မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၉

ကြီးကြပ်မှူး ယေရှုကို ထောက်မပါ

ကြီးကြပ်မှူး ယေရှုကို ထောက်မပါ

“ကောင်းကင်မှာ​ရော မြေကြီး​မှာ​ပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ။”—မ. ၂၈:၁၈

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြို​သုံးသပ်ချက် a

၁။ ဒီနေ့ခေတ်မှာ ယေဟောဝါရဲ့ အလိုတော်​က ဘာလဲ။

 ကမ္ဘာ​တစ်ခွင်လုံး နိုင်ငံတော် သတင်းကောင်း ဟောပြောဖို့ ယေဟောဝါ အလိုရှိတယ်။ (မာ. ၁၃:၁၀။ ၁ တိ. ၂:၃၊ ၄) ဒါဟာ ယေဟောဝါရဲ့ လုပ်ငန်း ဖြစ်တယ်။ အရေးကြီးတဲ့ လုပ်ငန်း ဖြစ်လို့ ချစ်သားကို​တောင် ဦးဆောင်စေတယ်။ အဆုံး​မရောက်ခင် ယေဟောဝါ အလိုရှိတဲ့​အတိုင်း ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်း​လုပ်ငန်း ပြီးဆုံး​မယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—မ. ၂၄:၁၄

၂။ ဒီဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးဖို့၊ သမိုင်း​တစ်လျှောက် အကြီးမားဆုံး ဟောပြောခြင်း လုပ်ငန်းကို စီစဉ်​ဖွဲ့စည်းဖို့ “သစ္စာနဲ့ သတိပညာ​ရှိတဲ့ ကျွန်” ကို ယေရှု ဘယ်လို အသုံးပြု​နေကြောင်း ဒီဆောင်းပါး​မှာ သိရပါမယ်။ (မ. ၂၄:၄၅) ယေရှုနဲ့ သစ္စာရှိ​ကျွန်ကို ကျွန်တော်တို့ တစ်ယောက်စီ ဘယ်လို ထောက်မနိုင်ကြောင်းလည်း သိရပါမယ်။

ဟောပြောခြင်း​လုပ်ငန်းကို ယေရှု ကြီးကြပ်​နေ

၃။ ယေရှု ဘယ်အခွင့်အာဏာ ပေးအပ်ခံရသလဲ။

ဟောပြောခြင်း​လုပ်ငန်းကို ယေရှု ကြီးကြပ်​နေ​တယ်။ ဘယ်လို သိနိုင်သလဲ။ ယေရှု ကောင်းကင် မတက်ခင်လေး ဂါလိလဲ​တောင်ပေါ်​မှာ သစ္စာရှိ နောက်လိုက်​တချို့နဲ့ ဆုံတယ်။ “ကောင်းကင်မှာ​ရော မြေကြီး​မှာ​ပါ အခွင့်အာဏာ ရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ” လို့ ပြောတယ်။ ပြီးနောက် “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ဆက်ပြောတာ သတိပြု​ပါ။ (မ. ၂၈:၁၈၊ ၁၉) တခြားအရာတွေ အပါအဝင် ဟောပြောခြင်း​လုပ်ငန်းကို ဦးဆောင်ဖို့ အခွင့်အာဏာ ယေရှု ပေးအပ်​ခံရတယ်။

၄။ ဟောပြောခြင်း​လုပ်ငန်းကို ယေရှု ကြီးကြပ်နေဆဲ ဖြစ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းဟာ “လူမျိုးတကာဆီ” ရောက်မယ်၊ နောက်လိုက်တွေ​နဲ့​အတူ ‘လောက​စနစ် နိဂုံးပိုင်း​အထိ အမြဲ ရှိနေမယ်’ လို့ ယေရှု ပြောတယ်။ (မ. ၂၈:၂၀) ယေရှုရဲ့ ကြီးကြပ်မှုအောက်မှာ ဟောပြောခြင်း​လုပ်ငန်းကို ကျွန်တော်တို့​ခေတ်​အထိ ဆက်လုပ်ဆောင်မယ်ဆိုတာ အဲဒီစကားတွေက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။

၅။ ဆာလံ ၁၁၀:၃ ပြည့်စုံရေးမှာ ကျွန်တော်တို့ ဘယ်လို ပါဝင်နေသလဲ။

လောက​စနစ် နိဂုံးပိုင်းမှာ လုပ်သား မလုံမလောက် ဖြစ်မှာ ယေရှု မစိုးရိမ်ဘူး။ “စစ်သည်​အလုံးအရင်း​နဲ့ သခင် ချီတက်​လာတဲ့​နေ့မှာ လူတွေဟာ စေတနာ​စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်​ကြလိမ့်မယ်” ဆိုတဲ့ ဆာလံဆရာ​ရဲ့ ပရောဖက်ပြုစကား ပြည့်စုံ​မယ်​ဆိုတာ ယေရှု သိလို့ပဲ။ (ဆာ. ၁၁၀:၃) ဟောပြောခြင်း​လုပ်ငန်းမှာ သင် ပါဝင်နေတယ်ဆိုရင် ယေရှုနဲ့ သစ္စာရှိ​ကျွန်ကို ထောက်မနေတာ၊ အဲဒီပရောဖက်ပြုချက် ပြည့်စုံအောင် ကူညီနေတာ ဖြစ်တယ်။ ဒီ​လုပ်ငန်း ဆက်ပြီး​မြောက်​နေ​တယ်။ ဒါပေမဲ့ အခက်အခဲတွေတော့ ရှိတယ်။

၆။ သတင်းကောင်း ဟောပြောသူတွေ ကြုံရတဲ့ အခက်အခဲ​တစ်ခုက ဘာလဲ။

သတင်းကောင်း ဟောပြောသူတွေ ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ဆန့်ကျင်မှုပါ။ အယူဖောက်ပြန်သူ၊ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေးသမားတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး အလိမ်အညာတွေ ဖြန့်ကြတယ်။ ဆွေမျိုး၊ အသိအကျွမ်း၊ အလုပ်ဖော်တွေက အဲဒီသတင်း​မှားတွေကို ယုံပြီး ယေဟောဝါကို ဆက်ဝတ်မပြုဖို့၊ ဆက်မဟောဖို့ ကျွန်တော်တို့ကို ဖိ​အားပေးကြတယ်။ နိုင်ငံ​တချို့​မှာ ခြိမ်းခြောက်၊ တိုက်ခိုက်၊ ဖမ်းဆီး၊ ထောင်ချ​တဲ့​အထိ​ပဲ။ ဒါကို ကျွန်တော်တို့ မအံ့ဩကြပါဘူး။ “လူတွေက ကျွန်တော့်နာမည်ကြောင့် ခင်ဗျားတို့ကို မုန်းလိမ့်မယ်” လို့ ယေရှု ကြိုပြောထားတာပဲ။ (မ. ၂၄:၉) ဒီလို​မုန်းတီး​ခံရတယ်​ဆိုတဲ့ အချက်​ကို​က ယေဟောဝါရဲ့ မျက်နှာသာ ရနေတယ်​ဆိုတဲ့ အထောက်အထား​ပဲ။ (မ. ၅:၁၁၊ ၁၂) ဒီ​ဆန့်ကျင်မှု​ရဲ့ နောက်ကွယ်​မှာ စာတန် ရှိနေတယ်။ ဒါပေမဲ့ စာတန်ထက် ယေရှု ပိုတန်ခိုးကြီးတယ်။ ယေရှုရဲ့ ထောက်မမှုကြောင့် လူမျိုးတကာဆီ သတင်းကောင်း ရောက်နေတယ်။ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။

၇။ ဗျာဒိတ် ၁၄:၆၊ ၇ ဘယ်လို ပြည့်စုံနေသလဲ။

နိုင်ငံတော်သတင်း ဟောပြောသူတွေဟာ ဘာသာစကား အခက်အခဲ​ကိုလည်း ကြုံရတယ်။ အဲဒီ​အခက်အခဲ​ကို ကျော်ဖြတ်နိုင်မယ်ဆိုပြီး တမန်တော် ယောဟန်ကို ပေးတဲ့ စိတ်​အာရုံမှာ ယေရှု ကြိုပြော​တယ်။ (ဗျာဒိတ် ၁၄:၆၊ ၇ ကို ဖတ်ပါ။) ဘယ်လိုနည်းနဲ့လဲ။ နိုင်ငံတော်သတင်းကို လက်ခံ​တုံ့ပြန်​ဖို့ လူများနိုင်သမျှ များများ​ကို ကျွန်တော်တို့ အခွင့်အရေး ပေးနေတယ်။ jw.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာ အခြေပြု အကြောင်းအရာတွေကို ဘာသာစကား ၁၀၀၀ ကျော်​နဲ့ တင်ထားတဲ့​အတွက် ကမ္ဘာ​တစ်ဝန်း​က လူတွေ ဖတ်​နိုင်ပြီ။ တပည့်ဖြစ်စေခြင်း လုပ်ငန်း​အတွက် အဓိက လေ့လာမှု ကိရိယာ ဖြစ်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကိုလည်း ဘာသာစကား ၇၀၀ ကျော်​နဲ့ ပြန်ဆို​ဖို့ ခွင့်ပြုထားပြီ။ နားမကြားသူတွေအတွက် ဗီဒီယိုတွေ၊ မျက်စိ မမြင်သူတွေအတွက် မျက်မမြင်​စာ​နဲ့ စာပေတွေ ရနိုင်ပြီ။ ကျမ်းစာ​ပရောဖက်ပြုချက်တွေ ပြည့်စုံတာ မြင်နေရတယ်။ ‘ဘာသာစကား အမျိုးမျိုး ပြောတဲ့ လူမျိုးတွေထဲက လူတွေ’ ဟာ “စင်ကြယ်တဲ့ ဘာသာစကား” ဖြစ်တဲ့ ကျမ်းစာ​အမှန်တရားကို သင်ယူနေကြပြီ။ (ဇာ. ၈:၂၃။ ဇေ. ၃:၉) ယေရှုခရစ်ရဲ့ ကြီးကြပ်မှုအောက်မှာ အဲဒါတွေ​အားလုံး ပြီးမြောက်နေတာပါ။

၈။ ဟောပြောခြင်း​လုပ်ငန်း ဘယ်လောက် အောင်မြင်နေသလဲ။

ဒီနေ့ခေတ်မှာ နိုင်ငံ​နဲ့ ဒေသ ၂၄၀ မှာ လူပေါင်း ၈,၀၀၀,၀၀၀ ကျော်​ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်း​နဲ့ ပူးပေါင်း​နေ​ကြတယ်။ နှစ်တိုင်း လူပေါင်း ၁၀၀၀၀၀ ကျော် နှစ်ခြင်းခံနေတယ်။ အရေအတွက်ထက် ပိုအရေးကြီးတာကတော့ အဲဒီတပည့်သစ်တွေ တင်ပြ​နေတဲ့ “စရိုက်သစ်၊” ခရစ်ယာန် အရည်အသွေးတွေပါ။ (ကော. ၃:၈-၁၀) အကျင့်ပျက်တာ၊ ကြမ်းတမ်းတာ၊ တစ်ဖက်သတ်အစွဲ၊ လူမျိုးရေးစိတ်တွေကို သူတို့ ဖျောက်ပစ်နိုင်ကြပြီ။ ‘စစ်အတတ်ပညာကို မသင်ကြတော့ဘူး’ ဆိုတဲ့ ဟေရှာယ ၂:၄ ပါ ပရောဖက်ပြုချက်​လည်း ပြည့်စုံ​နေ​တယ်။ စရိုက်သစ်​ကို ဝတ်ဆင်​ဖို့ ကြိုးစားရင်း ဘုရား​အဖွဲ့အစည်း​ထဲ နောက်ထပ် လူတွေ ဝင်လာအောင် ကျွန်တော်တို့ ကူညီပေးနေကြတယ်။ ခရစ်တော် ယေရှုရဲ့ ကြီးကြပ်မှုနောက် လိုက်နေ​တယ်ဆိုတာ သက်သေပြ​နေ​ကြတယ်။ (ယော. ၁၃:၃၅။ ၁ ပေ. ၂:၁၂) ဒါတွေဟာ မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ယေရှု ကူညီ​ထောက်မ​နေလို့ပါ​ပဲ။

ကျွန်ကို ယေရှု ခန့်အပ်

၉။ မဿဲ ၂၄:၄၅-၄၇ မှာ အဆုံးပိုင်း​ကာလ​နဲ့ပတ်သက်ပြီး ယေရှု ဘာကြိုပြောသလဲ။

မဿဲ ၂၄:၄၅-၄၇ ကို ဖတ်ပါ။ အဆုံးပိုင်း​ကာလအတွင်း ကျမ်းစာ လမ်းညွှန်ချက်တွေ ပေးဖို့ “သစ္စာနဲ့ သတိပညာ​ရှိတဲ့ ကျွန်” ကို ခန့်အပ်မယ်လို့ ယေရှု ကြိုပြော​တယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ အဲဒီ​ကျွန် အလုပ်​ကြိုးစား​နေမယ်လို့ မျှော်လင့်​နိုင်တယ်။ တကယ်လည်း ကြိုးစား​နေပါတယ်။ ဘုရားလူမျိုးနဲ့ စိတ်ဝင်စား​သူတွေ​အတွက် ‘အချိန်တန် အစာ’ ပြင်ဆင်​ပေးဖို့ ဘိသိက်ခံ အမျိုးသား အုပ်စုလေးတစ်စုကို ကြီးကြပ်မှူး ယေရှု အသုံးပြု​နေ​တယ်။ အဲဒီ​အမျိုးသားတွေဟာ တခြား​သူတွေရဲ့ ယုံကြည်ခြင်းကို ထိန်းချုပ်​နေ​ရတယ်လို့ သဘောမထားကြဘူး။ (၂ ကော. ၁:၂၄) ယေရှုခရစ်ကို​ပဲ “ခေါင်းဆောင်​အဖြစ်၊ အမိန့်ပေးသူအဖြစ်” အသိအမှတ်ပြုကြတယ်။—ဟေရှာ. ၅၅:၄

၁၀။ ရုပ်ပုံ​မှာ ပြထားတဲ့ ဘယ်စာပေက ထာဝရ​အသက်​လမ်းပေါ် ရောက်လာအောင် သင့်ကို ကူညီပေးသလဲ။

၁၀ ၁၉၁၉ က​စပြီး သစ္စာရှိ​ကျွန်ဟာ စိတ်ဝင်စား​သူတွေ​အတွက် ကျမ်းစာ​စာပေ အမျိုးမျိုး ပြင်ဆင်​ပေးတယ်။ ၁၉၂၁ မှာ ထုတ်ဝေတဲ့ ဘုရားသခင့် စောင်းတော် စာအုပ်က အခြေခံ ကျမ်းစာ သွန်သင်ချက်တွေ သိအောင် ကူညီ​ပေးတယ်။ အချိန်ကာလ ပြောင်းလဲလာတာနဲ့အမျှ တခြား​စာပေတွေ​ကိုလည်း ပြင်ဆင်​ပေးတယ်။ ဘယ်စာပေက ဘုရားကို သိကျွမ်း​ချစ်ခင်​လာအောင် သင့်ကို ကူညီပေးသလဲ။ “ဘုရားသခင် သစ္စာတော် တည်စေ​သတည်း” စာအုပ်လား။ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား၊ သင်သည် ကမ္ဘာ့​ပရဒိသု​အတွင်း ထာဝစဉ် အသက်​ရှင်​နိုင်သည်၊ ထာဝရ​အသက် ရစေသော အသိပညာ၊ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​မှာ အဘယ်နည်း၊ သမ္မာကျမ်းစာ သွန်သင်ရာများ ဒါမှမဟုတ် နောက်ဆုံးထုတ် စာပေ ဖြစ်တဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်လား။ အဲဒီ​စာပေ​အားလုံးဟာ ထုတ်ဝေချိန်မှာ သူ့ခေတ်နဲ့သူ လိုအပ်ချက်နဲ့ ကွက်တိ​ပဲ။

၁၁။ ကျွန်တော်တို့​အားလုံး ကျမ်းစာ​အသိပညာ ဘာကြောင့် လိုအပ်သလဲ။

၁၁ စိတ်ဝင်စား​သူတွေ​လောက်​ပဲ နက်နဲ​တဲ့ ကျမ်းစာ​အသိပညာ လိုအပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ အားလုံး လိုအပ်​ကြတယ်။ “မာ​တဲ့​အစာ​ကိုတော့ ရင့်ကျက်သူတွေပဲ စားတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ သိလာတာကို လက်တွေ့ကျင့်သုံးခြင်းက “အမှားအမှန် ခွဲခြားသိနိုင်အောင်” ကူညီ​ပေးတယ်လို့ ဆက်ပြောတယ်။ (ဟီ. ၅:၁၄) ကိုယ်ကျင့်တရား ယိုယွင်း​ကျဆင်း​နေတဲ့ ဒီခေတ်​မှာ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း လိုက်လျှောက်ဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း ခိုင်မာ​ဖို့ လိုအပ်တဲ့ ဘုရားရေးရာ အစားအစာတွေ ရအောင် ယေရှု စီမံပေးနေတယ်။ အဲဒီ​ထဲ​မှာ အဓိကကတော့ ကျမ်းစာပါ။ ယေရှုရဲ့ ညွှန်ကြားမှုအောက်မှာ သစ္စာရှိ​ကျွန်​က အဲဒီ​အစာကို ပြင်ဆင်​ထုတ်လုပ်​နေ​တယ်။

၁၂။ ယေရှုလိုပဲ ဘုရား​နာမည်​ကို ကျွန်တော်တို့ ဘယ်လို ဂုဏ်တင်​ကြသလဲ။

၁၂ ယေရှုလိုပဲ ဘုရား​နာမည်​ကို ကျွန်တော်တို့ ဂုဏ်တင်ကြတယ်။ (ယော. ၁၇:၆၊ ၂၆) ဥပမာ၊ ၁၉၃၁ မှာ ယေဟောဝါသက်သေများ​ဆိုတဲ့ ကျမ်းစာ​အခြေပြု နာမည် ခံယူခဲ့ကြတယ်။ ဒီနည်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရား​နာမည် ဘယ်လောက် အရေးပါ​ကြောင်း၊ ဘုရား​နာမည်​နဲ့ အခေါ်ခံလိုကြောင်း ပြကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ၁၉၃၁၊ အောက်တိုဘာလကစပြီး ကင်းမျှော်စင် မဂ္ဂဇင်းတိုင်းရဲ့ မျက်နှာဖုံး​မှာ ဘုရား​နာမည် ပါလာတယ်။ ကမ္ဘာသစ် ဘာသာပြန်ကျမ်း မှာလည်း ဘုရား​နာမည်​ကို မူရင်း​အတိုင်း သူ့နေရာနဲ့သူ ပြန်ထည့်သွင်းတယ်။ ဘာသာပြန်ကျမ်း များစွာ​ကနေ ယေဟောဝါရဲ့ နာမည်​ကို ထုတ်ပစ်ခဲ့တဲ့ အမည်ခံ ခရစ်ယာန်ချာ့ချ်တွေနဲ့တော့ တခြား​စီ​ပါပဲ။

နောက်လိုက်တွေကို ယေရှု စီစဉ်​ဖွဲ့စည်းပေး

၁၃။ “သစ္စာနဲ့ သတိပညာ​ရှိတဲ့ ကျွန်” ကို ယေရှု အသုံးပြု​နေတယ်ဆိုတာ ဘာက ယုံကြည်​စိတ်ချစေသလဲ။ (ယောဟန် ၆:၆၈)

၁၃ မြေကြီးပေါ်​မှာ စင်ကြယ်တဲ့ ဝတ်ပြုရေးကို အားပေးမယ့် အဖွဲ့အစည်း​တစ်ခု​ကို “သစ္စာနဲ့ သတိပညာ​ရှိတဲ့ ကျွန်” ကတစ်ဆင့် ယေရှု တည်ထောင်ထားတယ်။ အဲဒီ​အဖွဲ့အစည်း​နဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ “သခင်၊ ဘယ်သူ့ဆီ သွားရမှာလဲ။ ထာဝရ​အသက် ရစေတဲ့ စကားတွေ​ဟာ သခင့်ဆီမှာပဲ ရှိတာပါ” ဆိုပြီး ယေရှုကို ပြောတဲ့ တမန်တော် ပေတရုလို ခံစားရမှာပဲ။ (ယော. ၆:၆၈) ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့သာ မတွေ့ခဲ့ရင် ကျွန်တော်တို့ အခု ဘယ်မှာများ ရှိနေကြမလဲ။ ဘုရားအပေါ် ဆက်သစ္စာရှိနိုင်အောင် လိုအပ်သမျှ​ကို အဖွဲ့အစည်းကတစ်ဆင့် ခရစ်တော် စီမံပေးနေတယ်။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်အောင် လေ့ကျင့်ပေးနေတယ်။ ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် “စရိုက်သစ်” ဝတ်ဆင်နိုင်ဖို့လည်း ကူညီပေးနေတယ်။—ဧ. ၄:၂၄

၁၄။ ယေဟောဝါရဲ့ အဖွဲ့အစည်းဝင် ဖြစ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါ​ကာလအတွင်း သင် ဘယ်လို အကျိုးရသလဲ။

၁၄ ခက်ခဲချိန်တွေမှာ ပညာရှိ လမ်းညွှန်ချက်တွေ ယေရှု ပေးတယ်။ အဲဒီ​အကျိုးကျေးဇူးကို ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်ချိန်မှာ အထင်အရှား တွေ့ရတယ်။ လောက,က လူ​အများစု ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ရှင်းလင်းတဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေ ကျွန်တော်တို့ ရဖို့ ယေရှု စီမံ​ပေးတယ်။ လူတောထဲ သွားချိန် နှာခေါင်းစည်း တပ်ဖို့၊ ခပ်ခွာခွာ နေဖို့ ကျွန်တော်တို့ အားပေးခံရတယ်။ အကြီးအကဲတွေ​လည်း အသင်းတော်မှာ ရှိတဲ့​သူ​အားလုံးနဲ့ အမြဲ ဆက်သွယ်​နေဖို့၊ သူတို့ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေ​ကို အမြဲ စောင့်ကြည့်နေဖို့ သတိပေးခံရတယ်။ (ဟေရှာ. ၃၂:၁၊ ၂) အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းတွေကနေလည်း ထပ်ဆင့် လမ်းညွှန်မှုနဲ့ အားပေးမှုတွေ ကျွန်တော်တို့ ရရှိတယ်။

၁၅။ ကပ်ရောဂါ​ကာလအတွင်း အစည်းအဝေး၊ ဟောပြောခြင်း​လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာလမ်းညွှန်ချက်တွေ ရသလဲ။ ဘာရလဒ်တွေ ရသလဲ။

၁၅ ကပ်ရောဂါ​ကာလအတွင်း အသင်းတော် အစည်းအဝေးတွေ ဘယ်လို ကျင်းပ​ရမယ်၊ ဟောပြောခြင်း​လုပ်ငန်းမှာ ဘယ်လို ဆက်ပါဝင်ရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေလည်း ကျွန်တော်တို့ ရရှိတယ်။ ပတ်စဉ် အစည်းအဝေး၊ တိုက်နယ်​အစည်းအဝေး၊ ခရိုင်​အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်မှုနဲ့ ချက်ချင်း ကျင်းပကြတယ်။ စာရေးပြီး၊ ဖုန်း​ဆက်ပြီး စသက်သေခံကြတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှု​ကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကြေညာသူနှုန်းသစ်တွေ ရတယ်လို့ ဌာနခွဲ​များစွာ သတင်းပို့​ကြတယ်။ ဒီ​ကာလအတွင်း အားရှိစရာ တွေ့ကြုံမှု အများကြီး ရရှိကြတယ်။—“ ဟောပြောခြင်း​လုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေး” လေးထောင့်ကွက်​ကို ကြည့်ပါ။

၁၆။ ဘာကို ယုံကြည်စိတ်ချနိုင်သလဲ။

၁၆ ကပ်ရောဂါ​နဲ့ပတ်သက်ပြီး အဖွဲ့အစည်း အကဲပိုလွန်းတယ်လို့ တချို့ ခံစားမိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရတဲ့ လမ်းညွှန်ချက်တွေ ပညာရှိကြောင်း ထင်ရှားတာ အကြိမ်ကြိမ်​ပါပဲ။ (မ. ၁၁:၁၉) လူမျိုးတော်ကို ယေရှု မေတ္တာနဲ့ ဦးဆောင်ပုံအကြောင်း စဉ်းစားလိုက်တိုင်း မနက်ဖြန် ဘာတွေ​ပဲ ဖြစ်လာပါစေ ကျွန်တော်တို့နဲ့​အတူ ယေဟောဝါ​ဘုရားနဲ့ ချစ်သားတော် ရှိနေမယ်​ဆိုတာ ပိုယုံကြည်စိတ်ချလာတယ်။ဟီဘရူး ၁၃:၅၊ ၆ ကို ဖတ်ပါ။

၁၇။ ယေရှုရဲ့ ကြီးကြပ်မှုအောက် အမှုဆောင်ရတာ​နဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

၁၇ ယေရှုရဲ့ ကြီးကြပ်မှုအောက် အမှုဆောင်ရတာ ကောင်းချီးပါပဲ။ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာစကား ခွဲခြားမှု မရှိတဲ့ အဖွဲ့အစည်းဝင် ဖြစ်နေကြတယ်။ ကျမ်းစာ လမ်းညွှန်ချက် များစွာ ရနေကြတယ်။ ဟောပြောခြင်း​လုပ်ငန်း​အတွက် ကောင်းကောင်း လေ့ကျင့်ခံနေရတယ်။ စရိုက်သစ် ဝတ်ဆင်နိုင်ဖို့၊ အချင်းချင်း ချစ်ဖို့ တစ်ယောက်ချင်း​စီ သွန်သင်ခံ​နေ​ရတယ်။ ကြီးကြပ်မှူး ယေရှုကို ရထားလို့ ဂုဏ်ယူဝါကြွားစရာ အကြောင်းကောင်း အများကြီး ရှိတာ သေချာပါတယ်။

သီချင်း ၁၆ ဘိသိက်ခံ သားတော်​အတွက် ယေဟောဝါကို ချီးမွမ်းကြ

a ယောက်ျား၊ မိန်းမ၊ ကလေး သန်းပေါင်း​များစွာ​ဟာ သတင်းကောင်း ထက်သန်စွာ ဟောနေကြတယ်။ အဲဒီ​ထဲ​မှာ သင် ပါဝင်သလား။ ဒါဆိုရင် သခင် ယေရှုခရစ်ရဲ့ ကြီးကြပ်မှုအောက်မှာ လုပ်ဆောင်နေတာပဲ။ ဒီနေ့ခေတ် ဟောပြောခြင်း​လုပ်ငန်းကို ယေရှု ကြီးကြပ်​နေကြောင်း အထောက်အထားတွေကို ဒီဆောင်းပါး​မှာ လေ့လာကြပါမယ်။ ဒီ​အကြောင်းအရာကို လေ့လာခြင်း​က ယေဟောဝါကို ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်ကနေ ဆက်ဝတ်ပြုမယ်လို့ စိတ်​ပိုင်းဖြတ်​နိုင်အောင် ကူညီ​ပေးပါ​လိမ့်မယ်။