မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၃

“ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ”

“ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ”

“အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု​တွေ​နဲ့ ထောင်ချောက်​ဆင် ဖမ်း​မယ့်​သူတွေကို သတိ​ထားကြပါ။ အဲဒါတွေဟာ . . . လူ့​ထုံးတမ်းစဉ်လာတွေ​ကို အခြေခံတယ်။”—ကော. ၂:၈

သီချင်း ၉၆ ဘုရားသခင့်​ကျမ်းစာ မြတ်​ရတနာ

အကြို​သုံးသပ်ချက် *

၁။ ကောလောသဲ ၂:၄၊ ၈ အရ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ထိန်းချုပ်​ဖို့ စာတန် ဘယ်လို ကြိုးစား​နေသလဲ။

စာတန်​က ကျွန်တော်တို့ကို ယေဟောဝါနဲ့ ဝေး​သွား​စေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံ ပြောင်း​ဖို့၊ သူ့​စိတ်ကြိုက် တွေးခေါ်​လာစေဖို့ ကြိုးစားတယ်။ သူ့​နောက်လိုက်​စေဖို့ ကျွန်တော်တို့ နှစ်သက်တဲ့​အရာတွေနဲ့ သွေးဆောင်​လှည့်စား​တယ်။ကောလောသဲ ၂:၄၊  ကိုဖတ်ပါ။

၂-၃။ (က) ကောလောသဲ ၂:၈ မှာပါတဲ့ သတိပေး​ချက်​ကို ဘာကြောင့် ဂရုစိုက်သင့်သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း သုံးသပ်ကြ​မလဲ။

စာတန့် လှည့်စားမှု​နောက် ကျွန်တော်တို့ ပါသွား​နိုင်သလား။ ပါသွား​နိုင်တယ်။ ပေါလုက ကောလောသဲ ၂:၈ ကို မယုံကြည်​သူတွေဆီ ရေး​တာ မဟုတ်ဘူး။ သန့်ရှင်းသော စွမ်းအားတော်​နဲ့ ဘိသိက်​ပေးခံ​ရတဲ့ ခရစ်ယာန်တွေဆီ ရေးတာ။ (ကော. ၁:၂၊ ၅) အဲဒီ​ခရစ်ယာန်​တွေ အန္တရာယ်​ကြုံခဲ့​ရတယ်။ ဒီနေ့ အဲဒါ​ထက် ပို​ဆိုးတဲ့ အန္တရာယ်ကို ကျွန်တော်တို့ ကြုံနေ​ရတယ်။ (၁ ကော. ၁၀:၁၂) ဘာကြောင့်လဲ။ စာတန်ဟာ မြေကြီးပေါ် နှင်ချ​ခံရပြီး ဘုရားသခင့် သစ္စာရှိ ကျေးကျွန်တွေကို လှည့်စားဖို့ အပြင်းအထန် ကြိုးစား​နေလို့ပဲ။ (ဗျာ. ၁၂:၉၊ ၁၂၊ ၁၇) အဲဒီအပြင် ဆိုးညစ်​သူတွေ၊ အယောင်ဆောင်​သူတွေ “ဆိုးသည်ထက် ဆိုး​လာ” တဲ့အချိန်​မှာ ကျွန်တော်တို့ အသက်ရှင်​နေရလို့​ပဲ။—၂ တိ. ၃:၁၊ ၁၃

ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ထိန်းချုပ်​ဖို့ “အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု​တွေ” ကို စာတန် ဘယ်လို​သုံး​နေကြောင်း ဒီ​ဆောင်းပါး​မှာ သုံးသပ်ပါမယ်။ သူ့ရဲ့​ “ဉာဏ်နီဉာဏ်နက်​များတဲ့ လုပ်ရပ်” သုံးခုကို လေ့လာ​ကြပါမယ်။ (ဧ. ၆:၁၁) စာတန်ရဲ့ ပရိယာယ်​ကြောင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်​အပေါ် သက်ရောက်​လာနိုင်တဲ့ ဆိုးကျိုး​တွေကို ဘယ်လို တိုက်လှန်​ရမလဲ​ဆိုတာ နောက်​ဆောင်းပါး​မှာ သုံးသပ်​ကြပါမယ်။ ဦးဆုံး၊ ကတိထားရာပြည်​ထဲ အစ္စရေး​တွေ ဝင်​ပြီးနောက် စာတန် လှည့်ဖြား​တဲ့​နည်း​တွေ​အကြောင်း ဘာ​သိရသလဲ​ဆိုတာ သုံးသပ်​ကြည့်ကြစို့။

ရုပ်တု ကိုးကွယ်​ဖို့ လှည့်ဖြား​ခံရ

၄-၆။ တရားဟောရာ ၁၁:၁၀-၁၅ အရ အစ္စရေး​တွေ ကတိထားရာပြည်​ထဲ ဝင်​ပြီးနောက် ဘယ်​စိုက်ပျိုးရေး​နည်းသစ်​တွေ သင်​ခဲ့ရသလဲ။

အစ္စရေး​တွေ ရုပ်တု​ကိုးကွယ်​လာ​အောင် စာတန် စဉ်းလဲ​စွာ လှည့်ဖြားခဲ့တယ်။ ဘယ်​နည်းနဲ့လဲ။ အစားအစာ လိုချင်​တဲ့​စိတ်​ကို အသုံးချခြင်း​အားဖြင့်​ပဲ။ အစ္စရေး​တွေ ကတိထားရာပြည်​ထဲ ဝင်​ပြီးနောက် စိုက်ပျိုးရေး နည်းလမ်း​တွေ ပြောင်း​ရတော့မယ်။ အီဂျစ်​ပြည်မှာ​တုန်း​က နိုင်း​မြစ်ရေကို လယ်ထဲ​သွင်း​ပြီး စိုက်ပျိုး​ခဲ့​ကြတယ်။ ကတိထားရာပြည်မှာ​တော့ စိုက်ပျိုးရေး​စနစ်​က ရေ​သွင်း​စိုက်ပျိုးရေး​ကို အခြေမခံဘဲ နှင်း​နဲ့ ရာသီအလိုက် ရွာ​တဲ့​မိုး​ရေ​ကို အားထား​ရတယ်။ (တရားဟောရာ ၁၁:၁၀-၁၅ ကိုဖတ်ပါ။ ဟေရှာ. ၁၈:၄၊ ၅) ဒါကြောင့် စိုက်ပျိုးရေး နည်းသစ်တွေကို သင်ယူ​ခဲ့​ရတယ်။ စိုက်ပျိုးရေး အတွေ့အကြုံ​ရှိသူ အများစုဟာ တောကန္တာရမှာ သေဆုံးခဲ့​ပြီ​ဖြစ်လို့ အခက်တွေ့​နေပြီ။

အစ္စရေး လယ်သမားတွေရဲ့ အတွေးအခေါ်ကို စာတန် ဘယ်လို ပြောင်းလဲ​စေခဲ့သလဲ (အပိုဒ် ၄-၆ ကို​ကြည့်ပါ) *

အခြေအနေ ပြောင်း​သွားပြီ​လို့ မိမိ​လူမျိုးကို ယေဟောဝါ ပြော​ပြီးနောက် “သွေးဆောင်​ခံရတဲ့​အခါ စိတ်နှလုံး လမ်းလွဲ​သွားပြီး တခြား​ဘုရား​တွေကို ဦး​မချ၊ ဝတ်​မပြုမိ​ဖို့ သတိပြု​ကြပါ” လို့ သတိ​ပေးတယ်။ ဒီသတိပေး​ချက်​ဟာ အပေါ်ယံ​ကြည့်ရင် စိုက်ပျိုးရေး​နဲ့ မသက်ဆိုင်​ဘူးလို့ ထင်ရ​တယ်။ (တရား. ၁၁:၁၆၊ ၁၇) စိုက်ပျိုးရေး နည်းသစ်​တွေ​အကြောင်း ပြော​နေရင်း မှားယွင်းတဲ့ ဘုရား​တွေကို ဝတ်မပြု​ဖို့ ယေဟောဝါ ဘာကြောင့် သတိပေး​ရတာလဲ။

ဝန်းကျင်​မှာ​ရှိတဲ့ အယူမှား​သူတွေရဲ့ စိုက်ပျိုးရေး​နည်း​တချို့ကို သင်ယူဖို့ အစ္စရေး​တွေ သွေးဆောင်​ခံရမယ်ဆို​တာ ယေဟောဝါ သိတယ်။ သူတို့ဟာ အစ္စရေး​တွေ​ထက် အတွေ့အကြုံ ရှိသူတွေ​ဖြစ်ပြီး အရေးပါတဲ့ စိုက်ပျိုးရေး​နည်းတွေကို သင်ပေး​နိုင်တယ်။ ဒါပေမဲ့ အန္တရာယ်​လည်း ရှိတယ်။ ခါနန်​လယ်သမား​တွေဟာ ဗာလ​ကို ယုံကြည်​ကိုးကွယ်​ကြတယ်။ ဗာလဟာ ကောင်းကင်ကို ပိုင်သ​သူ၊ မိုးရွာ​သွန်း​စေ​သူ​လို့ ယုံကြည်​ကြတယ်။ ယေဟောဝါ​က မိမိ​လူမျိုးကို အဲဒီ​မှားယွင်းတဲ့ အတွေးအခေါ်ရဲ့ လှည့်ဖြားမှု မခံ​စေချင်ဘူး။ ဒါပေမဲ့ အစ္စရေး​တွေ ဗာလ​ကို ဝတ်ပြုဖို့ အကြိမ်ကြိမ် ရွေးချယ်​ခဲ့​ကြတယ်။ (တော. ၂၅:၃၊ ၅။ သူကြီး. ၂:၁၃။ ၁ ဘု. ၁၈:၁၈) အစ္စရေးတွေကို စာတန် ဘယ်လို ထောင်ချောက်​ဆင် ဖမ်းသလဲ​ဆိုတာ သတိပြု​ကြည့်ပါ။

အစ္စရေးတွေကို ထောင်ချောက်​ဆင် ဖမ်းဖို့ စာတန် သုံးခဲ့​တဲ့ နည်း​သုံးခု

၇။ အစ္စရေး​တွေ ကတိထားရာပြည်​ထဲ ဝင်​တဲ့အခါ ဘယ်​ယုံကြည်ခြင်း စမ်းသပ်မှု ရင်ဆိုင်ခဲ့ရသလဲ။

စာတန် သုံးတဲ့ ပထမ​နည်း​က မိုးရွာ​စေချင်တဲ့ သဘာဝ​ဆန္ဒ​ကို အသုံးချခြင်း ဖြစ်တယ်။ ကတိထားရာပြည်မှာ နှစ်စဉ် ဧပြီ​နှောင်းပိုင်း​ကနေ စက်တင်ဘာ​အထိ မိုး​သိပ်​နည်းတယ်။ သီးနှံ​ဖြစ်ထွန်းဖို့ အောက်တိုဘာ​လလောက်မှာ စ​ရွာ​တဲ့ မိုး​ရေ​ကို မှီခို​အားထား​ရတယ်။ ဝန်းကျင်​က လူမျိုး​တွေရဲ့ အယူမှား ဓလေ့​ထုံးစံတွေကို လိုက်​မှ သီးနှံ​ဖြစ်ထွန်း​မယ်​လို့ အစ္စရေးတွေကို စာတန် အယုံသွင်း​လှည့်စား​တယ်။ ဘာသာရေး ဓလေ့​ထုံးစံ​တချို့ကို လိုက်​မှ ဘုရား​တွေ မိုးရွာ​ပေးမယ်လို့ ခါနန်​လူတွေ ယုံကြည်​ကြတယ်။ မှားယွင်းတဲ့​ဘုရား ဗာလ​ကို ဝတ်ပြုတဲ့ ဓလေ့​ထုံးစံတွေ လိုက်​မှ မိုး​မ​ခေါင်​ဘူးလို့ ယုံကြည်​ကြတယ်။

၈။ စာတန် သုံးတဲ့ ဒုတိယနည်း​က ဘာလဲ။ ရှင်းပြပါ။

စာတန် သုံးတဲ့ ဒုတိယနည်း​က လိင်​အကျင့်​ယိုယွင်းမှု​ကို နှစ်သက်​လာ​အောင် လုပ်ခြင်း ဖြစ်တယ်။ အယူမှား​သူတွေရဲ့ ဝတ်ပြုရေးမှာ ရွံ​စ​ရာ လိင်​အကျင့်​ယိုယွင်းမှု​တွေ ပါဝင်တယ်။ အဲဒီ​ထဲမှာ ဗိမာန်​ပြည့်တန်ဆာ​လုပ်တဲ့ ယောက်ျား၊ မိန်းမ​တွေ ပါဝင်တယ်။ လိင်​တူ​ဆက်ဆံခြင်း၊ လိင်​အကျင့်​ယိုယွင်းခြင်း​တွေကို သာမန်​ကိစ္စ​လို​ပဲ လက်ခံ​ခွင့်ပြု​ထား​ကြတယ်။ (တရား. ၂၃:၁၇၊ ၁၈။ ၁ ဘု. ၁၄:၂၄) အဲဒီ​အကျင့်တွေကို လိုက်​မှ နတ်ဘုရား​တွေ​က သီးနှံ​ဖြစ်ထွန်း​စေမယ်လို့ ယူဆကြတယ်။ အစ္စရေး​များစွာဟာ အယူမှား​သူတွေရဲ့ လိင်​အကျင့်​ယိုယွင်း​တဲ့ ဓလေ့​ထုံးစံတွေ​နောက် ပါသွားပြီး မှားယွင်းတဲ့ ဘုရား​တွေကို ကိုးကွယ်​ခဲ့​ကြတယ်။ သူတို့ကို စာတန် ထောင်ချောက်​ဆင် ဖမ်း​လိုက်တာပဲ။

၉။ ဟောရှေ ၂:၁၆၊ ၁၇ အရ ယေဟောဝါနဲ့​ပတ်သက်ပြီး အစ္စရေးတွေရဲ့ ရှုမြင်ပုံကို စာတန် ဘယ်လို ဝေ​ဝါး​သွား​စေသလဲ။

စာတန် သုံးတဲ့ တတိယ​နည်း​ကတော့ ယေဟောဝါနဲ့​ပတ်သက်ပြီး အစ္စရေးတွေရဲ့ ရှုမြင်ပုံကို ဝေ​ဝါး​သွား​စေခြင်း ဖြစ်တယ်။ “ဗာလ​ကြောင့်” မိမိ​နာမည်ကို​ အစ္စရေး​တွေ မေ့သွား​အောင် မှားယွင်းတဲ့ ပရောဖက်​တွေ လုပ်တယ်လို့ ပရောဖက် ယေရမိ​ခေတ်မှာ ယေဟောဝါ​ ပြောတယ်။ (ယေ. ၂၃:၂၇) အစ္စရေး​တွေ​က ယေဟောဝါရဲ့ နာမည်ကို မ​သုံး​တော့ဘဲ “ပိုင်ရှင်၊” “သခင်” လို့ အဓိပ္ပာယ်​ရှိတဲ့ ဗာလ နာမည်​နဲ့ အစားထိုး​လိုက်တာ ဖြစ်နိုင်တယ်။ ဒါက အစ္စရေးတွေရဲ့ စိတ်ထဲမှာ ဗာလ​နဲ့ ယေဟောဝါကို မသဲမကွဲ ဖြစ်စေ​မှာ​ပဲ။ ဗာလ​ဝတ်ပြုရေး ဓလေ့​တွေ​နဲ့ ယေဟောဝါ​ဝတ်ပြုရေးကို ရော​ထွေး​လိုက်​ဖို့ ပိုလွယ်ကူ​စေမှာ​ပဲ။ဟောရှေ ၂:၁၆၊ ၁၇ နဲ့ အောက်ခြေမှတ်ချက်ကို ဖတ်ပါ။

ဒီနေ့​ခေတ် စာတန် သုံးတဲ့ နည်း​တွေ

၁၀။ ဒီနေ့​ခေတ်မှာ စာတန် ဘယ်နည်း​တွေ သုံး​နေသလဲ။

၁၀ ဒီနေ့​ခေတ်မှာလည်း ထပ်တူ​နည်းတွေကို စာတန်သုံးနေ​တယ်။ သဘာဝ​လိုအင်ဆန္ဒ​ကို​ အသုံးချခြင်း၊ လိင်​အကျင့်​ယိုယွင်းမှု​ကို နှစ်သက်​လက်ခံ​လာ​အောင် လုပ်ခြင်း၊ ယေဟောဝါနဲ့​ပတ်သက်တဲ့ အမြင်ကို ဝေ​ဝါး​စေခြင်း​အားဖြင့် လူတွေကို စာတန် ထောင်ချောက်​ဆင် ဖမ်း​နေတယ်။ နောက်ဆုံး​နည်းကို အရင် သုံးသပ်​ကြည့်ကြစို့။

၁၁။ စာတန်​က ယေဟောဝါနဲ့​ပတ်သက်တဲ့ လူတွေရဲ့ အမြင်ကို ဘယ်လို ဝေ​ဝါး​စေသလဲ။

၁၁ စာတန်​က ယေဟောဝါနဲ့​ပတ်သက်တဲ့ လူတွေရဲ့ အမြင်ကို ဝေ​ဝါး​စေတယ်။ ယေရှုရဲ့ တမန်တော်တွေ သေဆုံး​ပြီးနောက် ခရစ်ယာန်​အမည်ခံ တချို့က မှားယွင်းတဲ့ သွန်သင်ချက်တွေကို သွန်သင်​လာကြတယ်။ (တ. ၂၀:၂၉၊ ၃၀။ ၂ သက်. ၂:၃) အဲဒီ​အယူဖောက်ပြန်​သူတွေဟာ စစ်မှန်တဲ့ တစ်ဆူတည်းသော​ဘုရား ဘယ်သူ​ဖြစ်ကြောင်း ဝေ​ဝါး​အောင် လုပ်ခဲ့ကြတယ်။ ဥပမာ၊ သူတို့ရဲ့ ကျမ်းစာတွေမှာ ဘုရား​နာမည်ကို မ​သုံး​တော့ဘဲ “သခင်” ဆိုတဲ့ စကားလုံး​နဲ့ အစားထိုး​ကြတယ်။ ဒါကြောင့် ကျမ်းစာဖတ်​သူတွေက ကျမ်းစာမှာ ဖော်ပြ​ထားတဲ့ တခြား “သခင်​တွေ” နဲ့ ယေဟောဝါ ဘယ်လို ကွာခြား​ကြောင်း မသိကြ​တော့​ဘူး။ (၁ ကော. ၈:၅) ယေဟောဝါနဲ့ ယေရှု နှစ်ဦး​စလုံး​ကို “သခင်” လို့ သုံး​လိုက်တဲ့​အတွက် ယေဟောဝါနဲ့ ယေရှု မတူ​ကြောင်း သိမြင်ဖို့ ခက်ခဲ​စေတယ်။ (ယော. ၁၇:၃) ဒီလို​ရှုပ်ထွေးမှု​ကြောင့် ကျမ်းစာမှာ မသွန်သင်​ထားတဲ့ သုံးပါး​ပေါင်း​တစ်ဆူ အယူဝါဒ ပေါ်လာတယ်။ လူများစွာက ဘုရားကို လျှို့ဝှက်​နက်နဲရာ​အဖြစ် မြင်လာ​ကြ​ပြီး ဘုရား​အကြောင်း မသိ​နိုင်ဘူး​လို့ ယူဆ​လာကြတယ်။ တကယ့် လိမ်ညာမှု​ကြီး​ပါပဲ။—တ. ၁၇:၂၇

လိင်​အကျင့်ပျက်​တာ​ကို အားပေးဖို့ မှားယွင်းတဲ့​ဘာသာရေး​ကို စာတန် ဘယ်လို သုံး​နေသလဲ (အပိုဒ် ၁၂ ကို​ကြည့်ပါ) *

၁၂။ မှားယွင်းတဲ့ ဘာသာရေး​က ဘာကို အားပေး​အား​မြှောက်​လုပ်​နေသလဲ။ ရောမ ၁:၂၈-၃၁ အရ ဘာ​ဆိုးကျိုး​တွေ ရစေသလဲ။

၁၂ လိင်​အကျင့်​ယိုယွင်းမှု​ကို နှစ်သက်​လက်ခံ​လာ​အောင် စာတန် လုပ်တယ်။ ရှေး​အစ္စရေး​ခေတ်မှာ မှားယွင်းတဲ့ ဘာသာရေး​ကို သုံးပြီး လိင်​အကျင့်​ယိုယွင်းမှု​ကို စာတန် အားပေးတယ်။ ဒီနေ့​ခေတ်မှာလည်း အလားတူပါပဲ။ မှားယွင်းတဲ့ ဘာသာရေး​တွေ​က လိင်​အကျင့်ပျက်​တာ​ကို ခွင့်ပြုရုံမက အားပေး​အား​မြှောက်​လုပ်နေတယ်။ ဘုရားကို ကိုးကွယ်​တယ်လို့ ပြောသူ​များစွာဟာ လိင်​အကျင့်​နဲ့​ဆိုင်တဲ့ ဘုရား​စံနှုန်းတွေကို ပစ်ပယ်​လာကြတယ်။ ရောမမြို့သားတွေ​ဆီ တမန်တော်​ပေါလု ရေး​တဲ့​စာမှာ လိင်​အကျင့်ပျက်ခြင်းရဲ့ ဆိုးကျိုး​တွေကို ဖော်ပြခဲ့တယ်။ (ရောမ ၁:၂၈-၃၁ ကိုဖတ်ပါ။) “မသင့်လျော်တဲ့​အရာတွေ” ထဲမှာ လိင်​တူ​ဆက်ဆံခြင်း​နဲ့ လိင်​အကျင့်ပျက်မှု ပုံစံ​အားလုံး ပါဝင်တယ်။ (ရော. ၁:၂၄-၂၇၊ ၃၂။ ဗျာ. ၂:၂၀) ကျမ်းစာရဲ့ ရှင်းလင်း​တဲ့ သွန်သင်ချက်တွေကို လိုက်နာ​ဖို့ သိပ်​အရေးကြီးတယ်။

၁၃။ စာတန် သုံးတဲ့ နောက်ထပ် နည်း​တစ်နည်း​က ဘာလဲ။

၁၃ စာတန်​က သဘာဝ​လိုအင်ဆန္ဒ​ကို သုံးပြီး ဆွဲဆောင်တယ်။ ကျွန်တော်တို့​အားလုံးမှာ ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့​နိုင်ဖို့ အတတ်ပညာ​တစ်ခုခု သင်ယူ​လို​တဲ့​ဆန္ဒ ရှိကြတယ်။ (၁ တိ. ၅:၈) အဲဒီလို​ဖြစ်ဖို့ ကျောင်းတက်​ပြီး စာကြိုးစား​ကြတယ်။ ဒါပေမဲ့ သတိထား​ရမယ်။ နိုင်ငံ​များစွာမှာ ပညာရေး​စနစ်​က အတတ်ပညာသာမက လူ့​အတွေးအခေါ်​တွေကို​ပါ သင်ပေး​နေတယ်။ ဘုရား​ရှိတာကို သံသယ ဝင်​စေဖို့၊ ကျမ်းစာကို လေးမြတ်စိတ် လျော့နည်း​စေဖို့ ကျောင်းသားတွေကို တွန်းအား​ပေးတယ်။ ပညာတတ်​သူ​တိုင်း ဆင့်ကဲ​အယူ​ကို ယုံကြည်​ကြတယ်​ဆိုပြီး သင်ပေးတယ်။ (ရော. ၁:၂၁-၂၃) အဲဒါတွေက ‘ဘုရားသခင်ရဲ့ ဉာဏ်ပညာ’ နဲ့ ဆန့်ကျင်တယ်။—၁ ကော. ၁:၁၉-၂၁။ ၃:၁၈-၂၀

၁၄။ လူ့​အတွေးအခေါ်​က ဘာတွေကို ဖြစ်ပေါ်​စေသလဲ။

၁၄ လူ့​အတွေးအခေါ်​က ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ စံနှုန်း​တွေကို လျစ်လျူရှုတဲ့​အပြင် ဆန့်ကျင်တယ်။ စွမ်းအားတော် အရည်အသွေးတွေ​အစား “အပြစ်​ရှိတဲ့​အကျင့်တွေကို” ဖြစ်ပေါ်​စေတယ်။ (ဂလ. ၅:၁၉-၂၃) မာန​စိတ် ဝင်​စေပြီး “ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်တဲ့​သူ” ဖြစ်စေတယ်။ (၂ တိ. ၃:၂-၄) အဲဒါတွေက ဘုရားသခင့် ကျေးကျွန်တွေ​မှာ ရှိသင့်တဲ့ နူးညံ့​သိမ်မွေ့​မှု၊ နှိမ့်ချမှုနဲ့ ဆန့်ကျင်ဘက်​ပါပဲ။ (၂ ရှ. ၂၂:၂၈) တက္ကသိုလ်​တက်​တဲ့ ခရစ်ယာန်​တချို့ဟာ ဘုရားသခင့် အတွေးအခေါ်​အစား လူ့​အတွေးအခေါ်ရဲ့ ပုံသွင်းမှု​ကို ခံကြ​ရတယ်။ ဥပမာ​တစ်ခုကို သုံးသပ်​ကြည့်ကြစို့။

လူ့​အတွေးအခေါ်​ကြောင့် ကျွန်တော်တို့ရဲ့ အတွေးအခေါ် ဘယ်လို ပျက်စီး​သွား​နိုင်သလဲ (အပိုဒ် ၁၄-၁၆ ကို​ကြည့်ပါ) *

၁၅-၁၆။ ညီအစ်မ​တစ်ယောက်ရဲ့ အတွေ့အကြုံ​ကနေ ဘာသင်ယူ​ရသလဲ။

၁၅ အချိန်ပြည့်သက်တမ်း ၁၅ နှစ်​ကျော်​ရှိပြီ​ဖြစ်တဲ့ ညီအစ်မ​တစ်ယောက်က “နှစ်ခြင်းခံ​ပြီးသား သက်သေခံ​တစ်ယောက်​အနေနဲ့ တက္ကသိုလ် ပညာရေး​ရဲ့ အန္တရာယ်​တွေ​အကြောင်း ဖတ်ဖူး၊ ကြားဖူး​ပါတယ်။ ဒါပေမဲ့ အဲဒီသတိပေး​ချက်​တွေကို ကိုယ်​နဲ့​မဆိုင်​ဘူးလို့ ယူဆခဲ့တယ်” ဆိုပြီး ပြောတယ်။ ဘာ​ပြဿနာ​တွေ ကြုံခဲ့​ရသလဲ။ “ကျောင်းစာ​အတွက် အချိန်ပေး​ရ​လွန်း​လို့ အရင်ကလို ယေဟောဝါ​ဆီ ဆုတောင်းဖို့ အချိန် သိပ်​မပေးနိုင်​တော့​ဘူး။ ပင်ပန်း​လွန်း​လို့ တခြား​သူတွေနဲ့ ကျမ်းစာ မဆွေးနွေး​နိုင်တော့ဘူး။ အစည်းအဝေးတွေ​အတွက် ကောင်းကောင်း မ​ပြင်ဆင်​နိုင်တော့ဘူး။ အဆင့်မြင့် ပညာရေး​ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီး​လာတာကို သတိထား​မိတယ်။ ကျောင်းထွက်​မှ ဖြစ်မယ်​ဆိုတာ သိလာ​လို့ ထွက်​လိုက်တယ်” ဆိုပြီး​ သူ​ပြော​တယ်။

၁၆ အဆင့်မြင့် ပညာရေး​ကြောင့် သူ့​အတွေးအခေါ် ဘယ်လို ထိခိုက်​သွားသလဲ။ “ကျွန်မ​ရွေးချယ်​တဲ့ ပညာရေး​က တခြားသူတွေ၊ အထူးသဖြင့် ညီအစ်ကို/မ​တွေကို အပြစ်ရှာ​ဖို့၊ သူတို့​တတ်နိုင်​တာ​ထက် ပို​တောင်းဆိုဖို့၊ သူတို့နဲ့ မပေါင်းဖို့ သင်ပေးတယ်​ဆိုတာ ဝန်ခံ​ရမှာပဲ။ အဲဒီ​အတွေးအခေါ်ကို ထုတ်ပစ်ဖို့ အချိန်အတော်ကြာ​ခဲ့​တယ်။ ကိုယ့်ကိုယ်ကိုယ် သိတာထက် ကောင်းကင်ဖခင် ယေဟောဝါ​က ပို​သိလို့ အဖွဲ့အစည်း​က​တစ်ဆင့် သတိ​ပေး​နေတာ။ အဲဒါတွေကို လျစ်လျူရှု​တာ ဘယ်လောက် အန္တရာယ်​ရှိ​မှန်း သိလာတယ်။ ကျွန်မသာ နားထောင်​ခဲ့ရင် ဒီ​အန္တရာယ်ကို ရှောင်​နိုင်မှာ” လို့ သူပြောတယ်။

၁၇။ (က) ကျွန်တော်တို့  ဘယ်လို  စိတ်ပိုင်းဖြတ်​ထားသင့်သလဲ။ (ခ) နောက်​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေးကြမလဲ။

၁၇ စာတန့်​လောကရဲ့ “အတွေးအခေါ်​တွေ၊ အဓိပ္ပာယ်​မဲ့တဲ့ လှည့်ဖြားမှု​တွေ” နဲ့ ထောင်ချောက်​ဆင် ဖမ်း​တာ​ကို မခံဖို့ စိတ်ပိုင်းဖြတ်​ထားရမယ်။ စာတန့်​နည်း​ပရိယာယ်တွေကို အမြဲ သတိထား​နေရမယ်။ (၁ ကော. ၃:၁၈။ ၂ ကော. ၂:၁၁) ယေဟောဝါနဲ့​ပတ်သက်တဲ့ အမြင် ဝေ​ဝါး​သွား​အောင် လုပ်ဖို့ စာတန်ကို အခွင့်မပေး​ပါ​နဲ့။ ယေဟောဝါရဲ့ ဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့အညီ အသက်ရှင်ပါ။ ယေဟောဝါရဲ့ အကြံဉာဏ်​ကို လျစ်လျူရှု​ဖို့ စာတန် လှည့်စားတာ​ကို မခံပါနဲ့။ လောက​အတွေးအခေါ် ကူးစက်​နေတာ သတိထား​မိရင် ဘာလုပ်ရမလဲ။ “အခိုင်အမာ အမြစ်​စွဲနေ” တဲ့ အတွေးအခေါ်​တွေ၊ အကျင့်တွေကို ဖြိုဖျက်​ဖို့ ကျမ်းစာ ဘယ်လို ကူညီ​နိုင်ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။—၂ ကော. ၁၀:၄၊ ၅

သီချင်း ၄၉ ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံး​စေခြင်း

^ အပိုဒ်၊ 5 စာတန်ဟာ လူတွေကို လှည့်စားတဲ့​နေရာမှာ အလွန် ကျွမ်းကျင်​တယ်။ မိမိ​ထိန်းချုပ်မှု​အောက်မှာ​ရှိတဲ့ လူတွေကို လွတ်လပ်​တယ်လို့ ထင်​အောင် လှည့်စား​ထားတယ်။ လူတွေကို လှည့်စားဖို့ စာတန် သုံးတဲ့ နည်းတွေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 48 ပုံ​အညွှန်း– ခါနန်​လူမျိုး​တွေ​နဲ့ ပေါင်း​တဲ့ အစ္စရေး​တွေဟာ ဗာလ​ဝတ်ပြုရေး​နဲ့ လိင်​အကျင့်ပျက်မှု​မှာ ပါဝင်ဖို့ သွေးဆောင်​ခံရ။

^ အပိုဒ်၊ 51 ပုံ​အညွှန်း– ကြော်ငြာ​ဆိုင်းဘုတ်​မှာ ပါတဲ့ အရောင်​တွေ​က လိင်​တူ​ဆက်ဆံတာကို ချာ့ခ်ျ ခွင့်ပြု​ထားကြောင်း ဖော်ပြ။

^ အပိုဒ်၊ 53 ပုံ​အညွှန်း– တက္ကသိုလ် တက်နေတဲ့ ညီအစ်မ​ငယ်​တစ်ယောက်။ သိပ္ပံနဲ့ နည်း​ပညာက လူ့ပြဿနာတွေကို ဖြေရှင်း​ပေး​နိုင်တယ်​ဆိုတဲ့ ပါမောက္ခ​ရဲ့ အတွေးအခေါ်ကို အတန်းဖော်​တွေ​နဲ့​အတူ နားထောင်​နေ။ နောက်ပိုင်း နိုင်ငံတော်​ခန်းမ​မှာ အစည်းအဝေး​ကို စိတ်မဝင်စား​တော့ဘဲ အပြစ်​ရှာလာ။