကို စိတ်ရှည်ရှည် စောင့်​ရင်း ပျော်ရွှင်​နိုင်​ပါ​တယ်။ ဒါကြောင့် ကောင်းကင်​ဖခင် ခံရပ်​နေ​သလို ဆက်ခံ​ရပ်သွားဖို့ စိတ်ပိုင်း​ဖြတ်​ကြပါစို့။ ဒါဆိုရင် “စမ်းသပ်မှု​ကို ကြံ့ကြံ့ခံ​ရပ်​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှု​ကို ရရှိတဲ့​အတွက် အသက်​သရဖူ ရလိမ့်မယ်။ ယေဟောဝါ​က မိမိကို ချစ်မြဲ ချစ်​နေသူတွေကို အဲဒီ​သရဖူ ပေးမယ်” ဆိုတဲ့ ကျမ်း​စကား​အတိုင်း ထာဝရ​အသက် ဆု​ကျေးဇူး​ကို ကျွန်တော်​တို့ ယောက်​တိုင်း ရရှိကြ​ပါ​လိမ့်မယ်။—ယာ. ၁:၁၂

သီချင်း ၁၃၉ မြင်ယောင်​ကြည့်​ပါ၊ ကမ္ဘာသစ်​မှာ

^ အပိုဒ်၊ 5 ကျွန်တော်​တို့အားလုံး​မှာ ပြဿနာ တစ်မျိုး​မဟုတ် တစ်မျိုး ရှိကြတယ်။ ပြဿနာ အများစုက လောလောဆယ် ဖြေရှင်း​နည်း မရှိဘူး။ ခံရပ်​သွား​ရုံ​ပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်​တို့ တစ်ယောက်တည်း မဟုတ်ဘူး။ ယေဟောဝါ​ကိုယ်တိုင် ကိစ္စ​များစွာ​ကို ခံရပ်​နေတယ်။ အဲဒီ​ထဲ​က ကိုးခု​ကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ယေဟောဝါ​ရဲ့ ခံနိုင်ရည်​ကြောင့် ဘာတွေ ပြီးမြောက်​နေကြောင်း၊ ဘုရား​ရဲ့ ပုံသက်သေ​ကနေ ဘယ်လို အကျိုး​ရနိုင်​ကြောင်း သိလာ​ရပါမယ်။