မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၅

‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာမယ်’

‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာမယ်’

“ငါ​ကိုယ်တိုင် ငါ့​သိုး​တွေကို လိုက်ရှာ​ပြီး ဂရုတစိုက် စောင့်ရှောက်​မယ်။”—ယေဇ. ၃၄:၁၁

သီချင်း ၁၀၅ “ဘုရားသခင်​ဟာ ချစ်ခြင်း​မေတ္တာ”

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ​က ကိုယ့်ကိုယ်ကိုယ် နို့တိုက်​မိခင်နဲ့ ဘာကြောင့် ခိုင်းနှိုင်း​သလဲ။

“မိခင်​က နို့စို့​ကလေး​ကို မေ့ထား​နိုင်သလား။” ဒါက ပရောဖက် ဟေရှာယ​ခေတ်မှာ ယေဟောဝါ မေးခဲ့​တဲ့ မေးခွန်းပါ။ “သူတို့ မေ့​နိုင်တယ်​ဆိုရင်တောင် ငါကတော့ မင်းကို ဘယ်တော့မှ မမေ့ဘူး” လို့ မိမိ​လူမျိုး​ကို ဘုရား ပြောတယ်။ (ဟေရှာ. ၄၉:၁၅) ဘုရား​က ကိုယ့်ကိုယ်ကိုယ် မိခင်နဲ့ သိပ်​ခိုင်းနှိုင်း​လေ့ မရှိပေမဲ့ ဒီ​တစ်ကြိမ်​မှာ​တော့ ခိုင်းနှိုင်း​ထားတယ်။ ကျေးကျွန်​တွေကို ဘယ်လောက် တွယ်တာ​ကြောင်း ပြဖို့ မိခင်နဲ့ ရင်သွေး​ကြား​က နှောင်ကြိုး​ကို သုံးခဲ့တယ်။ “ရင်သွေးလေး ရလာတဲ့​အခါ တစ်သက်လုံး တည်မြဲ​မယ့် အထူး​နှောင်ကြိုး​လေး​တစ်ခု ဖြစ်လာတာ​ပဲ” လို့ ပြောခဲ့တဲ့ ဂျက်​စမင်​ရဲ့ စကားကို မိခင်​အများစု သဘော​တူပါလိမ့်မယ်။

၂။ သားသမီး​တစ်ယောက် မိမိ​ဆီကနေ ဝေးကွာ​သွားတဲ့အခါ ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

သားသမီး​တစ်ယောက် အစည်းအဝေး မတက်​တော့ဘူး၊ ဟောပြောခြင်း​လုပ်ငန်းမှာ မပါဝင်တော့​ဘူး​ဆိုရင်​တောင် ယေဟောဝါ သတိပြုမိတယ်။ နှစ်စဉ် မိမိ​ကျေးကျွန် ထောင်ပေါင်း​များစွာ မလှုပ်မရှား * ဖြစ်​သွားတာ မြင်တဲ့အခါ ဘုရား သိပ်​ဝမ်းနည်း​မှာ​ပဲ။

၃။ မလှုပ်မရှား ဖြစ်နေ​သူတွေနဲ့​ပတ်သက်ပြီး ယေဟောဝါ ဘာ​ဆန္ဒ ရှိသလဲ။

မလှုပ်မရှား ဖြစ်သွားတဲ့ ညီအစ်ကို/မများ​စွာ အသင်းတော်​ထဲ ပြန်လာ​ကြတယ်။ အသင်းတော်က​လည်း သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​တယ်။ ယေဟောဝါ​လို​ပဲ ကျွန်တော်​တို့​လည်း သူတို့ကို ပြန်​လှည့်လာ​စေချင်တယ်။ (၁ ပေ. ၂:၂၅) သူတို့ကို ဘယ်လို ကူညီ​ပေးနိုင်​သလဲ။ ဒီ​မေးခွန်း​ကို မဖြေ​ခင် အစည်းအဝေး​နဲ့ အမှုဆောင်​လုပ်ငန်းမှာ သူတို့ ဘာကြောင့် မပါဝင်တော့​ကြောင်း သိဖို့ လိုတယ်။

တချို့ ယေဟောဝါ​ကို ဘာကြောင့် ဆက်​အမှု​မဆောင်​ကြ​တော့​တာလဲ

၄။ လောက​အလုပ်​က လူတချို့​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

တချို့က လောက​အလုပ်မှာ​ပဲ နစ်မြုပ်​နေကြတယ်။ အရှေ့တောင်​အာရှ​မှာ နေတဲ့ ညီအစ်ကို ဟွန် * ဒီလို​ပြောတယ်– “အလုပ်မှာ​ပဲ စုံးစုံး​မြုပ်​နေတယ်။ ငါ​ချမ်းသာ​ရင်​တော့ ယေဟောဝါ​ကို ပို​ကောင်းကောင်း အမှုဆောင်​နိုင်မှာ​ပဲ​လို့ တွေး​ခဲ့​မိတယ်။ ဒါကြောင့် အချိန်ပို​တွေ လုပ်တယ်။ အစည်းအဝေးတွေ တစ်စ​တစ်စ ပျက်​လာပြီး နောက်ဆုံး အသင်းတော်​နဲ့ မပေါင်း​ဖြစ်​တော့ဘူး။ ဒီ​လောကက လူတွေကို ဘုရား​ဆီကနေ တဖြည်းဖြည်း အဝေး​ကို ဆွဲခေါ်​သွား​နေ​သလိုပဲ။”

၅။ ပြဿနာ​တွေ​က ညီအစ်မ​တစ်ယောက်ကို ဘယ်လို ထိခိုက်​စေ​သလဲ။

ညီအစ်ကို/မ​တချို့​က ပြဿနာတွေနဲ့ ဝန်ပိ​နေတယ်။ ဗြိတိန်​က ညီအစ်မ အန်းဟာ ကလေး​ငါးယောက် မိခင် ဖြစ်တယ်။ “ကလေး​တစ်ယောက်က မွေးရာပါ မသန်စွမ်း​လေး။ နောက်တော့ သမီး​တစ်ယောက် နှင်ထုတ်​ခံရတယ်။ သား​တစ်ယောက်လည်း စိတ်ရောဂါ ဖြစ်လာတယ်။ ကျွန်မ စိတ်ဓာတ်​ကျ​လွန်း​လို့ အစည်းအဝေး မတက်​တော့ဘူး။ ဟောပြောခြင်း​မှာလည်း မပါဝင်တော့​ဘူး။ ဒီလိုနဲ့ မလှုပ်မရှား ဖြစ်သွားတယ်” လို့ အန်း ပြောတယ်။ အဲဒီလို ပြဿနာ​တွေ ရင်ဆိုင်​နေရတဲ့ ညီအစ်မ အန်းနဲ့ တခြား​သူတွေကို ကျွန်တော်​တို့ ကိုယ်ချင်းစာ​ပါတယ်။

၆။ ကောလောသဲ ၃:၁၃ ကို လက်တွေ့​မကျင့်​သုံး​ရင် ယေဟောဝါ​ရဲ့ လူမျိုး​နဲ့ ဘယ်လို ဝေးကွာ​သွား​နိုင်သလဲ။

ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။ ယေဟောဝါ​ရဲ့ ကျေးကျွန်​တချို့ဟာ ယုံကြည်သူချင်းတွေ​ကြောင့် စိတ်​ထိခိုက်​သွား​ကြတယ်။ ညီအစ်ကို/မ “အချင်းချင်း မကျေနပ်​စရာ” အကြောင်း ရှိလာနိုင်​တယ်​ဆိုတာ တမန်တော် ပေါလု အသိအမှတ်​ပြုတယ်။ မတရား ဆက်ဆံ​ခံရ​တာ​တောင် ဖြစ်နိုင်တယ်။ သတိ​မထားဘူး​ဆိုရင် စိတ်​နာကြည်း​သွားနိုင်တယ်။ နာကြည်းစိတ်​က လူတစ်ယောက်ကို ယေဟောဝါ​ရဲ့ လူမျိုး​နဲ့ ဝေးကွာ​သွား​စေနိုင်တယ်။ တောင်​အမေရိက​မှာ နေတဲ့ ညီအစ်ကို ပါ​ဘလို​အကြောင်း စဉ်းစား​ကြည့်​ပါ။ အမှား​လုပ်တယ်လို့ စွပ်စွဲ​ခံရပြီး အသင်းတော်မှာ အခွင့်ထူး ဆုံးရှုံး​သွားတယ်။ သူ ဘယ်လို ခံစား​ရသလဲ။ “ကျွန်တော် တအား စိတ်ဆိုး​ပြီး အသင်းတော်​နဲ့ တဖြည်းဖြည်း ဝေးကွာ​သွားတယ်” လို့ ပြောတယ်။

၇။ အပြစ်​ရှိတယ်ဆိုတဲ့ သိစိတ်​က လူတစ်ယောက်ကို ဘာ​ဖြစ်စေ​နိုင်သလဲ။

အပြစ်​ရှိတယ်​ဆိုတဲ့ သိစိတ်​က ဘုရား​ပညတ် ချိုးဖောက်​ခဲ့​ဖူး​သူ တစ်ယောက်ကို စိတ်ဒုက္ခ​ရောက်​စေနိုင်တယ်။ ဘုရား​မေတ္တာနဲ့ မထိုက်တန်​တော့ဘူး​လို့ ခံစား​ရစေ​နိုင်တယ်။ နောင်တ​ယူပြီး ကရုဏာ ပြ​ခံရ​ရင်တောင် ဘုရား​ကျေးကျွန် မဖြစ်ထိုက်​ဘူး​လို့ ခံစား​နေရ​ဆဲ ဖြစ်နိုင်တယ်။ ညီအစ်ကို ဖရန်​စစ္စကို အဲဒီလို ခံစားခဲ့​ရတယ်။ “လိင်​အကျင့် ယိုယွင်းမှုကြောင့် ကျွန်တော် ဆုံးမ​ခံရတယ်။ အစပိုင်း​မှာ အစည်းအဝေးတွေ ဆက်​တက်​ပေမဲ့ စိတ်ဓာတ်​ကျ​လာပြီး ယေဟောဝါ​ရဲ့ ကျေးကျွန် မဖြစ်ထိုက်​တော့ဘူး​လို့ ခံစား​လာ​ရတယ်။ သိစိတ် အနှောင့်အယှက် ပေး​နေပြီး ယေဟောဝါ ခွင့်မလွှတ်​ဘူးလို့ ခံစား​ရတယ်။ နောက်တော့ အသင်းတော်​နဲ့ မပေါင်း​တော့ဘူး” လို့ ဖရန်​စစ္စကို ပြောတယ်။ အဲဒီလို ညီအစ်ကို/မ​တွေ​နဲ့​ပတ်သက်ပြီး သင် ဘယ်လို ခံစား​ရသလဲ။ သူတို့ကို ကိုယ်ချင်းစာ​သလား။ ယေဟောဝါ​ကော ဘယ်လို ခံစား​ရသလဲ။

မိမိ​သိုး​တွေကို ယေဟောဝါ ချစ်မြတ်နိုး

အစ္စရေး သိုးထိန်း​တစ်ယောက် ပျောက်တဲ့ သိုး​ကို ပြန်​ရှာတွေ့​တဲ့​အခါ ဂရုစိုက်​နေ (စာပိုဒ် ၈-၉ ကိုကြည့်ပါ) *

၈။ တစ်ချိန်က မိမိကို ဝတ်ပြု​ခဲ့​သူတွေကို ယေဟောဝါ မေ့သွား​သလား။ ရှင်းပြပါ။

တစ်ချိန်က မိမိကို ဝတ်ပြု​ခဲ့​ပေမဲ့ ခဏ​တဖြုတ် မလှုပ်​မရှား ဖြစ်နေသူတွေကို ယေဟောဝါ မမေ့ဘူး။ အမှုတော်မှာ သူတို့ လုပ်ဆောင်ခဲ့​တာတွေကို​လည်း မမေ့ဘူး။ (ဟီ. ၆:၁၀) မိမိ​လူမျိုး​ကို ယေဟောဝါ ဘယ်လို ဂရုစိုက်​စောင့်ရှောက်​ကြောင်း ဖော်ပြ​ဖို့ သိပ်​ကောင်းတဲ့ ဥပမာ​တစ်ခုကို ပရောဖက် ဟေရှာယ ပြောခဲ့တယ်။ “ဘုရား​က သိုးတော်စု​ကို သိုးထိန်း​တစ်ယောက်လို ဂရုစိုက်​လိမ့်မယ်။ သိုးကလေး​တွေကို ပွေ့ပိုက်​ပြီး ရင်ခွင်​ထဲ ချီပိုက်​ထား​လိမ့်မယ်။” (ဟေရှာ. ၄၀:၁၁) သိုးအုပ်​ထဲ​က သိုး​တစ်ကောင် လမ်းလွဲ​သွားတဲ့​အခါ သိုးထိန်းကြီး ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။ ယေဟောဝါ​ရဲ့ ခံစားချက်ကို ယေရှု ဒီလို​ပြောတယ်– “ခင်ဗျားတို့ ဘယ်လို ထင်သလဲ။ လူ​တစ်ယောက်​မှာ သိုး​အကောင် ၁၀၀ ရှိတဲ့​အထဲက တစ်ကောင် လမ်းလွဲ​သွားတယ် ဆိုပါစို့။ ၉၉ ကောင်​ကို တောင်ပေါ်မှာ ထားခဲ့ပြီး လမ်းလွဲ​သွားတဲ့ သိုး​တစ်ကောင်​ကို သူ ထွက်ရှာ​မယ် မဟုတ်လား။ ရှာတွေ့​တဲ့​အခါ လမ်းမလွဲ​တဲ့ သိုး ၉၉ ကောင်​ထက် ပြန်​တွေ့တဲ့ သိုး​တစ်ကောင်​အတွက် ပိုပြီး ဝမ်းသာ​နေမယ်​ဆိုတာ ကျွန်တော် တပ်အပ်​ပြော​နိုင်တယ်။”—မ. ၁၈:၁၂၊ ၁၃

၉။ ကျမ်းစာ​ခေတ်​က သိုးထိန်း​ကောင်း​တွေဟာ သိုး​တွေကို ဘယ်လို ဂရုတစိုက် စောင့်ရှောက်​သလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်​ပါ။)

ယေဟောဝါ​ကို သိုးထိန်း​နဲ့ ခိုင်းနှိုင်းတာ ဘာကြောင့် သင့်တော်​သလဲ။ ကျမ်းစာ​ခေတ်​က သိုးထိန်း​ကောင်း​ဟာ သိုး​တွေကို သိပ်​ဂရုစိုက်​တယ်။ ဥပမာ၊ ဒါဝိဒ်ဟာ မိမိ​သိုးအုပ်​ကို ကာကွယ်ဖို့ ခြင်္သေ့​နဲ့ ဝက်ဝံ​ကို တိုက်ခိုက်​ခဲ့တယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅) သိုးထိန်း​ကောင်း​ဟာ သိုး​တစ်ကောင် ပျောက်​နေရင်တောင် သိတယ်။ (ယော. ၁၀:၃၊ ၁၄) သိုး ၉၉ ကောင်​ကို လုံခြုံ​စိတ်ချ​ရတဲ့ သိုးခြံ​မှာ​ဖြစ်ဖြစ်၊ တခြား​သိုးထိန်း​တွေ လက်ထဲမှာ​ဖြစ်ဖြစ် အပ်​ခဲ့​ပြီး ပျောက်​နေတဲ့ သိုး​ကို လိုက်ရှာတယ်။ အဲဒီ​ဥပမာ​ကို သုံးပြီး ဒီ​အရေးကြီး အမှန်တရားကို ယေရှု သင်ပေးတယ်– “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရား​က ကလေးငယ်​နဲ့ တူတဲ့ ဟောဒီ​လူတွေကို တစ်ယောက်မှ မပျက်စီး​စေချင်ဘူး။”—မ. ၁၈:၁၄

အစ္စရေး သိုးထိန်း​တစ်ယောက် ပျောက်တဲ့ သိုး​ကို ပြန်​ရှာတွေ့​တဲ့​အခါ ဂရုစိုက်​နေ (စာပိုဒ် ၉ ကိုကြည့်ပါ)

မိမိ​သိုး​တွေကို ယေဟောဝါ လိုက်ရှာ

၁၀။ ယေဇကျေလ ၃၄:၁၁-၁၆ အရ ပျောက်တဲ့ သိုး​နဲ့​ပတ်သက်ပြီး ဘာလုပ်​မယ်​လို့ ယေဟောဝါ ကတိပေး​သလဲ။

၁၀ သိုးအုပ်​ထဲ​ကနေ လမ်းလွဲ​သွား​သူတွေ အပါအဝင် ကျွန်တော်​တို့ ယောက်​တိုင်း​ကို ယေဟောဝါ ချစ်တယ်။ ပျောက်​နေတဲ့ သိုး​ကို လိုက်ရှာ​မယ်၊ မိမိ​နဲ့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် ကူညီမယ်လို့ ပရောဖက် ယေဇကျေလ​က​တစ်ဆင့် ဘုရား ကတိ​ပေးတယ်။ သူတို့ကို ကယ်တင်ဖို့ ယေဟောဝါ ဘာတွေ လုပ်မယ်​ဆိုတာကို​လည်း အတိအကျ ပြော​ထားတယ်။ အစ္စရေး​သိုးထိန်း​တွေလည်း ပျောက်​နေတဲ့ သိုး​ကို ရှာ​ဖို့ အဲဒီလိုပဲ လုပ်တယ်။ (ယေဇကျေလ ၃၄:၁၁-၁၆ ကို​ဖတ်ပါ။) ပထမ၊ အချိန်နဲ့ ခွန်အား စိုက်ထုတ်​ပြီး သိုး​ကို လိုက်ရှာ​မယ်။ ရှာတွေ့​ပြီဆို​တာ​နဲ့ သိုးအုပ်​ဆီ ပြန်​ခေါ်လာ​မယ်။ သိုး​က ဒဏ်ရာ ရ​နေတယ်​ဆိုရင် ပတ်တီး​စည်းပေး​မယ်၊ ချီပွေ့​လာမယ်။ ဆာလောင်​နေတယ်​ဆိုရင် ကျွေးမွေး​မယ်။ ဒီ​နည်း​အားဖြင့် သိုးထိန်း​က အားနည်းတဲ့ သိုး​ကို မေတ္တာပါပါ ကူညီ​ပေးမှာ ဖြစ်တယ်။ “ဘုရားသခင့် သိုးတော်စု” ရဲ့ သိုးထိန်း​တွေ ဖြစ်တဲ့ အကြီးအကဲ​တွေလည်း အသင်းတော်​ကနေ လမ်းလွဲ​သွား​သူတွေကို အဲဒီ​အဆင့်​တွေ​အတိုင်း ကူညီ​ပေးဖို့ လိုတယ်။ (၁ ပေ. ၅:၂၊ ၃) အကြီးအကဲ​တွေ​က သူတို့ကို လိုက်ရှာတယ်။ သိုးတော်စု​ဆီ ပြန်လာဖို့ ကူညီ​ပေးတယ်။ ယေဟောဝါ​နဲ့ ဆက်ဆံရေး ပြန်ကောင်း​လာဖို့ လိုအပ်​သလို ထောက်မ​ပေးပြီး မေတ္တာ​ပြတယ်။ *

၁၁။ သိုးထိန်း​ကောင်း​ဟာ ဘာကို နားလည်​သလဲ။

၁၁ သိုးထိန်း​ကောင်း​ဟာ သိုး​တွေ ပျောက်​သွားနိုင်တယ်​ဆိုတာ နားလည်တယ်။ သိုးအုပ်​ထဲ​ကနေ လမ်းလွဲ​သွားတဲ့ သိုး​ကို ကြမ်းကြမ်း​တမ်းတမ်း မဆက်ဆံ​ဘူး။ ခဏ​တဖြုတ် လမ်းလွဲ​သွားတဲ့ ကျေးကျွန်​တချို့ကို ကူညီ​ပေးတဲ့ ဘုရား​ရဲ့ ပုံသက်သေကို စဉ်းစား​ကြည့်​ပါ။

၁၂။ ယောန​ကို ယေဟောဝါ ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

၁၂ ပရောဖက် ယောနဟာ ရထားတဲ့ တာဝန်ကို မထမ်းဆောင်​ဘဲ ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ ယေ​ဟောဝါ လွယ်လွယ်​နဲ့ လက်မလျှော့​ဘူး။ သိုးထိန်း​ကောင်း​လိုပဲ သူ့ကို ကယ်တင်​တယ်။ တာဝန် ထမ်းဆောင်​နိုင်ဖို့ လိုအပ်တဲ့ အစွမ်း​ခွန်အား ပေးတယ်။ (ယောန ၂:၇။ ၃:၁၊ ၂) လူ​တစ်ယောက်​ချင်း​စီ​ရဲ့ အသက် ဘယ်လောက် တန်ဖိုး​ရှိကြောင်း ယောန နားလည်​ဖို့ ဘူးပင်ကို သုံးပြီး သင်ပေးတယ်။ (ယောန ၄:၁၀၊ ၁၁) ဘာ​သင်ခန်းစာ ရသလဲ။ မလှုပ်မရှား ဖြစ်သွား​သူတွေကို အကြီးအကဲ​တွေ လွယ်လွယ်နဲ့ လက်မလျှော့​သင့်​ဘူး။ လမ်းလွဲ​သွား​ရတဲ့ အကြောင်းရင်းကို နားလည်​ဖို့ ကြိုးစား​ရမယ်။ ယေဟောဝါ​ဆီ သူတို့ ပြန်လာတဲ့​အခါ မေတ္တာ​ဆက်ပြ​ပြီး ဂရုစိုက်​ရမယ်။

၁၃။ ဆာလံ ၇၃ ကျမ်း​ရေးသူ​ကို ယေဟောဝါ ဆက်ဆံပုံ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၃ ဆာလံ ၇၃ ကို ရေးသား​သူဟာ လူဆိုးတွေ ကြီးပွား​နေတာ မြင်တဲ့အခါ စိတ်​အနှောင့်အယှက် ဖြစ်ပြီး ဘုရား​အလို​ဆောင်​တာ အကျိုး​ရှိရဲ့လား​လို့ တွေး​ခဲ့တယ်။ (ဆာ. ၇၃:၁၂၊ ၁၃၊ ၁၆) ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ အပြစ်​မတင်​တဲ့​အပြင် သူ့​စကားတွေကို ကျမ်းစာ​မှာ မှတ်တမ်း​တင်ခွင့် ပြုခဲ့တယ်။ ယေဟောဝါ​နဲ့ ဆက်ဆံရေး​ကောင်း ရှိခြင်းဟာ ဘယ်အရာ​ထက်​မဆို တန်ဖိုး​ရှိကြောင်း နောက်ပိုင်းမှာ ဆာလံဆရာ သဘောပေါက်​သွားတယ်။ (ဆာ. ၇၃:၂၃၊ ၂၄၊ ၂၆၊ ၂၈) ဘာ​သင်ခန်းစာ ရသလဲ။ ယေဟောဝါ​ကို အမှုဆောင်တာ အကျိုး​ရှိရဲ့လား​လို့ သံသယ စဝင်​လာ​သူတွေကို အကြီးအကဲ​တွေ ချက်ချင်း အပြစ်မတင်​သင့်​ဘူး။ အဲဒီအစား သူတို့ ပြော​ရ၊ လုပ်​ရတဲ့ အကြောင်းရင်းကို နားလည်​ဖို့ ကြိုးစား​ရမယ်။ ဒါမှ ကျမ်းစာ သုံးပြီး လိုအပ်​သလို အားပေး​နိုင်မယ်။

၁၄။ ဧလိယ ဘာကြောင့် အကူအညီ လိုအပ်​သလဲ။ ယေဟောဝါ ဘယ်လို ကူညီပေး​သလဲ။

၁၄ ပရောဖက် ဧလိယ​ဟာ မိဖုရား ယေဇဗေလ ရန်​ကနေ ထွက်ပြေး​လာတယ်။ (၁ ဘု. ၁၉:၁-၃) ယေဟောဝါ​ရဲ့ ပရောဖက် တစ်ယောက်မှ မကျန်​တော့ဘူး၊ လုပ်ခဲ့သမျှ သဲထဲ​ရေ​သွန် ဖြစ်​ပြီလို့ ဧလိယ တွေး​ပြီး သေချင်စိတ် ပေါက်​တဲ့​အထိ စိတ်ဓာတ်​ကျ​ခဲ့တယ်။ (၁ ဘု. ၁၉:၄၊ ၁၀) ဧလိယ​ကို ယေဟောဝါ အပြစ်တင်​မယ့်​အစား သူ တစ်ယောက်တည်း မဟုတ်​ကြောင်း၊ ဘုရား​ရဲ့ တန်ခိုးကို အားကိုး​နိုင်ကြောင်း၊ လုပ်ဆောင်​စရာ များစွာ ရှိသေး​ကြောင်း စိတ်ချ​စေတယ်။ ဧလိယ​ရဲ့ စိုးရိမ်မှုတွေကို ကြင်နာ​စွာ နားထောင်​ပေးတယ်။ တာဝန်​အသစ်တွေ ပေးတယ်။ (၁ ဘု. ၁၉:၁၁-၁၆၊ ၁၈) ဘာ​သင်ခန်းစာ ရသလဲ။ ကျွန်တော်တို့​အားလုံး၊ အထူးသဖြင့် အကြီးအကဲ​တွေဟာ ယေဟောဝါ​ရဲ့ သိုး​တွေကို ကြင်ကြင်နာနာ ဆက်ဆံ​သင့်တယ်။ စိတ်​နာကြည်း​နေ​သူ​ဖြစ်စေ၊ ယေဟောဝါ​ရဲ့ ကရုဏာ မခံစားထိုက်​ဘူးလို့ ယူဆ​နေ​သူ​ဖြစ်စေ ရင်ဖွင့်​ပြော​လာတဲ့အခါ အကြီးအကဲ​တွေ နားထောင်​ပေးရမယ်။ ပျောက်တဲ့ သိုး​ကို ယေဟောဝါ တန်ဖိုး​ထားကြောင်း စိတ်ချ​စေ​ရမယ်။

ပျောက်တဲ့ သိုး​တွေကို ဘယ်လို သဘောထား​သင့်သလဲ

၁၅။ ယောဟန် ၆:၃၉ အရ ဖခင်ရဲ့ သိုး​တွေကို ယေရှု ဘယ်လို သဘောထား​သလဲ။

၁၅ ပျောက်တဲ့ သိုး​တွေ​နဲ့​ပတ်သက်ပြီး ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို သဘောထား​စေ​ချင်​သလဲ။ ယေရှု ပုံသက်သေ ပြခဲ့​တယ်။ သိုး​အားလုံး ယေဟောဝါ​အတွက် တန်ဖိုး​ရှိတယ်ဆိုတာ သိလို့ “အစ္စရေး​အမျိုး​ထဲ​က ပျောက်​နေတဲ့ သိုး​တွေ” ယေဟောဝါ​ဆီ ပြန်လာဖို့ အတတ်နိုင်ဆုံး ကူညီ​ပေးတယ်။ (မ. ၁၅:၂၄။ လု. ၁၉:၉၊ ၁၀) ယေရှုဟာ သိုးထိန်း​ကောင်း​အနေ​နဲ့ ယေဟောဝါ​ရဲ့ သိုး​တစ်ကောင်​မှ မပျောက်ဆုံး​စေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ယောဟန် ၆:၃၉ ကို​ဖတ်ပါ။

၁၆-၁၇။ လမ်းလွဲ​သွား​သူတွေကို ကူညီပေး​ခြင်းနဲ့​ပတ်သက်ပြီး အကြီးအကဲ​တွေ ဘယ်လို သဘောထား​သင့်သလဲ။ (“ ပျောက်တဲ့ သိုး​ရဲ့ ခံစားချက်” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၆ ယေရှုရဲ့ ပုံသက်သေကို တုပ​ဖို့ ဧဖက်​အသင်းတော်က အကြီးအကဲ​တွေကို တမန်တော် ပေါလု တိုက်တွန်း​တယ်။ ‘အားနည်း​သူတွေကို ထောက်မပေး​ရမယ်၊ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်” ဆိုတဲ့ သခင်​ယေရှုရဲ့ စကားကို အမြဲ အမှတ်ရ​နေရမယ်။’ (တ. ၂၀:၁၇၊ ၃၅) အဲဒီ​ကိစ္စမှာ ဒီနေ့ခေတ် အကြီးအကဲ​တွေ အထူး​တာဝန် ရှိတယ်။ “ပျောက်တဲ့ သိုး​တွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်​ကြောင်း စဉ်းစားမိ​တဲ့​အခါ သူတို့ကို အတတ်နိုင်ဆုံး ကူညီ​ပေးချင်​စိတ် ပေါ်လာ​တယ်။ သိုး​တွေကို ယေဟောဝါ ဂရုစိုက်​စေ​ချင်​မှန်း ကျွန်တော် သိတယ်” လို့ စပိန်​နိုင်ငံက အကြီးအကဲ ဆာ​ဗေး​ဒေါ ပြောတယ်။

၁၇ ဒီ​ဆောင်းပါး​မှာ ဖော်ပြ​ခဲ့​တဲ့ လမ်းလွဲ​သွား​သူ​အားလုံး ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ဖို့ အကူအညီ ရခဲ့ကြတယ်။ အခု​ချိန်မှာ အဲဒီလို ပြန်​လှည့်လာ​ချင်​သူတွေ အများကြီး ရှိသေးတယ်။ ယေဟောဝါ​ဆီ သူတို့ ပြန်​လှည့်လာ​ဖို့ ကူညီ​ပေး​နိုင်တဲ့ နောက်ထပ် အသေးစိတ် အချက်​တွေကို နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။

သီချင်း ၁၃၉ မြင်ယောင်​ကြည့်​ပါ၊ ကမ္ဘာသစ်​မှာ

^ အပိုဒ်၊ 5 နှစ်ပေါင်းများစွာ ယေဟောဝါကို သစ္စာရှိ​ရှိ အမှုဆောင်ခဲ့​သူတချို့ အသင်းတော်​နဲ့ ဘာကြောင့် ဝေးကွာ​သွား​သလဲ။ သူတို့နဲ့​ပတ်သက်​ပြီး ဘုရား ဘယ်လို ခံစား​ရသလဲ။ ဒီ​ဆောင်းပါး​မှာ အဲဒီ​မေးခွန်း​တွေရဲ့ အဖြေကို သုံးသပ်​သွားပါမယ်။ ရှေး​အချိန်တုန်းက မိမိ​ဆီကနေ ခဏ​တဖြုတ် ဝေးကွာ​သွား​သူတချို့​ကို ယေဟောဝါ ကူညီ​ပေးခဲ့​ပုံ​ကနေ ဘာ​သင်ယူ​နိုင်ကြောင်းကို​လည်း ဆွေးနွေး​ပါမယ်။

^ အပိုဒ်၊ 2 စကားလုံး ရှင်းလင်းချက်– မလှုပ်မရှား ဖြစ်နေတဲ့ ကြေညာသူ​ဆိုတာ ဟောပြောခြင်းနဲ့ တပည့်​ဖြစ်စေခြင်း လုပ်ငန်းမှာ ခြောက်လ ဒါမှမဟုတ် ခြောက်လ​ကျော် မှတ်တမ်း​မသွင်း​တဲ့​သူကို ဆိုလိုတယ်။ မလှုပ်မရှား ဖြစ်နေ​သူတွေဟာ ကျွန်တော်​တို့ရဲ့ ညီအစ်ကို/မ ဖြစ်​နေဆဲပဲ။ သူတို့ကို ကျွန်တော်​တို့ ချစ်​ကြတယ်။

^ အပိုဒ်၊ 4 အမည်​လွှဲ​များ။

^ အပိုဒ်၊ 10 ဒီ​အဆင့်​တွေ​အတိုင်း အကြီးအကဲ​တွေ ဘယ်လို လုပ်ဆောင်​နိုင်ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါမယ်။

^ အပိုဒ်၊ 60 ပုံအညွှန်း– အစ္စရေး သိုးထိန်း​တစ်ယောက်က ပျောက်သွားတဲ့ သိုး​ကို လိုက်ရှာ​ပြီး သိုးအုပ်​ဆီ ပြန်​ခေါ်လာ။ အသင်းတော်မှာ​ရှိတဲ့ ဒီနေ့ခေတ် သိုးထိန်း​တွေလည်း အဲဒီလို လုပ်​နေကြ။

^ အပိုဒ်၊ 64 ပုံအညွှန်း– မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်မ​တစ်ယောက် ကား​ထွက်မယ့်​အချိန်ကို စောင့်နေ။ အများ​ရှေ့ သက်သေခံခြင်း​မှာ ပါဝင်​နေတဲ့ သက်သေခံ​နှစ်ယောက်ကို ကြည့်​နေ။