ဘဝအတ္ထုပ္ပတ္တိ
တခြားသူတွေကို စိတ်ဝင်တစား ကူညီတာ ရေရှည် အကျိုးရှိ
“အင်္ဂလီကန် ချာ့ချ်က အမှန်တရား သင်မပေးဘူး။ ဒီတော့ အမှန်တရား ဆက်သာ ရှာနေ” ဆိုပြီး အင်္ဂလီကန် အဘွား ပြောလာလို့ အမေ စစ်မှန်တဲ့ ဘာသာတရား စရှာတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကို မကြိုက်ဘူး။ ကနေဒါနိုင်ငံ၊ တိုရွန်တိုပြည်နယ်က ကျွန်တော်တို့အိမ်ကို သက်သေခံတွေ ရောက်လာတုန်းကဆိုရင် ကျွန်တော့်ကို ပုန်းတောင် ပုန်းနေခိုင်းတာ။ ဒါပေမဲ့ ၁၉၅၀ မှာ သက်သေခံတွေနဲ့ အမေ့ညီမ ကျမ်းစာ စလေ့လာတော့ သူ့အိမ် သွားပြီး အမေလည်း လိုက်လေ့လာတယ်။ နောက်တော့ နှစ်ခြင်းခံလိုက်ကြတယ်။
အဖေက ကနေဒါ ယူနိုက်တက် ချာ့ချ်က သင်းအုပ်။ ဒါကြောင့် ညီမလေးနဲ့ ကျွန်တော့်ကို အပတ်တိုင်း ဆန်းဒေးစကူး ပို့တယ်။ ဆန်းဒေးစကူး ပြီးရင် ၁၁ နာရီမှာ အဖေနဲ့ ဝတ်ပြုစည်းဝေးပွဲ လိုက်တက်ကြတယ်။ နေ့လယ်ကျရင်တော့ အမေနဲ့ နိုင်ငံတော်ခန်းမ သွားကြတယ်။ ဘာသာတရား နှစ်ခု တော်တော် ကွာတာ ကျွန်တော်တို့ သတိထားမိကြတယ်။
အမေက သူ့ငယ်သူငယ်ချင်း ဘော့နဲ့ မာရီယွန် ဟက်ချီဆန်ကို ကျမ်းစာကနေ သိလာတာတွေ ပြောပြလို့ သူတို့လည်း ယေဟောဝါသက်သေ ဖြစ်လာကြတယ်။ ၁၉၅၈ မှာ ဟက်ချီဆန် မောင်နှံက သားသုံးယောက်နဲ့အတူ ကျွန်တော့်ကို နယူးယောက်မြို့မှာ ကျင်းပတဲ့ မြင့်မြတ်သော အလိုတော် ရှစ်ရက်ကြာ အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲ ခေါ်သွားကြတယ်။ ပြန်စဉ်းစားကြည့်တော့မှ ကျွန်တော့်ကိုပါ ခေါ်သွားရတာ သူတို့အတွက် တော်တော် မလွယ်တဲ့ ကိစ္စပဲ။ ဒါပေမဲ့ အဲဒီစည်းဝေးပွဲက ကျွန်တော့်အတွက် အမှတ်တရ ဖြစ်သွားတယ်။
အမှုတော်မှာ ပိုပါဝင်ဖို့ ညီအစ်ကို/မတွေ စိတ်ဝင်တစား ကူညီပေး
ဆယ်ကျော်သက်အရွယ် ရောက်တော့ ကျွန်တော်တို့ မွေးမြူရေး ခြံကြီးမှာ နေကြတယ်။ တိရစ္ဆာန်လေးတွေကို ဂရုစိုက်ပေးရတာ ကျွန်တော် ကြိုက်တယ်။ တိရစ္ဆာန် ဆေးကု ဆရာဝန် တအား ဖြစ်ချင်တယ်။ ဒီအကြောင်း အသင်းတော် အကြီးအကဲတစ်ယောက်ကို အမေ ပြောပြလိုက်တယ်။ “နောက်ဆုံးကာလ” ရောက်နေပြီ၊ နှစ်နဲ့ချီ တက္ကသိုလ် တက်ရင် ယေဟောဝါဘုရားနဲ့ ဆက်ဆံရေး ထိခိုက်မယ်လို့ ကျွန်တော့်ကို အဲဒီအကြီးအကဲ ကြင်ကြင်နာနာ သတိပေးတယ်။ ၂ တိ. ၃:၁) ဒါနဲ့ ကျွန်တော် တက္ကသိုလ် မတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
(ဒါပေမဲ့ အထက်တန်းကျောင်း ပြီးရင် ဘာလုပ်ရမလဲလို့ တွေးနေမိတယ်။ အပတ်တိုင်း စနေ၊ တနင်္ဂနွေနေ့တွေမှာ အမှုဆောင် သွားပေမဲ့ သိပ်မပျော်ဘူး။ ရှေ့ဆောင် လုပ်ဖို့ စိတ်ကူး မရှိဘူး။ မယုံကြည်သူ အဖေနဲ့ ဦးလေးကလည်း တိုရွန်တိုက အာမခံ ကုမ္ပဏီကြီးမှာ အချိန်ပြည့် အလုပ်လုပ်ဖို့ တိုက်တွန်းကြတယ်။ အဲဒီကုမ္ပဏီမှာ ဦးလေးက ရာထူး မြင့်မြင့် ရထားတယ်လေ။ ဒါနဲ့ ကျွန်တော်လည်း အလုပ် လက်ခံလိုက်တယ်။
တိုရွန်တိုမှာ တစ်ချိန်လုံး အချိန်ပိုတွေ ဆင်းလိုက်၊ မယုံကြည်သူတွေနဲ့ ပေါင်းလိုက်ဆိုတော့ အစည်းအဝေး၊ အမှုဆောင် မမှန်တော့ဘူး။ သက်သေခံ မဟုတ်တဲ့ အဘိုးနဲ့ ကျွန်တော် နေတာ။ အဘိုး ဆုံးသွားတော့ နေစရာ ရှာရတော့တယ်။
၁၉၅၈ တုန်းက စည်းဝေးပွဲ ခေါ်သွားပေးတဲ့ ဟက်ချီဆန် မောင်နှံက ကျွန်တော့်အတွက် မိဘလိုပဲ။ ကျွန်တော့်ကို သူတို့အိမ် ခေါ်ထားကြတယ်။ ဘုရားနဲ့ ဆက်ဆံရေး ကောင်းလာအောင် ကူညီပေးကြတယ်။ ၁၉၆၀ မှာ သူတို့ရဲ့ သား ဂျွန်နဲ့ ကျွန်တော် အတူတူ နှစ်ခြင်းခံတယ်။ ဂျွန် ရှေ့ဆောင် စလုပ်တော့ ကျွန်တော်လည်း အမှုဆောင်မှာ ပိုပါဝင်ချင်လာတယ်။ ကျွန်တော် တိုးတက်လာတာ အသင်းတော်က ညီအစ်ကိုတွေ သတိထားမိကြတယ်။ နောက်တော့ ကျွန်တော့်ကို သီအိုကရက်တစ် ဓမ္မအမှုကျောင်း ကြီးကြပ်မှူး ခန့်ကြတယ်။ a
တွဲဖက်ကောင်း ရသွားပြီး ရှေ့ဆောင် ဖြစ်လာ
ဇွဲထက်သန်တဲ့ ရှေ့ဆောင် ညီအစ်မ ရန်ဒီ ဘာ့ဂျ်နဲ့ ၁၉၆၆ မှာ လက်ထပ်လိုက်တယ်။ ရန်ဒီက ပိုလိုအပ်တဲ့ ဒေသမှာ သိပ်အမှုဆောင်ချင်တာ။ တိုက်နယ်ကြီးကြပ်မှူးက ကျွန်တော်တို့ကို တော်တော်လေး စိတ်ဝင်တစား ရှိတယ်။ အွန်တာရီယိုပြည်နယ်၊ အော်ရီလီယာ အသင်းတော်ကို ကူညီဖို့ အားပေးတယ်။ ကျွန်တော်တို့လည်း အထုပ် ထုပ်ပြီး တန်းပြောင်းကြတော့တာပဲ။
အော်ရီလီယာကို ရောက်တာနဲ့ ရန်ဒီနဲ့အတူ မှန်မှန်ရှေ့ဆောင် လုပ်တယ်။ ရန်ဒီ့လိုပဲ ထက်ထက်သန်သန် ဖြစ်လာတယ်။ စိတ်နှစ်ပြီး ရှေ့ဆောင် လုပ်တော့ ကျမ်းစာ သုံးပြီး ဟောရတာ အရသာ တွေ့လာတယ်။ လူတွေ အမှန်တရား သိလာတာ မြင်ရလို့ ပျော်တယ်။ အော်ရီလီယာက မောင်နှံတစ်စုံ ပြောင်းလဲလာပြီး ယေဟောဝါရဲ့ ကျေးကျွန်တွေ ဖြစ်လာဖို့ ကူညီပေးခွင့် ရတာ ကောင်းချီးပါပဲ။
ဘာသာစကားအသစ်၊ အတွေးသစ်အမြင်သစ်
တိုရွန်တိုကို သွားလည်တုန်း ဗေသလက တာဝန်ရှိ ညီအစ်ကို အာနိုး မက် နာမရာနဲ့ ဆုံတယ်။ အထူးရှေ့ဆောင် လုပ်ချင်သလားလို့ ကျွန်တော်တို့ကို မေးတယ်။ “လုပ်ချင်တာပေါ့။ ကွီဘက်ကလွဲရင် ကြိုက်တဲ့ နေရာပို့” လို့ ချက်ချင်း ဖြေလိုက်တယ်။ ကွီဘက်ခရိုင်က ပြင်သစ်စကားပြော လူတွေကို ကနေဒါက အင်္ဂလိပ် စကားပြော လူတွေ အမြင်စောင်းကြတယ်။ အဲဒီတုန်းက ကွီဘက်ခရိုင်ကို ကနေဒါအောက်ကနေ ခွဲထုတ်ပေးဖို့ ဆန္ဒတွေ ပြကြတာကိုး။ ဒါနဲ့ ကျွန်တော်ပါ ရောယောင်ပြီး သူတို့ကို အမြင်စောင်းနေတာ။
“လောလောဆယ်တော့ ဌာနခွဲက ကွီဘက်ကိုပဲ အထူး ရှေ့ဆောင်တွေ ပို့နေတာ” လို့ ညီအစ်ကို အာနိုး ပြန်ပြောတယ်။ ကျွန်တော် ချက်ချင်း လက်ခံလိုက်တယ်။ အဲဒီမှာ ရန်ဒီ အမှု ဆောင်ချင်မှန်း သိနေလို့လေ။ အဲဒီကို သွားဖို့ ဆုံးဖြတ်လိုက်တာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်မှန်း နောက်မှ သဘောပေါက်လာတယ်။
ငါးပတ်ကြာ ပြင်သစ်စကားပြော သင်တန်း တက်ပြီးနောက် မွန်ထရီအောမြို့ အရှေ့မြောက်ဘက် ၃၃၆ မိုင် (ကီလိုမီတာ ၅၄၀) လောက် အကွာက ရီမုစကီမြို့ကို နောက်ထပ် မောင်နှံတစ်စုံနဲ့အတူ ကျွန်တော်တို့ သွားကြတယ်။ တစ်ခေါက် အစည်းအဝေးမှာ ကြေညာချက်တချို့ ကျွန်တော် ဖတ်ပြရတော့မှပဲ သင်ယူစရာတွေ အများကြီး ကျန်နေသေးမှန်း ပေါ်သွားတယ်။ လာမယ့် အစည်းအဝေးကြီးမှာ “ဩစတြေးလျ ဧည့်သည်တွေ အများကြီး လာမယ်” လို့ မပြောဘဲ “ငှက်ကုလားအုတ်တွေ အများကြီး လာမယ်” လို့ ပြောလိုက်မိလို့လေ။
ရီမုစကီမှာ ကျွန်တော်တို့ လေးယောက်နဲ့အတူ ဇွဲထက်သန်တဲ့ တစ်ကိုယ်ရေ ညီအစ်မ လေးယောက်၊ ဟူဘာဒို မောင်နှံနဲ့ သမီးနှစ်ယောက် လာပူးပေါင်းကြတယ်။ ဟူဘာဒို မောင်နှံ ငှားလိုက်တဲ့ အိပ်ခန်း ခုနစ်ခန်း ပါတဲ့ အိမ်ကြီးတစ်လုံးမှာ အိမ်ငှားခ စပ်တူ ပေးပြီး အားလုံး စုနေကြတယ်။ အိမ်ရှေ့ မျက်နှာစာနဲ့ တိုင်တွေကို အဖြူရောင် သုတ်ထားလို့ အိမ်ဖြူတော်လို့ ကျွန်တော်တို့ ခေါ်ကြတယ်။ အိမ်မှာ လူ ၁၂ ယောက်၊ ၁၄ ယောက် ရှိတတ်တယ်။ ကျွန်တော်နဲ့ ရန်ဒီက အထူးရှေ့ဆောင်တွေဆိုတော့ မနက်၊ နေ့လယ်၊ ညနေ တစ်ချိန်လုံး အမှုဆောင် သွားကြတယ်။ အေးစိမ့်နေတဲ့ ဆောင်းတွင်း ညနေတွေမှာတောင် ကျွန်တော်တို့နဲ့ အမှုဆောင် လိုက်ပေးမယ့်သူ တစ်ယောက်မဟုတ် တစ်ယောက် အမြဲ ရှိနေတာ ကျေးဇူးတင်စရာပဲ။
ဒီလူတွေနဲ့ပဲ တတွဲတွဲဆိုတော့ မိသားစုလို ဖြစ်လာတယ်။ တစ်ခါတလေ မီးပုံပွဲ လုပ်ကြတယ်။ တစ်ခါတလေကျတော့ ဖက်ထုပ်တွေ လုပ်စားကြတယ်။ ကျွန်တော်တို့ထဲက ညီအစ်ကိုတစ်ယောက်က ဂီတသမား။ ဒီတော့ စနေညတွေမှာ သီချင်းဆို၊ ကကြတယ်။
ရီမုစကီမှာ လူအများကြီး ကျမ်းစာ စိတ်ဝင်စားကြတယ်။ ငါးနှစ်အတွင်း ကျမ်းစာသင်သား အများကြီး နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတာ မြင်ရလို့ ဝမ်းသာလိုက်တာ။ နောက်တော့ အသင်းတော်မှာ ကြေညာသူ ၃၅ ယောက်လောက်အထိ တိုးလာတယ်။
သတင်းကောင်း ဟောပြောဖို့ ကွီဘက်မှာ လေ့ကျင့်မှု ကောင်းကောင်း ရခဲ့ကြတယ်။ အမှုဆောင်မှာ ယေဟောဝါ ကူညီပေးတာ၊ ရုပ်ပိုင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ မြင်ရတယ်။ ဒါ့အပြင် ပြင်သစ်စကားပြော လူတွေကိုကော သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေကိုပါ မြတ်နိုးတတ်လာတယ်။ နောက်တော့ တခြားယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးတတ်လာတယ်။—၂ ကော. ၆:၁၃။
ရုတ်တရက်၊ ဌာနခွဲက ကျွန်တော်တို့ကို နယူး ဘရန့်ဇ်ဝင့်ခ် ကမ်းခြေ အရှေ့ဘက် ထရာခဒီမြို့ကို ပြောင်းခိုင်းတယ်။ တော်တော် အကြပ်ရိုက်သွားတယ်။ အိမ်ငှား စာချုပ် ချုပ်ပြီးခါစ၊ အချိန်ပိုင်း စာသင်ဖို့ ကျောင်းဘုတ်အဖွဲ့နဲ့ စာချုပ် ချုပ်ပြီးခါစပဲ ရှိသေးတာ။ ပြီးတော့ ကျမ်းစာသင်သားတချို့ ကြေညာသူ ဖြစ်လာတာ မကြာသေးဘူး။ နိုင်ငံတော်ခန်းမကလည်း ဆောက်လက်စ တန်းလန်းကြီး။
ပြောင်းရွှေ့ဖို့ ကိစ္စ ဆုတောင်းပြီး ထရာခဒီကို သွားလည်ကြတယ်။ ထရာခဒီက ရီမုစကီနဲ့ တော်တော် ကွာတယ်။ ဒါပေမဲ့ ယေဟောဝါ သွားစေချင်မှတော့ သွားကြတာပေါ့လို့ ဆုံးဖြတ်လိုက်ကြတယ်။ မာလ. ၃:၁၀) ရန်ဒီမှာ ခိုင်မာတဲ့ ယုံကြည်ခြင်း၊ ကိုယ်ကျိုးစွန့် စိတ်ဓာတ်၊ ဟာသဉာဏ် ရှိလို့ ပြောင်းရရွှေ့ရ တော်တော်လေး လွယ်ခဲ့တယ်။
ယေဟောဝါကို စမ်းသပ်ကြည့်လိုက်တော့ အခက်အခဲ တစ်ခုမကျန် ဖယ်ရှားပေးတာ မြင်ရတယ်။ (အသင်းတော်သစ်မှာ အကြီးအကဲဆိုလို့ ရောဘတ် ရော့စ်ပဲ ရှိတယ်။ ဇနီး လင်းဒါနဲ့ ရှေ့ဆောင် လုပ်ရင်း သားဦးလေး မွေးပြီးတော့လည်း အဲဒီမှာပဲ ဆက်နေဖြစ်သွားကြတာ။ ကလေးတစ်ဖက်နဲ့ ဆိုပေမဲ့ သိပ်ဧည့်ဝတ်ကျေကြတယ်။ အမှုဆောင်မှာ ဇွဲရှိကြတယ်။ ကျွန်တော်တို့အတွက် အားပေးမှုပါပဲ။
ပိုလိုအပ်တဲ့ ဘယ်နေရာမှာ ဖြစ်ဖြစ် အမှုဆောင်လို့ ကောင်းချီးတွေ ရ
ထရာခဒီမှာ နှစ်နှစ် ရှေ့ဆောင် လုပ်ပြီးနောက် နယ်လှည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ လုံးဝ မျှော်လင့်မထားဘူး။ အင်္ဂလိပ်စကားပြော တိုက်နယ်မှာ ခုနစ်နှစ် အမှုဆောင်ပြီးနောက် ကွီဘက်က ပြင်သစ်စကားပြော တိုက်နယ်မှာ တာဝန်ပြန်ကျတယ်။ ကျွန်တော့်ဟောပြောချက်တွေနဲ့ပတ်သက်ပြီး ကွီဘက်က ခရိုင်ကြီးကြပ်မှူး လီယွန် ကရာပို ချီးကျူးတယ်။ ဒါပေမဲ့ နောက်တော့ “ဒီထက် ပိုပြီး သဘာဝကျကျလေး ဟောလို့ ရဦးမလား” လို့ မေးလာတယ်။ b အဲဒီလို ဂရုတစိုက် ထောက်ပြပေးလို့ ကျွန်တော် ပိုပြီး ရိုးရိုးရှင်းရှင်း၊ အကြောင်းအရာ သတ်သတ်မှတ်မှတ် ဟောတတ်လာတယ်။
၁၉၇၈၊ မွန်ထရီအောမြို့မှာ ကျင်းပတဲ့ “အောင်ပွဲခံ ယုံကြည်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ ရတဲ့ တာဝန်ကတော့ အမှတ်တရပါပဲ။ အစားအသောက် ဝန်ဆောင်မှု ဌာနမှာ လုပ်ရတယ်။ တက်ရောက်သူ ၈၀,၀၀၀ လောက် ရှိမယ်လို့ မှန်းထားကြတယ်။ ပြီးတော့ ကျွေးမွေးရေး အစီအစဉ်သစ်ကို သုံးကြမှာ။ ဒီတော့ ပစ္စည်းပစ္စယအသစ်၊ မီနူးအသစ်၊ နည်းစနစ်အသစ်၊ အားလုံးအသစ်တွေချည်းပဲ။ ပျက်တစ်လှည့်၊ ကောင်းတစ်လှည့် ရေခဲသေတ္တာကြီး အလုံး ၂၀ လောက် ရှိတယ်။ ပထမနေ့ မတိုင်ခင် ပြင်ဆင်ဖို့ အားကစား ခန်းမထဲ သန်းခေါင်ရောက်တဲ့အထိ ဝင်လို့ မရကြဘူး။ ခန်းမထဲမှာ အားကစားပွဲ ကျင်းပနေလို့လေ။ မနက်စာ ပြင်ဖို့ ကင်စက်တွေကို မိုးမလင်းခင် ဆင်ထားရမှာ။ တော်တော် ပင်ပန်းသွားတယ်။ ဒါပေမဲ့ အတူတူ တွဲလုပ်တဲ့ ညီအစ်ကို/မတွေရဲ့ ကြိုးစားမှု၊ ရင့်ကျက်မှု၊ ဟာသဉာဏ် ရှိမှုတွေကနေ သင်ယူခဲ့ရတယ်။ ဒီနေ့အထိ ကျွန်တော်တို့ ခင်နေကြတုန်းပဲ။ ၁၉၄၀ ကနေ ၁၉၆၀ အတွင်း နှိပ်စက်ညှဉ်းပန်းမှုဒဏ် အလူးအလိမ့် ခံခဲ့ရတဲ့ ကွီဘက်ခရိုင်မှာ ဒီလို သမိုင်းဝင် အစည်းအဝေးကြီး ကျင်းပနိုင်တာ ဝမ်းသာစရာပါပဲ။
မွန်ထရီအောမြို့ အစည်းအဝေးကြီးတွေအတွင်း အတူ တွဲလုပ်ရတဲ့ ကြီးကြပ်မှူးတွေဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ တစ်နှစ်တော့ အစည်းအဝေး ကြီးကြပ်မှူးအဖြစ် လက်ရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်
ညီအစ်ကို ဒေးဗစ် စပလိန်း တာဝန်ရတယ်။ နောက်အစည်းအဝေးကျတော့ ကျွန်တော့်ကို ညီအစ်ကိုတွေ အဲဒီတာဝန် ယူခိုင်းတယ်။ ဒေးဗစ် အများကြီး ကူညီပေးတယ်။နယ်လှည့်လုပ်ငန်းမှာ ၃၆ နှစ် ပါဝင်ပြီးနောက် ၂၀၁၁ မှာ အသင်းတော် အကြီးအကဲများအတွက် သင်တန်း ပို့ချသူအဖြစ် အမှုဆောင်ဖို့ ကျွန်တော် ဖိတ်ခေါ်ခံရတယ်။ နှစ်နှစ်အတွင်း အိပ်ရာ ၇၅ ခု ပြောင်းအိပ်ခဲ့ရတယ်။ ဒါပေမဲ့ တကယ် ကိုယ်ကျိုးစွန့်ရကျိုး နပ်တယ်။ တစ်ပတ် ကုန်သွားတိုင်း အကြီးအကဲတွေ သိပ်ကျေးဇူးတင်ကြတယ်။ ဘုရားနဲ့ သူတို့ ဆက်ဆံရေး ကောင်းဖို့ အုပ်ချုပ်ရေး အဖွဲ့ ဘယ်လောက် ဂရုစိုက်မှန်း မြင်ကြလို့လေ။
နောက်တော့ နိုင်ငံတော် သတင်းကောင်း ဟောပြောသူများ သင်တန်းမှာ ကျွန်တော် ပို့ချရတယ်။ သင်တန်းသားတွေခမျာ ဇယားကို ပြည့်နေတာပဲ။ တစ်ရက်ကို ခုနစ်နာရီလောက် အတန်းထဲမှာ ထိုင်ရလို့၊ ညနေတိုင်း သုံးနာရီလောက် အိမ်စာ လုပ်ရလို့၊ တစ်ပတ်ကို တာဝန် လေးငါးခု ကျလို့ ခြေကုန်လက်ပန်း ကျနေတတ်ကြတယ်။ ယေဟောဝါရဲ့ အကူအညီ မပါရင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ သူတို့ကို ကျွန်တော်နဲ့ နောက်ထပ် ပို့ချသူတစ်ယောက် ရှင်းပြတယ်။ ယေဟောဝါကို အားကိုးလိုက်တော့ သူတို့ မှန်းထားတာထက်တောင် ပိုလုပ်နိုင်မှန်း တွေ့ရလို့ သင်တန်းသားတွေ အံ့ဩသွားတတ်ကြတာ ကျွန်တော် မှတ်မိနေတုန်းပဲ။
တခြားသူတွေကို စိတ်ဝင်တစား ကူညီတာ ရေရှည် အကျိုးရှိ
အမေ စိတ်ဝင်တစား ကူညီပေးလို့ သူ့ကျမ်းစာသင်သားတွေ တိုးတက်လာကြတယ်။ အဖေတောင် စိတ်ပျော့ပျောင်းလာတယ်။ အမေ ဆုံးပြီး သုံးရက်အကြာ နိုင်ငံတော်ခန်းမမှာ အဖေ လူထု ဟောပြောချက် လာနားထောင်လို့ ကျွန်တော်တို့ အံ့ဩသွားတယ်။ နောက် ၂၆ နှစ်လုံးလုံး အစည်းအဝေးတွေ ဆက်တက်တယ်။ အဖေက နှစ်ခြင်းသာ မခံတာ အပတ်တိုင်း အစည်းအဝေးကို အမြဲ ဦးဆုံး ရောက်တယ်လို့ အကြီးအကဲတွေ ကျွန်တော့်ကို ပြောပြကြတယ်။
ကျွန်တော်တို့ မောင်နှမတွေအတွက် အမေက သိပ်ကောင်းတဲ့ စံနမူနာပဲ။ ယေဟောဝါဘုရားကို ကျွန်တော့်ညီမ သုံးယောက်စလုံး သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့အတူ သစ္စာရှိရှိ ဝတ်ပြုနေကြတယ်။ ညီမတစ်ယောက်က ပေါ်တူဂီ ဌာနခွဲမှာ၊ နောက်တစ်ယောက်က ဟေတီ ဌာနခွဲမှာ အမှုဆောင်နေကြတယ်။
အခု၊ ရန်ဒီနဲ့ ကျွန်တော် အွန်တာရီယို၊ ဟမ်မီတန်မြို့မှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။ နယ်လှည့်လုပ်ငန်းမှာတုန်းက ညီအစ်ကို/မတွေနဲ့ ပြန်လည်ပတ်မှု၊ ကျမ်းစာ သင်အံမှု လိုက်ရတာ သိပ်ပျော်တယ်။ အခုကျပြန်တော့လည်း ကိုယ့်ကျမ်းစာသင်သားတွေ တိုးတက်လာတာ ကြည့်ပြီး ပျော်ရပြန်ရော။ အသင်းတော်သစ်မှာ ညီအစ်ကို/မတွေနဲ့ ခင်လာတော့ အခြေအနေ ကောင်းချိန်မှာကော၊ မကောင်းချိန်မှာပါ သူတို့ကို ဘုရား ဘယ်လို ကူညီပေးတယ်ဆိုတာ သိရလို့ သိပ်အားရှိတာပဲ။
ပြန်တွေးကြည့်ရင် ကျွန်တော်တို့အပေါ် ညီအစ်ကို/မတွေ စိတ်ဝင်တစား ကူညီပေးခဲ့တာကို သိပ်ကျေးဇူးတင်မိတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း တခြားသူတွေကို စိတ်ဝင်တစား ရှိဖို့ ကြိုးစားတယ်။ ဘုရားအတွက် အတတ်နိုင်ဆုံး အပြည့်အဝ အမှုဆောင်နိုင်ကြဖို့ အားပေးတယ်။ (၂ ကော. ၇:၆၊ ၇) ဥပမာ၊ မိသားစုတစ်စုဆိုရင် အမေရယ်၊ သားရယ်၊ သမီးရယ် အချိန်ပြည့် အမှုဆောင်ကြတယ်။ ရှေ့ဆောင် လုပ်ဖို့ စိတ်ကူး ရှိသလားလို့ ဖခင်ဖြစ်သူကို မေးကြည့်တယ်။ ရှေ့ဆောင် သုံးယောက်ကို ထောက်ပံ့နေရတယ်လေလို့ ပြန်ဖြေတယ်။ “ယေဟောဝါ ထောက်တာထက် ပိုထောက်နိုင်လို့လား” လို့ ကျွန်တော် မေးလိုက်တယ်။ ကိုယ့်မိသားစုဝင်တွေလို ရှေ့ဆောင် အရသာ မြည်းစမ်းဖို့ အားပေးလိုက်တယ်။ ခြောက်လအတွင်း သူ ရှေ့ဆောင် ဖြစ်လာတယ်။
ယေဟောဝါဘုရားရဲ့ “အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း” “နောက်မျိုးဆက်တွေ” ကို ရန်ဒီနဲ့ ကျွန်တော် ပြောပြနေဦးမှာပါ။ ဘုရားအမှုဆောင်တာကို ကျွန်တော်တို့ မြတ်နိုးသလောက် မြတ်နိုးတတ်လာကြဖို့ မျှော်လင့်ပါတယ်။—ဆာ. ၇၁:၁၇၊ ၁၈။
a အခုတော့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး ကြီးကြပ်မှူးလို့ ခေါ်တယ်။
b ၂၀၂၀၊ ဖေဖော်ဝါရီ ကင်းမျှော်စင် စာ. ၂၆-၃၀ မှာ လီယွန် ကရာပိုရဲ့ ဘဝအတ္ထုပ္ပတ္တိကို ကြည့်ပါ။