ရှေးဟောင်း ကျမ်းလိပ်ကို “ဖွင့်ကြည့်ခြင်း”
မီးကျွမ်းနေတဲ့ အင်ဂေဒိ ကျမ်းလိပ်အပိုင်းအစကို ရှာဖွေတွေ့ရှိတဲ့ ၁၉၇၀ ပြည့်နှစ်မှာ ဖတ်ရှုဖို့ မဖြစ်နိုင်ခဲ့ဘူး။ သရီးဒီ ပုံရိပ်ဖော် နည်းပညာရဲ့ အကူအညီကြောင့် ကျမ်းလိပ်မှာ ဘုရားသခင့်နာမည် အပါအဝင် ဝတ်ပြုရာကျမ်း အစိတ်အပိုင်းတချို့ ပါဝင်ကြောင်း ဖတ်နိုင်ခဲ့တယ်
ရှေးဟောင်းသုတေသီတွေဟာ အစ္စရေးနိုင်ငံ၊ ပင်လယ်သေ အနောက်ကမ်းရိုးတန်းအနီး အင်ဂေဒိနားမှာ မီးကျွမ်းနေတဲ့ ကျမ်းလိပ်တစ်လိပ်ကို ၁၉၇၀ ပြည့်နှစ်တုန်းက တူးဖော်တွေ့ရှိခဲ့ကြတယ်။ အေဒီ ခြောက်ရာစုလောက်က အဲဒီရွာ ဖျက်ဆီးခံရချိန်မှာ မီးလောင်သွားတဲ့ တရားဇရပ်ကို တူးဖော်နေတုန်း တွေ့ရှိ ခဲ့တာ ဖြစ်တယ်။ စာလိပ်ဟာ မီးကျွမ်းနေလို့ ဖတ်ဖို့ နေနေသာသာ ဖွင့်လို့တောင် မရဘူး။ ဒါပေမဲ့ သရီးဒီ ပုံရိပ် ဖော် နည်းပညာရဲ့ အကူအညီနဲ့ စာလိပ်ကို “ဖွင့်ကြည့်” နိုင်ခဲ့တယ်။
စာလိပ်ထဲမှာ ဘာတွေ ပါသလဲ။ ကျမ်းစကားတွေပါ။ ဝတ်ပြုရာကျမ်းရဲ့ အစပိုင်း ကျမ်းချက်တချို့ကို တွေ့ရတယ်။ အဲဒီအခန်းငယ်တွေမှာ ဘုရားသခင့် နာမည်ဖြစ်တဲ့ ဟီဘရူးအက္ခရာ တက်တြာဂရမ်မီတန်ကို တွေ့ရတယ်။ စာလိပ်ကို အေဒီ ၅၀ နဲ့ ၄၀၀ ကြားမှာ ရေးခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြတယ်။ တွေ့ရှိသမျှထဲမှာ ပင်လယ်သေကျမ်းလိပ် (ကွမ်ရန် ရှေးလက်ရေးစာမူ) ပြီးရင် ရှေးအကျဆုံး ဟီဘရူးကျမ်းလိပ် ဖြစ်တယ်။ “ဘီစီ ၁၀၀ လောက်မှာ ရေးတဲ့ ရှေးအကျဆုံး ပင်လယ်သေကျမ်းလိပ်နဲ့ အေဒီ ၉၃၀ လောက်မှာရေးတဲ့ အလက်ပိုကိုဒက်စ် ကျမ်းလိပ်ကြား အနှစ်တစ်ထောင်ခန့် ကွာနေခဲ့တာ။ အခုမှ အင်ဂေဒိကျမ်းလိပ်ကို ရှာတွေ့တယ်” လို့ ဂျေရုဆလင်ပို့စ် သတင်းစာမှာ ဂီဇိုဟာ ရေးတယ်။ မက်စိုရက်တစ်ကျမ်းပါ တိုရာကျမ်းစာသားတွေကို “အမှားအယွင်း မရှိ ကူးရေးပြီး နှစ်ထောင်ချီ ထိန်းသိမ်းခဲ့ကြကြောင်း” ဒီကျမ်းလိပ်မှာပါတဲ့ စာသားတွေက ဖော်ပြတယ်လို့ ကျမ်းပညာရှင်တွေ ပြောတယ်။