ချုပ်တည်းခြင်း—ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ မရှိမဖြစ် လိုအပ်
“ကျွန်တော့်ဝမ်းကွဲနဲ့ ရန်ဖြစ်ကြတုန်းက ကျွန်တော် သူ့ကို လည်ပင်း ညှစ်ပစ်လိုက်တယ်။ သတ်တောင် သတ်ပစ်ချင်တာ။”—ပေါလ်။
“အိမ်မှာ ဘာမဟုတ်တာလေးနဲ့ ကျွန်တော် စိတ်ဆိုးနေတတ်တယ်။ ခုံတွေ၊ ကလေးတွေရဲ့ အရုပ်တွေ၊ လက်ထဲ ရှိတာ ဘာမဆို ရိုက်ချိုးပစ်တယ်။”—မာကို။
ကျွန်တော်တို့ အဲဒီလောက်အထိ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ တစ်ခါတလေ အခက်တွေ့တတ်ကြတယ်။ အဓိက အကြောင်းရင်းကတော့ ပထမလူသား အာဒံဆီကနေ အမွေရထားတဲ့ အပြစ်လုပ်ချင်စိတ်ကြောင့် ဖြစ်တယ်။ (ရော. ၅:၁၂) ပေါလ်နဲ့ မာကိုလိုပဲ တချို့က ဒေါသထိန်းဖို့ ခက်နေတယ်။ တချို့ကျတော့ သူတို့ရဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ ခက်နေတယ်။ ထိတ်လန့်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေကိုပဲ အမြဲ တွေးနေတာမျိုး ဖြစ်နိုင်တယ်။ တချို့ကျပြန်တော့ လိင်အကျင့် ယိုယွင်းဖို့၊ အရက် အလွန်အကျွံ သောက်ဖို့၊ မူးယစ်ဆေး သုံးဖို့ သွေးဆောင်ခံရတဲ့အခါ တွန်းလှန်ရ ခက်နေတယ်။
အတွေး၊ ဆန္ဒ၊ လုပ်ရပ်တွေကို မထိန်းချုပ်သူတွေဟာ ဘဝပျက်သွားနိုင်တယ်။ အဲဒီလို မဖြစ်အောင် ရှောင်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ချုပ်တည်းခြင်းကို မွေးမြူခြင်းအားဖြင့်ပါပဲ။ ချုပ်တည်းခြင်းကို မွေးမြူနိုင်ဖို့ မေးခွန်း သုံးခုကို ဆွေးနွေးကြစို့– (၁) ချုပ်တည်းခြင်းဆိုတာ ဘာလဲ။ (၂) ချုပ်တည်းခြင်း ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။ (၃) “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” တစ်ခု ဖြစ်တဲ့ ချုပ်တည်းခြင်းကို ဘယ်လို မွေးမြူနိုင်သလဲ။ (ဂလ. ၅:၂၂၊ ၂၃) မချုပ်တည်းနိုင်တဲ့ အချိန်မျိုးမှာ ဘာလုပ်နိုင်ကြောင်းကိုလည်း ဆွေးနွေးကြပါမယ်။
ချုပ်တည်းခြင်းဆိုတာ ဘာလဲ
ချုပ်တည်းခြင်း ရှိသူဟာ စိတ်လိုက်မာန်ပါ မလုပ်ဘူး။ ဘုရား မကြိုက်တဲ့ ပြုမူပြောဆိုပုံတွေကို ရှောင်တယ်။
ချုပ်တည်းခြင်းမှာ ဘာပါဝင်ကြောင်း ယေရှု ပြခဲ့တယ်။ “စော်ကားခံရတဲ့အခါ ပြန်မစော်ကားဘူး။ ဆင်းရဲဒုက္ခ ခံရတဲ့အခါ မခြိမ်းခြောက်ဘူး။ ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (၁ ပေ. ၂:၂၃) သစ်တိုင် တင်ခံရတုန်းက ဆန့်ကျင်သူတွေ ကဲ့ရဲ့လှောင်ပြောင်တဲ့အခါ ယေရှု ချုပ်တည်းမှု ပြခဲ့တယ်။ (မ. ၂၇:၃၉-၄၄) ကိုယ့်စကားနဲ့ကိုယ် ချောင်ပိတ်မိအောင် ဘာသာရေး ခေါင်းဆောင်တွေ အကွက်ဆင်တဲ့အခါမှာလည်း ယေရှု ထိန်းချုပ်နိုင်ခဲ့တယ်။ (မ. ၂၂:၁၅-၂၂) ဒေါသထွက်နေတဲ့ ဂျူးတွေ မိမိကို ကျောက်ခဲနဲ့ ပေါက်မယ် လုပ်တော့လည်း ယေရှု “ပုန်းရှောင်ပြီး ဗိမာန်တော်ကနေ ထွက်သွားတယ်။” တကယ့် ပုံသက်သေကောင်းပါပဲ။—ယော. ၈:၅၇-၅၉။
ယေရှုကို ကျွန်တော်တို့ တုပနိုင်သလား။ အတိုင်းအတာတစ်ခုအထိ တုပနိုင်ပါတယ်။ “ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခ ခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်” လို့ တမန်တော် ပေတရု ရေးတယ်။ (၁ ပေ. ၂:၂၁) ကျွန်တော်တို့ မစုံလင်ပေမဲ့ ချုပ်တည်းခြင်းနဲ့ပတ်သက်ပြီး ယေရှုရဲ့ စံနမူနာကို ထက်ကြပ်မကွာ လိုက်လျှောက်နိုင်ပါတယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
ချုပ်တည်းခြင်း ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ
ယေဟောဝါရဲ့ နှစ်သက်မှု ရချင်ရင် ချုပ်တည်းမှု ရှိရမယ်။ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်လာတာ ဘယ်လောက်ပဲ ကြာနေပါစေ အပြောအဆို၊ လုပ်ရပ်မှာ ချုပ်တည်းမှု မရှိရင် ဘုရားနဲ့ ဆက်ဆံရေး ပျက်သွားနိုင်တယ်။
“ကမ္ဘာပေါ်က လူအားလုံးထဲမှာ စိတ်ထား အနူးညံ့ဆုံး” မောရှေအကြောင်း စဉ်းစားကြည့်ပါ။ (တော. ၁၂:၃) အစ္စရေးတွေရဲ့ ညည်းညူမြည်တမ်းမှုတွေကို ဆယ်စုနှစ်ချီ စိတ်ရှည်ရှည် သည်းခံလာခဲ့ပါလျက် တစ်ကြိမ်မှာတော့ ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းနိုင်ဘဲ ဖြစ်ခဲ့တယ်။ ရေမရှိလို့ အစ္စရေးတွေ ညည်းညူတဲ့အခါ မောရှေ ဒေါသထွက်ပြီး “ဟေ့ သူပုန်တွေ၊ နားထောင်ကြစမ်း။ မင်းတို့က ဒီကျောက်ဆောင်ထဲကနေ ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာ မဟုတ်လား” လို့ ကြမ်းကြမ်းတမ်းတမ်း ပြောမိတယ်။—တော. ၂၀:၂-၁၁။
မောရှေ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး။ အံ့ဖွယ်နည်းနဲ့ ရေရအောင် လုပ်ပေးတဲ့ ယေဟောဝါကို ဂုဏ်မတင်ခဲ့ဘူး။ (ဆာ. ၁၀၆:၃၂၊ ၃၃) ဒါကြောင့် ကတိထားရာ ပြည်ထဲ ဝင်ခွင့် မရခဲ့ဘူး။ (တော. ၂၀:၁၂) ဒေါသ မချုပ်တည်းနိုင်ခဲ့တာကို တွေးပြီး သေဆုံးခါနီးမှာ နောင်တရခဲ့ပုံပဲ။—တရား. ၃:၂၃-၂၇။
ဘာသင်ခန်းစာ ရသလဲ။ အမှန်တရားမှာ သက်တမ်း ကြာနေရင်တောင် ကိုယ့်ကို စိတ်ဆိုးအောင် လုပ်သူတွေ၊ ဆုံးမခံရဖို့ လိုအပ်နေသူတွေကို ဘယ်တော့မှ မလေးမစား မပြောသင့်ဘူး။ (ဧ. ၄:၃၂။ ကော. ၃:၁၂) အသက်ကြီးလာတာနဲ့အမျှ တစ်ခါတလေ စိတ်ရှည်ဖို့ ခက်လာနိုင်တယ်။ ဒါပေမဲ့ မောရှေကို သတိရပါ။ ခဏလေး မချုပ်တည်းလိုက်လို့ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့တဲ့ သစ္စာရှိမှု မှတ်တမ်းကို အပျက်စီး မခံပါနဲ့။ ဒါဆိုရင် မရှိမဖြစ် လိုအပ်တဲ့ ဒီအရည်အသွေးကို ဘယ်လို မွေးမြူနိုင်သလဲ။
ချုပ်တည်းခြင်း မွေးမြူနိုင်ပုံ
သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပါ။ ဘာကြောင့်လဲ။ ချုပ်တည်းခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်ပြီး ယေဟောဝါက တောင်းတဲ့သူတွေကို စွမ်းအားတော် ပေးတယ်။ (လု. ၁၁:၁၃) စွမ်းအားတော်ကတစ်ဆင့် ကျွန်တော်တို့ လိုအပ်တဲ့ အစွမ်းခွန်းအားကို ယေဟောဝါ ပေးနိုင်တယ်။ (ဖိ. ၄:၁၃) စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ မေတ္တာလိုမျိုး အရည်အသွေးတွေ မွေးမြူဖို့လည်း ဘုရား ကူညီပေးနိုင်တယ်။ မေတ္တာက ပိုချုပ်တည်းတတ်ဖို့ ကူညီပေးပါလိမ့်မယ်။—၁ ကော. ၁၃:၅။
ချုပ်တည်းခြင်း ပြဖို့ ခက်စေနိုင်တဲ့ အရာမှန်သမျှကို ရှောင်ပါ။ ဥပမာ၊ မကောင်းတာတွေ တင်ဆက်ထားတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေ၊ ဖျော်ဖြေရေးတွေကို ရှောင်ပါ။ (ဧ. ၅:၃၊ ၄) အမှားလုပ်မိစေနိုင်တဲ့ သွေးဆောင်မှု မှန်သမျှကို ရှောင်ပါ။ (ပညာ. ၂၂:၃။ ၁ ကော. ၆:၁၂) ဥပမာ၊ မသန့်ရှင်းတဲ့ လိင်ဆန္ဒဘက် စိတ်ယိုင်လွယ်သူ ဖြစ်မယ်ဆိုရင် စိတ်ကူးယဉ် အချစ်ဝတ္ထုတွေ၊ ရုပ်ရှင်တွေကို လုံးဝ ရှောင်ဖို့ လိုနိုင်တယ်။
အဲဒီအချက်တွေကို လက်တွေ့ကျင့်သုံးဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ ကြိုးစားအားထုတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ယေဟောဝါ ပေးမယ်။ (၂ ပေ. ၁:၅-၈) အတွေးအခေါ်၊ အပြောအဆို၊ လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ ဘုရား ကူညီပေးမယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါလ်နဲ့ မာကိုဟာ ဒေါသ ထိန်းတတ်လာကြတယ်။ ကားမောင်းနေရင်း ဒေါသထွက်လွယ်ပြီး တခြားသူတွေနဲ့ အချေအတင် ဖြစ်လေ့ရှိတဲ့ ညီအစ်ကိုတစ်ယောက်အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူ ဘာလုပ်ခဲ့သလဲ။ “နေ့တိုင်း အပြင်းအထန် ဆုတောင်းတယ်။ ချုပ်တည်းခြင်းအကြောင်း ဆောင်းပါးတွေ ဖတ်တယ်။ အထောက်အကူ ဖြစ်မယ့် ကျမ်းချက်တွေကို အလွတ်မှတ်ထားတယ်။ အဲဒီလို ကြိုးစားနေတာ နှစ်တွေ ကြာလာပေမဲ့ တည်တည်ငြိမ်ငြိမ် ရှိဖို့ နေ့တိုင်း ကြိုးစားနေရတုန်းပဲ။ အလောတကြီး မဖြစ်အောင် ချိန်းထားတာ ရှိရင် စောစော သွားတယ်။”
ချုပ်တည်းဖို့ ပျက်ကွက်တဲ့အခါ
တစ်ခါတလေ ချုပ်တည်းဖို့ ပျက်ကွက်မိနိုင်တယ်။ အဲဒီအခါ ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အဲဒီအချိန်ဟာ ဆုတောင်းဖို့ အလိုအပ်ဆုံး အချိန်ပဲ။ ဒါကြောင့် ယေဟောဝါဆီ ချက်ချင်း ဆုတောင်းပါ။ ခွင့်လွှတ်ဖို့ အသနားခံပါ။ အကူအညီ တောင်းပါ။ ထပ်တူအမှားမျိုး ထပ်မလုပ်တော့ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ (ဆာ. ၅၁:၉-၁၁) ကရုဏာ ပြခံရဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းတာကို ယေဟောဝါ နားမထောင်ဘဲ မနေဘူး။ (ဆာ. ၁၀၂:၁၇) ဘုရားသခင့် သားတော်ရဲ့ သွေးက “ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေး” တယ်လို့ တမန်တော် ယောဟန် သတိပေးတယ်။ (၁ ယော. ၁:၇။ ၂:၁။ ဆာ. ၈၆:၅) အကြိမ်ကြိမ် ခွင့်လွှတ်ဖို့ မိမိကျေးကျွန်တွေကို ယေဟောဝါ မိန့်မှာတယ်။ ဒါကြောင့် ကျွန်တော်တို့ကိုလည်း ဘုရား ခွင့်လွှတ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—မ. ၁၈:၂၁၊ ၂၂။ ကော. ၃:၁၃။
တောကန္တာရထဲမှာ မောရှေ ချုပ်တည်းမှု ပြဖို့ တစ်ကြိမ်လေး ပျက်ကွက်ခဲ့တာကို ယေဟောဝါ မနှစ်သက်ဘူး။ ဒါပေမဲ့ ခွင့်လွှတ်ပေးတယ်။ ကျမ်းစာမှာ မောရှေကို တုပထိုက်တဲ့ ယုံကြည်ခြင်း ရှိသူအဖြစ် ဖော်ပြတယ်။ (တရား. ၃၄:၁၀။ ဟီ. ၁၁:၂၄-၂၈) ယေဟောဝါက မောရှေကို ကတိထားရာပြည်ထဲ ဝင်ခွင့် မပြုခဲ့ပေမဲ့ ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့် ပေးပါလိမ့်မယ်။ ကျွန်တော်တို့လည်း မရှိမဖြစ် လိုအပ်တဲ့ ချုပ်တည်းခြင်းကို မွေးမြူဖို့ ဆက်ကြိုးစားမယ်ဆိုရင် အလားတူ ကောင်းချီး ခံစားရပါလိမ့်မယ်။—၁ ကော. ၉:၂၅။