မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၃၁

ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ

ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ

“ကျွန်တော့်ရဲ့ ဆုတောင်းချက်​ဟာ ရှေ့တော်မှာ ပြင်ဆင်​ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ။”—ဆာ. ၁၄၁:၂

သီချင်း ၄၇ ယေဟောဝါဆီ နေ့စဉ် ဆုတောင်း​ပါ

အကြို​သုံးသပ်ချက် a

၁။ ယေဟောဝါဆီ ဆုတောင်းခွင့်ကို ဘယ်လို ရှုမြင်သင့်သလဲ။

 ကောင်းကင်​မြေကြီး ဖန်ဆင်းရှင်ဆီ ဆုတောင်း​ချဉ်းကပ်ခွင့် ကျွန်တော်တို့ ရထားတယ်။ စဉ်းစားကြည့်ပါ– ကြိုတင် ချိန်းဆိုထားစရာ မလိုဘဲ ဘယ်ဘာသာစကားနဲ့မဆို ယေဟောဝါဆီ အချိန်မရွေး ရင်ဖွင့်လို့ ရတယ်။ ဆေးရုံခုတင်ပေါ်ကဖြစ်ဖြစ်၊ ထောင်ထဲကနေဖြစ်ဖြစ် ကျွန်တော်တို့ ဆုတောင်းချက်ကို မေတ္တာရှင် အဖ နားထောင်ပေးမယ်​ဆိုတာ ယုံကြည်စိတ်ချပြီး ဆုတောင်းနိုင်တယ်။ ဒီ​အခွင့်ထူး​ကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။

၂။ ဆုတောင်းခွင့်ကို တန်ဖိုးထား​ကြောင်း ဘုရင် ဒါဝိဒ် ဘယ်လို ပြသလဲ။

ဆုတောင်းခွင့်ကို ဘုရင် ဒါဝိဒ် တန်ဖိုးထားတယ်။ “ကျွန်တော့်ရဲ့ ဆုတောင်းချက်​ဟာ ရှေ့တော်မှာ ပြင်ဆင်​ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ” လို့ စပ်ဆို​ခဲ့တယ်။ (ဆာ. ၁၄၁:၁၊ ၂) ဒါဝိဒ်ခေတ်မှာ စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက် ပုရောဟိတ်တွေ သုံးတဲ့ နံ့သာပေါင်း​ကို သေသေချာချာ ပြင်ဆင်​ရတယ်။ (ထွ. ၃၀:၃၄၊ ၃၅) နံ့သာပေါင်း​ကို ဂရုတစိုက် ပြင်ဆင်ရသလိုပဲ ဒါဝိဒ်ဟာ ကောင်းကင်ဘုံစံ အဖ​ကို ဘာတွေ ပြော​မယ်​ဆိုတာ သေသေချာချာ စဉ်းစား​ပြင်ဆင်​တယ်။ ကျွန်တော်တို့လည်း ယေဟောဝါ နှစ်သက်တဲ့ နည်းနဲ့ ဆုတောင်းချင်ကြတယ်။

၃။ ဘယ်လို သဘောထား​နဲ့ ယေဟောဝါဆီ ဆုတောင်း​ချဉ်းကပ်သင့်သလဲ။ ဘာကြောင့်လဲ။

ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ပေါ့ပျက်ပျက် မဖြစ်သင့်ဘူး။ အလွန် ရိုသေ​လေးမြတ်​သင့်​တယ်။ ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလ၊ ယောဟန်တို့​ရဲ့ စိတ်အာရုံတွေကို စဉ်းစားကြည့်ပါ။ သူတို့ရဲ့ စိတ်အာရုံတွေမှာ ဆင်တူချက်​တချို့ ရှိတယ်။ သူတို့အားလုံး ယေဟောဝါကို မြင့်မြတ်တဲ့ ဘုရင်အဖြစ် ပုံဖော်​ကြတယ်။ ဟေရှာယ​က ‘မြင့်မားလှတဲ့ ရာဇ​ပလ္လင်ပေါ် ထိုင်နေ​တဲ့ ယေဟောဝါကို မြင်တယ်။’ (ဟေရှာ. ၆:၁-၃) ပတ်လည်​မှာ “သက်တံနဲ့တူ” တဲ့ ရောင်ခြည် “ဖြာထွက်​နေတဲ့” ကောင်းကင်ရထားပေါ် ယေဟောဝါ ထိုင်နေတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၁:၂၆-၂၈) ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့ “အသက်​အကြီးဆုံး​အရှင်” ရဲ့ ရာဇ​ပလ္လင်​ကနေ မီးလျှံတွေ ထွက်နေတာ ဒံယေလ မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) မြစိမ်းရောင် သက်တံ ဝန်းရံ​နေတဲ့ ရာဇ​ပလ္လင်ပေါ် ယေဟောဝါ ထိုင်နေတာ ယောဟန် မြင်တယ်။ (ဗျာ. ၄:၂-၄) ယေဟောဝါရဲ့ ဘုန်းအသရေအကြောင်း တွေးတဲ့အခါ ဘုရားဆီ ဆုတောင်း​ချဉ်းကပ်ရတာ အခွင့်ထူး ဖြစ်ကြောင်း၊ ရိုသေလေးမြတ်မှု ရှိဖို့ ဘယ်လောက် အရေးကြီးကြောင်း စဉ်းစားမိ​စေတယ်။ ဒီတော့ ဘယ်လို ဆုတောင်းသင့်သလဲ။

“ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်း​ရမယ်”

၄။ မဿဲ ၆:၉၊ ၁၀ ပါ စံပြ ဆုတောင်းချက်ရဲ့ အဖွင့်စကားတွေကနေ ဘာသင်ယူရသလဲ။

မဿဲ ၆:၉၊ ၁၀ ကို ဖတ်ပါ။ ဘုရား နှစ်သက်တဲ့ နည်းအတိုင်း ဆုတောင်းနိုင်ပုံကို တောင်ပေါ် တရားတော်​မှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်း​ရမယ်” လို့ ပြော​ပြီးနောက် ယေဟောဝါရဲ့ အလိုတော်​နဲ့ တိုက်ရိုက်​ဆက်စပ်​နေတဲ့ အရေးကြီး ကိစ္စတွေကို အရင်ဆုံး ဖော်ပြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့၊ ပုန်ကန်​သူ​အားလုံးကို ဖျက်ဆီးပစ်မယ့် နိုင်ငံတော် လာဖို့၊ ကမ္ဘာမြေ​နဲ့ လူသားတွေ​အတွက် ရည်ရွယ်​ထားတဲ့ အနာဂတ် ကောင်းချီးတွေ ရဖို့ ဖြစ်တယ်။ အဲဒီအချက်တွေ ထည့်ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရား​အလိုတော် အရေးပါတယ်ဆိုတာ ဖော်ပြကြတယ်။

၅။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ​အတွက် ဆုတောင်းတာ သင့်တော်သလား။

ကိုယ်ရေးကိုယ်တာ ကိစ္စတွေ​အတွက် ဆုတောင်းတာ သင့်တော်ကြောင်း ယေရှု ဆက်ဖော်ပြတယ်။ တစ်ရက်​စာ အစားအစာ ပေးသနား​ဖို့၊ အပြစ်ကြွေးတွေ ခွင့်လွှတ်​ပေးဖို့၊ သွေးဆောင်မှုနောက် ပါ​မသွားအောင် ကူညီ​ပေးဖို့၊ ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ (မ. ၆:၁၁-၁၃) အဲဒီလို ဆုတောင်းတာ​က ဘုရားကို မှီခို​ဖို့ လိုအပ်ကြောင်း အသိအမှတ်ပြု​ရာ ရောက်တယ်။ ဘုရား​မျက်နှာသာ ရချင်ကြောင်း ဖော်ပြရာ ရောက်တယ်။

ဇနီး​နဲ့​အတူ ခင်ပွန်း ဘာတွေ ဆုတောင်းနိုင်သလဲ (စာပိုဒ် ၆ ကို ကြည့်ပါ) b

၆။ စံပြ ဆုတောင်းချက်​မှာ ပါတဲ့ ကိစ္စတွေ​အတွက်ပဲ ဆုတောင်း​ရမလား။ ရှင်းပြပါ။

စံပြ ဆုတောင်းချက်​အတိုင်း နောက်လိုက်တွေ တစ်ထပ်တည်း ဆုတောင်းဖို့ ယေရှု မမျှော်လင့်ဘူး။ အခြေအနေ​အလိုက် အရေးကြီးတဲ့ ကိစ္စ အမျိုးမျိုး​အတွက် ယေရှု ဆုတောင်းခဲ့တယ်။ (မ. ၂၆:၃၉၊ ၄၂။ ယော. ၁၇:၁-၂၆) ကျွန်တော်တို့လည်း ကိုယ်စိုးရိမ်တာ ဘာမဆို​အတွက် ဆုတောင်းနိုင်တယ်။ ဆုံးဖြတ်ချက် မချခင် ဉာဏ်ပညာ၊ သိနားလည်နိုင်စွမ်း ပေးဖို့ ဆုတောင်းနိုင်တယ်။ (ဆာ. ၁၁၉:၃၃၊ ၃၄) ခက်ခဲတဲ့ တာဝန် ထမ်းဆောင်ရတဲ့အခါ အသိပညာ၊ ပိုင်းခြား​သိမြင်နိုင်စွမ်း ပေးဖို့ ဆုတောင်းနိုင်တယ်။ (ပညာ. ၂:၆) မိဘတွေက သားသမီးတွေ​အတွက်၊ သားသမီးတွေ​က မိဘတွေ​အတွက် ဆုတောင်းနိုင်တယ်။ ကျမ်းစာ​သင်သားတွေ၊ ကိုယ်​ဟောပြောတဲ့​သူတွေ​အတွက် ကျွန်တော်တို့ ဆုတောင်းပေးနိုင်တယ်။ တောင်းလည်း တောင်းပေး​သင့်တယ်။ ဒါပေမဲ့ တောင်းဖို့ချည်းသက်သက်တော့ မဖြစ်သင့်ဘူး။

ဘာတွေ​အတွက် ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းနိုင်သလဲ (စာပိုဒ် ၇-၉ ကို ကြည့်ပါ) c

၇။ ယေဟောဝါကို ဘာကြောင့် ဆုတောင်း​ချီးမွမ်းသင့်သလဲ။

ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းဖို့လည်း သတိရသင့်တယ်။ ကျွန်တော်တို့ရဲ့ ချီးမွမ်းမှု​ကို ဘုရား​လောက် ဘယ်သူမှ မရထိုက်ဘူး။ ယေဟောဝါဟာ “ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။” ‘ကရုဏာ​ရှိပြီး သနားစာနာတတ်တဲ့ ဘုရားသခင်၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား’ ဖြစ်တယ်။ (ဆာ. ၈၆:၅၊ ၁၅) ယေဟောဝါကို ချီးမွမ်း​ဖို့ အကြောင်းကောင်းတွေ ရှိတယ်။

၈။ ဘယ်အရာတွေအတွက် ယေဟောဝါကို ကျေးဇူးတင်နိုင်သလဲ။ (ဆာလံ ၁၀၄:၁၂-၁၅၊ ၂၄)

ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်း​တဲ့​အပြင် အံ့ဖွယ် ပြင်ဆင်ပေးချက်တွေအတွက်လည်း ကျေးဇူးတင်ကြတယ်။ ဥပမာ၊ အရောင်အသွေး စုံလင်​တဲ့ ပန်းတွေ၊ အရသာ စုံလင်​တဲ့ အစားအသောက်တွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေ​အတွက် ကျေးဇူးတင်​နိုင်တယ်။ ကျွန်တော်တို့ ပျော်ရွှင်​ဖို့ မေတ္တာရှင် အဖ​က အဲဒီအရာတွေနဲ့ တခြားအရာတွေ ပေးထားတယ်။ (ဆာလံ ၁၀၄:၁၂-၁၅၊ ၂၄ ကို ဖတ်ပါ။) ပိုအရေးကြီးတာက ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အလျှံပယ် ပြင်ဆင်ပေးချက်တွေနဲ့ အံ့ချီးဖွယ် အနာဂတ် မျှော်လင့်ချက်​အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။

၉။ ယေဟောဝါကို ကျေးဇူးတင်​ဖို့ သတိ​ရအောင် ဘာက ကူညီပေးမလဲ။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈)

ယေဟောဝါ လုပ်ဆောင်ပေးသမျှအတွက် ကျေးဇူးတင်​ဖို့ အလွယ်တကူ မေ့သွား​နိုင်တယ်။ သတိရဖို့ ဘာက ကူညီပေးမလဲ။ ကိုယ်​သတ်သတ်မှတ်မှတ် တောင်းဆိုတာတွေကို စာရင်း​လုပ်ပါ။ ယေဟောဝါ ဘယ်လို အဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်ဆန်းစစ်ပြီး အကူအညီ​အတွက် ကျေးဇူးတော် ချီးမွမ်း​ပါ။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈ ကို ဖတ်ပါ။) စဉ်းစားကြည့်ပါ– တစ်ယောက်ယောက်​က ကိုယ့်ကို ကျေးဇူးတင်ကြောင်း ပြတဲ့အခါ ဝမ်းသာရတယ်။ ကျေးဇူးသိတတ်တယ်လို့ ခံစားရတယ်။ အဲဒီလိုပဲ ဆုတောင်းချက်တွေ အဖြေပေးတဲ့​အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြောင်း ပြတဲ့အခါ ဘုရား ဝမ်းသာတယ်။ (ကော. ၃:၁၅) ဘုရားကို ကျေးဇူးတင်​သင့်​တဲ့ နောက်ထပ် အကြောင်းရင်းတွေ ရှိသေးတယ်။

ချစ်သားအတွက် ယေဟောဝါကို ကျေးဇူးတင်ပါ

၁၀။ ၁ ပေတရု ၂:၂၁ အရ မြေကြီးပေါ် ယေရှုကို စေလွှတ်ပေးတဲ့အတွက် ယေဟောဝါကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။

၁၀ ၁ ပေတရု ၂:၂၁ ကို ဖတ်ပါ။ ကျွန်တော်တို့ကို သွန်သင်​ဖို့ ချစ်သားကို စေလွှတ်ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်​သင့်​တယ်။ ယေရှုအကြောင်း လေ့လာတဲ့အခါ ယေဟောဝါ​ဘုရားအကြောင်း၊ ဘုရားစိတ်တော်နဲ့ တွေ့နိုင်ပုံအကြောင်း အများကြီး သိလာရတယ်။ ခရစ်တော်ရဲ့ ပူဇော်သက္ကာကို ယုံကြည်​သက်ဝင်​ကြောင်း ပြမယ်ဆိုရင် ယေဟောဝါ​ဘုရားနဲ့ နွေးထွေး၊ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်။—ရော. ၅:၁

၁၁။ ယေရှု​နာမည်​ကို အမှီပြုပြီး ဘာကြောင့် ဆုတောင်း​ကြသလဲ။

၁၁ သားတော်ကတစ်ဆင့် ယေဟောဝါဆီ ဆုတောင်းနိုင်လို့လည်း ကျေးဇူးတင်​သင့်​တယ်။ ဆုတောင်းချက်တွေကို ယေရှုကတစ်ဆင့် ယေဟောဝါ နားထောင်၊ အဖြေပေးတယ်။ ယေရှု​နာမည်​ကို အမှီပြုပြီး တောင်းရမယ်။ “ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှ​ကို ကျွန်တော် လုပ်ပေး​မယ်။ ဒါဆိုရင် အဖ​ဘုရား​က သားတော်ကြောင့် ဘုန်းထင်ရှား​လိမ့်မယ်” လို့ ယေရှု ပြောတယ်။—ယော. ၁၄:၁၃၊ ၁၄

၁၂။ သားတော်​အတွက် ယေဟောဝါကို ကျေးဇူးတင်​သင့်​တဲ့ နောက်ထပ် အကြောင်းရင်း​က ဘာလဲ။

၁၂ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ‘ကောင်းကင်ပေါ်​က ဘုန်းတန်ခိုးကြီးတဲ့​အရှင်ရဲ့ ပလ္လင်တော် ညာဘက်​မှာ ထိုင်နေ’ တဲ့ “ပုရောဟိတ်​မင်း” အဖြစ် ယေရှုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟီ. ၈:၁) ယေရှုဟာ “အဖ​ဘုရားနဲ့​အတူ ရှိနေတဲ့” “ကူညီပေးမယ့်​သူ” ဖြစ်တယ်။ (၁ ယော. ၂:၁) ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့၊ ‘ကျွန်တော်တို့အတွက် အသနားခံပေးနေတဲ့’ ပုရောဟိတ်​မင်း ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ (ရော. ၈:၃၄။ ဟီ. ၄:၁၅) မစုံလင်တဲ့ လူသားတွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ ယေရှုရဲ့ ပူဇော်သက္ကာသာ မရှိရင် ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ ချစ်သားကို ပေးထားလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။

ညီအစ်ကို/မတွေအတွက် ဆုတောင်း​ပါ

၁၃။ တပည့်တွေကို ချစ်ကြောင်း မသေဆုံးခင်ညမှာ ယေရှု ဘယ်လို ပြသလဲ။

၁၃ တပည့်တွေကို “ဆိုးညစ်သူရဲ့​ရန်ကနေ ကာကွယ်​စောင့်ရှောက်​ပေးဖို့” ယေရှု မသေဆုံးခင်ညမှာ အကြာကြီး ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၁၅) တကယ့်ကို မေတ္တာပါတဲ့ လုပ်ရပ်​ပဲ။ မကြာခင် ခက်ခဲတဲ့ စမ်းသပ်မှုတွေ ကြုံရတော့မယ်။ ဒါတောင် တမန်တော်တွေရဲ့ ရှေ့ရေး​အတွက် စိတ်ပူ​ပေးခဲ့တယ်။

ညီအစ်ကို/မတွေအတွက် ဘာတွေ ဆုတောင်း​ပေးနိုင်သလဲ (စာပိုဒ် ၁၄-၁၆ ကို ကြည့်ပါ) d

၁၄။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၄ ယေရှုကို အတုယူတဲ့အနေနဲ့ ကျွန်တော်တို့ ကိုယ့်အရေးကိုပဲ အာရုံမစိုက်ကြဘူး။ ညီအစ်ကို/မတွေအတွက် မှန်မှန် ဆုတောင်းပေးကြတယ်။ အဲဒီလို​ဆုတောင်းတာ​က အချင်းချင်း ချစ်ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်​ကို လိုက်နာ​ရာ ရောက်တယ်။ ယုံကြည်သူချင်းတွေ​ကို ဘယ်လောက် ချစ်ကြောင်း ယေဟောဝါကို သက်သေပြရာ ရောက်တယ်။ (ယော. ၁၃:၃၄) ညီအစ်ကို/မတွေအတွက် ဆုတောင်း​ပေးတာ အလဟဿ မဖြစ်ပါဘူး။ “ဖြောင့်မတ်သူရဲ့ တိုးလျှိုး​အသနားခံချက်​ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ယာ. ၅:၁၆

၁၅။ ကျွန်တော်တို့ ဆုတောင်းပေးတာကို ညီအစ်ကို/မတွေ ဘာကြောင့် လိုအပ်​ကြသလဲ။

၁၅ ညီအစ်ကို/မတွေဟာ စမ်းသပ်မှု အမျိုးမျိုး ကြုံကြရလို့ ကျွန်တော်တို့ ဆုတောင်းပေးဖို့ လိုအပ်တယ်။ ဖျားနာမှု၊ သဘာဝဘေး၊ စစ်၊ နှိပ်စက်​ညှဉ်းပန်းမှု၊ တခြား​အခက်အခဲတွေကို သူတို့ ခံရပ်​နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနိုင်တယ်။ လိုအပ်​နေ​သူတွေ​အတွက် ကယ်ဆယ်ရေး လုပ်ငန်းမှာ ကိုယ်ကျိုးစွန့် ပါဝင်​နေတဲ့ ညီအစ်ကို/မတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ အခက်အခဲ ကြုံနေရ​သူတချို့​ကို ကိုယ်တိုင်ကိုယ်ကျ သိရင် နာမည်တပ်ပြီး ဆုတောင်းပေးနိုင်တယ်။ ခံရပ်​နိုင်အောင် ကူညီ​ပေးဖို့ ဆုတောင်းပေးခြင်းအားဖြင့် စစ်မှန်တဲ့ ညီရင်း​အစ်ကို မေတ္တာ ပြကြတယ်။

၁၆။ ဦးဆောင်နေသူတွေအတွက် ဘာကြောင့် ဆုတောင်းပေးသင့်သလဲ။

၁၆ အသင်းတော်မှာ ဦးဆောင်နေသူတွေဟာ မိမိတို့အတွက် တခြား​သူတွေ ဆုတောင်းပေးတဲ့အခါ သိပ်ကျေးဇူးတင်ပြီး အဲဒီ​ကနေ အကျိုးရကြတယ်။ တမန်တော် ပေါလု​က “သတင်းကောင်းနဲ့​ဆိုင်​တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်​အကြောင်း ဟောပြောတဲ့အခါ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ နှုတ်သတ္တိ ရှိဖို့ ကျွန်တော့်အတွက်​လည်း ဆုတောင်းပေးကြပါ” လို့ ပြောတယ်။ (ဧ. ၆:၁၉) ဒီနေ့လည်း အလုပ်​ကြိုးစားတဲ့၊ ဦးဆောင်နေတဲ့ ညီအစ်ကို များစွာ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်း ပြနိုင်တယ်။

တခြား​သူတွေ​အတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အခါ

၁၇-၁၈။ ဘယ်အခြေအနေတွေမှာ တခြား​သူတွေ​အတွက် ကိုယ်စားပြု ဆုတောင်း​ပေးရနိုင်သလဲ။ ဘာကို သတိရသင့်သလဲ။

၁၇ တခြား​သူတွေ​အတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့​အချိန်တွေ ရှိတတ်တယ်။ ဥပမာ၊ ကျမ်းစာ​သင်အံမှု ကျင်းပတဲ့ ညီအစ်မ​က အဖော်လိုက်လာတဲ့ ညီအစ်မ​ကို ဆုတောင်းခိုင်းနိုင်တယ်။ သင်သား​အကြောင်း ကောင်းကောင်း မသိတဲ့​အတွက် သင်အံမှု အပြီးမှပဲ ဆုတောင်းတာ ပိုသင့်တော်နိုင်တယ်။ အဲဒါမှ သင်သား​အတွက် ဘာဆုတောင်းပေးရင် ကောင်းမလဲဆိုတာ ကောင်းကောင်း သိနိုင်မယ်။

၁၈ လယ်ကွင်း​စုဆုံမှု၊ အသင်းတော် အစည်းအဝေးတွေ​အတွက် ညီအစ်ကို​တစ်ယောက် ဆုတောင်း​ပေးရနိုင်တယ်။ အဲဒီအခါ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို သတိရသင့်တယ်။ ဆုတောင်းချက်ကို ခုတုံး​လုပ်ပြီး သွန်သင်ချက် ပေးတာ၊ တစ်ခုခု ကြေညာတာမျိုး မလုပ်သင့်ဘူး။ အသင်းတော် အစည်းအဝေး​အများစုမှာ သီချင်းဆို၊ ဆုတောင်းဖို့ စုစုပေါင်း အချိန် ငါးမိနစ်ပဲ ရတဲ့​အတွက် တာဝန်ကျ ညီအစ်ကိုဟာ အထူးသဖြင့်၊ အစည်းအဝေး အစ​မှာ “အရှည်ကြီး” ဆုမတောင်းသင့်ဘူး။—မ. ၆:၇

ဆုတောင်းခြင်း​ကို ဘဝမှာ အဓိကထားပါ

၁၉။ ယေဟောဝါရဲ့ တရားစီရင်​ရာ​နေ့​အတွက် အသင့်ဖြစ်နေဖို့ ဘာက ကူညီပေးမလဲ။

၁၉ ယေဟောဝါရဲ့ တရားစီရင်​ရာ​နေ့ နီးလာတာနဲ့အမျှ ဆုတောင်းခြင်း​ကို ပိုအလေးအနက် ထားဖို့ လိုအပ်တယ်။ ‘နိုးကြား​နေပါ။ အမြဲ တိုးလျှိုး​အသနားခံ​ပါ။ ဒါမှ ဒါတွေ ဖြစ်ပျက်လာတဲ့အခါ ခင်ဗျားတို့ လွတ်မြောက်နိုင်လိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (လု. ၂၁:၃၆) မပြတ် ဆုတောင်းခြင်း​က ယုံကြည်ခြင်း ခိုင်ခံ့စေဖို့၊ ဘုရားရဲ့ တရားစီရင်​ရာ​နေ့​အတွက် အသင့်ဖြစ်နေဖို့ ကူညီပေးပါလိမ့်မယ်။

၂၀။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေဟာ ဘယ်လိုနည်းနဲ့ မွှေးကြိုင်တဲ့ နံ့သာပေါင်းနဲ့ တူနိုင်သလဲ။

၂၀ ဘာတွေ သိခဲ့ရပြီလဲ။ ဆုတောင်းခွင့်ကို ကျွန်တော်တို့ သိပ်တန်ဖိုးထားကြတယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ တိုက်ရိုက် ဆက်စပ်​နေတဲ့ အရေးကိစ္စတွေအတွက် အလေးပေး ဆုတောင်း​သင့်​တယ်။ ဘုရား​သားတော်​အတွက်၊ နိုင်ငံတော် အုပ်ချုပ်မှု​အတွက် ကျေးဇူးတင်​ချီးမွမ်း​သင့်​တယ်။ ညီအစ်ကို/မတွေအတွက် ဆုတောင်း​ပေးသင့်တယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ရာတွေအတွက်လည်း ဆုတောင်းနိုင်တယ်။ ဘာတွေ ထည့်ဆုတောင်းမယ်ဆိုတာ ဂရုတစိုက် စဉ်းစားတာ​ဟာ ဆုတောင်းခွင့်ကို တန်ဖိုးထား​ကြောင်း ပြတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေဟာ မွှေးကြိုင်တဲ့ နံ့သာပေါင်းလို ဖြစ်ပြီး ယေဟောဝါ “နှစ်သက်” ပါလိမ့်မယ်။—ပညာ. ၁၅:၈

သီချင်း ၄၅ ကျွန်တော့်​နှလုံး​အကြံအစည်

a ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်ခွင့်ကို ကျွန်တော်တို့ အလွန် တန်ဖိုးထား​ကြတယ်။ ဆုတောင်းချက်တွေကို ဘုရား နှစ်သက်တဲ့၊ မွှေးကြိုင်တဲ့ နံ့သာပေါင်းလို ဖြစ်စေချင်ကြတယ်။ ဘာတွေ​အတွက် ဆုတောင်းနိုင်ကြောင်း ဒီဆောင်းပါး​မှာ ဆွေးနွေး​သွားပါမယ်။ တခြား​သူတွေ​အတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အခါ သတိရသင့်တဲ့ အချက်တချို့ကိုလည်း ဆွေးနွေး​သွားပါမယ်။

b ပုံအညွှန်း– ကျောင်းမှာ သမီး ဘေးကင်းရေး၊ သက်ကြီး​ဖခင်​ရဲ့ ကျန်းမာရေး​နဲ့ ကျမ်းစာ​သင်သားရဲ့​တိုးတက်မှု​အတွက် ဇနီး​နဲ့​အတူ ခင်ပွန်း ဆုတောင်း​နေ။

c ပုံအညွှန်း– ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ လှပတဲ့ ကမ္ဘာမြေ စံအိမ်၊ အာဟာရ ရှိတဲ့ အစားအစာတွေအတွက် လူငယ်​ညီအစ်ကို ယေဟောဝါကို ကျေးဇူးတင်​ချီးမွမ်း​နေ။

d ပုံအညွှန်း– အုပ်ချုပ်ရေး အဖွဲ့ကို စွမ်းအားတော် ပေးဖို့၊ သဘာဝဘေး၊ နှိပ်စက်​ညှဉ်းပန်းမှု ကြုံနေရသူတွေကို ကူညီ​ပေးဖို့ ယေဟောဝါဆီ ညီအစ်မ ဆုတောင်း​နေ။